book

Index 15

Chapter - 13

🌹🌹🌹🌹🌹-- ခွန်းသုတ -- 🌹🌹🌹🌹🌹 


မြန်မာနိုင်ငံ၏ လူသုံးအများဆုံး လူမှုကွန်ယက် အပလီကေးရှင်းတစ်ခုဖြစ်သည့် Facebook ၏ အင်တာနက်စာမျက်နှာများပေါ်တွင် အပြိုင်အဆိုင် ပေါ်ထွက်လာခဲ့သည့် လူငယ် Vlogger များထဲတွင် ခွန်းသုတတစ်ယောက်သည်လည်း အပါအဝင်ဖြစ်၏။ Vlogger တစ်ယောက်ဖြစ်သော်လည်း ခွန်းသုတသည် တခြားသော Vlogger များကဲ့သို့ အစားအသောက်များကို ညွှန်းဆိုပေးရသည့် Food Vlogger လည်း မဟုတ်၊ အလှကုန်ပစ္စည်းများကို ကိုယ်တိုင်သုံးစွဲ၍ မျှဝေကြေညာပေးတတ်သည့် Beauty Vlogger လည်း မဟုတ်၊ ခရီးသွားမှတ်တမ်းများကို ရိုက်ကူးထုတ်ဖော်ပြသပေးရသည့် Travel Vlogger လည်း မဟုတ်၊ တခြားလူငယ်များလို ဂိမ်းများကို တိုက်ရိုက်ထုတ်လွှင့်၍ ဂိမ်းကစားပြသည့် Game Steamer လည်း မဟုတ်ပြန်ပါ။ 

ကမ္ဘာကြီးပေါ်တွင် လူသားတစ်ဦးအဖြစ် ရှင်သန်ဖြစ်တည်လာသည့် လူ့ဘဝကြီးတွင် ခက်ခဲပင်ပန်းစွာ ရှင်သန်ရုန်းကန်နေရသည့် လူသားများ၏ ဘဝများကို ထုတ်ဖော်ရိုက်ကူး၍ မိမိ၏ ကိုယ်ပိုင် Facebook စာမျက်နှာတွင် ထုတ်လွှင့်တင်ဆက်သည့် Vlogger ဖြစ်သည်။ ခက်ခဲကြမ်းတမ်းလှသည့် ဘဝများအတွင်းကမှ လိင်တူချင်း စုံမက်ချစ်ခင်မြတ်နိုးကြသူ (LGBT) များ၏ ဘဝများကို အထူးသဖြင့် ဖော်ပြတင်ဆက်ပေးသည့် Vlogger တစ်ဦးအဖြစ် ခွန်းသုတကို လူသိများကြပါသည်။ ထို့ကြောင့် သူ့ကိုယ်သူ မည်သည့်ခေါင်းစဉ်အောက်က Vlogger တစ်ဦးဖြစ်မှန်း ခွန်းသုတ မသိပါ။ ခွန်းသုတတွင် ပြတ်သားတိကျသည့် ရည်ရွယ်ချက်တစ်ခုသာ ရှိပါသည်။ ထိုရည်ရွယ်ချက်မှာ… LGBT များ၏ ဘဝပုံရိပ်များသည်လည်း သာမန်လူသားများ၏ ဘဝများနှင့် ထပ်တူညီစွာ ဖြစ်တည်လျက်ရှိသည် ဆိုသည့် အချက်ကို LGBT များအပေါ် မလိုမုန်းထားစွာ ဆက်ဆံတတ်သည့် သူများအား အသိပေးတင်ဆက်လိုခြင်း ဖြစ်၏။ ထိုကဲ့သို့သော စိတ်ဆန္ဒများသည် ခွန်းသုတ ကိုးတန်းအရွယ်တွင် စတင် ပေါက်ဖွားလာခဲ့ပါသည်။ ခွန်းသုတ၏ အသွေးအသားများအတွင်းသို့ LGBT များ၏ ခံစားချက်များ၊ စကားသံများကို တစ်တိုင်းပြည်လုံး ကြားသိစေချင်လောက်အောင် နာနာကျင်ကျင် အော်ဟစ်ရင်ဖွင့်လိုက်ချင်သည့် ရင်နင့်ဖွယ်ရာ ခံစားခဲ့ရသည့် အဖြစ်အပျက်ဆိုးကြီး တစ်ခုသည် ခွန်းသုတတို့၏ အထက်တန်း ကျောင်းကြီးတစ်ခုတွင် ဖြစ်ပျက်ခဲ့ပါသည်။ 


ထိုစဉ်က ခွန်းသုတတို့၏ နဝမတန်း တန်းခွဲ (က) တွင် လူသိများသည့် ကျောင်းသားလေးတစ်ဦး ရှိခဲ့ဖူးသည်။ ထိုကျောင်းသားလေး၏ နာမည်မှာ ‌မင်းသတ္တိ။ သတ္တိသည် တစ်ဖက်သားကို ဆွဲဆောင်ညှို့ယူနိုင်စွမ်းအောင် ရုပ်ရည်ချောမောလွန်းရုံသာမက၊ ပညာရေးတွင်လည်း အလွန်ပါရမီပါသူ တစ်ဦးဖြစ်သည်။ သို့သော် သတ္တိ၏ လူသိများရခြင်း အကြောင်းအရင်းမှာ စာတော်လွန်း၍လည်း မဟုတ်၊ ရုပ်ရည်ချောမောလွန်း၍လည်း မဟုတ်ဘဲ  Gay တစ်ဦး ဖြစ်၍ လူသိများရသည်မှာ အံ့အားသင့်ဖွယ်ရာပင် ဖြစ်သည်။ ထိုစဉ်က လူအများစု၏ အမြင်များမှာ သိပ်ကို ကျဉ်းမြောင်းနေခဲ့တာကြောင့် Gay အဖြစ် ရှင်သန်မွေးဖွားလာသည့် လူသားတစ်ဦး၏ ဖြစ်တည်ချက်မှာ လှောင်ပြောင်ရယ်မောဖွယ်ရာ၊ ရွံမုန်းစက်ဆုတ်ဖွယ်ရာ အရာတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ထို့ကြောင့် တစ်ကျောင်းလုံးတွင် သတ္တိကို ပေါင်းသင်းခေါ်ပြောသည့် သူငယ်ချင်းမှာ လက်ချိုးရေတွက်စရာ မလိုအပ်အောင် တစ်ယောက်သာ ရှိသည်။ ထိုသူမှာ ခွန်းသုတပင် ဖြစ်ခဲ့ပါ၏။ 


သုတနှင့် သတ္တိမှာ ရှစ်တန်းကတည်းက ပေါင်းသင်းခင်မင်လာခဲ့ကြသည့် သူငယ်ချင်းများဖြစ်သည်။ တစ်တန်းလုံးက ရှောင်ကြဉ်သည့် သတ္တိကို သုတ ခင်မင်ရသည်။ တစ်တန်းလုံးက အဖက်မလုပ်သည့် သတ္တိကို သုတ ကရုဏာသက်စွာ ချစ်ခင်ဆက်ဆံရသည်။ သို့သော်… သတ္တိနှင့် ပေါင်းသည့် သုတကိုတော့ တစ်တန်းလုံးက မ‌စနောက်ရဲခဲ့ကြပါ။ သုတသည် အနေတည်သည့်အပြင် ခန္ဓာကိုယ်မှာလည်း အရွယ်နှင့်မလိုက်အောင် ကြီးထွားဖွံ့ဖြို့း ကြံ့ခိုင်၍ ဖြစ်၏။ 


မိန်းကလေးတစ်ဦးကဲ့သို့ နွဲ့နှောင်းပျော့ပြောင်းသည့် လမ်းလျှောက်ဟန်ကြောင့် လက်ညှိုးပေါင်းများစွာ ထိုးကာ အခြောက်ဟူသည့် ခပ်ရိုင်းရိုင်းစကားလုံးနှင့် အစချီ၍ ဆဲရေးတိုင်းထွာခံရသည့် သတ္တိ၊ မိန်းမဆန်သည့် ပြောဆိုပြုမူဟန်တို့ကြောင့်လည်း ကျောင်းသားအများစု၏ အထိန်းအကွပ်မဲ့စွာ စနောက်ရယ်မောခြင်းကို ခံရသည့် သတ္တိ၊ ယောက်ျားခန္ဓာနှင့် လူအဖြစ် ပေါက်ဖွားရှင်သန်ခဲ့ရသော်လည်း အတွင်းစိတ်သည်တော့ မိန်းကလေးများကဲ့သို့ ယောက်ျားလေးများအပေါ်တွင်သာ ညွတ်နူးယိမ်းခိုသည့် သတ္တိ။ သုတ၏ ချစ်လှစွာသော သူငယ်ချင်းလေး သတ္တိသည် ခန္ဓာမှား၍ ပေါက်ဖွားရှင်သန်ခဲ့ရသလို ကိုယ်တိုင် ရွေးချယ်ခွင့်မရှိသည့် မိသားစု အသိုက်အဝိုင်းမှာလည်း ကံကြမ္မာ၏ လှောင်ပြောင်မှုကြောင့် မှားယွင်းစွာပင် ဝင်စားခဲ့ရသည်။ သတ္တိ၏ မိသားစု အသိုင်းအဝိုင်းသည် သတ္တိ၏ မိန်းမဆန်စွာ နွဲ့နှောင်းမှုတို့ကို အပြင်းအထန် ပိတ်ပင်တားဆီး ချိုးနှိမ်ကြသူများသာ ဖြစ်ကြသည်။ 


“ယောက်ျား ယောက်ျားလိုနေ၊ ငါတို့ မွေးထားတာ ယောက်ျားလေး။ သား ယောက်ျားလေး မွေးလို့ အားကိုးအားထားပြုရမလား မှတ်တယ်… ဒင်းက လင်ယူပြီး အားပြန်ကိုးမယ့် မိန်းမလျာဖြစ်နေတယ်။ ရွံဖို့ကောင်းလိုက်တာ” 


“ငါတို့မျိုးရိုးမှာ အခြောက်မရှိဘူးနော်။ ငါတို့ မျိုးရိုးကို အရှက်မခွဲနဲ့” 


သည်လို စကားလုံးများသည် တခြားသူစိမ်းများထံမှ ကြားရခြင်းမဟုတ်ဘဲ သတ္တိ၏ မိဘများဆီမှ ကြားခဲ့ရခြင်းမှာ မယုံကြည်နိုင်အောင်ပင် ဖြစ်သည်။ ထိုစကားများကို သုတ၏ နားနှင့်ဆက်ဆက် ကြားခဲ့ရခြင်း ဖြစ်ပါသည်။ ထိုနေ့က သတ္တိ၏ အိမ်သို့ ကျောင်းမှတ်စုစာအုပ်များ ငှားရန် သုတ ရောက်ခဲ့ရသည့်နေ့ ဖြစ်သည်။ သူ့အိမ်ကို ယောက်ျားလေး သူငယ်ချင်းတွေ လာတာ သူ့မိဘများက မကြိုက်ဘူး‌ဆိုပြီး သတ္တိက မှာထားသဖြင့် သတ္တိမိဘများ အလုပ်သွားသည့် အချိန်ကို ရွေးချယ်ကာ သုတ သွားခဲ့ပါသည်။ သို့သော် ထိုနေ့မှ ကံဆိုးစွာ သတ္တိ၏ မိဘများသည် အချိန်မတိုင်ခင် အိမ်ပြန်ရောက်လာသဖြင့် သတ္တိ၏ အခန်းထဲတွင် စာကူးနေသည့် သုတနှင့် ပက်ပင်းတိုးတော့သည်။ သုတ နေမကောင်းဖြစ်၍ ကျောင်းပျက်တုန်းက လွတ်သွားသည့် စာတွေ လာကူးတာပါလို့ ရှင်းပြတာတောင် လက်မခံသည့် သတ္တိ၏ မိဘများကို ထိုနေ့က သုတ ပထမဆုံးအကြိမ် ရွံရှာမုန်းတီးသွားမိသည်။ 


“မှန်မှန်ပြောစမ်း…၊ နင်တို့ လူကြီးတွေ မရှိတဲ့ အချိန်မှာ ခိုးတွေ့နေတာဆိုတော့ ဘာတွေ လုပ်နေကြတာလဲ။ ဟမ်…” 


“ကျွန်တော် ကျောင်းပျက်တုန်းက လွတ်သွားတဲ့ သင်ခန်းစာတွေ လာကူးတာပါ အန်တီ…၊ ရိုးရိုးလေးပါပဲ၊ အန်တီ အမြင်ရှင်းရှင်းလေးနဲ့ ကြည့်တတ်ဖို့တော့ လိုတာပေါ့” 


သုတကတော့ သူ့ကို သူခိုးကို ပလိပ်စစ် စစ်နေသည့် သတ္တိအမေ၏ မျက်လုံးများကို စူးရဲစွာ စိုက်ကြည့်လျက် ပြန်ပြောလိုက်သော်လည်း သတ္တိကတော့ ခေါင်းလေးကို ငုံ့လျက် ရှိုက်ငိုနေခဲ့သည်။ 


“အံမယ်… ဘာကွ၊ မင်းကများ၊ လူလေးကဖြင့် လက်တောက်လောက်နဲ့၊ လူကြီးကို ပမာမခန့်၊ မင်း နောက်တစ်ခါ ငါတို့အိမ်ထဲ လာစရာမလိုဘူး၊ ငါ့သား အနားလည်း မကပ်နဲ့၊ အေး… အပြင်မှာ မင်းတို့ကို တွဲတွေ့တာနဲ့ အသေပဲ မှတ်။ ကြားတယ်နော်… ဟိုအခြောက်လိုလို၊ မိန်းမလျာလိုလိုအကောင်၊ မင်းလဲ နောက်တစ်ခါ တခြားယောက်ျားလေးတစ်‌ယောက်နဲ့ တွဲသွားတွဲလာလုပ်ကြည့်… အသေသတ်ပစ်မယ်” 


“ဒီကောင့်ကိုလည်း ဘယ်လိုထားရမှန်းကို မသိတော့ဘူး။ ယောက်ျားလေးနဲ့ ပေါင်းပြန်ရင်လည်း ညားသွားမှာ စိုးလို့ ရင်ပူရ၊ မိန်းကလေးနဲ့ ပေါင်းပြန်လည်း နဂိုထဲကမှ မိန်းမစိတ်ပေါက်နေတာကို အဆင်း ဘီးတပ်ပေးသလိုဖြစ်မှာ ကြောက်ရနဲ့… တကယ်ပါပဲရှင်…၊ ကျွန်မတော့ ဒီလိုကောင်မျိုး မွေးထားမိတာ ရှက်လွန်းလို့ လဲသေပစ်ချင်တော့တာပါပဲ” 


ထိုနေ့က သတ္တိ မိဘများ၏ ရွံရှာဖွယ်ရာ စကားကို ဆက်မကြားလိုတော့၍ သတ္တိ၏ အခန်းထဲမှ အပြေးထွက်လာမိတော့သည်။ သတ္တိမိဘများနှင့် မိနစ်နည်းနည်းလေးသာ ဆုံလိုက်ရသည့် သုတတောင် ဒီလောက် မွန်းကြပ်ရတာ၊ ဒီအရွယ်ရောက်သည့်အထိ ထို မိဘမဆန်သည့် မိဘများ၏ လက်အောက်တွင် ကြီးပြင်းလာရသည့် သတ္တိသာဆို ဘယ်လောက်များတောင် မွန်းကြပ်ပိတ်လှောင်နေရှာမလဲလို့ တွေးမိချိန်တွင် သတ္တိအစား သုတ နာကြင်စွာ ဝမ်းနည်းရသည်။ 


သို့သော် သတ္တိ နှလုံးသားနုနုကလေး၏ အချစ်ပန်းကလေး တစ်ပွင့်သည် သူ့မိဘများ၏ ပိတ်ဆို့ထိန်းသိမ်းမှုတွေကြားကပင် သတ္တိရှိစွာ လွန့်လူးရုန်းထွက်လာခဲ့သည်။ သတ္တိသည် သူတို့ ကျောင်းရှေ့က ထမင်းဆိုင်လေးတွင် အလုပ်လာလုပ်သည့် ဝဏ္ဏ ဆိုသည့် ကောင်လေးတစ်ဦးနှင့် မတော်တဆ ချစ်ကြိုက်သွားမိတော့သည်။ တကယ်တော့ ထိုထမင်းဆိုင်လေးကို သုတက အတင်းခေါ်ဆောင်သွား၍သာ သတ္တိ ရောက်ခဲ့ရခြင်း ဖြစ်သည်။ 


သတ္တိနှင့် ဝဏ္ဏ ဆုံဆည်းဖို့ အကြောင်းဖန်လာသည့် နေ့ရက်လေး၏ နေ့လည်စာ ထမင်းစား  ကျောင်းဆင်းချိန်တွင် ထမင်းဘူးများကို ဖွင့်ဖောက်ကာ ထမင်းစားဖို့ လုပ်တော့ သတ္တိ၏ ထမင်းချိုင့်သည် အခွံကြီးသာ ကျန်ရှိနေတော့သည်။ သုတကတော့ ထမင်းချိုင့် အခွံကြီးကို မြင်လိုက်သည်နှင့် ဘယ်သူ့ လက်ချက်မှန်း သိပြီ။ ဒါမျိုး အကျင့်ရှိတာ အတန်းထဲက ဟိုကောင် ကျော်စွာဝင်းပဲ ဖြစ်သည်။ သုတ ဒေါသထောင်းခနဲထွက်ကာ စာသင်ခုံကို ဒုန်းခနဲ မြည်အောင် ထိုးလျက် မတ်တပ်ထရပ်လိုက်ချိန်တွင် သတ္တိက သုတလက်ကို လှမ်းဆွဲ၍ အသနားခံသော မျက်ဝန်းများဖြင့် ကြည့်လျက် တားမြစ်ခဲ့သည်။ မိန်းကလေးတစ်ဦးကဲ့သို့ အရှက်အကြောက် ကြီးလှသည့် သူငယ်ချင်းလေး သတ္တိ၏ မျက်နှာကို ထောက်ထားကာ ဒေါသများကို မြိုသိပ်လျက် သုတ ပြန်ထိုင်လိုက်ရသည်။ 


“လာ…ဒါဆို ငါတို့ အပြင်ထွက်စားရအောင်။ ကျောင်းရှေ့က ထမင်းဆိုင် သွားစားမယ်” 


“ဟာ… သုတကလည်း၊ ငါ အပြင်ထွက် မစားရဲပါဘူး။ အပြင်ထွက်လို့ ငါ့အသိုင်းအဝိုင်းက အသိတွေနဲ့ တွေ့လို့ ငါ အတိုင်ခံရရင် အိမ်ကျ အဖေက ငါ့ကို ထိုးလိမ့်မယ်” 


“သတ္တိကလည်းကွာ၊ ဒါဆို ထမင်းကို ဘယ်လို စားမလဲ။ ငါ့မှာလည်း တစ်ယောက်စာပဲ ပါတာ။ ငါတို့ ဘယ်ဝပါ့မလဲ” 


“နင်ပဲ စားလိုက်ပါ သုတရယ်၊ ငါ မစားတော့ပါဘူး။ တစ်ရက်တစ်လေပဲဟာ၊ ဘာမှ မဖြစ်ပါဘူး” 


“ဟာ… မရဘူးကွာ၊ လာပါ သတ္တိရာ၊ မင်းကလည်း… လာ၊ ဒီလိုလုပ်၊ ဆိုင်ထဲကို ငါအရင် ဝင်မယ်၊ ပြီးမှ မင်းဝင်လာခဲ့။ မျက်နှာကိုလည်း ဗလာစာအုပ်နဲ့ ကာလာခဲ့။ ဒါဆို ဘယ်သူမှ မြင်မှာမဟုတ်ပါဘူး” 


သုတက သည်လို ဇွတ်အတင်းဆွဲခေါ်မှ သတ္တိက ယက်ကန်ယက်ကန်နှင့် မလိုက်ချင် လိုက်ချင် လိုက်လာခဲ့သည်။ သုတက ဆိုင်ထဲသို့ လျင်မြန်စွာ ဝင်သွားလိုက်ပြီး ခဏအကြာတွင် သတ္တိကို လက်လှမ်းပြကာ ခေါ်လိုက်သည်။ သည်တော့မှ သတ္တိက သုတပြောသလို မျက်နှာကလေးကို စာအုပ်ကလေးနှင့် ဖုံးကာ ခေါင်းကို ငိုက်စိုက်လျက် ဆိုင်အတွင်း ဝင်လာခဲ့သည်။ ထိုအချိန်တွင် ဧည့်သည်များရှိရာ စားပွဲများဆီသို့ ဟင်းရည်များ ချပေးရန် ပန်းကန်လုံးများ သယ်ရင်း လှည့်ထွက်လာသည့် ဝန်ထမ်းကောင်လေးတစ်ဦးနှင့် ခေါင်းငိုက်စိုက်လျက် ထမင်းဆိုင်အတွင်းဝင်လာသည့် သတ္တိ တည့်တည့်ကြီး ဝင်‌ဆောင့်တော့သည်။ 


ပန်ကန်များ ကျကွဲသံများနှင့်အတူ ဆိုင်အတွင်းမှ လူများစွာတို့၏ အကြည့်‌တို့သည် သတ္တိနှင့် ဝဏ္ဏတို့ရှိရာဆီ စုပုံကျရောက်လာသည်။ ဟင်းရည်များ ရွဲစိုကာ ပန်းကန်လုံးအကွဲအစများကို ပျာပျာလောင်လောင် ကောက်ယူနေသည့် ဝဏ္ဏကို မျက်နှာပူအားနာစွာ သတ္တိ ပန်းကန် အကွဲများကို လိုက်ကောက်ပေးလိုက်သည်။ ပန်းကန်ကွဲစ တစ်ခုဆီသို့ သတ္တိ၏ လက်အရောက်တွင် ဝဏ္ဏ၏ လက်လည်း ထိုအကွဲစဆီသို့ လှမ်းလာကောက်ယူလိုက်ရာ သတ္တိ၏ လက်ကို ဆုပ်ကိုင်ထားမိသလို ဖြစ်သွားသည်။ ထိုလက်တစ်စုံ၏ အထိအတွေ့ကလေးသည် အချစ်တစ်ခု စတင်ပေါက်ဖွားရာ ခိုင်ခံ့သော ရေသောက်မြစ်ကြီးတစ်ခုဖြစ်နေခဲ့သည်မှာ အံ့ဩထူးဆန်းဖွယ်ရာပါပင်။ ထိုလက်နှစ်ဖက်၏ မတော်တဆ ချိတ်ဆက်မှုလေးသည် ဘဝနှစ်ခု၏ ကြားခံ အချိတ်အဆက်လေးတစ်ခုလည်း ဖြစ်ရပြန်သည်။ ထို တခဏ ချိတ်ဆက်မှုသည် တစ်ဘဝစာအတွက် လုံလောက်စွာ စွဲမြဲချိတ်တွယ် သွားလိမ့်မည်ဟူ၍ သုတ မထင်မှတ်ထားမိခဲ့ပါ။ 


သုတတို့တွေ ကိုးတန်းဖြေပြီး ဆယ်တန်းစတတ်တဲ့ အချိန်ကာလများသို့ ရောက်လာခဲ့ချိန်တွင် သတ္တိတို့ ချစ်သူတွေ ဖြစ်ခဲ့ကြသည်မှာ ရှစ်လပြည့်ပြီး၍ ကိုးလနီးပါး ရှိခဲ့ပြီ။ လူမသိ၊ သူမသိ ခိုးချစ်ခဲ့ရသည့် သတ္တိတို့၏ အချစ်ဇာတ်လမ်းကလေးတွင် သုတသည် အဓိကကျသည့် ဇာတ်ပို့လေးဖြစ်ရသည်။ နွေရာသီ ကျောင်းပိတ်ရက်များတွင် မိဘတွေ လစ်တုန်း ခိုးခိုးထွက်လာသည့် သတ္တိကို ကျောင်းရှေ့က ထမင်းဆိုင်ကလေးနှင့် မလှမ်းမကမ်းက ရေတွင်းပျက်ကြီးရှိရာသို့ သုတကိုယ်တိုင် လိုက်ပို့ပေးရသည်။ ထမင်းဆိုင်တွင် ဧည့်ပါးချိန်ဖြစ်သည့် နေ့လည်စောင်းအချိန်များတွင် ဝဏ္ဏက ဆိုင်ရှင်ထံ ခွင့်တောင်းကာ အပြင်ခဏဆိုပြီး ခွင့်တောင်းထွက်လာခဲ့ကာ ရေတွင်းပျက်ကြီးတွင် ချစ်သူနှစ်ဦးဆုံရကြသည်။ 


ရေတွင်းပျက်ကြီးသာ ဆိုပေမယ့် ရေတွင်းကြီးထဲတွင် ရေများသည် ဝါးတစ်ပြန်စာ ရှိနေသေးသည်ဟု လူကြီးတချို့ ပြောသည်ကို သုတ ကြားဖူးသည်။ လွတ်လပ်ရေး မရခင် ခေတ်ကတည်းက အင်္ဂလိပ်တို့ တူးဖော်ထားသည့် ရေတွင်းကြီးဖြစ်သည့်အတွက် ရေတွင်း၏ အနက်မှာလည်း ပေ (၄၀)ခန့် ရှိမည်။ မြေပေါ်တွင် ပေါ်နေသည့် ရေတွင်းကြီး၏ နံရံကိုက လူတစ်ရပ်စာရှည်သည့်အတွက် သတ္တိတို့ ချိန်းတွေ့လျှင် ထိုရေကန်ကြီးကို ကွယ်ကာ ထိုင်လိုက်ရုံသာ။ သုတကတော့ သတ္တိကို ရေကန်ကြီးနား ချထားပေးခဲ့ပြီး ဝဏ္ဏ ရောက်လာသည်နှင့် ကျောင်းဝန်းထဲ သွားထိုင်နေလိုက်သည်။ ခဏလောက် အကြာမှ သတ္တိကို သုတ သွားပြန်ခေါ်ကာ သတ္တိတို့၏ ရပ်ကွက်အနားထိရောက်အောင် ပြန်ပို့ပေးရသည်။ ဤသို့ဖြင့် သာယာပျော်ရွှင်ခဲ့ရသည့် သတ္တိ၏ အချစ်ဇာတ်လမ်းကလေးသည် တစ်နေ့တွင် ပြသနာ စတော့သည်။ 


ထိုနေ့က သတ္တိ ကျောင်းကို ကတုံးကြီးနှင့် ရောက်ချလာသည်။ မြေကြီးကိုသာ ခေါင်းငိုက်စိုက်ကြည့်လျက် မျက်နှာကို လက်ဖြင့်ကွယ်ကာ အတန်းထဲသို့ ရှက်ကိုးရှက်ကန်းဖြင့် ဝင်လာသည့် သတ္တိ၏ မျက်နှာကို သုတ အခုထက်ထိ မေ့မရသေးပါ။ ဆံပင်တစ်မျှင်လေးမှ မကျန်အောင် ရိတ်ထားသည့် ‌သတ္တိ၏ ဦးခေါင်းကို သုတပင် ကြောင်အမ်းစွာ စိုက်ကြည့်နေခဲ့မိသည်။ အတန်းထဲက ကျောင်းသားတချို့၏ လှောင်ရယ်သံများသည်တော့ ထုံးစံအတိုင်း ပျံ့လွင့်လျက်။ 


“သတ္တိ၊ မင်း… မင်း ခေါင်းက ဘယ်လို ဖြစ်လာရတာလဲ” 


“…..” 


“‌သတ္တိ၊ ငါ မေးနေတယ်လေ” 


ခုံပေါ်တွင် မျက်နှာအပ်လျက် မှောက်ကွယ်ထားသည့် သတ္တိထံမှ အဖြေစကားမကြားရ၍ သုတ အားမလို၊ အားမရ ထပ်မေးလိုက်သည်။ သည်တော့မှ သတ္တိက… မျက်နှာမော့မကြည့်ဘဲ မှောက်နေလျက်ကပင် ဖြေသည်။ 


“မောင်… မောင်နဲ့ ငါ့အကြောင်းကို အိမ်က သိသွားကြပြီ သုတ။ အဲ့ဒါကြောင့် ငါ့ကို အဖေ… အဖေက ခေါင်းတုံးတုံးပေးလိုက်တာ” 


သတ္တိသည် ဖြေနေလျက်က အသံဖျားကလေးများ တုန်ယင်ကာ တအိအိ ရှိုက်ငိုတော့သည်။ 


“ဘာကွ !!! မဆိုင်လိုက်တာ !!!” 


သုတ၏ ခံပြင်းမုန်းတီးစွာ တောက် ခေါက်သံတစ်ချက်သည် စာသင်ခန်းထဲတွင် ပျံ့လွင့်ရိုက်ခတ်သွားတော့သည်။ ထိုနေ့က သုတပင် ကျောင်းအုပ်ကြီး ရုံးခန်းသို့ ဆင့်ခေါ်ခံခဲ့ရသည်။ ပြစ်မှုက အောင်သွယ်လုပ်မှုတဲ့လေ။ မိဘခေါ်ခဲ့ဖို့တော့ ကျောင်းအုပ်ကြီးက မပြောပေမယ့် နောက်တစ်ခါ ထပ်ပြီး သတ္တိကို အောင်သွယ်လုပ်ပေးခဲ့ရင် ကျောင်းအပြီး ထုတ်ပစ်မည်ဆ်ုသည့် ‌ခြိမ်းခြောက်စကားကိုတော့ သုတ ကြားခဲ့ရသည်။ ကျောင်းအုပ်ကြီးရုံးခန်းက ထွက်လာပြီးချိန်တွင် သုတ ကောင်းကင်ကြီးကို မော့ကြည့်လျက် ခပ်အက်အက် ရယ်လိုက်သည်။ 


ဝဏ္ဏ၏ ဆိုင်သို့လည်း သတ္တိ၏ မိဘများ ရောက်ချလာကာ ဆိုင်ပိုင်ရှင်ကို တိုင်ကြားသွားသည်တဲ့လေ။ ဝဏ္ဏကိုလည်း လက်ညှိုးငေါက်ငေါက်ထိုး၍ ရရက်စရာမရှိအောင် ဆဲဆိုကြိမ်းမောင်း သွားသည့်အကြောင်း သုတ ပြန်ကြားရသည်။ ထို့အတွက် ဝဏ္ကကို ဆ်ုင်ရှင်က အလုပ်ဖြုတ်ပစ်လိုက်သည်။ ၀ဏ္ဏ အလုပ်ပြုတ်သွားသည့်အတွက် သတ္တိတို့၏ အချစ်ဇာတ်လမ်းသည် တစ်ခန်းရပ်သွားလိမ့်မည်ဟု သတ္တိ၏ မိဘများက သတ်မှတ်ခဲ့ကြပုံပေါ်ပါသည်။ 


သို့သော်… 


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့


                                           🌹ခက်ဆစ်🌹



rate now: