book

Index 2

အပိုင်း(၂)

  • Author : Rudylinn
  • Genres : Romance, Drama

လွမ်းငွေ့မပြယ်စေချင်ပါ 🍂

~~~~~~~~

"Tom က ကိုက်လိုက်တာ မဟုတ်ပါဘူး၊ ကလေးမလေးရဲ့ ခြေထောက်က ဒဏ်ရာမှာ သွေးထွက်နေလို့ အနံ့ခံလိုက်တာကို လှမ်းဟပ်တယ်ထင်ပြီး ကြောက်လန့်ပြီး သတိလစ်သွားတဲ့ သဘောပါ၊ ထက်မြတ်ကတော့ မစိုးရိမ်ရဘူးလို့ ပြောပါတယ် "

အိပ်ခန်းကျယ်ထဲ၌ မီးတစ်ပွင့်သာ ထွန်းထားပြီး ထိုအလင်းရောင်မှိန်ပျပျအောက် ကျွန်းကုလားထိုင်တစ်လုံးပေါ်မှာ ခြေချိတ်ထိုင်နေကာ အကျိုးအကြောင်းလာရှင်းပြနေသော ဦးစိုင်းလုအား သူခေါင်းညိတ်ပြလိုက်၏။ အနည်းငယ် ကုပ်ထားသယောင် ခပ်ခုံးခုံးရှိနေသော ထူထဲသည့်မျက်ခုံး၊ ပါးရိုးတစ်လျှောက် စိမ်းဖန့်ဖန့် အမွှေးအမျှင်တွေက မေးစေ့အောက်အထိ သွယ်တန်းနေသည်။ အံကိုတင်းတင်းကြိတ်ထားသည်က မေးကြောတွေ တင်းပြီးထောင်ထနေ၏။

တစ်ခုခုပြောလာလေမလားဟု ဦးစိုင်းလု တိတ်ဆိတ်စွာ ငြိမ်သက်စောင့်ဆိုင်းနေပြီးမှ
သက်ပြင်းငွေ့ငွေ့ကို မသိမသာချလိုက်ရင်း လှည့်ထွက်ဖို့ပြင်လိုက်စဥ်...

"သတိပြန်ရလာပြီလား"

မျက်နှာတည်ဖြင့် သြရှရှ အသံလှိုင်းတစ်ခုက အခန်းတွင်း အေးစက်စက် ပျံ့လွင့်သွားခဲ့သည်။ တဆက်တည်း မတ်တပ်ရပ်လိုက်၏။

"သတိရနေပါပြီ၊ ဦးစိုင်း ခုလေးတင် သူ့ကိုကြည့်ပြီး အပေါ်တက်လာခဲ့တာ "

ဦးစိုင်းလုဆီက အဖြေကြားတော့ သူ ခုတင်နားလျှောက်သွားပြီး စားပွဲပေါ်တင်ထားသည့် ဆေးလိပ်ခွက်ထဲက သောက်လက်စ စီးကရက်ကို လှမ်းယူလိုက်ပြီး တင်းတင်းစေ့ထားသည့် နှုတ်ခမ်းမှာတပ်လိုက်၏။ ပြီးလျှင် မီးညှိလိုက်၏။ သူ့ကို မျက်ခြေမပျက် ကြည့်နေသည့် ဦးစိုင်းဘက်သို့ လှည့်ကြည့်လိုက်ပြီး စီးကရက်ကို တစ်ရှိုက်ဖွာရင်း...

"သူ့ကို အိမ်ပြန်ပို့ပေးလိုက်၊ နောက်ဘယ်တော့မှ ဒီနေရာတစ်ဝိုက်ကို ယောင်လို့တောင် ခြေဦးမလှည့်မိပါစေနဲ့လို့ တစ်ခါတည်း သတိပေးလိုက်ပါ ဦးစိုင်း၊ပြီးတော့ ခြံလုံခြုံရေးကိုဒီထက်ပိုပြီး တင်းကျပ်သင့်ပြီ "

" ကောင်းပါပြီ "

ဦးစိုင်းသည် ဖျော့တော့သော အသံဖြင့် ပြောလိုက်ပြီး ခဏတွေရပ်နေပြီးမှ အခန်းထဲမှ ထွက်သွားလေသည်။

နှုတ်ခမ်းမှာတေ့ထားသည့် စီးကရက်အား ဆေးလိပ်ခွက်ထဲသို့ ဖိချေပြီးထည့်လိုက်၏။ ဦးစိုင်း သူ့ကို တစ်ခုခုပြောချင်ပေမယ့် မပြောဘဲ ထိန်ချန်ထားခဲ့တာကို သူသိသည်။ သို့သော် ဘာလဲဆိုတာ သူမသိချင်ပါ။ အပေါ်ဝတ် နက်ပြာရောင် ကုတ်အကျီရှည်၏ အိပ်ထောင်ထဲ လက်တစ်ဖက်ထည့်ပြီး တံခါးတစ်ချပ်ဖွင့်ထားသည့် ပြတင်းပေါက်ဆီ ခပ်လေးလေး လျှောက်သွားလိုက်၏။

ရက်တွေ၊ လတွေ၊ နှစ်တွေ အလီလီပြောင်းခဲ့ပေမယ့် ဒီအိမ်၊ ဒီခြံ၊ ဒီလူသားကတော့ စိုးစိမျှ မပြောင်းလဲခဲ့ပါ။ အထူးသဖြင့် အေးစက်စက်မာကျောအသက်မဲ့နေတဲ့ ရင်ဘက်တစ်ခုနဲ့ ကျိန်စာသင့်နေတဲ့ နှလုံးသားတစ်ခုပေါ့။ ၅ နှစ်...။ ၅ နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုက လူတစ်ယောက်ရဲ့ဘဝကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိလိမ့်မယ်လို့ သူ မိုက်ရူးရဲဆန်စွာ တွေးထင်ထားခဲ့မိတယ်။ အို... ငါဟာ ဒီအတောအတွင်း အသက်ရှင်နေတာမှ ဟုတ်ရဲ့လား။

ထိုခဏ၌ပင် လေပြင်းတစ်ချက် တိုက်ခတ်လိုက်သဖြင့် ဖွင့်ထားသော တံခါးတစ်ချပ်ဝုန်းခနဲပိတ်သွားသည်။ ထို့နောက် သူတံခါးဂျက်ထိုးပြီး ခုတင်ဘက်သို့ ပြန်လျှောက်လာခဲ့တော့သည်။

°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🔥🔥

"ကလေးမ ခြေထောက်သက်သာရဲ့လား၊ လမ်းလျှောက်လို့ အဆင်ပြေမလား "

"ရပါတယ်၊ လျှောက်ကြည့်ရမှာပေါ့ "

ရိပ် ဦးစိုင်းဆိုသူ၏ လက်မောင်းကို တွဲ၍ ထိုရှေးဟောင်းတိုက်အိမ်ကြီးပေါ်မှ တစ်လှမ်းချင်း အားယူဆင်းလာခဲ့သည်။ ဒဏ်ရာရထားသည့် ညာဘက်ခြေထောက်ကို ညှာပြီးလျှောက်နေရသဖြင့် ရိပ်သိပ်စိတ်မရှည်လှ။ ထိုစဥ် ထိုအိမ်ကြီးကို တစ်ချက်လည်ပြန်ကြည့်မိလိုက်၏။ ရိပ်ကြည့်လိုက်တော့မှ အပေါ်ထပ်အစွန်ဆုံးအခန်းမှ ပြတင်းတံခါးသည် ချပ်ခနဲ ပိတ်သွားသည်ကို ရိပ်ခနဲမြင်လိုက်တော့ ဖြန်းခနဲ ကြက်သီးထသွားပြီး ဆတ်ခနဲ အကြည့်လွှဲလိုက်ပါသည်။

"ကလေးမ အိမ်ကဘယ်နားမှာလဲ၊ ဒီနေရာနဲ့ အတော်ဝေးလား "

"ဝေးတယ်...၊ ရိပ်ဘာသာပြန်လိုက်ပါ့မယ်၊ ဒါနဲ့ ဒီနေရာက ဘယ်နေရာလဲဟင် "

ဦးစိုင်းလုက ရိပ်အမေးကိုချက်ချင်းမဖြေသေးဘဲ မျက်ခုံးပင့်ကြည့်လာ၏။ ထို့နောက် ခေါင်းကို အသာယမ်းသည်။ ဦးစိုင်းလုကို ကြည့်ရတာတစ်မျိုးပဲ။ သူမှ မဟုတ်ပါဘူး...၊ ဒီအိမ်ကြီးလည်း တစ်မျိုးပါပဲ။

"ကလေးမကို ဦးစိုင်းပြန်ပို့ပေးမယ်"

"ရိပ်မှာ စက်ဘီးပါတယ်၊ ဒါပေမဲ့ ရိပ်စက်ဘီးက ချိန်းကျနေလို့ ဟိုဘက်မှာ ရပ်ထားခဲ့ရတယ် "

"ကောင်းပြီ ဦးစိုင်းသွားယူလိုက်မယ်၊ ဒီမှာ ခဏထိုင်စောင့်နေ "

"ဟင့်အင်း... ရိပ်လည်းလိုက်မယ်၊ ရိပ် ဒီမှာမနေခဲ့ချင်ဘူး..."

"လာ လာ "

ကလေးသာသာ ငယ်စိတ်မပျောက်သေးသည့် ရိပ်ကိုကြည့်ပြီး ဦးစိုင်းသက်ပြင်းချမိပါသည်။ မိန်းကလေး ဒီနေရာကို နောက်ထပ်မလာတာက မိန်းကလေးအတွက်ရော အရာအားလုံးအတွက်ပါ အကောင်းဆုံးဖြစ်မှာပါ။

°°°°°°°°°°°°°°°°°°°°°°°°°

"ရိပ်... အို ဘုရား ဘုရား "

ခြံရှေ့လည်ပင်းတရှည်ရှည်ဖြင့် ရိပ်ကိုထွက်မျှော်နေဟန်ရှိသော နန်းခင်မွှေးသည် ရိပ်ပုံစံကို လှမ်းမြင်သွားသဖြင့် ရိပ်ဆီအပြေးရောက်လာပါသည်။

"ဦးစိုင်း စက်ဘီးကိုဒီမှာပဲ ထားခဲ့လိုက်တော့၊ ကျေးဇူးတင်ပါတယ်နော် "



"ဦးစိုင်းပြောတာသာ မမေ့ပါနဲ့ ကလေးမ၊ ကလေးမအတွက် အန္တရယ်ရှိလို့ပါ "

ဦးစိုင်း စက်ဘီးကိုခြံစည်းရိုးနားကပ်၍ရပ်ထားခဲ့ပြီး ပြန်လှည့်ထွက်လာခဲ့တော့သည်။

"လာ လာ၊ ဟင်း... ရိပ် တနေကုန် ပျောက်နေလို့ အိမ်သားတွေ ဘယ်လောက်စိတ်ပူလဲသိလား...၊ ဦးချမ်းဆို ခေါင်းမီးတောက်နေတာပဲ၊ အထဲရောက်ရင် တွေ့ပါလိမ့်မယ် "

နန်းခင်မွှေးက သူ့ဝသီအတိုင်း တဗျစ်တောက်တောက်ပြောနေသည်။ အသက်ကလေးက ရိပ်နဲ့မတိမ်းမယိမ်းပဲ ရှိပါသေးတယ်။ လက္ခဏာတွေက အပျိုကြီးဖြစ်မယ့် လက္ခဏာတွေ ပြနေပြီ။

ခြံဝန်းကျယ်ကြီးထဲ ဆောက်ထားသည့် တစ်ထပ်တိုက်အိမ်ဖြစ်သဖြင့် အတော်လေးလျှောက်ပြီးမှ အိမ်နားရောက်လာသည်။ ခြံထဲမှာတော့ အစုံပဲမွေးမြူထားသည်။ ရိပ်တို့က ရိပ်တို့ပိုင်သည့် ဧက ၂၀ ဝန်းကျင်ခြံကို မွေးမြူရေးခြံအဖြစ်ပြောင်းလဲထားခြင်းဖြစ်သည်။ ရိပ်၏ ညာဘက်ထောင့်မှာ မနက်က ရိပ်ကိုယ်တိုင်ကျောင်းထားတဲ့ ဆိတ်တွေရှိသည်။ သူ့ဘေးမှာတော့ ကြက်တွေ၊ ဘယ်ဘက်မှာတော့ သိုးတွေ၊ ဘဲတွေ ဘယ်ပျောက်နေပါလိမ့်။ နွားတင်းကုပ်ထဲမှာ နွားတွေ နှပ်နေတာကိုတွေ့ရသည်။

ရိပ်အိမ်ထဲလှမ်းဝင်ဖို့ ပြင်လိုက်ချိန် ပြုံးစိစိဖြစ်နေသည့် ရိပ်မျက်နှာ ချက်ချင်းပင် အသေကောင်အသွင်သို့ ပြောင်းသွားရသည်။

" ဖေဖေ "

အိမ်ပေါက်ဝမှာ ပိတ်ရပ်ကာ ခါးတစ်ဖက်လက်ထောက်လျက် ရိပ်ကိုစားတော့မယ့် ဝါးတော့မယ့်အတိုင်း ငုံ့မိုးပြီးကြည့်နေသည့် ဖေဖေ့ကို ရိပ်မော့ကြည့်နေရင်း ထုံးစံအတိုင်း ဖေဖေ့ခါးကို လှမ်းဖက်ဖို့ ပြင်လိုက်တော့ ခြေထောက်က ဒဏ်ရာကိုမေ့ပြီး ထောက်မိသွားကာ အသံဗြဲဖြင့်...

" အား!!!....."

ဟု အသံကုန်အော်လိုက်သံသည် တစ်ခြံလုံးပျံ့လွင့်သွားပြီး ခြံထဲရှိ တိရိစ္ဆာန်များ၏ အသံသည် တခဏငြိမ်သက်သွားပြီးမှ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

"သမီးရိပ်..."

ဖေဖေ့၏ စိုးရိမ်တကြီး ခေါ်သံနှင့်အတူ ယိုင်လဲလုနီးနီးဖြစ်သွားသော ရိပ်ကိုယ်လေးကို လက်မောင်းရင်းကနေ ဖေဖေက လှမ်းဖမ်းထိန်းပေးထားသည်။

"အပေါ်တက် အပေါ်တက် "

စောနက ဒေါသအပြည့်ဖုံးလွှမ်းထားသော ဖေဖေ့မျက်နှာသည် ချက်ချင်း စိုးရိမ်မှုလွန်ကဲသည့်အသွင်သို့ ကူးပြောင်းသွားပြီး ရိပ်ကိုတွဲကာ အိမ်ထဲဝင်စေလိုက်သည်။

သစ်သားကုလားထိုင်များကို ဝိုင်းဖွဲ့ကာချထားပြီး အလယ်တွင်လေးထောင့် သစ်သားစားပွဲတစ်လုံးဖြင့် ဖွဲ့စည်းထားသော ဧည့်ခန်းထဲခေါ်လာပြီး ခုံရှည်တစ်ခုတွင် ရိပ်ကိုအသာထိုင်စေပြီး ဖေဖေပါဝင်ထိုင်လိုက်သည်။ စားပွဲပေါ်တွင် ကွမ်းအစ်၊ ဓာတ်ဘူး၊ ရေနွေးခွက် စသဖြင့် အစုံရှိနေပြီး အလှထိုးသည့် ပန်းအိုးထဲမှာလည်း ပန်းတွေညှိုးခြောက်လို့။ ရိပ် ကြည့်ပြီး နှာခေါင်းရှုံ့လိုက်မိ၏။ ဖေဖေမှအပ မိန်းကလေးတွေအများစုနေသော ရိပ်တို့အိမ်သည် ယခုလို ရှုပ်ပွနေကျမဟုတ်ပေမယ့် ယနေ့မှာတော့ အမြင်မတော်အောင်ပင် ရှုပ်ပွလို့နေခဲ့သည်။

"ပြပါဦး ဖေဖေ့ကို "

"အား..."

"အသံမထွက်နဲ့လေ ရိပ်၊ ကိုယ့်အပြစ်နဲ့ကိုယ်မလား..."

ဖေဖေက ရိပ်ညာဘက်ခြေထောက်လေးကို ဆွဲမပြီး သူ့ပေါင်ပေါ် တင်လိုက်တော့ ရိပ်နာလှသဖြင့် အသံထွက်သွားသည့်အခါ ဖေဖေ့စကားကြောင့် ရိပ်အသံမထွက်ဝံ့တော့ဘဲ နှုတ်ခမ်းလေး ဖိကိုက်ထားလိုက်၏။

"ကဲ ဖေဖေ့ကို ဘယ်လိုဖြေရှင်းချက်ပေးမလဲ"

ဖေဖေ့အသံက ပုံမှန်လေသံအတိုင်း တည်ငြိမ်အေးစက်ပြီး ဒေါသသံမပါသလို နူးညံ့ပျော့ပျောင်းမနေခဲ့ပါ။ ရိပ်ကို ငယ်ငယ်ထဲက လက်နဲ့မထိဘဲ ပါးစပ်နဲ့သာ ပြောဆိုဆုံးမလေ့ရှိသော ဖေဖေ့ကို ရိပ်က အသားတွေ တဆတ်ဆတ် တုန်သည်အထိ ကြောက်ရသည့်အခါတွေလည်း ရှိပါသည်။ ရိုက်မှ လက်နဲ့ထိမှ ကြောက်ရတာမဟုတ်ဘဲ ဖေဖေ့၏ မျက်နှာတည်ဖြင့် သွေးအေးအေး စကားသံများသည် ရိုက်ပုတ်ဆုံးမတာထက်ရိပ်အဖို့ ကြောက်စရာကောင်းလှပါသည်။ ဖေဖေသည် မိခင်မေတ္တာငတ်မွတ်နေသော လွမ်းရိပ်သျှင်ကို အမေလိုတစ်မျိုး အဖေလိုတစ်မျိုး ရင်အုပ်မကွာ ဂရုစိုက်စောင့်ရှောက်လာပြီး လိုက်​လျောနိုင်တာမှန်သမျှ အလိုလိုက်အကြိုက်ဆောင်ခဲ့ပါသည်။

ရိပ် ဖေဖေ့မျက်လုံးတွေကို မကြည့်ရဲဘဲ ခေါင်းငုံ့လျက် ဆူပူမှာကို ကြောက်စိတ်ဖြင့် နှုတ်ခမ်းကိုသာဖိကိုက်ထားမိသည်။

"ဖေဖေ ဘာပြောထားလဲ ရိပ် "

ဖေဖေက ရိပ်မျက်နှာကို စေ့စေ့ကြည့်ပြီး မေးပါသည်။ ရိပ်စိတ်ထဲမှာ ဝမ်းနည်းစိတ်တွေ လွှတ်ခနဲ ဝင်ရောက်လာသည်။ ပြီးတော့ အောက်နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာပါ၏။ ဖေဖေသည် ရိပ်၏ အားနည်းချက်ကို ကောင်းကောင်းသိသူပီပီ အရှိုက်တည့်တည့်ကို ထိုးနှက်နိုင်ခဲ့ပါသည်။

"ဟို... ရိပ်ရဲ့လုပ်ရပ်တိုင်းဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရိပ်ရဲ့ မိသားစုအပေါ်မှာ တန်ပြန်သက်ရောက်နိုင်တယ်လို့ ဖေဖေ ပြောထားပါတယ် "

ဟု ရိပ်က ဖေဖေ့မျက်နှာကို ငဲ့ကြည့်ပြီး တိုးလျသောလေသံဖြင့် ပြောလိုက်တော့ ဖေဖေက ပတ်တီးအဖွေးသားဖြစ်နေသည့် ရိပ်ခြေထောက်ကို ဖွဖွအုပ်ကိုင်ရင်း...

"ဖေဖေက ရိပ်ကို မွေးစကနေ ခုချိန်ထိ အရိပ်တကြည့်ကြည့် နေလာခဲ့တာ၊ သမီးလေးကို ဖေဖေဘယ်လောက်ချစ်လဲဆိုတာ အားလုံးအသိပဲ၊ သမီးရိပ်က ဖေဖေ့စကားနားမထောင်ဘဲ ကွယ်ရာမှာ လုပ်ချင်ရာလုပ်နေတာကို ပတ်ဝန်းကျင်က မြင်ရင် ဘာပြောမလဲ၊ မိတဆိုးလေး... ဘယ်သူမှထိန်းလို့မရပါဘူး... အားလုံးက အလိုလိုက်ထားကြတော့ ဆိုးချင်တိုင်း ဆိုးပြီပေါ့လို့ အရင်ဆုံး ဖေဖေ့ကိုပုတ်ခတ်ပြီး ပြောဆိုလာမှာပေါ့ ဖေဖေပြောတာ သမီးရိပ် လက်ခံလား..."

ရိပ် မျက်ရည်အဝိုင်းသားဖြင့် ခေါင်းညိတ်ပြလိုက်၏။ ဒေါသသံမပါဘဲ ဆုံးမသည့် ဖေဖေ့စကားတွေသည် ရိပ်ရဲ့ ဟိုးရင်ဘက်ထဲထိ ရောက်သွားပြီး ထိရှခံစားစေကာ မျက်ရည်ကျစေနိုင်စွမ်းရှိပါသည်။

"ရိပ်က မိတဆိုးမဟုတ်ပါဘူး...၊ ခုကလည်း အဲ့စက်ဘီးစုတ်က ချိန်းကျလို့ ရိပ်ခုလို ဖြစ်ရတာ "

"ရိပ်... ဘယ်သူမပြုမိမိမှု တဲ့၊ ကြားဖူးတယ် မှတ်လား၊ ကိုယ့်အပြစ်ကို တစ်ဖက်သားကို လွှဲမချရဘူးလေ၊ ပြော သမီးရိပ်မှာ အပြစ်ရှိလား "


ရိပ် အောက်နှုတ်ခမ်းလေး စုထော်ထားရင်း ခေါင်းညိတ်ပြလိုက်၏။ ရိပ်ကို ဖေဖေအပြစ်ပေးတော့မည်။ ရိပ် တွေးရင်း စိတ်ညစ်လာသည်။

"ပါးစပ်ကဖြေလေ "

"ရိပ်မှာ အပြစ်ရှိပါတယ် "

"ကောင်းပြီ၊ သမီးရိပ်မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်၊ သမီးအပြစ်အတွက် ခြံအပြင်ကို တစ်ပတ်တိတိ မထွက်ဘဲနေမလား၊ ဒါမှမဟုတ် နွားချီး ဆိတ်ချီး ကြက်ချီး ကျုံးမလား..."

ရိပ်က ချီးဆိုသည့် အသံကြားရုံနဲ့တင် ရင်ထဲ ပျို့အန်ချင်လာပြီး အော်ကလီဆန်လာသည်။ ထို့နောက် ကပျာကယာ ခေါင်းယမ်းခါလိုက်ပြီး...

"ဟင့်အင်း...၊ ရိပ် ဘယ်မှမထွက်ဘူး ခြံထဲမှာပဲနေမယ် "

" ဟုတ်ပြီ ဟုတ်ပြီ "

"အမလေး... ဦးချမ်းတို့များနော် စောနကနဲ့ ကွာပါ့၊ ကျားမြှီးပဲ ပြေးဆွဲတော့မလို၊ ကျားဖင်ပဲ ပြေးနှိုက်တော့မလို လူကဂနာမငြိမ် ပျာယာခတ်နေပြီး ခုတော့လဲ၊ အင်း ပြီးတာပါပဲ၊ သားအဖတွေ လိုက်လည်း လိုက်ပါတယ် "

အိမ်အလယ်တိုင်ကိုမှီပြီး ရိပ်တို့ကို အကဲခတ်ကြည့်နေသည့် နန်းခင်မွှေးက ဝင်ပြောလိုက်ခြင်းဖြစ်သည်။ ထိုအခါ လွမ်းရိပ်သျှင်သည် မျက်စောင်းတစ်ချက်ထိုးလိုက်၏။

"ဒီအဖေနဲ့ ဒီသမီးပဲလေ၊ မလိုက်ဘဲနေမလား မိမွှေးရဲ့၊ ခြံထဲခဏဆင်းလိုက်ဦး၊ အမေ နွားလွှတ်ထားတယ် "

"ဟုတ် အမေ "

ခြံထဲက အိမ်ပေါ်တက်လာသည့် ဖေဖေ့ညီမ မေထားက ရိပ်တို့သားအဖကို လှမ်းကြည့်၍ ပြောလိုက်ပြီးနောက် သူ့သမီးနန်းခင်မွှေးကို ခြံထဲသွားဖို့ပြောပြီး အိမ်နောက်ဘက်သို့ ဝင်သွားလေသည်။

°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°•°🔥🔥

"momo momo လာ မမဆီလာ၊ momo!"

"ဟာ နားငြီးလိုက်တာ "

ရိပ်ရဲ့ ခပ်လှမ်းလှမ်းမှာ ဆိတ်အစာကျွေးနေသည့် မွှေးက သူ့နားသူပြန်ပိတ်ပြီး အော်လိုက်သည်။

"ရိပ်ခေါ်နေတာ လာမှမလာဘဲ momo တောက်!"

ပြောပြောဆိုဆို တခြားအဖော်တွေနဲ့ အစာလုစားနေသည့် ရိပ်ရဲ့အချစ်တော် ဆိတ်ဖြူလေး မိုမိုကို လှမ်းခေါ်လိုက်သေးသည်။ သို့သော် သူကတော့ ရိပ်ကို မျက်နှာလွှဲခဲပစ် လုပ်ထားသည်။

"momo ငါ စိတ်တိုလာပြီနော် "

ရိပ် ဆောင့်ဆောင့်ပြီး အော်နေသဖြင့် လည်ချောင်းတွေ ယားလာသည်။ ခြေထောက်က အရှင်းမပျောက်သေးသောကြောင့် ရိပ် သူ့အနားကိုလည်း မသွားနိုင်။

သွေးသက်တန့် မန်ကျည်းပင်အောက်က ခုံတန်းရှည်မှာ မျက်နှာစူပုတ်ပုတ်နဲ့ ဘာတွေအလိုမကျနေမှန်းမသိ ထိုင်နေသော လွမ်းရိပ်သျှင်ကို ခြံဝက လှမ်းကြည့်ပြီး ကြိတ်ပြုံးလိုက်၏။ ထို့နောက် ရိပ်မသိအောင် ခပ်မြန်မြန် ဝင်လာခဲ့သည်။ အနားက နန်းခင်မွှေးကိုလည်း အသံတိတ်နေရန် အချက်ပြလိုက်ရသေးသည်။

" ဟိတ် "

"အမလေး!...momo "

ရိပ် အထိတ်တလန့်ဖြစ်သွားပြီး ပါးစပ်ထဲစွဲနေသည့် နာမည်တစ်ခုကို ယောင်ယမ်းခေါ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်တော့ သွေးသက်တန့်ကို သဘောတွေကျနေသည့် မျက်နှာကြီးဖြင့် အမြင်ကပ်စရာ တွေ့လိုက်ရသည်။

"သေနာ ကောင်စုတ်၊ ကောင်းကောင်းမလာဘူး..."

"ဟာ မိမွှေးရေ၊ ရိပ် ဘယ်တုန်းက အဆဲချန်ပီယံဆု ရသွားတာလဲ၊ လျှာကို သွက်လို့"

သွေး ရယ်ကျဲကျဲဖြင့် အနောက်မှာရပ်နေသည့် နန်းခင်မွှေးကို လှမ်းပြောလိုက်တော့...

"ဟုတ်တယ် သွေးရေ၊ တမိပေါက် တစ်ယောက်ထွန်းလေ "

ဟု မွှေးက ပြောလိုက်သဖြင့် ရိပ်လက်ထဲက ကန်စွန်းရိုးဖြင့် ခေါင်းကိုချိန်ပြီး လှမ်းပစ်ပေါက်လိုက်ရာ မွှေးသည် ရှောင်ချိန်မရဘဲ နဖူးကိုထိမှန်သွားလေသည်။

"ရိပ်ကလည်း... သူများကို "

"သူများကိုလား... ကဲဟယ် "

လက်ထဲမှာ ကျန်နေသေးသည့် ကန်စွန်းရိုးဖြင့် ပစ်ပေါက်လိုက်တော့ အရှောင်ကျွမ်းသည့် ကိုယ်တော်ချောက တစ်ဖက်သို့ယမ်းလိုက်ရာ လွတ်သွားသည်။ ရိပ်က မကျေနပ်ပေ။ အစထဲက အပြင်မထွက်ရလို့ လူက စိတ်တိုပြီး ဂါနေတာကို သူ့ကိုတွေ့လိုက်တော့ ပိုဒေါသထွက်သွားရသည်။

"ငါ ပြန်မှာနော်၊ အဲလိုလုပ်နေရင် "

"Go away. I do'nt care. Shit! "

" ရိပ် ! ကောင်းကောင်းပြောလေ မဆဲနဲ့၊ ငါက အပြင်သွားဖို့ လာခေါ်တာကို "

"တကယ်လား... "

"တော်ပြီ အဆဲသန်မနဲ့ ဘယ်မှမသွားတော့ဘူး "

" သွေးသက်တန့် အ! "

လှည့်ထွက်သွားသော သွေးသက်တန့်ကို ရိပ် လှမ်းတားဖို့ မတ်တပ်ရပ်ကာ လှမ်းလျှောက်ဖို့ပြင်လိုက်စဥ် ခဲလုံးကို ခလုတ်တိုက်မိပြီး ​ခြေချောင်းထိပ်နာသွားရသည်။

"ဟူး... ရိပ်ကတော့ကွာ "

သွေး လှည့်ကြည့်လိုက်ပြီး သက်ပြင်းချ ရေရွတ်လိုက်ရင်း ခုံတန်းလျားမှာ ပြန်ထိုင်စေလိုက်၏။

"နင့်ကြောင့် နင့်ကြောင့်....၊ ရိပ် ခြေချောင်းနာသွားပြီ "

ဖေဖေ့ဆုံးမစကားတွေကို မေ့လျော့ပြီး ထုံးစံအတိုင်း သူတစ်ဖက်သားကို အပြစ်ပုံချနေမိပြန်ပါသည်

"အေးပါကွာ၊ ဥုံဖွ ဥုံဖွ "

ခုံပေါ်တင်ထားသည့် ရိပ်​ခြေထောက်လေးကို သွေး အာငွေ့ပေးပြီး ပြန်ချော့နေရသည်။ ဟုတ်ပါတယ်၊ ငါပဲ မှားတာပါ။

°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🔥🔥

အပိုင်း (၃) ဆက်ရန်>>>

#ပတ္တမြားအလင်း



rate now: