လွမ်းငွေ့မပြယ်စေချင်ပါ 🍂
~~~~~~~
"ဟူး... တော်ပါသေးရဲ့၊ ဆရာရောက်နေပြီအောက်မေ့နေတာ "
"ဆရာက ဒီနေ့ နောက်ကျမယ်နဲ့တူတယ် ငါလမ်းမှာတွေ့ခဲ့တယ်"
"ဒါနဲ့ နင်တို့ဘာလို့ နောက်ကျနေတာလဲ၊ အခုပဲ လေးလုံးနဲ့ပြောနေတာ နင်တို့ကို လာမယ်မထင်တော့ဘူးလို့ "
"ဟီး... ရိပ် ညက ရုပ်ရှင်ကားကြည့်ရင်း ညဥ့်နက်သွားတော့ မနက်ကျတော့ စောစောမထနိုင်တာနဲ့ ကျောင်းနောက်ကျသွားတာပဲ "
လွမ်းရိပ်သည် ကျောပေါ်က လွယ်အိတ်ကို ချွတ်ကာ ခုံပေါ်တင်လိုက်ရင်း ခွေးပေါက်ရဲ့ အမေးကို ဖြေလိုက်သည်။ ပြီးတော့ နဖူးပေါ်က ချွေးစက်လေးတွေကို လက်ကောက်ဝတ်နေရာနဲ့ ပင့်သုတ်လိုက်ပါ၏။
"ဟဲ့ ဒါနဲ့ ရိပ်ကို ပြောရဦးမယ်"
ဟု လေးလုံးက ရိပ်အနားတိုးကပ်လာတော့ ရိပ်က ကိုယ်လေးအသာကျုံ့ကာ နားစွင့်လိုက်ပါသည်။
"စန္ဒာက သွေးကို စိတ်ဝင်စားနေတယ် ထင်တယ်ဟ၊ ဒါကို ခွေးပေါက်လည်း သိတယ်၊ မယုံရင် မေးကြည့် "
" ဟင်! "
ဘေးတစ်ဖက်မှာရှိနေသည့် ခွေးပေါက်ကို ငဲ့ကြည့်လိုက်တော့ သူက လွမ်းရိပ်ကို ဆတ်ခနဲ ခေါင်းညိတ်ပြတာကိုတွေ့ရသည်။
ထိုအခါ လွမ်းရိပ် မျက်ခုံးတွန့်သွားလျက်...
"နင်တို့က ဘယ်လိုသိတာလဲ၊ သေချာလို့လား"
"သေချာသလောက်တော့ ရှိတယ်ဟ၊ နင်နဲ့ သွေးသက်တန့် တွဲပြီးဝင်လာတိုင်း စန္ဒာက သွေးသက်တန့်ကို မသိမသာ ခိုးခိုးကြည့်နေတာ ငါတို့မြင်တယ်၊ လိုက်ကြည့်နေတာ ကြက်ကြီးလည်လိမ်ထားသလိုပဲဟာ၊ ပိုသေချာသွားတာက ရိပ် နေမကောင်းလို့ ကျောင်းမတက်တဲ့ ရက်တုန်းက စန္ဒာက သွေးဆီသွားပြိီး စကားသွားပြောသေးတယ် ဘာတွေပြောလဲတော့ မသိဘူး... "
စန္ဒာက သွေးကို စိတ်ဝင်စားနေတာတဲ့။ ဖြစ်နိုင်လို့လား။ ဒါကို သွေးကရောသိလား။ စန္ဒာက ညိုချောလေးပဲ။ ပြီးတော့ ကျွန်တော် ကျွန်တော်နဲ့ ပြောတတ်တဲ့ မန္တလေးသူလေး။
လွမ်းရိပ်သျှင်က ယောကျာ်းလေးဘက်ခြမ်း သူမနှင့် တစ်တန်းတည်းမှာ ထိုင်နေသည့် သွေးသက်တန့်ကို လှမ်းကြည့်လိုက်ပါသည်။ သွေးက ရိပ်ကို မြင်သွားပြီး သူ့ရဲ့ ဘယ်ဘက်ပါးချိုင့်လေး ခွက်ဝင်သွားသည်အထိ ပြုံးပြတော့ လွမ်းရိပ် ဟွန့်ခနဲ မဲ့ရှုံ့သွားရင်း မျက်နှာလွှဲလိုက်ပါ၏။ ပုံစံကိုက စိတ်ပျက်စရာ။ ကြောင်တောင်တောင်နဲ့ ဘာမှစိတ်ဝင်စားစရာလည်း မရှိဘူး။
"လွမ်းရိပ်... လွမ်းရိပ်သျှင်"
"ဟင် "
လေးလုံးက အနားကပ်ခေါ်နေပေမယ့် အတွေးကလွင့်နေတာမို့ အသံက နားထဲမဝင်ဘဲ အတော်ကြာမှ ပြန်ထူးလိုက်မိသည်။
"ရိပ်... မနက်ဖြန် ကျောင်းပိတ်ရက်နော်၊ ငါတို့အိမ်လိုက်လည်မဲ့အကြောင်း ရိပ်တို့အိမ်ကို ပြောပြီးပြီလား၊ ဘာပြောလဲ ခွင့်ပြုလား"
"ဖေဖေကတော့ သိတဲ့အတိုင်း သိပ်ခွင့်ပြုချင်တာမဟုတ်ဘူး၊ ဒါပေမဲ့ အတင်းပူဆာလိုက်တော့ လက်ခံလိုက်တယ်၊ တနင်္လာနေ့ကျောင်းဆင်းမှ တစ်ခါတည်းပြန်လာခဲ့မယ်လို့ ပြောလိုက်တယ် "
"ဟယ် ဒါဆို ငါတို့တွေ ကျောင်းပိတ်ရက်နှစ်ရက်လုံး အကြိုက်လျှောက်လည်လို့ရပြီပေါ့နော်"
"ဒါပေါ့ "
"သွေးသက်တန့်ကရော...ဘယ်လိုလုပ်မလဲ"
"သူ့ကို ခေါက်ထားလိုက်စမ်းပါ၊ ငါတို့ မိန်းကလေးတွေချည်း လျှောက်လည်ကြမယ်"
"Ok "
နေလည့်ထမင်းစားချိန်ကျတော့ သွေးသက်တန့်က လွမ်းရိပ်အနားသို့ ရောက်လာသည်။
"ရိပ်... ဘာစားမလဲ၊ ငါဘာဝယ်ခဲ့ရမလဲ"
"ဘာမှမစားဘူး"
"ဘာလို့လဲ... လေးလုံးတို့နဲ့ မှာလိုက်လား"
"မမှာဘူး"
စကားပြောတာ ဘုဆတ်ဆတ်နဲ့ သူ့ကိုလည်း မျက်နှာချင်းမဆိုင်ဘဲ ဘာတွေကောက်နေမှန်းမသိချေ။ မျက်နှာကျောကိုလည်း တင်းထားသည်။
"ပြီးရောလေ၊ ငါသွားပြီနော်"
"ဟွန့်...သောက်ချိုးကိုမပြေဘူး၊ သူ့ကို မိန်းကလေးတစ်ယောက်က စိတ်ဝင်စားနေတယ်ဆိုပြီး ဘဝင်မြင့်နေတာ၊ တွေ့ဦးမယ်"
ခုံပေါ်မှာတင်ထားသည့် ညာဘက်လက်သီးလေးကိုဆုပ်၊ နှုတ်ခမ်းလေးကိုမဲ့လိုက်ရင်း တစ်ယောက်ထဲ မကျေမလည် ရေရွတ်နေမိတော့သည်။
ကျောင်းတက်ချိန်နီးလာမှ ဗိုက်ကအလိုလိုဆာလာပြီ။ နေမထိထိုင်မထိ ဖြစ်နေ၏။ ရေသောက်ပြီး အဆာဖြေနေရသည်။ ဘာရယ်မဟုတ် သွေးသက်တန့်ကိုမြင်တာနဲ့ ဒေါသက လိမ့်ထွက်လာ၏။ ထွက်လာသမျှ ဒေါသတွေစုပြီး စားလို့ရရင် အကောင်းသား။
"ကဲ ရော့..."
ထိုအချိန် ခုံပေါ်ရောက်လာသည့် ချောကလက်ရေခဲမုန့်နဲ့ ပေါင်မုန့်က လွမ်းရိပ်ဒေါသတွေကို ခဏခြင်း အရည်ပျော်ကျသွားစေပါသည်။
"မြန်မြန်စားလိုက်၊ ဆရာလာလို့ အသိမ်းခံနေရဦးမယ်"
သွေးသက်တန့်က ထိုသို့ပြောပြီး လှည့်ထွက်သွားလေသည်။ ချောကလက်ရေခဲမုန့်...။ ရိပ်သည် ဒေါသဖြစ်တိုင်း၊ စိတ်ကောက်တိုင်း ချောကလက်ရေခဲမုန့်လေး စားလိုက်ရမှ ကျေနပ်တတ်သည့်အကျင့်ရှိသဖြင့် သွေးက အမြဲတမ်း ဝယ်ကျွေးပြီးချော့နေကြဖြစ်သည်။
သွေးဘက်သို့လှည့်ကာ မျက်စောင်းတစ်ချက် ကျွေးလိုက်ပြီးမှ ပေါင်မုန့်ကို အလုံးလိုက်ပါးစပ်ထဲ ထည့်စားလိုက်ပါသည်။ အရသာတော့ရှိသား၊ ခရင်မ်မပါပေမယ့်လို့ပေါ့။ သွေးက ရိပ်ကိုကြည့်ပြီး ပြုံးစိစိဖြင့် ရေသောက်ဦးဟု အမူအယာနှင့် လုပ်ပြနေသဖြင့် ကိုယ့်ဟာကိုယ်နေဟု နှုတ်ခမ်းလှုပ်ရုံ ပြန်ပြောလိုက်ပါသည်။
°°°°°°°°°°°°°°°
ကျောင်းဆင်းသောအခါ လွမ်းရိပ်တို့ လေးလုံးအိမ်မှာ အဝတ်စားလဲ ရေမိုးချိုးပြီး ရုပ်ရှင်ကြည့်ရန် ထွက်လာခဲ့ကြပါသည်။ သွေးသက်တန့် မပါသော်လည်း ရိပ်တို့ချည်းလည်း ပျော်ဖို့ကောင်းပါသည်။
ရုပ်ရှင်ကြည့်ပြီးသောအခါ တရုတ်တန်းညစျေးကို လှည့်ဝင်ခဲ့ပါသေးသည်။ လွမ်းရိပ်တို့ လက်ထဲကပိုက်ဆံကုန်သည်အထိ စားသောက်ပြီးကြသောအခါမှ လေးလုံးတို့အိမ်သို့ ပြန်လာခဲ့ကြလေသည်။ သူငယ်ချင်းသုံးယောက် သည်ည လေးလုံးတို့အိမ်တွင် စုအိပ်ပြီး ထွေရာလေးပါး စကားတွေပြောကြမည်။ လေးလုံးမိဘတွေက စည်းကပ်မတင်းကျပ်ဘဲ လူငယ်တွေနဲ့ လိုက်လျောညီထွေနေတတ်ပြီး သဘောကောင်းကြသည်။
"ဟဲ့ မြန်မြန်လုပ် နောက်ကျမယ် "
"ဖင်လေးလိုက်တာနော်"
"ပြီးပါပြီ.... ငါ့အကျီက နည်းနည်းကျပ်နေသလားလို့ "
"ရေသန့်ဘူး ထည့်ယူသွားရင်ကောင်းမလား"
မနက်ခင်း တေးသံသာတွေကတော့ လွမ်းရိပ်တို့အသံစာစာလေးတွေပဲ ဖြစ်သည်။ မနက်ငါးနာရီကတည်းက ထကာ ပြင်ဆင်နေကြသည်မှာ တစ်အိမ်လုံး ဆူညံပွက်လောရိုက်နေကြပါသည်။ မနက်၆ နာရီ ထိုးလုပြီ ခုထိ ပြင်လို့ဆင်လို့မပြီးကြသေး။ ဒါကြောင့် ရိပ်က မိန်းကလေးမဖြစ်ချင်တာ၊ ယောကျ်ားလေးတွေဆို တော်ရာကောက်ဝတ်သွားလည်း အမြင်တင့်တယ်နေတာပဲ၊ ရိပ်တို့ မိန်းကလေးမှာတော့ ဖီးရလိမ်းရနဲ့ အချိန်ဆိုတာ ပိုတယ်လို့ကို မရှိပါဘူး...။
"ရိပ် အောက်ထပ်က စောင့်နေမယ်၊ ၁၅ မိနစ်ပဲနော် မြန်မြန်ဆင်းလာကြ"
"သူက ဂါဝန်လေးတစ်ထည် ကောက်စွတ်၊ sun cream လေးလိမ်း၊ နှုတ်ခမ်းပေါ် ပန်းရောင်လေး တင်လိုက်တာနဲ့ ပြီးပြည့်စုံသွားပြီကိုး.... ကျုပ်တို့မှာတော့... "
လေးလုံးက ခုထိစိတ်တိုင်းမကျသေးတဲ့ သူ့ကိုယ်ပေါ်က အကျီကြယ်သီးတွေကို ဆွဲဖြုတ်နေရင်း ရိပ်ကိုလှမ်းပြောလိုက်တော့ ရိပ်က ရယ်ကျဲကျဲဖြင့် 'ဘုရားပေးတဲ့ ဆု ဟေ့၊ မနာလိုမရှိနဲ့ ' လို့ ပြော၍ အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။
"သမီးတို့သွားဖို့ အဆင်သင့်ဖြစ်ကြပြီလား"
"ဟုတ်ကဲ့ ဖြစ်ပါပြီ၊ သူတို့ အဝတ်စားရွေးနေတာနဲ့ ကြာနေတာ၊ ဟော လာပါပြီ "
ပြောပြောဆိုဆို မရွှေချောတို့ ဆင်းလာသည်ကို လှမ်းမြင်လိုက်ရသည်။ မထူးပါဘူး... ဒီပုံက ဒီပုံပါပဲ။ လွမ်းရိပ်တို့ e-bike တစ်စီးကိုစီးလုံးငှား၍ မန္တလေးကနေ နေ့ချင်းပြန်သွားလည်လို့ရသည့် နမ့်ငိုရေတံခွန်နှင့် အင်းဝိုင်းရေတံခွန်ကို သွားလည်ကြမည်။ အချိန်မီရင် နေကြာခင်းဘက် သွားလည်ဖို့ စိတ်ကူးထားသေးသည်။
"နေ့လည်စာအတွက် ချိုင့်ထဲမှာ အကုန်ပြင်ဆင်ပြီး ထည့်ပေးထားတယ်၊ သမီးတို့ကို အထူးသတိပေးမှာချင်တာက မိုးရာသီဆိုတော့ ရေတံခွန်ရဲ့ ရေစီးအားက တအားကြမ်းနေမှာ အန္တရာယ်များတဲ့အတွက် ရေထဲဆင်းပြီးမကစားကြဖို့ပဲ၊ ကျန်တာတော့ သိပ်ပြောစရာမရှိပါဘူး... မိန်းကလေးတွေချည်း ဆိုတော့ သွားတာလာတာ ဂရုစိုက်ဖို့နဲ့ ပေးလိုက်တဲ့ ယုံကြည်မှုကို တန်ဖိုးထားဖို့ပါပဲကွယ်၊ ကဲ ကဲ သွားကြတော့ "
"ဟုတ်ကဲ့၊ ကျေးဇူးပါ အန်တီ ရိပ်တို့ မိုးမချုပ်စေရပါဘူး၊ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာခဲ့ပါ့မယ် "
"သွားပြီနော် မေမေ "
"အေး... ဂရုစိုက်သွားကြ"
လူကြီးတွေမပါဘဲ လူငယ်တွေချည်း ပထမဆုံးထွက်ရသည့် ခရီးမို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်နေမိပါသည်။ အတွေ့အကြုံအသစ်၊ ခံစားမှုအသစ်တွေရဖို့ မျှော်လင့်မိပါသည်။ အတက်ကြွဆုံးကတော့ လွမ်းရိပ်သျှင် ဖြစ်မည်ထင်၏။
°°°°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°🔥🔥
"ရိပ် လိမ္မော်သီး သွားဝယ်လိုက်ဦးမယ်၊ ခဏရပ်ပေးပါလား"
"ရိပ် တစ်ယောက်တည်းဖြစ်ရဲ့လား"
"ဖြစ်ပါတယ်၊ ဟိုဘက်ကူးသွာရင် ရောက်နေပြီပဲ၊ ဒီမှာပဲစောင့်နေ "
လွမ်းရိပ်သျှင်သည် ကားလမ်းကူးဖို့အတွက် ကားအသွားအလာကို တစ်ချက်ကြည့်ပြီး လမ်းတစ်ဖက်ခြမ်းသို့ ခပ်သွက်သွက် လျှောက်ကူးသွားလိုက်ပါ၏။
"အစ်မ လိမ္မော်သီးတစ်လုံး ဘယ်လောက်လဲ"
လမ်းဘေး သစ်သားခုံပေါ် ခြင်းတောင်းဖြင့် လိမ္မော်သီးတွေ ရောင်းနေသည့် အစ်မတစ်ယောက်ရှေ့ မတ်တပ်ရပ်လျက် ကိုယ်ကိုကိုင်းညွတ်ကာ လိမ္မော်သီးတစ်လုံးကိုင်ကြည့်၍ မော့ကြည့်ပြီး မေးလိုက်ပါ၏။
"တစ်လုံး ၂၀၀၊ ပျားလိမ္မော်တွေလည်း ချိုတယ်နော် ငါးဆယ်သား ၁၀၀၀ "
"ဒါဆို ပျားလိမ္မော် ငါးဆယ်သားလောက် ထည့်လိုက်ပါ "
လက်ထဲဆုပ်လာသည့် ပိုက်ဆံကို ကမ်းပေးလိုက်ပြီး ပျားလိမ္မော်ထုပ်ကို လှမ်းယူလိုက်ပါ၏။ ထို့နောက် လှည့်ထွက်လာပြီး လက်ထဲကအိတ်ကို ငုံ့ကြည့်လိုက်တော့ အိတ်က ပေါက်နေတာကို မြင်လိုက်ရသည်။
ပြန်လဲမနေတော့ဘဲ အိတ်ကိုပိုက်ကာ ကားလမ်းကူးဖို့ ဟန်ပြင်လိုက်စဥ်....
"အမေ့!"
လွမ်းရိပ်နား ကားတစ်စီး ဝှီးခနဲ ဖြတ်သွားသည်ကို ခံစားသိရှိလိုက်ချိန် လွမ်းရိပ် ခန္ဓာကိုယ်လေး တစ်ဖက်သို့ ဆွဲယူလိုက်ခြင်းခံလိုက်ရ၏။ ပခုံးလေးကျုံ့ကာ ခေါင်းကို စောင်းငဲ့ထားလျက် မျက်လုံးကိုအသေမှိတ်ထားရင်း လက်ထဲကအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ အခုချိန်ထိ ထိတ်လန့်စိတ်မပြယ်သေးဘဲ တလှပ်လှပ်ခုန်နေသည့် ရင်ခုန်သံဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ စိုးရိမ်တကြီး ငုံ့မိုးကြည့်နေသည့် မျက်လုံးတစ်စုံနှင့် ရင်ဆိုင်လိုက်ရသည်။
နေရာတင် အငွေ့ပျံသွားချင်ကာ ရုတ်တရက် ယောင်နနဖြင့် ဆွံ့အစွာ မော့ငေးကြည့်နေရင်း သူ့မျက်နှာချောချောက လွမ်းရိပ် မျက်လုံးထဲ စွဲထင်သွားခဲ့ပါသည်။
"ရိပ်... ရိပ် ဘာဖြစ်သွားသေးလဲ၊ အဆင်ပြေလား..."
ဟင် အင်း"
လေးလုံးတို့အနားရောက်လာပြီး လွမ်းရိပ်သျှင်ရဲ့ ခန္ဓာကိုယ်လေးကို လှည့်ပတ်ကြည့်ရင်း မေးသောအခါ ရိပ် ကမန်းကတန်း ခေါင်းညိတ်ဖြေလိုက်ရ၏။ သူ့ဆီက လွမ်းရိပ် အကြည့်မလွှဲနိုင်သလို သူကလည်း လွမ်းရိပ်ကိုသာ သေချာစိုက်ကြည့်နေပါသည်။ ပြီးနောက် တံတွေးတစ်ချက် မြိုချပြီး အကြည့်လွှဲလိုက်တော့ သူ့ဆီက နွေးထွေးသော စကားသံထွက်ပေါ်လာသည်။
"တော်သေးတာပေါ့ကွာ ဘာမှမဖြစ်လို့၊ ကားလမ်းကူးတာ ရှေ့နောက်ကြည့်ကူးမှပေါ့၊ မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်ပဲရင်ကျိုးရမှာ..."
စေတနာနဲ့ ပြောနေမှန်းသိသော်လည်း မသိစိတ်က ဆူပူတယ်လို့ မှတ်ထင်နေသဖြင့် ဒေါသအငွေ့က ရိပ်ခနဲ ထွက်လာ၏။ လွမ်းရိပ်သျှင်ကို စကားနဲ့တောင် လာကျောလို့မရတာ သူသိလိမ့်မယ်မထင်။
"အို... ဘယ်သူက ကိုယ့်သေတွင်းကိုယ်တူးမှာလဲ၊ ဒါနဲ့ ရိပ်နောက်ကို လူကြီးနောက်ယောင်ခံ လိုက်နေတာတော့ မဟုတ်ပါဘူးနော် "
"မဟုတ်ပါဘူး၊ ကိုယ် ကိစ္စတစ်ခုအတွက် မန္တလေးတက်လာတာပါ၊ ဟိုဘက်မှာ ကားရပ်ရင်း ရိပ်ကလေးကို တွေ့လို့ ဆင်းလာတာ၊ ဘယ်လိုဖြစ်ပြီး ရိပ်က မန္တလေးရောက်နေတာလဲ "
"လူကြီးအပူမပါပါဘူး၊ လာ သွားမယ်"
အလိုမကျသလို မျက်မှောင်တွန့်လျက် ချာခနဲ လှည့်ထွက်သွားသော သူမကို သူရပ်ငေးကြည့်ရင်း စိုးရိမ်စိတ်တွေ ဝင်လာခဲ့သည်။ သူတို့ကို ကြည့်ရတာ လူကြီးတွေလည်း ပါဟန်မပေါ်ဘူး။ ဘယ်သွားကြမလို့ပါလိမ့်။ ဒီအတိုင်း လွှတ်ထားလိုက်လို့ကလည်း မဖြစ်ပြန်။ မမြင်ကွယ်ရာမှာ တစ်စုံတစ်ခုများ ဖြစ်သွားခဲ့ရင်...
°°°°°°°°°°°°°
"ရိပ်... စောနက ရိပ်နဲ့စကားပြောနေတာ ဘယ်သူလဲ "
"ဒီလိုပါပဲ "
"ဘာဒီလိုပါပဲလဲ၊ အမှန်အတိုင်းပြောလေဟာ၊ ငါသိချင်လို့ပါ နော် "
လေးလုံးက ဘေးနားကနေ နားပူနားဆာလုပ်နေသဖြင့် လွမ်းရိပ် စိတ်ရှုပ်စွာ နှုတ်ခမ်းလေး မဲ့သွားရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် ပြီးပြီးရော ဖြေလိုက်ပါ၏။
"သူ့နာမည်က ဧဒင်ဦး တဲ့၊ ငါ ဒါပဲသိတယ်"
"ဧဒင်ဦး... ဧဒင်ဦး... အဲ့ကိုကြီးက အရမ်းချောတာပဲနော်၊ ရုပ်ရှင်မင်းသားအတိုင်းပဲ ဟီး... ၊ နင်တို့ကို ကြည့်ရတာ အတော်ရင်းနှီးတဲ့ပုံပါပဲ"
"ဘာ! ရုပ်ရှင်မင်းသား ဟုတ်လား၊ ပြီးတော့ သူ့ကို ကိုကြီးလို့ပြောလိုက်တာလား၊ သူ့ပါးသိုင်းမွှေးတွေကိုမှ အားမနာဟယ်... နင်မို့လို့ ၊ မရင်းနှီးပါဘူး.... ရင်းနှီးစရာလား"
"ဟယ် ရိပ်ကလည်း သူများကို မှိုချိုးမျှစ်ချိုး"
ခွေးပေါက်ကပါ ပါလာ၏။ လူကြီးကို ဘာကြည့်ပြီး သဘောတွေကျနေမှန်းမသိ။ ရိပ် ဘယ်နေရာသွားသွား လူကြီးလက်က မလွတ်ပါလားနော်။ အင်း... ဘာပဲဖြစ်ဖြစ် သူ ချောတာကိုတော့ နင်လည်း လက်ခံချင်နေတယ်မလား မိရိပ်။ မာနကို တံတိုင်းလုပ်၊ မခံချင်စိတ်တွေက လူကို လှုံ့ဆော်နေကာ ခံစားမှုအစစ်အမှန်တွေဆိုတာ ရှာဖွေဖို့ပင် ခက်လှပါတယ်။
"ကဲ ရောက်ပြီ တူမကြီးတို့၊ ဒီနေရာကနေ ၁၅ မိနစ်လောက် ရှေ့ဆက်လျှောက်သွားရင် အနီရောင်သံပိုက်လိုင်းကြီးတစ်ခုကို တွေ့လိမ့်မယ်၊ ပိုက်လိုင်းအတိုင်းဆက်လျှောက်သွားပြီးရင် အောက်ကိုဆင်းတဲ့ လှေကားတစ်ခုရှိတယ်၊ အဲ့လှေကားအတိုင်းဆင်းသွားပြီး လမ်းပြေပြေလေးအတိုင်း ဆက်လျှောက်၊ နောက်လှေကားထစ်ကြီးတွေတွေ့လိမ့်ဦးမယ်၊ ပြီးရင်တော့ နမ့်ငိုရေတခွန်ကို ရောက်ပြီ၊ လမ်းမှာသတိထားကြနော်၊ မိုးတွင်းဘက် ဆိုတော့ လမ်းတွေချောနေတယ် ရေညှိတွေနဲ့ ၊ ဦးလေး ဒီမှာပဲ စောင့်နေမယ် "
"ဟုတ်ကဲ့ ဦးလေး"
ကျောပိုးအိတ်ကိုယ်စီနဲ့ e-bike ပေါ်မှ ဆင်းလာခဲ့ကြသည်။ ဒီနေ့မှ ထူးထူးဆန်းဆန်း ဂါဝန်ဝတ်ဖို့ စိတ်အားထက်သန်တာနဲ့ ရေညှိရောင်ဂါဝန်လေးကို ဝတ်လာခဲ့ပြီး အားကစားဖိနပ်ကိုစီးလာခဲ့၏။ ဆံပင်တွေကို ခပ်မြင့်မြင့် ထုံးဖွဲ့ထားကာ နေကာမျက်မှန်ကို အကျီရင်ဘက်တွေ ချိတ်ဆွဲထားလိုက်၏။ ကားဆရာ ဦးလေးကြီး လမ်းညွှန်သည့်အတိုင်း လွမ်းရိပ်တို့ ခရီးဆက်ခဲ့ကြသည်။ ရှုခင်းတွေငေးလိုက်၊ စကားတပြောပြောနှင့် လမ်းဆက်လျှောက်လိုက်ဖြင့် အင်မတန် ခံစားလို့ကောင်းသည်။
"ရိပ် ငါနင့်ကို ဓာတ်ပုံရိုက်ပေးမယ်၊ အဲ့နားမှာ ရပ်နေ၊ အေး... နည်းနည်းစောင်းလိုက်ဦး "
ကျောက်တောင်ကိုထွင်းပြီး ဖောက်ထားတဲ့ လှေကားထစ်တွေရဲ့ အလယ်နားမှာရပ်လျက် အိုက်တင်ပေးနေသော လွမ်းရိပ်သျှင်နှင့် အသေအချာ ဓာတ်ပုံရိုက်ပေးနေသော လေးလုံးတို့သည် လှေကားပေါ် ကိုးရိုးကားရားဖြင့် ဖြန့်ကျက်ကာ နေရာယူလျက်ရှိသည်။ ခွေးပေါက်ကတော့ ရှုခင်းတွေ ငေးပြီး ဘာတွေတွေးနေမှန်းမသိ။
မြင့်ဇူဆိုတဲ့ မှတ်ပုံတင်နာမည်ပျောက်ကာ မျက်မှန်အဝိုင်းလေးနဲ့မို့ လေးလုံးဆိုတဲ့ နာမည်ပြောင် တွင်ခဲ့ခြင်းဖြစ်သည်။ ခွေးပေါက်ဆိုတဲ့ ချစ်စရာနာမည်လေးရလာပုံကတော့ မွေးတုန်းက ခွေးပေါက်လေးနဲ့ တူလို့ အိမ်နာမည်ပေးရာက နောက်ပြောင်၍ ခေါ်ဖြစ်ခဲ့သည်။
"အလင်း အမှောင် အဆင်ပြေလား..."
"အေး လှတယ်၊ နောက်တစ်မျိုး "
"ဟဲ့ မြန်မြန်လုပ်ကြ၊ ဓာတ်ပုံက နောက်မှရိုက်လည်း ရတဲ့ဟာကို "
"အေးပါဟယ်၊ ရိပ့်ကို ပြပါဦး လှလားကြည့်ရအောင် "
"ရော့ "
လေးလုံးလှမ်းပေးသည့် ဖုန်းကိုယူလိုက်ပြီး ရိုက်ထားသည့် ဓာတ်ပုံတွေကို ပြန်ကြည့်ရင်း မြင့်မားသည့် လှေကားထစ်တွေကို ဂရုမစိုက်အားဘဲ ဖုန်းထဲစျာန်ဝင်နေလျက် အောက်သို့ ဆင်းလာခဲ့တော့သည်။
"ရိပ် ရိပ်... ဟိုမှာကြည့်ပါဦး မလှဘူးလား"
ဖုန်းကိုအသာထားပြီး ခေါင်းမော့ကြည့်လိုက်စဥ် ချောက်ကမ်းပါးအစွန်းကနေ အရှိန်အဟုန်ဖြင့် ရုန်းကန်ထွက်လာပြီး ဆင်ခြေလျောအတိုင်း အတားအဆီးမဲ့ စီးဆင်းလာသော အများကခေါ်ကြသည့် နမ့်ငိုရေတံခွန်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်အခိုက် လှေကားထစ်ပေါင်းများစွာ နင်းတက်လာရသဖြင့် မောပန်းနွမ်းနယ်လာသော စိတ်အစဥ်သည် တခဏချင်း ကြက်ပျောက်ငှက်ပျောက်သလို ဖြစ်သွား၏။
ရေစက်ရေမှုန်တချို့ဟာ ကျောက်သားတွေကို ခြေစုန်ကန်ပြီး လွှင့်ထွက်နေပုံမှာ မိုးမှုန်လေးတွေ ခပ်ဖွားဖွား ရွာကျနေသလိုနဲ့တူလှသည်။ ' လှတယ်ဆိုတဲ့ စကားထက် အများကြီးပိုပါတယ် '။ ဖြစ်နိုင်ရင် ဒီလိုမျိုး ရေတံခွန်ဘေးမှာ ဝါးအိမ်လေးဆောက်ပြီး အေးအေးချမ်းချမ်း နေချင်မိပါရဲ့။
"လာဟေ့ ရှေ့နားသွားကြည့်ရအောင်"
လွမ်းရိပ်တို့ ရေတံခွန်အောက်ခြေနားထိ ဆင်းလာခဲ့ကြသည်။ ကားဆရာ ဦးလေးကြီးပြောသလိုပင် လမ်းတွေက ရေညှိတွေတက်နေသဖြင့် ချောနေသောကြောင့် သတိထားလျှောက်နေရသည်။ တစ်ယောက်လက်ကို တစ်ယောက်လှမ်းကိုင် အမှီပြုရင်း လျှောက်ရသည်မှာ ပျော်စရာတစ်ခုပင်။
"ရှုခင်းတွေက လှတယ်ဟ၊ ဓာတ်ပုံရိုက်မယူသွားရင် အပင်ပန်းခံလာရကျိုးဘယ်နှပ်မလဲ၊ ကဲ ရိပ်ဓာတ်ပုံဆရာလုပ်ပေးမယ်၊ ဟိုနားမှာ သွားရပ်ကြ "
တခြားခရီးသွားဧည့်သည်တွေလည်း ဓာတ်ပုံရိုက်နေကြတာမို့ ရိပ်တို့လည်း နမ့်ငိုရေတံခွန်ကို နောက်ခံထားတာ အများနည်းတူ ဓာတ်ပုံရိုက်ကြသည်။ ရေတံခွန်က ဖြာထွက်နေသည့် ရေစက်ရေမှုန်လေးတွေကို ပါးစပ်နဲ့လိုက်ခံနေသည့်ပုံက တစ်ပုံ၊ ခေါင်းလေးမော့ မျက်လုံးလေး မှိတ်ထားသည့်ပုံက တစ်ပုံ၊ အဖွဲ့လိုက်ပုံက တစ်ပုံ ရိုက်ခဲ့ကြသည်။
"ကဲ ဒါဆို ငါတို့တွေ အင်းဝိုင်းရေတံခွန်ဘက် ချီတက်ကြမလား "
"အင်း သွားကြမယ်လေ၊ အဲ့မှာ ရေကစားကြတာပေါ့၊ ရိပ် အကျီအပို ထည့်ယူလာလား "
"ယူလာတယ်"
"သွားကြမယ်ဟေ့၊ သတိထားလျှောက်နော်၊ ဒီဘက်ကချောတယ်၊ ဟိုဘက်က လျှောက်ကြ"
လေးလုံးနဲ့ ခွေးပေါက်က တစ်ယောက်လက် တစ်ယောက်တွဲကာ ရှေ့ကသွားနှင့်သည်။ ရိပ်ကတော့ အေးအေးဆေးဆေးပင်၊ တစ်လှမ်းချင်းသတိထား၍ လျှောက်လာခဲ့၏။ တစ်နေရာအရောက် သူများစားပြီးသား မုန့်ထုပ်ခွံကို အမှတ်တမဲ့ တက်နင်းမိသဖြင့် လျောခနဲဖြစ်သွားပြီး ညာခြေချော်သွားကာ ဟန်ချက်ပျက်သွား၍ ခန္ဓာကိုယ်က ဘေးနားက ရေကန်ဘက်သို့ ယိမ်းယိုင်သွားလေ၏။
ခပ်ဝေးဝေး ရောက်သွားပြီဖြစ်သော လေးလုံးတို့အား တစ်ချက် လှမ်းကြည့်လိုက်မိပါသေးသည်။
အားပြုရန်အတွက် အနားမှာ လက်ကိုင်စရာ အမှီသဟဲပြုဖို့ အဆင်သင့်ရှိမနေသဖြင့် ရေကန်ထဲ ပြုတ်ကျတော့မည့်ဆဲဆဲမှာ လွမ်းရိပ် လက်ကလေးကို တစ်စုံတစ်ယောက်က လှမ်းဆွဲထားလိုက်သဖြင့် ရေဆင်းသောက်ဖို့ ကံတရားပါမလာသေးဘူးလို့ ဖျတ်ခနဲ တွေးလိုက်မိပြီးမှ သက်ပြင်းချနိုင်ပါတော့သည်။
°°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°🔥🔥
အပိုင်း(၁၀) ဆက်ရန်>>>
#ပတ္တမြားအလင်