book

Index 16

Chapter - 14

Laptop ပေါ်တွင် ဖုန်းလေးကို တင်လျက် လက်တစ်ဖက်မှာလည်း ကော်ဖီခွက်ကလေး တစ်ခွက်ကို ကိုင်ဆောင်ကာ ခွန်းသုတသည် အိမ်ရှေ့ရှိ စားပွဲကလေးဆီသို့ ဦးတည်လျှောက်လှမ်းလာလိုက်သည်။ ထို့နောက် စားပွဲပေါ်ကို သူ့လက်ထဲမှ ပစ္စည်းများကို တင်ကာ Laptop လေးကို ပါဝါဖွင့်လိုက်သည်။ Window အတက်ကို ခတ္တစောင့်ဆိုင်းရင်း ကော်‌ဖီခွက်လေးကို လှမ်းယူကာ ကော်ဖီတစ်ငုံ ငုံလိုက်သည်။ ကော်ဖီ၏ ခါးသက်သက် အရသာလေးသည် သူ့ကို လန်းဆန်းတက်ကြွသွားစေသည်။ သူ့ အာရုံများကို လှုပ်နှိုးရုန်းကြွစေသည်။ ကော်ဖီဆိုလျှင် အရသာ ခါးခါးလေးကိုသာ ခွန်းသုတ နှစ်ခြိုက်ပါသည်။


Laptop သည် Window ပွင့်လာသည့် အသံကလေးနှင့်အတူ Display ပေါ်ရှိ Icon ကလေးများသည် စီရရီ ပေါ်ထွက်လာသည်။ ခွန်းသုတ၏ လက်ပ်တော့ပ် မျက်နှာပြင်ရှိ Icon လေးများသည် သူ့နေရာနှင့်သူ သေသေသပ်သပ်‌ကလေး ရှိနေသည်။ လွတ်ဟာနေသည့် နေရာများလည်း မရှိသလို၊ ပြန့်ကျဲနေသည့် Icon များလည်း ရှိမနေခဲ့ပါ။ ဤသည်မှာ ခွန်းသုတ၏ စည်းစနစ်ကျမှုတို့ကို ပြသနေခြင်း ဖြစ်သည်။ သုတသည် သူ၏ လက်ပ်တော့ပ်၏ ဝင်းဒိုးမျက်နှာပြင်ကို ကြည့်ပြီး စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။


ထို့နောက် Cyber Link Power Director Software Icon ကလေးကို သုတ ကလစ်နှိပ်လိုက်သည်။ သူ Video Content တစ်ခုကို ဒီနေ့ မနက်ပိုင်းအတွင်း အပြီးသတ် ပြင်ဆင်ရမည်ဖြစ်သည်။ ညနေကျလျှင် သူ၏ Facebook စာမျက်နှာပေါ်တွင် တင်ရမည်ဖြစ်သောကြောင့် ဖြစ်၏။ သုတသည် အချိန်၊ နေ့ရက်တို့ကို အတိအကျ သတ်မှတ်လျက် သူ၏ Video Clip လေးများကို တင်လေ့ရှိသည်။ သူသည် တစ်ပတ်လျှင် Video တစ်ခုနှုန်းကျ တင်လေ့ရှိပြီး ကျန်သည့်ရက်များတွင်တော့ ပြီးခဲ့သည့် ရက်က တင်ခဲ့သည့် Content နှင့် ပတ်သတ်ဆက်နွယ်သည့် ဓာတ်ပုံတို့ကို တင်လေ့ရှိသည်။ 


သူ ဝါသနာပါသည့် Vlogger အလုပ်သည် စစချင်း အချိန်ကာလများမှာ ဝင်ငွေ မရှိခဲ့သည့်အပြင် ကိုယ့်ထဲကပင် အိတ်စိုက်ထုတ်သုံးခဲ့ရသည်များပင် ရှိခဲ့သည်။ နောက်ပိုင်း သူ ဖန်တီးတင်ဆက်ထားသည့် Video များကို ကြည့်ရှုသူနှုန်းများလာသည့် အချိန်များကစ၍ သူ့ကို လုပ်ငန်းရှင်များက ဆက်သွယ်လာကာ ကြေညာလေးများ ထည့်သွင်းလာခဲ့သည်။ ထိုအချိန်မှ စတင်၍ သူ ဝါသနာပါရာ အလုပ်ကလေးမှ ဝင်ငွေလေးများ စတင် ရရှိခဲ့သည်။ 


ကြေညာများကို လက်ခံရာတွင်လည်း သုတသည် ဝင်ငွေရလျှင်ပြီးရော ဆိုသည့် သဘောမျိုးနှင့် ပြီးစလွယ် လက်ခံတတ်သူ မဟုတ်။ သူ၏ Video Clip များကို ကြည့်ရှုသူများအား၏ စိတ်ကို အဆိပ်အတောက် ဖြစ်စေမည့် အလောင်းကစား ဂိမ်း Application ကြေညာမျိုးကိုတော့ ကြေညာခ ဘယ်လောက်ပဲ ပေးပေး သုတ ကြေညာမပေးပါ။ ဤသည်မှာ သုတ၏ Follower များအပေါ် ထားရှိသော သုတ၏ စစ်မှန်သော စေတနာပင် ဖြစ်ပါသည်။


ဗီဒီယိုများကို ရိုက်ကူးရာတွင်လည်း ၁၀၀ ရာခိုင်နှုန်း ရာနှုန်းပြည့် ဖြစ်ရပ်မှန်တို့ကိုသာ ရိုက်ကူးတင်ဆက်ပါသည်။ ကိုယ့် ဗီဒီယိုကလေးကို ကြည့်ရှုသူ များစေချင်သည့် မတော်လောဘဖြင့် မဟုတ်မမှန်သည့် စကားများ၊ လူအများ အသနားပိုအောင် လုပ်ကြံထားသည့် ပြကွက်မျိုးများ မပါရှိရလေအောင် သုတ သတိထား၍ ရိုက်ကူးတည်းဖြတ်ကာ တင်ဆက်ရပါ၏။


သုတသည် လက်ပ်တော့ပ် အတွင်းရှိ ပြီးခဲ့သည့် တစ်ပတ်ခန့်က သူ ရိုက်ကူးထားခဲ့သည့် ဗီဒီယို အပိုင်းအစ ကလေးများကို အစဉ်လိုက်အတိုင်း ဆက်ပြီး ပြန်စီစစ်ကြည့်လိုက်သည်။ သူ၏ ဗီဒိယိုကလစ်ကလေးသည် နှစ်မိနစ်ကျော်ဝန်းကျင်ခန့်သာ ရှည်သည်။ နောက်ခံတေးဂီတ သံစဉ်တို့ကို ထည့်ပြီးချိန်တွင် သုတ၏ ဗီဒီယိုတစ်ပုဒ် ပြုပြင်တည်းဖြတ်ခြင်းမှာ ပြီးစီးသွားသည်။ ထို့နောက် ဗီဒီယိုတစ်ခုလုံးစာကို သုတ အစအဆုံး ထပ်ကာတလဲလဲ ပြန်ကြည့်ကာ စစ်ဆေးလိုက်သည်။ ထို့နောက် အသံအနေအထားလေးများ၊ ပြကွက်တစ်ခုနှင့် တစ်ခု အကူးက လှုပ်ရှားပြောင်းလဲသွားမှုကလေးများကို အသေးစိတ် ပြန်လည် ပြုပြင်ပြီးချိန်မှာတော့ သုတ စိတ်တိုင်းကျသွားသည်။ 


ထိုအချိန်မှသာ သုတခေါင်းထဲ ကားလက်မှတ်ဖြတ်ဖို့ အသိဝင်လာတော့သည်။ သုတ နာရီကို မော့ကြည့်လိုက်တော့ မနက် (၁၀)နာရီပင် မိနစ်ပိုင်းလေး စွန်းနေခဲ့ပြီ။ သုတ သူ့နဖူးသူ ရိုက်လိုက်ကာ ဖုန်းကို ကောက်ယူလိုက်ရင်း Ticket Agent ကားလက်မှတ်အရောင်းဌာနသို့ ဖုန်းခေါ်လိုက်သည်။


“ဟဲလို… မင်္ဂလာပါ၊ Ticket Agent ကပါရှင်”


“ဟုတ်ကဲ့ ညီမရေ၊ မန္တလေးသွားမယ့် ကားလက်မှတ်လေး ဖြတ်ချင်လို့ပါ”


သုတ သူဝါသနာပါသည့် Vlogger အလုပ်ကို အခြေချ လုပ်ကိုင်ရန်အတွက် ရန်ကုန်နှင့် မန္တလေး မြို့နှစ်မြို့ အထဲကမှ သူ မန္တလေးကိုသာ ရွေးချယ်လိုက်သည်။ နေပြည်တော်နှင့် လမ်းပန်းဆက်သွယ်ရေး ကွာခြားမှု မရှိသည့် မန္တလေးသည် သုတအတွက် အဆင်အပြေဆုံးဖြစ်မည်ဟု သူ ထင်မြင်ယူဆသည်။


“ဟုတ်ကဲ့ အစ်ကို၊ နေပြည်တော်ကပဲနော်”


“ဟုတ်ပါတယ် ခင်ဗျ”


“ဘယ်နေ့အတွက်လဲ ရှင့်”


“ဒီနေ့အတွက်ပါ ညီမ၊ နေ့လည်တစ်နာရီ ကားနဲ့ ထွက်ချင်တာ၊ ရနိုင်ဦးမလား”


“ဟုတ်ကဲ့၊ ဘယ်ကား စီးချင်လဲရှင့်”


“ရပါတယ် ညီမ၊ အဆင်ပြေမယ့် ကားဂိတ်နဲ့သာ ဖြတ်ပေးပါ”


“ဟုတ်ကဲ့… ခဏလေးပါနော်”


စက္ကန့်ပိုင်းလောက် ကြာပြီးအနောက်မှ Agent ကောင်‌မလေးဆီက အသံ ပြန်ထွက်လာသည်။


“ဟဲလို အစ်ကိုရေ၊ ဖုန်းကိုင်ထားပေးတဲ့အတွက် ကျေးဇူးပါရှင်၊ မန္တလာမြေကားနဲ့ လက်မှတ်ရပါမယ်ရှင့်။ ခုံနံပါတ် ၂၅ မှာရပါတယ် အစ်ကို”


“ဟုတ်ကဲ့ ညီမ၊ ယူလိုက်မယ်နော်”


“ဒါဆို အစ်ကို့ နာမည်လေး တစ်ချက်လောက်ပါနော်”


“ခွန်း သု တ”


“ဟုတ်ကဲ့ပါရှင့်၊ ကိုခွန်းသုတ… ကားဂိတ်ကို ဆယ်နှစ်ခွဲအရောက် လာပေးပါရပါတယ်ရှင့်။ ပြီးရင် ဂိတ်က ကောင်တာမှာ Ticket Agent နဲ့ လက်မှတ်ဖြတ်ထားတယ်လို့ ပြောလိုက်ပါရှင့်။ ဒါဆို ရပါပြီရှင်”


သုတ ဖုန်းကို ချလိုက်ပြီး လက်ပ်တော့ပ်ကလေးရှိ folder များထဲကို ဝင်ကာ ဟိုကြည့် ဒီကြည့် ကြည့်နေလိုက်သည်။ ထို့နောက် High School ဆိုသည့် File လေးကို သူ ရောက်ရှိသွားချိန်မှာတော့ သူ့ လက်များ တွန့်ဆုတ်သွားရ၏။ သူ ခေတ္တအကြာမျှ တွေဝေပြီးနောက်တွင် ထို file လေးထဲ ဝင်လိုက်ချိန်တွင် ဓာတ်ပုံလေးများ ထွက်ပေါ်လာခဲ့သည်။ ဆရာ၊ ဆရာမများနှင့် ရိုက်ကူးခဲ့သည့် ပုံများ၊ သူငယ်ချင်းများ၏ အုပ်စုလိုက် ဓာတ်ပုံများ တစ်ပုံချင်းစီကို သူ ကလစ်နှိပ်ရင်း ကြည့်ရှုလိုက်သည်။ နှစ်ယောက်တွဲ ပုံ တစ်ပုံ အရောက်တွင် Mouse pad လေးပေါ်တွင် ရွှေ့လျားနေသည့် သုတ၏ လက်ချောင်းကလေးများ ရပ်တန့်သွားသည်။ 


ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် လျှာထိုးဦးထုပ်ကလေးကို ဆောင်းလျက် လက်လေးနှစ်ချောင်းထောင်ကာ သူ့ကို စိုက်ကြည့်နေသည့် ကောင်လေးတစ်ဦး၏ ပုံရိပ်လေးကိုကြည့်ရင်း သုတ မျက်ရည်များ ဝေ့ဝဲလာရသည်။ ထိုကောင်လေး၏ ဘေးနားမှာ ခါးထောက်လျက် ပြုံးပြုံးကြီး ရပ်နေသူက သုတပင်။ ထိုကောင်လေးမှာ ဦးထုပ်ကလေးကို ခပ်ငိုက်ငိုက် ဆောင်းလျက် သူ့ခေါင်းလေးကို ကွယ်ဖွက်ထားသော်လည်း ဆံပင်များ မရှိသည်မှာ သိသာပါသည်။ ထိုကောင်လေးမှာ တခြားသူ မဟုတ်။ သုတ၏ အချစ်ဆုံး သူငယ်ချင်းလေး မင်းသတ္တိပါပင်။ ဓာတ်ပုံထဲမှ သတ္တိ၏ မျက်ဝန်းလေးများသည် တစ်ခုခုကို ခိုင်မာစွာ ဆုံးဖြတ်ထားသည့် မျက်ဝန်းမျိုး။ သူတို့ ထိုဓာတ်ပုံလေးကို ကျောင်းစုံညီပွဲတော်နေ့တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ထိုနေ့သည် သူတိူ့ သူငယ်ချင်းနှစ်ယောက်၏ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ရသည့် နေ့လေးလည်း ဖြစ်ခဲ့ရပါ၏။


ထိုနေ့က ကျောင်းစုံညီပွဲတော်သို့ လျှာထိုးဦးထုပ်ကလေးဆောင်းပြီး ရောက်လာခဲ့သည့် သတ္တိ၏ မျက်နှာကလေးသည် နွမ်းဖျော့ညှိုးငယ်လျက်ရှိပါသည်။


“သတ္တိ၊ မင်းမျက်နှာကလဲ မှိုင်းမှုန်နေတာပဲ၊ ဒီနေ့တစ်နေ့တော့ ပျော်ပျော်နေမှပေါ့ကွာ”


“ငါ… ငါ ဘယ်ပျော်နိုင်ပါ့မလဲ သူငယ်ချင်းရာ။ မနက်ဖြန်ဆို ငါ အချစ်ဆုံး မင်းတို့နဲ့ ခွဲရတော့မယ့်ဟာ”


“ဟမ်… ဟမ်…၊ ဘာ ပြောတယ် သတ္တိ၊ ဘာလို့ ငါတို့က ခွဲရမှာလဲ”


“ငါ…၊ ငါ ကျောင်းပြောင်းရတော့မယ် သုတရယ်၊ ငါ့ကို ဖေဖေတို့က မန္တလေးက ကျောင်းတစ်ခုမှာပဲ ထားတော့မယ်တဲ့။ မန္တလေးက ငါ့အဒေါ်အိမ်မှာနေရင်း ကျောင်းတက်ရတော့မယ် သူငယ်ချင်းရယ်”


“ဟမ်…၊ ဒါဆို မင်း ရည်းစား ဝဏ္ဏကိုရော အသိပေးပြီးပြီလား။ ဘာတဲ့လဲ”


“ခဏနေမှ ငါ သူနဲ့တွေ့ဖို့ ချိန်းထားတယ်။ အဲ့တော့မှ ငါ ပြောတော့မယ် သုတရယ်။ ငါ ကျောင်းမပြောင်းချင်ဘူး။ ငါ နင်နဲ့ မခွဲချင်သလို၊ မောင်နဲ့…၊ မောင်နဲ့လဲ မဝေးချင်ဘူး။ မောင်နဲ့ ဝေးရမှာထက် ငါ သေသွားတာကမှ ပိုကောင်းဦးမယ်”


“ဟာ…၊ သတ္တိရာ၊ မပြောကောင်း မဆိုကောင်း။ ဘာတွေ လျှောက်ပြောနေတာလဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ အခုလောလောဆည်တော့ ငါတို့ မင်းမိဘတွေ စီစဉ်တဲ့အတိုင်း လိုက်နာလိုက်ရုံပေါ့ သူငယ်ချင်းလေးရာ။ ငါတို့မှာ လူကြီးတွေကို တွန်းလှန်နိုင်တဲ့ အင်အားမှ မရှိသေးဘဲ။ နောက်… ငါတို့တွေ အသက်ကြီးလာလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာနိုင်မယ့် တစ်နေ့ကျရင် ပြန်ဆုံကြမယ် သတ္တိ။ မင်း ငါ့ကို ကတိပေးစမ်းပါ။ မင်း ပြန်လာပါ့မယ်လို့။ မင်းနဲ့ ဝဏ္ဏလည်း အချစ်စစ်မှန်ရင် ပြန်ဆုံကြဦးမှာပါ သတ္တိရယ်”


ထိုစဉ်က သုတ တောင်းသည့် ကတိကို သတ္တိမပေးဘဲ ‌သူ့ကို မှိုင်းညို့နေသည့် မျက်ဝန်းများနှင့်သာ စိုက်ကြည့်၍ နေခဲ့သည်။ ထိုအချိန်တွင် သူတို့ရှေ့မှ ကင်မရာလွယ်ထားသည့် ဓာတ်ပုံဆရာတစ်ဦး ဖြတ်သွားသဖြင့် သုတ လှမ်းခေါ်လိုက်သည်။


“ဓာတ်ပုံဆရာကြီး၊ ကျွန်တော်တို့ နှစ်ယောက်ကို ဓာတ်ပုံ တစ်ပုံလောက် ရိုက်ပေးပါ”


“ဟာ… ငါမရိုက်ချင်ဘူး သုတ၊ ငါ ရှက်တယ်”


“မင်းကလည်းကွာ…၊ မင်းထွက်သွားရင် ငါ့မှာ ဒီပုံလေးပဲ ကျန်ရစ်ခဲ့မှာ။ မင်းကို အလွမ်းပြေကြည့်ဖို့ ဓာတ်ပုံလေးတစ်ပုံတော့ ရိုက်ပါရစေ သတ္တိရယ်။ နော်… ငါ့စကားလေးတော့ လိုက်လျောပေးပါကွာ”


သုတ တောင်းတောင်းပန်ပန် တောင်းဆိုတော့မှ သတ္တိက ခေါင်းလေးကို ငြိတ်ကာ လက်ခံလိုက်သည်။ 


“ကဲ… ဒါဆို ပြုံးပြုံးလေးနေနော်၊ ကိုယ် ကြိုက်သလို နေကြ”


“မင်းက လက်နှစ်ချောင်းထောင်လိုက်၊ ငါက ခါးထောက်လိုက်မယ်”


သုတ၏ စကားအတိုင်း သတ္တိက လက်လေးနှစ်ချောင်းကို ခပ်နွဲ့နွဲ့လေး ထောင်လိုက်သည်။ သုတကတော့ ခါးကို မာန်ပါပါထောက်လျက် ‌ကင်မရာကို ပြုံးပြုံးကြီးစိုက်ကြည့်နေလိုက်သည်။


“ကဲ… ရိုက်ပြီနော်။ မျက်တောင် မခတ်ကြနဲ့နော် ကလေးတို့။ တစ်… နှစ်… သုံး…”


ကင်မရာဆရာ ဦးလေးကြီးက ကင်မရာခလုပ်ကလေးကို နှိပ်ချလိုက်ချိန်တွင် ကင်မရာမှ ဖျက်ခနဲ မြည်သံကလေး ထွက်ပေါ်လာကာ သူတို့နှစ်ယောက်၏ ပုံရိပ်ကလေးကို ဖမ်းယူမှတ်သားသွားသည်။


“ကဲ…၊ ဓာတ်ပုံက ကျောင်းဒေါင့်က ဓာတ်ပုံဆိုင်မှာ လာရွေးနော်၊ ကလေးတို့။ ညနေဆို ရပြီ”


ဦးလေးကြီးက သူတို့ကို ပြောစရာရှိတာ ပြောပြီး လှည့်ထွက်သွားသည်။


“ဒါဆို… ငါ သွားတော့မယ် သုတ၊ နင့်ကို ငါ လာနှုတ်ဆက်တာ၊ ငါ့အိမ်က ငါကို အလစ်ပေးတာမဟုတ်ဘူး။ စုံညီပွဲမလို့ လွှတ်တာ။ အချိန်သိပ်မရဘူး။ ငါ မောင်နဲ့လည်း ရေကန်ပျက်ကြီးနား ချိန်းထားသေးတယ်”


“အော်… အေးအေး။ သတ္တိရယ်… ငါမင်းကို လွမ်းနေရတော့မှာပဲ”


“ငါရောပါပဲ သုတရယ်၊ အစစ အရာရာအတွက် နင့်ကို ကျေးဇူးတင်ပါတယ်။ နင်က ငါ့ဘဝရဲ့ အကောင်းဆုံး‌ သူငယ်ချင်းတစ်ယောက်ပါပဲ”


သတ္တိက သုတ၏ လက်ကလေးကို ခပ်ဖွဖွ ဆုပ်ကိုင်လျက် ဖျစ်ညှစ်လိုက်သည်။ ထို့နောက် လူအုပ်ကြားထဲသို့ တိုးဝှေ့ ပျောက်ကွယ်သွားတော့သည်။ တကယ်တော့ သတ္တိသည် သူ့ဘဝထဲမှ အပြီးအပိုင် နှုတ်ဆက်သွားခြင်း ဖြစ်သည်ကို သတ္တိတို့၏ မိဘတွေ သုတတို့အိမ်ကို ရောက်လာကြမှ သုတ နောက်ကျစွာ သိခဲ့ရတော့သည်။ သတ္တိ၏ မိဘတွေ ရောက်လာချိန်မှာ ည (၈)နာရီခန့်ပင် ထိုးတော့မည်။


“ဒီကို သတ္တိ ရောက်လာသေးလား”


“ရောက်မလာဘူး”


ခပ်မာမာ လေသံဖြင့် အပေါ်စီးက မေးလာသည့် သတ္တိအမေ၏ အမေးကို ခပ်ပြတ်ပြတ် လေသံမျိုးဖြင့် သုတ တုံ့ပြန်လိုက်သည်။


“မင်းတို့ စုံညီပွဲမှာ တွေ့ခဲ့သေးလား”


“တွေ့တယ်”


“ဒါပဲလား…”


“တွေ့လား မေးလို့ တွေ့တယ် ဖြေတယ်လေ။ ထပ်သိချင်ရင် ဆက်မေးပေါ့”


“မလောက်လေး မလောက်စားကများ၊ ကလန်ကဆန်နဲ့”


“အဲ့ဒီ မလောက်လေး မလောက်စားကိုပဲ အရေးတယူ လာမေးနေရတာမလား။ ကိုယ့်သားသမီး အကြောင်းကို သူများကို လိုက်မေးရတဲ့ မိဘ… ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်…”


သုတက စိတ်ထဲ ရှိသမျှ ပြောပစ်လိုက်ကာ ဟားတိုက် ရယ်မောပစ်လိုက်သည်။ သတ္တိ၏ မိဘများကတော့ မျက်နှာ ကွက်ခနဲ ပျက်သွားကြသည်။


“သူ ဘယ်သွားမယ် ပြောသေးလဲ”


“အဲ့ဒါတော့ ကျွန်တော်လဲ မသိဘူး။ ကျွန်တော်က သူ့မိဘမှ မဟုတ်တာ”


“မင်း…မင်း…”


သတ္တိ၏ မိဘများ ဒေါသထောင်းထောင်းထလျက် လှည့်ပြန်သွားမှ သုတ သူတို့ကြားအောင် တမင် ရယ်မောပစ်လိုက်သည်။ ထို့နောက် သုတ ကျေနပ်စွာ ပြုံးလိုက်၏။


အော်… သတ္တိ၊ သတ္တိ။ မင်းတော့ နာမည်နဲ့ လိုက်အောင် သတ္တိရှိကြောင်း ပြလိုက်ပြီပေါ့လေ။ မင်း… ဝဏ္ဏ ခိုးရာနောက် လိုက်ပြေးသွားပြီပေါ့။ မင်းဘဝလေး ဝဏ္ဏရဲ့ အချစ်တွေနဲ့ လုံခြုံနွေးထွေးပါစေ သူငယ်ချင်းလေး။


သုတ သူ့အတွေးကို သူ ကြည်နူးစွာ မျက်ရည်ကလေးများပင် ဝေ့ဝဲသွားရသည်။ သို့သော် သူ၏ အတွေးများသည် တက်တက်စင်အောင် လွဲချော်ခဲ့ရမှန်း နောက်တစ်နေ့ မနက်မှ သူ သိခဲ့ရသည်။ သုတ ကျောင်းသို့ လမ်းလျှောက်သွားနေရင်း မိန်းမကြီးနှစ်ယောက် ပြောသွားကြသည့် စကားများကြောင့် သုတ၏ နှလုံးသွေးတို့ ပွက်ပွက်ဆူအောင် ပူလောင်ပြင်းရှသွားစေသည်။


“ဟယ်… ကိုယ့်ကိုယ်ကိုယ် သတ်သေတာ၊ သူတို့မို့ မကြောက်မရွံ”


“ငါတော့ ရေကန်ကြီးရှေ့က ဖြတ်လျှောက်ရမှာတောင် ခပ်လန့်လန့်ပဲ။ အစိမ်းသေဆိုတော့… ဘုရား ဘုရား”


“အေးဟယ်၊ ကောင်လေးနှစ်ယောက် ဘယ်အချိန်ကများ ခုန်ချသွားလဲ မသိဘူး။ ပေါ်လာတော့ ပွတောင် ပွနေပြီ။ ရုပ်ပျက်ဆင်းပျက်နဲ့ဟယ်။ ငယ်သေးတဲ့ ဟာကို။ အရွယ်ကောင်းလေးတွေပါအေဟဲ့။ နှမျောစရာ…”


ကောင်လေးနှစ်ယောက်။ ရေတွင်းပျက်ကြီး။ အရွယ်ကောင်းလေးတွေ။ သတ်သေတာ။ 


တစွန်းတစ ကြားနေရသည့် ထိုစကားလုံးများကို သုတ ဆက်ကြည့်လိုက်ပြီးချိန်တွင် သူ့ရင်ထဲ ထိတ်ခနဲ ပူလောင်ပြင်းရှသွားကာ ရေတွင်းပျက်ကြီးဆီသို့ အရူးတစ်ပိုင်း ပြေးသွားမိသည်။ သုတ ရေတွင်းပျက်ကြီး၏ အနီးအနားဆီသို့ ရောက်သွားချိန်တွင် ရေတွင်းပျက်ကြီးအတွင်းမှ လူသေအလောင်းနှစ်လောင်းကို ထုတ်ဆယ်ပြီး မြေကြီးပေါ်သို့ ချထားပြီးဖြစ်သည်။ 


မြေပြင်ပေါ်တွင် ငြိမ်သက်စွာလဲလျောင်းနေသည့် ကောင်လေးနှစ်ဦးကို သုတ မြင်လိုက်ရချိန်တွင် လက်ထဲမှ ကိုင်ထားသည့် ထမင်းချိုင့်လေးသည် မြေပြင်ပေါ်သို့ လွတ်ကျသွားသည်။


ထို့နောက် မြေပြင်ပေါ် ဒူးထောက်ထိုင်ချလျက် သတိကင်းလွတ်စွာ ဦးနှောက်ပျက်နေသူတစ်ဦးလို အော်ဟစ်ငိုကြွေးလိုက်တော့သည်။


သတ္တိရယ်…၊ ငါ့ သူငယ်ချင်းလေး ကောင်းရာ မွန်ရာ ရောက်ပါစေ။ မင်းသိပ်ချစ်တဲ့ ဝဏ္ဏနဲ့လည်း ဘဝဆက်တိုင်း ပေါင်းဖက်နိုင်ပါစေ။ သူငယ်ချင်းရေ… မင်းသာ ဒီအချိန် ရှိနေသေးရင် ငါ မင်းကို ပြောပြစရာတွေ အများကြီး ရှိသေးတယ်ကွာ။ 


ဝေ့သီလာသည့် မျက်ရည်စများကြောင့် စိုက်ကြည့်နေခဲ့သည့် ကွန်ပျူတာ မျက်နှာပြင်မှာ ဝေဝါးလာခဲ့သည်။ လက်ပ်တော့ပ်လေးကို ပိတ်ချလိုက်ရင်း သုတ မျက်ရည်စများကို မျက်တောင်လေးများ ပုတ်ခတ်ကာ သိမ်းဆည်းလိုက်သည်။ ထို့နောက် ထိုနေရာမှ ထကာ ခရီးထွက်ဖို့အတွက် ရေချိုးကာ ပြင်ဆင်လိုက်တော့သည်။ 


🤍🤍🤍🤍🤍


မန္တလေးသို့ သုတတို့ကား ဆိုက်ကပ်ရောက်ရှိလာချိန်မှာ ညနေ (၅)နာရီခန့်ပင် ရှိပြီ။ ကားပေါ်မှ ဆင်းဆင်းပြီးချင်း တက္ကစီငှားရန် အတွက် ဘေးဘီဝဲယာကို ကြည့်နေချိန်မှာပဲ သူ အလုပ်လုပ်ခဲ့ဖူးသည့် နေပြည်တော်ရှိ ဟော်တယ်တစ်ခုက ကောင်လေးတစ်ယောက်ကို အမှတ်မထင်ဘဲ တွေ့လိုက်မိသည်။ ဟုတ်မှ ဟုတ်ပါ့မလားလို့ သူ သေချာကြည့်နေချိန်မှာပဲ… သူ့ နှလုံးသားလေး လူးလွင့်လှုပ်ရှားလာသည်။ 


“ဖယောင်း…”


သူ့ နှုတ်ဖျားမှ နာမည်လေးတစ်ခုကို ရေရွတ်မိချိန်တွင် ကောင်လေးတစ်ဦး၏ ခြေလှမ်းလေးများ ရပ်တန့်သွားသည်။ သို့သော် ထိုကောင်လေးက လှည့်မကြည့်ဘဲ ရှေ့သို့ ဆက်လှမ်းသွားချိန်တွင် သူ နာမည်လေးတစ်ခုကို တမ်းတမ်းတတ ထပ်ခေါ်လိုက်မိသည်။


“ဖယောင်း…”


ထိုအခါ ကောင်လေး၏ ခြေလှမ်းများ ရပ်တန့်သွားကာ သူ့ကို မချင့်မရဲ လှည့်ကြည့်လာသည်။ သေချာပါသည်…။ ထိုကောင်လေးသည် နေပြည်တော်ရှိ Cupid Hotel တွင် သုတ အလုပ်စဝင်ခဲ့သည့်နေ့က စက္ကန့်ပိုင်းစာမျှသာ တွေ့ဆုံခွင့်ရခဲ့သော်လည်း တစ်ဘဝစာ စွဲလန်းသွားနိုင်လောက်သည်အထိ သုတ မြတ်နိုးငြိတွယ်ခဲ့မိသည့် ဖယောင်းဆိုသည့် ကောင်ကလေးပင် ဖြစ်ပါသည်။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့


                                       🌹 ခက်ဆစ် 🌹



rate now: