book

Index 10

Chapter - 8

နေရောင်မရှိ၊ လရောင်မရှိ၊ ကြယ်ရောင်မရှိ၊ အလင်းရောင် ကင်းမဲ့နေသည့် နေရာတစ်ခုတွင် သျှံဓနသည် ဦးတည်ရာမဲ့စွာ စမ်းတဝါးဝါး လျှောက်လှမ်းနေသည်။ သူ ဘယ်ရောက်နေခဲ့တာလဲ… သူကိုယ်တိုင်တောင် မသိပါ။ အရှေ့မှာ ဘာတွေ ရှိမလဲ… သူ မသိ။ လေးလံသောခြေလှမ်းများဖြင့် အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေခဲ့သည်။ တစ်နေရာသို့အရောက်… ခြေတစ်လှမ်း လှမ်းလိုက်စဉ်တွင် မြေကြီးပေါ်သို့ ခြေမကျဘဲ လွတ်ဟာသွားကာ သူ သိမ့်ခနဲ အောက်သို့ ပြုတ်ကျသွားသည်။ လေဟာနယ်ထဲသို့ သူ ကျဆင်းသွားသဖြင့် ရင်ထဲတွင် အေးခနဲ ဖြစ်သွားကာ စိတ်လှုပ်ရှားသွားသည်။ သို့သော်… သူ့ ခန္ဓာသည် အရှိန်ပြင်းထန်စွာ မကျဆင်းဘဲ ဂွမ်းစကလေးတစ်ခုလို ပေါ့ပါးစွာ တဖြည်းဖြည်း ကျဆင်းနေသည်။ တစ်စုံတစ်ခုပေါ်သို့ အကျတွင် သူ ကုန်းရုန်းထလိုက်၏။ ထိုစဉ် သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည့် အနံ့တစ်မျိုးကို သူ သတိထားလိုက်မိသည်။ သူ သေသေချာချာ အာရုံခံ၍ ထိုရနံ့တို့ကို ရှုရှိုက်ကြည့်လိုက်သေးသည်။ သေချာပါတယ်… ဒီရနံ့ဟာ နှင်းဆီပန်းရနံ့။


ထိုစဉ် သူ ရောက်ရှိနေသည့် နေရာတွင် အလင်းရောင်တစ်ခု ဖျက်ခနဲ လင်းသွားသည်။ ဒီတော့မှ သူ အခန်းငယ်တစ်ခုထဲ ရောက်ရှိနေကြောင်း သိရှိသွားရသည်။ သို့သော်… သူ ဒီအခန်းကို မသိပါ။ တစ်ခါမှလည်း မမြင်ဘူးပါ။ သျှံဓနသည် ခေါင်းကို ဘယ်ညာရမ်းကာ အခန်းအတွင်းကို လေ့လာကြည့်လိုက်သည်။ အခန်းနံရံများကို အနီရောင်ဆေးများ သုပ်ခြယ်ထားသဖြင့် ဆွေးဆွေးနီ၍ နေသည်။ အခန်းအတွင်း ဘာပစ္စည်းတစ်ခုမှ ရှိမနေဘဲ နံရံတစ်ဖက်တွင် ပန်းချီကားတစ်ချပ်ကိုသာ ချိတ်ဆွဲထားသည်။ 


ဟင်…


ဘာကြောင့်မှန်းရယ် မသိလဲ ထိုပန်းချီကားကို တွေ့မြင်လိုက်သည်နှင့် သျှံဓန ရင်ထဲ ထိတ်ခနဲ လန့်သွားသည်။ ထိုပန်းချီကားကို အံ့ဩမင်သက်စွာ စိုက်ကြည့်နေမိဆဲမှာပင် အခန်းအတွင်းသို့ ကောင်လေးတစ်ဦး ဝုန်းခနဲ ဝင်လာခဲ့သည်။ ထိုကောင်လေးသည် လျှာထိုးဦးထုတ်အမဲရောင်ကို ခပ်ငိုက်ငိုက်ဝတ်ဆင်လျက် မျက်နှာတွင် Mask (နှာခေါင်းစီး) အနီရောင်တစ်ခုကို တပ်ဆင်ထား၍ ကောင်လေး၏ မျက်နှာကို သျှံဓန မမြင်ရပါ။ သျှံဓန မြင်နေရသည့် ‌ထိုကောင်လေး၏ အစိတ်အပိုင်းက တစ်ခုတည်းသာ။ ကောင်လေး၏ မျက်ဝန်းတစ်စုံပင် ဖြစ်ပါသည်။ သျှံဓနကို စိုက်ကြည့်နေခဲ့သည့် ထိုမျက်ဝန်းများသည် စူးရှစွာ တောက်ပသည်။ အမုန်းတရားများ၊ ဒေါသရန်ငြိုးများဖြင့် ပူလောင်ပြင်းရှနေသည့် ထိုမျက်ဝန်းများကို သျှံဓန ကြောက်လန့်တကြား စိုက်ကြည့်နေမိသည်။ 


ကောင်လေးသည် သျှံဓနကို ခါးသက်စွာ စိုက်ကြည့်နေရင်းက နံရံမှ ခလုပ်တစ်ခုကို နှိပ်ချလိုက်သည်။ သျှံဓန၏ ခေါင်းတည့်တည့်ပေါ်သို့ စေးကပ်ကပ် ညှီစို့စို့ အရာများ ကျဆင်းလာတော့သည်။ သျှံဓန သေချာကြည့်လိုက်တော့မှ… သွေးစများ ပေကျံနေသည့် နှင်းဆီပွင့်ဖတ်တွေ။ 


သူ့တစ်ကိုယ်လုံးမှာ ပေကျံသွားသည့် သွေးစက်များနှင့် နှင်းဆီပွင့်ဖတ်များကို သျှံဓန အဆိပ်ပြင်းသည့် အကောင်တစ်ကောင်လို ကြောက်လန့်စွာ ခါထုတ်လိုက်သည်။ သို့သော်… သွေးစက်များသည် သူ့ တစ်ကိုယ်လုံးပေါ်တွင် စွဲထင်စွန်းထင်းသွားပြီ။ သူ ဘယ်လိုဖျက်ဖျက် ပျက်နိုင်တော့မည် မဟုတ်ပါ။ ကောင်လေးက သျှံဓန၏ အပြုအမူများကို စူးစိုက်စွာကြည့်ရင်း တဟားဟား ရယ်မောတော့သည်။ ကောင်လေး၏ ဟက်ဟက်ပက်ပက် ရယ်မောသံသည် အခန်းငယ်လေးအတွင်း စူးရှကျယ်လောင်စွာ ပျံ့နှံ့သွား၍ သျှံဓန ထိတ်လန့်ကာ အော်ဟစ်မိလိုက်သည်။


“အား…”


သျှံဓန မျက်လုံးစုံမှိတ်၍ ယောင်ယမ်းအော်ဟစ်ပြီး လန့်နိုးလာခဲ့သည်။ အိပ်ရာပေါ်တွင် ငေါက်ခနဲ ကောက်ထိုင်မိတော့မှ သူ အိပ်မက်ဆိုး မက်နေခဲ့သည်ကို သိရှိသွားရသည်။ 


ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ အိပ်မက်လဲ။ 


အိပ်မက်က လန့်နိုးခဲ့ပြီးတာတောင် သူ့နှလုံးသား‌သည် အခုထက်ထိ တထိတ်ထိတ် လှုပ်ခုန်နေဆဲပင်ဖြစ်သည်။ ဘယ်ဘက်လက်မနှင့် လက်ခလယ်ကို အသုံးပြုကာ တဆစ်ဆစ်လှုပ်ရှားလျက်ရှိသည့် နားထင်မှ သွေးကြောတို့ကို ဖိညှစ်ထားလိုက်သည်။


ငါ့ကို ဘယ်အချိန်အထိ အရေးမပါတဲ့ ပန်းချီကားတစ်ချပ်နဲ့ လိုက်နှောင့်ယှက်နေမှာလဲ…


သျှံဓန စိတ်ရှုပ်ထွေးစွာ တောက်တစ်ချက် ခေါက်လိုက်သည်။ ထို့နောက် မွေ့ရာပေါ်မှ ဆင်းကာ မနေ့ညက ညစာစားပွဲကျင်းပနေချိန်မှာ သူ့ဆီသို့ တန်းတန်းမတ်မတ်ရောက်ချလာခဲ့သည့် စားပွဲခုံပေါ်တွင် မှောက်တင်ထားသည့် ပန်းချီကားချပ်ကို ကောက်ယူကြည့်လိုက်သည်။ ထိုပန်းချီကားကို သျှံဓန စူးစိုက်ကြည့်နေရင်း လွန်ခဲ့သည့် (၆)နှစ်ခန့်က နေပြည်တော်ရှိ Cupid Hotel ကြီး၏ အခန်းတစ်ခန်းထဲတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တို့ကို ပြန်လည် မြင်ယောင်လာခဲ့သည်။


တကယ်တော့ ထိုအဖြစ်အပျက်သည် သျှံဓန တမင်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။ အရက်အမူးလွန်၍ အသိစိတ် ကင်းမဲ့သွားချိန်တွင် ဖြစ်ပျက်ခဲ့သည့် နမော်နမဲ့မှုတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် ထိုကိစ္စအပေါ်တွင် တာဝန်ရှိသည်ဟု သျှံဓန မခံစားမိပါ။


ထိုမနက်က သူ နိုးထလာခဲ့ချိန်တွင် ရုတ်တရက် တွေ့မြင်လိုက်ရသော မြင်ကွင်းတချို့ကြောင့် သူ ထိတ်လန့်သွားခဲ့ရသည်။


“ဟာ…ဒါ…ဒါ ဘာတွေလဲ…”


ဟိုတယ်သုံး အိပ်ရာခင်း အဖြူစွတ်စွတ်အပေါ်တွင် အနီရောင်သွေးကွက်တို့နှင့် နှင်းဆီပွင့်ဖတ်တချို့ ပြန့်ကျဲစွန်းထင်လျက်ရှိသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း အဝတ်အစားများ ရှိမနေခဲ့ပါ။ ထို့အပြင် သူ၏ ဆီးစပ်နားတဝိုက်တွင် သွေးစများ စွန်းပေနေသည်။ 


သျှံဓန မွေ့ရာပေါ်မှ ဆင်းကာ ကြမ်းပြင်ပေါ်မှ အဝတ်အစားတို့ကို ပြာပြာသလဲ ကောက်ယူပြီး ဝတ်လိုက်သည်။ ထိုအချိန်တွင် ရေချိုးခန်းအတွင်းမှ သျှံဓန၏ အတွင်းရေးမှူး ကောင်းဇေထက် ထွက်လာခဲ့သည်။


“ဟာ… ဆရာ နိုးပြီလား”


“ငါ့ကို ပြောစမ်းပါ…၊ မနေ့ညက ဘာတွေ ဖြစ်ခဲ့သလဲ?”


ကောင်းဇေထက်သည် သျှံဓန၏ အနီးကပ်အတွင်းရေးမှူး ပီသစွာ သူ့ဆရာ၏ လေသံကို ကြားလိုက်ရသည်နှင့် သူ့ဆရာ၏ အတွင်းစိတ်အခြေအနေကို ထိုးဖောက်သိမြင်နိုင်စွမ်းရှိသူ ဖြစ်၏။

 

“စိတ်အေးအေးထားပါ ဆရာ…၊ ကျွန်တော် ပြောပြပါ့မယ်”


ကောင်းဇေထက်က ဟိုတယ်သုံး ရေခဲသေတ္တာငယ်ကလေးဆီသို့ အေးဆေးသော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားလိုက်ကာ ရေခဲသေတ္တာအတွင်းမှ ရေအေးအေးတစ်ဘူးကို ထုတ်ယူဖွင့်ဖောက်ပြီး ဖန်ခွက်ကလေးထဲသို့ ရေများ သွန်ထည့်လိုက်ပြီး သျှံဓနကို လှမ်းပေးလိုက်သည်။


“ရော့ ဆရာ၊ ရေအေးအေးလေး သောက်လိုက်ပါဦး။ ဆရာ့စိတ်တွေ လှုပ်ရှားနေတယ်ထင်တယ်”


သျှံဓနသည် သူ့အတွင်းရေးမှူးကောင်လေး ပေးလာသည့် ရေခွက်ကို လှမ်းယူကာ တစ်ကျိုက်တည်းမော့ချလိုက်သည်။ အေးစက်နေသည့် ရေခဲရေအေးတို့သည် ပူလောင်လှုပ်ရှားနေသည့် သူ့စိတ်အစုံတို့ကိုတော့ မအေးစက်စေနိုင်ပါ။


“ဆရာ…ကျွန်တော်ပြောတာ သေသေချာချာ နားထောင်နော် ဆရာ။ ဆရာ…မနေ့ညက အမူးလွန်ပြီး ဟိုတယ်ဝန်ထမ်းကောင်လေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မိသွားတယ်…”


“ဘာ…!!!”


ကြားနေရသည့် ကောင်းဇေထက်၏ စကားကြောင့် သျှံဓန မယုံကြည်လောက်အောင် ထိတ်ခနဲ လန့်ဖြန့်သွားသည်။ ခြေထောက်တွေလည်း မခိုင်တော့၍ အနီးနားရှိ ဆိုဖာခုံပေါ်သို့ သျှံဓန ထိုင်ချလိုက်ရသည်။ သွားပြီ… သူ ပြင်ဆင်လို့မရသည့် အမှားအယွင်းတစ်ခုကို သူ လွန်ကြူးမိသွားပြီ။ သူ… ဘာဆက်လုပ်ရမလဲ မသိတော့လောက်အောင် သူ့စိတ်တွေ ပူထူသွားတော့သည်။


“ကိစ္စမရှိပါဘူး ဆရာ။ ဆရာ စိတ်မပူပါနဲ့။ ကျွန်တော် ဖြေရှင်းလိုက်ပါပြီ”


ငိုက်စိုက်ကျနေသည့် သျှံဓန၏ ခေါင်းသည် ဆက်ခနဲ ပြန်မော့လာသည်။


“ဟင်… ဘယ်လိုရှင်းလိုက်တာလဲ?”


“ကျွန်တော် အဲ့ကောင်လေးကို ပိုက်ဆံ သိန်း (၅၀၀)ပေးလိုက်တယ် ဆရာ။ သူလည်း အဲ့ပိုက်ဆံကို လက်ခံသွားတယ်။ သူ့ကို နှုတ်ပိတ်နေဖို့ ကျွန်တော် မှာလိုက်ပါတယ်။ ဆရာ ဘာမှ မစိုးရိမ်ပါနဲ့”


သျှံဓန မျက်လုံးများက ကောင်းဇေထက်ကို မလှုပ်မယှက် စူးစိုက်ကြည့်နေသော်လည်း သျှံဓန၏ ခေါင်းထဲတွင်တော့ အတွေးများသည် ပြေးလွှားလှုပ်ရှားလျက်ရှိသည်။ ခဏအကြာတွင် သျှံဓန၏ နှုတ်ခမ်းများသည် ကော့ညွတ်ကာ ပြုံးတော့သည်။


“မင်း သိပ်တော်တယ် ကောင်းဇေ…။ ဒီကိစ္စကို ဟိုကောင်လေးကို မင်းနှုတ်ပိတ်လိုက်သလို ငါကလည်း မင်းကို နှုတ်ပိတ်ကြေး ဆုချရမှာပေါ့ကွာ။ ငါ့ ဘဏ်အကောင့်ထဲက သိန်းတစ်ရာ ထုတ်ပြီး ယူလိုက်။ အဲ့ဒါ မင်းရဲ့ ပြသနာဖြေရှင်းတတ်မှုအတွက် ငါဆုပေးတာ”


“ဟား…သိန်းတစ်ရာကြီးများတောင်…။ ကျေးဇူးပါ ဆရာ”


“ဒါနဲ့…ငါ ကျူးလွန်မိလိုက်တဲ့ ကောင်လေးရဲ့ နာမည်က…”


“ဖယောင်း တဲ့ ဆရာ…”


ပန်းချီကား၏ အောက်ဖက်ထောင့်စွန်းကလေးမှာ ရေးထိုးထားသည့် ဖယောင်းဆိုသည့် နာမည်ကို သျှံဓန စိုက်ကြည့်နေရာမှ အတွေးတို့ကို ခေါင်းတစ်ချက်ခါလိုက်ပြီး ရုပ်သိမ်းလိုက်သည်။


မင်းကို လျော်ကြေးအနေနဲ့ တန်ရာတန်ကြေးပေးပြီးပြီပဲ ဖယောင်း။ ဘာလို့ မင်းကိုယ့်ကို ပန်းချီကားတွေ၊ ပို့စကတ်တွေပို့ပြီး နှောင့်ယှက်နေရသေးတာလဲ…


သျှံဓနသည် အတွေးတို့ကို ကြိုးစား‌မေ့ဖျောက်လျက် စိတ်တို့ကို ပြန်လည်တည်‌ငြိမ်အောင် စုစည်းလိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ တိုက်အောက်ထပ်ရှိ ထမင်းစားခန်းတွင် သားအမွှာနှစ်ယောက်တို့သည် ရယ်မောကာ မနက်စာစားလျက် ရှိကြသည်။


“Morning သားတို့…”


“‌Morning ပါ ဖေဖေ… နိုးပြီလား”


မင်းမာနသည် လတ်ဆတ်ပေါ့ပါးသော လေသံမျိုးဖြင့် အဖေဖြစ်သူ သျှံမဏိကို နှုတ်ဆက်လိုက်သည်။


“နိုးလို့ပဲ မြင်ရတာပေါ့ကွ ညီညီရာ၊ မင်းမှာလည်း အပိုလေးတွေ ပြောလိုက်ရမှ အိပ်ပျော်စားဝင်သလား မှတ်ရတယ်”


“ဟာ… ကိုကိုကလည်း၊ ညီညီက ဒီအတိုင်း မေးလိုက်တာပါ”


ဒဿန၏ ပင်ကိုယ်စရိုက်ကိုက နှုတ်နည်းသည်။ အေးဆေးတည်ငြိမ်စွာ ပြောဆိုပြုမူတတ်သည်။ လောကွတ်စကားတို့ကိုလည်း ဆိုလေ့ရှိသူ မဟုတ်။ သူ့ဟာသူ အေးအေးကလေး နေတတ်သူဖြစ်၏။ မင်းမာနသည်တော့ နှုတ်သွက်သည်။ အိမ်မှာဆိုလျှင် စကားတွေ မနားတမ်းပြောဆိုနေတတ်သူလည်း ဖြစ်သည်။ ကျောင်းမှာဆိုလျှင်တော့ မင်းမာနသည် သူနှင့် အမြဲတမ်း ပေါင်းလေ့ပေါင်းထရှိသည့် သူငယ်ချင်းများနှင့်သာ စကားပြောဆိုတတ်သူဖြစ်ပြီး တခြားသူများနှင့်ဆို ခပ်ကင်းကင်းနေလေ့ရှိသည်။ ခေတ်စကားနှင့်ဆိုရလျှင် ချေမိုးနေတတ်သည်ပေါ့။ ဒဿနသည်တော့ ဒီလိုမဟုတ်။ အတန်းထဲမှ သူငယ်ချင်းများ အားလုံးကို တန်းတူသဘောထားလျက် ပြောဆိုခင်မင်တတ်သူဖြစ်၏။


“သားတို့ကို ဖေဖေ ပြောစရာလေး ရှိတယ်…”


“ဟုတ်ကဲ့ ဖေဖေ…ပြောလေ…”


ထုံးစံအတိုင်း သျှံဓန၏ စကားကို ချက်ချင်းဆိုသလို ဘက်ခနဲ ပြန်ဖြေသူက မင်းမာန။ ဒဿနသည်တော့ သျှံဓနကို မော့ကြည့်လျက် တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။


“သားတို့…နောက်နှစ်လနေရင် စာမေးပွဲကြီးလည်း ဖြေရတော့မယ်နော်။ ပြီးတော့ ဟိုတစ်ရက်က မင်းတို့ရဲ့ ကျောင်းအုပ်ကြီးက ဖေဖေ့ဆီ ဖုန်းဆက်တယ်။ သူတို့ဘက်က သင်ပေးစရာရှိတဲ့ Course တွေ အကုန်လုံး သင်ပေးပြီးပြီတဲ့။ အဲ့ဒါ ကလေးတွေကို အိမ်မှာပဲ အနီးကပ် ဂိုက်နဲ့ စာကျက်စေချင်ရင် ကျောင်းမလွှတ်ဘဲ အိမ်မှာပဲ ကျက်ခိုင်းလို့ ရပြီတဲ့…၊ ဖေဖေကတော့ သားတို့ကို ကျောင်းမသွားတော့ဘဲ ကိုယ့်အိမ်မှာကိုယ်ပဲ အနီးကပ် ဂိုက်တစ်ယောက်ခေါ်ပြီး စာကျက်ခိုင်းမလားလို့‌။ သားတို့ သဘောကရော…”


“ဟုတ်ကဲ့ ဖေဖေ။ ‌သားကတော့ ဖေဖေ့သဘောအတိုင်းပဲ။ အိမ်မှာပဲဆိုတော့ ပိုကောင်းတာပေါ့။ နားအေးပါးအေးနဲ့ စာကျက်လို့ရတယ်။ ကျောင်းမှာဆို စာကျက်ချိန်ဆိုရင် နားငြီးလွန်းလို့။ စာမကျက်နိုင်ဘူး ဖေဖေရဲ့” 


ပြောရင်း နှုတ်ခမ်းကလေးဆူလာသည့် သားငယ်လေးကို ကြည့်ကာ သျှံဓန သဘောကျစွာ ပြုံးလိုက်သည်။


“သားကြီးကရော…”


“သားကတော့ ဘယ်နေရာမှာမဆို အဆင်ပြေပါတယ် ဖေဖေ”


“အိုကေ... ဒါဆို သားတို့အတွက် ဂိုက်ဆရာတစ်ယောက် ရှာပေးဖို့ ကျောင်းအုပ်ကြီးကို လှမ်းပြောထားလိုက်မယ်။ မနက်ဖြန်ကစပြီး သားတို့ ကျောင်းသွားစရာမလိုတော့ဘူး။ ဒီနေ့တော့ ကျောင်းသွားပြီး သူငယ်ချင်းတွေကို နှုတ်ဆက်လိုက်ကြ…၊ အိုး…ဒါနဲ့ ပြောဖို့‌မေ့နေလိုက်တာ။ ဖေဖေ အလုပ်ကိစ္စနဲ့ ဖားကန့်တက်ရဦးမယ်နော်…သားတို့”


“ဖေဖေ ဖားကန့်သွားတာ ထူးဆန်းတဲ့ ကိစ္စကျလို့။ အမြဲတမ်း တက်နေရတာပဲ မဟုတ်လား”


“ဖေဖေပြောတာ ဆုံးအောင် နားထောင်ဦးမှပေါ့ ညီညီရ၊ ဒီတစ်ခါ အရင်ကနဲ့ မတူလို့ ပြောတာလဲ ဖြစ်နိုင်တာပဲ။ လူကြီးစကားပြောရင် အဲ့လို ဖြတ်မပြောရဘူးလို့ ကိုကိုမှာထားတယ်မလား…”


ဒဿန စကားကြောင့် မင်းမာန ခေါင်းကလေးပုကာ ငြိမ်ကျသွားသည်။ ဒဿနသည် ဘယ်ကိစ္စကိုမဆို လူကြီးတစ်ယောက်အတိုင်း လေးလေးနက်နက် တွေးခေါ်စဉ်းစားနိုင်သူ ဖြစ်၏။ ထိုအချက်ကိုတော့ သျှံဓန သဘောကျသည်လေ။


“ဟုတ်တာပေါ့ သားကြီးရာ၊ ဒီတစ်ခါ‌ ဖေဖေသွားမှာ နည်းနည်းတော့ ကြာမယ်”


“ဟုတ်ကဲ့ ဖေဖေ၊ လုပ်ကွက်အသစ် တင်ဒါအောင်တဲ့ ကိစ္စနဲ့မလား ဖေဖေ”


“ဒါပေါ့ သားကြီးရ၊ လုပ်ကွက်အသစ်မှာ အခြေကျဖို့အတွက် လအနည်းငယ်တော့ ဖေဖေ အဲ့မှာပဲ နေရလိမ့်မယ်။ သားတို့ စာမေးပွဲအမီတော့ ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်”


ဒီတော့မှ မင်းမာနက မျက်နှာကလေး ခပ်ညှိုးညှိုးဖြင့် ဝင်ပြောတော့သည်။


“ဖေဖေ ဘယ်နေ့စသွားရမှာလဲ ဟင်”


“ဒီနေ့ နေ့လည်ပဲ သားငယ်”


“ဟာ…ဖေဖေကလည်း၊ နောက်ရက်မှ သွားလေ။ သားတို့ကို ဂိုက်ဆရာခေါ်ပေးရဦးမယ်လေ”


“ဂိုက်ဆရာက သားတို့ကျောင်းအုပ်ကြီးကိုယ်တိုင် သူသဘောကျတဲ့ လူကို လွှတ်ပေးမှာဆိုတော့ ဖေဖေမှ ပူစရာမရှိတာ သားငယ်ရဲ့”


“ဒါဆို သားတို့ စာမေးပွဲမဖြေခင်တော့ ဖေဖေ ပြန်လာခဲ့နော်…ဒါမှ သားတို့ စာမေးပွဲဖြေရတာ အားရှိမှာ”


သားငယ်၏ ကလေးဆန်ဆန်အပြောကို သျှံဓန နှစ်ခြိုက်စွာ ရယ်မောလိုက်တော့သည်။ လူကသာ ဆယ်တန်းကျောင်းသားကြီး ဖြစ်နေတာ။ စိတ်က ငါးတန်းကလေးစိတ်နဲ့ မင်းမာနကို သျှံဓန ကလေးငယ်လေးတစ်ယောက်လို ချစ်မြတ်နိုးရပါသည်။


“အာ… ဖေဖေက စီးပွားရေးသွားလုပ်မှာလေ ညီညီ၊ အဲ့လို မပြောရဘူး။ နောက်ပြီး ကိုကိုတို့က ကလေးမှ မဟုတ်တော့တာ။ ဖေဖေ့ကို နောက်ဆံတင်းအောင် မပြောရဘူးလေ”


“ကဲ…ထားလိုက်ပါ သားကြီးရဲ့၊ မင်းညီညီက သိတဲ့အတိုင်းပဲ ကလေးစိတ်ကိုးကွ။ ဖေဖေ အားလုံးကို ဒေါ်ထားခင်နဲ့ မှာထားခဲ့မယ်။ တစ်ခုခုလိုအပ်တာ ရှိရင် ဒေါ်ထားခင်ကို ပြောကြ၊ သူလုပ်ပေးလိမ့်မယ်…”


ဒေါ်ထားခင်သည် သျှံဓနတို့ အိမ်၏ အိမ်တော်ထိန်းကြီးဖြစ်သည်။ လုပ်သက်ရင့်နေပြီဖြစ်၍ ဆွေမျိုးကဲ့သို့ပင် ယုံကြည်စိတ်ချရသူလည်း ဖြစ်၏။ မနက်စာစားပြီး ကားပေါ်တက်ကာ ကျောင်းသွားသည့် သားနှစ်ယောက်ကို သူ့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ သျှံဓန လိုက်ကြည့်နေမိသည်။ ထို့နောက်… သူ့အခန်းထဲသို့ ပြန်ဝင်လာလိုက်ကာ  ဖားကန့်သွားရန်အတွက် လိုအပ်သည့် အဝတ်အစား၊ အသုံးအဆောင်တို့ကို ခရီးဆောင်အိတ်ထဲ ထည့်ဖို့ စီစဉ်ရတော့၏။


***********************


***********************


ကော်ပီမန္တလာ မိတ္တူကူးဆိုင် အရှေ့သို့ အရောက်တွင် အမည်းရောင် Hondaကားကလေးတစ်စီးသည် တုံ့ခနဲ ရပ်သွားသည်။ ကားပေါ်မှ ရှပ်အနက်ရောင်နှင့် စတိုင်ပန်အနက်ရောင်တို့ကို တွဲဖက်၍ ဝတ်ဆင်ထားသည့် လူတစ်ဦးသည် အေးဆေးတည်ငြိမ်စွာ ဆင်းသက်လာသည်။ လက်ထဲမှာ ပိုက်ဆံအိတ် အမည်းလေးတစ်လုံးကို ကိုင်လျက် ဆိုင်‌ကလေးအတွင်းသို့ ပုံမှန်ခြေလှမ်းများဖြင့် ဝင်ရောက်လာသည်။


တစ်ကိုယ်လုံး အနက်ရောင်တို့ကို ဝတ်ဆင်ထားသည့်အပြင် ခြေထောက်တွင် စီးထားသည့် ရှူးဖိနပ်သည်ပင် အနက်ရောင်ဖြစ်သည်။ လေတစ်ချက်အဝေ့ကြောင့် ထိုလူ၏ ဆံပင်ကလေးများသည် နဖူးရှေ့သို့ ဝဲကာ ကျဆင်းသွားသည်။ နဖူးလေးကို ဆံပင်လေးများ အုပ်ကျသွားသည့်အခါ ထိုလူ၏ မျက်နှာသည် ပို၍ နုနယ်ကာ ချောမောသွားသည်ဟု ထင်ရသည်။ ဒါကို ထိုလူက နှစ်သက်ပုံမရပါ။ မျက်မှောင်ကြုတ်လိုက်ရင်း နဖူးပေါ် ဝဲကျလာသည့် ဆံပင်များကို လက်ဖြင့်ထိုးသပ်ကာ အပေါ််သို့ လှန်၍ပင့်တင်လိုက်၏။


မွတ်ဝင်းဖွေးဖြူလျက်ရှိသည့် ထိုလူ၏ အသားအရည်တို့သည် ရှပ်အင်္ကျီအနက်ကလေးကြောင့် ရှိရင်းစွဲထက် ပိုမိုဖွေးဥသွားသည်။ ခန္ဓာကိုယ်အချိုးအစားသည် ကြွက်သားများ ထုထည်ကြီးမားစွာ မရှိသည့်‌တိုင်အောင် ကျစ်ကျစ်လျစ်လျစ်နှင့် ရှည်လျားမြင့်မားသော အရပ်အမောင်းနှင့် လိုက်ဖက်ညီစွာ ကြည့်၍ကောင်းနေတော့ သည်။ ထိုလူ၏ ဆိုင်လေးအတွင်းသို့ ဝင်လာပြီး ဝန်ထမ်းကောင်မလေးတစ်ဦးကို ပြုံးရွှင်ဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။


“ညီမလေး…အစ်ကို ဖုန်းဆက်ထားတယ်လေ။ နှင်းဆီပုံပန်းချီကို ပို့စ်ကဒ်ဆိုဒ် ထုတ်ခိုင်းထားတာ… ရပြီလား”


“အော်… ဟုတ်ကဲ့…။ အစ်ကို သံမဏိဆိုတာလား ရှင့်”


“ဟုတ်ပါတယ်။ ကျွန်တော် သံမဏိပါ”


“ဟုတ်ကဲ့ ရပါပြီရှင့်။ ဒီမှာပါ…”


ဝန်ထမ်းကောင်မလေးက စက္ကူအိတ်ဖြင့် ထုတ်ပိုးထားသည့် ပို့စ်ကဒ်တို့ကို ကောင်တာအတွင်းမှ ယူပေးလိုက်သည်။ သံမဏိလည်း ကျသင့်ငွေကို ရှင်းပေးအပြီး ပြန်အလှည့်မှာ လူတစ်ယောက်နှင့် ဝင်တိုက်မိပြီး လက်ထဲက ပစ္စည်းများ ပြုတ်ကျကုန်သည်။


“အိုး…”


“ဟာ…”


သံမဏိ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ ပြုတ်ကျသွားသည့် စက္ကူအိတ်ကလေးကို ပျာပျာသလဲ ကောက်လိုက်သည်။ ‌ကံကောင်းစွာဖြင့် စက္ကူအိတ်ထဲမှ ပန်းချီပုံကဒ်ကလေးများသည် အပြင်သို့ လွင့်စင်ကျမသွားပါ။ သံမဏိနှင့် ဝင်တိုက်မိ‌သည့် ကောင်ကလေးသည် ကျောင်းယူနီဖောင်းကလေးနှင့် ဖြစ်သည်။ ခန္ဓာကိုယ်အချိုးအစားနှင့် အရပ်အမောင်းကို ခန့်မှန်းကြည့်ရသလောက်တော့ အထက်တန်းကျောင်းသားအရွယ် ကလေးပင် ဖြစ်ရမည်။ သံမဏိသည် သူ့ကို နောက်ကျောပေးကာ သူ့၏ ပိုက်ဆံအိတ်ကလေးကို လှမ်းကောက်နေသည့် ကောင်ကလေးကို စိတ်ထဲမှ အကဲခတ်နေမိသည်။ ထိုစဉ်တွင် ထိုကောင်လေးသည် သံမဏိဘက်သို့ မျက်နှာလှည့်လာခဲ့သည်။ ကောင်လေး၏ မျက်နှာကို မြင်လိုက်ရချိန်‌တွင် သံမဏိ ထိတ်ခနဲ လန့်သွားသည်။ ဆုံလည်း ဆုံတတ်လေခြင်း ဟူ၍ သံမဏိစိတ်ထဲ ‌ရေရွတ်လိုက်မိသည်။


“အစ်ကို…ဒီမှာ အစ်ကို့ရဲ့ ပိုက်ဆံအိတ်”


‌ထိုကောင်လေးနှင့် မျက်လုံးချင်းဆုံမိသည့် အခိုက်အတန့်တွင် ကောင်လေး၏ မျက်ဝန်းများထဲ နူးညံ့သည့် ခံစားမှုတချို့ ပြေးဖြတ်သွားသည်ကို သံမဏိမြင်တွေ့လိုက်ရသည်။ ကောင်လေးသည် သံမဏိ၏ မျက်ဝန်းများကို မင်သက်စွာ စူးစိုက်၍ ကြည့်နေလေသည်။ ထိုအကြည့်များကို သံမဏိက အရင်  ဖြတ်တောက်ပစ်လိုက်ရပါသည်။


“ကျေးဇူးပါ”


သံမဏိက ကောင်လေး၏ လက်ထဲမှ ပိုက်ဆံအိတ်လေးကို ဆွဲယူလိုက်တော့မှ ထိုကောင်လေး၏ အကြည့်များသည် သံမဏိဆီမှ ပျာပျာသလဲ ရုပ်သိမ်းသွားတော့သည်။


“ကိုကို… ဘာဖြစ်သွားသေးလဲ”


ဆိုင်အတွင်းသို့ အပြေးဝင်လာသည့် ကောင်လေးတစ်ဦး၏ အသံလာရာဆီ သံမဏိ လှည့်ကြည့်လိုက်သည်။ ထိုကောင်လေးနှစ်ယောက်ကို သံမဏိ သိပ်သိတာပေါ့။ သံမဏိ သိပ်ရွံမုန်းတဲ့ သျှံဓနရဲ့ သားနှစ်ယောက်… ဒဿန နဲ့ မင်းမာန ပဲလေ။ သူတို့ကတော့ သံမဏိကို ဘယ်သိပါ့မလဲ။ သိလို့လဲ ဘယ်ဖြစ်ပါ့မလဲနော်။


“အင်း…ကိုကို ဘာမှ မဖြစ်ပါဘူး ညီညီ၊ ဒီက အစ်ကိုရော ဘာဖြစ်သွားသေးလဲဗျ။ တောင်းပန်ပါတယ်နော်…။ ကျွန်တော်လည်း လွယ်အိတ်ထဲက စာအုပ်ထုတ်ရင်းနဲ့ ဆိုင်ထဲ ဝင်လာတာမလို့ အစ်ကို့ကို မမြင်ဘဲ ဝင်တိုက်လိုက်မိတာပါ”


“အိုး…မဟုတ်တာ၊ ရပါတယ်။ ကျွန်တော် ဘာမှ မဖြစ်ပါဘူး။ ကျွန်တော့်ကို ခွင့်ပြုပါဦးနော်”


သံမဏိက ဒဿနတို့ကို နှုတ်ဆက်ရင်း ချာခနဲ လှည့်ထွက်လာလိုက်သည်။ ဒဿန၏ မျက်လုံးများကတော့ သံမဏိဆီ ကပ်ငြိခိုတွယ်သွားသည်။ ကားအမည်းလေးပေါ်တက်ကာ ထိုကားလေး သူ့မြင်ကွင်းထဲမှ ပျောက်‌ဆုံးသွားသည့်အထိ ဒဿန လိုက်ကြည့်နေမိသည်။ ခုနက တခဏ ဆုံလိုက်ရသည့် မျက်ဝန်းကလေးကို ပြန်မြင်ယောင်မိချိန်တွင် ဒဿနရင်ထဲ တစ်ခါမှ မဖြစ်ပေါ်ဘူးခဲ့သည့် ခံစားချက်တစ်မျိုးဖြင့် သူ့နှလုံးသားလေး တဆက်ဆက် လှုပ်ခါသွားသည်။ 


အစ်ကိုဖြစ်သူ ဒဿန၏ အရိပ်အယောင်တစ်မျိုးနှင့် ရွှန်းလဲ့ရီဝေနေသည့် မျက်ဝန်းများကို မြင်လိုက်ရချိန်တွင် မင်းမာန၏ ရင်ထဲတွင်လည်း အမျိုးအမည်မသိသည့် ခံစားချက်တစ်မျိုးဖြင့် ထိတ်လန့်ပူလောင်သွားရတော့သည်။ 


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့


                                      🌹 ခက်ဆစ် 🌹



rate now: