book

Index 11

Chapter - 9

ပညာဗိမာန် ကိုယ်ပိုင် အထက်တန်းကျောင်းကြီး၏ အရှေ့တွင် အမည်းရောင် Honda ကားလေးတစ်စီးသည် ဖြည်းညင်းစွာ ဆိုက်ရောက်လာသည်။ ကျောင်းဝန်းကြီး၏ အရှေ့နားသို့ ရပ်လိုက်တာနဲ့ ကျောင်းဝန်းအတွင်းမှ ကျောင်းသား၊ကျောင်းသူတို့၏ ကျယ်လောင်သော စာရွတ်ဖတ်သံများကို ကြားနေရသည်။ ကားမှန်လေးကိုချကာ ကျောင်းဝန်းကြီး၏ အတွင်းဘက်ကို သံမဏိလှမ်းကြည့်လိုက်စဉ်တွင် ဒီကျောင်းတွင် ပညာသင်ကြားခဲ့သည့် အထက်တန်းကျောင်းသားဘဝက အတိတ်နေ့ရက်တို့ကို ပြန်လည်တမ်းတ မြင်‌ယောင်မိတော့၏။ 


ကျောင်းအပ်ပေးမည့် မိဘမရှိ၊ အုပ်ထိန်းသူမပါဘဲ ကျောင်းတက်မည့် ကလေးတစ်ယောက်ကိုယ်တိုင် ကျောင်းလာအပ်ရသည့် အဖြစ်အပျက်မျိုးသည် ဤကျောင်းတွင် သံမဏိတစ်ယောက်တည်းသာ ရှိပါလိမ့်မည်။ ပိုက်ဆံထုပ်ကို ကျစ်ကျစ်ပါအောင် ပိုက်လျက် လွယ်အိတ်တစ်လုံးလွယ်ကာ ကျောင်းဝန်းကြီးထဲသို့ ရဲဝံ့သော ခြေလှမ်းတို့ဖြင့် တစ်လှမ်းချင်း လှမ်းလျှောက်ခဲ့ရသည့် နေ့ရက်တို့သည် ယခုထက်တိုင် သံမဏိ၏ နှလုံးသွေးတို့အတွင်း စီးဝင်နေဆဲဖြစ်သည်။ မေမေ တက်စေချင်သည့် ကျူရှင်ကောင်းတစ်ခုထက် မန္တလေးရှိ နာမည်ကြီး ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုဖြစ်သည့် ပညာဗိမာန်ကို သံမဏိ ရွေးချယ်တက်ရောက်လိုက်ခြင်းအပေါ် မေမေ ရောက်ရာဘုံဌာနကနေ ကျေနပ်ပျော်ရွှင်နေလိမ့်မည်ဟု သံမဏိ တထစ်ချ ယုံကြည်ပါသည်။ 


“ဟာ…မောင် သံမဏိ…မင်း… သံမဏိမလား” 


ကျောင်းဂိတ်ဝမှ လုံခြုံရေးဦးလေးကြီး၏ အသံကြောင့် သံမဏိအတွေးတို့မှ နိုးထသွားရသည်။ 


“ဟာ… ဦးလေး၊ ဒီ‌မှာပဲ အလုပ်လုပ်နေတုန်းပဲလား” 


သံမဏိက ကားပေါ်မှ ဆင်းကာ ကျောင်းဂိတ်စောင့် ဦးလေးကြီးကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။ ဤကျောင်း၏ ကျောင်းအိပ်၊ ကျောင်းစား အဆောင်ကျောင်းသားဖြစ်ခဲ့ဖူးသည့် သံမဏိသည် ကျောင်းရှိ ဆရာ၊ ဆရာမများမှအစ လုံခြုံရေး၊ သန့်ရှင်းရေး ဝန်ထမ်းများပါမကျန် ခင်မင်ရင်းနှီးသူဖြစ်သည်။ 


“မင်းကွာ၊ ဆယ်တန်းအောင်ပြီးကတည်းက ကျောင်းကို တစ်ခါမှ မလာတော့ဘူး။ ငါတို့က လူစုံတိုင်း မောင်သံမဏိကို သတိရတဲ့အကြောင်းတွေ ပြောဖြစ်နေကြတာ။ အခုမှပဲ မင်းမျက်နှာလေးကို ပြန်မြင်ရတော့တယ်။ ချောလာ၊ သန့်လာလိုက်တာ မောင်သံမဏိရာ။ ဦးလေးကဖြင့် ဘယ်က မော်ဒယ်လေးပါလိမ့်ဆိုပြီး လာကြည့်တာဗျ” 


ဦးလေးကြီး စကားကြောင့် သံမဏိ ရှက်သွားကာ မျက်နှာကလေး ရဲသွားသည်။ လူကြီးရှက်တော့ ရယ် ဆိုသည့်အတိုင်း သံမဏိ ရယ်မောလိုက်သေးသည်။ အင်း…ဒါဖြင့်ရင် သံမဏိ လူကြီးတစ်ယောက်ဖြစ်ခဲ့ပြီပေါ့။ 


“မြှောက်မပေးလည်း ဦးလေးတို့အတွက် မုန့်တွေ ပါခဲ့ပါ့ဗျာ” 


သံမဏိက ပြောပြောဆိုဆိုနဲ့ ကားနောက်ခန်းတံကားကို ဖွင့်ကာ လက်ဆောင်ပစ္စည်းထုပ်တို့ကို ယူလိုက်သည်။ အထုပ်က သုံးထုပ်ဖြစ်နေ၍ ဦးလေးကြီးက အပြေးလာကာ ကူမ,ပေးရသည်။ 


“ဟာ… အထုပ်တွေက များလှပါ့ မောင်ရာ၊ ဘာတွေများ ဒီလောက်တောင် သယ်လာရတာလဲ” 


“အော်… ဦးလေးတို့အတွက် တစ်ထုပ်၊ ဆရာ/ဆရာမတွေအတွက်က တစ်ထုပ်လေ။ ပြီးတော့ ကျောင်းအုပ်ကြီးကို ကန်တော့ဖို့က တစ်ထုပ်လေ ဦးလေး” 


“မောင်သံမဏိကတော့ အရင်အတိုင်းပဲ လုံးစေ့ဒေါက်‌စေ့ စဉ်းစားပေးတတ်သဟေ့…၊ ဒီလို လူမျိုးမှ မကြီးပွားရင် ဘယ်လိုလူမျိုးက ကြီးပွားလိမ့်မတုန်း..‌.နော့။ မင်းကို ဒီလိုပုံစံနဲ့ မြင်ရတာ သိပ်ကို စိတ်ချမ်းသာတယ်ကွာ…” 


“ကဲ… ကျွန်တော့်ကို ခွင့်ပြုပါဦး ဦးလေး။ စကားကောင်းပေမယ့် ကျောင်းအုပ်ကြီးက ခေါ်ထားလို့ သွားလိုက်ဦးမယ်နော်…” 


သံမဏိ ဦးလေးကြီးနှင့် စကားဖြတ်ကာ အထုပ်တို့ကို ဆွဲလျက် ကျောင်းအုပ်ကြီးရုံးခန်းသို့ ဦးတည် လျှောက်လှမ်းသွားလိုက်စဥ် လွန်ခဲ့တဲ့ ခြောက်နှစ်ခန့်က ဖယောင်းဆိုသည့် ကောင်လေးတစ်ယောက်၏ ‌ခြေလှမ်းတို့ကို ပြန်လည်ခံစားလာမိသည်။ ဤကျောင်းကြီးသည် ဖယောင်းမှ သံမဏိအဖြစ်သို့ စတင်ကူးပြောင်းခဲ့သည့် ပထမဆုံးခြေလှမ်းတို့ ဖြစ်ပေါ်တည်ရှိရာ နေရာလည်း ဖြစ်သည် မဟုတ်လား။ ကျောင်းအုပ်ကြီး‌ရုံးခန်းရှေ့သို့အရောက်တွင် တံခါးလေးကို သံမဏိ ညင်သာစွာ ခေါက်လိုက်သည်။ 


“ဆရာကြီး…” 


“ဝင်ခဲ့ပါ…” 


လျှောတံခါးလေးကို ဘေးသို့ တွန်းဆွဲလိုက်ရင်း ဆရာကြီး၏ ရုံးခန်းအတွင်း သံမဏိ ဝင်သွားလိုက်သည်။ အနက်ရောင်ပေါ်တွင် အဖြူရောင်ချည်စလေးများ ကြောင်ခြစ်ကွက်သဏ္ဌာန် ဖောက်ထားသည့် ပုဆိုးကလေးနှင့် အင်္ကျီအနက်ရောင်တို့ကို တွဲဖက်ဝတ်ဆင်လာသည့် သံမဏိကို ဆရာကြီးက ခြေဆုံး၊ခေါင်းဆုံးကြည့်ကာ ပြုံးလေ၏။ 


“မင်္ဂလာပါ ဆရာကြီး” 


“အေးကွယ်… မင်္ဂလာပါ။ ငါ့တပည့်က အရင်လိုပဲ အနက်ရောင်ကို စွဲစွဲမြဲမြဲ ဝတ်တုန်းကိုးကွ…။ ကျောင်းအင်္ကျီအဖြူကို အနက်ရောင် ပြောင်းပေးပါလားလို့ တောင်းဆိုဖူးခဲ့တဲ့ ချာတိတ်ကလေးကို ပြန်တောင် သတိရသွားပြီ…” 


ဆရာကြီးက သူ့စကားသူ သဘောကျကာ တဟားဟားရယ်တော့ သံမဏိလည်း ဆရာကြီးနှင့်အတူ လိုက်ပါ‌ရယ်မောရသည်။ ဆရာကြီးပြောသည့် ချာတိတ်ကလေးမှာ သံမဏိပါပင်။ 


“အဲ့တုန်းက ဆရာကြီးတောင် ပြန်စဉ်းစားမိတယ်။ ငါ့တပည့်ပြောသလို ကျောင်းယူနီဖောင်းကို အမည်းရောင် ပြောင်းလိုက်ရမလားဆိုပြီး…။ ဘာလို့လဲဆို အင်္ကျီအပေ သက်သာလို့ကွ…” 


ဆရာကြီးက တဟားဟား ရယ်ပြန်သည်။ သံမဏိကတော့ ရှက်ပြုံးကလေးပြုံးရင်း ဆရာကြီးကို ကြည့်နေရသည်။ ဆရာကြီး အရယ်ရပ်တော့မှ ဆရာကြီးကို ဂါရဝပြုစကားဆိုရ၏။ 


“ဆရာကြီး…ကျန်းမာပါရဲ့လားလို့ မေးစရာမလိုအောင် ကျန်းမာနေပုံပဲနော်။ ဆရာကြီးကို မြင်ရတာ စိတ်ချမ်းသာလိုက်တာ” 


“အေးပေါ့ တပည့်ကြီးရာ။ ပီတိကို စားနေရ‌တဲ့ သူဆိုတော့ လူမကျန်းမာရင်တောင် စိတ်ကတော့ အမြဲချမ်းသာနေတော့တာပဲ” 


“ဟုတ်ပါရဲ့…ဆရာကြီးရယ်” 


“‌ငါ့တပည့်ကြီးကို အကူအညီလေးတစ်ခု တောင်းစရာရှိလို့ ခေါ်လိုက်ရတာပဲ။ ငါ့တပည့်ကြီး ဂိုက်ဆရာလုပ်ချင်စိတ်လေး မရှိဘူးလား…၊ ဆရာကြီးကလည်း တော်ရုံတန်ရုံ တပည့်ဆို ဂိုက်ဆရာလုပ်ဖို့ မပြောဝံ့ဘူးရယ်။ ဘာလို့ဆို ဒီအလုပ်က ဝါသနာပါမှ။ ဝါသနာပါရင်တောင် ပညာရေးမှာ ထူးချွန်မှ၊ ပညားရေးထူးချွန်ရင်တောင် တစ်ဖက်သားကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြတတ်ပါဦးမှ တပည့်ကြီးရေ…။ 


မင်းက ဆရာ့တပည့်တွေထဲမှာ ယုံကြည်စိတ်ချရတယ်၊ ပြီးတော့ စာလည်းတော်တယ်။ နောက်ပြီး… စာလည်း ပြန်ရှင်းပြတတ်တယ်။ ပညာရေးနဲ့လည်း အရမ်းကြီး အလှမ်းမဝေးသေးဘူးလေ။ လောလောလတ်လတ် ကျောင်းပြီးထားတာဆိုတော့ ဆရာကြီး မင်းကို အပြည့်အဝ ယုံကြည်စိတ်ချလို့ အကူအညီတောင်းရတာ” 


“တစ်ခါတလေလေး ဆရာကြီး အကူအညီတောင်းတာကို သား မငြင်းချင်ပါဘူး ဆရာကြီးရယ်။ ဒါပေမယ့် သားမှာလည်း အလုပ်က တစ်ဖက်မလား။ ဂိုက်ဆရာလုပ်မယ်ဆိုရင် အနည်းဆုံးတော့ အချိန်ပေးနိုင်မှလေ။ သားက အချိန်မှ မပေးနိုင်ဘဲ ဆရာကြီးရယ်။ အဆင်ပြေနိုင်မယ် မထင်ပါဘူး” 


“အင်း… ဆရာကြီး အစစအရာရာ ချင့်ချိန်ပြီးမှ တပည့်ကြီးကို ခေါ်လိုက်တာပါ။ အချိန်က တပည့်ကြီး ပေးနိုင်မယ့်အချိန်ကို ညှိပေးလို့ရတယ်။ ပြီးတော့… အခုက ဆယ်တန်းကျောင်းသားနှစ်ယောက်ထဲကို အနီးကပ် ဂိုက်လုပ်ပေးရုံပဲ။ စာရှင်းပြစရာတောင် မလိုလောက်ဘူး။ အဲ့ကလေးတွေက စာတွေ ကျေနေ‌ပြီးသား။ ဒါပေမယ့်… သူတို့ကို အချိန်နဲ့ ဇယားနဲ့ အနီးကပ် ကြပ်မတ်ပေးမယ့် ဂိုက်ဆရာတစ်ယောက် လိုနေတာ။ အစက ဆရာကြီး ရည်ရွယ်ထားတဲ့ ဂိုက်ဆရာက တက္ကသိုလ်စာမေးပွဲ နီးနေလို့တဲ့လေ။ အဲ့ဒါကြောင့်… တပည့်ကြီးကို ဆရာ အကူအညီ တောင်းရတာပါ” 


သံမဏိ ခေါင်းလေးငုံ့ကာ ဆရာကြီးကို ဘယ်လို ငြင်းဆန်ရင် ကောင်းမလဲလို့ စဉ်းစားနေလိုက်သည်။ ဆရာကြီးကို အားနာမိသော်လည်း သံမဏိမှာ အားလပ်ချိန်မရှိ၍ ဖြစ်သည်။ 


“ဆရာကြီးကလည်း ဂိုက်ဆရာရှာပေးပါ့မယ်၊ အိမ်မှာပဲ စာကျက်ခိုင်းလို့ ရပြီဆိုပြီး ကျောင်းသားမိဘကို နှုတ်ကျွံမိသွားပြီ။ ကျောင်းသားမိဘ ဆိုပေမယ့်လည်း တခြားသူတော့ မဟုတ်ပါဘူး… ဆရာကြီးရဲ့ တပည့်အရင်းတစ်ယောက်ပါပဲ။ သျှံဓန တဲ့။ ငါ့တပည့်ကြီးတောင် သိနိုင်မလားဘဲ။ ကျောက်လုပ်ငန်း လုပ်နေတဲ့ သူအချင်းချင်းဆိုတော့…” 


ဆရာကြီး၏ စကားထဲမှ သျှံဓနဆိုသည့် နာမည်ကြောင့် သံမဏိ ခေါင်းကို ဆက်ခနဲ မော့ကာ ဆရာကြီးကို ကြည့်လိုက်မိသည်။ ဒါဆိုရင် သျှံဓနရဲ့ သားနှစ်ယောက်အတွက် ဂိုက်ဆရာလုပ်ပေးဖို့ သံမဏိကို ဆရာကြီး တောင်းဆိုနေတာပေါ့။ သျှံဓနရဲ့ သားနှစ်ယောက်လို့ တွေးမိလိုက်တာနဲ့ မနေ့က မိတ္တူဆိုင်မှာ သံမဏိနဲ့ ဝင်တိုက်ခဲ့တဲ့ ကောင်လေးတစ်ယောက်ကို သံမဏိ မျက်လုံးများထဲ မြင်ယောင်လာသည်။ သံမဏိကို ရွှန်းလဲ့ရီဝေနေသည့် မျက်ဝန်းများနှင့် စိုက်ကြည့်နေခဲ့သည့် ဒဿန၏ မျက်လုံးတစ်စုံကို မြင်ယောင်လာမိချိန်တွင် သံမဏိ နှုတ်ခမ်းလေး အဖျားခတ်လှုပ်ရှားသွားရုံ မဲ့ပြုံးလေးတစ်ချက်ကို လှပစွာ ပြုံးလိုက်သည်။ 


သျှံဓနနဲ့ နီးစပ်ရာ နယ်ပယ်တွေထဲ တိုးဝင်ခြေလှမ်းဖို့ ကြိုးစားနေတဲ့ သံမဏိအတွက် ဆရာကြီးရဲ့ ကမ်းလှမ်းမှုဟာ တံခါးပေါက်ကြီး တစ်ချပ်ဖြစ်နေပါလား။ သျှံဓနရဲ့ အနီးစပ်ဆုံး နေရာတစ်ခုဆီကို ရောက်ရှိနိုင်မယ့် တံခါးတစ်ချပ်ပေါ့။ သံမဏိ စိတ်ကျေနပ်စွာ လှလှပပကြီး ပြုံးလိုက်သည်။ 


“အိုး…သိပ်သိတာပေါ့ ဆရာကြီးရယ်။ သျှံဓနဆိုတာ သားတို့ ကျောက်စိမ်းလောကကြီးရဲ့ ဆရာတစ်ဆူပဲလေ။ လျှမ်းလျှမ်းတောက် နာမည်ကြီးပဲ။ သားကိုတော့ သူမသိနိုင်ဘူး။ သားတို့က တစ်နိုင်တစ်ပိုင် လုပ်နေတဲ့ လုပ်ငန်းအငယ်စားလေးကိုး ဆရာကြီးရဲ့…” 


“အေးအေး…ဟုတ်မှာပဲ” 


သံမဏိ စကားကို ဆက်မပြောသေးဘဲ ရပ်ထားလိုက်ကာ ခေါင်းထဲက စကားလုံးတစ်ချို့ကို ‌ရွေးထုတ်နေလိုက်သည်။ 


“ဆရာကြီး အကူအညီတောင်းတာကိုလည်း သား မလွန်ဆန်ချင်ပါဘူး။ ဒါပေမယ့် သျှံဓနရဲ့ သားနှစ်ယောက်ကို ဂိုက်လုပ်ပေးရမယ်ဆိုရင် အကျိုးလိုလို့ ညောင်ရေသွန်းတယ်လို့လည်း သား အထင်မခံချင်ဘူး ဆရာကြီးရယ်။ လုပ်ငန်းချင်းက တူနေတယ်မလား…” 


“အင်း…ဟုတ်ပြီ။ တပည့်ကြီး ဆိုလိုတဲ့ သဘောကို ဆရာကြီး သိပြီ။ အိုကေလေ…၊ တပည့်ကြီး အကြောင်းကို သျှံဓနကို ဆရာကြီး ပြန်မပြောပြဘူး စိတ်ချ။ မင်းလည်း ကျောက်လုပ်ငန်းလုပ်တဲ့အကြောင်းကို သျှံဓန မသိစေရဘူး။ ဒါဆိုရင် အဆင်ပြေလား တပည့်ကြီး” 


ဆရာကြီးက သံမဏိ၏ အကွက်ထဲ ဝင်လာ၍ သံမဏိ ကြိတ်ပြုံးလိုက်သည်။ ဆရာကြီးကို လိမ်ညာလှည့်ဖျားရသည့်အတွက်တော့ သံမဏိ မလုံမလဲဖြစ်ရပါသည်။ သို့သော် မုသားမပါ လင်္ကာမချော ဆိုသည့် စကားလည်း ရှိသေးသည် မဟုတ်လား။ သားကို ခွင့်လွှတ်ပေးပါ ဆရာကြီး။ 


“ဟုတ်ကဲ့..ဆရာကြီး၊ သား ဒါဆို ဆရာကြီးတောင်းဆိုတာကို လက်ခံပါ့မယ်” 


ထို့နောက် သံမဏိ၏ စိတ်ထဲတွင် သျှံဓနကို တိုင်တည်ကာ စကားတစ်ခွန်းဆိုလိုက်၏။ 


သျှံဓနရေ…၊ ခင်ဗျားရဲ့ နှလုံးသားတည့်တည့်ကို ဓားနဲ့ ထိုးစိုက်နိုင်ဖို့ လမ်းစကလေးတစ်စကတော့ ကျုပ်ရှေ့မှာ ဖြောင့်ဖြောင့်ဖြူးဖြူးကြီး ပေါ်ပေါက်လာပြီ။ ဒါဟာ ခင်ဗျားကို ငရဲအရောက်ပို့မယ့် လမ်းပဲ ဦးသျှံဓန။ 


………… 


မျက်လုံးများသည် သူ့အလိုလို ပွင့်လျက် ဒဿန နိုးထလာခဲ့သည်။ မျက်လုံးများ ပွင့်ပွင့်ချင်း သူ့အတွေးထဲ ဝင်လာခဲ့သည်က မျက်ဝန်းတစ်စုံ။ ကော်ပီမန္တလာ မိတ္တူဆိုင်မှာ စက္ကန့်ပိုင်းမျှလောက်သာ ဆုံတွေ့ခဲ့ရသည့် ပုံရိပ်ကလေးတစ်ခုက သူ့အတွေးများထဲတွင် စွဲထင်ကျန်ရစ်နေခဲ့သည်မှာ မယုံကြည်နိုင်စရာပင်။ ထိုမျက်ဝန်းကလေးနှင့် ဆုံတွေ့ခဲ့သည့် အခိုက်အတန့်တွင် သူ့နှလုံးသားလေးသည် ခံစားချက်တမျိုးဖြင့် နူးညံ့စွာ လှုပ်ရှားခုန်လှုပ်သွားရသည်။ ဒါဟာ… ဘာကြောင့်လဲဆိုတာ ဒဿန မသိပါ။ သူသိတာတစ်ခုကတော့ သူ ထိုမျက်ဝန်းကလေးနှင့် ပုံရိပ်ကလေးတစ်ခုကို စွဲလန်းငြိတွယ်မိခဲ့ပြီ ဆိုသည့် အချက်ကိုပင် ဖြစ်ပါသည်။ 


“ကိုကို…” 


သူ့လက်ကလေးကို ဆွဲယူကာ သူ့လက်မောင်းပေါ် ခေါင်းကလေးတိုးဝင်လျက် သူ့မွေ့ရာပေါ်သို့ တက်လာသည့် မင်းမာနကြောင့် ဒဿန အတွေးကလေးများ လွင့်ပျက်ပြယ်သွားရသည်။ ဒဿနနှင့် မင်းမာနတို့ ညီအစ်ကို နှစ်ယောက်သည် အခန်းတစ်ခန်းထဲတွင် အတူတူ နေကြသူများဖြစ်ပြီး အိပ်ရာသည်တော့ တစ်ယောက်တစ်ခု ခွဲကာ အိပ်ကြသည်။ 


“ညီညီ… နိုးပြီလား” 


“အင်း… ကိုကို့ကို ညီညီကြည့်နေတာ တစ်မျိုးပဲနော်။ ပြုံးစိစိနဲ့ ဘာတွေ တွေးနေတာလဲဟင်…” 


“ဘာမှ မတွေးပါဘူး ညီညီရဲ့…” 


ကိုကို ညာနေမှန်း မင်းမာန သိပါသည်။ ကိုကို့၏ ဒီလို ရွှန်းလဲ့နူးညံ့နေသည့် မျက်ဝန်းများကို မင်းမာန တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မတွေ့ဘူးခဲ့ပါ။ ကိုကို တစ်နေ့က မိတ္တူဆိုင်မှာ ဝင်တိုက်မိခဲ့သည့် လူတစ်‌ယောက်ကို တမ်းတနေတာပဲဖြစ်ရမည်။ ထိုနေ့က ထိုလူကို ကြည့်နေခဲ့သည့် ကိုကို့၏ မျက်ဝန်းများသည် အခုမျက်ဝန်းများနှင့် တစ်ပုံစံတည်းဖြစ်၍ မင်းမာန ဒီလို ကောက်ချက်ချလိုက်ခြင်းသည်။ ထိုလူ့ကို စိုက်ကြည့်နေခဲ့သည့် ကိုကို၏ ရွှန်းလဲ့ရီဝေနေသည့် မျက်ဝန်းများကို မင်းမာန မကြိုက်ပါ။ မင်းမာန ကိုကို့၏ မျက်ဝန်းများကို လေ့လာအကဲခတ်နေစဉ်မှာပဲ အခန်းအပြင်က တံခါးခေါက်သံကို ကြားလိုက်ရသည်။ 


“ကလေးတို့… ဒဿနဲ့ မာန…” 


သူတို့ကို ဒဿ၊ မာနရယ်လို့ ခေါ်ဝေါ်တတ်တာဆိုလို့ ဒီအိမ်တွင် တစ်ဦးတည်သာ ရှိပါသည်။ အိမ်တော်ထိန်းကြီး ဒေါ်ထားခင် ပင်။ သူတို့ကလည်း ဒေါ်ထားခင်ကို ထားထားဟူ၍သာ ချစ်စနိုးနှင့် ခေါ်ပါသည်။ 


“ထားထား..၊ ဘာလဲဟင်…” 


မင်းမာနသည် ဒဿန၏ လက်မောင်းလေးပေါ် လှဲလျောင်းနေရင်းသာ လှမ်းအော်ပြောလိုက်သည်။ 


“မာနလေး နိုးပြီလား၊ ကိုကိုရော” 


“ဒဿလည်း နိုးနေပါပြီ ထားထားရဲ့၊ ဘာကိစ္စရှိလို့လဲ ပြောလေ” 


“ကလေးတို့ ဆရာကြီးက ညက ဖုန်းဆက်တယ်။ ဒီနေ့ မနက် ရှစ်နာရီက စပြီး ဂိုက်ဆရာလေး စာလာသင်မယ်တဲ့။ ညက ကလေးတို့က အစောကြီး အိပ်သွားလို့ မပြောလိုက်ရလို့…” 

ဒဿန နံရံပေါ်မှ နာရီကို မော့ကြည့်လိုက်တော့ ခုနစ်နာရီခွဲ ရှိပြီ။ ဒါဆို သူတို့ အိပ်ရာထ,ပြီး ရေချိုးသင့်ပြီပဲ။ 


“ဟုတ်ကဲ့ ထားထား၊ ဒဿတို့ အခုပဲ ရေချိုးလိုက်ပါ့မယ်။ မနက်စာကို အဆင်သင့်ပြင်ထားပေးပါနော်” 


“အေးပါကွယ်” 


ဒဿနလည်း အိပ်ရာပေါ်မှ ထ,ကာ တဘက်တစ်ထည် ပတ်လျက် ရေချိုးခန်းထဲသို့ ဝင်ပြီး ရေချိုးခန်းတံခါးကို လော့ခ်ချဖို့ အလုပ်မှာ မင်းမာနသည် တဘက်ကလေးပတ်လျက် ရေချိုးခန်းတံခါးကို ဖွင့်လိုက်လေသည်။ 


“ဟာ…ညီညီ ဘာလုပ်တာလဲ။ ကိုကို အရင်ချိုးမယ်လေကွာ…” 


“အာ…ကိုကိုကလည်း… အချိန်မှ မရှိတော့တာ။ တော်ကြာ… ဂိုက်ဆရာ စောင့်နေရရင် အားနာစရာကြီး” 


“အော်… ဒါမျိုးကျ အစောင့်ခံရတာ မကြိုက်တော့ပြန်ဘူးလား…”

 

“ဒါက ဆရာလေ ကိုကိုရဲ့…။ ဆရာ့ကို စောင့်ခိုင်းနေလို့ ဖြစ်ပါ့မလား။ လာမူ ကြိုဆီး တဲ့လေ။ တပည့်ဝတ်ရဲ့ ထိပ်ဆုံးက အချက်။ ညီညီတို့ကတောင် ဆီးကြိုရမယ့် ကိစ္စ” 


စကားတက်လွန်းသည့် မင်းမာနကို ဒဿန ဘယ်တုန်းကမှ အနိုင်ရအောင် မပြောနိုင်ခဲ့ပါ။ ဒဿန ညီညီ့ကို ပြုံး၍ ကြည့်နေရင်းသာ ခေါင်းကို တသွင်သွင် ခါနေရတော့သည်။ 


“ကဲပါ…ဒီနေ့တော့ အတူတူ ရေချိုးကြရအောင်လေနော်။ ရှက်နေလို့လား ကိုကိုက။ ညီအစ်ကိုချင်း ရှက်စရာလား။ လာ…ချွတ်” 


နှုတ်သွက်ရုံမျှမက ‌ခြေသွက်လက်သွက်ရှိလှတဲ့ မင်းမာနက ပြောပြောဆိုဆိုနှင့် ဒဿန၏ ခါးမှာပတ်ထားသည့် တဘက်ကလေးကို ဗြုတ်ခနဲ ဆွဲချွတ်ချလိုက်တော့ ဒဿန ဟာခနဲဖြစ်သွားကာ မျက်နှာကလေး နီရဲသွားသည်။ မင်းမာနကတော့ ရှက်သည့်ပုံမပေါ်။ သူ့ကိုယ်ပေါ်မှ တဘက်ကလေးကိုလည်း ဆွဲဖြုတ်လိုက်ပြီး တဘက်လှန်းသည့် နံရံကပ် စတီးတန်းကလေးအပေါ် တဘက်တို့ကိုတင်ကာ ရေပန်းခလုပ်ကို ဖွင့်လိုက်တော့သည်။ 


ညီအစ်ကိုနှစ်ယောက် ရေကို ဆယ်မိနစ်ခန့်လောက်နှင့် ပြီးစီးအောင် ချိုးလိုက်ပြီး အဝတ်အစားဝတ်ကာ အောက်ထပ်သို့ ဆင်းလာလိုက်ကြသည်။ ‌ထမင်းစားခန်းထဲမှာတော့ သူတို့အတွက် မနက်စာက အဆင်သင့်ဖြစ်နေခဲ့ပြီ။ 


“ကလေးတို့… မနက်စာစားပြီးရင် အောက်ထပ်က ကလေးတို့ရဲ့ စာကြည့်ခန်းမှာပဲ စောင့်နေလိုက်နော်။ ကလေးတို့ ဖေဖေက စာကြည့်ခန်းထဲမှာပဲ စာသင်ဖို့ ထားထားကို မှာထားတယ်” 


ဒဿနနှင့် မင်းမာနသည် မနက်စာစားပြီးသည်နှင့် ဒေါ်ထားခင်၏ စကားအတိုင်း စာကြည့်ခန်းအတွင်းသို့ ဝင်ကာ ဂိုက်ဆရာကို အဆင်သင့်စောင့်နေလိုက်သည်။ 


ရှစ်နာရီတိတိတွင် ဒဿန၏ လက်ပတ်နာရီမှ တီခနဲ မြည်သံကလေး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်း အပြင်ဘက်မှ ဒေါ်ထားခင်၏ စကားသံတချို့ကို ကြားလိုက်ရသည်။ 

“ဟုတ်ကဲ့… ဒီအခန်းပါ ဆရာလေး…၊ ဒေါ်ဒေါ်က ဆရာဆိုလို့ အသက်ကြီးကြီး မှတ်နေတာ။ ငယ်ငယ်လေးပဲ” 


“ဟုတ်ကဲ့…၊ ဒါဆို ကျွန်တော် ဝင်သွားလိုက်မယ်နော်…” 


ဂိုက်ဆရာ လာနေပြီ ဖြစ်၍ စာကြည့်စားပွဲပေါ်တွင် မှောက်အိပ်နေသည့် မင်းမာနကို ဒဿန လက်ဖြင့် တို့လိုက်ကာ သတိပေးလိုက်သည်။ ဒီတော့မှ မင်းမာနသည် ခါးကလေးကို ဆက်ခနဲ မတ်ထိုင်ကာ ဒဿနကို လှည့်ကြည့်ရင်း ဖြီးခနဲ ပြုံးပြလိုက်သည်။ 


စာကြည့်ခန်း အပြင်ဘက်မှ တံခါးခေါက်သံ ‌သုံးချက်တိတိ ပေါ်ထွက်လာပြီးချိန်တွင် တံခါးကလေးသည် ပွင့်ဟလျက် တိုးဖွညင်သာသော ခြေလှမ်းကလေးသည် အခန်းအတွင်းသို့ တစ်လှမ်းချင်း လှမ်းလျက် ဝင်လာခဲ့သည်။ ခြေသံကလေးနှင့်အတူ ဒဿန အရင်ဆုံး သတိပြုမိလိုက်တာက အခန်းအတွင်းသို့ တိုးဖောက်ပျံ့နှံ့လာသည့် ရေမွှေးအနံ့ သင်းသင်းကလေးတစ်ခု။ ပန်းတစ်မျိုး၏ အနံ့နှင့် ခပ်ဆင်ဆင်တူပြီး ထုံအီမနေဘဲ ပေါ့ပါးလတ်ဆတ်သည့် ရေမွှေးနံ့မျိုး။ 


ဒဿနနှင့် မင်းမာနသည် အခန်းအတွင်းဝင်လာသည့် ဂိုက်ဆရာကို နှုတ်ဆက်ရန်အတွက် လှည့်ကြည့်လိုက်ကြချိန်တွင် ဒဿန၏ ရင်ခွင်ထဲတွင် နူးညံ့ညင်သာစွာ သိမ့်ခနဲ လှုပ်ရှားသွားပြီး မင်းမာန၏ ရင်ခွင်ထဲတွင်တော့ ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဝုန်းခနဲ ပေါက်ကွဲသွားသလို ဆူညံစွာ လှုပ်ခါသွားရတော့သည်။ 


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့


                                               🌹 ခက်ဆစ် 🌹



rate now: