book

Index 8

အပိုင်း(၈)

  • Author : Rudylinn
  • Genres : Romance, Drama

လွမ်းငွေ့မပြယ်စေချင်ပါ 🍂

~~~~~~~

ကျောင်းဆင်းချိန်က ညနေလေးနာရီ၊ ခါတိုင်း အိမ်ပြန်ရောက်ချိန်က ညနေ၅နာရီခွဲ။ ခု ၆နာရီထိုးခါနီးပြီမို့ သွေးသက်တန့် ဆိုင်ကယ်ကို အရှိန်မြှင့်၍ မောင်းနှင်လာခဲ့တော့သည်။ ဒါတောင် မပြန်ချင်သေးဘူး၊ လည်လို့မဝသေးဘူး ဆိုလို့ သူ မနည်းဆွဲခေါ်ခဲ့ရတာဖြစ်သည်။ ဒါကို မရွှေရိပ်က သူ့ကို စိတ်ကောက်တော်မူနေကာ ဆိုင်ကယ်နောက်မှာ ခပ်ခွာခွာထိုင်၍ ခပ်ချေချေ လိုက်ပါလာခဲ့လေသည်။

"ရိပ် ပြန်လာပြီ၊ ဦးချမ်း.... မေမေရေ..."

ခြံဝမှာ ထွက်စောင့်နေသည့် မွှေးက ရိပ်တို့ကိုမြင်တော့ အိမ်ဘက်ကို လှည့်ကာ လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်။ ခြံရှေ့ဆိုင်ကယ်မရပ်ခင် လွမ်းရိပ် ဆိုင်ကယ်ပေါ်က ခုန်ဆင်းလိုက်ပါ၏။ ထို့နောက် ခြေဆောင့်၍ ဖိနပ်ကို အသံမြည်အောင် ရှပ်တိုက်လျှောက်ကာ ခြံထဲဝင်လာခဲ့သည်။

"ဟဲ့ ဘာဖြစ်လာတာလဲ၊ ဘာလို့နောက်ကျနေကြတာလဲ "

"ရိပ်ပေါ့... ဒီနေ့ကျောင်းပြေးပြီး လျှောက်လည်တယ်လေ၊ ကျောင်းဆင်းချိန်ရောက်လို့ အိမ်ပြန်ဖို့ ပြောတာကို... သူ့ကို အဲလိုပြောရမလားဆိုပြီး ထုံးစံအတိုင်း ကောက်သွားပြီ"

"ဟူး... "

နန်းခင်မွှေး ခါးယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။ အင်းလေ... အချော့တော်တဲ့ သွေးသက်တန့်တစ်ယောက်လုံးရှိနေတာပဲ။ သွေးရှိနေသမျှ လွမ်းရိပ်သျှင်တို့ တစ်သက်လုံး စိတ်ကောက်ဖို့ ကြံစည်ထားသလားမသိပါဘူး...။ ရိပ်ကလည်း ရိပ်ပါပဲ။

"ကဲ ဒါဆို ထုံးစံအတိုင်း မနက် ကြက်ဖမတွန်ခင် သွေးသက်တန့်ကို ဦးဆုံးတွေ့ရတော့မယ်ပေါ့၊ ကြိုးစားထား သွေးရေ"

နန်းခင်မွှေးက ထိုသို့ပြောပြီး ထွက်သွားတော့ သွေးတစ်ယောက် ပြုံးစိစိဖြင့် နားရွက်ဖျားတွေ နီရဲလာကာ နားနောက်ကို မယားဘဲလက်ဖြင့်ဖိပွတ်နေမိတော့သည်။

"သမီးရိပ် ဒီလာပါဦး၊ ဘာလို့နောက်ကျနေတာလဲ လမ်းမှာတစ်ခုခုဖြစ်နေလို့လား "

"ဟုတ်ကဲ့၊ လမ်းမှာဆီပျက်သွားလို့ ဝင်ဖြည့်နေရင်း ကြာသွားတာပါ၊ ရိပ် ရေသွားချိုးလိုက်ဦးမယ်နော် ဖေဖေ "

ဖေဖေမရိပ်မိလောက်သည့် မျက်နှာမျိုးဖြင့် ခပ်တည်တည် မျက်လုံးချင်းဆိုင်၍ ပြောလိုက်ရာ ဖေဖေက လွမ်းရိပ်စကားကို ယုံကြည်သွားပုံရသည်။

လွမ်းရိပ် ကျောပိုးလွယ်အိတ်ကို အခန်းထဲသွားထားပြီး ရေချိုးရန်ပြင်လိုက်သည်။ ကိုယ်တွေယားယံနေကာ ရေမြန်မြန်ချိုးမှ ဖြစ်မည်။

"ရိပ် ထမင်းစားမယ်၊ ဘာဖြစ်လို့လဲ "

"အင်း..."

သေချာရေချိုးပြီးတာတောင် ခန္ဓာကိုယ်က ယားယံနေဆဲပင်။ အခန်းထဲ တစ်ယောက်ထဲနေကာ ကုပ်ဖဲ့နေစဥ် မွှေးကအခန်းထဲဝင်လာပြီး မေးလိုက်သည်။

"မသိဘူး... တစ်ကိုယ်လုံးယားနေလို့၊ ဘာဖြစ်တာလဲမသိပါဘူး... "

ကျောကုန်းကို မမိတမိီလှမ်းကုပ်လိုက်ရင်း မွှေးကိုပြောလိုက်သည်။ ထိုအခါ မွှေးက ဘေးနားလာထိုင်ကာ ရိပ်လက်မောင်းလေးကို ဆွဲယူပြီးကြည့်လိုက်ရင်း....

"ဟယ် ဟုတ်ပါ့၊ အဖုအပိန့််တွေ ထွက်နေတာပါလား... ဘယ်လိုဖြစ်ရတာလဲ ဟယ်"

"ထမင်းစားကြမယ် လာကြဟေ့ "

မေထားက အသံနှင့်အတူ လူပါရောက်လာသည်။ လွမ်းရိပ်တို့နှစ်ယောက် မျက်နှာမကောင်းတာကို မြင်သွားပြီး အနားလာကာ...

"ဘာတွေပြောနေကြတာလဲ၊ ထမင်းစားဖို့ အတော်ကို ပင့်ယူနေရတယ် "

"ဒီမှာလေ ရိပ် တစ်ကိုယ်လုံးယားနေတယ်ဆိုလို့ ဘာဖြစ်တာလဲမသိဘူးတဲ့ "

"ဟုတ်တယ် "

"ပြစမ်း ပြစမ်း၊ အစားမှားတာများလား၊ ဒါမှမဟုတ် ဘယ်ချုံထဲတိုးလာကြတာလဲ "

"မေထား!... "

"အမလေး.... ငါ့ကို မျက်လုံးကြီးပြူးမကြည့်စမ်းနဲ့ တော်ကြာ မျက်လုံးကြီး ထွက်ကျလာဦးမယ် "

"မေထားပြောပုံမှမဟုတ်တာ၊ ရိပ့်က ဘယ်ချုံကို သွားတိုးရမှာလဲ "

"အေးပါဟယ်၊ လာ လာ ဆေးခန်းသွားပြကြမယ် "

လွမ်းရိပ် အပေါ်က အကျီပါးလေးတစ်ထည် ထပ်ဝတ်ပြီး ထွက်လာခဲ့ပါ၏။ လူကြားထဲ ကုပ်ရမှာရှက်သဖြင့် အောင့်အီးသည်းခံကာ ဆေးခန်းသို့ ရောက်လာခဲ့ပါသည်။

"ကြားလား... အစားငမ်းတာလေ၊ ဖြစ်တော့မပေါ့၊ ကြံကြံဖန်ဖန်တော် ဘာတဲ့... အမဲလုံးခေါက်ဆွဲ၊ ရှမ်းပဲပုတ်၊ ဆိတ်ဝမ်းတွင်းသား၊ သနပ်စုံသုတ်တဲ့၊ တော်ပြီလား... ငါးခူမျှစ်ချဥ်လေးပါ စားလိုက်ပါလား... ပိုကောင်းသွားတာပေါ့ "

"မေထားရာ... တစ်လမ်းလုံး ဒါချည်းပြောနေတာ အက်ကြောင်းထပ်နေပါပြီ၊ မတော်သေးဘူးလား ဟင်၊ နားတွေငြီးလှပြီ... "

ပြောပြောဆိုဆို အိမ်ထဲလှမ်းဝင်တော့ စိတ်ပူပန်ကြောင့်ကြမှုကြောင့် နီရဲနေသည့် ဖေဖေ့မျက်နှာနှင့် ရင်ဆိုင်လိုက်ရသဖြင့် လွမ်းရိပ် ခေါင်းငုံ့လျက် ဖေဖေ့နား လျှောက်သွားလိုက်ပါ၏။

"ဆရာဝန်က ဘာတဲ့လဲ"

"အစားသောင်းကျန်းတာကြောင့် ဖြစ်တာပေါ့ ကိုချမ်းရယ်...၊ တခြားရောဂါကြောင့် ဆေးခန်းသွားရတာ ကြားကောင်းသေး တခြားရောဂါကြောင့် ဆေးခန်းသွားရတာ ကြားကောင်းသေး၊ ခုတော့ မတန်တဆစားလို့ ဆေးခန်းရောက်ရတယ်ဆိုတော့... ဟင်း "


"တကယ်တော့ အစားစုံသွားတာထက် ပဲစားလိုက်လို့ ဖြစ်သွားတာလို့ ဆရာဝန်ကပြောတယ်၊ အဲဒါကို မေထားက ချဲ့ကားပြီး လျှောက်ပြောနေတာ၊ ရိပ် ငယ်ငယ်လေးထဲက ပဲစားလာခဲ့တာ တစ်ခါမှအခုလို မဖြစ်ဖူးပါဘူး.... ခုမှ ပဲနဲ့ဓာတ်မတည့်လို့ အလာဂျစ်ဖြစ်တယ်တဲ့လား၊ နားကိုမလည်တော့ဘူး"

"ဟဲ့ လူပဲ အသွေးနဲ့အသားနဲ့ ဖွဲ့စည်းထားတာ၊ ညည်းတောင် ငယ်ငယ်တုန်းက ပုဇွန်စားလို့လား... ခုကြီးလာမှ ကောင်းမှန်းသိလို့ ပုဇွန်ထုပ်ဆို ညည်းပါးစပ်ထဲပဲ ထည့်နေတာလေ ဟုတ်ဘူးလား"

"မသိတော့ပါဘူး... စိတ်ညစ်တာပဲသိတယ်"

လွမ်းရိပ် ဘေးနားက ထိုင်ခုံလက်တန်းပေါ် တင်ပါးလွှဲထိုင်လိုက်ရင်း ညည်းတွားလိုက်သည်။ ခုဆို လွမ်းရိပ်ကြိုက်သည့် အစားအစာထဲ ပဲနဲ့ပတ်သက်တာ မစားရတော့ဘူး။ တစ်မျိုးလျော့သွားပြီ။

"ခုဘယ်လိုနေသေးလဲ သမီးရိပ်၊ ယားသေးလား... "

"မယားတော့ပါဘူး... ဆရာဝန်ဆေးထိုးပေးလိုက်တယ် "

"အေး အေး သွားနားလိုက်၊ ဖေဖေ ပြောစရာရှိတာ မနက်မှပဲ ပြောတော့မယ် "

"ဟုတ် "

လွမ်းရိပ် လက်မှိုင်ချ ခေါင်းငိုက်စိုက်ဖြင့် အခန်းထဲ ဝင်လာခဲ့၏။ သည်နေ့ တစ်နေ့လုံး ပျော်ရွှင်ခဲ့သမျှ ရှမ်းပဲပုတ်ကြောင့် အပျော်ပျက်တာပဲ။ အဲဒါပြောတာပေါ့၊ ရယ်ပြီးရင် ငိုရတတ်တယ်တဲ့။

°°°°°°°°°°°°°°°°°°°°

"ဒါကတော့ လုံးဝမဖြစ်နိုင်ဘူးဖေဖေ"

"ဖေဖေ့စကားမဆုံးသေးဘူးလေ သမီးရိပ်"

တစ်ခုခုပြောဖို့ ပါးစပ်ပြင်လိုက်ပြီးမှ လွမ်းရိပ် ပခုံးကျုံ့သွားရင်း နှုတ်ခမ်းစေ့လိုက်ပါ၏။ ဖေဖေ့မျက်နှာကို သေချာကြည့်ပြီး ပြောလာမဲ့ စကားကိုသာ နားစွင့်နေမိ၏။

"မောင်ဧဒင်ဦးက သမီးကို လက်ထပ်ချင်ပါတယ်လို့ ပြောခဲ့ပေမယ့် ဖေဖေ ယတိပြတ် အဖြေပြန်ပေးခဲ့တာ မဟုတ်ဘူး၊ သမီးသဘော သမီးဆန္ဒကို မေးကြည့်ပါဦးမယ်လို့ စကားခံထားခဲ့တယ်၊ ဒါကလည်း ဖေဖေ့အနေနဲ့ အဖြေပေးဖို့ မသင့်ဘူးထင်တယ်၊ ငြင်းဖို့အခြေအနေမျိုး ရှိတဲ့သူမဟုတ်တဲ့အတွက် ငြင်းဖို့ခက်ခဲနေတယ် လို့ပြောလည်း ရတယ်"

"ဖေဖေက ဘာကိုကြည့်ပြီး အဲလိုပြောရတာလဲ၊ ရိပ်ထက် အသက်ကြီးတဲ့သူကို ရိပ်လက်မထပ်နိုင်ပါဘူး...၊ ပြီးတော့ ရိပ်သူ့အကြောင်း ဘာမှသေချာသိတာလည်း မဟုတ်ဘူး၊ အဲတော့ သမီးရိပ်ဆန္ဒအရ လက်မခံနိုင်တာလို့ ပြန်ပြောလိုက်ပါ ဖေဖေ"

ဖေဖေက ယတိပြတ် မပြောနိုင်ပေမယ့် လွမ်းရိပ်သျှင်ဆိုတဲ့ ရိပ်ကတော့ ခပ်ပြတ်ပြတ်ပါပဲ။ ရိပ် လူကြီးကို လက်မထပ်နိုင်ရတဲ့ အကြောင်းအရာများစွာထဲမှာမှ အရေးကြီးဆုံးနဲ့ အဓိကအချက်ကတော့ ရိပ် သူ့ကို မချစ်ဘူးဆိုတာပါပဲ၊ ရိပ်သာ တစ်ကယ် ချစ်ခဲ့လျင် အသက်အရွယ် ကွာခြားမှုဆိုတာက စာမဖွဲ့လောက်ပါဘူး၊ မိုင်နာပါ။

တက္ကသိုလ်တောင်တက်နေရပြီ ခုထိ ကလေးဆန်ဆန် ဆော့ကစားနေချင်သေးတဲ့ တစ်ဦးတည်းသော သမီးလေးကိုကြည့်ပြီး မတော်တရော်တွေနဲ့ တွေ့သွားမှာစိုးသဖြင့် ဖခင်တစ်ဦးအနေနဲ့ ရတက်မအေး ဖြစ်ရတာအမှန်ပင်။ သင့်တော်တဲ့သူ၊ သမီးလေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့သူဆိုရင် စိတ်ချရပြီလို့ တွေးထားခဲ့သည်။ တစ်ဖက်မှာလည်း သမီးလေးက ငယ်သေးတဲ့အတွက် မိဘရဲ့ရင်ခွင်ရိပ်မှာပဲ နေစေချင်သေးသည်။ သို့သော် သမီးရိပ်ကတော့ ပြတ်ပြတ်သားသား ငြင်းပယ်လာခဲ့သည်။ ဘာလိုပဲဖြစ်ဖြစ် သည်ကိစ္စကို အလောတကြီး မဆုံးဖြတ်ဘဲ သေချာစဥ်းစားမှပါလေ။

°°°°°°°°°°°°°°°

"ငါ့ဆေးခန်းကို မနေ့က လွမ်းရိပ်သျှင် ရောက်လာခဲ့တယ်"

"သူ ဘာဖြစ်လို့လဲ "

"ပဲနဲ့ ဓာတ်မတည့်လို့ အလာဂျစ်ဖြစ်သွားတာပါ၊ သိပ်မစိုးရိမ်ရပါဘူး၊ တော်ကြာ ငါမပြောလို့ဆိုပြီး ဖြစ်မှာစိုးလို့ လှမ်းဆက်လိုက်တာ၊ ခု ဂျူတီဝင်ရဦးမယ် ဒါပဲ "

" အေး "

ပဲနဲ့ ဓာတ်မတည့်ဘူးတဲ့လား။ ရှေးမှာ အဲလို အစားရှောင်ရတာမျိုးမရှိခဲ့ပါဘူး....။

ဧဒင်ဦး ပတ်လက်ကုလားထိုင်တွင် အသာဝင်ထိုင်လိုက်၏။ မျက်မှောင်ကြုတ်ထားပြီး မျက်ခုံးနှစ်ခုထိစပ်နေသည့် နေရာကို လက်မနှင့်လက်ညှိုးဖြင့် ဖိနှိပ်နေမိ၏။ စိတ်ထဲ ဘဝင်မကျဘဲ စုတ်တသပ်သပ်နဲ့ ဂနာမငြိမ် ဖြစ်နေသည်။ မင်း ကိုယ့်အနားမှာ အရင်လို ရှိနေဖို့၊ မင်း အချစ်ကို ပြန်ရဖို့ ကိုယ်ဘာလုပ်ရမလဲ။ ကိုယ်မှာ တိကျတဲ့ အဖြေမရှိလို့ မင်းပဲ ကိုယ့်မေးခွန်းကို ဖြေနိုင်မယ်ထင်တယ်။ ဒီတစ်ခါ ကိုယ့်ဆီက မင်းထွက်သွားခဲ့ရင် ကိုယ်ရင်ကွဲပြီး သေရလိမ့်မယ်။ ဒါကို မင်းလေး သိရဲ့လား...။

ကိုယ်တို့ နှစ်ယောက်ကြား ဘယ်အရာတွေက ခြားနားထားတာလဲ၊ အသက်အရွယ်လား၊ ဒါမှမဟုတ် ပျက်ပြယ်မသွားသေးတဲ့ အမုန်းတရားတွေလား...။ သေချာတာတစ်ခုကတော့ ကိုယ်မင်းကို အဆုံးမရှိတဲ့ အချစ်တွေနဲ့ ချစ်ခဲ့တာပါ။ သို့သော် ကိုယ့်ရဲ့အချစ်တွေက မင်းရဲ့အချစ်တွေကို မရည်ရွယ်ဘဲ သတ်သလိုဖြစ်သွားစေခဲ့တာလား။

ပူလောင်မှုများစွာဖြင့် မောဟိုက်စွာ မျက်လုံးအစုံကို ဖိမှိတ်လိုက်ချိန် ရင်ဘက်ထဲ စူးနစ်စွာ နာကျင်သွားသည်။ ထိုခဏ၌ပင် အတိတ်ရဲ့ ပျော်ရွှင်ကြည်နူးဖွယ် ပုံရိပ်တချို့က လွှတ်ခနဲ အတွေးအာရုံထဲသို့ ဝင်ရောက်လာခဲ့တော့သည်။

"ကိုယ် ရှေးကို အရမ်းချစ်တယ်၊ ကိုယ့်အချစ်ကို လက်ခံပေးပါနော် "

သစ်ပင်အမြစ်တွေက မြေကြီးကို ကုပ်ဆွဲထားပြီး အရိပ်အာဝါသကောင်းသော တစ်ပင်လုံးစိန်ပန်းပွင့်နီနီတို့ဖြင့် အလှဆင်ထားသော စိန်ပန်းပင်ကြီးရဲ့အောက် ခုံတန်းရှည်တွင် ဧဒင်ဦးဆိုသော လူငယ်ကောင်လေးသည် ရှေးခေတ်နှောင်း ဆိုတဲ့ ကောင်မလေးကို လူငယ်တို့ သဘာဝ ချစ်ကြိုက်စကားပြောနေခြင်းဖြစ်သည်။

ကောင်လေးက ခေါင်းကိုငုံ့ ရှက်သွေးဖြာနေသည့်မျက်နှာလေးကို ဆံနွယ်ရှည်တွေနှင့် ဝှက်ထားသော ချစ်ရသည့် ကောင်မလေးကို အချစ်တွေ မြတ်နိုးတွယ်တာမှုတွေ အပြည့်ဖြင့် ငေးမောကြည့်နေမိသည်။ ခေါင်းလေးမော့လာနိုး၊ စကားဆိုလာနိုးနဲ့ ရင်တထိတ်ထိတ်ဖြင့် စောင့်နေရသည့်အလုပ်ကို စိတ်မရှည်လှသော်ငြား တစ်သက်မှာတစ်ခါပဲ ချစ်ရသူမို့ အထူးပင် စိတ်ရှည်ရှည်ထားနေမိသည်။



" ရှေး...."

သူမပခုံးသားလေးကို ညင်သာပျော့ပျောင်းစွာ ထိကိုင်ရင်း နူးညံ့ချိုမြိန်သော အသံဖြင့်ခေါ်လိုက်ချိန် ပခုံးလေးတွန့်ခနဲ ဖြစ်သွားသော်လည်း သူ့ဘက်သို့ အနည်းငယ်မျှ လှည့်ကြည့်မလာပါ။ ပြင်ဦးလွင်သူဖြစ်သည့် သူမလေးက နန်းဆန်သောအလှကို ပိုင်ဆိုင်ထားပြီး သိမ်မွေ့ယဥ်ကျေးသည့်အပြင် အရှက်အကြောက်လည်း လွန်စွာကြီးတတ်သူဖြစ်သည်။ သူ့အတွက် အထူးခြားဆုံးကတော့ သူမရဲ့ ညာဘက်ပါးမို့မို့လေးထက်က စံပယ်တင်မှဲ့လေးပင်။

"ကိုယ့်ကို မချစ်နိုင်လို့လားဟင်၊ ကိုယ့်မှာ ရှေးမကြိုက်တဲ့ အကျင့်စရိုက်တွေများ ရှိနေလို့လား... ဒါမှမဟုတ် ရှေးမှာ ချစ်ရမဲ့သူရှိနေလို့လား... ပွင့်ပွင့်လင်းလင်းပြောပါ ရှေးရယ်..."

သူမပခုံးပေါ်က သူ့လက်ကို ရုတ်လိုက်ရင်း ထွန်းလင်းတောက်ပနေသည့် ဖန်နေဝင်းကို လှမ်းမျှော်​မော့ကြည့်ရင်း ခပ်ညည်းညည်း ပြောလိုက်ပါသည်။

"မဟုတ်ပါဘူး.... အဲလိုသဘောမျိုးမဟုတ်ပါဘူး"

"ဒါဖြင့် ဘာလို့ကိုယ့်အချစ်ကို လက်မခံသေးတာလဲ၊ ကိုယ် ရှေးကို ချစ်နေတာ ကြာလှပြီ၊ ရှေးကို စတွေ့တွေ့ချင်းကတည်းက မေ့လို့မရဘဲ ကိုယ့်ရင်ထဲမှာ ရှေးက အမြဲနေရာယူ စိုးမိုးထားခဲ့တာ "

သူမက သူ့ကို ဖျတ်ခနဲ တစ်ချက်မော့ကြည့်ပြီး မျက်လွှာချသွားပြန်ပါသည်။ ပြီးတော့ တစ်ခုခုကို အလေးအနက် စဥ်းစားနေဟန်ရှိသည်။

"ရှေးကို စဥ်းစားဖို့ အချိန်လေးတောင် မပေးတော့ဘူးလား ဟင် "

"ကိုယ်တို့တွေ သိလာတာကြာပြီပဲ ရှေးရယ်၊ တစ်ယောက်အကြောင်း တစ်ယောက်လည်း သိနေတာပဲ၊ ဘာတွေများ ထပ်စဥ်းစားနေချင်သေးတာလဲ ဟင်၊ ကိုယ့်ကို နည်းနည်းမှ မသနားဘူးလား ဟင် ရှေး... "

လက်နှစ်ဖက်ကိုဆွဲယူဆုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်စေကာ မျက်လုံးကိုကြည့်၍ ငြင်းလို့မရအောင် အချစ်နှောင်ကြိုးလေးများဖြင့် ရစ်ပတ်နေမိသည်။

"ရှေးလေ.... "

ကြည်ပြာရီဝေသော မျက်လုံးဝိုင်းဝိုင်းလေးတွေက နေရောင်အောက်မှာ အရောင်တလက်လက်ဖြင့် စိန်ပန်းပွင့်လို နီစွေးသည့် နှုတ်ခမ်းပါးလေးတွေက စကားဆက်ဖို့ အရှိန်ယူနေကြသည်။ ပင်မြင့်အကိုင်းအခတ်အလက်ပေါ်မှာ နားခိုနေကြသည့် ကျေးငှက်သာရကများ၏ တွန်ကျူးသံတွေသည် ဂီတသံပမာ အနီးတစ်ဝိုက်သို့ သာယာငြိမ့်ညောင်းစွာ ပျံ့လွင့်နေကြသည်။ စိန်ပန်းပွင့်တစ်ပွင့်သည် သူမအနားသို့ အသာအယာ ကြွေချသွားချိန် သူမဆီက ချိုမြကြည်သာသော သံစဥ်လေးတစ်ခုကို ကြားလိုက်ရပါသည်။

"ရှေးလည်း ကို့ကို ချစ်ပါတယ် "

သူမဆီက သူအင်မတန် ကြားချင်သော စကားကိုကြားရခိုက် ရင်တစ်ခုလုံး ဗြောင်းဆန်သွားကာ လွှတ်ခနဲ ခံစားလိုက်ရသည့် ပျော်ရွှင်မှုကို ဘယ်လိုစကားလုံးမျိုးဖြင့် ဖော်ကျူးရမှန်း မသိတော့ချေ။ ရေထဲပဲ ဒိုင်ပင်ထိုးခုန်ချရမလို၊ သစ်ပင်ကို ပတ်ပြေးရတော့မလို အမျိုးမျိုးသော ခံစားချက်တို့ဖြင့်.....

"ဝေး... ကမ္ဘာလောကကြီးရေ ရှေးက ငါ့ကို ချစ်တယ်တဲ့၊ ကြားလား... မင်း ငါတို့ကို မနာလိုမဖြစ်ရဘူးနော်၊ အဆုံးမရှိတဲ့ ကောင်းကင်ကြီး.... ငါက ရှေးကို အဆုံးမရှိတဲ့ အချစ်တွေနဲ့ ချစ်တာကွ မင်းသိလား... ဟား... ဟား... "

ရင်ထဲက ခံစားချက်တွေကို ဖွင့်အန်ချလိုက်တော့ အတော်လေး နေသာထိုင်သာရှိသွားသည်။ ခန္ဓာကိုယ်ထဲ စီးဆင်းနေသည့် သွေးများပူနွေးလာသည်ကို ခံစားရသည်။ လယ်ကွင်းကို ဖြတ်၍လာသော လေပြည်လေညှင်းသည် သူ့ခန္ဓာကိုယ်ကို တဖျပ်ဖျပ် တိုက်ခတ်သွားသည်။ လေနှင့်အတူပါလာသော စိန်ပန်းပွင့်ရဲ့ ရနံ့သင်းသင်းကိုပါ ရှူရှိုက်လိုက်သည်။

°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🔥🔥

အပိုင်း(၉) ဆက်ရန်>>>

#ပတ္တမြားအလင်း



rate now: