Projector မှ မီးမောင်းထိုးပြ၍ ပိတ်ကားဖြူထက်ပေါ်တွင် ထင်ဟပ်ပြေးလွှားနေသည့် ဓာတ်ပုံတချို့ကို သျှံဓန စူးစူးစိုက်စိုက်ကြည့်လျက် သဘောကျစွာ ပြုံးလိုက်၏။ ဖားကန့်ရှိ သျှံဓန ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရှိ သျှံဓန၏ မန်နေဂျာချုပ်၏ အစည်းအဝေးခန်းမအတွင်း တင်ပြနေမှုများကို သျှံဓန ကျေနပ်အားရသော မျက်နှာထားဖြင့် တည်ကြည်မော်ကြွားလျက်ရှိသည်။ သူ အားရကျေနပ်နေသည်မှာ သူ့ မန်နေဂျာချုပ်၏ လုပ်ရည်၊ ကိုင်ရည် စွမ်းဆောင်တင်ပြပုံများထက် သူ၏ လုပ်ကွက်အသစ်မှ တူးဖော်ရရှိလာသည့် ကျောက်စိမ်းတုံးများ၏ အရည်အသွေးများကြောင့်ပင် ဖြစ်သည်။
“ဒီပုံကတော့ ဒီတစ်ပတ်အတွင်းက ဝှေခါမှော် လုပ်ကွက်အသစ်က ထွက်လာတဲ့ ကျောက်တုံးတွေကို အခွံခွာကြည့်ထားတဲ့ ပုံပဲဖြစ်ပါတယ် ဥက္ကဌကြီး။ အပေါ်ယံ အခွံသားကအစ လှနေပြီးတော့ မီးထိုးကြည့်လိုက်တဲ့ အခါမှာလည်း အထဲမှာ ပန်းအရည်စက်လေးတွေ ပါနေပါတယ်။ ကျောက်တုံးကို ဖြတ်တောက်ပြီးရင်လည်း ပိုကောင်းမယ့် အရိပ်အခြေတွေကို မြင်နေရပါတယ်”
ပိတ်ကားအဖြူစပေါ်တွင် ထင်ဟင်နေသည့် ကျောက်စိမ်းအရိုင်းတုံးကြီး၏ ပုံကို သျှံဓန စူးစိုက်စွာကြည့်ကာ ကျောက်တုံး၏ အလေးချိန်ကို စိတ်တွက်ဖြင့် ခန့်မှန်းလိုက်သည်။
“အင်း… ဒီလောက် အတုံးပမာဏဆို တန်ချိန် ၁၂၀ လောက်တော့ ရှိမှာပဲ…”
မန်နေဂျာချုပ်က သျှံဓန၏ ခန့်မှန်းတွက်ဆချက်ကို ထိတ်လန့်အံ့ဩသွားသော မျက်နှာဖြင့် လှည့်ကြည့်သည်။
“ဟာ… ဟုတ်ပါတယ် ဥက္ကဌကြီး။ တန်ချိန်က ၁၂၃ တန်ပါ။ အလျား ၁၀၂ လက်မ၊ အနံ ၈၇ လက်မ နဲ့ အမြင့် ၉၂ လက်မ ရှိပါတယ်”
“ဟုတ်ပြီ…။ ဒီကျောက်တုံးကို ဘာဆက်လုပ်ထားသေးလဲ”
“ဥက္ကဌကြီးကို မတင်ပြရသေးတဲ့အတွက် ဘာမှတော့ မလုပ်ထားရသေးပါဘူး ခင်ဗျာ”
“ကောင်းပြီ…။ ဒီအတုံးကို ခွဲလိုက်တော့။ ပြီးရင်… ဆက်ပြီး သတင်းပို့ပါ။ အင်း… အတုံးက နည်းနည်းတော့ သေးသွားတယ်ကွာ”
သျှံဓန၏ စကားကို နားမလည်ဟန်ဖြင့် မန်နေဂျာချုပ်က တစ်ချက် ခေါင်းကုတ်သည်။ သျှံဓနက မသိမသာ ပြုံးလိုက်ပါ၏။
“ကိုယ်က စံချိန်တင်ချင်တာလေ။ ကိုယ့် လုပ်ကွက်က ထွက်တဲ့ ကျောက်တုံးကို ဖားကန့်ကျောက်စိမ်းသမိုင်းမှာ ရာဇဝင်တွင်စေချင်တာ။ ဒီလောက် အတုံးလေးနဲ့တော့ စာမတင်နိုင်ဘူး။ မင်း… ဖားကန့်မှာ သမိုင်းတွင်ခဲ့တဲ့ ကျောက်စိမ်းတုံးအကြောင်းကို သိလား…”
“ခင်ဗျာ…၊ ကျွန်တော်… ကျွန်တော် မသိပါဘူး ခင်ဗျာ”
“၂၀၀၁ ခုနှစ် ဇူလိုင်လက ပတ္တမြားနဂါး ကုမ္ပဏီရဲ့ နမ့်မော်လုပ်ကွက်ကနေ တန် ၃၀၀၀ ရှိတဲ့ ကျောက်စိမ်းတုံးကြီး ထွက်ခဲ့ဖူးတယ်။ မြေအောက်ပေ (၄၀) လောက်ကနေ တွေ့ခဲ့တာပေါ့ကွာ။ အလျားပေ (၇၀)၊ အကျယ် (၁၆) ပေနဲ့ အမြင့် (၃၅)ပေ ရှိတယ်တဲ့။ ဖားကန့်ရဲ့ သမိုင်းတွင်တဲ့ အကြီးဆုံးကျောက်စိမ်းတုံးကြီးပေါ့ကွာ”
“ဟုတ်ကဲ့ပါ ဥက္ကဌကြီး။ ကျွန်တော် မှတ်သားထားပါ့မယ်”
ထိုစဉ် အစည်းအဝေးခန်းမ၏ တံခါးမကြီးဆီမှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ သျှံဓန၏ ဝင်ခွင့်ပြုသည့် အသံသည် ခန်းမအတွင်း ပဲ့တင်သွားပြီးနောက်တွင် တံခါးဖွင့်လျက် လုံခြုံရေးဝန်ထမ်းတစ်ဦး ခန်းမအတွင်းသို့ ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့သည်။
“ဥက္ကဌကြီး...၊ ပါဆယ်ရောက်လို့ပါ ခင်ဗျာ”
“အေး...၊ ဘယ်က ပို့တာတဲ့လဲ”
“ဘာမှ ပြောမသွားဘူး ခင်ဗျ။ ဥက္ကကြီးဆီ တန်းပို့ပေးပါလို့ပဲ မှာသွားပါတယ်”
“ကောင်းပြီ...၊ ထားခဲ့လိုက်ပါ”
စားပွဲ၏ ထောင့်စွန်းတွင် တင်ထားခဲ့သည့် ပါဆယ်ထုပ်လေးကို သျှံဓန ခေတ္တအကြာမျှ စိုက်ကြည့်တွေဝေနေပြီးလျှင် အစည်းအဝေးခန်းအတွင်း ရှိနေသည့် မန်နေဂျာချုပ်ကို အပြင်ထွက်သွားရန် လက်ဟန်ဖြင့် အချက်ပြလိုက်၏။ မန်နေဂျာချုပ်သည် သျှံဓနအား ခါးညွတ်ကိုင်းကာ လေးစားသမှုပြုလျက် အစည်းအဝေး ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။ အခန်းထဲမှ မန်နေဂျာချုပ် ထွက်သွားပြီးချိန်မှ သျှံဓနသည် ပါဆယ်ထုပ်ကို ကောက်ယူလျက် ဖွင့်ဖောက်လိုက်တော့သည်။
မှတ်စုစာအုပ်အရွယ်ခန့်သာ ရှိမည့် ပါဆယ်ထုပ်ကလေးကို ဖွင့်ဖောက်နေရင်း သျှံဓန၏ စိတ်ထဲမှာတော့ ကြိုတင်ပြင်ဆင်၍ အားတင်းထားမိသည်။ သက်ပြင်းတစ်ချက်ချကာ အပေါ်ယံ ထုပ်ပိုးထားသည့် ပါဆယ်စက္ကူတစ်လွှာကို ဖယ်ရှားလိုက်ပြီးချိန်တွင် အထဲမှာ စာအိတ်အနီလေးကို သျှံဓန စိတ်လှုပ်ရှားစွာ တွေ့မြင်လိုက်ရသည်။ သူ့ဆီသို့ မကြာခဏ ရောက်ရောက်လာတတ်သည့် ထိုစာအိတ်အနီလေးသည် သျှံဓနကို ထိတ်ထိတ်ပြာပြာဖြစ်စေလောက်အောင် ခြောက်လှန့်နိုင်စွမ်းရှိလေသည်။
စာအိတ်အနီလေးကို တုန်ယင်နေသည့် လက်တစ်စုံဖြင့် ဖွင့်ဖောက်ကာ အထဲမှ ကဒ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။ သျှံဓန အလွတ်နီးပါး ရနေသည့် ပန်းချီလေးတစ်ခု။ နှင်းဆီနီလေးတစ်ပွင့် သွေးအိုင်ကွက်ငယ်လေးတစ်ခုအတွင်းမှာ လဲကျလျက် ပွင့်ဖတ်တချို့ ကြွေလွင့်နေပုံကို ပုံဖော်ရေးဆွဲထားသည့် ပန်းချီလေးတစ်ခု။ ထိုပန်းချီပုံကို မြင်လိုက်ရချိန်တိုင်းမှာ လွန်ခဲ့သည့် (၆)နှစ်ခန့်က ဖြစ်စဉ်တစ်ခုကို ဝိုးတဝါး ပြေးလွှားမြင်ယောင်လာလေ့ရှိသည်။ အရက်အမူးလွန်နေ၍ လုံးဝ မမှတ်မိနိုင်တော့သည့်တိုင် ကူကယ်ရာမဲ့ အော်ဟစ်နေခဲ့သည့် အသံလေးတစ်ခုသည် သူ၏ အကြားနံရံများတွင် ပဲ့တင်ထပ်၍ ကြားယောင်လာသည်။
အိုး...၊ ငါ အမူးလွန်နေလို့ ဖြစ်ရတဲ့ ကိစ္စပဲ။ ငါ့ အမှားမရှိဘူး။ တန်ရာတန်ကြေးပေးပြီးတော့လည်း ဖြေရှင်းပြီးပြီပဲလေ။
သျှံဓန ခေါင်းတစ်ချက် ခါရမ်းလိုက်ရင်း အတွေးတို့ကို လွင့်ထွက်သွားစေလိုက်သည်။ လက်ထဲမှ ပန်းချီကဒ်ကလေးကို စားပွဲပေါ် ပစ်တင်လိုက်သည်။ ထိုတော့မှ လွင့်စင်သွားသည့် နှင်းဆီပန်းချီကဒ်ကလေး၏ အောက်တွင် တခြားတစ်ကဒ် ရှိနေခဲ့မှန်း သျှံဓန သတိထားမိတော့သည်။ သျှံဓန ပန်းချီကဒ်ကလေးကို ပြန်ကောက်ယူရင်း အောက်မှာ ထပ်လျက် ပါလာသည့် ကဒ်လေးကို ဆွဲထုတ်ကြည့်လိုက်ချိန်တွင် သူ့နှလုံးသားကို ဆွဲဆောင့်ဖျစ်ညှစ်ခံလိုက်ရသလို အောင့်ခနဲ နာကျင်သွားသည်။ နှင်းဆီပန်းချီကား၏ အောက်မှ ကဒ်ကလေးထဲတွင် သျှံဓန၏ နှလုံးသွေးများ တစက်စက်ကျမတတ် ချစ်မြတ်နိုးရသည့် သားနှစ်ယောက်၏ ပုံရိပ်များ ပါဝင်နေသည်။ ဒဿန နှင့် မင်းမာန တို့၏ ပုံရိပ်များကို အနီရောင် မှင်ဖြင့် ကြက်ခြေခတ် ခြစ်ထားသည့် ဓာတ်ပုံလေးကို သျှံဓန ကိုင်ကြည့်နေချိန်မှာပင် လက်များ တုန်ယင်လျက် အေးစက်ထိတ်လန့်လာခဲ့သည်။
ဒါ... ဒါ ဘာသဘောလဲ။ ငါ့သား နှစ်ယောက်ကို ပစ်မှတ်ထားမယ့် သဘောမျိုးလား။ ဟင့်အင်း...။ ဒီလိုတော့ အဖြစ်မခံနိုင်ဘူး။
သျှံဓန အတွေးများစွာဖြင့် ထိတ်လန့်ယောက်ယက်ခတ်နေဆဲမှာပင် စားပွဲပေါ်တွင် တင်ထားသည့် သျှံဓန၏ လက်ကိုင်ဖုန်းမှာ အသံမြည်လျက် တုန်ခါလာခဲ့သည်။ ဖုန်းလေးကို သျှံဓန ယူကြည့်လိုက်တော့ ကောင်းဇေထက်ဆိုသည့် နာမည်လေးတစ်ခု ဖုန်းမျက်နှာပြင်တွင် ပေါ်၍လာသည်။ သျှံဓန သက်ပြင်းရှည်တစ်ချက်ကို ရှိုက်ထုတ်လျက် အသံကို တည်ငြိမ်အောင် ထိန်းချုပ်ပြင်ဆင်ကာ ထိုဖုန်းလေးကို ကောက်ကိုင်လိုက်သည်။
“ဟဲလို... ကောင်းဇေ...၊ ရှန့်ဟိုင်းမှာ အစစအရာရာ အဆင်ပြေရဲ့လား”
“ဟုတ်ကဲ့... အစ်ကို၊ အဆင်ပြေပါတယ်။ ဒီက ကျောက်မျက်ရတနာဆိုင်ကြီးတစ်ခုမှာ ကျွန်တော်တို့ ကုမ္ပဏီကထွက်တဲ့ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို ပြသရောင်းချဖို့အတွက် စာချုပ်ချုပ်ပြီးပါပြီ။ အဲ့ဒါကို လှမ်းပြီး သတင်းပေးတာပါ အစ်ကို။ အစ်ကိုရော ကျန်းမာရဲ့လား...”
သျှံဓန၏ အတွင်းရေးမှူး ကောင်းဇေထက်သည် သျှံဓနကို အစ်ကိုဟု ရင်းနှီးခင်မင်စွာ ခေါ်ခွင့်ရသော တစ်ဦးတည်းသော ဝန်ထမ်းတစ်ယောက်သာဖြစ်သည်။ သျှံဓန၏ အလုပ်သမားတစ်ယောက်ဟုဆိုသော်လည်း သျှံဓန၏ မိသားစုဝင် တစ်ဦးကဲ့သို့ ရင်းနှီးနီးကပ်စွာ၊ ယုံကြည်အားကိုးစွာ ကောင်းဇေထက် နေထိုင်ခွင့်ရပါသည်။
“ကျန်းမာပါတယ်ကွာ...”
“ဒါပေမယ့် အစ်ကို့အသံက တစ်မျိုးပဲ။ အစ်ကို ဘာဖြစ်နေတာလဲ...။ စိုးရိမ်စရာ တစ်ခုခု ရှိနေလို့လား”
ကောင်းဇေထက်သည် သျှံဓန ယုံကြည်အားကိုးရသူပီပီ အသံကို ကြားလိုက်ရုံဖြင့် သျှံဓန၏ အတွင်းစိတ်တို့ကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသူဖြစ်သည်။
“အင်း...၊ ကိုယ် အခုပဲ... နှင်းဆီပန်းချီကားကြောင့် ခေါင်းခဲနေတယ်”
နှင်းဆီပန်းချီကားဟု ဆိုလိုက်ရုံနှင့် ကောင်းဇေထက် သိလိုက်ပါပြီ။ လွန်ခဲ့သည့် လေးနှစ်ခန့်၊ နေပြည်တော် Cupid Hotel မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စဖြစ်အပြီး နှစ်နှစ်ခန့်အကြာမှာ သျှံဓန၏ ကျောက်မျက်ရတနာပြခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာသည့် နှင်းဆီပန်းချီကားတစ်ချပ်ကို ကောင်းဇေထက် စွဲမြဲစွာ မှတ်မိနေပါသေးသည်။ ထိုစဥ်က ထိုပန်းချီကားချပ်ကို မြင်လိုက်ရစဉ်တွင် အိပ်ရာခင်းအဖြူထက်က ကြွေလွင့်သွားခဲ့ရသည့် သွေးစတချို့ စွန်းထင်းပေကျံလျက်ရှိသည့် နှင်းဆီပွင့်ဖတ်တို့ကို ပြေး၍ မြင်ယောင်လိုက်ရသေးသည် မဟုတ်လား။
“နှင်းဆီပန်ချီကား...၊ ဟုတ်လား အစ်ကို၊ အခုချိန်ထိ ဒီနှင်းဆီ ပန်းချီကားက အစ်ကို့ဆီက ရောက်ရောက်လာတုန်းလား”
“အေး...”
“ဒါဆို ကျွန်တော်တို့ ဒီတိုင်း ထိုင်နေဖို့ မသင့်တော့ဘူး ထင်တယ်နော် အစ်ကို။ ကျွန်တော် ဖယောင်းဆိုတဲ့ ကောင်လေးကို... လိုက်ရှာလိုက်ရမလား။ အစ်ကို တားထားလို့သာ ကျွန်တော် ငြိမ်နေခဲ့ရတာ။ အခုလို ဆက်တိုက်ပို့ပြီး နှောင့်ယှက်နေတယ်ဆိုရင် ကျွန်တော်တို့ တစ်ခုခု လုပ်သင့်ပြီ မဟုတ်လား အစ်ကို”
“ဟုတ်တယ်... ကိုယ် ဖယောင်းကို ရှာသင့်နေပြီ။ ကိုယ်တို့ ဖယောင်းဆိုတဲ့ ကောင်လေးကို ရှာကို ရှာရတော့မယ်...။ ဒီတစ်ခါ... သူ ပို့လိုက်တဲ့ ပါဆယ်ထဲမှာ ကိုယ့်သားတွေရဲ့ ဓာတ်ပုံတစ်ခုလည်း ပါလာတယ်”
“ဗျာ...၊ အမွှာလေးတွေရဲ့ ပုံလည်း ပါလာတယ်... ဟုတ်လား အစ်ကို”
“အေး... ဟုတ်တယ်”
“ဒါဆို မဖြစ်တော့ဘူး အစ်ကို။ ကျွန်တော်တို့ အမြန်ဆုံး လှုပ်ရှားရတော့မယ်”
သျှံဓနက အခန်းနံရံကို အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်လျက် တစ်စုံတစ်ခုကို တွေးဆချင့်ချိန်လိုက်သည်။ ပြီးမှ... စကားကို ဆက်၏။
“ကိုယ်တို့ အလျင်စလို လှုပ်ရှားလို့ မဖြစ်ဘူး ကောင်းဇေ...၊ ဖားအံက ကိုယ့်ရဲ့ လုပ်ကွက်အသစ်ထိအောင် ဒီပန်းချီရောက်လာတယ် ဆိုကတည်းက... ကိုယ့်ကို မျက်ခြေမပျက် စောင့်ကြည့်နေတယ်ဆိုတဲ့ သဘောပဲ။ ကိုယ်တို့ ခြေလှမ်းတွေ ပျက်ယွင်းလို့ မဖြစ်ဘူး။ နောက်ပြီး...၊ ကိုယ် ဒီအကြောင်းတွေကို ကောင်းဇေက လွဲလို့ ဘယ်သူ့ကိုမှ ပုံအပ်ဖို့အထိ မယုံကြည်နိုင်ဘူး။ ဒီတော့... ကောင်းဇေ ပြန်လာမှ ကိုယ်တို့ ဟန်မပျက် လှုပ်ရှားကြတာပေါ့...”
“ဒါလည်း ဟုတ်တာပဲနော် အစ်ကို...၊ ဒါပေမယ့် ကျွန်တော်ရဲ့ ရှန့်ဟိုင်း showroom project က အားလုံး ပြီးစီးဖို့အထိဆိုရင် နောက်ထပ် အချိန်လေးလလောက် ထပ်ယူရဦးမယ်နော် အစ်ကို၊ အဲ့အချိန်အထိ စိတ်ချရပါ့မလား။ ကျွန်တော် အမွှာနှစ်ယောက်ကို စိတ်ပူတယ်...”
“ဖြစ်ပါတယ် ကောင်းဇေ...၊ အဲ့အတွက်တော့ မပူပါနဲ့။ ကလေးတွေ စာမေးပွဲဖြေပြီးတာနဲ့ ကိုယ် သူတို့ဆီ ပြန်ရောက်မှာပါ...၊ ကိုယ့်သားနှစ်ယောက်ကို ကိုယ် စောင့်ရှောက်နိုင်ပါတယ်”
“ဟုတ်ကဲ့ပါ...၊ ဒါဆိုလည်း ကျွန်တော် စိတ်မပူတော့ပါဘူး အစ်ကို။ ဒီကြားထဲ တစ်စုံတစ်ရာ အခြေအနေထူးခြားရင် အကြောင်းကြားပါ့မယ် အစ်ကို”
“အိုကေ...ကောင်းဇေ...၊ အစစ အရာရာ ဂရုစိုက်ပါ”
ဖုန်းချပြီးနောက် ဆိုဖာခုံပေါ် နောက်လှန်လှဲချလျက် သျှံဓန သက်ပြင်းရှည် ဆွဲရင်း မှုတ်ထုတ်လိုက်သည်။ ထို့နောက် စားပွဲအန်ဆွဲအတွင်းက Marlboro စီးကရက်ဘူးကို ထုတ်လိုက်ကာ စီးကရက် တစ်လိပ် ယူပြီးနောက် အစည်းအဝေး ခန်းမ၏ အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
ကျောက်စိမ်းများထွက်ရှိရာ ကျောက်တောင်များ၏ ထိပ်ဖျားတွင် တည်ဆောက်ထားသည့် သျှံဓန၏ ကျောက်မျက်စက်ရုံ၏ လေသာဆောင်အနေဖြင့် ထည့်သွင်းတည်ဆောက်ထားသည့် ဝရံတာလက်ရန်းသာ ပါရှိသော ဟင်းလင်းပြင်ကလေးသည် သျှံဓန၏ စိတ်လက်အပန်းဖြေရာ ဘုံဌာနကလေးတစ်ခုလည်း ဖြစ်၏။ စိတ်ပျော်ရွှင်စရာ ကိစ္စ သို့မဟုတ် စိတ်ညစ်ညူးစရာကိစ္စများ ကြုံရတိုင်းမှာ သျှံဓန သည်လေသာဆောင်ကလေးတွင် စီးကရက်ဖွာ၍ စိတ်အပန်းဖြေလေ့ရှိသည်။
စီးကရက်၏ ဖင်စီခံလေးမှတဆင့် မီးမြိုက်လောင်ကျွမ်းလာသည့် tobacco (ဆေးရွက်ကြီး) အမှုန်အမွှားလေးများ၏ မီးခိုးအငွေ့များကို စုပ်ယူရှိုက်သိမ်းရင်း ပြန်လည်မှုတ်ထုတ်လိုက်ရသည့် ဆေးလိပ်ငွေ့များကို သျှံဓန မြတ်နိုးစွဲလန်းမိသည်။ ဓာတုပစ္စည်း အမျိုးအစားပေါင်း (၄၀၀၀) ကျော်နှင့် ပြုလုပ်ဖန်နီးထားသည့် ဆေးလိပ်တစ်လိပ်တွင် လူသားတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို အဆိပ်အတောက်ဖြစ်နိုင်သည့် ဓာတုပစ္စည်းပေါင်း (၄၀၀) ကျော် ပါဝင်နေမှန်းလည်း သျှံဓန သိသည်။ ကင်ဆာကို ဖြစ်စေနိုင်သည့် carcinogen ( ကာစီနိုဂျင် ) တစ်မျိုးဖြစ်သည့် ကတ္တရာစေး၊ သွေးတွင်းအဆီဓာတ်ကို မြင့်တက်စေပြီး စိတ်ကို စွဲလမ်းညှို့ယူတတ်သည့် နီကိုတင်း နှင့် အဆုတ်အတွင်း အဆိပ်အတောက်ဖြစ်စေကာ သွေးတွင်းအောက်စီဂျင်ပါဝင်မှု လျှော့ကျစေနိုင်သည့် ကာဗွန်မိုနောက်ဆိုဒ်တို့ ပါဝင်နေမှန်းလည်း သျှံဓန သိပါသည်။ သို့သော်... သူ၏ လက်ချောင်းများကြားတွင် ညှပ်ကာ ဆော့ကစားနေမိသည့် သည်အဆိပ်ချောင်းလေးကို သျှံဓန အဘယ်ကြောင့် စွဲလမ်းခုံမင်နေမိသည်ကို မသိပါ။ သေချာသည်ကတော့... စီးကရက်တွင် ပါဝင်သည့် နီကိုတင်းကြောင့်တော့ မဟုတ်ပါ။ သူ့စိတ်ကို မည်သည့် ဓာတုပစ္စည်းကမှ ချည်ငင်ညှို့ယူနိုင်စွမ်းရှိမည် မဟုတ်တန်ရာပါ။
စီးကရက်၏ အဆိပ်ငွေ့တို့ကို သူ၏ အဆုတ်ထဲထိ ထိုးဖောက်ပျံ့လွင့်သွားအောင် ရှိုက်ယူစုပ်သွင်းလိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကာ ဖိနပ်ထိပ်ဖျားကလေးဖြင့် နင်းခြေလိုက်ရင်း ဆေးလိပ်မီးကို ငြှိမ်းသတ်လိုက်သည်။ ထို့နောက် ဘောင်းဘီအိတ်ထဲ ထိုးထည့်လာသည့် ဖုန်းလေးကို ထုတ်ကာ Mobile Data ဖွင့်လျက် Viber ဖြင့် Video Call တစ်ခု ခေါ်ဆိုလိုက်သည်။ ဖုန်းမျက်နှာပြင်တွင် ပေါ်လာသည့် ကိုယ့်မျက်နှာကိုယ် မျက်မှောင်ကြုတ်လျက် တစ်ချက်ပြန်ကြည့်လိုက်ကာ ရွှေညိုရောင် ဆံပင်ထူထူတို့ကြား လက်ချောင်းများဖြင့် ထိုးစိုက်လျက် သေသပ်သွားအောင် ပြုပြင်လိုက်သည်။ သည်ဆံပင်အရောင်ကို ဖားအံသို့ မသွားခင် Beauty Salon တစ်ခုတွင် အရောင်ဆိုးသွားခြင်းဖြစ်၏။ စိတ်အပြောင်းအလဲတစ်ခုဖြစ်စေရန် ဆံပင်၏ အရောင်ကို ပြောင်းလဲပြင်ဆင်လိုက်ရခြင်းကိုလည်း သျှံဓနသည် ကြိုက်နှစ်သက်သူဖြစ်သည်။
“ဟဲလို...၊ သူဌေးကြီး ဦးသျှံဓန...၊ အခုတလော ဖုန်းမလာလို့ ထားထားက မျှော်နေတာကွယ့်”
“အာ... ထားထားကတော့ လုပ်ပြီဗျာ။ မြင်တာနဲ့ အရွှန်းဖောက်တော့တာပဲ...။ ထားထား ကျန်းခမ်းသာလို့ မာပါရဲ့လား”
“မာပါရဲ့ကွယ်...၊ ထားထား မာတာမှ သံမဏိတောင် အရှုံးပေးရမယ်ကွဲ့...”
ထားထား စကားကြောင့် သျှံဓန စိတ်လွတ်လက်လွတ် ရယ်မောလိုက်ရသည်။ သျှံဓန၏ အိမ်တော်ထိန်းကြီး ထားထားသည် သည်လိုပဲ သျှံဓနကို ရယ်မောပျော်ရွှင်စေနိုင်စွမ်း ရှိသူတစ်ဦးဖြစ်သည်။ ထို့နောက် ထားထားကပဲ... စကားဆက်၏။
“ဪ... သံမဏိဆိုလို့...၊ ဆရာ သံမဏိလည်း ရှိတယ်။ စာကြည့်ခန်းထဲမှာ ကလေးတွေကို စာပြနေလေရဲ့”
“ဂိုက်ဆရာလေးရဲ့ နာမည်က သံမဏိတဲ့လား ထားထား...”
“အေးလေကွယ်...၊ မောင်ရင်က ခုတလော ဖုန်းမှ မဆက်တာ။ ဂိုက်ဆရာလေးကဖြင့် ကလေးတွေကို စာပြပေးနေတာ တစ်လကျော်ကျော်တော် ကြာပေါ့။ ဒါနဲ့... မောင်ရင် ပြန်လာတော့မှာမလား။ ကလေးတွေ စာမေးပွဲဖြေဖို့ နှစ်ပတ်ပဲ လိုတော့တယ်နော်...”
“ဟုတ်တယ် ထားထားရေ...၊ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီမှာ အလုပ်ကိစ္စတွေက မပြတ်သေးလို့ပါဗျာ။ ဟိုမနေ့တစ်နေ့ကပဲ ကျောက်စိမ်းတုံးတစ်တုံး ရထားတယ်လေ။ အခု အဲ့ကျောက်တုံးကို ဖြတ်ဖို့ ဆက်လုပ်ထားရတယ်။ ဒီမှာက ကျွန်တော် မရှိလို့လဲ မဖြစ်ဘူးဆိုတာ ထားထားလည်း သိမှာပါ။ လုပ်ကွက် အသစ်လည်း ဖြစ်နေတော့ စိတ်ချ လက်ချ လွှဲထားရမယ့် လူလည်း မရှိသေးဘူးလေ။ အဲ့ဒါကြောင့်...”
“အဲ့ဒါကြောင့်... ပြန်မလာဖြစ်သေးဘူး။ ဒါပဲ ပြောမှာမလား...”
“ဟားဟား...၊ ထားထားတောင် ကျွန်တော့်လေသံကို အလွတ်ရနေပြီပဲ”
“အခုမှ သိတာလား တော်က၊ တော့်လေသံကို အလွတ်ရနေတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းကပါတော်...”
သူတို့နှစ်ဦး ပြိုင်တူ ရယ်မောလိုက်ကြပြန်သည်။ ထို့နောက် ထားထားကပင် စကားဆက်၏။
“ဒါဆို... ကလေးတွေနဲ့ စကားပြောလိုက်ဦးလေနော်။ ထားထား ဖုန်းပေးပေးမယ်”
“ကောင်းပါ့မလား...၊ ဆရာလေးလည်း ရှိနေတယ်ဆိုတော့...”
“ရပါတယ်ကွယ်၊ တစ်ခါတလေလေး Video Call ပြောရတာကို။ ကလေးတွေက မင့်ကို သတိနေရတာရယ်...”
ထားထားက ပြောရင်းဆိုရင်းပင် စာကြည့်ခန်း တံခါးကို ခေါက်လျက် ဝင်သွားခဲ့ပြီ။
“မောင်သံမဏိ...၊ ခဏလေးနော်။ ဒီမှာ အမွှာတို့ရဲ့ အဖေ Video Call ခေါ်လာလို့။ ကလေးတွေကို စကား ခဏ ပေးပြောပါဦးနော်...”
အမွှာတို့ရဲ့ အဖေဆိုသည့် စာလုံးတို့၏ နောက်ကွယ်တွင် သံမဏိ ရင်ထဲ ထိတ်ခနဲ ဆူဝေသွားကာ အပြုံးရိပ်သန်းနေသည့် နှုတ်ခမ်းတို့ ငြိမ်ကျသွားသည်ကိုတော့ ဘယ်သူမှ မရိပ်မိခဲ့ပါ။ ဒေါ်ထားခင်က သူ့လက်ထဲမှ ဖုန်းကို ဒဿနဆီ လွှဲပေးနေချိန်မှာပဲ သံမဏိက နီးစပ်ရာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ကာ ခေါင်းငုံ့လျက် စာဖတ်နေလိုက်သည်။
“ဖေဖေ...၊ နေကောင်းရဲ့လား...”
အရင်ဆုံး အသံထွက်လာသူက မင်းမာန။ မာန၏ အသံများတွင် တစ်စုံတခုကို အားကိုးတကြီး တိုင်ပင်ချင်သည့် အရိပ်အယောင်များကို သံမဏိ ခံစားလိုက်ရသည်။ သေချာပါသည်။ ဒဿန နှင့် သံမဏိ၏ နီးစပ်မှုကို သျှံဓနအား တိုင်ပြောချင်နေတာပင် ဖြစ်မည်။
“ဖေဖေ့ မျက်နှာ ကြည့်ရုံနဲ့ မသိဘူးလား သားတို့ရဲ့...၊ ဟင်”
“ဖေဖေ့ မျက်နှာက အမြဲ လန်းဆန်းတက်ကြွနေတာပဲလေ။ နေမကောင်းရင်တောင် ဖေဖေ့ မျက်နှာက ညှိုးကျသွားလို့လား”
ဒဿန၏ စကားကြောင့် သျှံဓန ပေါ့ပါးစွာ ပြုံးလိုက်ရသည်။
“ဖေဖေ ပြန်မလာဖြစ်သေးဘူးနော် သားတို့။ စာမေးပွဲအတွင်းလည်း ဖေဖေ ပြန်လာနိုင်မယ် မထင်ဘူး...”
“ဟာ... ဖေဖေနော်...၊ စာမေးပွဲအတွင်း ပြန်လာပြီး စောင့်ရှောက်ပေးမယ်ဆို ကတိပေးထားပြီးတော့...”
“ဟေ့ကောင်...၊ ညီညီ၊ မင်းကလည်းကွာ ဖေဖေ မအားလို့ နေမှာပါဟ။ ဆယ်တန်းဖြေတာများ အရေးကြီးခွင်ကျယ် လုပ်လို့...”
ဒဿန၏ စကားကြောင့် မင်းမာန မျက်နှာလေး ညှိုးကျ၍ ဆူအက်အက်ဖြစ်သွားသည်။ သျှံဓနကတော့ စရိုက်မတူ၊ အတွေးအခေါ် မတူသည့်အပြင် ရုပ်ရည်ချင်းပါ ကွဲလွဲနေသည့် အမွှာသားနှစ်ယောက်ကို ကြည့်လျက် သဘောကျစွာ ပြုံးမိတော့သည်။
“ကဲပါ... ညီလေးကို ဆူမနေပါနဲ့ သားကြီးရဲ့။ ကျန်းမာရေး ဂရုစိုက်ကြနော် သားတို့။ စာမေးပွဲအတွင်း တစ်ခုခု အမှားအယွင်း ဖြစ်လို့ မဖြစ်ဘူး။ ဖေဖေ့ရဲ့ အဖိုးတန် ကလေးလေးတွေ၊ ဖေဖေရဲ့ ရင်နှစ်သည်းချာလေးတွေ ကြားရဲ့လား...။ နှာစေး၊ ချောင်းဆိုးလေးကအစ ဖေဖေ အဖြစ်မခံနိုင်ဘူးနော်။ ဂရုစိုက်ကြ”
မကြားချင်ပေမယ့် ကြားနေရသော သျှံဓန၏ စကားတို့ကြောင့် သံမဏိ သွေးတွေ ပွက်ပွက်ဆူမတတ် လောင်မြိုက်ပူပြင်းလာရသည်။ ဘာတဲ့။ ‘ဖေဖေရဲ့ အဖိုးတန် ကလေးလေးတွေ၊ ဖေဖေရဲ့ ရင်နှစ်သည်းချာလေးတွေ’ တဲ့လား။ ခင်ဗျားရဲ့... ရင်သွေးတွေကပဲ အဖိုးတန်သတဲ့လား... သျှံဓန။ သူတစ်ပါးရဲ့ ရင်ခွင်ထဲ ပိုးထည့်ထားမတတ် ချစ်ရတဲ့ သားပျိုကလေးကိုကျ နှင်းဆီပန်းတစ်ပွင့်လို လွယ်လွယ်လေး ချိုးဖဲ့နင်းခြေလိုက်တဲ့ လူစားမျိုးက သူ့သားလေးတွေကမှ အဖိုးတန်သတဲ့လား...။
ဒီမှာ ဆက်ထိုင်ပြီး သျှံဓန အသံကို ကြားနေရလျှင် သံမဏိ ပေါက်ကွဲမိတော့မည်။ ထို့ကြောင့် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။
“အစ်ကို...၊ ဖေဖေက အစ်ကိုနဲ့ စကား ခဏပြောချင်လို့တဲ့...”
လှမ်းဖို့ ပြင်ဆင်နေသည့် သံမဏိ၏ ခြေလှမ်းများကို ဒဿန၏ စကားတစ်ခွန်းက ဆွဲယူချည်နှောင်လိုက်သလို သံမဏိ ရပ်တန့်သွားသည်။ ဟင့်အင်း...၊ လူယုတ်မာ၏ မျက်နှာကို သံမဏိ မမြင်ချင်သေးပါ။ အထူးသဖြင့် ပြုံးပျော် ရွှင်လန်းနေသော သျှံဓန၏ မျက်နှာထားမျိုးကိုပေါ့။
“ဆောရီး... အစ်ကို မပြောနိုင်သေးဘူး။ အိမ်သာ သွားချင်လာလို့...”
သံမဏိ အားလုံးကို ကျောခိုင်း၍ ရပ်နေရာမှ လှည့်မကြည့်ဘဲ လူယုတ်မာ၏ အသံများ ပျံ့လွှင့်လျက်ရှိသည့် ထိုအခန်းထဲမှ တုံ့ဆိုင်းခြင်း ကင်းမဲ့စွာ ထွက်လာခဲ့တော့သည်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹