လွမ်းငွေ့မပြယ်စေချင်ပါ 🍂
~~~~~~~~
"လူကြီး... လူကြီးတစ်ယောက်ဖြစ်နေပြီး ဘာလို့ စကားမတည်ရတာလဲ၊ သူများ ပစ္စည်းကို ဘာလို့ သိမ်းထားနေသေးတာလဲ၊ ပြန်ပေးလိုက်ပါလား... "
"ဟိတ် ပုရစ်ကလေး... လူကြီးကို ဒီလိုမပြောရဘူး... မင်းလေးပဲ ငရဲကြီးမှာ၊ လက်စွပ်ပြန်လိုချင်တယ်ဆို အပြောလေးတွေ လေသံလေးတွေ အရင် ပြင်လိုက်နော်"
တစ်ဖက်လှည့်သွားကာ မျက်နှာရှုံ့တွ မဲ့ရွဲ့သွားပြီးမှ သူမက အပြုံးမျက်နှာဖြင့် သူ့ဘက်ပြန်လှည့်လာသဖြင့် ရယ်ချင်စိတ်ကို ကမန်းကတန်း ထိန်းချုပ်ရင်း မျက်နှာကို ခပ်တည်တည်ထားလိုက်ရ၏။
"ရိပ့်ကို ရိပ့်လက်စွပ်လေး ပြန်ပေးပါနော် လူကြီး... "
ချက်ချင်း မျက်နှာကလေးက ညှိုးငယ်သွားကာ သူ့ရှေ့မျက်လုံးလေး ကလယ်ကလယ်နဲ့ ပြောနေပုံက တကယ်အူယားစရာ။
"အဟမ်း... ရိပ်ကလေးကို ကိုယ်မနေ့က ပြောထားတာ၊ ကိုယ့်ကို အဖြေပြန်ပေးဦးလေ "
စကားလမ်းကြောင်း လွှဲသွားတာမို့ လွမ်းရိပ် လူကြီးကို မျှော်လင့်တကြီး မော့ငေးကြည့်နေရာမှ ဘဝင်မကျစွာ မျက်ခုံးလေး တွန့်ကျိုးသွားရသည်။
"ရိပ်... ဒါဆို ငါပြန်တော့မယ်၊ ညနေမှ ထပ်လာခဲ့မယ် "
"ဟင် နေဦးလေ သွေး...၊ ကိစ္စရှိလို့ လာတာမဟုတ်လား... နေဦး ခဏလေး "
သွေးသက်တန့် ရပ်ကြည့်နေရင်းက မနေသာတော့ဘဲ အနားသွားကာ ပြောလိုက်သော်လည်း လွမ်းရိပ်က သူ့ကို မပြန်စေချင်သေးသဖြင့် ဘေးနားမှာ ရပ်နေလိုက်၏။ ဘာရယ်မဟုတ် အနည်းငယ် မျက်နှာပူနေမိသည်။
"ကိုယ် ပြန်တော့မယ်၊ ကိုယ်ပြောထားတာ စဥ်းစားထားပါ၊ ဟုတ်လား ပုရစ်ကလေး..."
လွမ်းရိပ် နောက်နားကပ်၍ တီးတိုးပြောသွားကာ ထွက်သွားပြီဖြစ်သည်။ လွမ်းရိပ်သျှင်သည် ရုတ်တရက် မှိုင်တွေကျသွားသည်။ စိတ်ထဲ မပျော်ရွှင်ဘဲ ခံစားမှုတစ်မျိုးဖြင့် မကြည်မသာ ဖြစ်နေမိ၏။ ဘာတွေလဲ၊ ဘာတွေဖြစ်နေတာလဲကွာ...။ နားကိုမလည်တော့ဘူး။ တစ်နေရာရာမှာတော့ တစ်ခုခုမှားနေပြီ။
"ရိပ် သူ့ကိုသိတယ်မဟုတ်လား၊ သူနဲ့ ဘယ်တုန်းက ဘယ်လိုတွေ့ပြီး သိသွားတာလဲ၊ ရိပ်နဲ့ ပတ်သက်မှုက ဘယ်လိုရှိလဲ"
ပတ်သက်မှုက ဘယ်လိုရှိလဲ...။ ထိုစကားက ရိပ်ရဲ့ သိက္ခာကို ထိပါးသည်ဟု ခံစားလိုက်ရသဖြင့် လွမ်းရိပ် သွေးကို မျက်လွှာပင့်ကြည့်လိုက်၏။
"ဟို... ငါပြောလိုက်တာက ရိပ်အတွက်ပါ၊ ရိပ်ကို စိတ်ပူပြီး ဒီအတိုင်း လွှတ်ခနဲ ပြောလိုက်မိတာ၊ ရိပ်ထင်သလို မဟုတ်ဘူး..."
ချက်ချင်း မျက်စေ့မျက်နှာပျက်သွားသည်ကို မြင်လိုက်ရသဖြင့် သွေး စကားကို အမြန်ပြင်ပြောလိုက်ရသည်။
"အဲ့လူကြီးအကြောင်း စကားထဲ ထည့်ပြောဖို့ မလိုဘူး၊ ပြောရအောင်လည်း သူနဲ့ဘာမှ မပတ်သက်ထားဘူး...၊ တစ်ခုပဲ သူ့ဆီရောက်နေတဲ့ ရိပ့်ဆွဲကြိုးပြန်ရရင် ကိစ္စပြတ်ပြီ"
လွမ်းရိပ်စကားအရဆို လွမ်းရိပ်မေမေ ပေးထားခဲ့တဲ့ ဆွဲကြိုးက စောနကလူဆီ ရောက်နေခဲ့တာပေါ့။ ဒါဆို ဟိုတစ်နေ့က သူတို့သွားခဲ့တဲ့ ရှေးဟောင်းအိမ်ကြီးထဲကနေ ရိပ်ငိုပြီး ပြေးထွက်လာခဲ့တာ ဘာကြောင့်လဲ။ ရိပ်နဲ့ သူ့ကြားမှာ သူမသိသေးသည့် အကြောင်းအရာတွေ ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပါ။
"ရိပ်.... ဒီမှာသွေးထွက်နေတယ်၊ ဘာဖြစ်တာလဲ ပြစမ်း..."
မျက်လုံးထဲ သွေးစွန်းနေသည့် ဘောင်းဘီက ဖျတ်ခနဲ ဝင်လာသဖြင့် သွေးသက်တန့် ရိပ်ရှေ့ မုဆိုးဒူးထောက်ထိုင်ချလိုက်၏။
သွေးပြောမှ ရိပ် ဘောင်းဘီအား ဒူးခေါင်းအပေါ်ထိ လှန်တင်လိုက်ပါ၏။ ပေါက်ပြဲနေသည့် ဒဏ်ရာမှ သွေးများစို့နေပြီး ခဲတောင်ခဲနေပြီ။
"ကျွတ် ကျွတ်၊ ချော်လဲပြန်ပြီမလား... မွေးတုန်းက အကောင်းနော်၊ ခုတော့ လူတစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ ကောင်းသေးလား... "
ဟု ပြောရင်း ရိပ်ကိုမော့ကြည့်လိုက်တော့ လျှာတစ်လစ်ထုတ်ပြပြီး ခေါင်းညိတ်ပြနေပုံက ခုချိန်မှာ ရိုက်သက်ချင်စရာကောင်းနေသည်။
"လာ အိမ်ထဲသွားမယ် "
လက်ကနေဆွဲပြီး အိမ်ထဲခေါ်လာခဲ့၏။ ခုတော့ ပြောစကား နားထောင်နေသည့် လူလိမ္မာလေးတစ်ယောက်လို။
"ဖေဖေက သွေးတို့ခြံထဲမှာလား... "
" အင်း... "
သွေးသက်တန့် သူမဒူးက ဒဏ်ရာကို ဆေးထည့်ပေးရင်း ပြန်ဖြေလိုက်သည်။ ပါးစပ်က နာတယ်လို့ တစ်ချက်မအော်ပေမယ့် သူ့ပခုံးပေါ်က အကျီကို တင်းတင်းဆွဲဆုပ်ထားသည်မှာ ပြဲမှာတောင်စိုးရသည်။
"ရပြီ.... မေထားနဲ့နန်းခင်မွှေးရော မတွေ့ပါလား... ဘယ်သွားကြလဲ "
အနာကိုလိမ်းထားသည့် ဆေးတွေခြောက်အောင် အားငွေ့ဖြင့် မှုတ်ပေးပြီးနောက် မေးလိုက်၏။
"နယ်ခဏပြန်သွားတယ်"
"ဝက်ဝံကျေးရွာကိုလား... "
"အင်း "
"နေ့ချင်းပြန်လား... "
" အင်း "
"စကားမစပ် ငါတို့ ပိတ်ချင်းမြောင်ကို မရောက်ဖြစ်တာတောင်ကြာပြီနော်၊ မေထားတို့ ပြန်သွားတာကို မသိလိုက်လို့ မဟုတ်ရင် လိုက်သွားပါတယ် "
ဟုတ်ပါရဲ့...။ အရင် မွှေးတို့အဖေဇာတိဖြစ်သည့် ဝက်ဝံကျေးရွာကို အလည်ပြန်ရင် အတူလိုက်သွားပြီး ပိတ်ချင်းမြောင်ထိ ခြေဆန့်ကာ သွားလည်နေကြ၊ မွှေးတို့လည်း ရွာမပြန်ဖြစ်တာ ကြာပြီမို့ ရိပ်တို့လည်း စိတ်သာရှိပြီး မရောက်ဖြစ်တော့။ ဒီနေ့ မွှေးတို့နဲ့အတူ လိုက်သွားရင် ဟိုလူကြီးနဲ့ တွေ့ရမှာလည်း မဟုတ်ဘူး၊ ဒေါသဖြစ်ရမှာလည်း မဟုတ်ဘူး။
"ဒါနဲ့ ရိပ်ဆီလာတာ ဘာကိစ္စရှိလို့လဲ၊ ပြောစရာရှိတယ်မို့လား..."
"သြော် ဟုတ်သား၊ မေ့တော့မလို ရှေ့အပတ် တနင်္လာနေ့ ကျောင်းပြန်ဖွင့်မယ်ဆိုတာ ရိပ်သိတယ်နော် "
" အင်းလေ "
"အဲဒါ ကျောင်းသွားတက်မှာလားလို့ လာမေးတာ၊ ဖွင့်ဖွင့်ချင်း စာသင်သေးမှာမဟုတ်တော့ မသွားချင်သေးဘူး... ရိပ်သဘောကရော... "
"ရိပ်ကတော့ သွားတက်မှာ၊ လေးလုံးနဲ့ ခွေးပေါက်လေးကိုလည်း သတိရတယ်၊ ပြီးတော့ နန်းတော်ကျုံးကိုလည်း လွမ်းတယ်၊ နေကြာခင်းမှာ နေကြာတွေဝါထိန်အောင် ပွင့်နေတာကိုလည်း တွေ့ချင်ပြီ "
လွမ်းရိပ်သည် လက်ဝါးနှစ်ဖက်ကိုပူးကာ ရွှန်းရွှန်းဝေအောင် ပြောရင်း မျက်လုံးထဲမှာ နေကြာပန်းတွေ ဝေဆာနေသည့် နေကြာခင်းကြီးက ပုံရိပ်လာထင်နေသဖြင့် ပျော်ရွှင်ကြည်နူးလာရသည်။
ကျောင်းစဖွင့်သည့်နေ့မှာ ကျောင်းသားတိုင်း ကျောင်းတက်ချင်ကြမြဲသာ။ သူလည်း အပါအဝင်ဖြစ်သည်။ သို့သော်သူဒီတစ်ခါ မသွားချင်ရသည့် အဓိက အကြောင်းအရင်းက သက်သက်ရှိသည်။
ထို့နောက် ဧဒင်ဦးသည် စားပွဲခုံအောက်က ဆေးလိပ်ဘူးကို ငုံ့ယူလိုက်ပြီး ဆေးလိပ်ကို နှုတ်ခမ်းမှာတပ်ကာ မီးညှိလိုက်၏။
"မင်း ဆေးလိပ်မသောက်သင့်တော့ဘူး၊ ကိုယ့်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် ဂရုစိုက်မှ တော်ခါကျမယ်၊ ငါမပြန်ခင် တစ်ခုတော့ ပြောချင်တယ်ကွာ "
နှုတ်ခမ်းမှာတပ်ထားသည့် ဆေးလိပ်ကို ဆေးလိပ်ခွက်ထဲသို့ ထည့်လိုက်ရင်း ထက်မြတ်ကို ငဲ့ကြည့်လိုက်သည်။ ထက်မြတ် ဘာတွေကို တွေးပြီး စိတ်ပူနေသလဲ သူမသိပါ။
"တစ်ခါသေဖူး ပျဥ်ဖိုးနားလည်သင့်တယ် ဆိုတဲ့ စကားက အလကားသက်သက် ရှေးလူကြီးတွေ ပြောခဲ့တာမဟုတ်ဘူး...၊ ကဲ မင်းလည်း နားတော့၊ ငါလည်း ဆေးခန်းထိုင်ဖို့ ပြန်လိုက်ဦးမယ် "
အဓိပ္ပာယ်ပါပါ ပြောသွားသည့် ထက်မြတ်ရဲ့စကားကို သူတို့ချင်း နားလည်ပါသည်။ လောကမှာ ဘယ်အရာကိုမှ ကြိုတင်တွက်ဆလို့မရဘူး။ အထူးသဖြင့် ဆန်းကြယ်တဲ့ နှလုံးသားရေးရာကိစ္စတွေမှာပေါ့။
°°°°°°°°°°°°°°°°°°°°°°
မိုးကျလက်ဖက်ရွက်တွေဖြစ်သည့် ကုက္ကိုရွက်နုတို့ အညွှန့်တလူလူ ဝေဝေဆာဆာ ထွက်ပြူလာသည့် အချိန်ဝယ် သွေးသက်တန့်နှင့် လွမ်းရိပ်သျှင်သည် ကျောပိုးလွယ်အိတ်ကိုယ်စီဖြင့် တမာပင်တွေကို ဖြတ်ကျော်ပြီး ကတ္တရာလမ်းကလေးအတိုင်း ဆိုင်ကယ်ကို မောင်းနှင်လာခဲ့ကြလေသည်။
မြို့အဝင်ဝတွင် တခမ်းတနားရှိနေသည့် 'မန္တလေးမြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏' ဟူသော ဆိုင်းဘုတ်ကို ဖြတ်ကျော်လာချိန်တွင် ရင်ထဲ ကြည်နူးပီတိဖြင့် ကြက်သီးဖြာထသွားပြီး လှပ်ခနဲ ပျော်ရွှင်သွားရသည်။
ရှေးဟောင်း အနုသုခုမဗိသုကာလက်ရာတွေ ကိန်းအောင်းနေတဲ့ မန္တလေးရွှေမြို့တော်ကြီးကို မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ခြေချခွင့်ရတဲ့အတွက် မိမိကိုယ်ကိုယ် ဂုဏ်ယူလို့မဆုံးပေ။
"သွေး... ရိပ်ဗိုက်ဆာတယ် တစ်ခုခုစားရအောင် "
မနက်အစောကတည်းက ကျောင်းတက်ဖို့ထက် မန္တလေးကိုသွားဖို့ စိတ်စောနေသည့် လွမ်းရိပ်သည် မနက်စာမစားလာခဲ့ရသဖြင့် ရွှေဗိုက်တော်က အချက်ပေးခေါင်းလောင်း တီးနေပြီဖြစ်သည်။
သွေးသက်တန့် အဆာပြေစားလို့ရသည့် ဆိုင်ကိုရှာရင်း ဆိုင်ကယ်ကိုအရှိန်လျော့၍ မောင်းလာရာ လမ်းဘေးတွင် သပ်သပ်ရပ်ရပ် ဖွင့်ထားသည့် ဆိုင်လေးတစ်ဆိုင်ကိုတွေ့တော့ ရပ်လိုက်ပါ၏။
လွမ်းရိပ် ဆိုင်ကယ်ပေါ်က အမြန်ဆင်းလိုက်ပြီး ဆိုင်ထဲဝင်သွားလိုက်သည်။ လွမ်းရိပ်မှာ ၁၀ တန်းအောင်တုန်းက ဖေဖေဝယ်ပေးခဲ့သည့် မိန်းမစီးဆိုင်ကယ်ရှိပေမယ့် ခရီးဝေးဆို ဖေဖေက စိတ်မချသဖြင့် ပြင်ဦးလွင်မြို့ထဲမှာသာ ပေးစီးခဲ့ရာ ခုတော့ သွေးဆိုင်ကယ်နောက်က လိုက်စီးနေရပြီ။ တကယ်ဆို လွမ်းရိပ်က ကိုယ်တိုင်မောင်းပြီး မန္တလေးတစ်မြို့လုံးကို ပတ်ချင်ခဲ့တာ...။
"ကလေးတို့ ... ဘာစားကြမလဲ၊ အင်ဂျင်နီယာလောင်းလေးတွေပဲ "
ဆိုင်ရှင်အန်တီကြီးက လွမ်းရိပ်တို့ ဝတ်ထားသည့် ယူနီဖောင်းဝတ်စုံတွေကို ကြည့်ပြီး အတပ်ပြောလိုက်ခြင်းပင်။ ခုမှ လွမ်းရိပ် ခန္ဓာကိုယ်လေးကို ပြန်ကြည့်မိသည်။ ဟုတ်ပါရဲ့.... အပေါ်က ရင်ဖုံးအကျီဖြူလေးနဲ့ အောက်က ချိတ်ထမိန်ပြာလေးနဲ့ မိန်းမပီသနေပုံများ ၊ သွေးကိုလည်း ကြည့်ပါဦး... ယောပုဆိုးနဲ့ ဝါလွင်သည့် အသားအရေပေါ်မှာ ရှပ်အကျီဖြူလက်ရှည်နဲ့ သန့်ပြန့်လို့။ လွမ်းရိပ်က ကိုယ့်အတွေးကိုယ် သဘောကျသွားရင်း ပြုံးစိစိဖြစ်သွားရသည်။
"ရိပ်... ဘာစားမှာလဲ "
ပြုံးစိစိမျက်နှာဖြစ်နေသော လွမ်းရိပ်ကို သွေးက တံတောင်ဖြင့်တွတ်ရင်း ခပ်တိုးတိုးမေးလိုက်တော့ လွမ်းရိပ်သည် လွမ်းရိပ်အဖြေကို စောင့်နေသည့် အန်တီကြီးကို ကြည့်လိုက်ရင်း...
"မြန်တာလေးတစ်ခုခု လုပ်ပေးပါ အန်တီ၊ ဗိုက်အရမ်းဆာနေလို့ "
"အေး အေး ရမယ်၊ ခဏလေးပဲစောင့် "
လွမ်းရိပ်တို့ ခေါက်ဆွဲ၊ ကြာဆံ၊ ဂျုံပြုတ် ပန်းကန်တွေ ချထားသည့် စားပွဲရှေ့က ခုံတန်းရှည်တွင် ဝင်ထိုင်လိုက်၏။ မစားရသေးဘူး... အသုတ်နံ့ရတာနဲ့တင် ခံတွင်းထဲ အော်တိုမက်တစ် ချဥ်လာကာ သွားရည်ယိုစိမ့်လာ၏။ နှုတ်ခမ်းကို လျှာဖြင့်တစ်ချက်သပ်လိုက်ရင်း တံတွေးမြိုချလိုက်ရာ ဂလု ဟုသော အသံတစ်ချက်ထွက်သွားသည်။
"ဒါနဲ့ လေးလုံးနဲ့ ခွေးပေါက်တို့ရော ဒီနေ့ ကျောင်းတက်ကြမှာလား... "
"ဟင့်အင်း"
"ဘာလို့လဲ၊ ငါက သူတို့လည်းတက်မယ်ထင်နေတာ"
"ရပြီ လိုတာရှိရှင်ပြောနော် "
အန်တီကြီးလက်ထဲက ပန်းကန်ကို လွမ်းရိပ် လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး ခုံပေါ်တင်လိုက်၏။ ထို့နောက် ကျောပိုးထားသည့် လွယ်အိတ်ကို ချွတ်မနေတော့ဘဲ နန်းကြီးသုပ်ကို အားရပါးရ လွေးပါတော့သည်။
ပလုတ်ပလောင်း စားနေသည့် လွမ်းရိပ်ကို ကြည့်ရင်း သူပြုံးလိုက်မိသည်။ လွယ်အိတ်ထဲ အသင့်ဆောင်လာသည့် ရေဘူးကိုထုတ်ယူပြီး လွမ်းရိပ်ဘေးနား ချပေးထားလိုက်၏။
"လေးလုံးတို့နဲ့ ဒီနေ့ လျှောက်လည်ဖို့ ဗိုလ်ဗထူးလမ်းဆုံမှာ တွေ့ဖို့ ချိန်းထားတယ် "
" ဟမ်! "
အစားမပျက်ဘဲ သူ့ကိုတစ်ချက်ငဲ့ကြည့်ရင်း ပြောလိုက်သော လွမ်းရိပ်သျှင်ကြောင့် သွေး အာမေဋိတ်သံနှင့်အတူ ဆွံ့အသွားရသည်။ ဒီလိုတွေ ဖြစ်လာလိမ့်မယ်ဆိုတာ အစောကတည်းက ကြိုသိနေသည်။ ပြင်ဦးလွင်မှာတုန်းက ဦးချမ်းကို ကြောက်ရသေးလို့ ငြိမ်ကုပ်နေသေးသည်။ ခုတော့... ကြောက်ရမည့်သူ မရှိတော့သဖြင့် ဒလွတ်ဖြစ်တော့မည်။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🔥🔥
အပိုင်း(၈) ဆက်ရန်>>>
#ပတ္တမြားအလင်း