“မင်္ဂလာပါ…၊ ကိုယ်က မင်းတို့ကို ဆယ်တန်းစာမေးပွဲ ဖြေပြီးတဲ့ အချိန်အထိ ဂိုက်လုပ်ပေးမယ့် သူပါ”
သူ့ကို စိုက်ကြည့်နေသည့် မျက်ဝန်းနှစ်စုံကို သံမဏိ တစ်လှည့်စီ ကြည့်လိုက်ရင်း မိတ်ဆက်စကား ပြောလိုက်ပြီးနောက် ထိုမျက်ဝန်းများအတွင်းက ခံစားချက်တချို့ကို သူ လျင်မြန်စွာ ရှာဖွေဖော်ထုတ်ကြည့်လိုက်သည်။ ကလေးအရွယ်တွေမို့ပဲလား… သို့မဟုတ် သူတို့ကိုယ်တိုင်ကိုက ခံစားချက်တွေကို မထိန်းသိမ်းနိုင်၍ပဲလားတော့ မသိ။ ကလေးနှစ်ယောက်၏ ရင်ထဲက ခံစားချက်များသည် သူတို့၏ မျက်ဝန်းများတွင် အတိုင်းသား မြင်နေရ၏။ သံမဏိကို စိုက်ကြည့်နေခဲ့သည့် ဒဿန၏ မျက်ဝန်းများသည်တော့ နူးညံ့သော ခံစားချက်တို့ဖြင့် ရွှန်းလဲ့ရီဝေနေခဲ့ပြီး မင်းမာန၏ မျက်ဝန်းများမှာတော့ တစ်စုံတစ်ခုသော စိုးရိမ်ပူပန်မှုတို့ဖြင့် ညှိုးငယ်လျက် ရှိနေတော့ကို သံမဏိ အံ့အားသင့်စွာ တွေ့မြင်လိုက်ရ၏။
“ဟာ… ဟိုတစ်နေ့က ကော်ပီမန္တလာဆိုင်မှာ ဝင်တိုက်မိခဲ့တဲ့ အစ်ကို မဟုတ်လား”
ဒဿနက သူ့ကို မြင်လိုက်သည်နှင့် ချက်ချင်း မှတ်မိနေခဲ့ပြီး သူ့ကို လွမ်းဆွတ်တမ်းတနေခဲ့မှန်းလည်း ဒဿန၏ မျက်ဝန်းများတွင် သံမဏိ ပုံဖော်ကြည့်ပြီး၍ သိရှိပြီးဖြစ်ပါသည်။ သို့သော် သံမဏိကတော့ ဒဿနတို့ကို မမှတ်မိချင်ယောင်ဆောင်လိုက်သည်။
“အင်…၊ ဘယ်နေ့ကလဲ။ ကိုယ်… မမှတ်မိဘူးရော်”
“အာ…အစ်ကိုကလည်း၊ ကျွန်တော် ဆိုင်ထဲကို လောလောလောလောနဲ့ ဝင်လာတဲ့အချိန်၊ အစ်ကိုက လှည့်အထွက်နဲ့ ဝင်တိုက်တာလေ။ ကျွန်တော်တောင် အစ်ကို့ ပိုက်ဆံအိတ် ကောက်ပေးလိုက်သေးတယ်လေ။ ကျောင်းစိမ်းလေးတွေနဲ့လေ…”
ဒဿနက ဒီလောက် တိတိကျကျ ပြောနေမှတော့ သံမဏိ မသိချင်ယောင်ဆောင်နေဖို့ မတတ်သာတော့ပါ။
“ဟုတ်ပြီ…၊ ဟုတ်ပြီ။ ကိုယ် မှတ်မိပြီ။ ဒါနဲ့ ညီ့နာမည်က…”
တကယ်တော့ သူတို့တွေရဲ့ နာမည်တွေကို သံမဏိ လွန်ခဲ့သည့် လေးနှစ်ကျော် ကာလအတွင်းကတည်းက သိနှင့်ပြီး ဖြစ်ပါသည်။ သျှံဓန၏ သတင်းအချက်အလက်များကို သံမဏိ လိုက်လံစုံစမ်း နားစွင့်နေခဲ့တာပဲလေ။ ဒါပေမယ့်… သူတို့အရှေ့မှာတော့ သံမဏိ မသိသလို နေရမယ်လေ။
“ကျွန်တော့် နာမည် ဒဿန ပါ။ သူက မင်းမာန။ ကျွန်တော်တို့က ဆယ်မိနစ်ပဲခြားတဲ့ အမွှာတွေလေ။ ကျွန်တော်က အကြီးပေါ့”
“အမွှာတွေသာဆိုတယ်… ရုပ်လည်း သိပ်မဆင်သလိုဘဲ”
“ဟုတ်တယ် ဆရာရေ…၊ တွေ့တဲ့လူတိုင်းက အဲ့လိုပြောကြတယ်။ ဖေဖေကလည်း ပြောပါတယ်။ ညီညီက မေမေနဲ့ တူတာတဲ့။ ကျွန်တော်ကတော့ ဖေဖေ့ရုပ်”
သိပ် ဟုတ်တာပေါ့ ဒဿနရယ်။ မင်းက… ကိုယ် သိပ်မုန်းပါတယ်ဆိုတဲ့ သျှံဓနရဲ့ ရုပ်ရည်မျိုး။
သံမဏိသည် ရင်တွင်းစကားများကို မြိုသိပ်ဖုံးကွယ်ဖို့အတွက် မျက်နှာကို အချိုသာဆုံးဖြစ်အောင် ပြုံးထားလိုက်သည်။
“ဒါနဲ့… ကိုယ့်ကို ဆရာလို့ မခေါ်ပါနဲ့။ ကိုယ် ဆရာလို့ အခေါ်မခံပါရစေနဲ့။ ကိုယ့်ကို ဆရာတစ်ယောက်လိုလည်း ဆက်ဆံစရာ မလိုပါဘူး။ ကိုယ်က မင်းတို့ စာကျက်ချိန်မှာ စာကိုပဲ အာရုံစိုက်အောင် လာကြပ်မတ်ပေးတဲ့ သဘောပါ…”
“ဒါဆို…ဘယ်လိုခေါ်ရမှာလဲ…”
“အင်း…၊ အစ်ကိုလို့ပဲ ရင်းရင်းနှီးနှီးခေါ်ပေါ့”
သံမဏိတို့ စကားဝိုင်းထဲသို့ စကားတစ်ခွန်းလေးတောင် ဝင်မပြောသည့် မင်းမာနကို သံမဏိ လှမ်းကြည့်ကာ အကဲခတ်လိုက်သည်။ မင်းမာန၏ မျက်ဝန်းများသည် စိုးရိမ်မှု၊ သိမ်ငယ်မှု၊ ပူလောင်မှုတို့ဖြင့် ညှိုးနွမ်းလျက်ရှိနေသေးသည်။
“ဟိုတစ်ယောက်က… စကားနည်းတယ်နော်…”
သံမဏိက မင်းမာနကို ရည်ရွယ်ပြောဆိုလိုက်မှ ဒဿနက အားနာသွားဟန်ဖြင့် သူ့ညီ ဖြစ်သူကို တံတောင်ဆစ်ဖြင့်တို့ကာ သတိပေးလိုက်သည်။ ဒီတော့မှ မင်းမာန၏ ကင်းလွင့်နေသည့် စိတ်များ ပြန်လည်လာခဲ့ပုံရသည်။
“ဟင်…၊ ဘာလဲ…ဟင်”
“ညီညီ ဘာတွေတွေးနေတာလဲ။ ဒီမှာ ဆရာ… အဲ… အစ်ကို့ကိုလည်း စကားမပြောဘူး”
“အော်…ဆောရီးပါ ဆရာ၊ ကျွန်တော် ဒီနေ့ ဘာစာတွေ ကျက်ရမလဲလို့ တွေးနေမိလို့ပါ”
“ရပါတယ်…ကိစ္စမရှိပါဘူး။ ဒါနဲ့… ကိုယ့်ကို ဆရာလို့ မခေါ်ဘဲ အစ်ကိုလို့ပဲ ခေါ်ဖို့ ပြောထားတယ်လေ”
“ဟုတ်ကဲ့…၊ ကျွန်တော် မကြားလိုက်မိလို့ပါ… အစ်ကို”
“ဟုတ်ပြီလေ…၊ ဒီနေ့တော့ ကိုယ်က မင်းတို့ကို အစမ်းစာမေးပွဲတစ်ခု ဖြေခိုင်းမယ်။ မေးခွန်းက စာမေးပွဲကြီးအတိုင်း သုံးနာရီ မေးခွန်း။ ပြီးတော့… ဒီမေးခွန်းက ညီတို့ ကျောင်းက သင်္ချာဆရာကြီးရဲ့ ခန့်မှန်းမေးခွန်းဆိုတော့ စာမေးပွဲကြီးမှာ ဖြေတဲ့အတိုင်း သေသေချာချာ ဖြေကြပါ”
သံမဏိက သူ့လက်ဆွဲအိတ်အတွင်းမှ သင်္ချာမေးခွန်းစာရွက် နှစ်ရွက်နှင့် အဖြေလွှာစာရွက် နှစ်စုံကို ထုတ်ကာ ဒဿနတို့၏ စားပွဲပေါ်ကို ချပေးလိုက်သည်။
“စကားလည်း မပြောကြနဲ့… တစ်ယောက်နဲ့ တစ်ယောက်လဲ မမေးကြနဲ့။ မေးခွန်းမရှင်းရင် ကိုယ့်ကို မေးလို့ရတယ်…၊ ကဲ… စဖြေတော့”
သံမဏိ၏ စကားအဆုံးမှာ ကောင်လေးနှစ်ယောက်သည် ခေါင်းကလေးများကို ငုံ့သွားကာ အဖြေလွှာစာရွက်ထဲသို့ သင်္ချာပုစ္ဆာများ တွက်ချက်ဖြေဆိုကြတော့သည်။ သံမဏိလည်း အိတ်ထဲက ဖုန်းကို ထုတ်ကာ Timer ကို သုံးနာရီစာ ချိန်ညှိထားလိုက်ကာ အချိန်စမှတ်လိုက်တော့သည်။ ဒဿနတို့ ညီအစ်ကိုသည် သံမဏိ၏ စကားအတိုင်း တစ်ယောက်နဲ့တစ်ယောက် စကားလှည့်ပြောဖို့နေနေသာသာ မျက်လုံးလေးနှင့်ပင် စွေမကြည့်ပါ။ စည်းကမ်း ရှိကြသားပဲ ဟု သံမဏိစိတ်ထဲမှ ချီးကျူးလိုက်ရပါသည်။
“အစ်ကို…၊ ကျွန်တော် ဖြေလို့ပြီးပြီ”
သုံးနာရီပြည့်ဖို့ တစ်နာရီခန့် လိုသေးသည့် အချိန်တွင် ဒဿနသည် သုံးနာရီစာ သင်္ချာမေးခွန်းကို ဖြေဆို၍ ပြီးစီးသွားပြီဟု ဆိုလာသည်။
“အချိန်က ပြည့်ဖို့ လိုသေးတယ်။ ပြန်စစ်ကြည့်ပါဦး။ အခေါက်ခေါက်အခါခါ ပြန်စစ်။ စိတ်ကျေနပ်ပြီဆိုမှ အဖြေလွှာကို အပ်”
“ဟင့်အင်း အစ်ကို၊ စစ်ကြည့်စရာ မလိုတော့လောက်အောင် ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်မှုရှိတယ်”
“အိုကေလေ…၊ ဒါဆိုလည်း…”
ဒီလို ပြတ်သားသည့် စိတ်ဓာတ်မျိုး ရှိတာကိုတော့ သံမဏိ သဘောကျသည်လေ။ သံမဏိက တစ်ချက်ပြုံးကာ ဒဿန ပေးလာသည့် အဖြေလွှာကို လှမ်းယူလိုက်သည်။ ခဏအကြာမှာတော့ မင်းမာနလည်း စာမေးပွဲဖြေ၍ ပြီးစီးသွားသည်။
“ကဲ…၊ ဒီမနက်ကတော့ ဒီလောက်ပါပဲ။ ကိုယ်…နေ့လည် လေးနာရီကနေ ည ရှစ်နာရီအထိ တစ်ချိန် ပြန်ဝင်ပေးမယ်…”
သံမဏိက အဖြေလွှာစာရွက်နှစ်စုံကို လက်ဆွဲအိတ်ကလေးထဲ ထည့်ကာ ပြောစရာရှိတာပြောပြီး ပြန်ထွက်သွားတော့ ဒဿနရင်ထဲ တစ်စုံတစ်ခုကို နှုတ်ယူသွားသလို ဟာခနဲ ကျန်နေရစ်ခဲ့သည်။ ဖြစ်နိုင်လျှင် နေ့လည် လေးနာရီကို ချက်ချင်းရောက်သွားအောင် သူ ရစ်ပစ်လို့ရလျှင် ရစ်ပစ်ချင်မိသည်။
မင်းမာနသည်တော့ သံမဏိ ထွက်သွားရာနောက်ကို လိုက်ကြည့်နေခဲ့သည့် အစ်ကိုဖြစ်သူကို ညှိုးငယ်စွာကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိပါတော့သည်။
🌹🌹🌹🌹🌹
မင်းမာန၏ ရင်ထဲတွင် ဖြစ်ပေါ်တည်ရှိနေသည့် တင်းမာပိတ်ဆို့လျက် ပူလောင်ပြင်းရှနေသည့် ခံစားချက်များကို သူကိုယ်တိုင်ပင် အဓိပ္ပာယ်မဖော်နိုင်သေးပါ။ သူ ဘာဖြစ်လို့ သံမဏိကို မလိုလားနေရသလဲ။ သူ ဘာလို့ ကိုကိုက သံမဏိကို ခင်မင်ဖော်ရွေစွာ စကားပြောတာကို မနှစ်မြို့နေရသလဲ။ သူ ဘာဖြစ်လို့ သံမဏိကို ကြည့်တဲ့ ကိုကို့အကြည့်တွေအပေါ် မနာလိုဖြစ်နေရတာလဲ။
ငယ်ငယ်လေးကတည်းက အစ်ကိုဖြစ်သူ ဒဿန အပေါ် အရိပ်တကြည့်ကြည့်နေတတ်ခဲ့သည့် မင်းမာနသည် ဒဿန မျက်ဝန်းများ၏ အဓိပ္ပါယ်များကို ကျောင်းဖတ်စာ စာအုပ်တစ်အုပ်လို အလွတ်ရနေသူလည်း ဖြစ်သည်။ မာနတို့ သိတတ်စအရွယ်ကတည်းက ဖေဖေနှင့် မေမေ အိမ်ထောင်ကွဲသွားကြကာ မာနတို့်မှာ မိခင်မေတ္တာငတ်ခဲ့ကြသည်။ ဖေဖေကတော့ မာနတို့အတွက် လုံခြုံနွေးထွေးတဲ့ မေတ္တာတွေ ပေးနိုင်ခဲ့ပေမယ့် အလုပ်အရမ်းများတဲ့ သူဖြစ်၍ ဖေဖေနှင့် ထိတွေ့ဆက်ဆံရချိန်ဟာ သိပ်ကိုနည်းပါးလွန်းသည်။ ညီအစ်ကိုနှစ်ယောက်တည်း တစ်ယောက်ကိုတစ်ယောက် ပခုံးဖက်ရင်း ကြီးပြင်းရှင်သန်လာခဲ့ရသည်။ ထို့ကြောင့်လည်း ဆယ်မိနစ်သာ ကြီးသည့် အစ်ကိုဖြစ်သူအပေါ် မင်းမာနစိတ်ထဲ ဆယ်နှစ်လောက်ကြီးသည့် အစ်ကိုတစ်ယောက်လို သတ်မှတ်ကာ ရိုသေလေးစား ချစ်ခင်တွယ်တာရသည်။ အစ်ကိုကြီးတစ်ယောက်ကဲ့သို့ အားကိုးအားထားပြုရသည်။ ဖေဖေက တစ်ခါတစ်လေ ကိုကိုနဲ့ ဖေဖေ... ဘယ်သူ့ကို ပိုချစ်သလဲ ဟု မေးလျှင် မင်းမာနက ကိုကို့ကို အများကြီးပိုချစ်တယ်လို့ မဆိုင်းမတွ ဖြေတတ်စမြဲ။
သူတို့ ညီအစ်ကို နှစ်ယောက်ကြားက ထုထည်ကြီးမားစွာ ရစ်ပတ်ဖွဲ့နှောင်ထားသည့် သံယောဇဉ်ကြိုးတို့ကို ထိခိုက်နှောင့်ယှက်မည့် မည်သည့်အရာမျိုးကိုမဆို မာန မလိုလားပါ။
“ကိုကို...”
ဧည့်ခန်းထဲတွင် လက်ကလေးပိုက်ကာ ထိုင်နေရင်း တစ်နေရာရာကို ပြုံးပြုံးကြီးနှင့် ကြည့်နေသည့် ဒဿနကို မျက်နှာချင်းဆိုင် အရှေ့တည့်တည့်တွင် ထိုင်နေသည့် မင်းမာနက လှမ်းခေါ်လိုက်သည်။ သို့သော် မင်းမာန၏ ခေါ်သံကို ဒဿနက ကြားပုံမပေါ်ပါ။ ပြုံးလျက်သာ ငြိမ်ကျနေသည်။
“ကိုကိုလို့...၊ ညီညီ ခေါ်နေတယ်လေကွာ”
မင်းမာန အသံကို မြှင့်ကာ ခေါ်လိုက်မှ ဒဿန လှုပ်လှုပ်ရှားရှားနှင့် တုံ့ပြန်တော့သည်။
“ဟာ... လန့်လိုက်တာ ညီညီရာ။ ဘာလို့ ဇွတ်အော်နေတာလဲ။ နီးနီးကလေးကို”
“အော်...၊ ခုနက ပုံမှန်အသံနဲ့ ခေါ်နေတော့ဖြင့် မကြားဘဲနဲ့။ ဘာတွေ စိတ်ကူးယဉ်နေတာလဲ”
“ဘာမှ... စိတ်ကူးမယဉ်ပါဘူး ညီညီရာ”
“မလိမ်ပါနဲ့နော်... ကိုကို ညီညီ့ကို ဘယ်တုန်းက လိမ်လို့ရခဲ့ဖူးလို့လဲ ပြော”
မင်းမာန ကိုကို့ကို အကြပ်ရိုက် မေးခွန်းနဲ့ ချောင်ပိတ်လိုက်တော့မှ ကိုကိုက ‘အာ...’ ဟု ညည်းကာ မင်းမာန၏ အကြည့်တို့ကို ရှောင်လွှဲသွားသည်။ ကိုကိုသည် မင်းမာနအပေါ် တစ်ခါမှ ဒီလို ဖုံးကွယ်သိုဝှက် မထားခဲ့ဘူးပါ။ ကိုကို လိမ်နေတယ်လို့ ခံစားရတော့ မင်းမာန၏ မျက်ဝန်းကလေးများသည် ဝမ်းနည်းစိတ်လေးနဲ့ စိုစွတ်ရွှန်းလဲ့လာသည်။
“ကိုကို ညီညီ့ကို လိမ်တဲ့အတွက် ညီညီ ဝမ်းနည်းတယ် သိလား။ ကိုကို ပြောဖူးတယ်လေ...။ ကမ္ဘာပေါ်က လူတိုင်းကို လိမ်ညာရမယ်ဆိုရင်တောင် ညီညီ့အပေါ်ကိုတော့ အမှန်အတိုင်း ပြောပါ့မယ်ဆို။ ညီညီက ကိုကို့ရဲ့ မုသားကင်းမဲ့ဇုန် ဖြစ်ရစေမယ်ဆို...”
“အင်းလေ...ညီညီရဲ့။ အခုက ကိုကိုက ဘာလိမ်လို့လဲ”
“ဘာလိမ်လို့လဲလို့ မေးနေတာကိုက လိမ်နေတာပဲလေ။ မဟုတ်လား ပြော ကိုကို။ ကိုကို ဘာလိမ်နေလဲ ကိုကို သိမှာပေါ့”
“အာ... ညီညီကတော့ကွာ။ အင်း...ဟုတ်ပြီ ဟုတ်ပြီ။ ကိုကို အမှန်အတိုင်းပြောပြမယ်နော်။ ကိုကို ခုနတုန်းက အချစ်ဆိုတာ ဘာလဲလို့ တွေးကြည့်နေတာ”
“အချစ်...၊ ဟုတ်လား ကိုကို”
အချစ်ဆိုသည့် စကားကို ကိုကို့နှုတ်ဖျားမှ ကြားလိုက်ရတော့ မာန၏ ရင်ထဲ ထိတ်ခနဲ ခုန်လှုပ်သွားသည်။ ကိုကို့စိတ်ထဲ အချစ်အကြောင်းတွေကို နေရာပေးတတ်နေခဲ့ပြီလား။ ဒီလိုတွေးမိတော့... မာန ဝမ်းနည်းသွားသည်။
“အင်း...၊ အချစ်။ အချစ်ဆိုတာ ဘာလဲလို့ ကိုကို စဉ်းစားနေတာ”
“အဲ့ဒီတော့... ဘာတဲ့လဲ အချစ်ဆိုတာ”
“အချစ်ဆိုတာမျိုးကလေ... တောင်တစ်တောင် တက်ရတာနဲ့ တူမယ်ထင်တယ်”
“အမ်...ဘယ်လို ဘယ်လို”
“ဟုတ်တယ်လေ...။ ညီညီပဲ စဉ်းစားကြည့်။ ကိုကိုတို့လည်း ဟိုတစ်ခါက ကျောင်းကလိုက်ပို့လို့ စိန်ခနောက်၊ မြခနောက်တောင်ကို တက်ခဲ့ဖူးတာပဲ။ ညီညီ မှတ်မိတယ်မလား...”
အင်း...သိပ်မှတ်မိတာပေါ့ ကိုကိုရယ်။ စိန်ခနောက်၊ မြခနောက်တောင်တက်တဲ့ နေ့က ညီညီ့ဘဝရဲ့ အပျော်ဆုံးနေ့တွေထဲက တစ်နေ့ပေါ့။ ကိုကိုရဲ့ အစ်ကိုပီသတဲ့ ဖေးဖကြင်နာမှုတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေကို အပြည့်အဝ ခံစားသိရှိခဲ့ရလို့ မာနတစ်ယောက် တိမ်ပေါ်လွင့်နေသလို ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ နေ့လေးလေ။ တောင်တက်လမ်း တစ်လျှောက်လုံး ကိုကိုက မာနကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ခေါ်ပေးခဲ့တာ၊ မာန ခြေချော်လဲကျမလိုဖြစ်တော့ အထိတ်ထိတ်အပြာပြာနဲ့ ဆွဲခေါ်ဖေးထူပေးတာ၊ မောနေပြီလား ညီညီဆိုတဲ့ မေးခွန်းလေးတွေကို ခဏခဏ မေးပေးခဲ့တာလေးတွေကို အခုပြန်တွေးရင် အခုထိ ပျော်မြူးကြည်နူးနေမိတုန်းပဲ။ မင်းမာနသည် ကိုကို့ကို တစ်ချက်ပြုံးလျက်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
“အဲ့နေ့က... ကိုကိုတို့ တောင်မတက်ခင် တောင်ခြေမှာ တောင်ကြီးကို မော့ကြည့်ပြီး ဒီတောင်တက်ရတာ ခက်မယ်ထင်တယ်လို့ ပြောခဲ့ကြတယ်မလား။ ဒါပေမယ့် ကိုကို့တက်ကြည့်တော့ လွယ်နေတယ်လေနော်... ဟုတ်လား”
“အင်းလေ... လွယ်တယ် ကိုကို။ ဒါပေမယ့် မောတာတော့ အသေကိုပဲ”
မင်းမာန၏ စကားကြောင့် ဒဿနက ဟားခနဲ ရယ်တော့သည်။
“အချစ်ဆိုတာလည်း အဲ့လို တောင်တက်ရသလိုပဲ။ ကိုကိုလေ အရင်ကတော့ ဘယ်သူ့ကိုမှ မချစ်ဘူးတော့ မချစ်နိုင်လောက်ဘူး၊ လူတစ်ယောက်ကို လွယ်လွယ်နဲ့ မချစ်နိုင်လောက်ဘူးလို့ ထင်ခဲ့တာ။ အခုတော့...”
“အခုတော့...ဘာဖြစ်လဲ ကိုကို။ ကိုကိုက ချစ်တတ်နေပြီလို့ ပြောမလို့လား...”
“အင်း... ကိုကို ချစ်တတ်နေပြီ ထင်ပါရဲ့ ညီညီရယ်။ ချစ်မိသွားတော့လဲ လွယ်လွယ်လေးပဲ။ တကယ့်ကို လွယ်လွယ်လေး၊ တဒင်္ဂကလေးအတွင်း ရင်ဘတ်ထဲမှာ ကြည်နူးလှိုက်ဖိုသွားတဲ့ ခံစားချက်ကလေးက... အချစ်ပဲ ထင်ပါရဲ့”
ဒဿန၏ စကားများကြောင့် မာန၏ တစ်ကိုယ်လုံးရှိ သွေးများ ပူခနဲ ဖြစ်သွားရသည်။ ကိုကို ဘယ်သူ့ကို ရည်ရွယ်ပြီး ဆိုလိုမှန်း၊ ကိုကို လွယ်လွယ်လေးနဲ့ ချစ်မိသွားသူဟာ ဘယ်သူဖြစ်မှန်း မာန တွေးကြည့်နေစရာပင် မလို။ မာနနဲ့ ကိုကို့အကြားက သံယောဇဉ်တွေ၊ ချစ်ခြင်းတရားတွေကို ထိပါးနှောင့်ယှက်မည့် မည်သည့်အရာကိုမဆို မာန တားမြစ်ပိတ်ဆို့ရမည်။ ဖယ်ရှားသုတ်သင်ရမည်။ ဒီတော့... ကိုကို ချစ်ရသူဟာ အလိုအလျောက် မာန၏ ရန်သူဖြစ်သွားမည်မှာတော့ သေချာသည့် အချက်တစ်ခုပင် ဖြစ်ပါသည်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့
🌹ခက်ဆစ်🌹