လွမ်းငွေ့မပြယ်စေချင်ပါ 🍂
~~~~~~~
သွေးသက်တန့်ရဲ့ ကောင်းမှုကြောင့် ယနေ့အိမ်မှ ထွက်ခွင့်ရသဖြင့် မရောက်တာကြာပြီဖြစ်သော သွေးတို့ရဲ့ လက်ဖက်ခြံထဲ သွားလည်ဖြစ်ခဲ့ပါသည်။ လမ်းလျှောက်နိုင်နေပြီဖြစ်သည်။ လွမ်းရိပ်သျှင်နှင့်အတူ အချစ်တော် Lucky girl လေးပါ အဖော်ပါလာခဲ့လေသည်။ Lucky လေးက Husky(Wooly Coat) အမျိုးအစားဖြစ်ပြီး အသက်ကတော့ ၂လခွဲပဲရှိသေးတယ်၊ သူလေးကို လေလေးနိုင်က ရန်ကုန်သွားရင်း ရိပ်အတွက် လက်ဆောင်ဆိုပြီးဝယ်လာခဲ့တာပင်။ လေးလေးနိုင်က သွေးသက်တန့်ရဲ့ အဖေဖြစ်သလို၊ ကြီးကိုင်းလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ Hidden Gem က လက်ဖက်ခြံပိုင်ရှင်လည်း ဖြစ်ပါတယ်။
"ရိပ်ရောက်နေတာလား၊ ကြာပြီလားရိပ်"
"ဟင့်အင်း...၊ တစ်နာရီလောက်ရှိပြီ "
"သြော် သိပ်မကြာသေးဘူးပဲ ရိပ်ရဲ့ "
"ဟီး..."
လွမ်းရိပ်သျှင်က ထုံးစံအတိုင်း စနောက်လိုက်တော့ လေးလေးနိုင်ကလည်း ခါတိုင်းလိုပဲ ဟာမွန်နီလိုက်ပေးပါသည်။ ရိပ်တို့ လက်ဖက်ခြံထဲက ဘန်ဂလိုဆန်ဆန်ဆောက်ထားသည့် ဝါးဓနိအမိုးအောက်မှာ ဝါးထိုင်ခုံလေးတွေဖြင့် အေးအေးလူလူ ထိုင်နေခြင်းဖြစ်သည်။
"ဒါနဲ့ ကိုချမ်းတစ်ယောက်ရော နေကောင်းတယ်မလား၊ မတွေ့ဖြစ်တာတောင်ကြာပြီ "
လေးလေးနိုင်က ရိပ်ကိုလှမ်းမေးလိုက်ပြီး နောက်ဆက်တွဲစကားကိုတော့ ကိုယ့်ဘာသာ ရေရွတ်သလို ခပ်တိုးတိုး စကားဆိုလိုက်သည်။ လေးလေးနိုင်နဲ့ ဖေဖေနဲ့က အသက်တူ၊ အရွယ်တူ၊ ဆိုဒ်တူ၊ ဂိုက်တူ၊ သွေးသက်တန့်နဲ့ လွမ်းရိပ်သျှင် လို ငယ်သူငယ်ချင်းတွေပင်။
"ကောင်းပါတယ် လေးလေးနိုင်ရဲ့၊ ဖေဖေက သူ ဝါသနာပါတဲ့ သူစိတ်ချမ်းသာတဲ့ အလုပ်ကို လုပ်နေရသ၍ ဘယ်တော့မှ နေမကောင်းဖြစ်မှာ မဟုတ်ဘူး... အဲဒါတော့ မပူနဲ့ "
"ဟုတ်ပါတယ်၊ ကိုချမ်းက အလုပ်နဲပတ်သက်ရင် ဇွဲကြီးတယ်၊ စည်းကမ်းကြီးတယ်"
"စည်းကမ်းအရာမှာတော့ ဖေဖေ့ကို မီမယ်မထင်ပါဘူးဗျာ "
သွေးသက်တန့်က ကြားဖြတ်ဝင်ပြောလိုက်သဖြင့် ရိပ် မျက်ခုံးပင့်၍ သွေးကိုကြည့်လိုက်သည်။ သွေးက ရိပ်ကို ပခုံးတွန့်ပြသည်မို့ ရိပ် လျှာထုတ်ပြကာ မျက်နှာပြောင်ပြလိုက်မိသည်။ ထို့နောက် လေးလေးနိုင်က ရိပ်တို့ကို တစ်ချက်ကြည့်ပြီး ရယ်ပါသည်။ ပြီးတော့ ရိပ်တို့ကို အလုပ်အကြောင်းပြပြီး နှစ်ယောက်ထဲ ထားခဲ့ကာ ထွက်သွားလေသည်။ အဲ့တော့မှ ပွဲကကြည့်ကောင်းပြီလေ။
"ရိပ်... ငါ့ကြောင့် နင်အပြင်ထွက်ရတာနော်၊ ငါ့ကို ဘယ်လိုကျေးဇူးပြန်ဆပ်မလဲ ပြော "
ဟင်း...သိနေတယ်လေ၊ သူ ဒီအကွက်ကို ချောင်းနေတယ်ဆိုတာ၊ ရိပ်တို့က ဘယ်ရမလဲ၊ မသိချင်ယောင်ဆောင်နေလိုက်တာပေါ့။
"ရိပ်! လွမ်းရိပ်သျှင်! ကျေးဇူးရှိလို့ကျေးစွတ်တယ် ဆိုတာ ဒါမျိုးကို ပြောတာကိုး..."
ရိပ်က တစ်ဖက်လှည့်နေပြီး ဒူးနှဲ့နေလိုက်၏။ နှုတ်ခမ်းကလည်း မထိီတရီ အပြုံးကို ဆင်မြန်းထားသေးသည်။ ရိပ်အသွင်အပြင်က သွေးအတွက် မခံချင်စရာကောင်းမှာ အသေအချာပင်။
"ရိပ်... ရိပ်လည်ပင်းက ဆွဲကြိုးရော..."
ရိပ်က သွေးစနောက်နေတယ်အမှတ်ဖြင့် ပထမတော့ ခပ်အေးအေး နေလိုက်သေးသည်။
"ရိပ် ငါ တစ်ကယ်ပြောနေတာ ဆွဲကြိုးမတွေ့ဘူးနော် "
"ဟာ ရှိပါတယ် ဒီမှာ.... ဟင်!"
ကိုယ့်လည်ပင်းကိုယ်ပြန် စမ်းကြည့်တော့မှ လည်ပင်းက ပြောင်ရှင်းနေတော့ လူက ပျာယာခတ်သွားရသည်။ ကမန်းကတန်း ငုံ့ကြည့်လိုက်ရင်း...
"သွေးရေ... မရှိတော့ဘူး.... "
"အေးလေ အဲဒါကြောင့် ပြောနေတာ "
"ပြဿနာပဲ ဒုက္ခပဲ... "
"ချွတ်ထားမိသေးလား"
"မချွတ်ထားပါဘူး.... ဖေဖေသိရင်တော့ မိုးမီးလောင်တော့မယ်နဲ့တူပါတယ် ကျစ် "
"သေချာစဥ်းစားကြည့်ဦး၊ ပျာယာခတ်မနေဘဲ "
"မသိတော့ဘူး.... စဥ်းစားလို့မရတောဘူး..."
"အ! ဘာလုပ်တာလဲ "
ရိပ်ခေါင်းကို ရုတ်တရက် လာခေါက်သည့် သွေးသက်တန့်ကို မျက်လုံးလှန်ပြီး ကြည့်လိုက်ရင်း မေးလိုက်ပါသည်။
"ဦးနှောက်ချောင်နေတယ်ထင်လို့ ခေါက်ပေးတာလေ "
"Shit !"
ရိပ်သည် သွေးနဲ့စကားနိုင်လုပြီး ရန်ဖက်မဖြစ်နိုင်တော့။ ကိုယ့်အပူနဲ့ကိုယ် တော်တော်လောင်နေပြီ။ ခေါင်းကိုလက်နှစ်ဖက်ဖြင့် စုံကုပ်လျက် အပြင်းအထန် အတင်းအကြပ် စဥ်းစားနေသော်လည်း သွေးပြောသလို ဦးနှောက်ချောင်နေတာလားမသိ၊ ဘာတစ်ခုမှ စဥ်းစားလို့မရ။
"အဲ့ဆွဲကြိုးက ရိပ်အတွက် တန်ဖိုးကြီးတယ်မလား၊ ခေါင်းအေးအေးထားပြီး စဥ်းစားစမ်းပါ "
ဟုတ်တယ်၊ ဒီတစ်ခါ သွေးပြောတဲ့စကားက သွေးထွက်အောင်မှန်တယ်။ ဆွဲကြိုးက ရိပ်အတွက် အဓိကမဟုတ်။ ဆွဲကြိုးထဲမှာ ထည့်ဆွဲထားသည့် လက်စွပ်လေးက ရိပ်အတွက် အရမ်းအရေးကြီးသည်။ ရိပ်၃နှစ်သမီးတုန်းက မေမေမဆုံးခင် မင်္ဂလာဦးလက်စွပ်ကလေးကို ရိပ်လက်ထဲအသေအချာ ထည့်ပေးခဲ့တာ ရိပ် ယခုအချိန်ထိ မှတ်မိပါသေးသည်။ စဥ်းစားစမ်း မိရိပ်၊ ငါ ဒီလောက် brain ချောင်တဲ့သူမဟုတ်ဘူး...။ ထိုအချိန် ရိပ်ခေါင်းထဲ ဖျတ်ခနဲ လင်းလက်သွားသည်။
"သွေး... သွေး... "
"အေး စဥ်းစားလို့ရပြီလား..."
"အေး ရိပ်ထင်တယ် "
" ဘာလဲ "
"တစ်နေရာကို သွားရမယ်ထင်တယ်"
ရိပ်သည် စိတ်အားထက်သန်စွာ တစ်ခုခုကို စဥ်းစားမိပုံဖြင့် သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး အသေအချာ ပြောနေသဖြင့် သွေးသက်တန့်ခေါင်းညိတ်လိုက်ပါသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"ရိပ် ဟုတ်ရောဟုတ်ရဲ့လား... ပြန်ရအောင်လား "
"ဟုတ်မဟုတ် သွားကြည့်ရမှာပေါ့ "
"ငါတော့ မထင်ဘူးနော် "
"ဟဲ့ တိုးတိုးပြောစမ်းပါ "
ရိပ်တို့နှစ်ယောက် ရှည်လျားမြင့်မားသော သံတံခါးကြီးရှေ့တွင် ရစ်သီရစ်သီလုပ်နေကြသည်။ သံချေးတက်နေသည့် ထိုတံခါးကြီးကို မော့ကြည့်လိုက်တော့ ထိပ်မှာဆူးချွန်တွေနဲ့။ သို့သော် သံချေးကိုက်နေကြပြီ။
"ဦးစိုင်းလုနဲ့ တွေ့ရရင်ကောင်းမှာပဲ "
ဟု တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ရင်း သွေးဘက်သို့လှည့်ကာ...
"အော်ခေါ်ကြည့်ရင် ကောင်းမလားဟင်"
"ရိပ်ရာ... ဒီမှာ လူနေတာရော ဟုတ်ရဲ့လား၊ ပြင်ဦးလွင်မြို့က လူမနေတဲ့ တိုက်အိုကြီးတွေအကြောင်း ရိပ်သိတယ်မလား..."
သွေးသက်တန့်သည် အမှောင်ရိပ်ဖုံးနေသည့် ချောက်ချားဖွယ် တိုက်အိုကြီးဘက် ခပ်တွန့်တွန့် တစ်ချက်လှမ်းကြည့်ပြီး ရိပ်ကို ပြောလိုက်သည်။
ထိုအခါ ရိပ်က အိမ်ဘက်သို့ ပြန်လှည့်သွားပြီး သံတံခါးကြားမှ ခြံထဲက အခြေအနေကို တစ်ချက်လှမ်းရှိုးလိုက်ပါ၏။ လူရိပ်သူရိပ်ပင် မမြင်ရသော ထိုခြံကြီးသည် ရိပ် ပထမရောက်တုန်းကလို ရိပ်ကို ကျောချမ်းစေပါသည်။ ရိပ်သည် ဟိုဟိုဒီဒီ လိုက်ကြည့်နေရင်း ခြံတံခါးသော့မခတ်ထားတာကို သတိထားမိသွားသည်။
"သွေး တံခါးဖွင့်လို့ရတယ်ဟ၊ သော့မခတ်ထားဘူး..."
ဟု ရိပ်က ပြောရင်း သံတံခါးကို ဘေးသို့အနည်းငယ် ဆွဲဖွင့်လိုက်ပါသည်။
"ဟာ! ရိပ် နေဦးလေ မသွားနဲ့ ပြဿနာပဲ "
သွေး တားချိန်ပင်မရလိုက်ဘဲ လူတစ်ကိုယ်စာ ဝင်လို့ရရုံ ပွင့်သွားသည့် တံခါးပေါက်ကနေ ရိပ်က ခပ်ကော့ကော့ ဝင်သွားချေပြီ။
"သူခိုးဆိုပြီး အရိုက်ခံရမလား၊ ပိုင်နက်ကျူးကျော်မှုနဲ့ပဲ တရားဆွဲခံရမလား တစ်ခုခုတော့ ကျိန်းသေတယ် "
သွေးသက်တန့်သည် ရင်မောစွာ အသက်ကိုဝဝမရှူနိုင်ဘဲ ခပ်ကုပ်ကုပ် ရိပ်နောက်သို့ အမြန်လိုက်သွားရသည်။
ခြံထဲမှာပဲ ရှိနေနိုင်မည်အထင်ဖြင့် ရိပ်သည် အဆုံးမရှိကျယ်ဝန်းသော ခြံဝင်းထဲမှာ ဘဲဥအစပျောက်သလို လိုက်ရှာနေမိပါသည်။ ခြံကျယ်ကြီးတစ်ခုလုံးသည် သက်တမ်းရင့် အပင်ကြီးတွေမှအပ ရှင်းလင်းနေသည်ကို ယခုမှ သတိထားမိသွား၏။
"ရိပ် မတွေ့ဘူးမှတ်လား ပြန်ရအောင် "
"အို သေချာတောင်မရှာရသေးဘဲနဲ့ မတွေ့ဘဲအိမ်ပြန်လို့မဖြစ်ဘူး.... တော်ကြာ ခြေထောက်မပါဘဲ အိမ်ပေါ်က ဆင်းနေရလိမ့်မယ် "
သွေး ရိပ်စကားကြောင့် စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုပ်လိုက်မိ၏။ ရိပ် တစ်ယောက်နဲ့တော့ ငါကြာရင် ရူးတော့မှာပဲ။ သူ့အဖြစ်က လှည့်လည်းမပြန်နိုင်၊ ကြာကြာဆက်နေလို့လည်းမဖြစ်။ ဆုပ်လည်းစူး၊ စားလည်းရူးမှာအတူတူ၊ အဖော်လေးနဲ့ ရူးကြတာပေါ့။ သွေးပါ ရိပ်ကို ကူရှာပေးလိုက်၏။
"အိမ်ထဲမှာများရှိနေမလား မသိဘူး၊ ရိပ်သွားရှာလိုက်မယ်၊ သွေး ဒီမှာပဲ ဆက်ရှာထားလိုက် ဟုတ်ပြီလား..."
"မဟုတ်သေးဘူးနော် ရိပ်၊ ဟိတ် လွမ်းရိပ်သျှင်! "
သွေးသက်တန့် အသံခပ်အုပ်အုပ်ဖြင့် လှမ်းခေါ်လိုက်တော့ ရိပ်က လှည့်ကြည့်လာပြီး 'သိပ်မကြာဘူး၊ တစ်ချက်သွားကြည့်ပြီး ချက်ချင်း ပြန်လာခဲ့မည် ' ဟု ပြောကာ ချာခနဲ လှည့်ထွက်သွားတော့သည်။
သည်တစ်ခါ သူ ရိပ်ကို တအားစိတ်ပျက် စိတ်တိုမိသည်။ သူလိုချင်တာဆို ငြင်းပယ်ခြင်းမရှိ လိုက်လျောပေးခဲ့မိသော ကိုယ့်ကိုယ်ကိုယ် ဒီတစ်ခါတော့ နောက်တရချင်ချင် ဖြစ်မိပါသည်။
လွမ်းရိပ်သျှင်သည် စေ့ပိတ်ထားသော နှစ်ဖက်ဖွင့် ကျွန်းတံခါးကြီးနှစ်ချပ်ကို အသာတွန်းဖွင့်လိုက်ပြီး မှောင်မိုက်တိတ်ဆိတ်နေသည့် အိမ်ကြီးထဲသို့ အရဲကိုးပြီး ဝင်သွားလိုက်လေသည်။ တိတ်ဆိတ်မှုက ချောက်ချားဖွယ်အတိ။
မိမိကိုယ်ကိုယ် သတ္တိရှိလှပြီဟု ယုံကြည်ခဲ့သော လွမ်းရိပ်သျှင်သည် အေးစက်စက် ကြမ်းပြင်ပေါ် ခြေချလိုက်သည်နှင့် အမည်မသိသော ခံစားချက်တစ်ခုကို ထိတ်လန့်စွာ ခံစားလိုက်ရ၏။ ထို့နောက် တံခါးကို ပြန်ပိတ်ပြီး မျက်နှာကြက်ပေါ်က ဖြာကျနေသော အလင်းရောင်ပျပျကို အားပြု၍ ရိပ် ဒဏ်ရာရစဥ် နားနေခဲ့ဖူးသော အခန်းဆီ မှန်းဆလျက် လျှောက်သွားလိုက်ပါ၏။
အမှန်တကယ် ဒီအိမ်မှာ လူနေတာရော ဟုတ်ရဲ့လား။ သံသယဝင်ချင်ချင် ဖြစ်လာသော အတွေးဆိုးကို မြန်မြန်မောင်းထုတ်လိုက်ရ၏။ အို လူနေလို့ပဲ ငါ့ဒဏ်ရာကို ဆေးထည့်ပေးပြီး ဦးစိုင်းကိုယ်တိုင် အိမ်ပြန်ပို့ပေးခဲ့တာပဲ မဟုတ်လား...။
စမ်းတဝါးဝါးဖြင့် လျှောက်လာရင်း အခန်းဆီ ရောက်လာသဖြင့် ဖျတ်ခနဲ ဝမ်းသာသွားမိသည်။ ဆွဲကြိုးကို မြန်မြန်ရှာပြီး မြန်မြန်ပြန်ရမယ်၊ ဟုတ်တယ်။ အတွေးဖြင့် အခန်းတံခါးလော့ခ်ကို လှည့်ဖွင့်လိုက်တော့ ကံကောင်းထောက်မစွာ တံခါးပွင့်သွား၏။
အခန်းထဲ လှမ်းဝင်လိုက်ချိန် စိမ်းရွှင်ရွှင်အနံ့တစ်ခုကို ထူးဆန်းစွာ ရလိုက်သည်။
"ဆိုးလိုက်တဲ့ အနံ့ ဟွန်း... "
ရိပ် နှာခေါင်းရှုံ့လိုက်ရင်း ဒူးတုပ်ထိုင်ချကာ ကြမ်းပြင်ကို လက်ဖြင့် လျှောက်စမ်းရင်း ဆွဲကြိုးကို လိုက်ရှာနေ၏။ ပြတင်းပေါက်မှန်တစ်ချပ်က အနည်းငယ်ကွဲနေတာမို့ မှိန်ဖျော့ဖျော့ အလင်းရောင်သည် အခန်းထဲသို့ တိုးလျှိုးဝင်ရောက်နေသည်ကို ကျေးဇူးတင်လိုက်မိသည်။
"တကယ်ပဲ ဒီမှာ မကျန်ခဲ့တာလား၊ ရှာလို့လည်းမတွေ့ဘူး..."
လွမ်းရိပ်သျှင်သည် မောမောဖြင့် ခုတင်စွန်းတွင် တင်ပါးလွှဲထိုင်လိုက်သည်။ ရိပ် အိပ်ရာပေါ် လက်ထောက်လိုက်တော့ ခပ်စူးစူးအရာတစ်ခုကို လက်ကဖိမိသွားသည်ကို သတိပြုမိလိုက်၏။ ထို့နောက် ခုတင်ပေါ် ပီပီပြင် တက်ထိုင်လိုက်ပြီး သေသေချာချာ ယူကြည့်လိုက်ရာ....
"ရိပ် ရိပ်ရဲ့ ဆွဲကြိုးပဲ... ဟိ ပျော်လိုက်တာ၊ တွေ့ပြီ တော်သေးတာပေါ့ "
ရင်ထဲမှာ ဝမ်းသာမှုအပြည့်ဖြင့် လက်ထဲက ဆွဲကြိုးကိုကိုင်ကြည့်၍ လက်စွပ်လေးကို တယုတယ ကိုင်တွယ်ကြည့်မိ၏။
" ဟေ့ ဘယ်သူလဲကွ "
ရိပ် နောက်ဘက်ဆီက ခက်ထန်မာကြောသော အမိန့်သံအပြည့်ပါသည့် ခပ်ပြတ်ပြတ် အသံတစ်ခုကို မမျှော်လင့်ဘဲ ကြားလိုက်ရစဥ်ခဏ လက်ထဲက ဆွဲကြိုးလေး ပြုတ်ကျသွားရသည်အထိ ကိုယ်လေး ဆတ်ခနဲ တုန်သွားပြီး ရိပ် ရင်ထဲမှာ လှပ်ခနဲလှိုက်ခါသွားရသည်။
ထိုခဏ၌ပင် ရိပ်၏ကျောဘက်ဆီမှ ရိပ်ဆီသို့ ဖိနပ်ကိုရှပ်တိုက်ပြီး လျှောက်လာသံကို ကြားရသည်။ ထိုအသံကြားရုံဖြင့် ရိပ်အဖို့ နေစရာနေရာမရှိအောင် ကြောက်နေမိပါသည်ဟု ဆိုလျှင် အပိုမဟုတ်ပါ။ ပြီးတော့ ရိပ် ထိုသူကို လှည့်မကြည့်ဝံ့ပါ။ တဖြည်းဖြည်း နီးကပ်လာပြီဆိုတာကို ခံစားလိုက်ရချိန် လက်သီးကိုဆုပ်ထားပြီး ထွက်ပြေးရန် အနောက်သို့ ချာခနဲ လှည့်လိုက်သောအခါ....
"ရှေး!... "
ဦးစွာပထမ နီရဲတောက်ပစွာ သားကောင်ကို ခုန်အုပ်တော့မည့် စွန်ရဲတစ်ကောင်လိုဖြစ်နေသည့် မျက်လုံးတစ်စုံကို အမှောင်ထဲမှာ ထိတ်လန့်ဖွယ်ရာ မြင်လိုက်ရပြီးနောက် နာမည်စိမ်းတစ်ခုကို ပီပြင်စွာ ကြားလိုက်ရလေသည်။ ထို့နောက် အမှောင်ရိပ်ထဲမှ ထိုသူသည် ရှေ့ထွက်လာ၏။
"ရှေး... ရှေး မင်းမလား... ကိုယ်သိတယ် မင်းကိုယ့်ဆီပြန်လာမယ်ဆိုတာ၊ ရှေးရယ်..."
အရက်နံ့မွှန်နေသည့် ခန္ဓာကိုယ်နှင့် ရှည်လျားသန်မာသော လက်တစ်စုံသည် ရိပ် ကိုယ်လေးကို ရစ်ပတ်ချည်နှောင်လာသည်။ ရုတ်တရက် ရိပ် ကြောင်အသွားရပြီး လူတစ်ကိုယ်လုံး အေးစက်ကာ ခဏအသိလွတ်သွားသလိုပင်။တောင့်တင်းကြံ့ခိုင်သော ကျယ်ပြန့်သည့် သူ့ရင်ခွင်နွေးနွေးကြီးထဲ ရိပ် ခန္ဓာကိုယ်လေးက နစ်မြုပ်နေကာ သတိပြန်ကပ်ချိန် တွန်းထုတ်သော်လည်း သူကတော့မှုပုံမရ။ တအား ဖက်ထား၏။
"အို လူကြီး လွှတ် လွှတ်လို့ပြောနေတယ် အ"
သူ့လက်တွေက ကြောက်စရာကောင်းလောက်အောင် လွမ်းရိပ်သျှင်ကို တင်းတင်းကြပ်ကြပ်ဖက်ထားလေရာ ရိပ် အသက်ရှူကြပ်လာ၏။ အရုပ်လေးတစ်ရုပ်လို သူ့လက်ထဲမှာ ကူကယ်ရာမဲ့နေချိန် သူ့ကျောပြင်ကို ရိပ် သေချာ ဂရုတစိုက်မွေးမြူထားသော လက်သည်းရှည်တွေဖြင့် တအားကုပ်ဆွဲလိုက်၏။ ထိုအခါ ရိပ်ကိုဖက်ထားသော သူ့လက်တွေ ပြေလျော့သွားရာ ရိပ်ထွက်ပြေးဖို့ ခြေလှမ်းပြင်လိုက်စဥ် ရိပ်ကို ပြန်ဆွဲတားထားလျက်....
"ရှေး... ကိုယ့်ကိုထားမသွားပါနဲ့နော်၊ ကိုယ်တောင်းပန်ပါတယ် မင်းမကြိုက်တာ ကိုယ်မလုပ်တော့ပါဘူး... "
ရီဝေမိန်းမောနေသော အကြည့်တွေနှင့် အနည်းငယ် အညိုရောင်သန်းနေသော နှုတ်ခမ်းတွေအောက် ရိပ် ခေတ္တခဏ ငေးမောသတိလွတ်သွားရပြန်ပါသည်။ ရိပ်အငိုက်မိသွားချိန်ဝယ် ရိပ်ပခုံးပေါ်သို့ လက်တစ်စုံရောက်ရှိလာပြီး ကျော့ရှင်းသွယ်လျသည့် လည်တိုင်လေးသည် ဖျတ်ခနဲ နွေးသွားသည်။
"အို အမေ့! သွေး.... "
ထို့နောက် ရိပ်ရဲ့ နှုတ်ခမ်းဖူးလေး နွေးသွားသည်။ စကားစများပြတ်တောက်သွားအောင် ထိုလူကြီးရဲ့ အနမ်းကြမ်းကြမ်းတွေအောက် ရိပ်အလူးအလဲဖြင့် ရင်ထဲ ရှက်စိတ်နဲ့ မခံချင်စိတ်တွေ ရောယှက်ကာ ခံပြင်းလွန်းလို့ တဆစ်ဆစ်နာကျင်သွားသည်။ ရိပ်ရဲ့ လက်တွေကို ထိုလူကြီးက လက်တစ်ဖက်တည်းဖြင့် စုကိုင်ပြီး အနောက်မှာဖိချုပ်ထား၏။
အနမ်းတွေက ရှည်ကြာပြီး ရိပ်နဲ့မရင်းနှီးသော မညင်သာသည့် အနမ်းရိုင်းတွေကို ရိပ်စက်ဆုပ်ရွံရှာပြီး ထိုလူကြီးကို စိတ်ထဲကတေးထားလိုက်၏။ ပါးသိုင်းမွှေးစူးစူးတွေက ရိပ်ကို တွန့်ခနဲဖြစ်သွားစေပြီး အသားတွေက တဆတ်ဆတ်တုန်နေသည်။ ရွံစရာကောင်းတဲ့ မနူးညံ့မသိမ်မွေ့တဲ့ သူ့အထိအတွေ့တွေကြောင့် ရိပ်မျက်လုံးထောင့်စွန်းမှ မျက်ရည်တစ်စက် ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွားသည်။ မုန်းလွန်းလို့ပါ။
ထို့နောက် သူ့အနမ်းရိုင်းတွေက လည်တိုင်ကနေတဆင့် ရင်ညွှန့်လေးဆီ ကျူးကျော်လာပြီး ရိပ်ကို ခုတင်ပေါ်သို့ တွန်းလဲလိုက်ရာ ရိပ် ကမန်းကတန်း ကုန်းကျုံးထလိုက်၏။ ပြီးနောက် ရိပ်ကိုယ်ပေါ်သို့ အုပ်မိုးလာတော့မည့် ထိုလူကြီးရဲ့ လက်ကနေ အသာတိမ်းကာ ရှောင်လိုက်နိုင်၏။ ရိပ်သည် ထုံကျင်နေသည့် နှုတ်ခမ်းလေးကို လက်ဖမိုးဖြင့် ဖိအုပ်ထားရင်း ရိပ်ရှေ့က ထိုလူကြီးကို စူးစူးရဲရဲ စိုက်ကြည့်နေပြီးမှ ရိပ်ရဲ့ လက်ဝါးသည် သူ့ပါးပြင်းပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်သွားတော့သည်။
လွမ်းရိပ်သျှင်ရဲ့ မထင်မှတ်ထားသော အပြုအမှုကြောင့် သူ အတော်အံ့သြတုန်လှုပ်သွားတာကို တွေ့လိုက်ရသည်။ ရိုက်လိုက်ပြီးမှ ရိပ်ကို ရန်မူလာလေမလားဟု အနည်းငယ် စိုးရိမ်သွားရသော်လည်း သူ့ဆီက ဘယ်လိုကျူးကျော်မှုမျိုးကိုမှ မရရှိသဖြင့် စိတ်သက်သာရာရသွားသည်။ ထူးဆန်းစွာ မျက်ရည်ဝေ့နေသော မျက်လုံးတို့ဖြင့် အသနားခံသလို၊ တောင်းပန်သလို အသွင်ဖြင့် ကြည့်ခြင်းကိုသာ ခံလိုက်ရသဖြင့် စိတ်ထဲနူးညံ့မှုတစ်မျိုးဝင်ရောက်လာသည်။
လွမ်းရိပ်သျှင်ထက် များစွာ အသက်ကြီးပုံရသော ထိုလူကြီးကို မော့ငေးကြည့်နေရင်း ဒီအချိန်သည် သူ့လက်ထဲမှ လွတ်အောင်ထွက်ပြေးရန် အချိန်ကောင်းဖြစ်မှန်း သိလိုက်ရသည်။ တစ်ပြိုင်နက် ရိပ်သည် တဖြည်းဖြည်း နောက်ဆုတ်သွားရင်း ချာခနဲ နောက်ပြန်လှည့်ကာ အခန်းထဲမှ တစ်ရှိန်ထိုး ပြေးထွက်လာခဲ့တော့သည်။
"ရှေး.... ကိုယ့်ကိုမထားခဲ့ပါနဲ့၊ ကိုယ်လည်းလိုက်မယ် "
ရိပ် နောက်နားဆီမှ ရိပ်မုန်းသော အသံကို ခါးသက်စွာ ကြားလိုက်ရသော်လည်း ရိပ်ခြေထောက်တွေသည် ရှေ့သို့သာ ဆက်သွားနေကြသည်။ ရိပ်သည် ပြေးနိုင်သမျှ၊ ထိုလူကြီးလက်ထဲမှ လွတ်နိုင်သမျှ လွတ်အောင် အားကုန်သုံး၍ နောက်လှည့်မကြည့်စတမ်း ပြေးနေမိသည်။
လွမ်းရိပ်သျှင်ရဲ့အမှားတွေသည် ရိပ်ကိုယ်တိုင် စတင်ခဲ့ခြင်းသာ ဖြစ်သည်။
°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°•°🔥🔥
အပိုင်း(၄) ဆက်ရန်>>>
#ပတ္တမြားအလင်း