လွမ်းငွေ့မပြယ်စေချင်ပါ 🍂
~~~~~~~
"ရှေး... ကိုယ့်ကိုမထားခဲ့ပါနဲ့၊ ကိုယ်လည်းလိုက်မယ် "
မမျှော်လင့်သော၊ ဘယ်သောအခါမှ ဖြစ်လာမယ်မထင်ထားခဲ့သော အိပ်မက်တစ်ခုသည် အခုတော့ တကယ်ဖြစ်လာခဲ့ပြီ။ ဘုရားသခင်က သူ့ကို သနားသောအားဖြင့် ဒုတိယအကြိမ် အခွင့်အရေးပေးတဲ့အနေနဲ့ အသက်ရှင်ခွင့် ပေးလိုက်တာဖြစ်မည်။ သို့သော် သူ့ဆီက ဒုတိယအကြိမ် သူမထွက်ပြေးသွားပြန်ပြီ။ ဟင့်အင်း... ဒီတစ်ခါ သူမကို သူထွက်သွားခွင့်ပြုမှာမဟုတ်ဘူး...။ ငရဲမင်းနဲ့ စစ်ခင်းရမယ်ဆိုရင်တောင် သူမမှုဘူး။
ဧဒင်ဦးသည် သူချစ်ရသော ရှေးနောက်ကို ပြေးလိုက်သွားပြီး တံခါးပေါက်ဝရောက်တော့ မျက်လုံးတွေဝေဝါးလာကာ ရုတ်တရက် ဗိုင်းခနဲ လဲကျသွားပါတော့သည်။
°°°°°°°°°°°°°
"ရိပ် ဘာဖြစ်တာလဲ၊ ရိပ် နေဦးလေ "
ပြေးနိုင်သမျှမြန်မြန်ပြေးရမယ်။ ဟုတ်တယ်။ လွမ်းရိပ်သျှင်သည် လက်သီးကျစ်ကျစ်ဆုပ်၍ မျက်လုံးထဲ ဘာကိုမှမမြင်ဘဲ ဦးတည်ရာမဲ့ ပြေးနေသည်။ နားထဲဘာသံမှ မကြားရ။ လေတိုးသံပြင်းပြင်းက နားထဲတိုးဝင်နေသည်။
သွေးသက်တန့် အသိစိတ်လွတ်နေဟန်ရှိသော လွမ်းရိပ်သျှင်ကို အိမ်တံခါးအဝင်ဝမှာ လှမ်းတွေ့လိုက်ရပြီး သူ့ကိုလှည့်တောင်မကြည့်ဘဲ ပြေးထွက်သွားသဖြင့် အထိတ်တလန့်ဖြစ်သွားရကာ နောက်မှပြေးလိုက်သွားသည်။ ထို့နောက် ရိပ်ကိုအမီလိုက်ပြီး ရှေ့တွင်ပိတ်ရပ်ကာ ဆီးဖမ်းတားထားလိုက်၏။
"လွမ်းရိပ်သျှင်! သတိထားစမ်း "
ကြောင်တောင်တောင် ဖြစ်နေသော မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေသည့် ရိပ်ကို သွေး ပခုံးကဆွဲလှုပ်သတိပေးလိုက်သည်။
"ရိပ် အထဲမှာဘာဖြစ်လာတာလဲ၊ ရိပ် ဘာတွေ့လိုက်လို့လဲ ဟမ် "
ရိပ်...။ ရိပ်၏ နာမည်ကိုသဲ့သဲ့ကြားလိုက်ရချိန် တောင့်တင်းနေသည်ဟု ခံစားရသော ခန္ဓာကိုယ်လေး အနည်းငယ် ပြေလျော့လာပြီး ရိပ်ရှေ့က သွေးရဲ့စိုးရိမ်ထိတ်လန့်နေတဲ့ ပုံရိပ်သည် ရိပ်မျက်လုံးထဲပေါ်လာသည်။
" ဟင့် "
လွမ်းရိပ်သျှင်သည် သွေးသက်တန့်ရဲ့ ရင်ခွင်ထဲအားကိုးတကြီး ခိုလှုံလိုက်ပါ၏။ သူ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ မျက်နှာကို ရင်ဘက်ပေါ်ဖိကပ်ကာ အသံတိတ်ရှိုက်ငိုနေမိသည် ထင်ပါရဲ့။
"ရိပ်ရယ်.... ငါ့ကိုစိတ်ပူစေပြီး ရူးအောင်မလုပ်ပါနဲ့ကွာ၊ ဘာဖြစ်တာလဲ ပြောစမ်းပါ"
ဟင့်အင်း...၊ ရိပ်မှာ ပြောစရာစကားမရှိဘူး။ ခံပြင်းလွန်းလို့ ရိပ်ဘာဖြစ်လာခဲ့တယ် ဆိုတာကို ပြောဖို့ခွန်အားမရှိတော့ပါဘူး။ ရိပ်ရဲ့ ပထမဆုံး အနမ်းနဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကို ရိပ်ခွင့်မပြုချက်မရဘဲ လုယူဖျက်ဆီးသွားတဲ့ လူကြီးကို ရိပ်တစ်သက်မကျေဘူး...။
အံကြိတ်ထားပြီး ရွံရှာမုန်းတီးလွန်းလို့ ကျလာတဲ့မျက်ရည်တွေကို စက်ဆုပ်တယ်။
°°°°°°°°°°°°°°°°°°°°°°°°
ဦးစိုင်းလုသည် ဒေါ်နန်းကြည်အစား စျေးကပြန်လာပြီး ခြံရှေ့မရောက်ခင် ဟိုနေ့ကခြံထဲရောက်လာခဲ့သည့် ကလေးမကို ခြံထဲမှပြေးထွက်လာတာကို တွေ့လိုက်ရသည်။ သူ့နောက်မှ ရွယ်တူကောင်လေးတစ်ယောက် ပြေးလိုက်သွားတာကို တွေ့လိုက်ရပြန်သည်။
ဘုရား ဘုရား...။ ဘာတွေဖြစ်ကုန်ကြပြီလဲမသိဘူး...။ ဦးစိုင်းလု ကမန်းကတန်း ခြံထဲပြေးဝင်သွားပြီး အိမ်ထဲလှမ်းဝင်ဖို့ပြင်လိုက်စဥ်....
"ဟာ မောင်ဦး... မောင်ဦး ဘယ်လိုဖြစ်ရတာလဲကွယ် ဘုရား ဘုရား... "
ဆင်ဝင်အောက်တွင် ပုံလျက်သား လဲကျနေသော ဧဒင်ဦးကို ပေါင်ပေါ်ပွေ့ထူရင်း မေးစေ့ကိုလှုပ်နိုးလျက် သတိရအောင် လုပ်ပေးနေရင်း ဦးစိုင်းလု ဘုရားတမိပါသည်။ ခဏကြာတော့ ဧဒင်ဦး သတိရလာသည်။ မျက်လုံးပွင့်ပွင့်ချင်း နှုတ်ခမ်းက ထွက်ကျလာသော စကားတစ်ခွန်းက...
"ရှေး... ရှေးရော "
ဦးစိုင်းလု မျက်ခုံးပင့်သွားသည်။ ကံတရားကို မည်သူမျှ မစီမံနိုင်ပါတကား။
"ဦးစိုင်းလု ကျွန်တော့်ဆီ ရှေးပြန်လာတယ်၊ ရှေးပြန်လာတယ်...."
"မောင်ဦး အပေါ်ထပ်မှာ သွားနားရအောင်၊ ဦးစိုင်း လိုက်ပို့ပေးမယ် "
ဆွဲထူပေးနေတာကို လက်မခံဘဲ ဖယ်ချနေကာ ကိုယ့်ဘာသာ ကုန်းကျုံးထလိုက်ပြီး ယိုင်တိုင်တိုင် ခန္ဓာကိုယ်ကို အားယူကာ မတ်တပ်ရပ်လိုက်၏။
"ဦးစိုင်း လက်မခံတာလား၊ ကျွန်တော် လိမ်ပြောနေတယ် ထင်လို့လား... "
"အခန်းထဲရောက်မှ ဆက်ပြောကြတာပေါ့၊ နေကောင်းတာလည်း မဟုတ်ဘဲနဲ့ လာပါ "
" မဟုတ်ဘူး.... "
ခေါင်းခါငြင်းဆိုလိုက်ရာ ဟန်ချက်ပျက်သွားပြီး ယိုင်လဲသွားခါနီး ဦးစိုင်းက ဖမ်းထိန်းပေးထားသည်။
"သူပြန်မလာနိုင်တော့ဘူးဆိုတာ မောင်ဦးကိုယ်တိုင် လက်ခံပြီးသားပဲ၊ ကိုယ့်စိတ်ကိုယ် ထိန်းပါ "
မဟုတ်ဘူး...။ ရှေးမှရှေး...။ သူမူးနေတာ မှန်ပေမယ့် ရှေးကိုမမှိတ်မိရလောက်အောင် သူ့အမြင်အာရုံတွေ ဒီလောက် မချို့ယွင်းသေးဘူး။
" အား...."
ရုတ်တရက် ခေါင်းထိုးကိုက်လာသဖြင့် နားထင်ကို လက်ဝါးစောင်းဖြင့် နှစ်ချက်သုံးချက် ဆင့်ရိုက်လိုက်၏။ ထို့နောက် ဦးစိုင်း အကူအညီဖြင့် အပေါ်ထပ် သူ့အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။
" မဖွင့်နဲ့ "
ဦးစိုင်းလုက အခန်းမီးကိုလှမ်းဖွင့်ဖို့ ပြင်လိုက်သဖြင့် သူလှမ်းတားလိုက်၏။ အမှောင်က သူနဲ့အသားကျနေပြီ။ အမှောင်က သူ့အဖော်ပဲ။ ပြီးတော့ ဒီလိုမှောင်နေမှ ရှေးက သူ့ဆီလာနိုင်မှာ။ လာလို့ရမှာ။
"ဦးစိုင်း ထက်မြတ်ကို လှမ်းခေါ်လိုက်ရမလား... "
" မလိုဘူး "
"ဆေးအကူမပါဘဲ မောင်ဦး အိပ်ပျော်မှာမို့လို့လား "
ခုတင်ပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းနေပေမယ့် စိတ်တွေထွေပြားနေသည်။ ဒီနှစ်တွေမှာ ညဘက်တွေအိပ်မပျော်နိုင်သဖြင့် အရက်ကိုဆေးအဖြစ်မှီဝဲရသလို ထက်မြတ်ရဲ့အကူအညီဖြင့် အိပ်ဆေးရဲ့အကူကိုလည်း ယူခဲ့ရသည်။ တော်ပါပြီ၊ ဒီဘဝကို သူစိတ်ကုန်နေပါပြီဆိုကာမှ မျှော်လင့်ချက်ရောင်နီပျပျလေးကို မြင်လိုက်ရရာ သူအသက်ရှင်မှ ဖြစ်တော့မည်။
"ထက်မြတ်ကို ခေါ်လိုက်ပါ "
"ကောင်းပါပြီ "
ထက်မြတ်သူဆိုတဲ့ ဆရာဝန်သူငယ်ချင်းရှိနေပေလို့သာ ဒီနှစ်တွေမှာ သူခံသာနေခဲ့တာလည်းဖြစ်သည်။
°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🔥🔥
"ရိပ် ဒီရက်ပိုင်း ငြိမ်နေပါလား၊ ဘာဖြစ်လို့လဲ "
အိမ်နောက်ဘက် နွားတင်းကုပ်ရဲ့ ခပ်လှမ်းလှမ်းမှာ မွှေးနဲ့အတူ နှစ်ယောက်သား မြေကြီးပေါ် ဖိနပ်ခု၍ ထိုင်နေကာ ရိပ်က မြေကြီးကို တုတ်နဲ့ လျှောက်ခြစ်နေစဥ် ငြိမ်ချက်သားကောင်းနေသည့် ရိပ်ကို ကြည့်ပြီး သိချင်စိတ်ကို အောင့်အီးထားနိုင်ပုံမပေါ်ဘဲ မေးလိုက်ပုံရသည်။ သို့သော် ရိပ်က အတွေးထဲ နစ်မျောနေသူမို့ ချက်ချင်းပြန်မဖြေနိုင်ပါ။
"သွေးသက်တန့်ကိုလည်း ခုတလော မတွေ့ရဘူး... ဘာလဲ နှစ်ယောက်သား ရန်ဖြစ်ထားကြပြန်ပြီလား "
လွမ်းရိပ်သျှင်သည် ငြိမ်သက်နေရာမှ မွှေးကို ခေါင်းငဲ့ကြည့်လိုက်၏။ ဟုတ်သား။ ရိပ်တို့မတွေ့ဖြစ်တာ ဟိုအိမ်ကြီးထဲက ပြန်လာကတည်းက ဖြစ်သည်။ ရိပ် သက်ပြင်းချလိုက်၏။ ခုတလော ရိပ် ခဏခဏ သက်ပြင်းတွေ လိမ့်ချနေမိပါသည်။
"ရန်မဖြစ်ထားပါဘူး၊ သူလည်းသူ့အလုပ်နဲ့သူဆိုတော့ မလာအားတာနေမှာပါ "
ရိပ် ပြောပြီး ခပ်မှိုင်းမှိုင်းမျက်လုံးတွေကို အဝေးက ယာခင်းတွေဘက် ပို့ထားလိုက်၏။
"ဘာလိုလိုနဲ့ နောက်လဆို ရိပ်တို့ ကျောင်းပြန်တက်ရတော့မယ်နော် "
လေးတွဲစွာ ပြောလာသော နန်းခင်မွှေးကြောင့် ရိပ် ဆတ်ခနဲ လှည့်ကြည့်လိုက်၏။ ပြီးတော့ ရိပ် သဘောကျစွာ ပြုံးလိုက်မိသည်။ ဒီရက်တွေမှာ ပထမဆုံးပြုံးမိသည့် အပြုံးဖြစ်မည် ထင်သည်။
"ဘာလဲ ခုထဲက ရိပ်ကို ကြိုပြီးသတိရနေပြီလား...၊ ရိပ်မရှိရင် ကောင်းတယ်၊ နားငြီးသက်သာတယ်ဆို သူပဲ ခဏခဏပြောပြီးတော့ စိတ်ထဲက ကြိတ်ပျော်နေတယ်မလား"
"ဟုတ်တယ်၊ ပျော်တာပေါ့၊ တစ်နေ့တစ်နေ့ ပြဿနာ လှည့်ပတ်ရှာနေတဲ့ ကလေးဆိုးလေး မရှိတော့ ထမင်းဖြောင့်ဖြောင့် စားနိုင်ပြီလေ "
"အဟက် "
သည်တစ်ခါ အသံထွက်အောင်ပင် ရယ်မောလိုက်မိပါတော့သည်။ ဟုတ်သားပဲ။ ရိပ်တို့ နွေရာသီကျောင်းပိတ်ထားတာ ၃လတောင်ပြည့်ပါပေါ့လား...။ မန္တလေးကို ဒုတိယအကြိမ် ခြေချရတော့မည်။ ရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင် ကျောင်းတက်ခဲ့ကြသည့် နည်းပညာတက္ကသိုလ်ကြီးကိုလည်း လွမ်းလှပြီ။ သွေးနဲ့ရိပ်က civil major ဖြင့် ကျောင်းတက်နေတာ second year ရောက်နေပြီဖြစ်သည်။
နန်းခင်မွှေးကတော့ ၁၀ တန်းထိကျောင်းအတူတက်ပြီး တက္ကသိုလ်ဆက်မတက်တော့ဘဲ ခြံထဲက အလုပ်ကို မေထားတို့နဲ့ ဝိုင်းလုပ်ဝိုင်းစားလုပ်ရင်း နေလာခဲ့သည်။ စဥ်းစားကြည့်ရင် နန်းခင်မွှေးရဲ့ဘဝကလည်း သနားစရာပင်။ ရိပ်နဲ့ဘဝတူတွေပဲ မဟုတ်လား။ ရိပ်မှာ အမေမရှိတော့ဘူး။ သူ့မှာက အဖေမရှိတော့ဘူး...။
"ရိပ် လည်ပင်းမှာ အနီကွက်ကြီး၊ အနီကောင်ကိုက်ခံရတာလား..."
" ဟင် "
မွှေးအမေးကြောင့် ရိပ်မလုံမလဲဖြစ်သွားကာ ကော်လံအကျီရင်ဘက်ကို ဆွဲစေ့လိုက်ပြီး ခပ်သဲ့သဲ့ ရယ်လိုက်မိရင်း...
"ဟုတ်မယ် "
ဟု ဖြေလိုက်မိသည်။ ထိုအခါ မွှေးက ရိပ်ကော်လံအကျီထဲ သေချာကြည့်ရင်း...
"ဒါဆိုလည်း ထုံးပွတ်ထားလိုက်လေ "
" အင်း... "
တောက်....။ ဒီအနီရာကြီးက ခုထိမပျောက်နိုင်သေးဘူးလား။ ထိုအချင်းအရာကြောင့် ဘယ်သူဘယ်ဝါမှန်း မသိသော ထိုလူကြီးက သူမအာရုံကို သူမကိုယ်တိုင်တောင် မသိလိုက်ဘဲ လွှမ်းမိုးထားလေပြီ။
°°°°°°°°°°°°°°°°°°°°°°°°°
အခန်းတံခါး၊ ပြတင်းတံခါးတွေ ပိတ်ထားပြီး အလင်းရောင် တိုးမပေါက်ဘဲ ရှိနေသော အခန်းဝယ် လူတစ်ယောက်သည် အိပ်မက်ဆိုးနှင့်တကွ လန့်နိုးလာခဲ့သည်။
ဦးစိုင်းလု ဧဒင်ဦးအခန်းထဲမှ အသံဗလံတွေ ကြားရသဖြင့် အပြေးဝင်လာခဲ့သည်။ ထို့နောက် အခန်းမီးခလုတ်ကို ဖွင့်လိုက်တော့ ခုတင်နားတစ်ဝိုက် အလင်းကဖြာကျနေပြီး အိပ်ရာပေါ်၌ ဆောက်တည်ရာမရ တုန်လှုပ်ချောက်ချားနေသော အသွင်ဖြင့် ဧဒင်ဦးကို တွေ့လိုက်ရာ ဦးစိုင်းလု သက်ပြင်းလေးကြီးချမိလိုက်သည်။ သြော်...ဝဋ်ဒုက္ခကလည်း တယ်ကြီးပါလားနော်။
"မောင်ဦး.... အိပ်မက်ဆိုးတွေပါ၊ ဘာမှမဖြစ်ဘူး.... "
ဦးစိုင်းလု ရေခရားထဲမှ ဖန်ခွက်ထဲသို့ ရေငှဲ့လိုက်ပြီး မောင်ဦးကို ရေတိုက်လိုက်သည်။ ထိုအခါမှ အနည်းငယ် စိတ်သက်သာသွားပုံရသည်။ တည်တည်ငြိမ်ငြိမ် ဖြစ်သွား၏။
"ဦးစိုင်း... သူက ရှေးမဟုတ်ဘူးဆိုရင် ဘယ်သူလဲ၊ ဘာကြောင့် အိမ်ထဲရောက်နေတာလဲ"
အစထဲက မျှော်မှန်းထားသည့် မေးခွန်းကို မေးလာခဲ့ပြီ။ သို့သော် ဖြေစရာအဖြေက ထင်သလို အသင့်ရှိမနေခဲ့ပါ။ ဧဒင်ဦးသည် ဦးစိုင်းလုဆီက အဖြေကို မျှော်လင့်တကြီး စောင့်နေ၏။
"သူ့နာမည်ကို ဦးစိုင်းမသိဘူး၊ သူ့ကိုယ်သူတော့ ရိပ်လို့သုံးနှုန်းပြီးပြောတယ်၊ ကလေးမလေးက ဟိုတစ်ခါ ခြံထဲဝင်လာပြီး Tom လှမ်းဟပ်လိုက်လို့ သတိလစ်သွားတဲ့ ကလေးမပါ"
" ဘယ်လို! "
သူ မျက်ခုံးပင့်သွားရင်း အံ့သြစွာ ရေရွတ်လိုက်သည်။
"ဒါဆို ဦးစိုင်း အဲ့တုန်းထဲက ကျွန်တော့်ကို ပြောခဲ့သင့်တာပေါ့၊ ဘာလို့မပြောခဲ့ရတာလဲ"
"ဦးစိုင်းအပြစ်ပါ၊ မေ့ပျောက်လက်စနဲ့ နေသားကျသွားအောင် မောင်ဦးကို တမင်မပြောဘဲ ထိန်းချန်ထားခဲ့မိတာ၊ ဦးစိုင်းက စေတနာနဲ့ပါ "
ဧဒင်ဦးသည် မျက်မှောင်တွန့်ကျိုးသွားပြီး အံကြိတ်ထား၏။ စုတ်တသပ်သပ်နဲ့ အလိုမကျစွာ လက်သီးကိုဆုပ်ထားသေးသည်။ ထို့နောက် သေချာစဥ်းစားပြီးမှ စကားတစ်ခွန်းဆိုလိုက်သည်။
"အဲ့ကောင်မလေးက ရှေးဝင်စားတာပဲ ဖြစ်ရမယ် "
" ဝင်စားတယ် "
ဦးစိုင်းလုသည် သူ့စကားကို သံယောင်လိုက်၍ ပြောလိုက်သည်။ ထို့နောက် ဘာမှဆက်မပြောသော်လည်း ခေါင်းခါယမ်းလိုက်သည်။ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပဲ။ အတ္တကို ရှေ့တန်းတင်ရင် လူတွေဟာ ဘာမှမမြင်နိုင်တော့ဘူးဆိုတာ တကယ်မှန်နေတာပဲ။
"ကျွန်တော် သူနဲ့တွေ့ချင်တယ်၊ သူဘယ်မှာနေတာလဲ "
"သူနဲ့အခုတွေ့လို့ အဆင်ပြေမယ်မထင်ဘူး၊ သေချာစဥ်းစားပါဦး မောင်ဦး "
"ဒါကျွန်တော်ကိစ္စပါ၊ ပြီးတော့ ခုချက်ချင်း သွားမှာမဟုတ်ဘူး...၊ ကျွန်တော် သွားတဲ့အခါကျ ဦးစိုင်း လိုက်ပို့ပေးရမှာပါ စိတ်ချ"
နှုတ်ခမ်းထက် အမည်မသိသော အပြုံးတစ်ပွင့် ဆင်မြန်းလိုက်၏။ ခုချိန်ထိ သူ့ကျောပြင်ထက် စပ်ဖျင်းဖျင်း ဖြစ်ကျန်နေခဲ့သော နာကျင်မှုတစ်ခုကြောင့် သူကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည် ထင်ပါရဲ့။ သည်တစ်ခါ ကိုယ်မင်းကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်ဆုံးရှုံးခံတော့မှာမဟုတ်ဘူး... ရှေးတဖြစ်လဲ ရိပ်.....။
°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🔥🔥
အပိုင်း (၅) ဆက်ရန်>>>
#ပတ္တမြားအလင်း