book

Index 14

Chapter - 12

မန္တလေးမြို့၏ လူကုံထံများသာ နေထိုင်သည့် ဆိတ်ငြိမ်ရပ်ကွက်တစ်ခု၏ ခြံတစ်ခြံ၏အရှေ့တွင် သံမဏိ၏ Honda ကား အမည်းလေးသည် ဆိုက်ရောက်လာခဲ့၏။ ခြံဝန်းတံခါးတစ်ခုလုံးကို ကနုတ်ပန်းခွေ ပန်းခက်ကလေးများ ရစ်သိုင်းဖွဲ့နှောင်ထားသည့်သဏ္ဍာန်ဖြင့် အလှဆင်ထားသည့် သံပန်းတံခါးချပ်ကြီးနှစ်ချပ်ကိုသာ အသုံးပြုထားပြီး အဝေးထိန်းခလုပ်နှင့် အလိုအလျောက်ဖွင့်ပေးနိုင်သည့် စနစ်ကို တပ်ဆင်ထားသည်။ ခြံတံခါးဖွင့်လိုလျှင် လူကိုယ်တိုင် ပြေးဖွင့်စရာမလိုဘဲ ခလုပ်ကလေးတစ်ချက် နှိပ်လိုက်ရုံနှင့် သံပန်းတံခါးနှစ်ချပ်သည် အလည်တည့်တည့်မှ ဖြည်းညင်းစွာ အလိုအလျောက် ပွင့်ဟသွားမည်သာ။


သံမဏိသည် ခြံရှေ့သို့ ရောက်သောအခါ ကားဟွန်းကို နှစ်ချက်တီးလိုက်သည်။ ထိုအခါ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည့် အိမ်တော်ထိန်းကြီး ဒေါ်ထားခင်သည် ဧည့်ခန်းထဲရှိ နံရံ၏ ထောင့်တစ်‌ထောင့်တွင် တပ်ဆင်ထားသည့် CCTV Monitor ကို မော့ကြည့်လိုက်သည်။ CCTV Monitor ၏ မျက်နှာပြင်ပေါ်တွင် ခြံအတွင်း၊ ခြံအပြင်နှင့် အိမ်အတွင်းရှိ နေရာတချို့တို့ကို ဖမ်းယူရိုက်ကူးပြသလျက်ရှိသည့် အကွက်ငယ်လေးများထဲမှ ခြံရှေ့မှ ပုံရိပ်များကို ဖမ်းယူ ရိုက်ကူးပြသ‌သည့် အကွက်ငယ်လေးတစ်ခုကို ဒေါ်ထားခင် ရွေးချယ်၍ ကြည့်ရပါသည်။ ခြံရှေ့တွင် ဒဿနှင့် မာနတို့ ဂိုက်ဆရာ၏ ကားအမည်းလေးကို တွေ့မြင်လိုက်ရသောအခါ ဒေါ်ထားခင်သည် ခြံဝန်းတံခါး၏ အဝေးထိန်းခလုပ်ကလေးကို နှိပ်လိုက်ပါသည်။ တီခနဲ မြည်သံတိုလေး တစ်ချက်နှင့်အတူ သံပန်းတံခါးလေးသည် ပွင့်ဟသွားတော့၏။ ခြံတံခါးခလုပ်ကို နှိပ်၍ ခြံတံခါးဖွင့်ပေးပြီးသည်နှင့်တစ်ပြိုင်နက် ကလေးနှစ်ယောက် စာကြည့်ခန်းအတွင်း အဆင်သင့် ရှိ၊ မရှိ သိချင်၍ CCTV Monitor ကို ထပ်မံမော့ကြည့်လိုက်သည်။ စာဖတ်ခန်းထဲတွင် စာကြည့်ရင်း အဆင်သင့်ထိုင်စောင့်နေကြသည့် ကလေးနှစ်ယောက်၏ ပုံရိပ်များကို မြင်လိုက်ရချိန်တွင် ဒေါ်ထားခင် သဘောကျစွာ ပြုံးလိုက်သည်။ ထို့နောက် ဂိုက်ဆရာလေး၏ ကား ခြံထဲသို့ ရောက်ချိန်ကို စောင့်၍ ခြံတံခါးကို ပြန်ပိတ်လိုက်‌သည်။


သံမဏိ၏ ကားလေးသည် ခြံဝန်းထဲ ဖြည်းညင်းစွာ မောင်းဝင်လာပြီး တိုက်၏ ဆင်ဝင်နေရာတွင် ညင်သာစွာ ရပ်တန့်သွားသည်။ ကွန်ကရစ်တိုင်လုံးကြီး နှစ်လုံးနှင့် ချိတ်ဆက်ဆောက်လုပ်ထားသည့် ဆင်ဝင်နေရာသည် ခမ်းနားစွာ လှပသည်။ တိုက်ကြီး၏ မျက်နှာစာရှိ ထောင့်စွန်းနေရာများတွင်လည်း ကွန်ကရစ်တိုင်လုံးများကို တပ်ဆင်ထားသောကြောင့် တိုက်ကြီးသည် နန်းတော်ကြီးတစ်ခုလို ခမ်းနားထည်ဝါလွန်းသည်။ တိုက်တစ်ခုလုံးကို အဖြူရောင်ကိုသာ အသုံးပြုလျက် ဆောက်လုပ်ဆေးခြယ်ထားသည်။ တိုက်ဖြူကြီး၏ အပေါ်ထပ် အလည်တည့်တည့်နေရာတွင် မှန်ချပ်ကြီးများ တပ်ဆင်ထားကာ ရွှေဝါရောင် ပိုးဖဲစ လိုက်ကာများဖြင့် ကာထား၏။ သံမဏိသည် ဤတိုက်ကြီးဆီသို့ ဒုတိယအကြိမ်မြောက် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါ၏။


“မင်္ဂလာပါ ဆရာလေး”


ဒေါ်ထားခင်သည် ဧည့်ခန်းထဲသို့ အေးဆေးတည်ငြိမ်သော လှုပ်ရှားမှုတို့ဖြင့် ဝင်ရောက်လာသည့် သံမဏိကို ဆီးကြို၍ နှုတ်ဆက်လိုက်သည်။


“မင်္ဂလာပါ ကြီးကြီး…၊ ဒါနဲ့လေ ကျွန်တော့်ကို ဆရာလေးလို့ မခေါ်ပါနဲ့ဗျာ။ နာမည်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မောင်ရင်လို့ပဲ ဖြစ်ဖြစ် ရင်းရင်းနှီးနှီး ခေါ်ပါလား။ ဆရာလေးဆိုတော့ သီလရှင်လိုလို၊ ဗေဒင်ဆရာလိုလို ဖြစ်နေလို့ပါ”


သံမဏိက ဒေါ်ထားခင်ကို ဖော်ရွေနွေးထွေးစွာ စ,နောက်လိုက်တော့ ဒေါ်ထားခင်က သဘောကျစွာ မျက်လုံးပေါက်များ ပိတ်မတတ် ပြုံးရယ်တော့သည်။


“ဒါဆိုလည်း… ဆရာ လောက်တော့ ခေါ်ပါရစေကွယ်။ ကြီးကြီးက ဆရာ့ကို လေးစားသမှုနဲ့ပါ။ မောင်ရင်လို့တော့ မခေါ်ပါရစေနဲ့”


“အော်… ပြောကာမှ ပိုဆိုးနေပါပြီ ကြီးကြီးရယ်။ ဒါဆိုလည်း မောင်သံမဏိ လို့ ခေါ်ပါလား။ ကျွန်တော် စိတ်ချမ်းသာအောင် ခေါ်ပေးပါနော်”


သံမဏိက သည်လိုတောင်းဆိုလာတော့လည်း ဒေါ်ထားခင်က အားနာပါးနာ လိုက်လျောရပါသည်။


“ဒါဆိုလည်း ကောင်းပါပြီ ဆရာ… အဲလေ… မောင်သံမဏိရယ်။ ဒါနဲ့ တစ်ခုခု သုံးဆောင်ဖို့ ကြီးကြီး ဘာပြင်ပေးရမလဲ”


“ရပါတယ် ကြီးကြီး။ ကြီးကြီး အဆင်ပြေမယ့်ဟာပဲ လုပ်ပေးပါ။ ကျွန်တော့်အတွက် ကြီးကြီးကို အလုပ်မပိုစေချင်ပါဘူး”


“အို…မဟုတ်တာ မောင်သံမဏိရယ်။ ဒါလေး ပြင်ဆင်ပေးရတာ ဘယ်နှယ့် အလုပ်ပိုပါ့မလဲ။ ကလေးတွေကတော့ စာဖတ်ခန်းထဲမှာ အဆင်သင့်ပဲ။ ကြီးကြီး ခဏနေ မုန့်တစ်ခုခုပြင်ဆင်ပြီး လာပို့ပေးမယ်နော်”


သံမဏိက ‌ဒေါ်ထားခင်ကို နှစ်လိုဖွယ်ရာ ခေါင်းညိတ်ပြုံးပြလိုက်ပြီး စကားဖြတ်ကာ စာကြည့်ခန်းအတွင်းသို့ ဝင်သွားလိုက်ချိန်တွင် အဓိပ္ပာယ် ကွဲပြားခြားနားလျက်ရှိသည့် မျက်ဝန်းနှစ်စုံကို တွေ့မြင်လိုက်ရသည်။ မျက်ဝန်းတစ်စုံသည်တော့ သံမဏိ လာမည့်အချိန်ကို မျှော်လင့်ကြီးစွာ စောင့်စားလျက် သံမဏိကို မြင်လိုက်ရချိန်တွင် ရွှန်းလဲ့တောက်ပသွားသည့် မျက်ဝန်းဖြစ်သည်။ ကျန်တစ်စုံသည်တော့ သံမဏိကို မလိုလားစွာ၊ မနာလိုမုန်းတီးစွာ စိုက်ကြည့်နေလေသည်။ ထိုမျက်ဝန်းတို့ကို မသိကျိုးကျွံပြုလျက် သံမဏိ အချိုသာဆုံး ပြုံးပြလိုက်သည်။


“အစ်ကို… ရောက်လာပြီလား”


ဒဿနက သံမဏိကို မြင်လိုက်တာနှင့် ရွှန်းလဲ့တောက်ပသွားသည့် မျက်ဝန်းတို့နှင့် ပြုံးရွှင်စွာ နှုတ်ဆက်သည်။ မင်းမာနကတော့ ခေါင်းကို ငုံ့လျက် စာအုပ်တစ်အုပ်၏ အဖုံးကို အဓိပွာယ်မဲ့စွာ စိုက်ကြည့်နေခဲ့သည်။


“ရောက်ပြီ ညီရေ... မနေ့က သင်္ချာအဖြေလွှာတွေကို အစ်ကို အမှတ်ခြစ်ခဲ့ပြီ။ ညီတို့က အစ်ကိုထင်ထားတဲ့အတိုင်း သိပ်တော်ကြတာပဲ။ ဒါကြောင့် ဆရာကြီးက အခုချိန် စာမေးပွဲကောက်ဖြေရင်တောင် ပူစရာမလိုဘူးလို့ ပြောတာကိုး”


လက်ဆွဲအိတ်ထဲမှ အဖြေလွှာနှစ်စုံကို ထုတ်လိုက်ရင်း သံမဏိ ဆက်ပြောသည်။


“ဂုဏ်ထူးမှတ်ထွက်ပေမယ့် တချို့နေရာတွေက ညီတို့ရဲ့ ပေါ့ဆမှုတွေကြောင့် မလျော့သင့်ဘဲ အမှတ်တွေ လျော့ရတယ်။ တကယ်တမ်းသာ အဲ့ဒီ ပေါ့ဆမှုလေးတွေကို ပြင်လိုက်မယ်ဆိုရင် ညီတို့နှစ်ယောက်စလုံး သင်္ချာဘာသာရပ်မှာ ရာပြည့်ရနိုင်တယ်”


“ဟုတ်တယ် အစ်ကို၊ ညီတို့က နည်းနည်းတော့ လျှမ်းတယ်”


“အင်း…၊ လျှမ်းတတ်မှန်းသိရင် ပြင်ရမှာပေါ့။ ဒဿနရဲ့ အဖြေလွှာကို ကိုယ် အရင်ပြမယ်။ ဒီမှာကြည့်…၊ ဒီပုစ္ဆာလိုမျိုးမှာဆိုရင် ဒီအဖြေကို ရဖို့ ဘယ်လိုတွက်ထားတယ်ဆိုတဲ့ အကြမ်းမျိုး ဘေးမှာ တွက်ပြဖို့လိုအပ်တယ်။ တချို့နှစ်တွေရဲ့ အမှတ်ပေးစည်းမျဉ်းတွေထဲမှာ အဲ့အကြမ်းကို အမှတ်ပေးရတာမျိုးတောင် ရှိတယ် ညီ။ ဒါကြောင့် အကြမ်းကိုလည်း တွက်ပြထားဖို့ မမေ့နဲ့”


“ဟုတ်ကဲ့ အစ်ကို”


“နောက်ပြီး မင်းမာနကကျ ပုစ္ဆာ တစ်ပုဒ်ရဲ့ ပုဒ်ခွဲတစ်ခုမှာ ပုစ္ဆာနံပါတ်တပ်မထားဘူး။ အဲ့ဒါ အမှတ်ပေးစည်းမျဉ်းအရ လုံးဝ ဘောင်မဝင်ဘူးနော်။ ဘယ်လောက်မှန်နေပါစေ အမှတ်ပေးလို့ မရဘူး။ ကျတဲ့သူတွေအတွက် အမှတ်လိုနေတယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဂုဏ်ထူးသမားတို့၊ ရာပြည့်သမားတို့အတွက်ဆိုရင် လုံးဝ မစဉ်းစားပေးဘူး။ စာမေးပွဲအခန်းထဲမှာ စာပြန်စစ်တဲ့အခါ ပုစ္ဆာနံပါတ်ကအစ ပြန်စစ်ကြပါ”


မင်းမာနက သံမဏိ၏ စကားကို ခေါင်းတစ်ချက် ညိတ်ပြရုံသာ တုံ့ပြန်ခဲ့၏။ ထိုအချိန်တွင် စာကြည့်ခန်းထဲသို့ ဒေါ်ထားခင် ဝင်လာခဲ့သည်။


“မောင်သံမဏိ၊ ဒီမှာ… အဆာပြေ ကိတ်နဲ့ ကော်ဖီလေး သုံးဆောင်လိုက်ပါဦး”


“ဟုတ်ကဲ့ ကြီးကြီး၊ ကျေးဇူးတင်ပါတယ်ဗျ”


ဒေါ်ထားခင်က စားပွဲအလွတ်တစ်ခုပေါ်တွက် မုန့်ဗန်းကို တင်ခဲ့လျက် ပြန်ထွက်သွားတော့မှ သံမဏိ စကားကို ဆက်လိုက်သည်။


“ညီတို့ အတွက်အချက်နဲ့ဆို သင်္ချာရာပြည့်ရနိုင်တယ်။ ဒါ့ကြောင့် မလျော့သင့်တဲ့ အမှတ် မလျော့ရအောင် သေချာ အာရုံစိုက်ကြနော်”


“တကယ်လို့ ကျွန်တော်သာ သင်္ချာရာပြည့်ရခဲ့မယ်ဆိုရင် အစ်ကို ကျွန်တော့်ကို ဘာပေးမလဲ”


မျှော်လင့်မထားသည့် ဒဿန၏ မေးခွန်းကြောင့် သံမဏိ စိတ်များသည် လေပွေလေးတစ်ခု၏ ဝှေ့တိုးတိုက်ခတ်ခြင်း ခံလိုက်ရသည့် မြက်ပင်က‌လေးများလို လှုပ်ရှားခါရမ်းသွားသည်။


သံမဏိစိတ်ထဲ တစ်ခုခုကို သိလိုက်သလိုပါပင်။ ထို့အတူ တစ်ချိန်လုံး ‌စာအုပ်တစ်အုပ်ကိုသာ ခေါင်းငုံ့ကြည့်နေခဲ့သည့် မင်းမာနသည်လည်း ဆက်ခနဲ ခေါင်းကို မော့လာကာ ဒဿနကို လှမ်းကြည့်နေသည်။ ဒဿနကို လှမ်းကြည့်နေခဲ့သည့် မင်းမာန၏ မျက်ဝန်းများတွင် စိုးရိမ်ကြောင့်ကြမှု တစ်စုံတစ်ခုကို သံမဏိ ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။ သံမဏိနှင့် အစ်ကို ဖြစ်သူ ဒဿန၏ နီးစပ်မှုကို မလိုလားသည့် မင်းမာန၏ မျက်ဝန်းများကို သံမဏိ မြင်လိုက်ရချိန်တွင် မဲ့ပြုံးလေးတစ်ချက်ကို လှလှပပ ပြုံးလိုက်ပြီး ဒဿနဆီသို့ နူးညံ့ညင်သာသော အကြည့်ရွှန်းရွှန်းကလေးများဖြင့် လှည့်ကြည့်လိုက်သည်။


“အိုကေလေ…၊ ဒဿနက ကိုယ့်ကို ဘာတောင်းဆိုချင်လို့လဲ”


သံမဏိက စကားသံလေးကို သူတို့ ကြားနိုင်ရုံမျှ တိုးဖွသော လေသံကလေးဖြင့် ချိုသာနူးညံ့စွာ ထိန်း၍ ပြောလိုက်သည်။ သံမဏိ၏ စကားအဆုံးတွင် သူ့ဆီကျရောက်လာသည့် မင်းမာန၏ အကြည့်စူးစူးများကိုတော့ သံမဏိ လျစ်လျူရှုထားလိုက်ပါသည်။


“ညီတောင်းဆိုတာကို သေချာပေါက် အစ်ကို လိုက်လျောရမယ်နော်”


“အင်းပါ… ညီရဲ့၊ ပြောလေ… ဘာများလဲ”


သူတို့နှစ်ဦး၏ စကားများကို နားထောင်နေရင်း မင်းမာန၏ လက်ချောင်းကလေးများမှာ သိသိသာသာ တုန်ယင်လာသည်။ 


“ဒါဆို ကတိနော် အစ်ကို။ ဒါပေမယ့်… ကျွန်တော် အခုတော့ မပြောသေးဘူး။ စာမေးပွဲပြီးလို့ သင်္ချာရာပြည့်ရတော့မှ ကျွန်တော်တောင်းမယ့် အရာကို ပြောတော့မယ်”


ဒဿနသည် သူ့စကားသူ မလုံမလဲဖြစ်ကာ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းကို ငုံ့သွားပြီး တစ်ချက် ပြုံးလိုက်သည်။ ပြီးမှ မင်းမာနဘက်သို့ လှည့်ကြည့်ကာ မေးခွန်းတစ်ခု မေးလိုက်၏။


“ဒါနဲ့ ညီညီရော၊ အစ်ကို့ကို တောင်းဆိုချင်တာ မရှိဘူးလား”


ဒဿန၏ စကားကို မင်းမာနက မဲ့ပြုံးလေးတစ်ချက်ဖြင့် တုံ့ပြန်လိုက်ရင်း ဖြေဆို၏။


“ရှိတာပေါ့ ကိုကို၊ ညီညီလဲ သင်္ချာရာပြည့်ရရင် ကိုကို့လိုပဲ ကိုသံမဏိကို တစ်ခုလောက် တောင်းဆိုချင်သေးတယ်။ ရမလား ဆရာ”


“ဟာ… ညီညီကလည်း၊ အစ်ကို့ကို ဘယ်လိုခေါ်လိုက်တာလဲ။ နာမည်ကြီး မခေါ်ပါနဲ့ ညီညီရဲ့။ ရင်းရင်းနှီးနှီး အစ်ကိုလို့ပဲ ခေါ်ပါလား”


“အချိန်ပိုင်း ဂိုက်ဆရာတစ်ယောက်နဲ့ ကျောင်းသားတစ်ယောက်ရဲ့ကြားမှာ လိုတာထက်ပိုပြီး ရင်းနှီးဖို့ လိုလို့လား ကိုကို၊ ညီညီကတော့ မလိုအပ်ဘူးလို့ ထင်တာပဲ။ ရိုင်းရိုင်းပြောရရင်… တန်ရာတန်‌ကြေးတစ်ခုပေးပြီး ခေါ်ခန့်ထားတဲ့ အလုပ်သမားတစ်ယောက်ပါပဲ ကိုကိုရယ်။ ကိုယ့်အကန့်နဲ့ ကိုယ် နေဖို့ကောင်းပါတယ်”


မထင်မှတ်ထားသည့် မင်းမာန၏ စကားကြောင့် ဒဿန မျက်နှာပျက်သွားကာ သံမဏိကို အားနာစွာ လှမ်းကြည့်လိုက်သည်။  သံမဏိ၏ မျက်နှာတွင်တော့ ပကတိ တည်ငြိမ်မှုများကိုသာ ဒဿန တွေ့မြင်လိုက်ရသည်။ 


“ဟာ… ညီညီ၊ မင်း ဘယ်လိုပြောလိုက်တာလဲ။ မင်းစကားက အစ်ကို့ကို ဘယ်လောက်ထိ စော်ကားရာရောက်လဲဆို မင်း မသိဘူးလား”


“ရပါတယ်… ဒဿန၊ မင်းမာန ပြောတာလဲ မှားတာမှ မဟုတ်တာ”


သူတို့ သုံးဦးကြားတွင် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် မင်းမာနက Toilet ခဏ ဆိုပြီး ထွက်သွားသည်။ သည်တော့မှ ဒဿနက သံမဏိကို အားနာစွာ တောင်းပန်စကားဆို၏။


“အစ်ကိုရယ်…၊ ညီညီ့အစား ကျွန်တော်ပဲ တောင်းပန်ပါတယ်။ ညီညီက အဲ့လိုပဲ တစ်ခါတလေဆိုရင် နည်းနည်း အထက်စီးဆန်ချင်တယ်။ ဒါတွေအားလုံးက ဖေဖေ့ကြောင့်ပါပဲ။ ညီညီက ဖေဖေ့ပုံစံအတိုင်း တစ်ထေရာတည်း။ စိတ်ရင်းလေးကတော့ ကောင်းရှာပါတယ်”


“ရပါတယ် အစ်ကို နားလည်ပါတယ်…၊ မာနက သူစိမ်းဆန်ဆန်နေစေချင်မှတော့ သူ့စိတ်ကြိုက် နေပေးရမှာပေါ့”


“ဟင့်အင်း…၊ ကျွန်တော်ကတော့ သူစိမ်းမဆန်ချင်ဘူး အစ်ကို၊ ဒီ့ထက် ပိုပြီးတော့ နီးစပ်ချင်သေးတာ”


ဒဿန၏ စကားအသွားအလာကို ရိပ်စားမိသည့် သံမဏိက ဒဿန၏ အကြည့်များကို ရှောင်လွှဲကာ ခေါင်းငုံ့‌နေလိုက်ပြီးနောက် ကျေနပ်စွာ တစ်ချက်ကြိတ်ပြုံးလိုက်သည်။ 


“အစ်ကို၊ ‌ကော်ဖီလေး သောက်ပါဦး၊ အေးကုန်ပြီ”


ဒဿနက သူတို့နောက်က စားပွဲပေါ်တွင် တင်ထားသည့် ကော်ဖီနှင့် ကိတ်မုန့်ချပ်လေးများ ထည့်ထားသည့် ဗန်းလေးကို ယူလိုက်ကာ သံမဏိရှေ့သို့ ချပေးသည်။ သံမဏိက ကော်ဖီခွက်ကလေးကို ကောက်ကိုင်လိုက်ကာ တစ်ငုံသောက်လိုက်ပြီး ကော်ဖီခွက်ကလေးကို လက်မှာ ကိုင်ထားလိုက်သည်။ ထိုအချိန်တွင် စာကြည့်ခန်းအတွင်းသို့ မင်းမာန ပြန်ဝင်လာပြီး ကော်ဖီခွက်ကိုင်ထားသည့် သံမဏိ၏ လက်ကို သူ့ကိုယ်လုံးနှင့် တိုက်ချလိုက်သည်။ အရှိန်တစ်ခုနှင့် အတိုက်ခံလိုက်ရသည့် သံမဏိ၏ ကော်ဖီခွက်ကိုင်ထားသည့် လက်သည် ဟန်ချက်ပျက်သွားကာ ကော်ဖီခွက်လွတ်ကျသွားတော့သည်။ ခွက်အတွင်းမှ ကော်ဖီများသည် သံမဏိ၏ တစ်ကိုယ်လုံးကို အပေါ်မှ လောင်းချလိုက်သလို ရွှဲရွှဲစိုသွားတော့သည်။


“ဟာ… ဆောရီးနော် ဆရာ။ ကော်ဖီခွက် ကိုင်ထားတာ မမြင်လိုက်လို့”


အပြင်ဘက်ပိုင်းမှာတော့ အားနာချင်‌ယောင်ဆောင်ကာ တောင်းပန်လိုက်ရပေမယ့် မင်းမာန၏ စိတ်ထဲမှာတော့ ဖြစ်နိုင်လျှင် ကော်ဖီခွက်ကို ကိုင်၍ သံမဏိ၏ ခေါင်းပေါ်ကနေပင် လောင်းချချင်စိတ်များ ပေါ်ပေါက်နေသည်။


ကိုသံမဏိရေ…၊ ဒါဟာ ကျွန်တော့်ရဲ့ Lesson one ပဲ ဆိုပါစို့။ 


မတော်တဆ တိုက်မိသည့် ပုံစံနှင့် ဟန်ဆောင်လိုက်သော်လည်း လုပ်ကြံမှုတစ်ခုမှန်း သံမဏိ ပါးနပ်စွာ ရိပ်စားမိပါသည်။ သံမဏိက မင်းမာနကို မော့ကြည့်လိုက်ပြီး အလှပဆုံးလေး ပြန်ပြုံးပြလိုက်သည်။ 


မင်းမာနရယ်…၊ မင်း ငယ်ပါသေးတယ်။ မင်း ကိုယ့်ကို ပြုမူလိုက်တဲ့ အပြုအမူတစ်ခုတိုင်းဟာ ကိုယ့်အတွက် အခွင့်အရေးတစ်ခုဖြစ်အောင် ကိုယ် အသုံးချပြမယ်။ မင်း စောင့်ကြည့်နေလိုက် မင်းမာန။


“အာ… မဟုတ်တာ ရပါတယ်၊ မတော်တဆ‌ဆိုတာ ဖြစ်တတ်ပါတယ် မာနရဲ့”


“ညီညီရာ၊ အစ်ကို တစ်ယောက်လုံးထိုင်နေတာ မမြင်ဘူးလား။ မင်းကွာ နမော်နမဲ့နဲ့။ အစ်ကို့အဝတ်အစားတွေ ကော်ဖီတွေ စိုကုန်ပြီ ဘယ်လောက် အားနာစရာကောင်းလဲ”


“ဟာ… ကိုကိုကလည်း မမြင်လို့ တိုက်မိတာပေါ့။ ဘယ်သူကတော့ တမင်ဝင်တိုက်မှာလဲလို့”


“ရပါတယ် ဒဿနရဲ့၊ ကလေးကို မဆူပါနဲ့။ အစ်ကို ဘာမှမဖြစ်ဘူး။ ဒါပေမယ့်… ကော်ဖီတွေ စိုကုန်တော့ ကပ်စေးစေးနဲ့ မနေတတ်ဘူး။ ‌ဒီမှာ ရေချိုးလို့ရတယ် မလား”


“ဟာ ရတာပေါ့ အစ်ကိုရဲ့။ ကျွန်တော်တို့ အခန်းထဲမှာ ရေချိုးခန်းရှိတယ်။ အဲ့မှာ ချိုးလိုက်နော်။ လာ… ကျွန်တော် လိုက်ပို့ပေးမယ်”


ဒဿန ခေါ်ရာနောက်သို့ လိုက်မသွားခင် သံမဏိက မင်းမာနကို တစ်ချက်လှည့်ကြည့်လိုက်ကာ ဟန်ပါပါနှင့် မျက်စိတစ်ဖက်ကို မှိတ်ပြလိုက်သည်။ စာကြည့်ခန်းထဲတွင်တော့ မင်းမာနတစ်ယောက် စိတ်လှုပ်ရှားစွာ ကျန်ရစ်နေခဲ့ရတော့သည်။


“အစ်ကို၊ အဲ့ထဲ ဝင်ချိုးလိုက်နော်။ အဝတ်အစားတွေက မလျှော်နဲ့၊ ဘေစင်ထဲ ထည့်ထားခဲ့လိုက်။ ကျွန်တော် ထားထားကို အပ်ပေးမယ်။ ရေချိုးပြီး ဝတ်ဖို့ အဝတ်အစားလည်း ထုတ်ပေးထားပြီး မွေ့ရာပေါ် တင်ပေးထားမယ်နော်”


ဒဿနက သူတို့ အခန်းထဲက ရေချိုးခန်းကို သံမဏိအား လိုက်ပြပြီးနောက် ဗီဒိုထဲမှ အဝတ်အစား တစ်စုံကို ထုတ်ပေးလျက် သူ့မွေ့ရာပေါ်မှာ တင်ထားပေးခဲ့လိုက်သည်။ ထို့နောက် အောက်ထပ်သို့ ပြန်ဆင်းလာကာ စာကြည့်ခန်းထဲသို့ ဝင်သွားလိုက်ကာ အခန်းတံခါးကို စောင့်ပိတ်လိုက်သည်။ ကျယ်လောင်လွန်းလှသည့် အခန်းတံခါးပိတ်သံကြောင့် မင်းမာန တုန်၍ပင် လန့်သွားသည်။


“ညီညီ…၊ မင်း ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ။ ဘာလို့ အစ်ကို့ကို မာရေကြောရေနဲ့ ဆက်ဆံရတာလဲ။ ဘာပဲဖြစ်ဖြစ်… အစ်ကိုက ငါတို့ ဆရာနော်။ တစ်မိနစ်ပဲ သင်သင်၊ တစ်နာရီပဲ သင်သင်၊ ဆရာက ဆရာပဲ”


“ဘာဆရာလဲ…၊ ဘာဆရာမှ မဟုတ်ဘူး၊ တကယ်တမ်း သူ့ကို ညီညီတို့ စာကျက်တာ စောင့်ကြည့်ပေးဖို့ အစောင့်သဘောမျိုးလောက်ပဲ ခေါ်ထားပေးတာ ဖေဖေက။ ဘာမှလဲ သင်ပေးစရာ မလိုဘူး၊ သင်စရာမလိုတော့လောက်အောင် ညီညီတို့က စာတွေ ပိုင်နေပြီးသားပဲလေ ကိုကို”


“မင်း… မင်း… မင်းမာန… ပြောလဲ ကဲလေပါလား”


မင်းမာနဟု နာမည်တပ်၍ ခေါ်သည့်အပြင် ဒဿန၏ လေသံမှာ မင်းမာန တစ်ခါမှ မကြားခဲ့ဖူးသည့် မာထန်လွန်သည့် အသံမျိုးဖြစ်၍ မင်းမာန ဝမ်းနည်းစွာ မျက်ရည်လေးများ ဝေ့သီလာခဲ့သည်။


“ကိုကို… ကိုကိုကရော သူစိမ်းတစ်ယောက်အတွက်နဲ့ ညီညီ့ကို ဘာလို့ အဲ့လောက်‌ ဒေါသတကြီး ပြောနေရတာလဲ”


မင်းမာန၏ မျက်နှာကလေး ငိုမဲ့မဲ့ဖြစ်လာ၍ ဒဿန သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ ဒေါသများကို လျှော့ချလိုက်သည်။ ထို့နောက် မင်းမာနကို စိတ်ပျက်သည့် မျက်ဝန်းများနှင့် ကြည့်နေလိုက်သည်။ ဒဿန မျက်ဝန်းများ၏ အဓိပ္ပာယ်ကို မာန သိပါသည်။


“ကိုကို…၊ ညီညီ့ကို အဲ့လို အကြည့်တွေနဲ့ မကြည့်ပါနဲ့… ညီညီ ဝမ်းနည်းလွန်းလို့ပါ”


မင်းမာနသည် ဝမ်းနည်းနာကျင်စွာ နှစ်ကိုယ်ကြားရုံမျှ တီးတိုးရေရွတ်လိုက်ပြီး စာကြည့်စားပွဲပေါ်သို့ မှောက်အိပ်လျက် တရှုံ့ရှုံ့ ငိုတော့သည်။ ဒဿနက သူ့စိတ်ကို ရှော့ချလိုက်ကာ မာနကို ချော့မော့ဖျောင်းဖျဖို့အသွား အနောက်မှ ခေါ်သံကြား၍ ‌သူ့ခြေလှမ်းများ ရပ်တန့်သွားရသည်။


“ညီ…ဒဿန”


အသံလာရာကို လှည့်ကြည့်လိုက်တော့ အခန်းအဝတွင် တဘတ်ကလေးတစ်ထည်ကိုသာ ခါးမှာ ပတ်လျက် အပေါ်ပိုင်းအဝတ်အစား ကင်းမဲ့နေသည့် သံမဏိကို တွေ့မြင်လိုက်ရသည်။


ဖယောင်းကဲ့သို့ ဖွေးဖြူဝင်းနုနေသည့် အသားအရည်ပေါ်တွင် ရေသီးရေပေါက်ကလေးများ ကပ်ခိုနေသည့် သံမဏိ၏ ပုံစံလေးမှာ ဆွဲဆောင်မှုပြင်းစွာ ညှို့ယူလျက်ရှိသည်။ ရေချိုးပြီးကာစဖြစ်၍ ဝင်းလက်‌ဖွေးဥနေသည့် သံမဏိ၏ မျက်နှာကလေးသည် မြင်နေကျပုံစံထက် လန်းဆန်းနုပျိုနေသည်။ ရေစိုနေသော ဆံသားကလေးများသည် နဖူးပေါ် ဝေ့ဝဲကျနေပုံမှာ သံမဏိ၏ မျက်နှာအချိုးအစားနှင့် ပိုမို လိုက်ဖက်ညီစွာ ချောမောနေခဲ့သည်။ ဒဿနသည် သံမဏိ၏ မျက်နှာလေးကို အသိစိတ်ကင်းမဲ့စွာ ငေးမောကြည့်နေမိသည်။ မင်းမာနသည်လည်း မျက်နှာလေးကိုမော့၍ သံမဏိကို စိုက်ကြည့်နေသည်။ သို့သော် မာန၏ မျက်ဝန်းများတွင်တော့ မနာလိုသည့် အရိပ်‌အငွေ့များဖြင့်သာ ပြည့်နှက်နေခဲ့လေသည်။


“ဟေး… ဒဿန”


သံမဏိက သူ့ကို ရွှန်းစားရီဝေစွာ စိုက်ကြည့်နေသည့် ဒဿနကို နောက်တစ်ခေါက် ထပ်ခေါ်လိုက်ရသည်။ သည်တော့မှ ဒဿန မျက်တောင်များ ခတ်လျက် မျက်ဝန်းများက လှုပ်ရှားအသက်ဝင်လာသည်။ 


“အော်… အစ်ကို ပြော”


“အစ်ကို့ကို ဘောင်းဘီ လာရှာပေးပါဦး။ ညီ ထုတ်ပေးထားတဲ့ ဘောင်းဘီက‌ ချောင်နေတယ်”


“ဗျာ… ချောင်နေတယ် ဟုတ်လား။ အစ်ကိုက ခါး ဘယ်ဆိုဒ်လဲ”


“အကိုက ၂၈”


ခါးဆိုဒ် နှစ်ဆယ့်ရှစ်တဲ့လား။ ဒီတော့မှ သံမဏိ၏ ခါးကလေးကို ဒဿန မျက်လုံးကစားကာ ဝေ့ကြည့်လိုက်သည်။ ဟုတ်ပါရဲ့။ ခါးလေးက ရင်ဘတ်ကျယ်နှင့် ကွဲပြားခြားနားစွာ သေးသိမ်၍ နစ်ဝင်နေသည်။ 


“ဟာ…၊ ကျွန်တော်တောင် ခါး ၃၁ ဝတ်ရတာ”


“အဲ့ဒါဆိုလည်း ပုဆိုးပဲ ထုတ်ပေးတော့လေ”


“ဗီဒိုထဲကနေ ကိုယ့်ဘာသာ ထုတ်ဝတ်လဲ ရပါတယ် အစ်ကိုရယ်”


“အာ… မဟုတ်တာ ညီရယ်၊ ညီပဲ လာထုတ်ပေးပါ”


“ဟုတ်… ဒါဆိုလည်း ကျွန်တော် ထုတ်ပေးမယ်နော်”


ဒဿနက ပြောပြောဆိုဆိုနှင့် စာဖတ်ခန်းထဲမှ ထွက်သွားသည်။ သံမဏိက ချက်ချင်း လိုက်မသွားသေးဘဲ မင်းမာနကို လှမ်းကြည့်လိုက်ကာ အဓိပ္ပာယ်တစ်မျိုးဖြင့် တစ်ချက်ပြုံးပြလိုက်တော့ မင်းမာနက အံကိုကြိတ်လျက် သံမဏိကို စူးရဲစွာ စိုက်ကြည့်‌နေ၏။ သံမဏိက ပခုံးတစ်ချက်ကို တွန့်ပြလိုက်ကာ လှည့်ထွက်သွားချိန်တွင် မင်းမာန တောက်တစ်ချက် ခေါက်လိုက်ကာ စားပွဲခုံကို လက်သီးဖြင့် ထိုးလိုက်မိတော့သည်။


🌹🌹🌹🌹🌹


အဝေးပြေးကားများ ရပ်နားသည့် ကားကြီးကွင်းတွင် အဝေးပြေးကားများ၊ ခရီးသည်များ၊ တက္ကစီဆိုင်ကယ်များ၊ သုံးဘီးအငှားယာဥ်များဖြင့် ပျားပန်းခတ် စည်ကားလျက်ရှိသည်။ သံမဏိ၏ ကားလေးသည် ကားဝင်းအတွင်းရှိ ကားဂိတ်တချို့ကို ဖြတ်ကျော်လျက် ဖားကန့်နှင့် မန္တလေး ပြေးဆွဲသည့် မန္တလာမြေ ကားဂိတ်၏အရှေ့ အရောက်တွင် ညင်သာစွာ ထိုးရပ်လိုက်သည်။ ထို့နောက် Mask (နှာခေါင်းစည်း) ကို တပ်ဆင်လျက် လျှာထိုးဦးထုပ် အနက်ရောင်ကို ခပ်ငိုက်ငိုက်‌ ဆောင်းကာ ပါဆယ်ထုပ်လေး တစ်ထုပ်ကို ကိုင်ဆောင်ကာ ဂိတ်အတွင်းသို့ ဝင်လိုက်သည်။


“ဖားကန့်ကို ပါဆယ်ပို့ချင်လို့ပါ”


“ဟုတ်ကဲ့ပါရှင်”


ကောင်တာရှိ ဝန်ထမ်းမလေးက စားပွဲပေါ်တင်ပေးလိုက်သည့် သံမဏိ၏ ပါဆယ်ထုပ်ကလေးကို ယူကြည့်လိုက်သည်။


“အော်… လိပ်စာပါပြီးသားပဲ၊ အထဲက ဘာပစ္စည်းလဲ ရှင့်”


“ဓာတ်ပုံဆိုဒ် ပန်းချီကားလေးတစ်ချပ်တည်းပါ”


“ဟုတ်ကဲ့ ရှင့်။ တန်ဆာခကရော ဒီဘက်က တစ်ခါတည်း ရှင်းပေးမလားရှင့်”


“ဟုတ်၊ ကျွန်တော် ရှင်းပေးပါ့မယ်”


တန်ဆာခ ရှင်းပေးပြီးနောက် သံမဏိ လှည့်ထွက်လာခဲ့သည်။ 


ဦးသျှံဓနရေ…၊ ခင်ဗျားရှိတဲ့ ဖားကန့်အထိ ကျုပ် လက်ဆောင် ပို့ပေးလိုက်တယ်။ အိပ်မက်ဆိုးတွေနဲ့ ခင်ဗျား အမြဲတမ်း ကြောက်လန့်နေပါစေ။ ဖယောင်းဘဝတုန်းက ကျုပ်ရခဲ့တဲ့ အိပ်မက်ဆိုးတွေနဲ့ ထပ်တူ ခင်ဗျား ထိတ်လန့်ပူလောင်နေ‌ရ‌စေမယ်။ ဖယောင်းဆိုတဲ့ နာမည်ဟာ ခင်ဗျားအတွက် နတ်ဆိုးတစ်ပါး ဖြစ်စေရမယ်။ နှင်းဆီပန်းလေးတစ်ပွင့်ဟာ ခင်ဗျားအတွက်တော့ အိပ်မက်ဆိုးတွေ ဖန်ဆင်းပေးနိုင်ရမယ်။


သံမဏိ ကိုယ့်အတွေးကိုယ် ကျေနပ်စွာ ပြုံးလိုက်ပြီး ကားရပ်ထားရာ နေရာဆီသို့ အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းသွားလိုက်သည်။


“ဖယောင်း…”


ရုတ်တရက် ထွက်ပေါ်လာသည့် ခေါ်သံတစ်ခုကြောင့် သံမဏိ ခြေလှမ်းများ ရပ်တန့်သွားသည်။ ဘယ်သူပါလိမ့်။ ဖယောင်းဆိုတဲ့ နာမည်ကို သံမဏိဘဝနဲ့ ဇာတ်မြှုပ်ထားခဲ့တာပဲ နှစ်တွေအများကြီး ကြာခဲ့ပြီပဲ။ သူ နားကြားပဲ မှားသလား။ သံမဏိ တွေဝေစွာ ရှေ့သို့ ခြေဆက်လှမ်းလိုက်သည်။ 


“ဟေး…ဖယောင်း”


သေချာပါပြီ။ သူ့ကို ခေါ်နေတာပဲဖြစ်မည်။ လှုပ်ရှားယိမ်းထိုးနေသော စိတ်အစုံတို့ဖြင့် သံမဏိ တုန်လှုပ်စွာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့ကို တည့်တည့်ကြီး စိုက်ကြည့်နေခဲ့သည့် မျက်ဝန်းတစ်စုံကို ရုတ်တရက် တွေ့လိုက်ရတော့သည်။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


အားလုံးကို ခံစားမှုရသတွေနဲ့ မွေ‌ပျော်စေချင်တဲ့


                                          🌹 ခက်ဆစ် 🌹



rate now: