book

Index 10

အပိုင်း(၁၀)

  • Author : Rudylinn
  • Genres : Romance, Drama

လွမ်းငွေ့မပြယ်စေချင်ပါ 🍂

~~~~~~~~

"ဟူး...."

ဘာစကားမှမဆိုနိုင်တော့ဘဲ သက်ပြင်းသာချလိုက်တော့သည်။ သူစကားတွေဆိုနေလည်း ဆူပူရန်ကောဆိုပြီး မျက်စောင်းထိုး အပြစ်တင်စကားတွေသာ ကြားရမည်မှန်းသိနေသည်။ ထိုအချိန် မမျှော်လင့်ဘဲ တိုးတိတ်သော စကားသံကို ကြားလိုက်ရ၏။

"ကျေး ကျေးဇူးပါ "

သည်တစ်ခါတော့ လွမ်းရိပ်အသက်နှင့် သက်ဆိုင်လာသည်မို့ မဖြစ်မနေ ကျေးဇူးတင်ရမည် ဆိုသည့်စိတ်နှင့် မပွင့်တပွင့် ကျေးဇူးတင်စကားဆိုလိုက်သည်။ မကြည့်ရဲကြည့်ရဲဖြင့် လူကြီးမျက်နှာအား မော့ကြည့်လိုက်တော့ မျက်နှာလေးညှိုးလျက် အမည်မသိသော အပြုံးတစ်ခုကို ရင်ဆိုင်လိုက်ရသည်။

လွမ်းရိပ်သျှင်သည် သူ့လက်ထဲက သူမ ခန္ဓာကိုယ်လေးကို တိုးထွက်လိုက်ပြီး စိတ်လှုပ်ရှားနေတာလား၊ ရင်ခုန်နေတာလား ဆိုတာ ကိုယ်တိုင်ပင်ကွဲကွဲပြားပြားမသိပေမယ့် တဒိတ်ဒိတ်ခုန်နေတဲ့ ရင်ဘက်ကို ဂရုပြုမိချိန် သူမအကြီးအကျယ် လန့်ဖျပ်သွားရသည်။ ရုတ်တရက် ဘာလုပ်ရမည်မသိ ခြေမကိုင်မိ လက်မကိုင်မိဖြင့် အေးစက်နေသော လက်တွေကတုန်ယင်နေသယောင်။

ထို့နောက် လူကြီးက လွမ်းရိပ်လက်ကို ဖွဖွညင်သာစွာ ဆုပ်ကိုင်ပြီး လှေကားထစ်တွေရှိရာဘက်သို့ ပြန်ခေါ်လာပါသည်။ လွမ်းရိပ် မငြင်းပါ၊ နည်းနည်းလေးတောင် ငြင်းဖို့ဆန္ဒ မရှိဘူးဆိုပိုမှန်ပါလိမ့်မည်။ ငါ ဘာဖြစ်သွားတာလဲ။ ငါမှ သူ့ကို ကြည့်မရတာ။ ခုတော့...

"ဟယ် လွမ်းရိပ်... ငါတို့က ဘယ်ပျောက်သွားပါလိမ့်ဆိုပြီး ရှာတော့မလို့၊ လက်စသက်တော့ ယူတို့က အတွဲနဲ့ကို "

"ဟဲ့ ခွေးစုတ်မ နင်မဟုတ်တာ မပြောနဲ့၊ ငါတို့က ရိုးရိုး၊ နင်တို့သာ ငါ့ကို မစောင့်ဘဲ ရှေ့က ကော့ကော့ ကော့ကော့နဲ့ လျှောက်သွားကြပြီးတော့ "

ရုတ်တရက် ရှက်စိတ်ဖြင့် ပါးမို့လေးတွေ ပန်းရောင်သန်းလာပြီး ခေါင်းငုံ့လျက် လက်နှစ်ဖက်ကို ဖိပွတ်နေကာ ခြေထောက်က မြေကြီးကို ထိုးဆွနေသည်။

"အခုဘယ်ကိုဆက်သွားကြဦးမှာလဲ"

လွမ်းရိပ်တို့သူငယ်ချင်းတွေသည် လူကြီးကိုရှိန်နေပြီး စကားမပြောကြဘဲ အိုးတိုးအမ်းတမ်း ဖြစ်နေချိန် လူကြီးက စကားစလိုက်သဖြင့် လှုပ်လှုပ်ရှားရှား မျက်လုံးတွေ ဝိုင်းစက်သွားကြသည်။

အချက်ပေးသလို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြိုင်တူအော်လိုက်ကြသည်က...

"အင်းဝိုင်းရေတံခွန်"

"ကောင်းပြီ ကိုယ်ပါလိုက်ခဲ့မယ်"

"ဟင့်အင့်... မလိုဘူး"

ရုတ်တရက် ပျာပျာသလဲ လွမ်းရိပ်အသံသေးသေးစူးစူးလေး ထွက်လာသဖြင့် လူကြီးနှင့် သူငယ်ချင်းနှစ်ယောက်က ရိပ်ကို မျက်ခုံးပင့်၍ကြည့်နေကြ၏။

"ကိုယ် ဦးလေးချမ်းနဲ့ ပြန်တိုင်ပြောလိုက်ရမလား"

ဖေဖေနဲ့ ပြန်တိုင်ပြောမည်ဟု ဆိုလာသဖြင့် ရိပ် မျက်လုံးမျက်ဆံပြူးသွားရသည်။ ဒါ လွမ်းရိပ်သျှင်ကို အနုနည်းနဲ့ ခြိမ်းခြောက်နေတာပဲ။ လူကြီးကို မော့ကြည့်လိုက်တော့ ခပ်တည်တည်နဲ့ လက်ပိုက်ထားသည့်ပုံက ပြောတဲ့အတိုင်း တကယ်လုပ်မည့်ပုံပင်။ လေးလုံးတို့က ရိပ်တို့ကို နားမလည်သလို မျက်လုံးကလယ်ကလယ်နှင့် ကြည့်နေကြ၏။

"ဒါဆို ကိုယ်နဲ့ပြန်လိုက်မလား"

"ဟင့်အင့် ဘာလို့လိုက်ရမှာလဲ"

"တစ်ခုခုတော့ရွေးရမယ်၊ ပြန်လိုက်မလား အတူသွားမလား၊ ဒီကိစ္စတွေ ဦးလေးချမ်းသိရင်မလွယ်ဘူးနော် "

လွမ်းရိပ်သည် ကျောက်ရုပ်ကလေးလို ငြိမ်သက်တွေဝေလျက်။ ရေတံခွန်က စီးကျလာသည့် ရေစီးသံတသွင်သွင်က နားထောင်လို့ ကောင်းပေမယ့် ခုချိန်မှာ လွမ်းရိပ်အတွက် ဆူညံသောအသံကိုသာ ထုတ်လွှတ်နေသလိုထင်ရ၏။

°°°°°°°°°°

"အကြာကြီးရေထဲမှာ ဆော့နေလို့မရဘူးနော်၊ ထန်ကုန် မိနစ် ၂၀ပဲ"

လူကြီးစကားကို ရိပ်တို့ မကြားချင််ယောင်ဆောင်ကာ ရေထဲဆင်းလာခဲ့ကြသည်။ အင်းဝိုင်းရေတံခွန်သည် နမ့်ငိုရေတံခွန်လောက် ရေစီးသိပ်မကြမ်းသလို ရေစပ်နေရာက ရေတိမ်သဖြင့် ကလေးငယ်တွေပါ လူကြီးမိဘတွေနဲ့ တွဲ၍ ရေကစားနိုင်သည်။ ရေကန်မှာတော့ လူများ ဟိုတစ်စု သည်တစ်စုနှင့် ပျော်စရာကောင်းသည်။

သည်တစ်ခါတော့ လွမ်းရိပ်သျှင်သည် ရေတံခွန်နားထိ တိုး၍လျှောက်သွားလိုက်ပါ၏။ ရေတံခွန်အောက်ခြေက နုန်းမြေက ချောပြီး ပျော့နေသဖြင့် အထူးသတိထားနေရသည်။ နောက်ပြီး လွမ်းရိပ်က ကျွမ်းကျွမ်းကျင်ကျင် ရေကူးတတ်သူမဟုတ်။ ရေက ကြည်ကြည်စိမ်းစိမ်းလေး ဖြစ်နေရာ ရေကစားလို့ အတော်ကောင်းသည်။ သူများတွေ ပြောကြတာတော့ နုန်းမြေကျချိန်ဆို ရေအရောင် နောက်သည်ဟုဆိုသည်။ ဒါဆို လွမ်းရိပ်တို့ ကံကောင်းတာပေါ့။

"ဟေး... တက်လာခဲ့ကြတော့၊တော်ပြီ တော်သင့်ပြီ "

လူကြီးက အကျီအပိုမပါသဖြင့် ရေဆင်းမကစားဘဲ လွမ်းရိပ်တို့ကို ခပ်လှမ်းလှမ်းက ကြည့်ရှု၍ စောင့်ရှောက်နေတာလား၊ သြဇာသီးရောင်းနေတာလားတော့ မသိ။ လွမ်းရိပ်တို့ကတော့ လုံးဝပြန်မတက်ချင်သေးပါ။ အကြိုက် ရေကစားရန်အတွက် ကိုယ့်ဘာသာ ထွက်လာခဲ့ခြင်းပဲမဟုတ်လား။

"ဟဲ့ နင့်လူကြီးက ဒါကျမမိုက်ဘူးဟာ၊ ငါတို့ ရေဆော့တာ မဝသေးဘဲ ပြန်မတက်ချင်သေးပါဘူး"

"အောင်မာ ငါ့လူကြီးမဟုတ်ဘူး၊ ငါ့အဖေရဲ့ ပါတနာ ရှင်းလား"

"ဘာပဲဖြစ်ဖြစ် ခေါ်နေပြီ ဘယ်လိုလုပ်မလဲ "

"ပြန်မတက်နိုင်ပါဘူး.... ကြည့်နေ"

ပြောပြောဆိုဆို လူကြီးရပ်နေသည့် ရေစပ်နေရာနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ လူကြီးကို ပြုံးပြလျက် ရေကန်ထဲက ရေတွေကို လက်ခုပ်နှစ်ဖက် အပြည့်ယူကာ လူကြီးဆီသို့ ဖြန်းပတ်လိုက်လေ၏။

"ဟိတ် ဟိတ် မလုပ်နဲ့၊ ကိုယ့်အကျီတွေ စိုကုန်ပြီ "

"စိုစိုပေါ့၊ ဟွန့် နည်းတောင်နည်းသေးတယ် ကဲဟယ်"

"ဟိတ် ကောင်မလေး ပြောမရဘူးလား"

"No ပါ၊ ဝေးဝေးကို ဒိုး..."

ဧဒင်ဦးသည် ကုန်းမြင့်ပေါ်တွင် မတ်တပ်ရပ်နေသဖြင့် ရေသိပ်မစိုပေမယ့် ရေစပ်နားကနေ သူ့ကိုလျှာထုတ်ပြီး ပြောင်ပြနေသည့် လွမ်းရိပ်သျှင်ကို ကြည့်ပြီး အသည်းတွေယားကာ ရင်ထဲ ကလိကလိဖြစ်နေ၏။ ခုချက်ချင်း ရေထဲခုန်ဆင်းပြီး သူမလေးဆီ သွားချင်စိတ်တွေကို အံကြိတ်ကာ ချုပ်တီးထားရသည်။

"ရိပ်ကလေး.... နောင်တမရခင် ပြန်တက်ခဲ့ရင် ကောင်းမယ်နော်၊ အပျော်ပြီးရင် ပျက်တတ်တယ်၊ လာခဲ့ တက်တော့ ကိုယ် နောက်တစ်ခါ ထပ်မပြောတော့ဘူးနော်"

ကမ်းစပ်နား ဆောင့်ကြောင့်ထိုင်ကာ သူ့ကို ကြောင်စီစီနဲ့ ကြည့်နေသော မျက်နှာရှစ်ခေါက်ချိုးကို ငုံ့မိုးကြည့်လျက် တွေးတွေးဆဆ ပြောလိုက်သောအခါ သူ့ကို မကြည့်တော့ဘဲ သူမက ချာခနဲ လှည့်သွားသည်။ ပြီးနောက် ကုန်းပေါ်သို့ ဆောင့်ချည်းအောင့်ချည်း တက်လာသည်ကို လှမ်းမြင်လိုက်ရသဖြင့် စိတ်အေးသွားရသည်။ သို့သော် စိတ်ကောက်သွားတဲ့ ပုရစ်ကလေးကို ချော့ရပေဦးမည်။ သူ ပျော်ပါသည်။

°°°°°°°°°°°°°

ရေကြည်နဲ့ပြန်ရေချိုးပြီး အဝတ်စားလဲပြီး ပြန်ထွက်လာတော့ လူကြီးကို ကားနားမှာ ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် ဘာကိုဒေါသထွက်မှန်းမသိ ဒေါသထွက်သွားရသည်။ မျက်နှာကို ခပ်တင်းတင်းထားကာ ကားထဲဝင်ဖို့ဟန်ပြင်လိုက်တော့ လူကြီးက ဝင်ပေါက်ကို ပိတ်ရပ်ထားလိုက်၏။

လွမ်းရိပ် ဖျတ်ခနဲ စူးရှသော မျက်လုံးနဲ့ မော့ကြည့်လိုက်၏။ နှုတ်ခမ်းကိုလည်း စေ့ပိတတ်ထားသေးသည်။ စကားပြောချင်စိတ်လည်း မရှိပါ။ တစ်ဖက်က ပိတ်ထားရင် ကျန်တစ်ဖက်က ဝင်တာပေါ့။ လှည့်ထွက်ဖို့ ပြင်လိုက်ရာ ရှေ့မတက်ဘဲ လူက ယက်ကန်ယက်ကန် ဖြစ်နေ၏။ အနောက်ကို လည်ပြန်ကြည့်လိုက်တော့ လွမ်းရိပ်ကျောပိုးအိတ်ကို ဆွဲထားတာပင်။

" တောက်!"

သူမ တောက်ခေါက်လိုက်ပါ၏။ သို့သော် သူ ကျောပိုးအိတ်ကို လွှတ်မပေးသေးဘဲ ကိုင်ထားလျက် မျက်နှာချင်းဆိုင်မှာ သွားရပ်လိုက်၏။

"ရိပ်ကလေးတို့ကို ကိုယ် နေ့လည်စာလိုက်ကျွေးမလို့ "

" ......"

"ကိုယ့်ကားနဲ့ လိုက်ခဲ့နော် "

သူ့အသံက ဘယ်လောက်ချိုသာ ချိုသာ၊ လွမ်းရိပ်အတွက် နားကလောတာအမှန်။ လိုချင်တာရဖို့ ပျားရည်တွေ ကျွေးနေတာ မသိရင် ခက်မယ်။ ရင်ထဲက မပါဘူးဆိုရင် လွမ်းရိပ်တို့ကတော့ so sorry ပဲ။ ပခုံးပေါ်က လူကြီးလက်ကို ရုန်းလိုက်ပြီး အနောက်သို့ ဆုတ်လိုက်၏။

"ရိပ်ကို ထပ်ပြီး မနှောင့်ယှက်ရင်ကောင်းမယ်၊ လူကြီးဆီ ရောက်နေတဲ့ မေမေ့လက်စွပ်ကိုလည်း ပြန်မယူတော့ဘူး၊ အလှူခံထည့်လိုက်တယ်လို့ပဲ သဘောထားလိုက်တော့မယ်၊ ရိပ်ရှေ့ ဘယ်တော့မှ ပေါ်မလာပါနဲ့၊ မကြိုက်ဘူး "

"မကြိုက်ဘူး " ဆိုတဲ့ စကားကို မျက်ခုံးလေး ပင့်ချီကာ နှုတ်ခမ်းလေး မသိမသာမဲ့လိုက်ရင်း ပြောလိုက်သည်။ မျက်နှာမြင်ရုံနဲ့ ဘာမှန်းမသိ ခံစားနေရတာကိုလည်း စိတ်ကုန်လှပြီ။ လူကြီးနဲ့ စကားပြောတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးနေသလို၊ အထိတ်တလန့်နဲ့ ကြောက်ရွံ့နေရတာတွေလည်း တော်လောက်ပြီ။

"ခဏလေး... ကိုယ်က နှောင့်ယှက်တယ်တဲ့လား၊ ကိုယ်ဘာများ နှောင့်ယှက်မိလို့လဲဟင် တကယ် မသိလို့ပါ၊ ရိပ်ကို ကားတိုက်မိတော့မလို ဖြစ်သွားတဲ့ အန္တရာယ်ကနေ ကယ်တင်တာ နှောင့်ယှက်တာလား၊ ရေထဲကျခါနီး ဖမ်းဆွဲထိန်းပေးလိုက်တာက နှောင့်ယှက်တာလား.... ဒါမှမဟုတ် သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ ကောင်မလေးကို အောက်ကနေ လှမ်းပွေ့ချီထားပေးတာက နှောင့်ယှက်သလို ဖြစ်သွားတာလား.... ပြောစမ်းပါဦး "

ဟင့်အင်း.... မသိဘူး၊ ရိပ်မှာ အဖြေမရှိဘူး။ ရိပ်သိတာက ဒီနေရာက ထွက်သွားချင်တာပါပဲ။ ရိပ်... ရိပ် ဘာဖြစ်နေမှန်း မသိဘူး။ ခေါင်းတွေတွေခါနေပြီး လက်ရှိဖြစ်ရပ်ကနေ ရှောင်ထွက်ဖို့ ကြိုးစားနေမိသည်။

"သွားကြမယ်"

"ရိပ် သွားမယ်"

"အင်း"

လေးလုံးတို့ အဝတ်စားလဲပြီး ထွက်လာတော့မှ ရိပ်စိတ်သက်သာရာရသွားသည်။ သက်ပြင်းကို ခိုးချလိုက်မိသည်။ ရင်ထဲစို့ကြပ်ကာ အသက်ရှုမဝဖြစ်နေတာ မိနစ်အနည်းငယ် ကြာပြီ။

"ကိုယ် မင်းတို့ကို နေ့လည်စာ လိုက်ကျွေးမလို့၊ လိုက်ခဲ့မယ်မလား"

"လိုက်မှာပေါ့၊ နော် "

"ဟင့်အင်း"

" ဘာလို့လဲ "

လေးလုံးက ရိပ်ကို တံတောင်ဆစ်နဲ့တွတ်ပြီး မေးလိုက်၏။ ရိပ်မှာ ရေရာသေချာတဲ့ အဖြေမရှိပါ။ လူကြီးဆီမှ မျက်နှာလွှဲထားပေမယ့် မျက်လုံးထောင့်စွန်းမှ လူကြီး ရိပ်ကို စိုက်ကြည့်နေမှန်း ရိပ်သိသည်။ ထို့ကြောင့်လည်း အနေခက်လှသည်။

"ကဲ ကိုယ်ရှေ့ကသွားနှင့်မယ်၊ မင်းတို့ e-bike ကိုယ့်ကားနောက်က လိုက်ခဲ့ကြ၊ ဟုတ်လား"

"ဟုတ်ကဲ့ "

လူကြီးသူ့ကားဆီ ထွက်သွားတော့ လွမ်းရိပ်တို့ ကိုယ့်ကားထဲဝင်ခဲ့ကြသည်။ သူ ရိပ်ဆီက ဘာလိုချင်လို့ ဒီလောက်ကြိုးစားနေရတာလဲ။ ရိပ် မပေးနိုင်တဲ့အရာဆိုရင်ရော အတင်းအကြပ် ယူဖို့စီစဥ်ထားလေသလား။

°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🔥🔥

"ရော့ ရိပ့်အကြိုက် ရှမ်းပဲပုတ် "

"ဟင့်အင်း"

"ရိပ်နဲ့ ပဲနဲ့ကမတည့်ဘူး၊ ပေး ဒီကို "

လေးလုံးက ရှမ်းပဲပုတ် တစ်ဇွန်းခပ်ပြီး ရိပ်ပန်းကန်ထဲ ထည့်ဖို့ပြင်လိုက်စဥ် ရိပ်ခေါင်းခါ ငြင်းလိုက်ရုံရှိသေး လူကြီးက သူ့ပန်းကန်ထဲထည့်ဖို့ ပြောလိုက်သည်။ လေးလုံးအပါအဝင် ရိပ်ပါကြောင်သွားရသည်။ ရိပ် ပဲနဲ့ဓာတ်မတည့်တာ သွေးတောင်မသိဘူး။ ရိပ် ဘယ်သူ့ကိုမှ မပြောရသေးဘဲနဲ့ လူကြီးက ဘယ်လိုလုပ်သိနေတာလဲ။ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား။

"စားလေ ရိပ်ကလေး၊ မကောင်းလို့လား ဘာထပ်မှာပေးရမလဲ "

"ဟင့်အင်း ရတယ်၊ ရိပ် တော်ပြီ ဗိုက်ပြည့်ပြီ"

"ဟုတ်လို့လား၊ နဂိုလည်း ဒီလိုပဲ အစားနည်းတာလား "

"ဟင့်အင်း အဲ ဟုတ်တယ်၊ တစ်ခါတလေ ရိပ်က ဒီလိုပဲ..."

လေးလုံးကိုကြည့်ပြီး မေးလိုက်တော့ ရိပ်ကိုကြည့်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေပုံကိုကြည့်ပြီး ရိပ်မရယ်နိုင်ပါ။ လူကြီးနှင့် ပတ်သက်သမျှ အားလုံးဟာ ရိပ်အတွက် ပဟေဠိတွေပါပဲ။ အရင်တုန်းက စိတ်မဝင်စားခဲ့ပေမယ့် ခုတော့ လူကြီးအကြောင်း သိချင်နေမိပြီဆိုရင် ထူးဆန်းနေမလား။

"နင်တို့ဆက်စားနှင့်ကြနော် ရိပ် ကားထဲကစောင့်နေမယ်"

တစ်ရှူးတစ်ရွက် လှမ်းယူလိုက်ပြီး ပါးစပ်အား သုတ်ရင်း ပြောလိုက်ပြီးနောက် စားသောက်ဆိုင်ထဲမှ ထထွက်လာခဲ့တော့သည်။ လူကြီးအား မျက်လုံးနဲ့တောင် စွေမကြည့်မိစေရန် ကိုယ့်စိတ်ကိုယ် ထိန်းထားခဲ့လေသည်။

"မင်းတို့ကို တစ်ခုလောက်မေးချင်လို့ ရမလား"

"ဟုတ်ကဲ့ ရပါတယ်၊ ဘာမေးမလို့လဲ"




"လွမ်းရိပ်သျှင်မှာ ချစ်သူရှိနေပြီလား"

"ရှင်! မရှိပါဘူး၊ ဘာဖြစ်လို့လဲ "

ထိုအခါ ဧဒင်ဦးသည် လှိုက်ခနဲ ဝမ်းသာသွားပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ ပိုင်ရှင်မရှိသေးတဲ့ မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ရဖို့ ကြိုးစားမိတာ သူ့အပြစ်မဟုတ်တော့ပါ။ ချာတိတ်... ကိုယ် လူကဲခတ်မညံ့ဘူးဆိုရင် မင်းရင်ထဲမှာ ဘာတွေရှိနေလဲ၊ ဘယ်လိုခံစား​နေရလဲဆိုတာ ကိုယ်သိနေပြီထင်တယ်။

°°°°°°°°°°°°

နေ့လည်စာ စားသောက်ပြီးသောအခါ နေကြာခင်းတွေဘက်သို့ ခြေဦးလှည့်ခဲ့ကြသည်။ လွမ်းရိပ်သည် အစကတည်းက နေကြာခင်းတွေဘက် သွားဖို့ အားခဲထားခဲ့တာဖြစ်သည်။ သွေးသက်တန့်နဲ့သာဆို လာဖို့မလွယ်လှ။ မိန်းမကြီးလို ဗျစ်တောက်ဗျစ်တောက်နဲ့ နားငြီးအောင် လုပ်ဖို့ကလွဲပြီး ဘာမှသိတာမဟုတ်ဘူး။ သွေးသက်တန့်နဲ့ တစ်ခါရောက်ဖူးတာမို့ ခု ဒုတိယအကြိမ် လာသောအခါ သွေးကို သတိရမိတာတော့ အမှန်ပင်။ ဒီအချိန် သူ့အဖေ လက်ဖက်ခင်းထဲ ခေါင်းစိုက်နေမှာ အသေချာပင်။ သနားပါတယ်...။

လမ်းတစ်လျှောက် ရှုခင်းတွေကတော့ ရင်သပ်ရှူမောဖွယ် အံ့သြမင်သက်ဖွယ်ရာပင်။ ပိုက်ဆံသာရှိခဲ့ရင် နိုင်ငံခြားခရီးစဥ်တွေ မသွားဘဲ မြန်မာပြည်အနှံ့ ခြေဆန့်မိပါပင်။

လွမ်းရိပ်သျှင်တို့ သွားနေသည့် နေကြာခင်းသည် ဒီဇင်ဘာခြံအကျော် မြိုင်ကွေ့ဘက်မှာ ရှိတာဖြစ်သည်။ ဟိုးအဝေးကပင် မျက်စိတစ်ဆုံး ဝါလွင်လွင် နေကြာခင်းကြီးကို လှမ်းမြင်နေရသဖြင့် လွမ်းရိပ်သည် ပျော်ရွှင်စိတ်ကို ထိန်းမနိုင်သိမ်းမရဘဲ ထခုန်ချင်စိတ်တွေ ပေါက်လာရသည်။ ပြီးတော့ နှုတ်ခမ်းက အလိုလို အပြုံးပန်းတစ်ပွင့်ကို ဆင်မြန်းပြီးသား။ လွမ်းရိပ်ဝတ်ထားသည့် အကျီက အဖြူရောင်၊ ဂျင်းဘောင်းဘီက ဘဲခေါင်းစိမ်းရောင်ကို ဝတ်ထား၏။

နေကြာခင်းနှင့် မနီးမဝေးမှာ ကားရပ်သွားသောအခါ ကားပေါ်မှ လွှားခနဲ ခုန်ပေါက်ပြေးဆင်းသွားသူက လွမ်းရိပ်သျှင်ပင်။

ဧဒင်ဦး ကလေးတစ်ယောက်လို အပြစ်ကင်း ဖြူစင်စွာ ပျော်မြူးနေသော သူမကိုကြည့်ပြီး နှစ်ခြိုက်စွာ ရယ်မောမိသည်။ မင်းလေးကို တနေကုန် ထိုင်ကြည့်နေခွင့်ရရင် ကိုယ် ထမင်းမစားဘဲလည်း နေနိုင်တယ်၊ မအိပ်ဘဲလည်း နေနိုင်တယ်။ မင်း ပြုစားနိုင်လွန်းတယ် ကလေးရယ်။ ကိုယ့်နှလုံးသားလေး ဒုတိယအကြိမ် မင်းရဲ့ ရှေ့မှောက် ဒူးထောက်ခစားလျက် အရည်ပျော်နေပါပြီ။ ကိုယ့်ကို သနားလှည့်ပါ ကလေးရယ်။

နေကြာပွင့်ကြီးတွေက ထွားကြိုင်းလွန်းကာ တချို့ နေကြာပွင့်တွေက လွမ်းရိပ်မျက်နှာနီးနီးရှိသည်။ ပျားပိတုန်းတွေလည်း သူတို့ဘာသာ ကျက်စားနေကြသည်။ လွမ်းရိပ် နေကြာပန်းကို နမ်းဖို့ ပြင်လိုက်စဥ် ပျားပိတုန်းကောင်က ဝတ်ရည်စုပ်နေသည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက် လန့်ဖျပ်သွားပြီးမှ ကိုယ့်ဘာသာ သဘောကျသွားကာ ရယ်လိုက်မိသည်။ အလှဓာတ်ပုံရိုက်နေကြသူတွေကလည်း အများကြီး။ လေးလုံးတို့လည်း ဓာတ်ပုံရိုက်နေကြသည်။

"ဟဲ့ ဟဲ့ မခူးနဲ့လေ "

"တစ်ပွင့်တည်းပါဟာ"

ခွေးပေါက်က အနီးတစ်ဝိုက်က လူအရိပ်အကဲကို ကြည့်ပြီး နေကြာတစ်ပွင့် ခူးရန်ဟန်ပြင်နေသည်မို့ လွမ်းရိပ် အနားသို့ ရုတ်ခနဲ လျှောက်သွားလိုက်ရင်း ခပ်တိုးတိုး ပြောလိုက်ပါ၏။

"ငါလည်း နေကြာပန်းကြိုက်တာပဲ၊ ကြိုက်လို့ ခူးရမယ်ဆိုရင် ဒီနေကြာ တစ်ခင်းလုံးပြောင်သွားမှာပေါ့၊ အဓိကပြောချင်တာက ငါတို့ရောက်နေတဲ့ နေကြာခင်းက သဘာဝအလျောက် ပေါက်နေတာမဟုတ်ဘူး၊ စီးပွားဖြစ် စိုက်ပျိုးထားတာ၊ ပိုင်ရှင်ကို အားနာစရာကြီးဟာ...."

"အေးပါဟယ်... ငါ အဲ့လောက်ထိ မစဥ်းစားမိခဲ့လို့ပါ၊ နင်ပြောမှ အပြစ်ကြီးတစ်ခု ကျူးလွန်ထားတဲ့သူလို လိပ်ပြာမလုံချင်တော့ဘူး"

ပြောပြီး ထွက်သွားသော ခွေးပေါက်ကိုကြည့်ပြီး ပြုံးမိရသည်။ သဘာဝတရားကြီးက လူသားတွေကို တစ်နည်းတစ်ဖုံ အကျိုးပြုသလို လူသားတွေကလည်း တစ်လှည့်ပြန်ပြီး ထိန်းသိမ်းစောင့်ရှောက်ပေးမယ် ဆိုရင်ဖြင့် သဘာဝတရားကြီးကို အကျိုးပြုရာရောက်ပါလိမ့်မယ်။ လူတိုင်း ကိုယ်နိုင်တဲ့ဝန်ကို ထမ်းစေချင်တယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့အတိုင်း ပြုမှုကျင့်ကြံမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ အမှန်တကယ် နေချင်စရာကောင်းပြီး နေပျော်ပါလိမ့်မည်။

"နေကြာပန်းတွေကို ရိပ်ကလေး ကြိုက်မှန်း ကိုယ်မသိခဲ့ဘူး"

​ဘေးနားလာရပ်ပြီး တိုးတိတ်စွာ ပြောလိုက်သော လူကြီးရဲ့ စကားကြောင့် လွမ်းရိပ် ပြုံးလိုက်သည်။ ကြိုက်တာထက် ပိုပါတယ်။ အရှေ့အရပ်ကိုသာ မျက်နှာမူပြီး ရဲရဲဝင့်ဝင့် ပွင့်လန်းနေတဲ့ နေကြာပန်းတွေဟာ လွမ်းရိပ်အတွက်တော့ လူတွေကို စိတ်ခွန်အားပေးနေသည်ဟု ထင်မိသည်။

"နေဘက်ကိုလှည့်ပွင့်တဲ့ နေကြာပန်းလေးတဲ့
စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းထဲမှာ ဦးနေဝင်း ဆိုထားတာလေ၊ ရိပ် နေကြာပန်းလေး ဖြစ်ချင်တယ် "

"မင်းဟာ ကိုယ့်နှလုံးသားထဲက ဘယ်တော့မှ မနွမ်းမဲ့ နေကြာပန်းလေးပါ"

နှစ်ကိုယ်ကြား တိုးဝှေ့နေသော လေညင်းတွေကြား တိုးသဲ့သဲ့လေး ကြည်လင်ချိုမြသော လူကြီးအသံက ရှိန်းမြမြလေး နားထဲစီးဝင်သွားကာ တစ်ချက်ချင်း စည်းချက်မှန်စွာ ခုန်နေသော လွမ်းရိပ် နှလုံးသားလေး အကာအကွယ်မဲ့နေချိန် မြှားတစ်ချောင်းထိုးစိုက်ခံလိုက်ရသလို အောင့်မျက်သွားကာ ရင်ခုန်သံတွေ မူမမှန်တော့။ ရိပ် ဘာဖြစ်သွားတာလဲ။ လွမ်းရိပ်ကို ငေးကြည့်နေသော လူကြီးကို ငဲ့ကြည့်လိုက်ရာ အချစ်အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ သူ့ရဲ့ မျက််ဝန်းတစ်စုံအောက် လွမ်းရိပ် အရည်ပျော်သွားသလို ခံစားလိုက်ရသည်။

သည်တစ်ခါလည်း လွမ်းရိပ် အမှားလုပ်မိပြန်ပြီလား မသိ။ အမှားတွေဟာ လှပပြီး ရင်ခုန်စရာကောင်းနေသောအခါ...

°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🔥🔥

အပိုင်း(၁၁) ဆက်ရန်>>>

#ပတ္တမြားအလင်


rate now: