လွမ်းငွေ့မပြယ်စေချင်ပါ 🍂
~~~~~~~
"အံမယ် အဲ့ဒါကြောင့် ရိပ်ပြောပါတယ်၊ သူ့မှာရှိပါတယ်ဆို "
" ဟာ မရှိပါဘူးဆို "
"အဟက် "
လွမ်းရိပ်ရယ်၊ သွေးရယ်၊ မွှေးရယ် သုံးယောက်သား ပူရီသွားစားခဲ့ကြပြီး အိမ်အပြန်လမ်းတွင် ပျင်းရသည်မရှိအောင် တွတ်ထိုးလာခဲ့ကြခြင်း ဖြစ်သည်။
"ရိပ်တို့ ညကျရင် night market သွားရအောင်နော်၊ ဒီမှာနေရတုန်းလေး..."
"အင်း ကောင်းသားပဲ "
သွေးသက်တန့်က ထောက်ခံပါသည်။ မွှေးကတော့ ပြုံးတုံ့တုံ့မျက်နှာဖြင့်...
"တို့ဟူးနွေး မစားရတာလည်းကြာပြီ"
ဟု စကားစလိုက်တော့ ရိပ်ကနောက်ကနေ...
"မာလာရှမ်းကောနဲ့ အကင်စုံလည်း တစ်ဝစားပစ်ရမယ် "
" ဟုတ်တယ် "
ပြောရုံနှင့် ပါးစပ်ထဲ ခါးတွင်းချဥ်လာပြီး သွားရည်ယိုလာသည်။ တံတွေးတစ်ချက် မြိုချလိုက်ရ၏။
"ဒါဆို ငါပြန်တော့မယ်နော်၊ ညနေ နေစောင်းမှ ငါထွက်လာခဲ့မယ် "
"Ok see you "
သွေးကို နှုတ်ဆက်ပြီး ခြံထဲလှမ်းဝင်လိုက်တော့ ရိပ်တို့ဆီ ဦးတည်လျှောက်လာသည့် ဦးစိုင်းအုတ်ကို တွေ့လိုက်ရသည်။
"ဦးအုတ် ဘယ်သွားမလို့လဲ"
လွမ်းရိပ်က လှမ်းနှုတ်ဆက်လိုက်တော့ ဦးစိုင်းအုတ်က အနားရောက်မှ ရိပ်တို့ကို ပြုံးပြပြီး....
"အပြင်သွားမလို့လေ၊ သြော် ဒါနဲ့ ညည်း ဧည့်သည် ရောက်နေတယ်၊ အထဲမှာ "
ဟု ပြောပြီး လွမ်းရိပ်တို့ကို ကျော်ကာ ခြံထဲမှ လျှောက်ထွက်သွားလေသည်။ ရိပ် ခေါင်းလေး စောင်းငဲ့ မျက်မှောင်တွန့်သွား၍ စဥ်းစားဟန်ပြုလိုက်၏။ အမယ် ရိပ်ဧည့်သည်တဲ့။ ကြီးကြီးကျယ်ကျယ် ရိပ်ဧည့်သည်ဆိုပြီး လာစရာမရှိပါဘူး။ ရိပ် မွှေးရဲ့လက်မောင်းကိုတွဲ၍ ခပ်သွက်သွက် လျှောက်လာခဲ့တော့၏။
အိမ်အပြင်ကနေ စကားပြောသံခပ်သဲ့သဲ့ကို ကြားရသည်။ ဖေဖေ့အသံကိုလည်း ကြားရသည်။ တစ်ဖက်သူ၏ စကားသံကိုတော့ တိုးတိုးကြားရပြီး ဘယ်သူလဲ မသဲကွဲပါ။
ရိပ် အစက အိမ်နောက်ဖေးတံခါးက ပတ်ဝင်သွားဖို့ လွှတ်ခနဲ စိတ်ကူးမိပေမယ့် ခြေလှမ်းက အိမ်ရှေ့တံခါးသို့ ကျူးကျော်နေမိပြီဖြစ်သည်။ အိမ်ထဲဝင်လိုက်သည်နှင့် ရိပ်မျက်လုံးက ဧည့်ခန်းမှာစကားပြောနေသော သူတွေထံသို့ ဖျတ်ခနဲ ရောက်သွား၏။ မွှေးကတော့ အိမ်ခန်းထဲ တန်းဝင်သွားသည်။
ဖေဖေနှင့် စကားပြောနေသော သူက ရိပ်တို့ဘက်ကို ကျောခိုင်းထားသည်။ အနက်ရောင် ဆွယ်တာလက်ရှည်နဲ့ မီးခိုးရောင် ဘောင်းဘီ၊ ခိုပြာရောင် ရှူးဖိနပ်ကို ဝတ်ဆင်ထားပြီး ခြေထောက်ကို စားပွဲခုံအောက်က တန်းပေါ် မှေးတင်ထားတာ တွေ့ရသည်။ အနက်ရောင် ဆံပင်တွေက အတိုအရှည်မညီဘဲ နားသယ်က ဆံပင်တွေက နားကို အုပ်နေ၏။ လွမ်းရိပ်သည် ထိုသူ၏ မျက်နှာကို ကြည့်ချင်ဇောနဲ့ ရှေ့သို့ တိုးသွားစဥ်....
"သမီးရိပ် ဒီကိုလာလေ "
"ရှင် ဟုတ်ကဲ့ "
ရုတ်တရက် လန့်ဖျပ်သွားပြီး ခေါင်းညိတ်လိုက်ကာ ဖေဖေ့အနားသို့ လျှောက်သွားလိုက်ပါ၏။ ဖေဖေ့အနားတွင် ဝင်ထိုင်လိုက်သည်အထိ သူ့ကိုမော့မကြည့်ဖြစ်သေးပါ။ ဘာရယ်မဖြစ် ရင်ထဲတစ်ခုခုကို ခံစားလိုက်ရ၏။ ကြက်သီးမွှေးညှင်းပင် ဖြာထသွားသယောင်။
ဧဒင်ဦး သူ့ရှေ့က ခေါင်းမော့မလာသေးသည့် သူမကို သူငုံ့ကြည့်လိုက်၏။ သူမမှသူမပါပဲ။ တစ်ခုပဲကွာတယ်။ ဒါလည်း ကိစ္စမရှိပါဘူး။ သူမကို ကြည့်နေစဥ် သူ့ဘယ်ဘက်ရင်ဘက်က တိုး၍ ခုန်လာသည်။ ကိုယ့်နှလုံးသားကို 'မင်း အိန္ဒြေသိပ်ပျက်တယ်' ဟု စိတ်ထဲက ရယ်ကျဲကျဲဖြင့် ပြောလိုက်မိသေးသည်။ သူ့နှလုံးသား ပထမဆုံးအကြိမ် ခုန်လှုပ်လာတာလည်း သူမကြောင့်၊ သေဆုံးသွားတာကလည်း သူမကြောင့်၊ ယခု သူမကြောင့်ပဲ ကျိန်စာသင့်နေတဲ့ နှလုံးသားက လှုပ်နိုးလာပြန်ပြီ။ မင်း တာဝန်ယူရမယ် ကလေး...။
ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ လွမ်းရိပ် အသာမော့ကြည့်လိုက်လျှင် ရိပ်ကို ကြည့်နေသော လူကြီးနှင့် အကြည့်ချင်းဆုံသွားရာ ရိပ်အံ့သြမှုများနှင့်အတူ ရင်ထဲ လှိုက်ခါတုန်ယင်သွားသည်။ ပခုံးလေးတွေ ဆတ်ခနဲ တုန်လှုပ်သွားတာကို အလျင်အမြန် ဖုံးကွယ်လိုက်ရ၏။ ရိပ် ဆတ်ခနဲ အကြည့်လွှဲလိုက်သည်။
"သမီးတို့ချင်း သိကြတယ်လို့ မောင်ဧဒင်ဦးပြောတယ်၊ ဟုတ်လား သမီးရိပ် "
ပေါင်ပေါ်တင်ထားသည့် လွမ်းရိပ်လက်တွေ တုန်ယင်နေတာကို ဖေဖေမမြင်ဖို့ မျှော်လင့်မိပါသည်။ ရိပ် နှုတ်ခမ်းလေး ဖိကိုက်ထားပြီး မျက်လွှာချထားရင်းက...
" မသိပါဘူး ဖေဖေ "
ဟု ရိပ် မတိုးမကျယ်လေသံဖြင့် ခေါင်းငုံ့ထားရင်း ဖြေလိုက်၏။ ရိပ် ဘာအမှားမှ မလုပ်ထားပါဘဲ ဘာကြောင့် အပြစ်ရှိသူတစ်ယောက်လို ခံစားနေရတာပါလိမ့်။ ဒါ ဘယ်လိုမှ မတရားတာပဲ။
"ဟေ... မောင်ဧဒင်ဦးပြောတော့ သမီးရိပ်တို့ တစ်ခါဆုံဖူးတယ်ဆို၊ ခု သမီးက... "
ရိပ်ဖေဖေက လူကြီးကို မျက်ခုံးပင့်ကြည့်ရင်း ဇဝေဇဝါ ဖြစ်သွားဟန် မေးလိုက်သည်။
"ဦးလေး... ကျွန်တော် လွမ်းရိပ်သျှင်ရဲ့ ပစ္စည်းတစ်ခုကောက်ရထားပါတယ်၊ အဲဒါ ကျွန်တော်ယူလာဖို့ မေ့သွားတယ်ဗျာ "
ဘုရားရေ...။ ရိပ် ရိပ်ရဲ့ ဆွဲကြိုး ဟိုအိမ်ကြီးမှာ ကျန်ခဲ့တာပဲ။ ဆွဲကြိုးပျောက်နေတာ ဖေဖေသိလို့မဖြစ်ဘူး။ ရိပ် တံတွေးအမြန် မြိုချပြီး ကပျာကယာ ဖေဖေ့ကို မော့ကြည့်လိုက်ရင်း....
"ဟို ဖေဖေ... ဟုတ်တယ်၊ ရိပ်တို့ တစ်ခါဆုံဖူးတယ် ဖေဖေ "
ဟု ပြောလိုက်ကာ လူကြီးကို ငဲ့ကြည့်လိုက်တော့ လူကြီးက ရိပ်ကို မချိုမချဥ် ပြုံးစိစိမျက်နှာဖြင့် ကြည့်နေသည်လေ။ ရိုက်သက်ချင်စရာကောင်းလိုက်တာ။ ဘယ်ဘဝက ဝဋ်ကြွေးပါလိမ့်။ လုပ်ထားဦးပေါ့။ ရိပ် လူကြီးမျက်နှာကို ခပ်စူးစူးကြည့်လိုက်ပြီး စိတ်ထဲကြုံးဝါးလိုက်သည်။
"တယ်လည်းတတ်နိုင်ပါ့လား.... သမီးရိပ်၊ ဒါနဲ့ ဘာပစ္စည်းများလဲ "
" အဲဒါက.... "
လူကြီးက စကားစလိုက်တော့ ရိပ်ခေါင်းသည် ဆင်နင်းခံရတော့မလို ကျိန်းစက်သွားသလို ခံစားလိုက်ရပြီး....
"ဖေဖေ အဲဒါကလေ...."
ရိပ် အမြန် ကြားဖြတ်ဝင်ပြောလိုက်ပြီး မျက်လုံးက စားပွဲပေါ်ရှိ ပိုက်ဆံကို မြင်သွားပြီး ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်ပါသည်။
"ပိုက်ဆံ ပိုက်ဆံအိတ်ပါ ဖေဖေ "
"ဟုတ်ပါတယ် ဦးလေး၊ ရွှေရောင်လေးပါ"
ဧဒင်ဦးသည် သူမအားနည်းချက်ကို ရှာတွေ့သွားပြီဖြစ်သဖြင့် တိုးပြောလိုက်၏။ မင်း ငယ်ပါသေးတယ် ချာတိတ်ရယ်။
" ဘယ်တုန်းကဝယ်လိုက်တာလဲ"
"သိပ်မကြာသေးပါဘူး ဖေဖေ"
လွမ်းရိပ်သျှင်က ထိုသို့ပြောလိုက်တော့ ဖေဖေက ဘာမှပြန်မပြောဘဲ ရိပ်ကို တစ်ချက်ကြည့်သည်။ စည်းကမ်းမရှိရကောင်းလား ဟူသော အကြည့်မျိုးပင်။
"ဒါဖြင့် တစ်ခါတည်းလိုက်ယူလိုက်ပါလား... အချိန်ရတယ်ဆိုရင်ဖြင့် "
လူကြီး၏ အပြောကြောင့် ရိပ် ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။ ထိုအခါ သူက ရိပ်ကို ပါးသိုင်းမွှေးတွေနှင့် နူးညံ့ချိုမြစွာ ပြုံးပြနေသည်။ ရိပ်အတွက်တော့ သူဘယ်လိုပဲနေနေ ကြောက်စရာကောင်းတာက ကြောက်စရာကောင်းတာပါပဲ။ သူ ဘာရည်ရွယ်ချက်နဲ့ ရိပ်တို့အိမ် ရောက်လာသလဲ မသိပေမယ့် သူ့တစ်ခုခုကို ကြံစည်နေတာကိုတော့ ဉာဏ်ကောင်းသည့် ရိပ်က အတပ်သိနေ၏။
ရိပ် ခေါင်းခါဖို့ပြင်လိုက်စဥ် လူကြီးကလည်း တစ်ခုခုပြောဖို့ ပါးစပ်ပြင်နေသည်ကို ရိပ်ခနဲ မြင်ရသည်။ ရိပ် သူ့ကို မျက်လုံးစောင်ကြည့်လိုက်တော့ သူက သူ့ညာဘက်လက်သန်းကြွယ်က လက်စွပ်ကို မျက်စပစ်ပြပြီး ရိပ်ကို မျက်ခုံးပင့်ကြည့်၏။
ရိပ် ဒေါသထွက်လွန်းလို့ အသားစိုင်တွေ တုန်လာ၏။ လက်သီးကျစ်ကျစ်ဆုပ်ထားရင်း မျက်စောင်းထိုးလိုက်ကာ...
"ရိပ် အချိန်ရပါတယ်၊ တစ်ခါတည်း လိုက်ယူလိုက်မယ်နော် ဖေဖေ၊ ဟို မွှေးကိုအဖော်ခေါ်သွားလိုက်မယ်လေ "
ဖေဖေက ချက်ချင်းပြန်မဖြေဘဲ လူကြီးကို အကဲခတ်သလို ကြည့်လိုက်ပြီးမှ သက်ငွေ့ငွေ့ငွေ့ချသံကြားရသည်။ ထို့နောက် ခေါင်းညိတ်ပြသည်။ သွားဆိုတဲ့ သဘောပေါ့။
"မွှေး... မွှေးရေ၊ ခဏလောက် ရိပ်နဲ့ လိုက်ခဲ့ပါဦး "
နောက်ဖေးဘက်မှာ ရှိနေသည့် နန်းခင်မွှေးအား ရိပ် လှမ်းအော်ခေါ်လိုက်တော့ မွှေးက မဆိုင်းမတွပင် ဧည့်ခန်းသို့ ရောက်လာခဲ့သည်။
"ဘာနဲ့သွားကြမှာလဲ"
"အိမ်ကကား လာခေါ်ပါလိမ့်မယ်၊ ပြီးရင် အဲ့ကားနဲ့ပဲ ပြန်လိုက်ပို့ပေးပါ့မယ်၊ ကျွန်တော်လည်း အလုပ်ကိစ္စ ဆွေးနွေးဖို့ ထပ်လာခဲ့ပါဦးမယ် ဦးလေး"
"အေးကွယ်၊ အားနာစရာတွေ ဖြစ်ကုန်ပါပြီ"
" ရပါတယ် "
"ညနေ နွားနို့သွားပို့စရာ ရှိသေးတယ်နော် သမီးရိပ်"
"ဟုတ်ကဲ့ ရိပ် မမေ့ပါဘူး... "
လွမ်းရိပ်သျှင်သည် ရုတ်တရက် ငိုမဲ့မဲ့မျက်နှာအသွင်ဖြစ်သွားသည်။ ရိပ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လူကြီးကို ရိပ် သေချာစိုက်ကြည့်လိုက်၏။ မျက်ခုံးထူထူ နှစ်ဖက်က တွန့်ကွေးထားတာမဟုတ်သော်လည်း ထိစပ်လုနီးနီးဖြစ်နေသည်။ နှာတံက ဖြောင့်စင်းနေကာ နှုတ်ခမ်းအတွင်းသားတွေက နီရဲနေ၏။ အသားအရေက ဖြူသည့်ဘက်သွားသည်။ ရိပ်ထက် နှစ်ပြန်လောက်ရှိသည့် အရပ်ကို ပိုင်ဆိုင်ထားပြီး ကြည့်ကောင်းပြီး ကြင်နာချင်ယောင် ဆောင်နေသည့် ထိုလူက ရိပ်မျက်လုံးထဲမှာတော့ ခရော့စ်ဖြစ်နေကာ အသက်အရွယ်၊ ရုပ်ရည်နဲ့မှမလိုက် ရိုင်းစိုင်းသည့်လူပဲဟု မှတ်ချပြုလိုက်မိ၏။
°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🔥🔥
"လွမ်းရိပ်သျှင် ကိုယ်နဲ့ခဏလောက် လိုက်ခဲ့ပါလား... "
စကားအရာကို ကြည့်ခြင်းဖြင့် တောင်းဆိုနေသည်ဟု ထင်နိုင်ဖွယ်ရာရှိသော်လည်း လေသံကတော့ အနည်းငယ် ခက်ထန်ကာ အမိန့်သံပါနေသည်။ လွမ်းရိပ်သည် ထုံးစံအတိုင်း မသိချင်ယောင်ဆောင်နေရင်း ဘေးနားမှာရှိသည့် မွှေးကိုငဲ့ကြည့်လိုက်တော့ လူကြီးရဲ့ အိမ်ကို စိတ်ဝင်တစား လည့်ပတ်ကြည့်နေ၏။
"လွမ်းရိပ်သျှင်..."
ဟု ခေါ်ရင်း လူကြီးက ရိပ်နားတိုးလာသဖြင့် ရိပ် အလန့်တကြား နောက်ဆုတ်လိုက်ကာ သူ့ကိုကြည့်ပြီး အံကြိတ်လိုက်၏။
"လာလေ၊ ဆွဲကြိုးပြန်မလိုချင်ဘူးလား"
ရိပ်ရဲ့ အညှာကိုမိမိရရ ကိုင်ထားနိုင်သူမို့ ရိပ်မှာ ငြင်းပယ်ဖို့အခွင့်မသာခဲ့ပါ။
"မွှေး ဒီမှာ ခဏစောင့်နေနော်၊ ရိပ်ပြန်လာခဲ့မယ် "
ဟိုဟိုဒီဒီ လိုက်ကြည့်နေသည့် နန်းခင်မွှေးက လွမ်းရိပ်ရဲ့စကားကြောင့် ယောင်အမ်းအမ်းဖြစ်သွားပြီးမှ လိုက်မသွားဖို့ ခေါင်းခါပြပြီး ရိပ်လက်ကိုဆွဲ၍ တားထား၏။
"ခဏပါ၊ ဆွဲကြိုးလိုက်ယူရုံပဲ ၁၅ မိနစ်ထက် ပိုကြာနေရင် ရိပ်နောက် လိုက်လာခဲ့ သိလား မွှေး... "
မွှေးနားကပ်ကာ ခပ်တိုးတိုး ပြောပြီးနောက် လူကြီးနောက် ရိပ်လျှောက်လိုက်သွား၏။ လူကြီးက မြွေလိုလိမ်ကောက်နေသည့် ကျွန်းလှေကားရှည်ကြီးပေါ်သို့ တက်သွားသဖြင့် ရိပ် အောက်မှာကျန်ရစ်နေခဲ့သည့် မွှေးကို 'ခဏပဲ၊ ဘာမှမဖြစ်ဘူး' ဆိုတဲ့သဘောနဲ့ တစ်ချက်ကြည့်ပြီး လှေကားထစ်တွေအား နင်းတက်သွားလိုက်ပါသည်။
အိမ်တွင်း အေးစက်မှုကြောင့် ရိပ် ခန္ဓာကိုယ်လေး တုန်ခနဲဖြစ်သွားသည်။ လှေကားက အနည်းငယ် မှောင်နေတာမို့ လက်တန်းကို အားပြုပြီး တက်သွားရသည်။ အပေါ်ကို ရောက်တော့ တိတ်ဆိတ်အေးချမ်းမှုက ကျောချမ်းဖွယ်ရာ ဖြစ်နေခဲ့သည်။ ဖြစ်နိုင်ရင် ယခုချက်ချင်း အောက်ကိုပြန်ပြေးချင်စိတ်တွေ တဖွားဖွားပေါ်လာနေစဥ် ရိပ်လက်ကို ဆတ်ခနဲ လာကိုင်ခံလိုက်ရသဖြင့် ပခုံးတွန့်သွားပြီး နောက်ဆုတ်လိုက်ရာ လှေကားလက်တန်းနဲ့ ကျောနဲ့ထိသွားရသည်။
"ဒီအပေါ်မှာ မီးမရှိဘူး...၊ ရိပ် ကြောက်နေမှာစိုးလို့ လက်ကိုင်လိုက်တာ၊ လန့်သွားလား "
လန့်တာပေါ့။ ရိပ်လန့်သွားတာက အမှောင်ထက် သူ့ကိုပင်။ သူ ဒါကို သိပါလေစ။ ဒီမှာကြာကြာဆက်နေရင်၊ လူကြီးကို မြင်နေရရင် ရိပ်နှလုံးရောဂါ ရသွားနိုင်မလားပဲ။
"ဒီကနေ တည့်တည့်လျှောက်သွားရင် ဝရန်တာကို တွေ့လိမ့်မယ်၊ အဲ့ကနေ ကိုယ့်ကိုစောင့်နေနော်၊ ဆွဲကြိုးယူပြီး ပြန်လာခဲ့မယ်"
နူးညံ့ချိုမြိန်နေသည့် အသံဖြင့် ပြောပြီး ရိပ်နောက်နားကနေ ဖြတ်လျှောက်သွားသည်။ ထို့နောက် လှေကားဘေးနားက အခန်းထဲဝင်သွား၏။ ရိပ် လိုက်ကြည့်နေပြီးမှ သူပြောသလို တည့်တည့်ဆက်လျှောက်သွားလိုက်သည်။
အနီးရောက်လာတော့ ဝရန်တာဘက်ကိုထွက်သည့် နှစ်ဖက်ဖွင့် ကျွန်းတံခါးကြီးက တစ်ဖက်ပိတ်ထားတာကို လှမ်းမြင်လိုက်ရသည်။ ဝရန်တာဆီမှ အလင်းရောင်သည် အပြင်ဘက်သို့ အနည်းငယ် ဖြာကျလျက်ရှိသည်။ ရိပ်လှမ်းဝင်လိုက်ပြီး ခြံထဲကို ငေးမောကြည့်နေမိ၏။ ပြင်ဦးလွင်မြို့က အေးချမ်းတိတ်ဆိတ်ပြီး နေရာတိုင်း ရင်သပ်ရှူမောဖွယ်အလှနဲ့ စိမ်းလန်းစိုပြေကာ နေချင်စရာကောင်းလှတာ မှန်သော်လည်း သည်အိမ်ကြီးနဲ့ခြံဝန်းကို ကြည့်ပြီး ဒီမြို့က ထွက်ပြေးချင်စိတ်ပေါက်လာတာလည်း အမှန်ပင်။
"ရိပ်! "
ရိပ်နားနားကပ်၍ လေသံငွေ့ငွေ့ဖြင့် ခေါ်လိုက်သော ကြည်လင်သည့် အသံကြောင့် ရိပ်လှည့်ကြည့်လိုက်လျှင်....
"အမ် "
လူကြီးမျက်နှာနှင့် လွမ်းရိပ်မျက်နှာ ထိကလုကျီစယ်သလို ဖြစ်သွားရာ ရင်ထဲ လှပ်ခနဲ လှုပ်ခက်သွားပြီး ကိုယ်ကိုရို့လိုက်၏။ ထိုအခါ ရိပ်အသွင်ကို ကြည့်ပြီး လူကြီးက ဖြူဖွေးသည့် သွားတန်းလေးတွေ ပေါ်သည်အထိ ရယ်မောလေသည်။ ရိပ် မခံချင်ဖြစ်သွားပြီး ရှက်စိတ်ရောကာ တောက်ခေါက်လိုက်၏။ ထို့နောက် သူ့ဘက်လှည့်ပြီး...
"ရိပ်ကို ဘာလို့ ကိုယ်ထိလက်ရောက်စော်ကားရတာလဲ၊ လူမှားတယ်ဆိုတဲ့ ဟာသအကွက်ကိုတော့ မသုံးနဲ့နော်၊ ရိုးနေပြီ "
ရုတ်တရက် အဆက်အစပ်မရှိ စကားစလိုက်တဲ့ ချာတိတ်ကို ဧဒင်ဦး မျက်ခုံးပင့်ကြည့်လျက် ခဏစဥ်းစားလိုက်ပြီးမှ သဘောပေါက်သွားကာ နှစ်ခြိုက်စွာ ပြုံးမိရသည်။ သူမက ဟိုတနေ့က မနူးညံ့မညင်သာတဲ့ သူ့အနမ်းကြမ်းတွေကို ရည်ရွယ်ပြီး ပြောလိုက်တာကိုး...။ သူကလည်း သူပါပဲ။ နူးညံ့လွန်းပြီး သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်စ ကလေးအရွယ်ကိုမှ သတိလွတ်ပြီး ရမ်းကားလိုက်ရတယ်လို့။ ဒီတော့ ဟိုက သူ့ကို မုန်းတော့မပေါ့။
"အဲ့ကိစ္စအတွက် ကိုယ်အနူးအညွတ် တောင်းပန်ပါတယ်၊ လူမှားသွားပါတယ်လို့ ကိုယ်မပြောပါဘူး..."
"ရှင်ကြီးနဲ့ ရိပ်က ဘာပတ်သက်လို့ ရင်းရင်းနှီးနှီးလာပြောနေရတာလဲ၊ အဲ့ကိစ္စကို ရိပ်မကျေဘူး၊ ဘယ်မှာလဲ ရိပ့်ဆွဲကြိုး"
ချစ်စရာ မျက်နှာကျသွယ်သွယ်လေးကို မှုန်ကုပ်ထားပြီး ခပ်ပြတ်ပြတ်ပြောကာ သူယူလာသည့် ဆွဲကြိုးကို လိုက်ရှာနေလိုက်သည်။
တစ်ခွန်းမှ အကျောမခံဘဲ လျှာသွက် အာသွက် ကောင်မလေးကြောင့် သူမျက်လုံးပြူးမိတာတော့အမှန်ပင်။
"မလောပါနဲ့ ပေးမှာပေါ့၊ ရိပ် ကိုယ့်ကို စိတ်မဆိုးတော့ဘူး ခွင့်လွှတ်တယ်ဆိုရင် ပေးမယ်လေ "
"ဘာပြောတယ်၊ ဘာလို့ခွင့်လွှတ်ပေးရမှာလဲ၊ မိန်းကလေးတစ်ယောက်ကို ရရင်ရသလို အခွင့်အရေးယူတတ်တဲ့ သူကို ခွင့်လွှတ်ပေးဖို့ မလိုဘူး ရှင်းလား၊ ပြန်ပေး "
လွမ်းရိပ်သျှင်က လူကြီးလက်ထဲက ဆွဲကြိုးကို လှမ်းလုယူလိုက်တော့ လူကြီးက သူ့လက်ကို အပေါ်သို့ မြှောက်ထားလိုက်ပါ၏။
"ပြန်ပေးဆို "
ရိပ်သည် ခြေဖျားလေးထောက်ထောက်ပြီး သူ့လက်ထဲက ဆွဲကြိုးကို လှမ်းယူနေပုံမှာ ကောင်းကင်က ကြယ်ကို လှမ်းစွတ်နေသလိုပင်။ အလှမ်းဝေးလှသည်။ ကြာတော့ ခြေထောက်ညောင်းလာကာ လူကြီးရှေ့ သေချာရပ်လိုက်ရင်း....
"ဖေဖေနဲ့ ပြန်တိုင်ပြောမှာနော်၊ ဘာမှတ်နေလဲ "
"အဟက်...၊ ယောက္ခမကြီးနဲ့လား"
"ဘာ! ဘာပြောလိုက်တယ်"
"သြော် စကားပြောလောသွားလို့၊ ကိုယ့်ရဲ့ အနာဂတ် ယောက္ခမလောင်းကို တိုင်ပြောမလို့လားလို့ ပြောချင်တာ "