ကားကြီးကွင်းထဲတွင် မထင်မှတ်စွာ ပြန်လည်ဆုံတွေ့ခဲ့ရသည့် ဖယောင်းကို လွတ်လွတ်လပ်လပ် စကားပြောရန် သုတက ခွင့်တောင်းတော့ မြို့ထဲရှိ ကော်ဖီဆိုင်လေးတစ်ဆိုင်ဆီသို့ ဖယောင်းက သူ့ကားလေးနှင့် ခေါ်လာပေးခဲ့သည်။ မျက်လွှာလေးချလျက် ကော်ဖီလေးကို အသံမထွက်ဘဲ တစ်ငုံ ငုံ့သောက်လိုက်သည့် ဖယောင်းကို ခွန်းသုတ ကြည့်ကောင်းကောင်းနှင့် စိုက်ကြည့်နေမိသည်။ နှစ်ပေါင်းများစွာ ကြာညောင်းကုန်လွန်ခဲ့တာတောင် ဖယောင်းဆိုသည့် ကောင်လေး၏ ပုံရိပ်ကလေးသည် သူ့နှလုံးသားထဲတွင် ခိုင်မာပြတ်သားစွာ စွဲကျန်မြဲတည်လျက်ရှိနေခဲ့သည့်အဖြစ်မှာ အံ့ဩဖွယ်ရာပါပင်။ တစ်မိနစ်ခန့်သာ ရှိနိုင်မည့် တိုတောင်းတွန်းသည့် အချိန်ကလေးအတွင်းမှာ ဖယောင်းအပေါ် သူ့နှလုံးသားသည် ငြိတွယ်ယိမ်းထိုးသွားခဲ့သည်။ သို့သော် သုတသည် ဖယောင်း ဘယ်လို ဘယ်ပုံရှိမယ်ဆိုတာ မသိနိုင်ခင် အချိန်လေးမှာပင် ‘ဟယ်လို… Housekeeping ငါးလွှာကပါ’ ဆိုသည့် ဖယောင်း၏ တိုးဖွညင်သာ နူးညံ့ချိုမြသော ဖုန်းဖြေသံလေးကို ကြားလိုက်ရချိန်မှ စတင်ကာ သုတ၏ နှလုံးခုန်နှုန်းကလေးများ ဣန္ဒြေပျက် မြန်ဆန်လှုပ်ရှားခဲ့ရသည်။ ဖယောင်း၏ အသံကလေးသည်ပင် သုတ၏ နှလုံးသားကို ပင့်ကူမျှင်ကလေးများတွင် ငြိတွယ်စွဲကပ်သွားသည့် ပိုးကောင်ငယ်ကလေး၏ အဖြစ်လို ရုန်းထွက်မရနိုင်အောင် ရစ်သိုင်းဖွဲ့နှောင်လိုက်နိုင်သည်။ သုတ၏ လုပ်ဖော်ကိုင်ဖက် စီနီယာဖြစ်သည့် ကိုမိုးစွေ ပြောပြခဲ့သည့် ဖယောင်း၏ ဘဝ အချက်အလက်တချို့ကြောင့် သုတသည် ကိုးတန်းကျောင်းသား အရွယ်ကလေးနှင့် အုပ်ထိန်းခိုကိုးသူရမည့်သူ ကင်းမဲ့ကာ ကိုယ့်ဘဝကိုယ် မောင်းကျောင်းရုန်းကန်ရသည့် ဖယောင်းကို အသနားပိုကာ တစ်ပြိုင်နက်တည်းမှာပင် လေးစားချစ်ခင်မိသည်။
Reception ကောင်တာဆီသို့ ဖယောင်း ဦးတည်လာချိန်တွင်လည်း ဖယောင်း၏ တည်ငြိမ်အေးဆေးနေသော ခြေလှမ်းများနှင့် ထပ်တူ သုတ ရင်တွေ တလှပ်လှပ် ခုန်လှုပ်နေမိသည်။ နုဖွေးကြည်လင်သည့် မျက်နှာကလေးကို မြင်လိုက်ရသည်နှင့် ထိုမျက်နှာရှင်သည် ဖယောင်းပင်ဖြစ်မည်ဟု သူ့နှလုံးသားမှ တထစ်ချ ယုံကြည်ခိုင်မာခဲ့သည်။ သို့သော် သုတ ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရသည့် ဖယောင်း၏ မျက်နှာကလေးသည် ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်အေးစက်နေခဲ့သည်။ တစ်စုံတစ်ခုကို နာနာကျင်ကျင် ခံစားခဲ့ရပြီး မြိုသိပ်ဖုံးကွယ်ထားသူတစ်ဦး၏ မျက်ဝန်းများသည် ဖယောင်း၏ မျက်နှာပြင်ပေါ်တွင် ထိတ်လန့်စိုးရိမ်ဖွယ်ရာ သုတ ရှာဖွေတွေ့ရှိခဲ့ရသည်။ ထိုညမှ စတင်ကာ သူ့နှလုံးသားဆီသို့ ဦးတည်တိုးဝင်လာခဲ့သည့် ဖယောင်းသည် မယုံကြည်နိုင်လောက်အောင် ထိုညမှာပင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သုတ၏ နှလုံးသားပေါ်တွင် စွဲထင်ကျန်ရစ်ခဲ့သည့် ဖယောင်း၏ ပုံရိပ်ကလေးကတော့ ယခုလက်ရှိအချိန်အထိ နှလုံးတစ်ချက် ခုန်လှုပ်တိုင်းမှာ ငြိကပ်လှုပ်ရှားလျက်ပါပင်။
“ကျွန်တော် မရှိတဲ့နောက်ပိုင်း ဟိုတယ်မှာ ဘာတွေပြောင်းလဲသွားသေးလဲ ကိုသုတ”
“အင်း… ခြုံငုံပြောရရင်တော့ ဖယောင်းနေရာမှာ ဝန်ထမ်းအသစ်တစ်ယောက် ရောက်လာတာကလွဲလို့ ထွေထွေထူးထူး ပြောင်းလဲမသွားပါဘူး။ ဖယောင်းရဲ့ စီနီယာ အစ်မတွေကတော့ ဂျူတီဆင်းတိုင်း ဖယောင်းကို လွမ်းတဲ့ အကြောင်းတွေကို မျက်ရည်စမ်းစမ်းနဲ့ တဖွဖွ ပြောရှာတယ်။ ဖယောင်း ရုတ်တရက်ကြီး ပျောက်သွားရတဲ့ အကြောင်းအရင်းကတော့ ထူးဆန်းတဲ့ ပဟေဠိတစ်ခုလို ဟိုတယ်မှာ ပြောစမှတ် တွင်ကျန်ခဲ့တာပေါ့…”
သံမဏိ လွမ်းရပါသည်။ ဖယောင်းဆိုသည့် ဘဝက ထိတွေ့ဆက်ဆံခဲ့ဖူးသည့် ဝန်းကျင်၊ လှုပ်ရှားရုန်းကန်ခဲ့ရသည့် နေ့ရက်များ၊ မေမေနှင့်အတူ နေထိုင်ရှင်သန်ခဲ့သည့် ထည်ဝါမှုမရှိသော်လည်း လုံခြုံနွေးထွေးခဲ့ရသည့် ကျူးရပ်ကွက်ငယ်ကလေး…။ အိုး… ဒီဘဝထဲက သံမဏိ ပြေးထွက်ရုန်းထခဲ့တာ ဘယ်လောက်များတောင် ကြာခဲ့ပြီလဲ။ သံမဏိ ခေါင်းလေးကို တစ်ချက် ခါလိုက်ရင်း ဖယောင်းဆိုသည့် ကောင်လေးကို အတွေးများထဲမှ ခါထုတ်ပစ်လိုက်သည်။
“ဒါတွေ ထားပါတော့လေ။ ကျွန်တော်လည်း မေ့ထားခဲ့တာ ကြာပါပြီ။ ကိုသုတ ကျွန်တော့်ကို မှတ်မိနေခဲ့တာတော့ အံ့ဩစရာပဲ။ ကိုသုတ အလုပ်ဝင်တဲ့ ညမှာပဲ ကျွန်တော် ဟိုတယ်က အလုပ်ထွက်ခဲ့လိုက်တာပဲလေ။ ဆုံလိုက်ရတဲ့အချိန်ကလည်း အလွန်ဆုံးရှိ မိနစ်ပိုင်းလောက်ပေါ့။ ဒါကို… မှတ်မိနေတယ်ဆိုတော့ ကျွန်တော်ကပဲ ပြောင်းလဲမသွားတာလား ကိုသုတရဲ့ ဦးနှောက်ကပဲ မှတ်ဉာဏ်ကောင်းလွန်းတာလား”
ဦးနှောက်က မှတ်ဉာဏ်ကောင်းတယ်ဆိုတာထက် နှလုံးသားက အချစ်ဉာဏ်ပိုကောင်းတယ်လို့ဆိုရင် ပိုမှန်မှာပေါ့ ဖယောင်းရယ်။ ကိုယ် မင်းရဲ့ ပုံရိပ်ကလေးကို မှတ်သားသိမ်းဆည်းလိုက်တာ ဦးနှောက်နဲ့မှ မဟုတ်ဘဲ။ နှလုံးတစ်ချက် ခုန်လှုပ်လိုက်တိုင်း ကိုယ့်နှလုံးသားများ ငြိကပ်ခိုအောင်းနေတဲ့ မင်းရဲ့ ပုံရိပ်ကလေးက လှုပ်ရှားယိမ်းထိုးနေခဲ့တာပါ။ မင်းရဲ့ ပုံရိပ်လေးကို မေ့ဖျောက်နိုင်ဖို့ဆိုရင် ကိုယ့် နှလုံးသားကို ဆွဲထုတ်နှုပ်ယူသွားမှ ဖြစ်နိုင်လိမ့်မယ် ဖယောင်း။ ဒါတွေ… ဖယောင်း သိအောင် ကိုယ် တစ်နေ့တော့ ပြောပြခွင့် ရချင်ပါရဲ့လေ။
ရင်ထဲမှစကားများကို မြိုသိပ်ထားလိုက်ရင်း သုတ ဖယောင်းကို တစ်ချက်သာ ပြုံးပြရင်း စကားလုံးမဲ့ တုံ့ပြန်လိုက်သည်။
“ကျွန်တော် ဖယောင်းဆိုတဲ့ ဘဝကို မေ့ဖျောက်ထားခဲ့တာ ကြာပြီ ကိုသုတ။ ကျွန်တော် ဖယောင်း မဟုတ်တော့ဘူး။ ကျွန်တော့်နာမည် သံမဏိ”
ကော်ဖီတစ်ငုံ ယူသောက်ဖို့ ကြိုးစားနေသည့် သုတ၏ လက်ချောင်းများသည် ဖယောင်း၏ စကားကို ကြားလိုက်ရချိန်တွင် ရပ်တန့်တုံ့ဆိုင်းသွားသည်။
“ဗျာ… ဘာလို့လဲ”
ရုတ်တရက် နားမလည်နိုင်သည့် စိတ်တို့ကြောင့် လွှတ်ခနဲ မေးလိုက်မိပြီးမှ သုတသည် အားနာရကောင်းမှန်းသိကာ သူ့မေးခွန်းကို အလောတကြီး ပြန်ရုပ်သိမ်းလိုက်ရသည်။
“ဪ… ဆောရီး၊ ကိုယ်… စိတ်လောသွားတယ်။ ကိုယ် မမေးသင့်ဘူး။ ဟုတ်ပါပြီ။ ဒါဆို ကိုယ် မင်းကို သံမဏိလို့ ခေါ်ရတော့မှာပေါ့”
“ကျေးဇူးတင်ပါတယ်”
သူတို့ နှစ်ဦးအကြားတွင် ပြောစရာ စကားများ မရှိတော့သလို တိတ်ဆိတ်သွားသည်။ သံမဏိက ကော်ဖီခွက်ကို ကိုင်ထားရင်း အဝေးတစ်နေရာသို့ ငေးကြည့်လျက်ရှိသည်။ ခေတ္တအကြာမှ ခေါင်းကို ပြန်လှည့်လိုက်ကာ…
“ကိုသုတရော… ဘာတွေ လုပ်နေလဲ၊ မန္တလေးကိုရော အလုပ်ကိစ္စနဲ့ လာတာလား”
“အင်း… ဆိုပါတော့။ အခြေချဖို့ဆိုရင် ပိုမှန်မှာပေါ့။ ကိုယ်က အခု Vlogger လုပ်နေတယ်လေ”
“အိုး…ဗွီလော့ဂါ ဆိုတော့ ခေတ်စားနေတဲ့ အလုပ်ကောင်းတစ်ခုပဲ။ ကောင်းတာပေါ့ဗျာ။ ဒါနဲ့ ဘာ Vlogger လည်းဗျ”
“ကိုယ့်လည်း အဲ့ဒါကို ဝေခွဲရခက်နေတယ်…”
“ဗျာ…၊ သံမဏိ သိပ်နားမရှင်းဘူး”
သူ့ကိုယ်သူ သံမဏိဟု နာမည်တပ် နာမ်စားသုံးလေ့ မရှိသော်လည်း သူ့ကို ဖယောင်းအနေနှင့် ရင်းနှီးသိကျွမ်းခဲ့ဖူးသည့် ခွန်းသုတ၏ အရှေ့တွင်မို့ သေချာရည်ရွယ်ပြီး နာမည်ကို ထည့်သုံးလိုက်ခြင်းဖြစ်ပါသည်။ ဖယောင်းဆိုသည့် အတိတ်က နာမ်စားတစ်ခုအား ခွန်းသုတ မေ့ဖျောက်ပစ်နိုင်ဖို့ သံမဏိ ကြိုးစားရပေမည်။
“ကိုယ်က သူများတွေလို Live လွှင့် ဂိမ်းကစားတဲ့ Game Steamer လည်း မဟုတ်၊ ခရီးသွား Vlogger လည်း မဟုတ်၊ အလှအပ နေထိုင်မှုရေးရာကို တင်ပြညွှန်ကြားတဲ့ Beauty Vlogger လည်း မဟုတ်၊ ခုနောက်ပိုင်း ခေတ်စားလာတဲ့ အစားအသောက် ညွန်းပေးတဲ့ Food Vlogger လည်း မဟုတ်ပြန်ဘူး”
“ဟင်… ဒါဆို ဘာ Vlogger လည်း”
သုတက ခပ်ဟဟ ရယ်မောလိုက်ရင်း ကော်ဖီခွက်ကို လှမ်းယူကာ တစ်ငုံငုံ့သောက်လိုက်သည်။ ပြီးမှ ဖယောင်း တဖြစ်လဲ သံမဏိဆိုသည့် ကောင်လေး၏ ပြတ်သားစူးရှနေသည့် မျက်ဝန်းများကို စူးစိုက်ကြည့်မိချိန်တွင် သံမဏိဆိုသည့် နာမ်စားတစ်ခုကို သူ လက်ခံလိုက်ရမည့် မျက်ဝန်းမျိုးနှင့် ဆုံမိသည်။ နူးညံ့ညင်သာသည့် ဖယောင်းဆိုသည့် ကောင်လေး၏ မျက်ဝန်းများ၏ နေရာတွင် သံမဏိဆိုသည့် ကောင်လေး၏ ရဲရင့်မာကျောသည့် မျက်ဝန်းများ အစားထိုးဝင်ရောက်နေသည်ကို သုတ ပထမဦးဆုံးအကြိမ် သတိပြုလိုက်မိသည်။ သုတ သက်ပြင်းဖွဖွချလျက် အကြည့်လွှဲလိုက်ကာ စကားဆက်ရ၏။
“ကိုယ်ဟာ ဘယ်ခေါင်းစဉ်အောက်မှာမှ ရှိမနေနတဲ့ Vlogger ပါ။ ဟိုးအောက်ခြေမှာ ရုန်းကန်နေရတဲ့ လူသားတွေရဲ့ ဘဝကို ရိုက်ကူးဖော်ပြတယ်။ ခက်ခဲပင်ပန်းစွာ ရုန်းကန်ရှင်သန်နေရတဲ့ လူသားတွေရဲ့ ဘဝကို အရှိကို အရှိအတိုင်း လှစ်ဟတင်ပြတယ်။ အထူးသဖြင့် LGBT တွေရဲ့ ဘဝတွေပေါ့။ LGBT အနေနဲ့ ရှင်သန်မွေးဖွားလာလို့မှ အနှိမ်ခံ၊ အလှောင်ခံ၊ ပျက်ရယ်ပြုခံရပါတယ်ဆိုမှ ကံအကြောင်းမလှလို့ မရှိဆင်းရဲနေရပြန်တဲ့ ဘဝတွေကို ကိုယ် အများဆုံး တင်ပြဖြစ်တယ်”
“အိုး… LGBT တဲ့လား။ ဘာလို့ LGBT ကို ဦးစားပေး ရိုက်တာလဲလို့ သံမဏိ မေးခွင့်ရှိမလား”
“ကိုယ်ကိုယ်တိုင်က LGBT တစ်ယောက် ဖြစ်နေလို့ပေါ့”
“ဗျာ…”
ဟုတ်ပါသည်။ ခွန်းသုတသည် ငယ်ရွယ်စဉ် အခါက အချစ်ကို စိတ်မဝင်စားဖြစ်သေးသည့်အတွက် သူ့ကိုယ်သူ သတိမထားမိခဲ့သော်လည်း ဖယောင်းကို စတင် ညွတ်နူးရင်ခုန်မိစဉ်တွင် သူ့ကိုယ်သူ သိလိုက်ရပါသည်။ သူလည်း လိင်တူမြတ်နိုးစုံမက်သည့် Gay တစ်ယောက် ဖြစ်နေခဲ့သည်ကို သူငယ်ချင်းလေး မင်းသတ္တိ သိသွားခွင့် မရလိုက်တာကိုတော့ သုတ တွေးရင်း စိတ်မကောင်းဖြစ်ရသည်။
“ဟုတ်တယ်…၊ ကိုယ်ဟာ Gay တစ်ယောက်ပါ။ လိင်တူ ကောင်လေးတစ်ယောက်ကိုမှ ရင်ခုန်ညွတ်နူး စွဲလန်းမြတ်နိုးမိသွားတဲ့ ယောက်ျားတစ်ယောက်ပါ”
မထင်မှတ်ဘဲ သူ့ကိုယ်သူ Gay တစ်ယောက်ပါလို့ ဖွင့်ဟဝန်ခံလာသည့် သုတ၏ မျက်ဝန်းထဲမှ ရွှန်းစားမှိုင်းရီသည့် အခိုးအငွေ့တချို့ကို သံမဏိ ရှာဖွေတွေ့ရှိသွားချိန်တွင် အကြည့်များကို ဗြုန်းခနဲ ရုတ်သိမ်းလိုက်မိသည်။
ကော်ဖီဆိုင်လေးအတွင်းတွင်လည်း ဧည့်သည် မရှိသလောက် လူပါးချိန်ဖြစ်၍ တိတ်ဆိတ်ခြင်းက ကြီးစိုးနေခဲ့သည်။ သုတသည် သံမဏိကို စူးစူးစိုက်စိုက်ကြည့်ကာ တစ်စုံတစ်ခုကို မေးဖို့ ကြိုးစားနေခဲ့မှန်း သုတကို စိုက်ကြည့်နေစရာ မလိုဘဲ သံမဏိ သိရှိလိုက်သည်။
“သံ… သံမဏိရော…၊ သံမဏိရော ဟင်”
သုတ၏ မေးခွန်းမှာ တစ်ဝက်တစ်ပျက်သာ ဖြစ်သော်လည်း ဆိုလိုရင်းကို သံမဏိ ရိပ်စားနားလည်ပါသည်။ သံမဏိက သုတကို စူးစိုက်စွာ ပြန်ကြည့်လိုက်ရင်း သုတ၏ မေးခွန်းကို တုံ့ပြန်လိုက်သည်။
“ကျွန်တော်က ကိုယ့် ကိုယ်ရေးကိုယ်တာတွေကို လူသိစေချင်တဲ့ လူမျိုးမဟုတ်ဘူး ကိုသုတ”
“ဟာ… ဆောရီးပါ သံ…သံမဏိရယ်။ ကိုယ် စိတ်လောပြီး မေးမိသွားတယ်”
သုတက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သော်လည်း သူ့ရယ်သံသည် သိသိသာသာ ခြောက်သွေ့နေခဲ့ပါသည်။ ထိုအခြေအနေကို သံမဏိက မသိကျိုးနွံပြုလျက် လက်ကျန်ကော်ဖီလေးကို ယူသောက်လိုက်သည်။
“ကိုယ်ကတော့ ကိုယ့်အကြောင်းတွေကို ပြောပြရတာ ကြိုက်တယ်။ အထူးသဖြင့် ကိုယ် ရင်းနှီးတဲ့ လူတွေကို ပြောပြရတာမျိုးပေါ့။ မမေးရင်တောင် ကိုယ်က ပြောပြချင်တာ။ သံ... သံမဏိရော ကိုယ့်အကြောင်း မသိချင်ဘူးလား။ သိချင်ရင် မေးလို့ရပါတယ်”
သံမဏိဟူသည့် သူ့နာမည်ကို ခွန်းသုတ ခေါ်ရန် ခက်ခဲနေပုံရသည်။ ထိုအခါ သံမဏိသည် သုတ အဆင်ပြေစေမည့် နာမ်စားတစ်ခုခုကိုသာ ပြောဆိုသုံးနှုန်းရန် ခွင့်ပြုပေးရတော့သည်။ ဖယောင်းဆိုသည့် နာမည်ကတော့ ခြွင်းချက်ပေါ့လေ။
“ကိုသုတ…၊ ကျွန်တော့် နာမည်ကို ခေါ်ရ ခက်နေရင် တခုခု ပြောင်းခေါ်ပါ။ ဖယောင်းကလွဲရင်ပေါ့"
သုတက အောက်နှုတ်ခမ်းလေးကို သွားလေးဖြင့် ခပ်ဖွဖွ ဖိကိုက်ကာ ခေတ္တမျှ စဉ်းစားချင့်ချိန်ပြီးမှ…
“အင်း… ဒါဆို… ကိုယ်… မဏိ လို့ ခေါ်မယ်လေ။ ရမလား…”
ဟုမေးတော့ သံမဏိကလည်း ပြုံးပြရင်း ခေါင်းညိတ်လိုက်သည်။
“အင်း ကောင်းသားပဲ။ ဒါဆို ကျွန်တော်လည်း ကိုသုတကို အစ်ကိုလို့ပဲ ရင်းရင်းနှီးနှီးခေါ်မယ်နော်”
“သိပ်ကောင်းတာပေါ့”
သုတက ပခုံးလေး တစ်ချက်တွန့်ကာ မျက်နှာလေးကို မော့လျက် လေလေး တစ်ချက်ချွန်လိုက်သည်။ မဏိကတော့ ပေါ့ပါးလန်းရွှင်စွာ ပြုံးလိုက်မိသည်။ ထိုအခိုက်အတန့်ကလေးသည် သူတို့နှစ်ဦးအကြားမှ ခြားကာနေသည့် စိမ်းသက်သက် အလွှာလေးတစ်ခုကို ရုတ်သိမ်းခွာဆုတ်လိုက်သလိုပါပင်။
“ဒါနဲ့ အစ်ကို နောက်ဆုံး ရိုက်ဖြစ်ခဲ့တဲ့ Vlog လေးကို ကြည့်မလား။ နေပြည်တော်က ဝန်ထမ်းကောင်လေးတစ်ယောက်ရဲ့ လိင်အကြမ်းဖက်ခံရတဲ့ အကြောင်းကို ရိုက်ပြထားတာ”
သံမဏိ ရင်ထဲ ထိတ်ခနဲ ပြာဝေပူလောင်သွားသည်။ နေပြည်တော်က…၊ ဝန်ထမ်းကောင်လေး…၊ လိင်အကြမ်းဖက်ခံရ…။ သံမဏိသည် ရုတ်တရက် သူ့အကြောင်းများလားလို့ ပြာပြာထိတ်ထိတ် တွေးမိပြီးမှ မဖြစ်နိုင်ပါဘူးလေဟု တွေးရင်း ခေါင်းလေးကို မသိမသာ ရမ်းရင်း ပြိုယွင်းသွားသည့် မျက်နှာအမူအယာတို့ကို ပြန်လည်ပြုပြင်လိုက်သည်။
“အင်း…၊ စိတ်ဝင်စားပါတယ် အစ်ကို”
မဏိ၏ စကားအဆုံးတွင် သုတသည် စားပွဲပေါ်တင်ထားသည့် ဖုန်းလေးကို ကောက်ယူကာ ဗီဒီယို ကလစ်တစ်ခုကို ဖွင့်ရင်း မဏိရှေ့သို့ ချပေးလိုက်သည်။ ဖုန်း၏ မျက်နှာပြင်ပေါ်တွင် ကောင်ငယ်လေးတစ်ဦး၏ မျက်နှာလေးကို ခပ်ဝါးဝါးလေးသာ မြင်ရအောင် ပြုပြင်ဖန်တီးထားသည်။ ထို့နောက် ဖုန်းစပီကာမှတဆင့် တိုးဖွနူးညံ့သည့် အသံလေးသည် မဏိတို့၏ အနီးအနားတွင် ပျံ့လွင့်လာခဲ့သည်။ အသံကလေးနှင့် ဝိုးတဝါးမြင်တွေ့နေရသည့် ကောင်လေး၏ နွဲ့နှောင်းပျော့ပြောင်းသည့် ဟန်ပန်တို့ကို တွေ့မြင်ကြားသိလိုက်သည်နှင့် ထိုကောင်လေးသည် Gay တစ်ဦးဖြစ်မှန်း မဏိ ကောက်ချက်ချလိုက်နိုင်သည်။
“ကျွန်တော့်နာမည် မိုးစက် ပါ။ နေပြည်တော် မြို့မဈေး၊ ကုန်းပေါ်က စားသောက်ဆိုင် တစ်ဆိုင်မှာ စားပွဲထိုး အလုပ်လုပ်ပါတယ်။ အသက်ကတော့ ဆယ့်ကိုးနှစ် ရှိပါပြီခင်ဗျာ”
“ညီလေး… စားသောက်ဆိုင်ကို ဘယ်လိုရောက်လာတယ်ဆိုတာနဲ့ ဘယ်ကလာလုပ်တယ်ဆိုလေး ပြောပြပေးပါ”
ဖုန်းစပီကာမှ ထွက်လာသည့် အင်တာဗျူးသူ၏ အသံကို မဏိကြားလိုက်ရချိန်တွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာခန့်က ဟိုတယ်ဝန်ထမ်းလေး ဖယောင်းနှင့် ဖုန်းပြောခဲ့ဖူးသည့် ဧည့်ကြိုကောင်တာမှ ဝန်ထမ်းသစ်ကောင်လေးတစ်ဦး၏ အသံကို သတိရမိသွားသည်။ ထိုအသံသည် ကိုသုတ၏ ပြောင်းလဲခြင်း မရှိသည့် အသံပင် ဖြစ်ပါသည်။
“ဟုတ်ကဲ့ အစ်ကို၊ ကျွန်တော်က ရွှေဘိုဇာတိပါ။ စားသောက်ဆိုင်ကို သူငယ်ချင်းတစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ ကျွန်တော့်အသက် (၁၆)နှစ် အရွယ်မှာ ရောက်လာပါတယ်။ ကျွန်တော့် မိဘတွေ ဆုံးပါးသွားပြီးတဲ့ အချိန်မှာ ကိုယ့်ဘဝကိုယ် ကျောင်းဖို့အတွက် ထွက်လာခဲ့တာပါ။ ဒီကို ရောက်တော့ ဆိုင်ရှင်အစ်ကိုက ကျွန်တော့်ကို ဆိုင်အိပ် ဆိုင်စားသဘောမျိုးနဲ့ စားပွဲထိုးအလုပ်တစ်နေရာကို ပေးခဲ့ပါတယ်”
သံမဏိသည် သူ့ဘဝနှင့် တူလှသည့် ကောင်လေးကို ကြည့်ရင်း သနားစာနာမိလာသည်။ မိဘများ မရှိတော့သည့် အသက် (၁၆)နှစ်ခန့် လူငယ်လေးတစ်ယောက်၏ ဘဝခရီးလမ်းသည် ဘယ်လောက်တောင် ပင်ပန်းကြမ်းတမ်းသည်ဆိုတာကို ကိုယ်တိုင် ရုန်းကန်လှုပ်ရှားခဲ့ရသည့် ဖယောင်းဆိုသည့် ကောင်လေးက အသိဆုံးပင် မဟုတ်ပါလား။
“အလုပ်လုပ်ကာစမှာတော့ အဆင်ပြေခဲ့ပါတယ်။ ခြောက်လလောက် ကြာပြီးခဲ့ချိန်မှာတော့ ပိုင်ရှင်အစ်ကိုက ဆိုင်ပိတ်ပြီးတဲ့ ညဉ့်နက်ပိုင်းတွေမှာ သူ့အခန်းထဲကို ကျွန်တော့်ကို ခေါ်ပြီး နှိပ်ခိုင်းတာတွေ၊ နင်းခိုင်းတာတွေ စလုပ်ခိုင်းပါတယ်။ ကျွန်တော့် တာဝန်ထဲမှာ သူဌေးကို နှိပ်ပေး၊ နင်းပေးဖို့ မပါပေမယ့် ကျွန်တော် ကြည်ကြည်ဖြူဖြူပဲ သူဌေးခိုင်းသမျှ လုပ်ပေးခဲ့ပါတယ်။ ကျွန်တော့် ကျေးဇူးရှင်ဖြစ်နေလို့ပါ။ ဒါပေမယ့်… နောက်ပိုင်းမှာတော့… သူဌေးက… သူဌေးက…”
ပင်ကိုယ်ကမှ လေသံကလေးလောက်သာ တိုးဖွနူးညံ့သည့် ကောင်ငယ်လေး၏ အသံလေးမှာ တုန်ခါနစ်ဝင်သွားသည်။ ထို့နောက် ချလိုက်သော သက်ပြင်းသည် ကောင်လေး၏ ရင်ဘတ်အနီးရှိ အင်္ကျီအိတ်ကပ်လေး၏ အနားသတ်လေးတွင် တပ်ဆင်ထားသည့် အသံဖမ်းမိုက်ခရိုဖုန်းလေးကို လာရိုက်ခတ်သည့် လေတိုးသံသည် ခပ်ပြင်းပြင်း ထွက်ပေါ်လာသည်။ ကောင်လေးသည် ခေါင်းလေးကို ငုံ့ထားလျက်ပင် စကားကို ဆက်၏။
“သူဌေးက ကျွန်တော့်လက်ကို ယူပြီး သူ့ပေါင်ကြားပေါ်ကို တင်ပေးတယ်။ သူ့… သူ့ လိင်အင်္ဂါကို ကိုင်ခိုင်းတယ်။ ပြီးတော့… ပြီးတော့… သူ့ဆန္ဒတွေ ပြီး… ပြီးမြောက်ဖို့အတွက် ကျွန်တော့်လက်နဲ့ လုပ်ပေးခိုင်းတယ်။ ကျွန်တော်လည်း မလွန်ဆန်ရဲတာနဲ့ သူဌေး ခိုင်းတဲ့အတိုင်း လုပ်ပေးခဲ့ရပါတယ်”
ကောင်လေးသည် ထိုအဖြစ်အပျက်များကို ပြန်လည် ထုတ်ဖော်ပြောကြားဖို့တောင် ရှက်ရွံနေပုံရပါသည်။ ညစ်ညမ်းသော စကားလုံးများ မပါစေအောင် စကားလုံးတစ်ခုံးချင်း သတိထားပြီး ပြောဆိုနေရသည်ကို မဏိ သတိထားလိုက်မိသည်။ မဏိ… ရင်ထဲ မွန်းကြပ်လာကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“ဘယ်နှစ်ကြိမ်လောက် ရှိမလဲ။ အတိအကျ မမှတ်မိရင်တောင် ခန့်မှန်းခြေပေါ့”
“ကျွန်တော် မှတ်မိပါတယ် အစ်ကို။ ရှစ်ကြိမ်ပါ။ အဲ့နောက်မှာ သူဌေးက လက်နဲ့ အားမရတော့ဘဲ ကျွန်တော့်… ကျွန်တော့်ပါးစပ်ထဲကို သူ့ လိင်… လိင်အင်္ဂါကို ထိုးသွင်းပြီး… သူ့ဆန္ဒတွေကို ပြီးမြောက်ဖို့ ခိုင်းစေခဲ့ပါတယ်။ ကျွန်… ကျွန်တော်လည်း အစကတော့ အတင်း ရုန်းကန်ရင်း ငြင်းဆန်ပါသေးတယ်။ ဒါပေမယ့်… သူ ခိုင်းတဲ့အတိုင်း မလုပ်ရင် ကျွန်တော့်ကို အလုပ်ဖြုတ်ပစ်မယ်။ နှင်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ပါတယ်"
ဘုရား… ဘုရား။ သုတ၏ ဗီဒီယို ကလစ်လေးကို ကြည့်နေရင်း မဏိ မျက်နှာတွေ ဖြန်းခနဲ ပူနွေးလာသည်။ နှလုံးခုန်နှုန်းတွေ မြန်လာခဲ့သလို ဒေါသအခိုးအငွေ့များသည်လည်း တငွေ့ငွေ့ လှိုက်တက်လာခဲ့သည်။
“ညီလေးက ဒီအဖြစ်အပျက်တွေကို ဘယ်သူ့ကိုမှ မပြောခဲ့ဘူးလား။ လူကြီးတစ်ယောက်ယောက်ကို တိုင်ဖို့ မကြိုးစားခဲ့ဘူးလား”
မဏိရင်ထဲမှ မေးခွန်းများကို ကြိုသိနေသူတစ်ဦးလို သုတက ကောင်လေးကို မေးလိုက်သည်။
“ဆိုင်မှာက သူဌေးက အရာရာပါ အစ်ကို။ သူဌေးမှာ အိမ်ထောင်လည်း မရှိသလို မိသားစုဝင်တွေလည်း မရှိပါဘူး။ သူဌေးက သူ့ကိုယ်သူ တစ်ကောင်ကြွက်လို့ အမြဲပြောပါတယ်။ သူဌေးကလည်း ဘယ်သူ့ကိုမှ ပြန်မပြောရအောင် ကျွန်တော့်ကို နှုတ်ပိတ်ထားပါတယ်။ အသက်အန္တရာယ်အထိ ဒုက္ခပေးမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း သူဌေးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးခဲ့ရတာပါ။ ကျွန်တော့် စိတ်ဆန္ဒ တစ်စိုးတစ်စိလေးမှ မပါဘူးဆိုတာကတော့ ကျွန်တော် အသက်နဲ့ရင်းပြီး ပြောရဲပါတယ်ဗျာ”
ကောင်လေးသည် ပြောရင်း ဝမ်းနည်းလာဟန်ရကာ ရှိုက်ကာ ရှိုက်ကာ ငိုကြွေးတော့သည်။ မဏိသည် ထိုဗီဒီယိုကလစ်လေးကို ကြည့်နေရင်း ထိုကောင်လေး ကိုယ်စား ခံပြင်းဒေါသများဖြင့် တစ်ကိုယ်လုံး ပူလောင်စပ်ဖျင်းလာသည်။
“တစ်ညမှာ သူဌေးက ကျွန်တော့်ကို သူ့အခန်းထဲခေါ်ပြီး ထုံးစံအတိုင်း နှိပ်နယ်ပြုစုခိုင်းပါတယ်။ နောက်ပြီး အအေးခွက်ကို လှမ်းပေးပြီး သောက်ခိုင်းခဲ့တယ်။ ကျွန်တော်က သံသယရှိလို့ မသောက်ပါရစေနဲ့လို့ ငြင်းပေမယ့် ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ သောက်ခိုင်းခဲ့ပါတယ်။ ကျွန်တော် ထင်တဲ့အတိုင်းပါပဲ…။ အဲ့… အဲ့ အချိုရည်တွေထဲမှာ လိင်စိတ်ကို နှိုးကြွစေတဲ့ ဆေးတွေ ထည့်ထားခဲ့ပါတယ်။ ကျွန်တော် ဆေးစွမ်းပြလာတဲ့အချိန်မှာ သူဌေး… သူဌေးက ကျွန်တော့်ကို သူ့စိတ်ကြိုက် အဓမ္မပြုကျင့်ဆက်ဆံခဲ့…”
ကောင်လေးသည် စကားကို ဆုံးအောင်ပင် မပြောနိုင်ဘဲ အသံအဖျားများ တိုးဝင်တိမ်နစ်ကာ ရှိုက်သံများပင် ထွက်လျက် ဝမ်းနည်းပက်လက်ငိုကြွေးတော့သည်။ အဓမ္မပြုကျင့်ခံရသည်ဆိုသည့် စကားလုံးများသည် မဏိ၏ အသွေးအသားများဆီသို့ စီးဆင်းကာ နှလုံးသား၏ ဒဏ်ရာဟောင်းတို့ကို တနုံ့နုံ့ ထိုးဆွလှုပ်နိုးလိုက်သည်။ မြိုသိပ်ဖိနှိမ်ထားသည့် ဒေါသအခိုးအငွေ့များသည် ဝုန်းခနဲ ပေါက်ကွဲလောင်မြိုက်သွားချိန်တွင် မဏိသည် အထိန်းအကွပ်မဲ့စွာ ဆဲရေးတိုင်းထွာလိုက်မိသည်။
“အောက်တန်းစားကောင်၊ လူစိတ်မရှိတဲ့ တိရစ္ဆာန်ကောင်၊ လူဖြစ်ဖို့ မတန်တဲ့ကောင်”
ပါးစပ်က ပေါက်ကွဲဆဲရေးပြီးမှ မဏိသည် အသိစိတ်ပြန်ဝင်လာချိန်တွင် သူ့ကို ကြောင်အမ်းစွာ စိုက်ကြည့်နေသည့် သုတ၏ မျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရသည်။
“အိုး… ဆောရီး အစ်ကို။ ကျွန်တော်… ကျွန်တော် ဒေါသအရမ်း ထွက်မိသွားတယ်။ ကျွန်တော်က ဒီလိုပဲ။ အရမ်း Emotional ဖြစ်လွယ်တယ်”
“ရပါတယ် မဏိရယ်။ အစ်ကို နားလည်ပါတယ်။ အစ်ကိုဆိုလည်း ဒီကောင်လေးအကြောင်းကို ရိုက်ကူးနေရင်းနဲ့ ဆိုင်ပိုင်ရှင်ဆိုတဲ့လူကို အရမ်း စိတ်တိုဒေါသထွက်မိတာပါပဲ”
“ဒါနဲ့… ဒီအကြောင်းတွေက ဘယ်မှာ ရိုက်ထားတာလဲ။ စားသောက်ဆိုင်မှာတော့ ဖြစ်ဟန်မတူဘူး”
“အဲ့ဒါ နေပြည်တော်က အစ်ကိုတို့ ရပ်ကွက်ရဲ့ အစွန်အဖျားက လူသူရှင်းတဲ့ ကွင်းပြင်ကြီးမှာ ရိုက်ထားတာ။ အဲ့ကောင်လေးက သူ့သူဌေး အတင်းအဓမ္မကျင့်တာ မခံနိုင်တော့တဲ့အဆုံး သူ့သူဌေး မသိအောင် ထွက်ပြေးလာခဲ့တာ။ အဲ့ဒါ လမ်းမှာ အစ်ကို့ဆိုင်ကယ်နဲ့ တိုက်မိမလိုဖြစ်တော့ ကောင်လေးက သူ့ကို ခေါ်သွားပေးပါဆိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ အကူအညီတောင်းတယ်လေ။ အဲ့ဒါနဲ့ အစ်ကိုလည်း အိမ်ကိုပဲ ခေါ်သွားလိုက်တာ။ ပြီးမှ… တဖြည်းဖြည်းချင်း သူ့အကြောင်းတွေ သိခွင့်ရခဲ့ပြီး အင်တာဗျူးပုံစံမျိုး Vlog လေးတစ်ခု ရိုက်လိုက်တာ”
“အခု သူရောဟင်…၊ တကယ်လို့ သူ ရှိနေသေးရင် မဏိ ခေါ်ထားချင်တယ်။ ကျွေးမွေးစောင့်ရှောက်ထားချင်တယ်။ အလုပ်တစ်ခု မဏိ ပေးထားနိုင်ပါတယ် အစ်ကို”
“သူ အခုဆို ဘဝသစ်မှာ ပျော်နေလောက်ပါပြီ မဏိရယ်”
“ဗျာ…၊ ဘယ်လို… ဘာဆို ဆိုလိုတာလဲ”
“သူ့ရဲ့ အင်တာဗျူးလေးကို Facebook မှာ တင်လိုက်တဲ့အချိန်မှာ အရမ်းကို လူသိများသွားတယ်။ လူကြည့်လည်း များသွားတယ်။ အဲ့မှာ သူ့ကို သနားပြီး ချစ်ကြိုက်သွားတဲ့ လူတစ်ယောက်က သူနဲ့ အတူတူ လက်တွဲပြီး အိမ်ထောင်တစ်ခုကို ထူထောင်ပါရစေဆိုပြီး လာခွင့်တောင်းတယ်လေ။ သူကလည်း အဲ့လူကို စိတ်ဝင်စားတယ်ဆိုတော့ အစ်ကို သဘောတူပြီး ထည့်ပေးလိုက်ပြီ။ ကောင်လေး ကံကောင်းသွားပါတယ်။ သူ့ကို လာတောင်းတဲ့သူက အရမ်းကြီး မချမ်းသာပေမယ့် ကောင်လေးကိုတော့ စိတ်ချမ်းချမ်းသာသာ ထားနိုင်မယ့် လူတစ်ယောက်ပါ။ တက္ကသိုလ်က ကျောင်းဆရာတဲ့လေ”
“ဟာ… တကယ်။ သူ့အစား ဝမ်းသာလိုက်တာဗျာ”
“နောက်ထပ် ဝမ်းသာရမှာ ရှိသေးတယ် မဏိရဲ့။ စားသောက်ဆိုင် ပိုင်ရှင်လေ…၊ သူလဲ ကိုယ့် Video ကို မြင်သွားတယ် ထင်ပါရဲ့။ စားသောက်ဆိုင်ကို ရောင်းပြီး မူဆယ်ဘက် ထွက်ပြေးသွားတယ်။ သူ… ပြေးသွားတဲ့လမ်းမှာပဲ ကားမှောက်ပြီး ပွဲချင်းပြီး သေသွားတယ်”
“ဟား… သိပ်ကောင်းတဲ့ သတင်းပဲ အစ်ကိုရာ။ သိရတာ နောက်ကျလိုက်တာ”
မဏိစကားကြောင့် သူတို့ နှစ်ဦးလုံး ပေါ့ပါးစွာ ပြိုင်တူ ရယ်မောလိုက်မိသည်။ ထိုခဏကလေးအတွင်းမှာ မဏိနှင့် သုတ ရင်းနှီးနီးကပ်သွားရသည်မှာ အံ့ဩဖို့တော့ ကောင်းသည်။
“အစ်ကို့ ရည်ရွယ်ချက် အောင်မြင်သွားတယ်လို့ ပြောရမှာပါပဲ။ အစ်ကို ရိုက်ကူးတင်ပြလိုက်တဲ့ လူတစ်ယောက်ရဲ့ ဘဝကို စာနာနားလည်နိုင်ပြီး ကူညီဖေးမပေးနိုင်မယ့် နွေးထွေးတဲ့ လက်တစ်စုံ ပေါ်လာရင်ပဲ အစ်ကို ကြိုးစားရကျိုးနပ်ပြီ။ ဒီလိုနဲ့… ကိုယ်နိုင်သလောက်၊ ကိုယ် စွမ်းသလောက် LGBT လေးတွေရဲ့ ဘဝကို ကြိုးစားကူညီပေးချင်တယ်။ မြှင့်တင်ဖေးမပေးချင်တယ်။ လူအများ ထင်မြင်နေသလို LGBT တွေဟာ လှောင်စရာ၊ ရယ်စရာ၊ အထင်သေးရှုံ့ချစရာ လူတန်းစားတစ်ရပ်မဟုတ်ဘူးဆိုတာကို ကိုယ် ဖော်ထုတ်ပြသချင်တယ်”
မဏိရင်ထဲ နွေးခနဲ ဖြစ်သွားကာ သုတကို လေးစားယုံကြည်သည့် စိတ်များသည် အတိုင်းအဆမဲ့ ပေါ်ပေါက်လာခဲ့သည်။ LGBT အသိုင်းအဝိုင်းလေးအတွက် သုတလို လူမျိုးတွေ များများပေါ်ပေါက်လာသင့်သည်ဟု တဒင်္ဂကလေးအတွင်းမှာပင် မဏိ တထစ်ချ ယုံကြည်သတ်မှတ်လိုက်နိုင်သည်။ သုတကို လေးစားယုံကြည်စိတ်ဖြင့် မဏိ ရင်ထဲတွင် လှိုက်ခနဲ ကြည်နူးလှစ်ဟာလာကာ မျက်ရည်စလေးများပင် ဝေ့သီအိုင်ထွန်းလာရသည်။ သုတကတော့ မဏိကို နွေးထွေးလှိုက်လှဲသည့် အကြည့်တို့ဖြင့် ကြည့်ကာ ပြုံးပြလေသည်။
“ဒါနဲ့… မန္တလေးမှာ တည်းလို့ကောင်းတဲ့ ဟိုတယ်လေးတွေ သိလား မဏိ။ အစ်ကို… အိမ်ရှာမတွေ့ခင်အထိ ဟိုတယ်မှာ တည်းမလားလို့”
“အစ်ကို… ဟိုတယ် ရှာမနေနဲ့။ အိမ်လည်း ရှာမနေနဲ့တော့။ မဏိ အိမ်မှာသာ လိုက်တည်းတော့”
ရုတ်တရက် ဖြစ်ပေါ်လာသည့် စိတ်စေတနာတို့ကြောင့် မဏိ ကိုယ့်ကိုယ်ကိုယ် သတိမထားလိုက်မိခင်မှာပင် သုတကို အိမ်မှာနေဖို့ ဖိတ်ခေါ်ပြီးသား ဖြစ်သွားခဲ့သည်။
“ကောင်းပါ့မလား… မဏိရယ်။ အားနာစရာ…”
“အားနာစရာ မလိုပါဘူး။ မဏိ အိမ်မှာ မဏိတစ်ယောက်တည်း နေတာ။ ပြီးတော့… အခန်းလွတ် တစ်ခန်းလည်း ပိုတယ်လေ။ ဘာလဲ…၊ အစ်ကို့ကို မဏိက ကိုက်စားမှာ ကြောက်လို့လား။ စိတ်ချပါနော်… မဏိကြောင့် ဆံချည်လေး တစ်မျှင်တောင် မကျွတ်စေရပါဘူးဗျာ”
မဏိ၏ အပြောကြောင့် သူတို့ နှစ်ဦး၏ ရယ်သံလွင်လွင်လေးသည် ကော်ဖီဆိုင်လေးအတွင်း ပျံ့နှံ့ဝဲလွင့်သွားသည်။
“အင်း…၊ ဒါဆိုလည်း အားမနာတော့ဘူးနော်”
“ဟုတ်ပါပြီ အစ်ကို၊ ဒါနဲ့…၊ မဏိ ခုနက အစ်ကို မေးတာ မဖြေလိုက်ရဘူးနော်”
“ဟင်… ဘာကိုလဲ မဏိရဲ့”
ရုတ်တရက်ဆိုတော့ မဏိ ဘာကိုဆိုလိုမှန်း သုတ သဘောမပေါက်ခဲ့ပါ။ ထို့နောက် မထင်မှတ်စွာ ကြားလိုက်ရသည့် မဏိ၏ စကားလေး တစ်ခွန်းကြောင့် သုတ နှလုံးသားလေး ယိမ်းခါလှုပ်ရှားသွားသည်။
“မဏိလည်း Gay တစ်ယောက်ပါပဲ အစ်ကို”
ကော်ဖီဆိုင်လေး တစ်ထိုင်စာလောက် အချိန်တိုကလေးအတွင်းမှာ နီးကပ်ရင်းနှီးသွားသည့် စိတ်တို့ကြောင့် မဏိ၏ အတွင်းစိတ်တချို့ကို သုတအား ရင်ဖွင့်လှစ်ဟပြလိုက်မိသည်။ တချို့သော ခင်မင်ရင်းနှီးမှုတို့သည် အချိန်အတိုင်းဖြင့် နှိုင်းဆတွက်ချက်ရန် မလိုအပ်ကြောင်း ထိုဖြစ်ရပ်ကလေးက သက်သေခံလျက် ရှိပါသည်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့
🌹 ခက်ဆစ် 🌹