book

Index 2

နိဒါန်း - Introduction

ဟိုတယ် အခန်းတစ်ခု၏ လေအေးပေးစက်အသံသည် သာမန်ထက် ပို၍ ကျယ်နေသည်ဟု ထင်မှတ်လောက်ရအောင် အခန်းသည် ကြောက်မက်ဖွယ်ကောင်းစွာ တိတ်ဆိတ်နေခဲ့သည်။ အခန်းထောင့် တစ်နေရာတွင် နံရံကို ကျောပေးကာ အရုပ်ကြိုးပျက် ပုဆစ်တုပ်ထိုင်နေသည့် ကောင်လေးတစ်ဦးသည် အသက်ကင်းမဲ့နေသူတစ်ဦး၏ မျက်နှာသွင်ပြင်နှင့် ငြိမ်သက်အေးစက်စွာ ရှိနေခဲ့သည်။ ဒူးများကို လက်ဖြင့် ပိုက်ထားပြီး ဒူးခေါင်းများပေါ်တွင် မျက်နှာကို အပ်ကွယ်လျက် မလှုပ်မယှက် ထိုင်နေခဲ့သည်။ ဟင့်အင်း…မဟုတ်သေးဘူး။ သေချာကြည့်လျှင် ကောင်လေး ခန္ဓာကိုယ်လေး တချက်တချက် ဆက်ခနဲ သိမ့်ခနဲ လှုပ်ခါသွားသည်ကို တွေ့မြင်နိုင်သည်။ အပြင်းအထန် ငိုကြွေးပြီးကာစ ကလေးငယ်တစ်ယောက် အငိုရှိန်လက်ကျန်လေးနှင့် ရှိုက်နေသလိုမျိုး။ 


ကောင်လေး ငိုနေတာလား…။ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ 


ထိုစဉ်တွင် ကောင်လေး၏ ခေါင်းလေးသည် ဖြည်းလေးစွာ မေ့ာလာခဲ့သည်။ သို့သော် ကောင်လေး၏ မျက်နှာပြင်တွင် မျက်ရည်စများ ရှိမနေခဲ့ပါ။ ကောင်လေး၏ မျက်ဝန်းများသည် ဒေါသငွေ့ငွေ့ဖြင့် သို့မဟုတ် ခံပြင်းခါးသက်မှုများဖြင့် နီဆွေးရဲတောက်လျက် ရှိသည်။ ကောင်လေးသည် ပိရိတိကျသော နှုတ်ခမ်းထူထူလေးများကို တင်းတင်းစေ့ထားသည်။ ကောင်လေး၏ မျက်ဝန်းများနှင့် နှုတ်ခမ်းများကို ပေါင်းစပ်ကြည့်မိလိုက်လျှင် မာကျောခက်ထန်နေသော သွင်ပြင်တစ်ခုကို ရှင်းခနဲ မြင်‌တွေ့နိုင်သည်။ 


ကောင်လေး၏ မျက်ဝန်းများသည် ဟိုတယ်အခန်းအတွင်းက မွေ့ရာတစ်ခုပေါ်ရှိ တစ်စုံတစ်ခုကို ပေါက်ထွက်မတတ် စိုက်ကြည့်နေရင်း ခုနကထက် ပို၍ မာကျော‌‌တောက်လောင်လာခဲ့သည်။ ထိုအရာကို အစိမ်းလိုက် စားမတတ်၊ ဝါးမတတ် ကြည့်နေသည့် ကောင်လေး၏ မျက်ဝန်းများသည် ပို၍ ပြင်းထန်စူးရှလာသည်။ ကောင်လေး၏ မျက်ဝန်းများသည် မီးညွန့်မီးလျှံ တစ်ခုသာဖြစ်ခဲ့လျှင် ကောင်လေး စွဲမြဲစူးရှစွာ စိုက်ကြည့်နေခဲ့သည့် ထိုအရာသည် ပြာမှုန်လေးတစပင် မကျန်အောင် လောင်ကျွမ်းပျောက်ကွယ်သွားမည်ထင်သည်။ 


ထိုအရာကို စိုက်ကြည့်နေရင်း ကောင်လေး၏ မျက်ဝန်းများတွင် မျက်ရည်စလေးများ ဝေ့သီအိုင်ထွန်းလာသည်။ ထိုအခါ ကောင်လေးသည် အံကို ခပ်တင်းတင်းကြိတ်လိုက်ရင်း အစသီနေသည့် မျက်ရည်များကို ထိန်းချုပ်လိုက်၏။ အံကို ဘယ်လောက်တောင် အားစိုက်ကြိတ်နေ၍လည်း မသိ… ကောင်လေး၏ ပါးပြင်နုနုလေးများပေါ်တွင် မေးရိုးကြီးများသည် ပါးပြင်‌များကို ထိုးဖောက်မတတ် ငေါ၍ ထင်းထွက်နေခဲ့သည်။ 

ကောင်လေး၏ ဖြေလျှော့ထားသော သွယ်လျလျလက်ချောင်းများသည် တဖြည်းဖြည်း ညွတ်ကွေးစုပူးလျက် လက်သီးဆုပ်များ ဖြစ်လာခဲ့သည်။ တင်းတင်းဆုပ်ထားသည့် လက်သီးဆုပ်များသည် အနည်းငယ် တုန်ယင်နေသည်မှာ ဒေါသအရှိန်များကြောင့်ဖြစ်မည် ထင်ပါသည်။ မွေ့ရာပေါ်တွင် လူသေတစ်ကောင်လို လှဲလျောင်းနေသည့် ထိုအရာသည် မှောက်လျက်အနေအထားမှ ပက်လက်လှည့်လာသည်။ အဝတ်အစားကင်းမဲ့နေသည့် မွေ့ရာပေါ်ရှိ ထိုလူ၏ ခန္ဓာကိုယ်မှ အင်္ဂါအစိတ်အပိုင်းများ အားလုံးကို ကောင်လေး ရွံရှာစက်ဆုပ်စွာ မြင်နေရသည်။ 
ထိုလူ၏ မျက်လုံးများ…။ 
ပိတ်ထားသည့် မျက်လွှာများ၏ အောက်ရှိ ထိုလူ၏ မျက်ဝန်းများကို ကောင်လေး၏ မြင်ကွင်းများထဲတွင် ရှင်းလင်းပြတ်သားစွာ ပြန်လည်မြင်ယောင်လာသည်။ ယုတ်မာကောက်ကျစ်မှုများ မရှိသည့်တိုင်အောင် ရမ္မက်ခိုးများဖြင့် သို့မဟုတ် အရက်ခိုးများဖြင့် ရွှန်းစားရီဝေနေခဲ့သည့် မျက်ဝန်းများ။ မုန်ယိုနေသည့် ဆင်ရိုင်းတစ်ကောင်လို ညစ်ညမ်းသော ရမ္မက်ဆန္ဒများဖြင့် မှိုင်းမှုန်နေခဲ့သည့် ထိုလူ၏ မျက်ဝန်းများ။ ပုံဖော်ပုံသွင်းထားသလို တိကျသပ်ရပ်ကာ ထူထဲနက်မှောင်နေသည့် မျက်ခုံးများကြောင့် ရွံမုန်းဖွယ်ရာ ရမ္မက်များဖြင့် ပျော်ဝင်ရစ်မူးနေသည့် ထိုလူ၏ မျက်ဝန်းများသည် သွေးသားဆန္ဒတို့ကို ဆာလောင်မြွတ်သိပ်နေသည့် တိရိစ္ဆာန်တစ်ကောင်၏ မျက်ဝန်းများနှင့်ပင် တူနေခဲ့သည်။ ထိုကဲ့သို့ ရမ္မက်အချောင်းချောင်း ထနေသည့် မျက်လုံးများနှင့် မညှာမတာ အမဲဖြတ်မည့် သားကောင်တစ်ကောင်လို အကြည့်ခံရသည့် သူ့ကိုယ်သူ ကောင်လေး မုန်းတီးစက်ဆုပ်မိသည်။ 

ထိုလူ၏ နှာခေါင်း... 
လူယုတ်မာတစ်ဦးနှင့် မလိုက်ဖက်သည့် ဖြောင့်စင်းရှည်လျားသော နှာတံချွန်ချွန်သည် ထိုလူ့ထံတွင် ရှိနေခဲ့သည်။ တခြားသူတစ်ယောက်ထံတွင်သာ ထိုနှာတံမျိုး ရှိခဲ့ပါက ကောင်လေး သဘောကျမိမည် ထင်ပါသည်။ သို့သော်... ကောင်လေး၏ ပါးပြင်များအပေါ် ရွံရှာစက်ဆုပ်ဖို့ကောင်းသည့် ရမ္မက်ငွေ့များဖြင့် တောက်လောင်နေသည့် အနမ်းများကို ထိုလူ၏ နှာခေါင်းနှင့် နမ်းရှိုက်ပြုမူခဲ့သည်လေ။ ထို့ကြောင့် သိပ်ကို လှပသေသပ်သော ထိုလူ၏ နှာတံကိုလည်း ကောင်လေး မသတီနိုင်ပါ။ 

ထိုလူ၏ နှုတ်ခမ်းများ…။ 
စူးရှရှ အရက်နံ့တစ်မျိုး ရနေသည့် ထိုလူ၏ နှုတ်ခမ်းလွှာများ။ အမှတ်တမဲ့ဆိုလျှင် နှုတ်ခမ်းနှစ်လွှာသည် ညီမယောင်ထင်ရပေမယ့် သေချာကြည့်လျှင် အပေါ်နှုတ်ခမ်းသည် အောက်နှုတ်ခမ်းထက် အနည်းငယ် ပို၍ ပါးလှပ်နေသည်။ အနည်းငယ် ထူထဲသည့် အောက်နှုတ်ခမ်းပေါ်တွင် မှဲ့အနက်တစ်လုံးကို ထင်ရှားစွာ‌ တွေ့မြင်နိုင်သည်။ အရက်ခိုးမွှန်နေသည့် ထိုနှုတ်ခမ်းများ၏ ကြမ်းတမ်းစွာ စုပ်ယူနမ်းခြင်းကို ခံခဲ့ရသည့် သူ့နှုတ်ခမ်းများကိုသူ မသတီစွာ ကောင်လေးသည် လက်များဖြင့် ခပ်ကြမ်းကြမ်း ပွတ်သုပ်လိုက်သည်။ 

ထိုလူ၏ လက်များ…။ 
နူးညံ့နုဖပ်နေသည့် လက်များမှာ မယုံကြည်နိုင်လောက်အောင်ပင် ကြမ်းတမ်းနေခဲ့သည်။ ထိုလူ၏ သွေးကြောများအတွင်း လည်ပတ်စီးဆင်းနေသည့် အရက်များ၏ လှုံ့ဆော်မှုကြောင့်လား…သို့မဟုတ်…ထိုလူ၏ ဆာလောင်မြွတ်သိပ်နေသည့် အညှီအဟောက်ဆန်ဆန် ရမ္မက်များ၏ ပြင်းထန်မှုကြောင့်လား…သို့မဟုတ်…အသက်အရွယ်ကွာခြား၍ အင်အားချင်း မမျှတ၍ပဲလား မသိ။ ကောင်လေးကို ချုပ်နှောင်ထားသည့် ထိုလူ၏ လက်များကို ကောင်လေး ရုန်းထွက်နိုင်ခဲ့ခြင်း မရှိပါ။ ကောင်လေး၏ လက်နှစ်ဖက်ကို ထိုလူက လက်တစ်ဖက်နှင့်ပင် ချုပ်ထိန်းထား၍ ကျန်သည့် လက်တစ်ဖက်ဖြင့် ကောင်လေး၏ ရင်ဘက်များကို…။ အို…မသိချင်တော့ဘူး။ ကောင်လေး မျက်လုံးများကို စုံမှိတ်ချလိုက်သည်။ 

ထိုလူရောက်မလာခင် အချိန်အထိ သူ့ဘဝလေးသည် ဖြစ်ရိုးဖြစ်စဉ်အတိုင်း လည်ပတ်အေးချမ်းလျက်ရှိသည်။ ထိုလူ မွှေနှောက်မဖျက်ဆီးခင် အချိန်အထိ သူ့ဘဝလေးသည် ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ ထိုလူသည် သူ့ဘဝလေးကို မထင်မှတ်စွာ မုန်တိုင်းတစ်စင်းလို ဝင်ရောက်ထိုးမွှေကာ နင်းမွခြွေချပစ်လိုက်သည်။ ကောင်းကင်ယံတွင် ပျော်မြူးစွာ ပျံသန်းနေသည့် ငှက်လေးတစ်ကောင်ကို မြားနှင့် ပစ်ခွင်းခံလိုက်ရသလို၊ လေဟုန်စီးကာ ဝဲလွင့်နေသည့် စွန်ကလေးတစ်ခုကို ကြိုးဖြတ်ပစ်လိုက်သလို၊ လှပစွာ ဖူးပွင့်လန်းဆန်းလာမည့် နှင်းဆီပန်းလေးတစ်ပွင့်ကို ရက်စက်စွာ ချိုးဖျက်ခြေမွလိုက်သလို…သူ့ဘဝလေးသည် ထိုလူ၏ လူစိတ်ကင်းမဲ့နေသည့် ရမ္မက်ဆန္ဒများအောက်တွင် ရစရာမရှိအောင် တစစီ ချိုးဖဲ့ဖျက်ဆီးခံလိုက်ရသည်။ 

မွေ့ရာပေါ်တွင် ဟိုတစ ဒီတစ ပျံ့ကြဲနေသည့် နှင်းဆီပွင့်ဖတ်အကြွေများကို‌ ကောင်လေး စိုက်ကြည့်နေရင်း မျက်ဝန်းများတွင် မျက်ရည်စလေးများ သီဖွဲ့လာပြန်သည်။ သူ့ဘဝသည်လည်း ထိုနှင်းဆီပွင့်ဖတ်များလိုပါပဲလား…ဟု သူ တွေးမိချိန်တွင် ရင်ခွင်တစ်ခုလုံး နှင်းဆီဆူးများနှင့် အထိုးအမွ ခံလိုက်ရသလို သွေးတစက်စက်ကျမတတ် နာကျင်ကွဲရှသွားရတော့သည်။ 

ထိုလူ…ဟင့်အင်း…မဟုတ်သေးဘူး… ထိုလူယုတ်မာ ရောက်မလာသေးခင်အထိ ကောင်လေး၏ ဘဝလေးသည် ဖူးပွင့်စ နှင်းဆီနီလေးတစ်ပွင့်လို ရဲရဲနီလျက် အစွမ်းကုန် တောက်ကြွားလှပနေခဲ့ပါသည်။

🎂🎂🎂🎂🎂❤️💙🎂🎂🎂🎂🎂

အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့

                                            💙 ခက်ဆစ် 💙

သံမဏိနှင်းဆီ Chapter (1) ကို 25.11.2021 မှာ Update ‌ပေးပါမယ် ခင်ဗျာ 🤓။ 


rate now:

2 Reviews
  • reader watt pu 05.12.2021, 06:01 5

    .

    reply

  • reader watt pu 25.11.2021, 02:19 5

    .

    reply