book

Index 11

အပိုင်း(၁၁)

  • Author : Rudylinn
  • Genres : Romance, Drama

လွမ်းငွေ့မပြယ်စေချင်ပါ 🍂


~~~~~~~~

"ရိပ် တော်တော်မှပျော်ခဲ့ရဲ့လား၊ ငါဖြင့် ရိပ်ကို တွေ့တုန်းကဆို မနည်းရုပ်ဖမ်းယူရတယ်"

"ရိပ်က ဘာဖြစ်နေလို့လဲ "

"ကောက်စိုက်သမ လယ်ထဲက ပြန်လာတဲ့ပုံစံဖြစ်နေလို့ "

"ဘာရယ်"

" အ"

ရိပ်မှာ စိတ်ဆိုးရအခက်။ သို့သော် သွေးရဲ့ကျောပြင်ပေါ်သို့ ရိပ်လက်ဝါးလေးက ဖတ်ခနဲ ကျရောက်သွားတော့ ဆိုင်ကယ်မောင်းနေရင်း သွေး ကျောကော့သွားရသည်။

"မြန်မြန်မောင်းဟေ့ အိမ်​ပြန်ရောက်ချင်ပြီ"

လွမ်းရိပ်က ထိုသို့ ဟစ်ကြွေးရင်း ဆိုင်ကယ်ပေါ် အခန့်သားလိုက်ပါလာခဲ့တော့သည်။ ဆိုင်ကယ်လေးကတော့ သူ့တာဝန်အရ တောင်ဆင်း တောင်တက်လမ်းတွေကို အတိမ်းအစောင်းမရှိ ခရီးဆက်နေခဲ့သည်။ လွမ်းရိပ်သည် မွေးဖွားရာဇာတိ ချက်ကြွေဖြစ်သည့် ပြင်ဦးလွင်မြို့လေးကိုလည်း အင်မတန် မြတ်နိုးတွယ်တာသူဖြစ်ပါသည်။

°°°°°°°°°°

"မောင်ဧဒင်ဦးပါလား၊ လာကွဲ့ "

"ကိုချမ်းဆီလာတာဆိုရင် ခဏစောင့်၊ ဟိုဘက်ခြံထဲမှာ ဒေါ်လေး သွားခေါ်လိုက်မယ်"

"မဟုတ်ဘူး ဒေါ်လေး၊ ဟို ကျွန်တော် လွမ်းရိပ်သျှင်ဆီ လာခဲ့တာပါ၊ စကားနည်းနည်းလောက်ပြောချင်လို့ "

"သြော် အေး... အထဲမှာရှိတယ် ဒေါ်လေးသွားခေါ်ပေးမယ် ထိုင်နော်"

"ကောင်းပါပြီ "

တစ်အောင့်ကြာသည်အထိ ထွက်မလာသေးဘဲ အထဲမှ တီးတိုးစကားသံတွေကြားနေရသည်။ ကြိတ်ကြိတ်ပြီး ဘာတွေပြောနေမှန်းမသိ။ ၁၀ မိနစ်ကျော်လောက် ထိုင်စောင့်ပြီး အထဲမှ အသံကိုနားစွင့်လိုက်သည်။

"လာလိမ့်မယ်၊ ခဏနော် ဒေါ်လေး တစ်ခုခုသွားစီစဥ်လိုက်ဦးနော် "

"ရပါတယ် "

မေထား နောက်ဖေးသို့ ဝင်သွားရင်း လွမ်းရိပ်သျှင် အခန်းရှေ့ရောက်တော့ တစ်ချက်လှမ်းအော်သွားလိုက်သေးသည်။

ခဏအကြာ ဖုန်းတစ်လုံးနှင့် အိမ်ရှေ့ထွက်လာသော လွမ်းရိပ်သျှင်။ ပါးစပ်မှလည်း သူနားမလည်သော စကားတွေရေရွတ်နေ၏။ မျက်လုံးက ဖုန်းမျက်နှာပြင်က မခွာသလို လက်ကလည်း ခလုတ်တွေကို နှိပ်သလို တရစပ် နှိပ်နေတာကို တွေ့ရသည်။

"အေး ချ ချ၊ ဟာကွာ၊ သွားလေ ငါ့ကိုမစောင့်နဲ့၊ စားတော့မယ်၊ ရှေ့မှာ၊ ကျစ်.... "

လွမ်းရိပ် စုတ်သပ်လိုက်ရင်း အနားက ထိုင်ခုံမှာ ဝင်ထိုင်လိုက်၏။

"သွားပြီ ဟာကွာ၊ ရှုံးပြီ... "

စိတ်ပျက်လက်ပျက် ညည်းတွားကာ ဒေါသထွက်ထွက်ဖြင့် လက်ထဲက ဖုန်းကို စားပွဲပေါ် ပစ်တင်လိုက်ပြီး နားထဲက bluetooth ear phone ကို အကြမ်းပတမ်း ဆွဲဖြုတ်လိုက်ရင်း ရိပ်ရှေ့က လူကြီးကို ခပ်ငူငူစိုက်ကြည့်လျက်...

" ဘာကိစ္စ "

"ဘယ်လိုပြောလိုက်တာ"

"ဘာကိစ္စရှိပါသလဲရှင့်"

အရေးမစိုက်သည့်ပုံနှင့် ခပ်ပေါ့ပေါ့ ပြောလိုက်သဖြင့် လူကြီးမျက်ခုံးပင့်သွားတော့ လွမ်းရိပ် ရွဲ့ကာထပ်ပြောလိုက်၏။

"စကားပြောစရာရှိလို့ "

" ပြောပါ "

"ခြံထဲမှာ လမ်းလျှောက်ရင်း ပြောကြမလား"

"သဘောပါ"

စကားပြောချင်တာများ ဟိုနေရာမှ ဒီနေရာမှလို့ ရွေးနေသေးသည့် လူကြီးကို တကယ်အံ့သြမိပါရဲ့။ မလာပါနဲ့ လို့ ပြောတာကို စကားနားထောင်တဲ့အတွက် ကျေးဇူးတင်ရမလို့ပင်။ တမင်ရွဲ့များနေသလားပဲ။ သည်လိုနဲ့ ခြံထဲ ဆင်းလာခဲ့ကြသည်။

"ရော့...ရိပ်မေမေရဲ့ လက်စွပ် "

လွမ်းရိပ်ရှေ့ ရောက်လာသည့် မေမေ့လက်စွပ်ကလေး။ ပြန်ပေးပါလို့ ခြေသလုံး ဖက်မတက် တောင်းပန်တုန်းကတော့ ပြန်မပေးဘဲ အခု ဘာစိတ်ကူးပေါက်လို့ စိတ်လိုလက်ရ ကြည်ကြည်ဖြူဖြူ ပြန်ပေးနေသလဲမသိ။ ခန့်မှန်းရ ခက်ပါလား။ ပိုတောင် ကြောက်လာပြီ။

"ရိပ်ဆီက ဘာလိုချင်လို့ လက်စွပ်ပြန်ပေးတာလဲ၊ ရိပ် မလိုချင်တော့ဘူးလို့ ပြောပြီးသားပဲ"

"ရိပ့်ကို စိတ်မကောင်းဖြစ်အောင် ကိုယ်လုပ်ခဲ့မိပါတယ် အဲ့အတွက် ထပ်ပြီးတော့ တောင်းပန်ပါတယ်၊ အမှန်အတိုင်းပြောရရင် ကိုယ်လေ ရိပ်ကလေးနဲ့ အမြဲတမ်း တွေ့ချင်လို့ ရိပ်အတွက် တန်ဖိုးရှိတဲ့ လက်စွပ်လေးကို သိမ်းထားခဲ့မိတာ၊ ကိုယ့်မှာ တခြားရည်ရွယ်ချက်မရှိပါဘူး တကယ်ပါ "

အမျိုးမျိုးကို တတ်နိုင်နေတော့တာပဲ။ ရိပ်လေ ကြာရင် ရူးတော့မလားမသိဘူး။ စိတ်ညစ်တာပဲ သိတယ်။ လူကြီးရဲ့ အားကိုးချင်စရာ၊ ယုံစားချင်စရာကောင်းသည့် မျက်နှာက ရိပ်လို မနူးမနပ်မလေးတစ်ယောက်အတွက် အယုံလွယ်စရာကောင်းနေသည်။

" ပေး "

လွမ်းရိပ် လည်ပင်းက ဆွဲကြိုးကို ဖြုတ်လိုက်ပြီး လူကြီးလက်ထဲက လက်စွပ်ကို ယူကာ ဆွဲကြိုးထဲထည့်ဆွဲလိုက်ပါသည်။

"ဒါဆို ကိုယ့်ကို စိတ်မဆိုးတော့ဘူး၊ ခွင့်လွှတ်တယ် ပေါ့နော်"

"ဟွန့် ဘာဆိုင်လို့လဲ "

မေးလေးငေါ့ပြီး စူပုတ်ပုတ်ဖြင့် ပြောလိုက်ပြီးနောက် ရှေ့က ခပ်သွက်သွက် လျှောက်ထွက်သွားတော့ လူကြီးက နောက်ကလျှောက်လိုက်လာ၏။

"ဟိတ် ရိပ်ကလေး... ကိုယ်စကားပြောလို့ မပြီးသေးဘူးလေ "

"ဒါဆို ပြောပေါ့ ဘယ်သူက မပြောနဲ့လို့ တားနေလို့လဲ "

လွမ်းရိပ်သည် သူမဦးခေါင်းတည့်တည့် အပေါ်ဘက်မှာရှိနေသည့် သရက်ရွက်အား လှမ်းခုန်ဖမ်းလိုက်ရင်း ပြောလိုက်ပါသည်။
မှီမလိုလိုနဲ့ တကယ်တမ်း လှမ်းဖမ်းလိုက်တော့ လက်ထဲပါမလာသဖြင့် ဘဝင်မကျစွာမျက်နှာက ချက်ချင်း မှုန်ကုပ်သွားသည်။

" ကျစ် "

အပေါ်သို့ တစ်ချက်မော့ကြည့်ရင်း စုတ်သပ်လိုက်ကာ နောက်တစ်ချက် လှမ်းခုန်ဖမ်းလိုက်သော်လည်း အချည်းနှီးသာ။ ထိုအချိန် ရိပ်ကိုယ်လေး အပေါ်သို့ မြောက်တက်သွားရာ အလန့်တကြား ထိတ်ခနဲ ဖြစ်သွားပြီး ငုံ့ကြည့်လိုက်တော့ လူကြီးက ရိပ်ကိုယ်လုံးလေးကို ပွေ့ချီပေးထားတာပင်။

"လူကြီး ဘာလုပ်တာလဲ"

"ယူလို့ရပြီလေ၊ လှမ်းယူလိုက်"

" ဟင် "

လွမ်းရိပ်က ရုတ်တရက် နားမလည်သဖြင့် မေးလိုက်တော့ လူကြီးက ရိပ်ခေါင်းပေါ်ထိကပ်လုနီးနီးဖြစ်နေသည့် သရက်ရွက်ကို မော့ကြည့်ရင်း ပြောလိုက်သည်မို့ သဘောပေါက်သွားကာ သစ်ရွက်ကို လှမ်းဖမ်းဆွဲယူလိုက်နိုင်သည်။ လွမ်းရိပ်သျှင်သည် ပျော်ရွှင်မှုကြောင့် သွားတန်းလေးပေါ်အောင် ရယ်မောမိလေသည်။

°°°°°°°°°°°

ခြံထဲလှမ်းဝင်ဖို့ ခြေလှမ်းပြင်လိုက်ပြီးမှ မထင်မှတ်ထားသည့် မြင်ကွင်းကြောင့် အံ့သြမင်သက်ကာ သွေးသက်တန့် ခြေလှမ်းတုံ့သွားရသည်။ ရုတ်တရက် သူ့မျက်လုံးတွေ ဝေဝါးလာကာ အမြင်အာရုံမှာ ပုံရိပ်တွေက မသဲကွဲဘဲ နှစ်ထပ်ဖြစ်နေ၏။ ဒါဟာ အိပ်မက်ပဲ။ ဟုတ်တယ်...။

သို့သော် အိပ်မက်မဟုတ်တာ သူကိုယ်တိုင်သိသည်။ သူ့ရဲ့ နုနယ်ကြေမွလွယ်သည့် နှလုံးသားလေးလည်း သိသည်။ အထူးသဖြင့် လုံးဝမမှားယွင်းနိုင်သော သူ့ရဲ့ မျက်လုံးတွေက သက်သေပင်။ လက်ခံရမယ်...။ မဖြစ်နိုင်တာ၊ ဘာလို့လဲ။ ဘာကြောင့်လဲ။ ရိပ်ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ။ ဒါပေမဲ့...။ ဘာလို့ ငါရဲ့ ခံစားချက်တွေကို မြင်အောင် မကြည့်နိုင်ရတာလဲကွာ။ ဘာလို့....။

အနားက သစ်ပင်ကို တင်းတင်းဆုပ်ကိုင်ပြီး လက်ချောင်းထိပ်က အသားစိုင်တွေပေါက်ပြဲထွက်သည်အထိ ကုပ်ခြစ်ကာ ရင်ထဲက ခံစားချက်တွေကို အံကြိတ်မျိုသိပ်ပစ်လိုက်ရင်း နေရာမှ ချာခနဲ လှည့်ထွက်လာခဲ့တော့သည်။ ပျော့ညံ့ညံ့ ကောင်လေးတစ်ယောက်ရဲ့ အထီးကျန်စွာ ကျလာသည့် မျက်ရည်တွေကိုတော့ ဘယ်သူ့ကိုမှ မမြင်စေလိုပါ။ နှစ်ခါမရှုံးပါရစေနဲ့။

°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🔥🔥

ရိပ်ကလေး... ကိုယ့်ကိုအဖြေပြန်ပေးဦးလေ၊ မေ့ချင်ယောင်ဆောင်မနေပါနဲ့ကွာ နော်"

"ရိပ် ခုတလော အိပ်မက်တွေ သိပ်မကောင်းဘူး၊ အိပ်မက်ထဲမှာ ရိပ့်နောက်ကို အရိပ်မည်းကြီးတွေ လိုက်နေလို့ ပြေးရတာအမော၊ ခုထိ မောနေတုန်းပဲ "

"ရိပ်ရာ... ဝေ့လည်​ကြောင်ပတ် မလုပ်ပါနဲ့ကွာ၊ ကိုယ်လေ ရိပ်ကလေးကို လက်ထပ်ချင်တယ်၊ တကယ်ပါ ရိပ်ကလေးမရှိဘဲ ကိုယ်မနေနိုင်ဘူး.... ကိုယ့်ကို သနားပါကွာ"

လွမ်းရိပ်နား တိုးကပ်ပြီး သနားစရာ မျက်နှာငယ်လေးဖြင့် ပြောနေပြီး မျက်လုံးလေးတွေက အရည်လဲ့နေကာ တောက်ပနေကြသည်။ ထို့နောက် လွမ်းရိပ်လက်ကို ဆွဲယူဖို့ ဟန်ပြင်နေသည်မို့ လက်တွေကို အနောက်မှာ ဝှက်ထားလိုက်၏။ ထို့နောက် လူကြီးနှင့် ခပ်ခွာခွာရပ်လိုက်ပြီး....

"မသိဘူး... ရိပ်မှာအဖြေမရှိဘူး၊ လက်ထပ်ဖို့ ကိစ္စကို ဘယ်တုန်းကမှ ယောင်လို့တောင် စိတ်ကူးမယဥ်ဖူးဘူး၊ အိပ်မက် မက်ဖို့ဆို သာတောင် ဝေးသေး..."

စိတ်ရှုပ်စွာ သက်ပြင်းချသံနှင့် ရောနှောပြီး စိတ်ထဲရှိသည့်အတိုင်း ပြောချပစ်လိုက်သည်။ လွမ်းရိပ်သျှင်သည် လိမ်ညာလှည့်စားတတ်သူမဟုတ်။ ပွင့်ပွင့်လင်းလင်း ဖုံးကွယ်မှုမရှိ ဆက်ဆံပြောဆိုတတ်သူပင်။
ဒါကို ရိပ် ကိုယ်စောင့်နတ် သိသည်။

"နောက်ပြီး... လူကြီး အဆင့်တွေ ကျော်နေသလားလို့၊ ရိပ့်ကို လက်ထပ်ချင်တယ်ဆိုတဲ့ စကားတစ်ခွန်းအပြင် တခြားပြောစရာ မရှိတော့ဘူးလား"

"ရှိပါတယ်၊ ရှိပါတယ်.... ကိုယ်အဆင့်တွေ ကျော်သွားမိတယ်၊ တကယ်တော့ ကိုယ့်စိတ်ထဲမှာ သည်စကားတစ်ခွန်းကို အကြိမ်ပေါင်းများစွာ ထောင်ပေါင်းများစွာ အချိန်တိုင်း ပြောနေမိတာ ဘုရားအသိပါ "

" ချစ်တယ်၊ အရမ်းချစ်တယ်.... အရမ်း အရမ်း ချစ်တယ် ရိပ်ကလေး"

ဘာရယ်မဟုတ် ဒီအတိုင်း ပါးစပ်ထဲရှိရာ လွှတ်ခနဲ ပြောလိုက်မိသည့် စကားတစ်ခွန်းရဲ့ အကျိုးဆက်ကို လွမ်းရိပ် နင့်နင့်နဲနဲ ခံစားလိုက်ရပါသည်။ ရင်ထဲ လှပ်ခနဲ တုန်ခါသွားကာ တဒိတ်ဒိတ်တိုး၍ ခုန်လာသည့် နှလုံးသားတစ်စုံကို လျစ်လျူရှုထားသော်လည်း အလိုက်ကမ်းဆိုး မသိ ခုန်ပေါက်နေကာ လူက ရူးမတက် အသားတွေ တဆတ်ဆတ်တုန်ကာ ရှက်သွေးဖြာလျက် မတ်မတ်ရပ်ထားသည့် ခြေထောက်တွေ မခိုင်ချင်တော့။ ခေါင်းငုံ၍ နှုတ်ခမ်းလေးကို ဖိကိုက်ထားကာ အသက်ရှူမဝသလို ခံစားနေရသည်။

"ကိုယ့်ကို ချစ်တယ်မလား၊ ဖြေပါ ချစ်တယ်မလားလို့ "

လွမ်းရိပ် ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။ အချစ်ဆိုတာကို တကယ်မသိရိုး အမှန်ပါ။ ရင်တွေခုန်နေတာပဲ သိသည်။ ထပ်မမေးပါနဲ့၊ ဘာမှ ဆက်မပြောပါနဲ့တော့။

"ရိပ်ကလေး ကိုယ့်မျက်လုံးတွေကို ကြည့်ပြီး ဖြေလေ"

" မချစ်ဘူး"

လူကြီးမျက်လုံးတွေကို အရဲကိုး ကြည့်လိုက်ပြီး ထစ်ငေါ့ခြင်းမရှိ ဖြေလိုက်ပါသည်။ ထို့နောက် လူကြီးရဲ့ စူးရှရှ မျက်လုံးတွေကို ကြာကြာ မကြည့်နိုင်တာမို့ ချက်ချင်း အကြည့်လွှဲလိုက်သည်။

"သေချာလို့လား...၊ ကောင်းပြီ ဒါဆို ကိုယ်နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်၊ မျက်လုံးလေးကို ခဏမှိတ်ထားပြီး သေချာစဥ်းစားပြီးမှဖြေ ဟုတ်လား"

ဘာပဲဖြစ်ဖြစ် အဖြေက သေချာနေတာမို့ ရဲဝင့်စွာ ဖျတ်ခနဲ မျက်လုံးမှိတ်ပစ်လိုက်ပါသည်။ နားထဲမှာ လေတိုးသံသဲ့သဲ့ ကြားရသည်။ ကြက်တွန်သံ၊ ဆိတ်အော်သံ၊ ခွေးဟောင်သံ၊ အဝေးကြီးက လာသည့် ဆိုင်ကယ်သံ ကြားရသည်။ ပြီးတော့ တူရူက လာသည့် စကားပြောသံ ကြားရသည်။

"ရိပ် ကိုယ်နဲ့ အတူရှိနေတဲ့ အချိန်ဆို ရင်ခုန်တယ်မလား၊ စိတ်လှုပ်ရှားတယ်မလား၊ ကိုယ့်ကို မတွေ့ရင်တောင် ကိုယ့်အကြောင်းတွေ စဥ်းစားနေမိတယ်မလား၊ အဲဒါ ဘာလို့လဲ၊ စဥ်းစားကြည့်စမ်းပါ "

လူကြီးနဲ့ အတူရှိနေရင် ရိပ် ရင်ခုန်နေမိတယ်၊ စိတ်လှုပ်ရှားတယ်။ လူကြီးကိုတွေ့ရင် ဒေါသတွေထွက်နေပေမယ့် မတွေ့ရင်လည်း သူ့အကြောင်းတွေ စဥ်းစားနေမိတယ်။ အဲဒါ ဘာလို့လဲ....။

"ကိုယ်လည်း ရိပ်နဲ့အတူရှိနေတဲ့ အချိန်တွေဆို ရင်ခုန်တယ်၊ စိတ်လှုပ်ရှားတယ်၊ ရိပ်ကလေးရဲ့ အဝေးမှာ ရှိနေရင်တောင် ကိုယ် ရိပ်ကလေး အကြောင်းပဲ အမြဲတွေးနေမိပြီး ဘာအလုပ်မှ လုပ်လို့မရဘူး၊ အဲဒါ ဘာလို့လဲ သိလား၊ ရိပ်ကလေးကို ကိုယ်ချစ်နေလို့ပေါ့ ရိပ်ကလေးရဲ့ "

ဘုရားရေ....။
ဒါဆို ရိပ် ရိပ် လူကြီးကို...။ ဟင် မဖြစ်နိုင်တာ။ ဒါပေမဲ့ ရိပ် ရင်တွေအရမ်းခုန်နေတယ်။ ဘယ်လိုလုပ်ရမလဲ။ တကယ်ပဲ လူကြီးပြောသလို သူ့ကို ရိပ်ချစ်မိနေပြီလား။ လွမ်းရိပ်သျှင်သည် မျက်လုံးမှိတ်ထားရင်း တုန်လှုပ်ချောက်ချားနေမိသည်။ အမှန်တရားကို လက်ခံလိုက်ရမလား။ ဖုံးကွယ်ထားလိုက်ရမလား။ ဒါကို အကင်းပါးသည့် လူကြီးကရော ယုံမတဲ့လား။ အို....။

"ကဲ မျက်လုံးဖွင့်ကြည့်ပြီး အဖြေပေးလို့ရပြီ"

"ဖြည်းဖြည်းဖွင့်နော်၊ မျက်စိကျိန်းမှာစိုးလို့"

လူကြီးစကားကို နားမထောင်ဘဲ ဖျတ်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်တော့ နေရောင်ကြောင့် မျက်လုံးစူးသွားပြီး ဖွဖွပြန်မှိတ်လိုက်ပြီးမှ အသာပြန်ဖွင့်ကြည့်ရင်း မျက်လုံးအား လက်ဖြင့် ပွတ်သပ်လိုက်မိ၏။

သက်ပြင်းငွေ့ငွေ့ချရင်း လူကြီးကို မော့ကြည့်လိုက်၏။ လူကြီးက ရိပ်ဆီက အဖြေကို မျှော်လင့်တကြီး စောင့်နေသည်။ အချစ်ရဲ့ အငွေ့အသက်တွေ ပြည့်နှက်နေသည့် မျက်လုံးတစ်စုံက ရိပ့်ကို လှုပ်မရအောင် ချုပ်နှောင်ထားလိုက်ပါပြီ။ ထိုသူ့ကို ရိပ် မလိမ်ညာဝံ့ပါ။ လိမ်ညာဖို့ အင်အားမရှိဘူးဆို ပိုမှန်ပါလိမ့်မည်။ တုန့်ပြန်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည်ဟု ဆိုသည့်အတိုင်း နှလုံးသားရဲ့ တုန့်ပြန်မှုအတိုင်းသာ လွမ်းရိပ် လူကြီးကို အဖြေပြန်ပေးလိုက်ပါသည်။ ဒီ့အတွက် နောင်တရစရာ မရှိပါ။

"လွှတ်ပါ၊ လူကြီးနော် လက်တော်တော်သွက်"

လူကြီးက ရိပ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလေရာ လူကြီးရဲ့နွေးထွေးတဲ့ရင်ခွင်ရိပ်မှာ လွမ်းရိပ် အသက်ရှူကြပ်နေရပြီး ရိပ့်ဦးခေါင်းလေးထက် တည်ရှိနေသည့် လူကြီးရဲ့ ရင်ဘက်ထဲမှ ခပ်ပြင်းပြင်း အသက်ရှူသံနှင့် နှလုံးခုန်သံကို အတိုင်းသား ကြားနေရသဖြင့် ရိပ်အဖို့ ရှက်အားပိုရကာ မျက်နှာအား လက်နှစ်ဖက်ဖြင့် ကွယ်ဝှက်ထားလိုက်သည်။

"ချစ်လိုက်တာကွာ "

ဧဒင်ဦးသည် ရိပ်ကလေးရဲ့ ခန္ဓာကိုယ်သေးသေးလေးအား သူ့ရင်ခွင်ထဲ နစ်မြှုပ်သွားအောင် ဖက်ထားရင်း အချစ်ပိုနေရကာ ပခုံးသားလေးအား နှုတ်ခမ်းဖြင့် ဖိကပ်နမ်းလိုက်၏။ နောက်ဆုံးတော့ သူ့အိပ်မက်တွေ လက်တွေ့ အကောင်အထည်ပေါ်လာခဲ့ပြီ။

°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🔥🔥

အပိုင်း(၁၂) ဆက်ရန်>>>

#ပတ္တမြားအလင်း


rate now: