မနက် ငါးနာရီတိတိတွင် ဖုန်း၏ နှိုးစက်နာရီကလေး တုန်ခါ၍ အသံမြည်လာခဲ့ပြီးနောက် သံမဏိလည်း နိုးထလာရသည်။ လက်နှင့် ခြေတို့ကို ဆန့်တန်းလျက် အညောင်းအညာဖြေပြီးနောက် နှစ်ယောက်အိပ် ကိုရီးယား ဂွမ်းစောင်ကလေးကို သေသေသပ်သပ်ခေါက်၍ အိပ်ရာ၏ ခြေရင်းတွင် သပ်ရပ်စွာ တင်ထားလိုက်သည်။ ထို့နောက် အနည်းငယ်သာ တွန့်ကြေနေသော အိပ်ရာခင်းတို့ကို ဆွဲဆန့်လျက် ပြန့်ပြူးညီညာစေလိုက်သည်။ သေသပ်ပုံကျသွားသည့် အိပ်ရာကို နောက်ဆုံးတစ်ခေါက် ပြန်လည်စစ်ဆေးပြီးသည့်နောက်တွင် သံမဏိ စိတ်ကျေနပ်သွားသည်။ အိပ်ရာသိမ်း၊ အခန်းသန့်ရှင်းရေးတို့ကို လုပ်ပေးဖို့ အလုပ်သမားများ ရှိသော်လည်း သူတစ်ပါးအိမ်တွင် အိပ်စက်ပြီးလျှင် အနည်းဆုံး ကိုယ်အိပ်ခဲ့သည့် အိပ်ရာကလေးကိုတော့ ပြန်လည်သိမ်းဆည်းပေးရသည်မှာ ရှိသင့်ရှိထိုက်သည့် အခြေခံလူ့ယဉ်ကျေးမှုတစ်ရပ် မဟုတ်လား။
ရေချိုးခန်းအတွင်းသို့ သံမဏိ ဝင်သွားလိုက်ကာ တစ်ကိုယ်ရည်သန့်ရှင်းရေးတို့ကို ပြုလုပ်ပြီးနောက် ညအိပ်ဝတ်စုံတို့ကို ချွတ်လျက် ခရီဆောင်အိတ်အတွင်းမှ အဝတ်အစား အသစ်တစ်စုံကို ထုတ်ယူကာ လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် အိပ်ခန်းအတွင်းမှ ထွက်လာခဲ့ကာ အမွှာညီအစ်ကိုနှစ်ယောက်၏ အခန်းဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့ပြီး အခန်းတံခါးကို ထုခေါက်လိုက်သည်။
“ညီလေးတို့…၊ ဒဿန နဲ့ မင်းမာန…၊ ထ,ကြတော့နော်။ ငါးနာရီ ဆယ်မိနစ်ရှိနေပြီ”
သံမဏိ သည်အိမ်ကြီးမှာ အိပ်စက်ခဲ့ရသည်မှာ နှစ်ညရှိခဲ့ပြီ။ အမွှာညီအစ်ကို နှစ်ယောက် စာမေးပွဲကာလအတွင်း ညအိပ်ပြီး စာကူကျက်ပေးပါဆိုသည့် သူတိူ့ အဖေ၏ အမှာစကားကြောင့်ပင်။ အခန်းအတွင်းမှ အမွှာနှစ်ယောက်၏ ပျင်းကြောဆွဲလျက် ညည်းညူသံများ၏ အဆုံးတွင် ဒဿန၏ စကားသံကျယ်ကျယ်လေး ထွက်ပေါ်လာသည်။
“ကျွန်တော်တို့ နိုးပြီ အစ်ကို…၊ ခဏနေရင် ဆင်းခဲ့ပါ့မယ်…”
“အေးအေး… ပြီးရော…၊ အစ်ကို စာကြည့်ခန်းကပဲ စောင့်မယ်နော်”
အခန်းအပြင်ဘက်မှ တိုးဖွညင်သာသော ခြေသံတို့သည် တဖြည်းဖြည်း ဝေးလွင့်၍ ပျောက်ကွယ်သွားသည်။ သည်တော့မှ ဒဿနက အခန်းတံခါးဆီသို့ အပြေးအလွှားသွားလျက် တံခါးကလေးကို ခပ်ဟဟသာ ဖွင့်လျက် အပြင်ဘက်ကို ချောင်းကြည့်လိုက်သည်။ မင်းမာနသည်တော့ အစ်ကိုဖြစ်သူ၏ ပျာယာခတ်နေသည့် အမူအရာတို့ကို စိတ်ချဉ်ပေါက်စွာ မျက်မှောင်ကြုတ်လျက် ကြည့်နေလိုက်သည်။
“ကိုကို…၊ အဲ့ဒါဘာဖြစ်နေတာလဲ မျက်စိကို နောက်နေတာပဲ”
“အာ…၊ ညီညီကလည်း အစ်ကို သံမဏိ ကိုကိုတို့ အခန်းထဲ ဝင်လာမှာစိုးလို့ပေါ့ကွ”
“ဝင်လာတော့ ဘာဖြစ်တုန်း”
“ဝင်လာတော့ အိပ်ရာ ထကာစ ဆံပင်တွေ ရှုပ်ပွတေနဲ့ ရုပ်ဆိုးဆိုးပုံစံကြီးကို မြင်သွားမှာပေါ့…”
ဒဿန၏ စကားကြောင့် မင်းမာန ပို၍ ဒေါသထွက်ရတော့သည်။ မာနကတော့ ကိုကို့ကို တစ်ရေးနိုး ထကြည့်ရင်တောင် ကိုကို ရုပ်ရည်ကလေးက သန့်ပြန့်ချောမောနေတယ်လို့ပင် စိတ်ထဲမှာ ပိုပိုသာသာ မှတ်ထင်ရပါသည်။
“ကဲ…၊ လာ…၊ ကိုကိုတို့ သန့်ရှင်းရေး လုပ်ကြစို့”
ဆူပုတ်ပုတ် မျက်နှာထားနှင့် ခပ်ငိုင်ငိုင်ထိုင်နေသည့် မင်းမာနကို ဒဿနက လက်လှမ်းဆွဲ၍ ရေချိုးခန်းအတွင်း ခေါ်ဆောင်သွားတော့သည်။ ညီအစ်ကိုနှစ်ယောက် ရေချိုးခန်းထဲတွင် တစ်ခါတည်း ရေချိုးသန့်စင်လိုက်ကြပြီး ကျောင်းယူနီဖောင်းတို့ကို ဝတ်ဆင်လိုက်ပြီးနောက်တွင် သင်္ချာမှတ်စုတို့ကို ယူဆောင်လျက် စာကြည့်ခန်းရှိရာသို့ ဦးတည်၍ ထွက်လာခဲ့ကြသည်။ စာကြည့်ခန်းထဲရောက်တော့ သံမဏိက စာကြည့်စားပွဲတွင် ကျော့ရှင်းချောမောစွာ ထိုင်လျက် သူတို့ကို အသင့်စောင့်နေလျက် ရှိပြီ။ ထိုမြင်ကွင်းကလေးသည်ပင် ဒဿန၏ နှလုံးသားငယ်လေးကို တဒင်္ဂဆွဲခါလှုပ်ရှားသွားစေနိုင်သည်ပင်။
“လာကြ…၊ လာကြ။ သင်္ချာကို ဟိုးအခန်းစဉ် နောက်ဆုံးကနေ သီအိုရီတွေ၊ ပုံသေနည်းတွေကို Revision ပြန်ရအောင်…”
သံမဏိ၏ စကားအဆုံးတွင် ဒဿန နှင့် မင်းမာန တို့သည် စာကြည့်စားပွဲတွင် နေရာအသီးသီး ယူကာ ဝင်ထိုင်လိုက်ကြသည်။ သင်္ချာသင်ခန်းစာများကို အစအဆုံး ပြန်လည်လေ့ကျင့်ပြီးချိန်တွင် အချိန်ကလည်း ရှစ်နာရီ ထိုးလုနီးဖြစ်၍ မှတ်စုတို့ကို သိမ်းစေလျက် မနက်စာစားရန် ထမင်းစားခန်းအတွင်းသို့ ဝင်သွားလိုက်ကြသည်။ ထမင်းစားခန်းထဲမှာတော့ အိမ်တော်ထိန်း ဒေါ်ထားခင် တစ်ယောက် ယောက်ယက်ခတ်လျက်ရှိသည်။
“မင်္ဂလာ မနက်ခင်းပါ ထားထား…၊ ကျွန်တော် ဘာကူလုပ်ပေးရဦးမလဲ”
ချိုသာရွှင်လန်းစွာ နှုတ်ခွန်းဆက်သည့် သံမဏိကို ဒေါ်ထားခင်က ကြည်သာချိုမြစွာ ပြုံး၍ ခွန်းတုံ့ပြန်လေသည်။
“ရပါတယ် မောင်သံမဏိရယ်၊ အားလုံး အဆင်သင့်ပါပဲကွယ်။ စားပွဲပေါ်မှာ တင်ပေးထားတယ်နော်...။ ဒီနေ့အတွက် ပေါင်မုန့်ကြက်ဥကြော်ကို ကော်ဖီလေးနဲ့ စားသွားလိုက်ကြ ကလေးတို့။ များများစားသွားကြနော်...၊ တော်တော်ကြာ... စာမေးပွဲအခန်းထဲကျမှ ဗိုက်ဆာနေမှာစိုးလို့”
“ဟင်... ကြက်ဥနဲ့ ကြော်တာလား...၊ စာမေးပွဲကာလမှာ ကြက်ဥ ရှောင်ရတယ်လေ ထားထားရဲ့...”
ပြုံးစိစိနှင့် ပြောလိုက်သည့် ဒဿန၏ စကားကို ဒေါ်ထားခင်က နားမလည်သည့် မျက်နှာထားမျိုးဖြင့် ပြန်မေးလိုက်သည်။
“ဟဲ့... ဘယ်လို့ပါလိမ့်...”
“စာမေးပွဲ ဖြေတဲ့နေ့ ကြက်ဥစားရင် အမှတ် တစ်မှတ်မှ မရဘဲ ကြက်ဥပဲ ရတတ်တယ်တဲ့။ ကြက်ဥလေ... ကြက်ဥ... ကြက်ဥဆိုတာ သုညကို ပြောတာပေါ့ ထားထားရဲ့...”
ဒဿန က သူ့စကားသူ သဘောကျစွာ ရယ်မောတော့သည်။ စိတ်လွတ်လက်လွတ် ရယ်မောလိုက်ချိန်တွင် မျက်လုံးကလေးများ ပိတ်သွားတော့မတတ် မှေးစင်းသွားတတ်သည့် ဒဿနသည် နှစ်လိုဖွယ်ရာ အပြည့်ပင်ဖြစ်၏။ ဒဿန ပျော်ရွှင်မြူးကြွစွာ ပြုံးရယ်နေသည့် ထိုအခိုက်အတန့်လေးကို သံမဏိ ကြည့်ကောင်းကောင်းနှင့် ငေးမောမိသွားသည်။ ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိ အသံအားလုံး တိတ်ဆိတ်ငြိမ်ကျသွားသကဲ့သို့ သံမဏိ အကြားအာရုံများတွင် မည်သည့်အသံကိုမှ မကြားတော့ဘဲ သူ၏ ရင်ခွင်တစ်နေရာမှ တစ်စုံတစ်ခု၏ ခုန်လှုပ်သံကို သိသာသဲကွဲစွာ ကြားလိုက်ရချိန်တွင် သံမဏိ ရင်ထဲ လှိုက်ဖိုလှုပ်ရှားသွား၏။
ဘုရားရေ...၊ ငါ... ငါ ရင်ခုန်နေတာလား။ ကိုယ့် ရင်ခုန်သံကို ကိုယ်တိုင် သတိထားမိလိုက်ချိန်တွင် ဒဿန၏ အပြုံးများထံတွင် ခိုကပ်ညိတွယ်နေသည့် သူ့အကြည့်များကို သံမဏိ ဆွဲယူသိမ်းဆည်းလိုက်သည်။
“အမယ်လေးတော်...၊ ကြက်ဥရစရာလား ထားထားရဲ့ သားတွေက။ အခိုင်အမာ ယုံကြည်ပြီးသားပါကွယ်။ ဒီနေ့ သင်္ချာနေ့ မလား။ သင်္ချာဆို ထားထားက ပိုလို့တောင် စိတ်ချသေးပါ့တော်။ ငယ်ငယ်လေးထဲက သင်္ချာဆို အမှတ်ပြည့်တွေကြည့် ရတာမလား...။ လူငယ်လေးတွေဖြစ်ပြီး ဟော့ဒီက အဖွားကြီးထက် အယူသီးနေပြန်ပါပြီတော်...”
ဒေါ်ထားခင်၏ စကားအဆုံးတွင် သူတို့ အားလုံး စိတ်လွတ်လက်လွတ် ရယ်မောရပါ၏။ သို့သော် မင်းမာနတစ်ယောက်ကတော့ ပေါင်မုန့်ကြက်ဥကြော်ကို တိတ်ဆိတ်စွာသာ ငုံ့စားနေခဲ့သည်။ ဒါကို ဒေါ်ထားခင်က သတိထားမိတော့ ကောက်ကာငင်ကာ မေးမြန်းတော့၏။
“မာနလေး...၊ ခုတလော အပြုံးအရွှင် သိပ်မရှိသလိုပဲ။ နေရောကောင်းရဲ့လား...၊ စာမေးပွဲကြောင့် စိတ်ပင်ပန်းနေလို့လားကွယ်...”
“မဟုတ်ပါဘူး ထားထား...၊ သား ပြုံးချင်စိတ်ကို မရှိလို့ပါ”
“ဟင်... သား စကားကြီးက ဘယ်လိုပါလိမ့်ကွယ်”
မင်းမာန၏ စကားကို ဒေါ်ထားခင်က နားမလည်သော်လည်း သံမဏိကတော့ အကင်းပါးသူပီပီ ရိပ်စားလိုက်ပါသည်။ မင်းမာနသည် ဤအိမ်ကြီးတွင် အစ်ကိုဖြစ်သူ ဒဿန နှင့် သံမဏိ တစ်မိုးအောက်ထဲတွင် အတူတကွ ရှိနေခြင်းအပေါ် ခါးသီးစွာ မနှစ်မြို့သူသာ ဖြစ်သည်။ သံမဏိ အပေါ် ဒဿန၏ ရင်းနှီးကျွမ်းဝင်လိုမှုတို့ကို မြင်တွေ့ခံစားရပြီးကတည်းက မင်းမာန၏ အရယ်၊ အပြုံးတို့သည် မတွေ့ရတော့သလောက် ရှားပါးပျောက်ကွယ်သွားရ၏။
“ထားလိုက်ပါ ထားထားရယ်၊ မပူပါနဲ့...၊ ညီညီက စာမေးပွဲကြောင့် Stress ပိနေတာ ဖြစ်ပါလိမ့်မယ်”
ဤသို့ဖြင့် ထမင်းစားခန်းကလေးသည် တစ်ဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားသည်။ မနက်စာကို ဗိုက်အပြည့် ဖြည့်ခဲ့ပြီးနောက်တွင် အမွှာညီအစ်ကိုနှစ်ယောက်ကို သံမဏိ၏ Honda ကား အမည်းကလေးဖြင့် တင်ဆောင်လာခဲ့ကာ စာမေးပွဲ ဖြေဆိုရမည့် စာစစ်ဌာနသို့ ပို့ဆောင်ပေးရ၏။ ထိုတာဝန်ကိုတော့ သံမဏိ ကိုယ်တိုင်က လိုလားစွာ ထမ်းရွက်လိုက်ခြင်းဖြစ်ပါသည်။
အ.ထ.က (၅) ကျောင်းဝန်းသို့ ရောက်လုနီးနီး လမ်းတစ်ပျအလိုတွင် ဝါးလုံးရှည်တားလျက် လမ်းပိတ်ထားသဖြင့် လမ်းဘေးတစ်နေရာတွင်သာ ကပ်၍ ကားထိုးရပ်လိုက်သည်။
“ကဲ... ညီတို့...၊ မပေါ့ဆနဲ့နော်။ သေသေချာချာ ဖြေခဲ့ကြ ကြားလား။ သင်္ချာဆိုတော့ စာဖြေချိန်က အများကြီး ပိုတယ်။ ဖြေပြီးရင် စေ့စေ့စပ်စပ် ပြန်စစ်။ ပုဒ်စာနံပါတ် နဲ့ နံပါတ်ခွဲလေးတွေကအစ ပြန်စစ်။ ပြီးရင် လိုအပ်တဲ့ အကြမ်းလေးတွေကိုလည်း ချတွက်ပြ။ အင်း... ပြီးရင် အဆင့်...”
“အဆင့်မကျော်နဲ့... တစ်ဆင့်ချင်း ချတွက်လို့ ပြောမလို့မလား အစ်ကို။ ကျွန်တော်တို့ဖြင့် အစ်ကို့အမှာစကားတွေကို အလွတ်နေပါပြီဗျာ။ အစ်ကို မောနေလိမ့်မယ်... မပြောတော့နဲ့နော်”
ဒဿန က သံမဏိကို ရွှင်ပျပျ မျက်နှာလေးဖြင့် ခွန်းတုံ့ပြန်စဉ်အတွင်းမှာပင် မင်မာနက မပြောမဆိုဖြင့် ကားတံခါးဖွင့်လျက် ဆင်းချသွားတော့သည်။
“ဟုတ်ပါပြီ...၊ သေချာ ဖြေခဲ့နော်...”
“တစ်မှတ်မှ မလျှော့အောင်ကို ဖြေခဲ့မှာ။ ရာပြည့်ရမှ ဖြစ်မယ်လေ။ သင်္ချာရာပြည့်ရရင် အစ်ကို ကတိပေးထားတာသာ မမေ့နဲ့...”
ဒဿန က စကားဆုံးသည်နှင့် ကားပေါ်မှ ဆင်းသွားကာ ဆတ်ကော့ကော့နှင့် ရှေ့မှ ထွက်သွားသည့် မင်းမာန နောက်မှ အပြေးလိုက်သွားတော့၏။ သံမဏိ၏ မြင်ကွင်းများထဲမှ တဖြည်းဖြည်း ဝေးလွင့်ပျောက်ကွယ်သွားသည့် ဒဿန၏ ကျောပြင်လေးကို ငေးကြည့်နေရင်း သံမဏိ စိတ်အစုံတို့သည် ရှုပ်ထွေးနောက်ကျိလျက် ကျန်ရစ်နေခဲ့ရတော့သည်။
အမွှာနှစ်ယောက် စာမေးပွဲဖြေနေစဉ်အတွင်း သံမဏိ အိမ်သို့တစ်ခေါက် မပြန်တော့ဘဲ ကားထဲမှာသာ စာဖတ်ရင်း ထိုင်စောင့်နေလိုက်သည်။ အသင့်ယူဆောင်လာသည့် စာရေးဆရာမကြီး ဂျူး၏ နာမည်ကြီး ဝတ္ထုဖြစ်သည့် မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် စာအုပ်လေးကို ဖတ်လက်စနေရာကလေးမှ ဆက်၍ ဖွင့်ဖတ်လိုက်၏။
သည်စာအုပ်ကလေးကို သံမဏိ စိတ်ဝင်စားဖြစ်ခဲ့သည်မှာ Facebook ပေါ်တွင် တက်လာသည့် စာကြောင်းလေးတစ်ကြောင်းကြောင့်ပင် ဖြစ်သည်။ ထိုစာကြောင်းကလေး တစ်ကြောင်းမှ စတင်၍ စိတ်ဝင်စားစွာ ဖတ်ခဲ့ရသော သည်ဝတ္ထုကလေးကို သံမဏိ အခေါက်ခေါက် အခါခါ ပြန်ဖတ်နေခဲ့မိသည်မှာ အခုတစ်ခေါက်သည် ကိုးကြိမ်မြောက် ပြန်ဖတ်ခြင်း ဖြစ်၏။
တက္ကသိုလ် ပထမနှစ် တက်စတည်းက ရသစာပေများ ဖတ်ရခြင်းကို နှစ်သက်လာခဲ့သည့် သံမဏိသည် ရသစာပေ ရေးသားသူများအထဲတွင်တော့ ဆရာမ ဂျူးကို အနှစ်သက်ဆုံး ဖြစ်ပါသည်။
‘ဤမှန်သော သစ္စာစကားကြောင့် သူ့အပေါ် ထားရှိအပ်သော အမုန်းသည် ဤကမ္ဘာမြေ တည်မြဲနေသမျှ ကျွန်မ၏ ရင်ထဲမှာ ထာဝရ တည်မြဲနေပါစေသတည်း။’
ဝတ္ထုလေး၏ နောက်ဆုံး အဆုံးသတ်ကို ဖတ်လိုက်ရပြီးချိန်တွင် သံမဏိ ကြက်သီးကလေးများ ဖြန်းခနဲထလျက် ရင်ထဲ လှိုက်ဟာ၍ ကျန်ရစ်ခဲ့တော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သံမဏိ၏ နှလုံးသားအတွင်းအထိ ထိုးဖောက်လွှမ်းမိုးထားသည့် ဤဇာတ်လမ်းကလေး၏ စာကြောင်းတစ်ကြောင်းကို ရုတ်တရက် ဆိုသလို သတိရမိသည်။ ထိုစကားလေးသည် ထိုဇာတ်လမ်းလေး၏ အမျိုးသမီး ဇာတ်ရုပ်ဖြစ်သည့် သက်နှင်းအိမ်က သူမ၏ အမျိုးသားဖြစ်သူ ယုမော်ကို ချစ်မြတ်နိုးလွန်း၍ သို့မဟုတ် နာကျည်းမုန်းတီးလွန်း၍ ပြောခဲ့သည့် စကားလေးပင် ဖြစ်၏။
‘မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်အပေါ်မှာ အသက်မက ချစ်မြတ်နိုးရင်း တစ်ပြိုင်းတည်းမှာပဲ နာကြည်းမှုများစွာနဲ့ မုန်းတီးနိုင်တယ်ဆိုရင် အခုအချိန်မှာ ကမ္ဘာလောကတစ်ခုလုံး ကိုယ် အမုန်းဆုံးလူက မောင်ပဲ၊ အဲ့ဒါကိုလည်း သံသယကင်းကင်းနဲ့ မောင် ယုံစေချင်တယ်’
ထိုစာကြောင်းလေးသည် သည်ဇာတ်လမ်းတစ်ခုလုံးတွင် သံမဏိ နှလုံးသားကို အကိုင်လှုပ်နိုင်ဆုံး စကား…။ သည်နေရာတွင် ယောက်ျားနှင့် မိန်းမဆိုသည့် လိင်သတ်မှတ်မှုတို့ကို ဖယ်ကြည့်လိုက်မည်ဆိုလျှင် လူတစ်ယောက်သည် သူ ချစ်မြတ်နိုးရလွန်းသည့် လူတစ်ယောက်အပေါ် တချို့သော အကြောင်းအရင်းတို့ကြောင့် မုန်းတီးသွားနိုင်သည်တဲ့လေ။ သိပ်မှန်တာပေါ့။
ဒါဆို… သံမဏိ ကိုယ်တိုင်ကရော။ သံမဏိရော… သံမဏိ သိပ်ခါးသက်နာကြည်းပါတယ်ဆိုတဲ့ သျှံဓနရဲ့ သွေးတွေ စီးဆင်းရှင်သန်နေတဲ့ ဒဿနကို မုန်းတီးစွာ လက်စားချေဖို့ ကြိုးစားနေရင်းနဲ့... ဒဿနအပေါ် ငြိတွယ်ပျော်ဝင်သွားတာရော ဖြစ်မသွားနိုင်ဘူးလား။ ဟင့်အင်း… မဖြစ်ရဘူး။
သံမဏိ စိတ်ရှုပ်ထွေးစွာ ခေါင်းခါလျက် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး စာအုပ်လေးကို ပိတ်ကာ မျက်ဝန်းတို့ကို စုံမှိတ်ချလိုက်သည်။ ထိုစဉ် အပြင်ဘက်မှ ကားမှန်ခေါက်သံကြားရ၍ မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ သံမဏိ မထင်မှတ်ထားသည့် သူ တစ်ဦး ဖြစ်နေခဲ့သည်။
“ကိုခွန်း…၊ ဒီကို ဘာလာလုပ်တာလဲ”
ကားတံခါးဖွင့်လျက် ကားပေါ်မှ ဆင်းလာသည့် မဏိကို ခွန်းသုတက ပြုံးရွှင်စွာ စိုက်ကြည့်နေလေသည်။
“မဏိဆီကိုပဲ သက်သက်ထွက်လာခဲ့တာ။ အိမ်မှာ တစ်ယောက်တည်းနေရတာ ပျင်းလို့…”
“ဆောရီးပါ ကိုခွန်းရယ်…၊ မဏိ အားနာလိုက်တာ။ ကိုယ့်အိမ်မှာ လာတည်းတဲ့ ဧည့်သည်ကို တစ်ယောက်တည်း ပစ်ထားရတယ်။ မဏိ အိမ်မှာ နေရတာ အဆင်ပြေရဲ့လား ကိုခွန်း…”
“တစ်ယောက်တည်း အထီးကျန်နေရတာက လွဲရင် အဆင်ပြေပါတယ် ခင်ဗျာ…”
ခွန်းသုတ က သူ့စကားသူ သဘောတွေ့ကာ ခေါင်းတခါခါနှင့် ရယ်မောနေပြီးမှ စကားဆက်ပြန်သည်။
“ဒါနဲ့… မဏိရော…၊ သူများ အိမ်မှာ သွားနေရတာ အဆင်ပြေရဲ့လား။ စာမေးပွဲ ပြီးတာနဲ့ ပြန်လာမှာမလား။ ဘိုင်အို ဖြေရတဲ့ နေ့ရဲ့ ညကျရင် အိမ်ပြန်လာမယ်မလား”
“ဘိုင်အို ဖြေပြီးပြီးချင်း ညတော့ ပြန်မလာဖြစ်သေးဘူး ကိုခွန်း…၊ အဲ့ညကျရင် ကလေးတွေက နှုတ်ဆက်ညစာ စားပွဲလေးလုပ်ပြီး ကန်တော့ချင်တယ်ဆိုလို့”
“အော်… ဒါဆိုရင် နောက်နေ့ မနက်တော့ ပြန်လာဖြစ်မှာပါနော်…”
“ဟုတ် ကိုခွန်း…၊ ပြန်လာမှာပါ…”
ထိုစဉ် စာဖြေချိန်စေ့၍ ကျောင်းဝန်းအတွင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ ထွက်လာကြသဖြင့် ခုနက အပ်ကျသံပင် ကြားရမတတ် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် ပတ်ဝန်းကျင်ကလေးသည် အသံဗလံများဖြင့် ပြန်လည် လှုပ်ရှားအသက်ဝင်လာခဲ့သည်။
“ကလေးတွေတောင် ဆင်းလာပြီဆိုတော့ ကိုယ် ပြန်တော့မယ်နော် မဏိ…”
ပြန်ဖို့ နှုတ်ဆက်နေသော်လည်း မဏိထံတွင်သာ ကပ်တွယ်ငြိခိုချင်နေသည့် ခွန်းသုတ၏ မျက်ဝန်းများထဲမှ အရိပ်အခိုးတချို့ကို မဏိ တွေ့မြင်နေရသော်လည်း မသိကျိုးကျွန်ပြုနေလိုက်မိ၏။
“ဟုတ် ကိုခွန်း…၊ ဂရုစိုက်ပြီး ပြန်နော်…”
ပြောနေကျ လောကွတ်စကားကို လွှတ်ခနဲ ပြောလိုက်ပြီးမှ မဏိ နောင်တရသွား၏။ ဂရုစိုက် ပြန်ပါဆိုသည့် မဏိ၏ စကားများထဲတွင် ခွန်းသုတအပေါ် နှောင်တွယ်ငြိငင်နေသည့် စိတ်ခံစားချက်တို့ ကင်းရှင်းကြောင်းကိုတော့ ခွန်းသုတကို မဏိ သိစေချင်မိပါသည်။
ကိုခွန်းကို မဏိ အိမ်တွင် တည်းခိုနေထိုင်ဖို့ မဏိ ခွင့်ပြုလိုက်၍ သုတနှင့် မဏိ တစ်မိုးအောက်ထဲတွင် အတူတကွ နေထိုင်ဖို့ အကြောင်းဖန်လာခဲ့သည်။ ထိုကဲ့သို့ ခွင့်ပြုပေးလိုက်သည်မှာလည်း ခွန်းသုတ၏ ခံယူချက်၊ ရပ်တည်ချက်နှင့် အကျင့်စာရိတ္တတို့ကို မဏိ တစ်ထိုင်တည်းနှင့် ယုံကြည်စိတ်ချနိုင်၍ ဖြစ်၏။ မဏိ ယုံကြည်လက်ခံထားသလိုပင် ကိုခွန်း၏ ဖြောင့်မတ်မှန်ကန်သော စိတ်ဓာတ်တို့နှင့် လေးစားထိုက်သည့် စိတ်ထားတို့ကို မဏိ မျက်မြင် တွေ့ရှိလာရသည်။ ထို့အတူ ကိုခွန်း၏ မျက်ဝန်းများမှတဆင့် ပေါ်ထွက်ရုန်းကြွလာသည့် ကိုခွန်း နှလုံးသား၏ ခံစားချက်တချို့ကိုလည်း မဏိ သိသာထင်ရှားစွာ ခံစားသိမြင်လာရပြန်ပါသည်။
“ဟိတ်…၊ အစ်ကို… ကား အပြင်ထွက်ရပ်ပြီး ဘာတွေ ငိုင်နေတာလဲ”
မြင်ကွင်းများထဲမှ ဝေးကွာသွားသည့် ကိုခွန်း၏ ပုံရိပ်လေးကို ငေးကြည့်နေစဉ်မှာပင် ရုတ်တရက် ပေါ်ထွက်လာသည့် ဒဿန၏ စကားသံကြောင့် မဏိ ထိတ်ခနဲ လန့်သွားကာ အတွေး အပိုင်းအစတို့သည် ပျယ်လွင့်ပျောက်ကွယ်သွားရသည်။ မင်းမာနသည်တော့ မဏိကို နှုတ်မဆက်ဘဲ ကားတံခါးဖွင့်လျက် ကားပေါ်သို့သာ တန်းခနဲ ဝင်သွား၏။
“အင်း…၊ ဘာရယ် မဟုတ်ပါဘူး…၊ လေကောင်းလေသန့် ထွက်ရှုတာပါ”
“ခုနက အစ်ကို့နားက ထွက်သွားတာ ဘယ်သူလဲဟင်…၊ အစ်ကို့ သူငယ်ချင်းလား… ဒါမှမဟုတ် ဆွေမျိုးလား…”
စိုးရိမ်ရိပ်တို့နှင့် သဝန်တိုငွေ့တို့ သမ်းနေသည့် ဒဿန၏ စကားများကြောင့် သံမဏိ ပြုံးချင်ရပြန်သည်။ သူ့ကို သဝန်တိုရလောက်သည်အထိ သူ့အပေါ် ငြိတွယ်နေပြီဖြစ်သည့် ဒဿန ကို သံမဏိ စိုက်ကြည့်နေရင်းပင် ရင်ထဲတွင် အမျိုးအမည်မသိသည့် ခံစားချက်တို့ဖြင့် မွန်းကြပ်လှိုက်ဟာလာသည်။
“ကိုယ့် အိမ်မှာနေတဲ့ လူပါ…”
ထိုအဖြေကို ဒဿန၏ မျက်ဝန်းတို့ကို စိုက်ကြည့်လျက် မဏိ ရည်ရွယ်ချက်ရှိရှိဖြင့် ဖြေလိုက်ခြင်းဖြစ်၏။ မဏိ၏ အဖြေကြောင့် ခံစားချက်တို့ဖြင့် ယောက်ယက်ခတ် လှုပ်ရှားသွားသည့် ဒဿန၏ မျက်ဝန်းတို့ကို မဏိ ပုံဖမ်းမိလိုက်ချိန်တွင် မဏိ စိတ်တို့ ကျေနပ်သွား၏။
“ဗျာ…၊ အမျိုးတော်လို့လား”
“ဟင့်အင်း…”
“ဒါဆို…”
“ဒီအတိုင်းပဲ ကိုယ့် ဧည့်သည်ပေါ့၊ ဒါတွေ ထားပါဦး… စာမေးပွဲဖြေနိုင်လား…”
“အစ်ကိုသာ ကတိပေးထားတာ မမေ့နဲ့။ သင်္ချာရာပြည့်ရရင် ကျွန်တော် တောင်းဆိုတာ တစ်ခုကို လိုက်လျောမယ် ဆိုတာလေ…”
မဏိ၏ နားနားလေးကပ်၍ လေတိုးသံသဲ့သဲ့ကလေးဖြင့် ပြောသွားသည့် ဒဿန၏ စကားလုံးများသည် မဏိ၏ နားများမှတဆင့် နှလုံးသားလေးအထိ လွင့်ပျံခတ်ရိုက်သွားသည်ကိုတော့ မဏိ မသိစေချင်ပါဘူးလေ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹