book

Index 1

အပိုင်း(၁)

  • Author : Rudylinn
  • Genres : Romance, Drama

လွမ်းငွေ့မပြယ်စေချင်ပါ 🍂
~~~~~~~~

"ဟေး ဟေး... "

ဝါဖန့်ဖန့် နေရောင်ခြည်ဖြာကျနေသော မြက်ခင်းပြင်ကျယ် သူမနှင့် ဆိတ်ကောင်ရေ ၅၀ ကျော်လောက်က ဖြန့်ကျက်ကာ နေရာယူထားကြလေသည်။ ခမောက်ကြီးကြီးတစ်လုံးကို မျက်နှာမပေါ်အောင် ခပ်ငိုက်ငိုက် စောင်းထားပြီး ဖလန်နယ်စိမ်းပြာရောင် ရှပ်လက်ရှည်ကို အပေါ်က ထပ်ဝတ်ထားကာ အောက်က ရှမ်းဘောင်းဘီရှည်ပွပွကို ဝတ်ထားသောသူမ လက်ထဲမှာလည်း သစ်ကိုင်းခြောက်တစ်ခုကို ကိုင်ထားသေးသည်။ အနောက်ကလှမ်းခေါ်သံသဲ့သဲ့ကို ကြားလိုက်ရသဖြင့် ဘေးဘီကို တစ်ချက်ဝေ့ကြည့်ပြီးမှ လှည့်ကြည့်လိုက်၏။

ထို့နောက် ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြပြီး သူမကို ခေါ်တာလားဟု တောင်ကုန်းထိပ်ပေါ်က ပျပျမြင်နေရသည့် လူပုံရိပ်တစ်ခုကို အမူအယာဖြင့် လှမ်းမေးလိုက်တော့ ခေါင်းညိတ်ပြတာတွေ့ရသဖြင့် ဆင်ခြေလျောအတိုင်း အပေါ်သို့ တက်သွားလိုက်ပါသည်။

အနီးရောက်သွားတော့မှ တွေ့လိုက်ရသည့် သူကြောင့် သူမသက်ပြင်းဖွဖွချလိုက်ပြီး ခေါင်းပေါ်က ခမောက်ကို ချွတ်လိုက်ရာ ထိုခမောက်ထဲထည့်ထားသည့် ဖြောင့်စင်းသည့် ဆံနွယ်တွေသည် လျောခနဲ ပြုတ်ကျလာသောအခါ သူမ ဘယ်ညာခေါင်းယမ်းခါလိုက်ပြီး မျက်နှာပေါ် ဝဲကျနေသော ဆံမျှင်တို့ကို ဖယ်ရှားလိုက်၏။

"ကြည့်၊ ဆံပင်တွေကို စည်းထားရင်စည်းထား၊ မဟုတ်ရင် ထုံးထားပါလို့ပြောတာကို ဘယ်တော့မှ နားမထောင်ဘူး...၊ ခုတော့..."

ပြောပြောဆိုဆို အနောက်က ဆံပင်တချို့ကို စုသိမ်းလိုက်ပြီး ဘယ်ဘက်ရင်ဘက်ပေါ်သို့ ပို့ပေးလိုက်၏။ သူမဆံပင်တွေက တစ်ညီတည်း ခါးထိရှည်လျားသည်။

"သူကျတော့ကော ခေါင်းစောင်းလည်းမပါဘူး၊ ဘာနဲ့လာတာလဲ အပြင်မှာ နေဒီလောက်ပူနေတာကို "

ရိပ် စိတ်ပူပန်စွာ နှုတ်ခမ်းလေးစူပြီး ပြောလိုက်တော့ သွေးက သဘောတကျ ရယ်ပါသည်။ ပြီးတော့ ရိပ်ခေါင်းကို ဖွဖွပုတ်လိုက်ပြီး...

"ရိပ်စက်ဘီးနဲ့လာတာလေ၊ ဟိုးအောက်မှာ ရပ်ထားခဲ့တယ်၊ စက်ဘီးနဲ့ဆိုတော့ သိပ်မပူပါဘူး ရိပ်ရဲ့ "

သွေးက တောင်ကုန်းအောက်ခြေမှာ ရပ်ထားခဲ့သည့် ယိုးဒယားစက်ဘီးလေးကို မျက်လုံးဝေ့ပြပြီးပြောလိုက်တော့ ရိပ်က ခေါင်းတစ်ချက်ညိတ်သည်။ ပြီးတော့ ခပ်တိုးတိုး စကားဆိုသည်။

"ရိပ်အိမ်ကို ရောက်ခဲ့သေးတယ်ပေါ့ "

"အင်း... ရိပ်ဒီမှာရှိလိမ့်မယ်လို့ ဦးချမ်းပြောလိုက်လို့ ရိပ်တို့အိမ်က စက်ဘီးယူပြီး လိုက်လာခဲ့တာ"

" သြော်... ဘာလို့လိုက်လာတာလဲ၊ ခြံထဲမှာ အလုပ်မရှိဘူးလား... "

"ရှိတာပေါ့၊ မရှိဘဲ နေမလား... ရိပ်လို အားမနေပေါင်၊ ဟိုတစ်နေ့က မုန့်ဝယ်ကျွေးမယ်လို့ ပြောထားတယ်လေ၊ အဲဒါကြောင့် လာခေါ်တာ ငါလာတာမကြိုက်ဘူးပေါ့ ဟုတ်လား"

"မကြိုက်ဘူးရယ်လို့ မဟုတ်ပါဘူး၊ ခုလို စကားပြောနေတော့ ရိပ်လည်း အလုပ်ပျက် သွေးလည်း အလုပ်ပျက်တယ်လေ"

"အဟက် အေးပေါ့လေ၊ သူက အလုပ်ကြီးအကိုင်ကြီး ဆိတ်ကျောင်းနေတာဆိုတော့ ဟုတ်ပါတယ်လေ၊ ပြန်လိုက်ဦးမယ် သိလား အမိ "

သွေးက ခပ်တည်တည်ပြောနေသော လွမ်းရိပ်သျှင်ကို ရယ်ကျဲကျဲဖြင့် အတည်ပေါက် နောက်လိုက်တော့ သူ့ပခုံးပေါ်သို့ စူးရှသည့်သူမလက်တစ်စုံက ကျရောက်လာသည်။ သွေး ရိပ်၏လက်နှစ်ဖက်ကို စုကိုင်ကာ လှုပ်မရအောင် ဖမ်းချုပ်ထားလိုက်ပြီး...

"ဘယ်အချိန်ထိ ဒီအရေမရ အဖက်မရ အလုပ်တွေ လုပ်နေဦးမှာလဲ၊ ကိုယ့်အဖေအလုပ်ကို ဝိုင်းကူဖို့ မစဥ်းစားတော့ဘူးလား ဟင်၊ ကိုယ့်အသက်လည်း ကိုယ်ပြန်ကြည့်ပါဦး ၁၈ နှစ် ပြည့်တော့မယ်မလား၊ ငယ်တော့တဲ့အရွယ်လည်း မဟုတ်ဘဲနဲ့ "

"ဘာအရေမရ အဖက်မရလဲ၊ ဆိတ်ကျောင်းတယ်ဆိုတာကလည်း ဖေဖေ့အလုပ်ကို ဝိုင်းကူနေတာပဲလေ၊ သူများက ၁၈ နှစ်ပြည့်ဖို့ ၃လလောက်လိုပါသေးတယ်နော်၊ ရိပ်က ခုထိ ကလေးပဲရှိသေးတယ်လို့ ဖေဖေက ပြောတယ် သိလား... လူကြီးသွေးသက်တန့်ရဲ့ "

လွမ်းရိပ်သျှင်သည် သွေးသက်တန့်ကို မနိုင်နိုင်အောင် ချေပပြောဆိုပြီး မျက်စောင်းတစ်ချက်ရွယ်လိုက်သည်။ သွေးက ခပ်ဟဟတစ်ချက်ရယ်လိုက်ပြီး သူ့လက်ထဲက ရိပ်လက်တွေကို လွှတ်ပေးလိုက်ပြီးနောက်....

"ဘာရယ်... အဟား လူကြီးသွေးသက်တန့် ဟုတ်လား...၊ ရိပ်ကလည်းဟာ နင်နဲ့ငါက အသက်တူတူပဲကို၊ ဆိတ်ကျောင်းတယ်ဆိုတာကလည်း ရိပ်လုပ်မှ ဖြစ်မဲ့အလုပ်လည်း မဟုတ်ဘဲနဲ့၊ ပြီးတော့လေ ရိပ်မငယ်တော့တာ ၁၆ နှစ်မပြည့်ခင်ကတည်းက မဟုတ်လား... "

"ဘာ! ကောင်စုတ် သွေးသက်တန့် သေနာ ပြန်လာခဲ့ "

" အဟား.... "

သူပြောပြီး ရှေ့က ပြေးထွက်သွားတော့ ရိပ် ခမောက်ကို လက်ကကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သွေးနောက်သို့ ပြေးလိုက်သွားပါတော့သည်။ ပါးစပ်ကလည်း မနားတမ်းဆဲဆိုလိုက်ပါသေးသည်။ သွေးနှင့် ရိပ်သည် ငယ်ငယ် မြှီးကောင်ပေါက်စအရွယ်ထဲက ထိုသို့ပင်။ သွေးက မခံချင်အောင် လိုက်စပြီး ရိပ်ကအနောက်ကနေ ပြေးလိုက်ရိုက်၊ ဆဲဆိုမြည်တမ်းရင်း ကြီးပြင်လာကြတာ ယခုအရွယ်ထိပင် ဖြစ်သည်။

"အား...မောတယ်ဟာ၊ သွေးသက်တန့် ရိပ်ကို စောင့်ခေါ်ဦး မောနေပြီ "

အနောက်မှ ဟောဟဲ ဟောဟဲနဲ့ ပြေးလိုက်လာသည့် လွမ်းရိပ်သျှင်သည် စက်ဘီးရပ်ထားသည့် တောင်ခြေသို့ ရောက်သည့်အခါ စဖောက်ပါတော့သည်။ နေရာမှာ ဖင်ထိုင်ချလိုက်ပြီး သူ့ကို မျက်နှာငယ်ဖြင့် လှမ်းကြည့်နေသဖြင့် သူ့ခြေလှမ်းများ တုံ့သွားပြီး လှည့်ကြည့်လိုက်ပါ၏။

"ရောက်ပြီလေ၊ လာခဲ့ ငါအိမ်ပြန်လိုက်ပို့ပေးမယ် "

"မုန့်ဝယ်ကျွေးမယ်ဆို "

"အင်းလေ လာလေ ဒီကို "

"ရိပ်မလျှောက်နိုင်တော့ဘူး.... ရိပ်ကိုချီခေါ်"

"ရိပ်ရာ ကလေးလည်းမဟုတ်တော့ဘူး၊ ကလေးတုန်းက ရိပ်ကို ကုန်းပိုးတာ ကိစ္စမရှိပေမယ့် ခု ရိပ် ကလေးမဟုတ်တော့ဘူးလေ၊ နည်းနည်းလျှောက်လိုက်တာနဲ့ ရောက်နေပြီကို "

"လျှာရှည်လိုက်တာ၊ လာခေါ်နော်၊ မခေါ်ရင် ဆိတ်သွားကျောင်းမှာနော်၊ အေးနော်..."

လွမ်းရိပ်သျှင်သည် ဆောင့်ကြောင့်ထိုင်လျက်သား ကလေးတစ်ယောက်လို ဂျီကျဆိုးနွဲ့နေရာ သွေးရပ်ငေးကြည့်နေပြီး စိတ်မရှည်တော့။ ကြာရင် ဒီကောင်မလေးတော့ သူ့လက်နဲ့တွေ့တော့မယ်၊ သိပ်မကြာတော့ဘူး...။ သွေး စိတ်ထဲက မြည်တွန်တောက်တီးပြီး ရိပ်ကိုယ်လေးကို ဒူးအောက်ကနေ ဆတ်ခနဲ ဆွဲမပွေ့ချီလိုက်တော့ သူမမျက်နှာက စပ်ဖြဲဖြဲနှင့် သူ့လည်ပင်းကို သိုင်းဖက်ထားသည်။

တစ်လှမ်းနှစ်လှမ်းလောက် ရှေ့ဆက်လျှောက်လိုက်ရုံနဲ့ စက်ဘီးကယ်ရီယာပေါ်သို့ ရိပ်ရောက်သွားသည်။ သွေး စက်ဘီးဒေါက်ကို ဖြုတ်လိုက်ပြီး နင်းထွက်သွားတော့ သူ့ခါးပေါ် ရောက်ရှိလာတဲ့ နူးညံ့နွေးထွေးတဲ့ လက်တစ်စုံက တင်းတင်းကြပ်ကြပ်။ ထိုလက်တွေကို သူငုံ့ကြည့်ပြီး နှစ်ခြိုက်စွာ ပြုံးမိရသည်။ ထို့နောက် အရှိန်မြှင့်၍ တောင်ဆင်းတောင်တက်လမ်းတွေကို အားကုန်နင်းထွက်လာခဲ့တော့သည်။

°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°🔥🔥

"သွေး ဒီကနေပြန်လိုက်တော့၊ ရိပ်ဘာသာ ဆက်နင်းသွားလိုက်မယ် "

ပြောပြောဆိုဆို စက်ဘီးပေါ်မှ ဖြုန်းခနဲ ရိပ်ကခုန်ဆင်းလိုက်သဖြင့် သွေးစက်ဘီးနင်းနေရာမှ ဘရိတ်ညှစ်ပြီး ရပ်လိုက်၏။

"ဒီနေရာက လူပျက်တယ်လေ၊ သွားလက်စနဲ့ မထူးပါဘူး အိမ်ရောက်တဲ့အထိ လိုက်ပို့ပေးမယ် တက် "

သွေးသက်တန့်က စက်ဘီးပေါ်က မဆင်းဘဲ ရိပ်ကို ငဲ့ကြည့်ပြီး ပြောလိုက်သည်။ သူတို့ရပ်နေတဲ့နေရာက သုံးခွဆိုင်လမ်းရဲ့ တစ်ဖက်ရှိ သက်တမ်းရင့် ညောင်ပင်ကြီး၏ အရိပ်အောက်တွင် ဖြစ်သည်။ ညောင်သီးများ တစ်ပင်လုံး ပြွတ်နေအောင်သီးနေသည့် ထိုအပင်ဆီက ညောင်ပွင့်များရဲ့ ရနံ့ကို လေအဝေ့မှာ ခပ်သင်းသင်းတစ်ချက် ရလိုက်သည်။

လွမ်းရိပ်သျှင်သည် ကိုယ့်အကြံနဲ့ကိုယ် သွေးကို ပြန်လွှတ်နေခြင်းပင်။ သွေးကတော့ သူမအကြောင်းသိနေသလားမသိ၊ လိုက်ပို့မယ်လို့ ပြောနေပြီ။ ရိပ် နှုတ်ခမ်းလေးကိုက်ပြီး အကြံထုတ်နေလိုက်၏။

"နေပါစေ ရိပ်အိမ်ကိုပဲတန်းပြန်မှာပါ၊ သွေးပြန်တော့နော်၊ တော်ကြာ သွေးကို ကြာနေလို့ဆိုပြီး လေးလေး ဆူနေပါဦးမယ် "

ဟု ရိပ်က ပြောရင်း သွေးလက်ထဲက စက်ဘီးကို ဆွဲယူလိုက်တော့ သူ စက်ဘီးပေါ်က ဆင်းလိုက်ပြီး ရိပ်လက်ထဲ မထည့်ချင်ထည့်ချင်နဲ့ စက်ဘီးကို ထည့်ပေးလိုက်ရ၏။

"ရိပ်နော် အိမ်ကိုပဲတန်းပြန်နော်၊ ဟိုဝင်ဒီထွက်နဲ့ ခြေရှည်မနေနဲ့ ကြားလား..."

သွေးသက်တန့် စက်ဘီးနင်းထွက်သွားပြီ ဖြစ်သော လွမ်းရိပ်သျှင်ကို အနောက်ကနေ အသံကျယ်ဖြင့် လှမ်းအော် သတိပေးလိုက်တော့ သူ့ကို လှည့်မကြည့်ဘဲ လက်မြှောက်ပြကာ ခပ်သွက်သွက်နင်းသွားသော ရိပ်ကို သူ့မြင်ကွင်းထဲကနေ တဖြည်းဖြည်း ဝေးသွားပြီး ပျပျသာ မြင်ရတော့သည်အထိ ရပ်ကြည့်ပြီးမှ လှည့်ထွက်လာခဲ့တော့သည်။

°°°°°°°°°°°°°°°°°°°°°°°°

လွမ်းရိပ်သျှင်သည် စထွက်သည့်နေရာကနေ တော်တော်ဝေးဝေးကို ရောက်လာပြီဖြစ်သဖြင့် စက်ဘီးကိုခဏရပ်ပြီး အောက်ဆင်းကာ အမောဖြေလိုက်ပါ၏။ လိပ်ပြာမလုံစွာ အနောက်ကိုလည်း အမှတ်တမဲ့ လှည့်ကြည့်လိုက်မိပါသေးသည်။

"လွမ်းရိပ်သျှင်တဲ့၊ ဘယ်သူမှတ်လို့လဲ"

ဟု ကြုံးဝါးလိုက်ပြီး စက်ဘီးပေါ်သို့ပြန်တက်ကာ နင်းလိုက်စဥ်...

"ဟာ! ပြဿနာပဲ.... ကျစ် "

စက်ဘီးက ရှေ့မတက်ဘဲ ခြေနင်းခုံက တစ်ပတ်လည်သွားပြီး အရှိန်မထိန်းနိုင်ဘဲ ယိုင်လဲကျတော့မည့်ဆဲဆဲမှာ အောက်သို့ ဘုတ်ခနဲ ခုန်ဆင်းလိုက်ရ၏။ မျက်မှောင်ကလေးကုပ်ပြီး ချိန်းဖုံးကို ငုံ့ကြည့်လိုက်လျှင်....

"ဟာ ချိန်းကျသွားတာပဲ "

ပြောပြောဆိုဆို စက်ဘီးကို ခြေထောက်ဖြင့် တစ်ချက်နှစ်ချက် ပိတ်ကန်ပစ်လိုက်၏။ သွေးလုပ်သလို ချိန်းကြိုးကို တုတ်ကလေးနဲ့ အသာဆွဲယူပြီး ပြန်တပ်ရင်ရပေမယ့် ထိုအလုပ်ကို ရိပ်က ဘယ်သောအခါမှမလုပ်ခဲ့။
လုပ်ရမှာ စိတ်မရှည်သလို၊ လက်ညစ်ပတ်မှာလည်း စိုးသဖြင့် သွေးကိုလုပ်ခိုင်းရင်လုပ်ခိုင်း၊ မဟုတ်ရင် ဖေဖေ့ကို လုပ်ခိုင်းခဲ့တာချည်းပင်။

"တယ် ဒီစက်ဘီးစုတ်နဲ့၊ ကြည့်နေပါ နင့်ကို ဘယ်တော့မှမစီးတော့ဘူး... ဆိုင်ကယ်ပဲ စီးတော့မယ် ဟွန့် "

ကလေးဆန်ဆန် နှုတ်ခမ်းလေးမဲ့ရွဲ့ရင်း တစ်ကိုယ်တည်း ပြောနေမိသည်။ ပတ်ဝန်းကျင်ကား တိတ်ဆိတ်လှ၏။ အနီးအနားမှာ ချုံနွယ်ပိတ်ပေါင်းများကလည်း ထူထပ်နေသည်။ ပြင်ဦးလွင်မြို့တစ်မြို့လုံးကို ဂျင်ဂျင်လည်အောင် လျှောက်ပတ်သွားနေတဲ့ လွမ်းရိပ်သျှင်၊ သို့သော် သူမ ဒီနေရာကိုတော့ တစ်ခါမှ မရောက်ခဲ့ဖူးပါ။ လူငယ်ပီပီစူးစမ်းချင်စိတ်ကလေးက ရှိနေတော့ စက်ဘီးကိုဒေါက်ထောက်ကာ ရပ်ထားခဲ့ပြီး လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မိုးကလည်း မအုံ့တအုံ့၊ တိမ်ကင်းစင်ပြီး နေလို့ထိုင်လို့ကောင်းသည်။ လေလေး တဖြူးဖြူးနဲ့ လွမ်းစိတ်မှန်းမသိ၊ ကြောက်စိတ်မှန်းမသိ ဝင်လာခဲ့သည်။

ထို့နောက် သူမချုံတိုးရန်အတွက် တုတ်ရှည်ရှည်တစ်ချောင်းရှာလာခဲ့ပြီး နွယ်ပင်တွေနဲ့ မြက်ရိုင်းပင်တွေကြားထဲသို့ လက်ထဲက တုတ်နဲ့လမ်းရှင်းပြီး ဝင်သွားလိုက်သည်။ ဒီလမ်းအဆုံးမှာ တစ်ခုခုတော့ရှိနေလိမ့်မည်။ ဒါကို သူမမသိစိတ်က အတပ်သိနေသည်။ ဘာကြောင့်လဲဆိုတော့ ဘေးတစ်ဖက်တစ်ချက်မှာ မြက်ရိုင်းတွေက လူတစ်ရပ်စာနီးပါး ထူထပ်မြင့်မားနေပြီး သူမသွားနေသည့် လမ်းကြောင်းက အနည်းငယ် ရှင်းလင်းကာ ဖြောင့်တန်းနေသဖြင့် သည်လမ်းကို ခဏခဏ အသွားအလာလုပ်ဖူးလိမ့်မည်ဟု ထင်မိသည်။

" ဝါး...."

လမ်းဆုံးခါနီး မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရိပ် ပါစပ်ကလေးအား လက်ဖြင့် အသာပိတ် အံ့သြမင်သက်သွားရသည်။ ရိပ်၏ မျက်လုံးဝိုင်းဝိုင်းကလေးတွေသည် ရွှန်းလက်တောက်ပနေကြသည်။ ငါထင်တာ မှန်နေတာပဲ။

ရိပ် ထိုနေရာသို့ မြန်မြန်ရောက်ချင်သဖြင့် ချုံနွယ်တွေကြားထဲက ခပ်သွက်သွက် တိုးထွက်လိုက်ရာ ခြေထောက်ကို တစ်ခုခုက ခြစ်မိသွားသဖြင့် ဆစ်ခနဲ နာကျင်သွားတာကို ခံစားလိုက်ရပေမယ့် အမှုမဲ့အမှတ်မဲ့သာထားလိုက်သည်။

"ခြံကြီးက အကျယ်ကြီးပါလား..."

ရိပ်သည် မျက်စိတစ်ဆုံး ဝေ့ဝဲကြည့်လိုက်ပြီး နောက်ထပ်တစ်ကြိမ် တအံ့တသြ ရေရွတ်လိုက်မိပြန်ပါသည်။ လမ်းတစ်လျှောက် ချုံတွေထူထပ်သလောက် သည်ခြံကြီးထဲမှာတော့ ရှင်းလင်းနေခဲ့သည်။ ပြီးတော့ လွမ်းရိပ်သျှင်ရဲ့ မျက်နှာချင်းဆိုင်မှာ ထီးထီးမားမားတည်ရှိနေသောအရာကို သူမ မော့ကြည့်လိုက်၏။

ကိုလိုနီခေတ်တုန်းက ရှေးဟောင်းအိမ်ကြီးတစ်အိမ်ပေပဲ။ တစ်အိမ်လုံး ရေညှိတွေတက်နေပြီး ခပ်မှိုင်းမှိုင်းအသွင်ဖြင့် နှစ်ထပ်တိုက်အိမ်အကြီးကြီးက မိုးထိလွင့်နေခဲ့သည်။ နွယ်ပင်တွေလည်းတက်လို့။ ယခုမှ သတိထားမိသည်။ ပတ်ဝန်းကျင်က မှောင်စပြုလာပြီ။ ထိုအိမ်တစ်အိမ်လုံးမှာ အလင်းရောင်ဟူ၍ မမြင်ရဘဲ မှောင်အတိကျနေခဲ့သည်။ လွမ်းရိပ်သျှင်သည် ယခုမှ ကြောက်ရကောင်းမှန်းသိလာကာ ကြက်သီးဖြာထလာပြီး ကျောထဲစိမ့်ခနဲ တုန်သွားရသည်။

အနည်းငယ် ကြောက်ဒူးတုန်စပြုချိန် ချုံတိုးသံလိုလို၊ အော်သံလိုလို၊ ဟိန်းသံလိုလို အသံတစ်ချက်ကြားလိုက်ရသည်။ သိချင်စိတ်ဖြင့် အရဲကိုးကာ အသံလာရာ ရှေ့နားသို့ တိုးသွားကြည့်လေလျှင်....

" ဟင်! "

အာမေဋိတ်သံတစ်ချက်ထွက်ပေါ်လာပြီး ရင်ထဲတလှပ်လှပ်ဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖင်ထိုင်ရက်လဲကျသွားပါတော့သည်။ ရိပ်ရှေ့မှာ ရိပ်ကို စူးစူးရဲရဲ အစွယ်တငေါငေါဖြင့် မာန်ဖီကာ ကြည့်နေသည်က ရိပ်တစ်ကိုယ်စာလောက်ရှိမည့် အညိုရောင်အမွေးရှိသည့် အယ်လ်ဇေးရှင်း ခွေးကြီးပင်။ ရိပ် အသံပင်မထွက်ရဲ၊ ပါးစပ်ကို လက်ဝါးဖြင့် ဖိပိတ်ထား၏။ ထိုအချိန် ရိပ် တစ်စုံတစ်ယောက်ကို လှမ်းအကူအညီတောင်းဖို့ တကယ်ပင် မေ့လျော့နေခဲ့မိပါသည်။

အသားတွေ တဆတ်ဆတ် တုန်လာကာ ကြောက်စိတ်ဖြင့် ကျုံးပွဲကျငိုချလိုက်ချင်သော်လည်း စိတ်ကိုတင်းထား၏။ ရိပ်သည် သူ့ရဲ့ သွေးဆာပြီးနီရဲနေတဲ့ မျက်လုံးအစုံကို တန်ပြန်စူးစိုက်ကြည့်နေချိန် သူက ရိပ်ကိုယ်ပေါ်သို့ ခုန်အုပ်ဖို့ ပြင်လာသည်မို့ ရိပ် အလန့်တကြား တိမ်းရှောင်လိုက်ပေမယ့် သူက ရိပ်ခြေထောက်ကို ငုံခဲထားလိုက်ပြီ။ ပြီးနောက်မှာတော့ ရိပ် ခန္ဓာကိုယ်လေးသည် ပျော့​​ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်လုံးများမှေးမှိတ်သွားကာ သတိလစ်သွားပြီဖြစ်သည်။

°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°🔥🔥

အပိုင်း(၂) ဆက်ရန်>>>

#ပတ္တမြားအလင်း


rate now: