book

Index 6

အပိုင်း(၆)

  • Author : Rudylinn
  • Genres : Romance, Drama

လွမ်းငွေ့မပြယ်စေချင်ပါ 🍂


~~~~~~~~

"ကိုယ်မင်းကို လက်ထပ်ချင်တယ် ရိပ်ကလေး..."

တိုးတိုးလေးနဲ့ နားမခံသာအောင် ဝင်လာသော စကားတစ်ခွန်း။ ရိပ် လူကြီးကို မော့ကြည့်လိုက်၏။ ရိပ်ကို ချိုမြသော အပြုံးတွေ၊ အကြင်နာတွေ အပြည့်နဲ့ ကြည့်နေတဲ့ လူကြီးကို ရိပ် မယုံနိုင်အံ့သြစွာ ကြည့်နေမိသည်။

ရင်ထဲက ဖြစ်တည်လာသော အချစ်တွေ၊ ဖွင့်အန်ချဖို့လည်း ဝန်မလေးပါ။ လက်လွှတ်ဆုံးရှုံးဖို့လည်း မဖြစ်နိုင်ပါ။ သည်တစ်ခါလည်း သူ့အတ္တကို ဦးစားပေးမိပြန်ပြီ။ ကိုယ့်ဘဝမှာ မင်းမရှိလို့ မဖြစ်လို့ပါ ကလေးရယ်။

"ရှင်ကြီး ဦးနှောက်မှကောင်းရဲ့လား ဟင်"

" ကိုယ် မရူးပါဘူး... "

လွမ်းရိပ် နောက်သို့ ခြေနှစ်လှမ်းလောက် ဆုတ်လိုက်မိ၏။ ခုတစ်ခါနဲ့မှ နှစ်ခေါက်ပဲ တွေ့ဖူးသေးတဲ့ လူတစ်ယောက်ကို လက်ထပ်ချင်တယ်တဲ့။ ပြောတဲ့စကားတွေကလည်း မူမမှန်ဘူး....။ ဆိုက်ကို ဖြစ်နေတာများလား။

"ရိပ်... ရိပ်ရဲ့ ဆွဲကြိုးပြန်ပေးပါ "

"ဟုတ်ပါပြီ ရော့ "

ဧဒင်ဦး ခပ်တွန့်တွန့် ဖြစ်သွားတဲ့ သူမလေး သူ့ကို ဒီထက်ပိုပြီး ကြောက်လန့်သွားမှာ စိုးသဖြင့် ဆွဲကြိုးလေး လှမ်းပေးလိုက်တော့ ဆတ်ခနဲ ဆွဲယူသွားပုံက သူ့ကို ရွံကြောက်ကြီး ဖြစ်နေပုံပင်။

"ရိပ်တို့အိမ်ကို ဘယ်လိုအကြောင်းကိစ္စနဲ့ ရောက်လာခဲ့သလဲ မသိပေမယ့် ရိပ်နဲ့လာမနွယ်ပါနဲ့၊ ရိပ်လည်း ရှင်ကြီးကို လာနွယ်မှာမဟုတ်သလို ဒီအိမ်ကိုလည်း နောက်ဘယ်တော့မှ ခြေဦးလှည့်မှာမဟုတ်ဘူး... ဟုတ်ပြီနော် "

လူကြီးတစ်ယောက်လို ခပ်တည်တည်လေး တစ်လုံးချင်း သေချာပြောနေသည့် သူမကို သူ ဘာမှမပြောဘဲ နေထောင်နေပြီးမှ....

"ရိပ်ကလေး.... ကိုယ့်ကို ရှင်ကြီးလို့တော့မခေါ်ပါနဲ့ကွာ၊ ကိုယ့်နာမည် ဧဒင်ဦး၊ ခေါ်ချင်ရင် ဦး လို့ခေါ်ပေါ့"

"သေလိုက်ပါလား"

နဂါးမျက်စောင်းလား၊ သမင်မျက်စောင်းလားတော့မသိ၊ မျက်စောင်းထိုးပြီး ချာခနဲ လှည့်ထွက်ကာ လှေကားပေါ်မှ တဒုန်းဒုန်း ပြေးဆင်းလာခဲ့တော့သည်။ လှေကားခြေရင်းမှာ ရပ်စောင့်ပြီး အပေါ်သို့ တမျှော်မျှော်လုပ်နေသည့် မွှေးကို တွေ့တော့ သက်ပြင်းချလိုက်ရင်း ...

"မွှေး... ပြန်စို့ "

"ကြာလိုက်တာ.... ငါက အပေါ်တက်လာတော့မလို့ "

လွမ်းရိပ်နဲ့မွှေး အိမ်ထဲမှအထွက် လက်ထဲမှာ ခရီးဆောင်အိတ်တစ်လုံးကိုင်ပြီး အိမ်ထဲဝင်လာသော ပိန်ပိန်ပါးပါး အန်တီကြီးက ရိပ်ကို မမှိတ်မသုန်ရပ်ကြည့်နေတာကို လှမ်းမြင်လိုက်ရသည်။ အနားရောက်သွားတော့ ရိပ်က ပြုံးပြလိုက်ရာ သူက ရိပ်ကို တစ္ဆေတစ်ကောင်ကိုတွေ့သလိုမျိုး မျက်လုံးပြူးကြောင်ပြီး ကြည့်နေသဖြင့် ရိပ်လန့်သွားရသည်။ ထို့နောက် အန်တီကြီးကို ဖြတ်ကျော်၍ ခြံထဲမှ ထွက်လာခဲ့တော့သည်။ ရိပ်မျက်နှာမှာ တစ်ခုခုများ ပေနေလို့လားလို့ ယောင်ယမ်းစမ်းလိုက်မိသေး၏။

ခြံထဲရောက်မှ လက်ထဲပါလာသည့် ဆွဲကြိုးကို သေချာကြည့်လိုက်မိသည့်အခါ မေမေ့လက်စွပ်က ပါမလာခဲ့ပါ။ ရိပ်သည် စောနက ရှိနေခဲ့သည့် အပေါ်ထပ်ဝရန်တာကို မော့ကြည့်လိုက်တော့ ဝရန်တာလက်ရန်းအား လက်ထောက်လျက် လွမ်းရိပ်ကို ပြုံး၍ ငုံ့ကြည့်နေသော လူကြီးကို မဲ့ချိတ်ပြီး ပြုံးပြလိုက်သည်။

တောက်။ တော်တော်လည်တဲ့ လူကြီး။ လူတစ်ကိုယ်လုံး ဉာဏ်ကြီးပဲ။ အလှည့်ကျ မနွဲ့စတမ်းပေါ့။ လွမ်းရိပ် ခြေစောင့်ပြီး ရှေ့ကထွက်သွားတော့ မွှေးက ဘုမသိဘမသိနဲ့ နောက်ကလိုက်လာခဲ့ရတော့သည်။

°°°°°°°°°°°°°°°°°°°°°

ဧဒင်ဦးသည် သူ့အိပ်ခန်းနဲ့ တစ်ခန်းကျော်က အခန်းထဲသို့ တံခါးဖွင့်ပြီး ဝင်သွားလိုက်၏။
ထို့​နောက် အခန်းအလယ်က မီးပွင့်ကို ထောက်ခနဲ ဖွင့်လိုက်၏။ သည်အခန်းထဲ မဝင်ဖြစ်တာကြာပြီမို့ ပင့်ကူမျှင်တွေက နံရံနှင့် မျက်နှာကြက်မှာ အပြည့်နေရာယူထားကြသည်။ အခန်းပတ်ပတ်လည်ကို တစ်ချက် လှည့်ပတ်ကြည့်လိုက်သည်။

"အခုချိန်ထိ မင်းရဲ့အငွေ့အသက်တွေ ကျန်ရှိနေသေးတဲ့ ဒီအခန်းထဲ ကိုယ်မဝင်ဖြစ်ခဲ့တာ မင်းထွက်သွားထဲကဆို ၅ နှစ်ရှိပြီ "

သည်အခန်းထဲမှာ ခုတင်၊ စားပွဲ၊ အသုံးအဆောင်ပစ္စည်းတွေ ဘာတစ်ခုမှရှိမနေဘဲ ပုံတူပန်းချီကားများသာ အခန်းပြည့် ရှိနေခဲ့သည်။ ဧဒင်ဦး ရှေ့တည့်တည့် နံရံမှာအပြည့်ကပ်ထားသည့် ပန်းချီကားရှိရာ လျှောက်လာခဲ့သည်။ ထိုအခန်းထဲက ပန်းချီကားတွေအားလုံးကို အဖြူရောင်ပိတ်စဖြင့် လွှားအုပ်ထားရာ ပိတ်စကိုအသာလှပ်တင်လိုက်၏။

သစ်သားဘောင်ဖြင့် အနားကွပ်ထားသော နံရံပြည့် ရေဆေးပန်းချီသည် သည်အခန်းထဲတွင် လက်ရာအမြောက်ဆုံး ခမ်းနားထည်ဝါသည့် တစ်ခါတည်းသော ပန်းချီကားဖြစ်သည်။ ဧဒင်ဦးက ပန်းချီမျက်နှာပြင်ပေါ်မှာ ရှိနေသည့် ဖုန်မှုန့်တွေကို လက်ဖြင့် ခါထုတ်ဖယ်ရှားလိုက်ပါ၏။

"ကိုယ်လေ မင်းကို တစ်ရက်၊ တစ်စက္ကန့်လေးမှ မေ့လို့မရခဲ့ဘူး.... ကိုယ့်အနားမှာ ရှေးအမြဲတမ်း ရှိနေတယ်လို့ ယုံကြည်နေခဲ့တာ၊ ခုတော့ ရှေးက ကိုယ့်ရဲ့အဝေးမှာ အေးအေးချမ်းချမ်း ရှိနေခဲ့တာပဲ၊ ကိုယ့်ကို အဲ့လောက်တောင် မုန်းလားဟင်၊ ကိုယ့်ရဲ့ အဝေးမှာ နေနေရတာ ရှေးပျော်လား..."

ရင်ထဲက ဆို့လှိုက်လာကာ ဝမ်းနည်းမှုကို ထိန်းချုပ်နေရသည်။ ထို့နောက် သူကိုယ်တိုင် ရက်တွေ၊ လတွေ သေချာအချိန်ပေးပြီး ဆွဲထားရသည့် ရေဆေးပန်းချီးကားကို လက်ဖြင့်ဖွဖွပွတ်သပ်လိုက်၏။

"အရင်ပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့ အချိန်တွေကို အရမ်းလွမ်းတာပဲ.... အဲ့အချိန်တုန်းက ရှေးက ကိုယ့်ဘေးမှာ အမြဲယှဥ်တွဲပြီးရှိနေခဲ့တာ "

ထို့နောက် ပန်းချီကားကို သူနှုတ်ခမ်းဖြင့်ဖိကပ်နမ်းလိုက်၏။ ထိုအချိန် ခြေဖမိုးပေါ်သို့ပေါက်ခနဲ ကျသွားသည့် မျက်ရည်တစ်စက်က ပူလောင်ခြင်းများစွာဖြင့် အငွေ့ပျံသွားလေသည်။

°°°°°°°°°°°°

"ဦးစိုင်းလု.... ကျွန်မ ပြန်လာတော့ ခြံထဲမှာ မြင်ခဲ့တဲ့မိန်းကလေးက ရှေး... "


"တွေ့ပြီးသွားပြီလား..."

"အင်း...၊ ကျွန်မ အိပ်မက်မက်နေတာလား၊ ဒါမှမဟုတ် သူမတော့ မဖြစ်နိုင်ပါဘူးနော်"

ဦးစိုင်းလု ခြံထဲက မြက်ရိုင်းတွေကို ရှင်းလင်းနေစဥ် နယ်ပြန်သွားသည့် ဒေါ်နန်းကြည်က ရောက်ရောက်ချင်း သူ့အနားလာကာ တအံ့တသြ မေးခွန်းတွေထုတ်နေ၏။

"သူမမဟုတ်ပါဘူး...၊ စောစောက ပြောလိုက်တဲ့ စကားကို မောင်ဦးရှေ့မှာ မပြောမိပါစေနဲ့၊ ဒေါ်နန်းကြည် တွေ့လိုက်တဲ့ မိန်းကလေးနာမည်က လွမ်းရိပ်သျှင် တဲ့ "

"သြော်....၊ နာမည်တူမရှား လူတူမရှားကိုး၊ ဒါနဲ့ မောင်ဦး တွေ့ပြီးပြီမို့လား... ဘယ်လိုအခြေအနေရှိလဲ "

ဦးစိုင်းလု မြက်ရိုင်းတွေကို တံစဉ်ဖြင့် ရိတ်ဖြတ်နေစဥ် လက်တုံ့သွားပြီး ဒေါ်နန်းကြည်ကို လှည့်ကြည့်လိုက်၏။

"မောင်ဦးရဲ့ စိတ်က ခန့်မှန်းရခက်ပါတယ်လေ၊ ဒါပေမဲ့ စိုးရိမ်တာက.... အဲ့မိန်းကလေးကို ဒုတိယရှေး မဖြစ်စေချင်ဘူး..."

"သူလည်း နောင်တတွေရပြီး ပြောင်းလဲနေပြီလို့ ကျွန်မတော့ ထင်တာပဲ"

ဦးစိုင်းလု ဒေါ်နန်းကြည်ကို ပြုံး၍သာ ကြည့်နေခဲ့ပါသည်။ ထိုအပြုံးရဲ့ အဓိပ္ပာယ်ကို ဒေါ်နန်းကြည်တစ်ယောက် နားလည်ဖို့ မျှော်လင့်လိုက်မိပါသေးသည်။

°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🔥🔥

"ငနီ.... အေး လုပ်ထား... မိလို့ကတော့ အပေါ်ခံရပြီမှတ် တွေ့မယ် "

" ဘုတ် "

"အား!..."

လွမ်းရိပ် ကြုံးဝါးလိုက်ပြီး ရှေ့ကိုက်တစ်ရာအကွာမှာရှိနေသည့် ငနီကြက်ဖကို ကိုယ်လုံးဖြင့် လှမ်းအုပ်ဖမ်းလိုက်ရာ ဖမ်းမိခါနီးဆဲဆဲ လက်ထဲကလွတ်သွားသဖြင့် မြေကြီးနှင့် လူနဲ့ မိတ်ဆက်ပြီးသားဖြစ်သွားသည်။

"အ လား လား...."

ခက်ခဲတဲ့အရာကိုမှ လိုချင်သည့် လွမ်းရိပ်က ဒီလောက်ကတော့မမှု။ မြေကြီးပေါ် ကိုးရိုးကားရား မှောက်လျက်လဲကျနေရာမှ ကုန်းကျူံးထရပ်လိုက်၏။ တံတောင်ဆစ်နဲ့ ဒူးဆစ်တွေ ပွန်းပဲ့ ဒဏ်ရာရသွားတာကို သိပေမယ့် မနာအားပါ။ ဖမ်းမိဖို့သာ စိတ်စောနေ၏။

"လွမ်းရိပ်... တူမကြီး ဦးလေးဖမ်းပေးရမလား... "

"ရတယ် ဦးလေး၊ ဒီကောင့်ကို ရိပ်ဘာသာ မိအောင် ဖမ်းမယ် "

"တူမ လိုက်ဖမ်းနေတာ မိနစ်နှစ်ဆယ်မကတော့ဘူး... ဦးလေးကြည့်နေတာ၊ တစ်ကိုယ်လုံးလည်း ရွံ့တွေပေကုန်ပြီ "

ခြံထဲမှာ ဝိုင်းလုပ်နေသည့် ဦးလေးချိုက အမြင်မတော်၍ ဝင်ပြောလိုက်သော်လည်း ရိပ်ကတော့ ခပ်လှမ်းလှမ်းမှာ ခပ်ချေချေရှိနေသည့် ငနီကိုသာ အာရုံရောက်နေသည်။ မိလို့ကတော့လား... ခေါင်းမွှေးပြောင်အောင် နှုတ်ပစ်မယ်။

"ဒါနဲ့ ဦးချမ်းဘယ်သွားလဲ၊ ဦးလေး ဆေးပစ္စည်းစာရင်းတွေ ပြစရာရှိလို့ "

"ဖေဖေလား...၊ အင် သြော် လေးလေးနိုင်တို့ လက်ဖက်ခြံထဲ သွားမယ်လို့ပြောပြီး မနက်က ထွက်သွားတာပဲ "

လွမ်းရိပ်သည် ပြောရင်း မနှစ်က တောင်ကြီးမီးပုံးပျံပွဲသွားတုန်းက အမှတ်တရ လက်ဆောင်ဝယ်လာခဲ့သည့် ချည်အကျီလက်စကကို ပခုံးပေါ်သို့ ဆွဲတင်၍ မျက်လုံးက နွားတင်းကုပ်ထဲ ဝင်သွားသော ကြက်ဖဆီ အကြည့်ရောက်နေသည်။ ထိုခဏမှာ ဦးလေးချိုက ရိပ်ကို ကြည့်ကာ ခေါင်းတညိတ်ညိတ်လုပ်ပြီး အနားမှ ထွက်သွားတော့သည်။

"ငါလာပြီနော် လွတ်အောင်ပြေးထား"

လွမ်းရိပ်က ထိုသို့ကြွေးကြော်လိုက်ပြီး နွားတင်းကုပ်ထဲ ဝင်သွားလိုက်ပါသည်။ လက်တစ်ဖက်က နှာခေါင်းအား ညှစ်ထားသေး၏။ ခေါင်းကို မော့ထားပြီး နွားတင်းကုပ်ထဲမှ ထွက်သွားပြီဖြစ်သော ငနီနောက်သို့ အမီလိုက်နေရ၏။ ချီးပုံတွေ တွေ့ရင်လည်း သိုင်းကွက်နင်းရသေးသည်။

လက်လျော့ဖို့ စိတ်ကူးမရှိသော်လည်း လူကမောနေပြီ။ သူသွားရာ လိုက်ကြည့်နေရင်း လမ်းမှာ စပါးခွံတွေကိုတွေ့တော့ ငနီက ရပ်ပြီး စားနေသဖြင့် အားတက်သွားရာ ခြေသံလုံလုံဖြင့် အနားသို့ လျှောက်သွားလိုက်၏။

အနောက်ကနေ လက်နှစ်ဖက်ဖြင့် လှမ်းအုပ်ဖို့ ပြင်လိုက်စဥ် ဒင်းက သူ့အတောင်ပံတွေကို သုံးကာ အနားက ကုက္ကိုပင်ပေါ်သို့ ပျံတက်သွားလေသည်။

" ဟာ ကျစ် "

ရိပ် အခဲမကြေစွာ စုတ်သပ်တောက်ခေါက်လိုက်၏။ ဒါမျိုးတော့ ဘယ်ရမလဲ။ အနည်းငယ် မြင့်သည့် ကုက္ကိုပင်ကို တစ်ချက် လှမ်းရှိုးလိုက်၏။ အကိုင်းအခတ်တွေ ထိုးထွက်နေသဖြင့် အကြံရသွားကာ တစ်ချက်ပြုံးလိုက်သည်။

ခဏအကြာမှာတော့ လွမ်းရိပ် သစ်ပင်ပေါ်သို့ ရောက်သွားပြီဖြစ်သည်။ တစ်ဖက်ကိုင်းဖျားနားမှာ ငနီရှိနေသည်။ သစ်ပင်ပေါ် ယိုင်တိယိုင်တိုင်ဖြင့် ကိုင်းလက်တွေကို ကိုင်ပြီး တစ်ဖက်ကိုင်းသို့ ကူးသွားလိုက်သည်။

" ဟိ ဟိ "

ရိပ်ဘာသာ ကိုယ့်အဖြစ်ကိုယ် သဘောကျပြီး ကြိတ်ရယ်လိုက်၏။ လက်တစ်ကမ်းအကွာတွင် ရှိနေသော ကြက်ဖကို အသာလှမ်းဖမ်းလိုက်စဥ်....

" အမေ့!...."

ခြေချော်ပြီး အောက်သို့ပြုတ်ကျသွားပြီဖြစ်သည်။ လွမ်းရိပ်သျှင်သည် ခြေကားရား လက်ကားရားဖြင့် မျက်လုံးကို အသေမှိတ်ထားပြီး အာမေဋိတ်သံထွက်သွားသော်လည်း ခန္ဓာကိုယ်နှင့် မြေကြီးနှင့် မထိဘဲ နွေးထွေးလုံခြုံဟန်ရှိသည့် လက်တစ်စုံရဲ့ ဆီးဖမ်းထားခြင်းကို ခံရပြီး တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲရောက်နေခဲ့၏။ ခပ်မြင့်မြင့် ထုံးဖွဲ့ထားသည့် ဆံပင်တွေက ပြေကျလာကာ တချို့ကမျက်နှာပေါ်သို့ ဖုံးအုပ်ထားကြ၏။ ယခုအချိန်ထိ ထိတ်လန့်စိတ်က မပြယ်သေးဘဲရှိရာ မျက်လုံးဖွင့်မကြည့်နိုင်သေးပါ။

ထိုအချိန် နူးညံ့သည့်လက်တစ်ဖက်က လွမ်းရိပ် မျက်နှာပေါ်က ဆံမျှင်တွေကို ဖယ်ရှားပေးနေတာကို ခံစားသိရှိလိုက်သဖြင့် မျက်လုံးအသာဖွင့်ကြည့်လိုက်၏။

"ဟင် လူ လူကြီး... "

ရိပ်သည် အထိတ်ထိတ် အလန့်လန့်ဖြင့် သူ့လည်တိုင်ပေါ်မှ ရိပ်လက်တွေကို အလျင်အမြန် ရုတ်လိုက်ပါသည်။

"ရိပ်ကလေး... လန့်နေသေးလား..."

နှစ်ကိုယ်ကြားရုံ တိုးသဲ့သဲ့ စကားသံလေးက ရိပ်၏ရင်အစုံကို လှုပ်ခါစေသည်။ တဒိန်းဒိန်းဖြင့် ကုလားဘုရားပွဲလှည့်သလို ဆူညံနေသည့် ရင်ခုန်သံတွေက ရိပ်ဆီက လာတာမှ ဟုတ်ပါလေစ။

"တော်တော်ကဲတဲ့ တိရစ္ဆာန်လေးပဲ"

နှုတ်ခမ်းလှုပ်ရုံ ထပ်ပြောလာသည့် သူ့စကားသံကို ကြားရချိန် ရိပ် သူ့လက်ထဲမှ အောက်ဆင်းပြေးဖို့ ဟန်ပြင်လိုက်သော်လည်း သူက လွှတ်မပေးဘဲ ရိပ်ကို အတင်းပွေ့ဖက်ထား၏။

"လူကြီး... ရိပ်ကို အောက်ချပေးပါ၊ ရိပ် အောက်ဆင်းချင်တယ် "

ရိပ် နီးနီးကပ်ကပ် မြင်နေရသည့် လူကြီးကို မကြည့်ရဲဘဲ ခေါင်းငဲ့ထားရင်းက ရင်ခုန်စိတ်လှုပ်ရှားမှုကို ဖုံးကွယ်လျက် တီးတိုးရေရွတ်လိုက်သည်။

"ကိုယ်က ကိုက်မစားပါဘူးကွာ "

ဟု ပြောပြောဆိုဆို သူ့လက်ပေါ်က ကလေးလေးကို အောက်ချပေးလိုက်၏။ ထိုအခါ သူမက ရင်ဘက်လေးဖိ၍ တစ်ဖက်သို့လှည့်ထွက်သွားဖို့ ဟန်ပြင်လိုက်တာမို့ လက်လှမ်းဆွဲထားလိုက်သည်။

"ခဏလေးနေပါဦး ကိုယ်ဘာမှမလုပ်ပါဘူး...၊ နောက်ဒီလို ရှာရှာဖွေဖွေ မဆော့ပါနဲ့၊ ကိုယ်ရှိနေလို့ပေါ့ မဟုတ်ရင် ကျိုးပဲ့ကုန်မှာ"

စိုးရိမ်တကြီးပုံစံဖြင့် ပြောလာသည့် လူကြီးကို ရိပ် မျက်မှောင်ကုပ်၍ ကြည့်လိုက်၏။ထို့နောက် ရိပ် သူ့လက်ထဲက ရိပ်၏လက်ကို ရုန်းထွက်လိုက်ပြီး...

"လူကြီး ဒီကို ဘာလာလုပ်တာလဲ၊ သူများပိုင်နက်ထဲ လာပြီး သွေးတိုးစမ်းမယ်ပေါ့လေ"

ထုံးစံအတိုင်း မျက်နှာကစူပုတ်ပုတ် ဘယ်သူ့ကိုမှ မကြောက်သည့် စတိုင်ဖြင့် လေသံကိုမြှင့်၍ ပြောလိုက်သည်။

"အခုထိ အဲ့ကိစ္စကို အခဲမကြေသေးဘူးလား၊ ​​​တကယ်တော့လေ ရိပ်ကလေးက ကိုယ့်အိမ်ထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာခဲ့တာနော်၊ ကိုယ်အတင်းဆွဲခေါ်ခဲ့တာ မဟုတ်ဘူး..."

"အဲဒါက...."

လူကြီးက ပြောစရာစကားမရှိအောင် ပိတ်ထားလိုက်သလို ဖြစ်သွားသဖြင့် ရုတ်တရက် ဆွံ့အသွားရသည်။ တကယ်လည်း အမှန်တွေမို့ ဘယ်လိုပြန်ချေပရမည်မသိ။ နှုတ်ခမ်းကို ဖိကိုက်ထားပြီး အကြံအိုက်နေစဥ် မျက်လုံးတွေ လက်ခနဲ ဖြစ်သွားပြီး ပန်းနုရောင် နှုတ်ခမ်းလေး ပွင့်ဟသွားသည်။

" သွေး... "

နာမည်ခေါ်လိုက်ရင်း ရိပ်တို့ရှိရာ လျှောက်လာနေသည့် သွေးသက်တန့်ကို လှမ်းမျှော်ကြည့်ရင်း လူကြီးကိုကျော်ကာ အနားသို့ လျှောက်သွားလိုက်ပါသည်။

ဧဒင်ဦး သူမနှုတ်ဖျားက ထွက်လာသည့် ယောကျ်ားတစ်ယောက်ရဲ့ နာမည်ကြောင့် အလိုမကျစွာ မျက်မှောင်ကြုတ်သွားပြီး နောက်သို့လှည့်ကြည့်လိုက်လေသည်။

"ဘယ်လိုပုံစံဖြစ်နေတာလဲ ကြည့်ပါဦး... ရွံ့တွေရော ဖုန်တွေရော... "

သွေးသက်တန့် သူ့ရှေ့က ဆံပင်ဖားလျားနဲ့ ဖရိုဖရဲ ညစ်ပတ်ပေတူးနေသော လွမ်းရိပ်ကိုယ်လေးကို ခေါင်းစခြေဆုံးကြည့်လိုက်ပြီး ဆံပင်ပေါ်ကပ်ငြိနေသည့် ဖုန်တွေကိုဖယ်ရှားပေးလိုက်၏။ အကျီပေါ်က ရွံ့တွေကို ခါထုတ်ပေးရင်း သူတို့ကို ခပ်စူးစူး ခပ်ရိုင်းရိုင်း စိုက်ကြည့်နေသည့် ခပ်လှမ်းလှမ်းက လူကို သတိထားမိသွားသည်။

အရပ်မြင့်မြင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံက ကြံ့ခိုင်တောင့်တင်းကာ အဝေးကလှမ်းကြည့်ရုံဖြင့် မျက်လုံးထဲထင်းလင်းနေ၏။ အသက်အရွယ်က လေးဆယ်လို့လည်းပြောလို့မရ၊ သုံးဆယ်လည်း မကမို့ သူ့ထက် အများဆုံး နှစ်ဆယ်လောက် ကြီးလိမ့်မည်ဟု ခန့်မှန်းလိုက်မိသည်။ သွေးလှမ်းကြည့်နေစဥ် ထိုလူက ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်လျက် သူ့တို့ဘက်သို့ လျှောက်လာနေသည်ကို မြင်ရသည်။

"ရိပ် သူကဘယ်သူလဲ၊ ဧည့်သည်လား..."

ရိပ်က သူမေးတာမဖြေဘဲ တခြားတစ်ဖက်သို့ မျက်နှာလွှဲထား၏။ သွေး ခေါင်းရှုပ်ရှုပ်ဖြင့် ဆံပင်ထဲလက်ထိုးထည့်ဖွလိုက်ရင်း အနားရောက်လာသည့် ထိုလူကို ပြုံးပြလိုက်ပါ၏။

"ဟို ဦးချမ်းနဲ့တွေ့ဖို့ လာခဲ့တာလား မသိဘူးခင်ဗျ "

"ဟုတ်တယ်၊ ဦးလေးနဲ့လည်း တွေ့ရင်း လက်စွပ်လည်း ပြန်ပေးဖို့လာခဲ့တာ "

"ဦးချမ်းက ခုဒီမှာ မရှိဘူး... ဘာမှာသွားမလဲ၊ ကျွန်တော် ပြန်ပြောပေးပါ့မယ်ဗျ၊ ပေးစရာရှိတာလည်း စိတ်ချယုံကြည်စွာ ပေးသွားခဲ့လို့ ရပါတယ် "

ဧဒင်ဦး ရိုကျိုးစွာ လေးလေးစားစား ပြောနေသည့် သူ့ရှေ့က ခပ်ရွယ်ရွယ် ကောင်လေးအား မျက်ခုံးပင့်၍ ကြည့်လိုက်ပါသည်။ ရုပ်ရည်က ကြည့်ကောင်းပြီး သန့်ပြန့်နေကာ အတော်ငယ်ပေမယ့် လူရေမွန်လေးပဲ။ သို့သော် သူဒါကို စိတ်မဝင်စား၊ ရိပ်ကလေးနဲ့ ဘယ်လိုပတ်သက်မှုမျိုး ရှိနေမလဲဟုသာ တွေးရင်း စိတ်ပူပန်သွားမိသည်။


"ဒါဆိုလည်း နောက်မှပဲ လာခဲ့တော့မယ်"

" ဟုတ်ကဲ့ "

လက်စွပ် ဆိုတဲ့ စကားကို ဖျတ်ခနဲ ကြားလိုက်ရသဖြင့် လွမ်းရိပ် မျက်လုံးတွေသည် ဝမ်းသားပျော်ရွှင်မှုကြောင့် အရောင်ပြောင်းသွားကြတော့သည်။

"ဟို လူကြီး.... လူကြီး... "

ရိပ်တို့ကို ကျောခိုင်းကာ လှည့်ထွက်သွားသော လူကြီးကို လှမ်းခေါ်လိုက်ပြီး အနားသို့ ရုတ်ခနဲ ရောက်သွား၏။

"ရိပ် ရိပ့်လက်စွပ်လေး ပြန်ပေးမယ်ဆို "

လူကြီးရှေ့ လက်ဝါးတစ်ဖက်ဖြန့်ရင်း ထိုသို့ပြောလိုက်ပါသည်။ ထိုအခါ လူကြီးက အမည်မသိသော အပြုံးတစ်ခုဖြင့်....

"ဟုတ်တယ် အစက ပြန်ပေးမလို့ဘဲ၊ ခုတော့ စိတ်ပြောင်းသွားပြီ "

" ဘယ်လို! "

သူ့ရှေ့က ရိပ်လက်ကလေးကို ခပ်ရှက်ရှက်ဖြင့် ရုတ်လိုက်ရင်း လူကြီးရဲ့ နားစည်ကွဲသွားမတက်ဖြစ်သွားအောင် ခြေဖျားထောက်ပြီး အော်ပြောလိုက်ပါသည်။ ဒါတောင် ရိပ်ရဲ့အရပ်ပုတက်တက်က လူကြီးရဲ့ ပခုံးကိုကျော်မထွက်ခဲ့ပါ။

"အော်လိုက်တာ ပုရစ်ကလေး... "

ဧဒင်ဦးသည် ဘယ်လိုနေနေ ချစ်စရာကောင်းလွန်းနေသည့် ကလေးပမာ ချစ်ရသူလေးကို ချစ်စနိုးစနောက်လိုက်တော့ သူမလေးက လက်သီးလက်မောင်းတန်းကာ သူ့ကို ဒေါသထွက်နေပုံက ကြောက်ခမန်းလိလိ အသည်းယားစရာ ကောင်းလှသည်။ သူ့ရင်ဘက် သာသာရှိသည့် သူမခေါင်းလေးကို လှမ်းပုတ်ဖို့ လက်ပြင်လိုက်တော့ သူမက ဖယ်ရှောင်သွားလေ၏။

သွေးသက်တန့်သည် သူ့မျက်စိရှေ့က မြင်ကွင်းကို ငေးကြည့်နေပြီး ဘယ်လို အဓိပ္ပာယ်ကောက် နားလည်ရမှန်းမသိတော့ပါ။ အ​ခြေအနေတွေက ချစ်သူရည်းစားနှစ်ယောက် စိတ်ဆိုးစိတ်ကောက်နေကြသည့်ပုံနှင့် တူနေသည်။ တဆက်တည်း ရင်လေးစွာ သက်ပြင်းချမိပြန်ပါသည်။ ကိုယ်ပိုင်တယ်လို့ ထင်မှတ်ထားခဲ့တဲ့ ပန်းလေးတစ်ပွင့်... သူများခူးဆွတ်တော့မှာကို ရပ်ငေးကြည့်နေမလား၊ ဒါမှမဟုတ် ဘယ်သူမှ ခူးဆွတ်လို့မရအောင် သူအပိုင်သိမ်းလိုက်ရမလား...။ တဒင်္ဂအတွင်း အမျိုးမျိုးသော အတွေးတွေ ရောယှက်နေပြီးမှ ရိပ်ပျော်ရွှင်ဖို့ကသာ အဓိကပါ။ ရိပ် ပျော်တယ်ဆို သူလည်း ဝမ်းသာပျော်ရွှင်ပေးနိုင်ရမှာပေါ့....။

°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🔥🔥

အပိုင်း (၇) ဆက်ရန်>>>

#ပတ္တမြားအလင်း


rate now: