အမည်းရောင် Honda ကားလေးတစ်စီးသည် မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းကြီး၏ အရှေ့မျက်နှာစာ ကားပါကင်ထိုးသည့်နေရာသို့ ဖြည်းညင်းစွာ ဆိုက်ရောက်လာ၏။ ထို့နောက် ကားစက်သတ်ပြီးချိန်တွင် ကားကလေးပေါ်မှ သံမဏိသည် အေးဆေးတည်ငြိမ်သော လှုပ်ရှားဟန်တို့ဖြင့် ဆင်းသက်လာခဲ့သည်။
ဆောင်းရာသီ၏ စိုစွတ်ထိုင်းမှိုင်းသော လေထုတို့က သံမဏိကို တိုးဝှေ့တိုက်ခတ်လိုက်ကြချိန်တွင် သံမဏိ စိမ့်ခနဲ အေးသွားသည်။ သို့သော် ထိုကဲ့သို့ အေးစက်မှုမျိုးကို သံမဏိ သိပ်ကြိုက်ပါသည်။ ထို့ကြောင့် ကားထဲ ပြန်မဝင်ဘဲ အပြင်ဘက်မှာသာ ကားကိုမှီလျက် ရပ်နေရင်း စိုးမိုးအောင်နှင့် လွှမ်းမိုးအောင်တို့ကို စောင့်နေလိုက်သည်။ သည်နေရာတွင် သူတို့ ညီအစ်ကိုနှင့် သံမဏိ ကျောက်အကြမ်းထည် ရှာဝယ်ရန် ချိန်းဆိုထားကြခြင်း ဖြစ်သည်။
ကမ္ဘာပေါ်ရှိ တချို့သော တွေ့ဆုံမှုတို့သည် မကောင်းသော ဆုံစည်းခြင်းတို့ဖြင့် အစပျိုးလေ့ရှိတတ်သည့် သဘောသဘာဝကို စိုးမိုးအောင်နှင့် လွှမ်းမိုးအောင် ညီအစ်ကို နှစ်ဦးနှင့် သံမဏိ ဆုံတွေ့ပြီးခဲ့ချိန်တွင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ တကယ်တော့ ထိုညီအစ်ကိုနှစ်ဦးနှင့် သံမဏိ၏ တွေ့ဆုံမှုသည် မကောင်းသော တွေ့ဆုံမှုတစ်ခုအနေနှင့်သာ အစပျိုးခဲ့ခြင်း ဖြစ်ပါသည်။
လွန်ခဲ့သော သုံးနှစ်ခန့်၏ ထိုနေ့က သံမဏိ ကျောက်ဝိုင်းမှ ကျောက်ရောင်းပြီး အပြန် လမ်းတစ်နေရာတွင် သံမဏိနောက်မှ ဆိုင်ကယ်တစ်စီး ကပ်လိုက်လာသလို သံမဏိ ခံစားလိုက်ရသည်။ တကယ်တော့ ထိုကဲ့သို့ သူ့ကို တစ်စုံတစ်ဦးက စောင့်ကြည့်ကာ နောက်ယောင်ခံလိုက်နေသည်ဟု စိတ်ထဲတွင် သံသယဖြစ်မိနေသည်မှာ ကျောက်ဝိုင်း၏ ဆိုင်ကယ်စတန်းမှာကတည်းက ဖြစ်သည်။ စိတ်ထင်လို့နေမှာပါလေလို့ စိတ်ထဲ ဖြေလိုက်ပေမယ့် အခု လမ်းပေါ်ထိ ထိုခံစားချက်သည် ပြောင်းလဲပျောက်ကွယ် မသွားသေးချေ။ ထို့ကြောင့် ဆိုင်ကယ်နောက်ကြည့်မှန်မှတဆင့် သံမဏိ မသိမသာ အကဲခတ်လိုက်တော့ လူနှစ်ယောက်စီးလာသည့် CZI ဆိုင်ကယ်တစ်စီးသည် သံမဏိကို စူးစိုက်ကြည့်ရင်း ခပ်လှမ်းလှမ်းမှ ကပ်ပါလာခဲ့သည်။ သံမဏိစိတ်ထဲ ထိုလူနှစ်ယောက်ကို မသင်္ကာဖြစ်၍ နီးစပ်ရာ လမ်းကြားကလေးထဲ ချိုးကွေ့ဝင်လိုက်သည်။ သူထင်သည့်အတိုင်းပင် ထို CZI ဆိုင်ကယ်သည်လည်း သူ့ကွေ့ရာနောက်သို့ ထက်ကြပ်မခွာ လိုက်ပါကွေ့လာခဲ့သည်။ သူ့ကို ကျော်မောင်းမလား သိချင်၍ ဆိုင်ကယ်ကို အရှိန်ရှော့ မောင်းတော့လည်း ထိုဆိုင်ကယ်သည် သူ့ကို ကျော်မတတ်ဘဲ သူ့လို အရှိန်လျှော့ကာ ခပ်လှမ်းလှမ်းမှ လိုက်လာသည်။ သည်တော့ သံမဏိ၏ သံသယတို့သည် ပို၍ ခိုင်မာသွားရပြီ။ ထို့ကြောင့် လူပြတ်သည့် လမ်းကြားငယ်တစ်ခုအတွင်းသို့ သံမဏိ ထပ်မံချိုးကွေ့ကာ မောင်းလိုက်သည်။
လူပြတ်သည့် လမ်းကြားငယ်သို့ သံမဏိ ချိုးဝင်သွားသည်နှင့် တစ်ပြိုင်နက် ထိုဆိုင်ကယ်သည် အရှိန်မြှင့်ကာ သံမဏိဆီသို့ ဦးတည်၍ မောင်းလာတော့သည်။ သံမဏိလည်း သတိတစ်ချက်ကလေးမှ မလွတ်စေရဘဲ ထိုဆိုင်ကယ်ကို ဆိုင်ကယ်နောက်ကြည့်မှန်ကို မျက်လုံးကစား၍ မသိမသာ စောင့်ကြည့်နေလိုက်သည်။ သံမဏိသည် ဆိုင်ကယ်ဦးထုပ်ဆောင်းထားရုံသာ မဟုတ်ဘဲ ဆိုင်ကယ်ဦးထုပ်၏ ပြဒါးမှန်ကိုပါ အောက်ချထားသောကြောင့် သံမဏိ၏ မျက်လုံးလှုပ်ရှားမှုများကို ထိုလူနှစ်ယောက် မတွေ့မြင်နိုင်ပါ။
ထိုလူနှစ်ဦးသည် သံမဏိနှင့် နီးကပ်လာချိန်တွင် နောက်မှ ထိုင်လာသည့် လူက ခပ်တိုတို ဓားတစ်ချောင်းကို အပေါ်ဝတ်အင်္ကျီထဲမှ ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အရှေ့မှ လူကလည်း သံမဏိဆိုင်ကယ်ကို ဘေးချင်းကပ်ရန် အရှိန်မြှင့်လိုက်သည်။ ထိုဆိုင်ကယ်သည် သံမဏိ၏ ဘယ်ဘက် ဘေးနားသို့ ကပ်လာနှင့် တစ်ပြိုင်နက်တည်းမှာပင် သံမဏိသည် ဆိုင်ကယ်အရှိန်ကို ဝုန်းခနဲ ရှော့ချလိုက်ကာ ဘေးမှ ကပ်လာသည့် ဆိုင်ကယ်ကို ဘယ်ဘက်ခြေထောက်ဖြင့် ခပ်ပြင်းပြင်း ဆောင့်ကန်ပစ်လိုက်သည်။ သံမဏိ၏ မထင်မှတ်ထားသည့် ရုတ်တရက်ဆန်ဆန် ခြေကန်ချက်ကြောင့် ထိုဆိုင်ကယ်သည် ဟန်ချက်ပျက်ကာ အရှိန်ဖြင့် လဲကျသွားကာ ဆိုင်ကယ်ပေါ်မှ လူနှစ်ယောက်သည်လည်း ပြင်းထန်သော အရှိန်များဖြင့် တစ်နေရာဆီ လွင့်စင်သွားသည်။ သံမဏိသည် အေးဆေးတည်ငြိမ်စွာပင် ဆိုင်ကယ်ကို လမ်းဘေးချ ရပ်လိုက်ကာ လဲကျနေသည့် သူနှင့် အနီးစပ်ဆုံးတွင် ရှိသည့် လူတစ်ဦးဆီသို့ ဦးတည်သွားလိုက်ကာ အင်္ကျီကော်လံစကို ဆောင့်ဆွဲရင်း ဆွဲထူလိုက်သည်။
“ပြောစမ်း… မင်းတို့ ဘာလုပ်တာလဲ။ ဘာလို့ ငါ့နောက်က လိုက်လာရတာလဲ”
“ဗျာ… ကျုပ်တို့… ကျုပ်တို့ ခင်ဗျားနောက်က လိုက်လာတာမှ မဟုတ်… မဟုတ်တာ။ ကိုယ့်လမ်းကို သွားနေတာ”
ကော်လံစကို ဆွဲညှစ်ထားသည့် သံမဏိ၏ အားကြောင့် ထိုလူသည် အသက်ရှုကြပ်လာပုံရသည်။ မျက်လုံးများသည်လည်း ဂဏှာမငြိမ်ဘဲ ယောက်ယက်ခတ်စွာ လှုပ်ရှားနေသည်။ စကားများမှာလဲ အထစ်ထစ် အငေါ့ငေါ့။ ထိုလူ၏ အပြုအမူများနှင့် မျက်လုံးများသည် လိမ်ညာနေကြောင်း သက်သေပြနေခဲ့သည်။
“ဘာ ကိုယ့်လမ်းကိုယ်သွားတာလဲ။ ငါ အကုန်မြင်တယ်။ ဟိုနောက်ကကောင် ဓားထုပ်လိုက်တာရော။ မင်း ငါ့ကို အကဲခတ်ရင်း ကပ်မောင်းနေတာရော။ မင်းတို့ဆိုင်ကယ်ကို ကျောက်ဝိုင်းဆိုင်ကယ်စတန်းက ငါထွက်လာကတည်းက သတိထားမိနေတာ။ ဒါဟာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး”
“တကယ်… တကယ်ပါ…”
“ကောင်းပြီလေ။ ဝန်မခံတော့လည်း သက်ဆိုင်ရာကိုပဲ အပ်လိုက်တာပေါ့”
သံမဏိသည် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ထုပ်ကာ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားမည် လုပ်မှ ထိုလူသည် အတုန်တုန်အယင်ယင်နှင့် သံမဏိရှေ့တွင် ဒူးထောက် ထိုင်ချလိုက်သည်။
“တောင်း… တောင်းပန်ပါတယ် အစ်… အစ်ကိုလေးရယ်။ ကျွန်တော်တို့ မှား… မှားသွားပါတယ်”
ထိုအချိန်တွင် ခပ်ဝေးဝေးသို့ လွင့်စင်သွားသည့် လူကလည်း ခြေလှမ်းလေး ထော့နဲ့ ထော့နဲ့နှင့် သူတို့အနားရောက်လာကာ သံမဏိရှေ့တွင် ဒူးထောက်တောင်းပန်သည်။
“အစ်ကိုရယ်… ခွင့်လွှတ်ပေးပါ။ ခွင့်လွှတ်ပေးပါဗျာ။ ရဲလက်တော့ မအပ်ပါနဲ့။ ရှိကြီးခိုးပါရဲ့ အစ်ကိုရယ်”
“မင်းတို့ ရုပ်လေးတွေကြည့်ရတာ ငယ်ဦးမယ့်ပုံပါ။ ကျန်းမာသန်စွမ်းမယ့်ပုံပါ။ ဘာလို့ ရိုးရိုးသားသား ရှာဖွေ မစားသောက်ချင်ရတာလဲ။ ဟမ်…။ ဘာလို့ သူတစ်ပါးရဲ့ ချွေးနှဲစာကို မင်းတို့က ဓားပြတိုက်ချင်နေရတာလဲ… ပြောစမ်း ငါ့ကို”
သံမဏိ၏ စကားသံများသည် ဒေါသများကြောင့် မာထန်ကျယ်လောင်လျက်ရှိသည်။ ထိုကောင်လေးနှစ်ယောက်က သံမဏိစကားကြောင့် ခေါင်းကလေးတွေ ငိုက်ကျသွားတော့သည်။
“ကျွန်… ကျွန်တော်တို့ အမေရဲ့… နောက်… နောက်ဆုံး အချိန်အတွက်… အကောင်း… အကောင်းဆုံးလေး ဖြစ်စေချင်လို့ပါ… အစ်..အစ်ကိုလေးရယ်”
ကောင်လေး၏ စကားကြောင့် သံမဏိ ဒေါသမီးတို့သည် ဟုပ်ခနဲ ငြိမ်ဝပ်ငြိမ်းကျသွားသည်။ ထိုကောင်လေး၏ စကားများသည် ရင်ထဲမှ လာသည့် စစ်မှန်သော စကားများဖြစ်ကြောင်း သံမဏိ ရိပ်စားနားလည်လိုက်ပါသည်။ သို့သော်… သံမဏိ အပြည့်အဝတော့ မယုံကြည်ရဲသေးပါ။
“ဒါဆို… မင်းတို့နှစ်ယောက်က ညီအစ်ကိုလား။ မင်းတို့အမေရဲ့ နောက်ဆုံးချိန်ဆိုတာကရော ဘာကို ဆိုလိုတာလဲ”
“ဟုတ်ပါတယ် အစ်ကို။ ကျွန်တော်တို့က ညီအစ်ကို အရင်းတွေပါ”
“ခေါင်းမော့ပြီး ဖြေ”
ကောင်လေးသည် သံမဏိကို ခေါင်းမော့မကြည့်ဘဲ ခေါင်းငုံ့လျက်နှင့်သာ ဖြေ၍ ခေါင်းမော့ဖြေရန် သံမဏိ ပြောလိုက်ရသည်။ ကောင်လေး၏ မျက်ဝန်းများထဲမှ စကားတို့ကိုလည်း သံမဏိ ပုံဖော်ဖမ်းယူကြည့်ဖို့ လိုအပ်သေးသည်လေ။
“ အမေက သွေး… သွေးကင်ဆာရောဂါနဲ့ နောက်ဆုံးအချိန်ကို သေ… သေလုမျောပါး ခံစားနေရရှာတာပါ။ အဲ့ဒါ အမေ့… အမေ့ နောက်ဆုံးအချိန်လေးမှာ သူ့အတွက် အကောင်းဆုံးဖြစ်မယ့် အရာလေးတွေကို လုပ်ပေးချင်လို့ ကြံမိကြံရာ ကြံလိုက်ရတာပါ အစ်ကိုရယ်။ ခွင့်လွှတ်ပေးပါနော်။ ရဲ လက်တော့ မအပ်ပါနဲ့။ ကျွန်တော်တို့ အမေအတွက် ကျွန်တော်တို့ ရှိမှ ဖြစ်မှာမို့ပါ။ တကယ်လို့ ရဲတိုင်ချင်ရင်လည်း အမေ မရှိ… မရှိတော့မှ တိုင်ပါ အစ်ကိုရယ်။ အမေ့မှာ အချိန်လည်း သိပ်မကျန်တော့လို့ပါ”
ကောင်လေး၏ မျက်ဝန်းများသည် သံမဏိကို မဝံ့မရဲနှင့် သိမ်ငယ်နေသည့် အရိပ်အယောင်များကို သံမဏိ တွေ့လိုက်ရသည်။ သို့သော် ထိုမဝံ့မရဲသော သိမ်ငယ်မှုတို့သည် သံမဏိအပေါ် ကျူးလွန်မိသော သူတို့၏ မကောင်းမှုအတွက်သာဖြစ်ပြီး ကောင်လေး ဝန်ခံသော စကားများအပေါ် သက်ရောက်မှုမရှိကြောင်း သံမဏိ နားလည်လိုက်နိုင်သည်။
“အိုကေလေ…၊ ဒါဆို မင်းတို့ အိမ်ကို ငါ့ကို ခေါ်သွားပြ။ ငါ လိုက်ကြည့်မယ်”
“ဗျာ…၊ လိုက်ကြည့်မယ် ဟုတ်…ဟုတ်လား အစ်ကိုလေး”
“အေး။ ဘာလဲ မင်းတို့က ခေါ်မသွားရဲဘူးလား”
“အဲ့လို မဟုတ်ရပါဘူး အစ်ကိုလေးရယ်။ ကျွန်တော်တို့က ဧရာဝတီမြစ်ကမ်းဘေးက ကျူးတဲလေးတွေမှာ နေတာမို့ အစ်ကိုလေး လိုက်ခဲ့ဖို့ အဆင်ပြေပါ့မလားလို့ပါ"
“ရတယ်၊ ကိစ္စမရှိဘူး။ ငါ လိုက်ခဲ့မယ်”
ကောင်လေးတို့နှင့် သံမဏိ လိုက်သွားခဲ့ခြင်းမှာ သူတို့ကို မယုံကြည်စိတ်ဖြင့် လိုက်လံစစ်ဆေးခြင်းမျိုး မဟုတ်မှန်း အိမ်သို့ပြန်ရောက်မှ ထိုကောင်လေးတို့ သိခဲ့ရပါသည်။ တဲအိမ်ကလေးအတွင်းသို့ ငုံ့ဝင်လိုက်ချိန်တွင် တွေ့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သံမဏိ စိတ်ထဲ နင့်ခနဲ နာကျင်သွားရသည်။ နောက်ဆုံးထွက်သက်ကို အပြင်းအထန် အသေအကြေ နာကျင်ခံစားနေရရှာသည့် လူမမာတစ်ဦး၏ မြင်ကွင်းလောက် စိတ်ထိခိုက်စရာကောင်းတာမျိုး ရှိနိုင်ပါဦးမလား။
မေမေရော…၊ သံမဏိရဲ့ မေမေ နှင်းပန်းရော။
သူ့နောက်ဆုံးအချိန်ကို ဘယ်လိုများ ကုန်ဆုံးကျော်ဖြတ်သွားရရှာမလဲ။ ကျောက်တုံးတွေရဲ့ ထိုးနှက်ပိဖိဒဏ်တွေကြားထဲမှာပဲ ပြားပြားဝပ် သေဆုံးသွားလိမ့်မလား။ ဒါမှမဟုတ်… ရေကန်ကြီးထဲ လှိုင်းလုံးတွေနဲ့ မျောပါသွားပြီး ရွံ့နွံတွေကြားပိတ်ဆို့ကာ အသက်ရှုကြပ်လျက်ပဲ အသက်ထွက်သွားရရှာမလား။
မေမေ့ကို တမ်းတလွမ်းဆွတ်မိ၍ ဝေ့သီလာသော မျက်ရည်စတို့ကို သံမဏိ ဟန်ဆောင်ထိန်းချုပ်လိုက်သည်။ ဟင့်အင်း… သူ မငိုကြွေးချင်တော့ဘူး။ သူဟာ အရင်ကလို ခပ်ပျော့ပျော့ ဖယောင်း မဟုတ်တော့ဘူး။ သူဟာ သံမဏိ။ မာကျောခက်ထန် ပြတ်သားခိုင်မာတဲ့ သံမဏိ။ ထစ်ခနဲရှိ မျက်ရည်ဝဲတတ်တဲ့ ဖယောင်း မဟုတ်ဘူး။
သံမဏိ သက်ပြင်းတစ်ချက်ချကာ ခေါင်းလေးကို ဆက်ခနဲ ခါလျက် လူမမာဆီမှ အကြည့်လွှဲလိုက်သည်။ ထို့နောက် ပိုက်ဆံအိတ်ထဲမှ တစ်သောင်းတန် အရွက်နှစ်ဆယ်ထုပ်လျက် ကောင်လေးတစ်ဦး၏ လက်ထဲ ထည့်ပေးလိုက်သည်။
“ရော့… ညီလေး။ ဒါမင်းတို့ အမေအတွက် ကောင်းတာလေး စီစဉ်ပေးဖို့ အစ်ကို ကူညီတာ။ အခုလောလောဆည် အဲ့ဒါပဲ ပါလာလို့… အစ်ကို ထပ်ပေးဦးမယ်။ မင်းတို့အမေကြည့်ရတာ အသက်ရှုရ ခက်နေပုံပဲ။ အစ်ကို အောက်စီဂျင်ငှားပြီး လာပို့ပေးထားမယ်။ ပြီးတော့… လိုအပ်တာရှိရင် အစ်ကို့ကို အားမနာနဲ့ ထပ်ပြော။ မဟုတ်တာတွေတော့ မလုပ်နဲ့တော့နော်။ မင်းတို့ အမေကို မသမာတဲ့ငွေတွေနဲ့ နောက်ဆုံးထွက်သက်ကို မဖြတ်သန်းစေပါနဲ့ ညီလေးတို့ရာ”
သံမဏိ၏ စကားအဆုံးတွင် ကောင်လေးနှစ်ဦးသည် မျက်ရည်စများဖြင့် ရွှဲစိုနေသော မျက်လုံးများနှင့် သံမဏိကို ကြည့်လျက် ဘယ်နှစ်ကြိမ်မှန်း မသိတော့လောက်အောင် အကြိမ်ကြိမ် ဦးချကန်တော့တော့သည်။
“ကိုလေး…”
လက်ခုပ်သံတစ်ချက်နှင့်အတူ ကိုလေးဟု ခေါ်သံ ထွက်ပေါ်လာ၍ သံမဏိ အတိတ်ဖြစ်ရပ်တို့မှ လှုပ်နိုးလာခဲ့သည်။ သတိဝင်လာချိန် ဘေးသို့ လှည့်ကြည့်လိုက်တော့ စိုးမိုးအောင်နှင့် လွှမ်းမိုးအောင်က သံမဏိအနားရောက်နေခဲ့ပြီ။ ဪ… ဘာလိုလိုနဲ့ သူတို့လေးတွေနဲ့ တွေ့ဆုံခဲ့တာ သုံးနှစ်နီးပါးတောင် ရှိခဲ့ပါပေါ့။ အခုတော့ သူတို့လေးတွေဟာ သံမဏိရဲ့ လက်ရုံးတစ်ဆူ ဖြစ်နေခဲ့ပြီ။ တစ်ချိန်က သံမဏိကို ရန်မူပစ္စည်းလုဖို့ ကြံရွယ်သူတွေဟာ အခုတော့ သံမဏိ ယုံကြည်အားကိုးရသည့်၊ သံမဏိရဲ့ အကျိုးစီးပွားအတွက် ကူညီလုပ်ကိုင်ပေးနေတဲ့ သစ္စာရှိလူယုံကလေးတွေ ဖြစ်နေကြခဲ့ကြပြီ။ မကောင်းသော ဆုံစည်းခြင်းမျိုးနှင့် တွေ့ဆုံခဲ့ရသည့် အောင်ညီအစ်ကိုနှင့် သံမဏိ၏ ရေစက်ကို ကောင်းသော တွေ့ဆုံမှုအဖြစ် ပြောင်းလဲလိုက်နိုင်ခြင်းအပေါ် သံမဏိ ကျေနပ်စွာ ကြည်နူးရသည်။ သို့သော်… တချို့သော ရေစက်ဆိုးများကိုတော့ သံမဏိ မပြောင်းလဲစွမ်းသာပါ။ ပြောင်းလဲနိုင်စွမ်းရှိခဲ့ရင်တောင် ပြောင်းလဲချင်စိတ် မရှိပါ။
ဥပမာ- သျှံဓနနှင့် တွေ့ဆုံမှုလိုမျိုး။
“ကိုလေး… ရောက်နေတာကြာပြီလား”
“မကြာသေးပါဘူးကွာ။ ခုနကပဲရောက်တာ”
“ဒါဆို ကျွန်တော်တို့ သွားရအောင်လေ”
သံမဏိ ပြုံးလျက် ခေါင်းတစ်ချက် ညိတ်ပြလိုက်ရင်း ကျောက်အခင်းဝိုင်းရှိရာသို့ ဦးတည်၍ လျှောက်လှမ်းသွားလိုက်ကြသည်။ အခင်းဝိုင်းတွင် ကျောက်စိမ်းအကြမ်းထည်များကို ဟင်းရွက်၊ ကန်စွန်းရွက်များကဲ့သို့ ပျံကျခင်းကျင်းရောင်းချနေသည့် ကျောက်ပွဲစားများကို ဟိုနားတစု၊ သည်နားတစုနှင့် ခပ်စိပ်စိပ်တွေ့ရသည်။ မနက် မိုးမလင်ခင်ကတည်းက ပျံကျအခင်းဝိုင်းလေးသည် ရောင်းသူ၊ ဝယ်သူ၊ ကုန်သည်၊ ပွဲစားများနှင့် တိုးမပေါက်အောင် စည်ကားဆူညံစွာ လှုပ်ရှားအသက်ဝင်နေပြီဖြစ်သည်။ တချို့ကလည်း ပစ္စည်းရှင်/ ပိုင်ရှင်ကိုယ်တိုင်ကိုယ်ကျ ခင်းကျင်းရောင်းချသူများလည်း ရှိသလို ပွဲစားများထံသို့ အပ်နှံကာ ဝန်ဆောင်ခ (ပွဲခ)ပေး၍ ရောင်းချစေသူများလည်း ရှိသည်။
ဆာလာအိတ်ဟု ခေါ်ကြသော အိတ်ဖြူကလေးများပေါ်တွက် ကျောက်တုံးကလေးများကို အစီအရီ ခင်းကျင်းပြသ ရောင်းချကြသည်။ ကျောက်စိမ်းတုံးကြီးများ၊ ကျောက်တုံးကလေးများ၊ ကျောက်ဖြတ်စကလေးများကို ကျောက်ကာလာ(အရောင်) ခွဲခြား၍ သီးသန့် အပုံကလေးများပုံထားကြသည်။ သံမဏိတို့လို ဝယ်လက်တွေက ကိုယ်ကြိုက်တဲ့ ကျောက်ကာလာ၊ အမျိုးအစား၊ ကျောက်အရည်အသွေးကို ကျောက်ကြည့်ဓာတ်မီးဖြင့် ထိုးကြည့်လျက် ရွေးချယ်ကာ ဝယ်ယူလိုက်ရုံသာ။
စိုးမိုးအောင်နှင့် လွှမ်းမိုးအောင် (အောင်ညီအစ်ကို)ရဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားချိန်မှာတော့ သူတို့ ညီအစ်ကိုနှစ်ဦးကို သံမဏိကသာ ခေါ်ယူစောင့်ရှောက်ထားလိုက်သည်။ သံမဏိ တတ်ကျွမ်းထားသမျှ ကျောက်ပညာတို့ကို ပြန်လည်သင်ကြားပေးရင်း သံမဏိ၏ တနိုင်တပိုင် ကျောက်လုပ်ငန်းကလေးကို အောင်ညီအစ်ကိုကို လေ့လာစေသည်။ အခုဆိုလျှင် သူတို့လေးတွေလည်း သံမဏိ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းစရာမလိုတော့သည်အထိ လုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်နေကြပြီ။ သူတို့ကို အရင်းအနှီး ထုတ်ပေးကာ လုပ်ငန်းတစ်ခုခွဲ၍ လုပ်ကိုင်စေသော်လည်း အောင်ညီအစ်ကိုမှာ သံမဏိ၏ အရိပ်အောက်မှာသာ ဆက်လက် လုပ်ကိုင်လိုသည့် ဆန္ဒသာ ရှိခဲ့ပါသည်။ သံမဏိ၏ အိမ်နေရာမှာ ကျောက်ဝိုင်းနှင့် ဝေးလွန်းသဖြင့် ကျောက်ဝိုင်းနှင့် နီးစပ်ရာ ပဲပုတ်တန်းရပ်ကွက်ထဲတွင် ခြံတစ်ခြံငှာရမ်းလျက် အောင်ညီအစ်ကိုကို ဦးစီးလုပ်ကိုင်စေခဲ့သည်။ လုပ်ငန်းမှရသည့် အကျိုးအမြတ်များကို သံမဏိနှင့် သူတို့ ညီအစ်ကို နှစ်ယောက် ခွဲတမ်းကျ ခွဲဝေယူကြသည်။
“ကိုလေး… ဒီမှာ ဒီ ချွမ်ကာလာလေးကို ကြည့်ကြည့်”
အောင်ညီအစ်ကိုမှ ညီဖြစ်သူ လွှမ်းမိုးအောင်က အခင်းဝိုင်း၏ ဆိုင်ခန်းတစ်ခုရှေ့အရောက်တွင် ထိုင်ချကာ လှမ်းပေးလာသည့် ကျောက်ဖြတ်စကလေးကို သံမဏိ ယူလိုက်ကာ လက်ထဲမှာ အသင့်ကိုင်ထားသည့် ကျောက်ကြည့်ဓာတ်မီးနှင့် ထိုးကြည့်လိုက်သည်။
“အင်း… ကာလာကတော့ လှပါရဲ့။ မြန်းကလေးတွေနဲ့ ကျောက်အကြောလေးတွေက ဖျက်နေတယ်”
မြန်းဆိုသည်မှာ ကျောက်စိမ်း၏ အခေါ်အဝေါ်တစ်ခုဖြစ်ပြီး ကျောက်၏ အနာအဆာကလေးများအဖြစ် ပါရှိတတ်သည့် အကြော၊ အမျှင်ကလေးများကို ဆိုလိုပါသည်။။ ကျောက်၏ ကာလာမှာ ဘယ်လောက်ပဲ လှလှ၊ ကျောက်၏ အရည်အသွေးမှာ ဘယ်လောက်ပဲ ကောင်းကောင်း မြန်းကလေးများပါခဲ့လျှင် ထိုကျောက်၏ တန်ဖိုးသည် လျှော့ကျသွားတတ်မြဲသာ။ တကယ်တော့ ထိုကျောက်ဖြတ်စကလေး၏ အရည်အသွေးကို သံမဏိ သဘောကျပါသည်။ သို့သော်… ရောင်းချသူ၏ အရှေ့တွင် ထိုပစ္စည်း၏ ကောင်းကွက်ထက် အပြစ်အနာအဆာကို ထုတ်ဖော်ပြောရသည်မှာ ကုန်သည်တွေ၏ သဘောသဘာဝပါပင်။
“အင်းနော် ကိုလေးရာ။ အဲ့ မြန်းလေးတွေသာ မပါရင် ရှယ်ပဲ”
တကယ်တော့ အစ်ကိုလေးပြောနေသည့် မြန်းသည် မပါသလောက် နည်းသည်ကို ဘေးမှ ကပ်ကြည့်နေသည့် စိုးမိုးအောင် သိနေသော်လည်း အစ်ကိုလေး၏ အထာကို ကြေညက်သူပီပီ ဘေးမှ ဝင်၍ ထောက်ခံလိုက်သည်။
“အေးကွာ…၊ ဘာလဲ အောင်လေး၊ မင်း ကြိုက်လို့လား”
သံမဏိသည် ညီဖြစ်သူ လွှမ်းမိုးအောင်ကို အောင်လေး ဟုသာ ခေါ်ဆိုပြီး အစ်ကိုဖြစ်သူ စိုးမိုးအောင်ကိုတော့ အောင်ကြီးဟူ၍ အလွယ် ခေါ်တတ်သည်။
“ဟုတ် ကိုလေး။ ကျွန်တော်က မြန်းလေးတွေကို ရှောင်ပြီး လက်စွပ်ကလေးတွေ ဖောက်မလားလို့”
“မင်းဖောက်လဲ ဘယ်နှစ်ကွင်းထွက်မှာမို့လဲ။ မြန်းကရော လွတ်မှာလား”
သံမဏိက မပြောရသေးခင် စိုးမိုးအောင်က ရှေ့မှ ဝင်ပြောလိုက်သည်။
“လုပ်ကြည့်ရမှာပေါ့ကွာ ကိုကြီးကလဲ”
“ဒါ ဘယ်လောက်လဲ”
သံမဏိက သူတို့စကားများကို အကဲခတ်နေသည့် ပစ္စည်းရှင်ကို ရုတ်တရက် ထမေးလိုက်သည်။ သည်တော့မှ ပိုင်ရှင်က စဉ်းစဉ်းစားစားနှင့် ထစ်တီးထစ်ငေါ့ ဖြေတော့သည်။
“အင်…အယ်… အဲ့ဒါလေးက… ပိုင်ရှင်က ငါးသိန်းပြောတယ်”
ဪ… ဒါဆို… အခုခင်းရောင်းနေတဲ့ သူက ပိုင်ရှင်မဟုတ်ဘဲ ကြားခံကိုယ်စားလှယ်ပေါ့။ အရပ်စကားနှင့် ပြောရရင် ပွဲစားပေါ့။
“ပေးဈေးရှိလား”
“မရှိသေးဘူး”
“သုံးသောင်းရမလား”
ရုတ်တရက် ဈေးပေးလိုက်သည့် အောင်လေး၏ ပေးဈေးကြောင့် သံမဏိပင် မျက်လုံးပြူးသွားကာ ရယ်ချင်သွားသည်။ ငါးသိန်းနှင့် ဈေးခေါ်သည့် ကျောက်ကို အားမနာ ပါးမနာ သုံးသောင်းပေးရဲသည့် အောင်လေးကိုတော့ သံမဏိ စိတ်ထဲမှ ချီးကျူးရပါသည်။
“အယ်… ဘယ်ရပါ့မလဲ”
“ရမှာပါ။ ပိုင်ရှင်ကို မေးပေးပါလား”
“အယ်… မမေးရဲဘူး အဲ့လောက်နဲ့။ ပိုင်ရှင် ဆဲလိမ့်မယ် ကျုပ်ကို”
အောင်လေးနှင့် ပွဲစား ဈေးစကားပြောနေကြသည်ကို သံမဏိနှင့် စိုးမိုးအောင်က ဝင်မစွက်ဖက်ဘဲ အသာငြိမ်၍သာ နားထောင်နေလိုက်ကြသည်။
“ဒါဆို လေးသောင်းပေးမယ်ဗျာ။ မေးကြည့်လိုက်… တကယ်လို့ ရရင် ခင်ဗျားကိုလည်း ကျုပ် လာဘ်ကီး ငါးထောင်ပေးမယ်”
လာဘ်ကီးဆိုသည်မှာ ကျောက်ပွဲစားလောကတွင် ခေါ်ဝေါ်လေ့ရှိသည့် မုန့်ဖိုးဟု အဓိပ္ပာယ်ရသော ပွဲစားစကားလုံး တစ်မျိုးပင်။ လာဘ်ကီး ငါးထောင်ဆိုသည့်စကားကြောင့် ပွဲစား၏ မျက်နှာ ဝင်းခနဲဖြစ်သွားသည်။ သည်တော့မှ ပွဲစားက စလွယ်သိုင်းအိတ်ကလေးထဲက ဖုန်းလေးကို ထုတ်ကာ ပိုင်ရှင်နှင့် ဈေးစကားပြောတော့သည်။
“ဟဲလို… ဘောစိ၊ ဟို ချွမ်ဖြတ်စလေးလေ၊ အဲ့ဒါ လေးသောင်း ပေးတယ်… ဘယ်လိုလဲ။
အာ… ဘယ်သူမှ ဈေးမပေးဘူး။ ဒါပထမဆုံးပဲလေ။
အင်း…ဟုတ်တယ် ဘောစိ။ မြန်းကွက်လေးတွေ ပါလို့။
အိုကေနော် ဒါဆို”
ပွဲစားက ပြုံးရွှင်သော မျက်နှာနှင့် ဖုန်းချလိုက်ပြီးနောက် သူတို့ကို မော့ကြည့်ကာ ရယ်ပြသည်။
“ကဲ… မင်္ဂလာပဲဗျိုး၊ ရောင်းပေးမယ်တဲ့”
သည်လိုနှင့် အောင်လေး၏ ကျောက်ဈေးဖြတ်ခန်းမှာ အောင်မြင်စွာ အဆုံးသတ်သွားခဲ့သည်။ ငွေလေးသောင်းနှင့် ငါးထောင်တန်တစ်ရွက်ကို ပွဲစားကို ထုတ်ပေးရင်း ကျောက်ဖြတ်စကို အိတ်ထဲထည့်ကာ အောင်လေးက ကျေနပ်နေသော မျက်ဝန်းများနှင့် ထထွက်လာသည်။ ထိုနေရာနှင့် ခပ်လှမ်းလှမ်းနေရာရောက်တော့မှ အောင်လေးကို သံမဏိတို့ ချီးကျူးရသည်။
“တော်တယ်ကွာ၊ အောင်လေးကတော့။ တကယ်ဆို အဲ့အစလေးက တစ်သိန်းလောက်ဆိုရင်တောင် ဝယ်ပျော်တဲ့ ကိစ္စ”
“ဟုတ်ပါ့ ကိုလေးရာ။ ဒီကောင်က ဒါမျိုးကျ ဈေးတအားပေးတတ်တယ်”
“အဲ့လောက်တော့ ရှိရမှာပေါ။ ကျွန်တော်က ကိုလေး သံမဏိရဲ့ တပည့်ပဲ။ ဒီတစ်ခါတော့ ပွပြီနော် ကိုလေး။ ကျွန်တော် စိတ်ထဲကနေ ယာကြည့်နေတာ။ လက်စွပ် ခုနှစ်ကွင်းလောက်ထွက်မယ်။ ပြီးတော့ လက်စွပ်ဖောက်ဆံကလေးတွေကို ပုတီးလေးတွေ သွေးလိုက်မယ်။ ဒီကာလာနဲ့ဆို လက်စွပ်တစ်ကွင်းကို အနည်းဆုံး သုံးသောင်းလောက်တော့ရမှာ။ ပုတီးနဲ့ဆို…ဝိုး… နှစ်ပုံးလောက် ကျန်တယ် ကိုလေးရေ…။ ကိုလေး တစ်ပုံး၊ ကျွန်တော် တစ်ပုံး ခွဲလိုက်ရုံပဲ”
“အမ်… ငါ့အတွက်ရော”
အောင်လေး၏ ဝေစုထဲ သူ့အတွက် ခွဲတမ်းမပါ၍ အောင်ကြီးက မျက်လုံးပြူးပြူးနှင့် အလန့်တကြား မေးလိုက်သည်။
“ဟင်း…၊ မင်းက ဘာလုပ်ရတာကျလို့။ ကိုလေးက အရင်းအနှီးပေးတယ်။ ငါက လုပ်အားနဲ့ လေစိုက်တယ်။ မင်းက ဘာစိုက်လို့လဲ”
“ဘာကွ…”
အစ်ကိုဖြစ်သူကို ရယ်ကျဲကျဲနှင့် ပြန်ပက်လိုက်သည့် အောင်လေး၏ စကားကို သံမဏိ သဘောကျစွာ ရယ်လိုက်သည်။ ပြီးမှ အချိန်ကို သတိရကာ ဘယ်ဘက်လက်ကောက်ဝတ်တွင် ပတ်ထားသည့် နာရီလေးကို ကြည့်လိုက်သည်။
“ဟာ… အချိန်က ရှစ်နာရီတောင် ထိုးတော့မယ်။ အစ်ကို သွားတော့မယ်နော်။ မနက်ဂိုက်တန်းဝင်ဖို့ နီးနေပြီ။ မင်းတို့ဘာသာပဲ ဆက်ရှာလိုက်တော့။ ကြိုက်တာတွေ့ရင်လဲ ဝယ်ထားလိုက်တော့ ကိုယ့်ညီတို့”
“ဂိုက်တန်းဆိုလို့ အခုမှ သတိရတယ်။ ကိုလေးကို အောင်လေး ပြောမလို့။ ဘာလို့ ဂိုက်ဆရာ အလုပ်ကို လက်ခံလိုက်တာလဲ။ မဟုတ်လဲ ကိုလေး ငွေလိုတာလဲ မဟုတ်ဘဲ။ အလကားနေ ပင်ပန်းအောင်လို့…”
“ဟေ့ကောင်… မင်းကလည်း ရှည်ပြန်ပြီ။ ကိုလေးကတော့ ပိုက်ဆံလိုလို့ ဂိုက်အလုပ်ကို ဝင်လုပ်ပါ့မလားကွ။ အကြောင်းရှိလို့ နေမှာပေါ့ဟ”
စိုးမိုးအောင်က ညီဖြစ်သူကို လေသံမာမာနှင့် ဟောက်လိုက်မှ အောင်လေး ငြိမ်ကျသွားသည်။ အောင်ညီအစ်ကိုကို သံမဏိ တစ်ချက်လှည့်ကြည့်ကာ ပြုံးပြရင်း နှုတ်ဆက်ထွက်လာခဲ့လိုက်သည်။
သိပ်မှန်တာပေါ့။ အကြောင်း ရှိတာပေါ့ကွာ။ ဘာအကြောင်းလဲဆိုတာကတော့ အချိန်တန်ရင် အောင်ညီအစ်ကိုရော သျှံဓန၊ ဒဿနနဲ့ မင်းမာနတို့ သားအဖပါ သိလာရမှာပါ။
စိတ်ထဲမှ အတွေးများသည် တခဏ ငြိမ်သက်နေသည့် သွေးသားများထဲတွင် စီးဝင်နေသော အမုန်းတရားတို့ကို ခါရမ်းလှုပ်နှိုးလိုက်ချိန်တွင် သံမဏိ အံကို ခပ်တင်းတင်း ကြိတ်ထားမိလိုက်တော့သည်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့
🌹 ခက်ဆစ် 🌹