💘မှတစ်ပါး....အခြားမရှိ💘
ခြိမ့် လည်ပင်းလေးလိမ်၍ လှည့်ကြည့်လိုက်တော့ ဖုန်းကိုင်ပြီး အခန်းထဲက ထွက်သွားသည့် သူ့ကျောပြင်ကိုသာ မြင်လိုက်ရသည်။
ဘာတွေလဲ...၊ ဘာတွေဖြစ်ကုန်တာလဲ..၊
ခြိမ့် နားမလည်နိုင်သလို ယုံလည်း မယုံနိုင်။ စူးရှရှအသံစာစာလေးက ခြိမ့်နားထဲ ပဲ့တင်ထပ်နေဆဲ။
ဖုန်းမှားဆက်တာများလား..၊
ဖြေတွေးလေး တွေးလိုက်မိပေမယ့် ရိပ်ခနဲ ဆွဲလုလိုက်သည့် အပြုအမူ၊ တင်းမာနေသည့် မျက်နှာပြင်နှင့် ဖုန်းကိုင်ပြီး ခပ်သုတ်သုတ်လျှောက်ထွက်သွားသည့် သိမ်းပိုက်၏ သွင်ပြင်တွေက ပူလောင်နေသည့် ရင်ခွင်လွှာကို မီးပြင်းတိုက်နေသလိုပင်..။
ဒါဟာ ခြိမ့်ဘဝမှာ ပထမဆုံးအကြိမ် ယောကျ်ားတစ်ယောက်ကြောင့် ပူလောင်ခြင်း..၊
ငယ်ငယ်ချောချောလေး၊ တစ်ခါတစ်လေဆို ကလေးဆန်ဆန်အမူအကျင့်လေးတွေနှင့် အနိုင်ကျင့်တတ်သော ကောင်ဆိုးလေးက ကလေးအဖေလို့ ထင်ရက်စရာ မရှိ။ဒီဘက်က မပြောနိုင်ခင် ဆက်တိုက်ပြောချသွားသည့်စကားလုံးတွေ၊ သွက်လက်သည့်စကားသံတွေနှင့် ကလေးလေးက ဖေကြီးလို့ ခေါ်သွားခဲ့တာ။
ခြိမ့်မမြင်နိုင်သော မျက်နှာစာကနေ ဖွားခနဲ ပေါ်လာသည့် အကြောင်းအရာက သွေးပျက်ဖွယ်ရာ။ ရက်ပေါင်းများစွာ မျိုသိပ်သိမ်းဆည်းခဲ့ရသော အဖြစ်အပျက်တစ်ခု အဖြေပေါ်လာခြင်းလား..၊
"ကျုပ်ဆီမှာ ခင်ဗျားအတွက် ပေးစရာ ဘာမှမရှိဘူး"တဲ့..၊သူပြောခဲ့သလို ခြိမ့် ဘာတွေများရခဲ့လို့လဲ။ ပေးစရာမရှိပါဘူးလို့ ကြွေးကြော်ထားသူဆီကမှကြင်နာခြင်းကို လိုချင်တောင်းတမိခဲ့သည့် သူမ။
"ကိုကိုရဲ့ဂုဏ်တွေဒြပ်တွေ၊ပညာတွေကို မက်မောတဲ့ ခင်ဗျားနဲ့တန်တာ အဲဒါပဲ"တဲ့..၊
ချစ်လို့မဟုတ်ပဲ ခေါ်လာပြီးမှ လက်ထပ်ဖို့တစ်ခွန်းမဆိုတာ အဲဒီအကြောင်းတွေကြောင့်လား။ ကလေးနှင့်အိမ်ထောင်ရှင်ယောကျ်ားပါဆို ခြိမ့် ဘာလုပ်ရမလဲ။ နှစ်ဆယ့်နှစ်နှစ်ဆိုတာ မွေးမယ်ဆို ကလေးရနေတာ ဖြစ်နိုင်သည်ပဲ။
ရွေ့လျားခြင်းမရှိသလို၊ မျက်တောင်မခတ် လည်ပင်းလိမ်ကြည့်နေသည့်အတိုင်း မျက်ဝန်းအိမ်တွင်းမှ မျက်ရည်များ တလိမ့်လိမ့်စီးကျလာခဲ့သည်။
ကိုယ့်ကိုယ်ကိုယ် ဘယ်ဘဝရောက်လို့ ရောက်နေမှန်း မသိတော့။ဘယ်လိုအကြောင်းအရာတွေရှိနေနေ သူမဘဝက အကွက်ကျကျလှည့်စားနေသူလက်ထဲမှာ ညစ်နွမ်းခဲ့ပြီးပြီ။
ဘယ်သူမပြု မိမိအမှုလား၊ မှားခဲ့ကြတယ်ဆိုရင်တောင် ကိုယ့်အပြစ်တွေချည်းပါ။ ကိုယ့်တန်ဖိုးကို မထိန်းသိမ်းခဲ့သည့်အတွက် ကံကြမ္မာက ဒဏ်ခတ်ခြင်းလား..၊
ပြန်ချင်မှပြန်၊ ပြောချင်မှ ပြောသွားတတ်ကာ မိန်းမတစ်ယောက်ရယ်လို့ ဘယ်တုန်းက သတ်မှတ်ခဲ့လို့လဲ..၊သူ ရက်စက်သမျှ နာကျင်အောင်ခံခဲ့ရသော နှလုံးသားထဲမှာ ဆူးတွေ အထပ်ထပ်စူးလျက် ဒဏ်ရာတွေ ပလဗွဖြစ်နေပြီ။
ကိုယ်လိုချင်တောင်းတခဲ့တာ သူ့ဆီက အချစ်၊သူ ပေးခဲ့တာက ရက်စက်စိမ်းကားမှုတွေနဲ့ ဥပေက္ခာတရားတွေ..၊
"ယောကျ်ားဖြစ်ပြီး မှုန်ညက်နေအောင် ချောနေတာကိုပဲ ဘဝင်ဟပ်နေသလား မသိဘူး၊ မှုန်တေအေးစက်နေတဲ့ မျက်နှာမှာ မျက်လုံးတွေကျ သိမ်းငှက်မျက်လုံးမျိုး၊ အဲဒီမျက်လုံးပိုင်ရှင်တွေက သွေးအေးအေးနဲ့ ရက်စက်တတ်တယ် ခြိမ့်၊ငါတော့ လုံးဝသဘောမကျဘူး၊ နင့်ကို ခေါ်ထုတ်သွားပြီးမှ လူမသိ၊သူမသိထားတာ မရိုးသားဘူး၊ဒီအတိုင်းငြိမ်နေရင် အဲဒီကောင်စားမျိုးက နင့်ကို တစ်သက်လုံး နိုင်စားသွားမှာ၊ ပုံစံကိုက အပျော်အပျက်သဘောထားနေတာ"
ဟန်သာ့စကားတွေကို ပြန်ကြားယောင်မိတော့ ဝမ်းနည်းသိမ်ငယ်စိတ်တွေ ကြီးစိုးလာခဲ့၏။ကိုယ်ကတော့ သူနဲ့ကျမှ လေးနက်ခမ်းနာစွာချစ်တတ်ခဲ့ပေမယ့် သူ့ဘက်ကျတော့ အဲဒီလို မဟုတ်..၊
"ခင်ဗျားမာယာတွေကို တစစီရိုက်ချိုးပစ်မဲ့ကောင်"တဲ့..၊
"မုန်းလို့...ကိုကိုနဲ့ ညားသွားမှာစိုးလို့"တဲ့..၊
သူများတကာ မြတ်နိုးလို့ တယုတယခူးယူနမ်းရှိုက်ဖို့ပြင်နေသည့်လက်ကို ပုတ်ချပြီး ကိုယ်တိုင်ကျ ရက်ရက်စက်စက်နင်းချေဖျက်ဆီးခဲ့တာမျိုး..၊
ကြိုးတစ်စလို ပုံချထားပြီး စက္ကူတစ်ရွက်လို ဆုပ်ဖြဲခဲ့တာတောင် စိတ်နာပြီး သူ့အနားက ထွက်မခွာနိုင်ခဲ့။ကိုယ်ဘဝကိုယ် မရပ်တည်နိုင်တာ မဟုတ်ပါပဲနဲ့ သူ့နား ကပ်တွယ်နေခဲ့မိ၏။
ချစ်မိပြီဆိုတော့ ချစ်သူအလိုကျ အနားမှာ ပေးဆပ်ခြင်းနှင့်မွေ့လျော်နိုင်သည်။ သို့သော် မိန်းမသားတစ်ယောက်၏အရှက်၊ဘဝ၊နှလုံးသားတစ်ခုကို လှည့်ဖြားရက်စက်ခြင်းကိုတော့ သူမ မာနက ခွင့်မလွှတ်နိုင်။
"မိထွေး" ..၊ ခြိမ့် နှလုံးသားထဲမှာ အထပ်ထပ်နာကျည်းမုန်းတီးခြင်းနှင့် စက်ဆုပ်ရွံရှာခဲ့ပါသော ဝေါဟာရ အသုံးအနှုန်းတစ်ခု။
"ဖေကြီး"...တဲ့၊" မီးမီး"..တဲ့၊
ခြိမ့် နှလုံးသား ပျက်သုဥ်းလေပြီ။တိတ်တခိုး မျှော်လင့်တောင်းတခဲ့ရသော အချစ်ကိုဝေးလို့ သူမ သိပ်မုန်း၊သိပ်ရွံပါသည်ဆိုသော မိထွေးဂုဏ်ပုဒ်နှင့် တည့်တည့်တိုးနေပြီလား။
မဟုတ်ပါစေနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းနေမိရင်း အသည်းကြွေလုမတတ်နာကျင်နေရ၏။
သူကိုယ်တိုင် ဖွင့်ဟပြောလာမည့်စကားတွေကို ကြားချင်သေးသည်။သည်တော့ သူနဲ့ရင်ဆိုင်ဖြေရှင်းကြရုံအပြင် မရှိ။
နှိုင်းခြိမ့်ခြိမ့်သာဆိုသော မိန်းမရင်ထဲမှာ ချစ်တတ်တဲ့ နှလုံးသားမပါခဲ့ရင် အကောင်းသား...၊
................................................................
"ဟိတ်!..."
"အင်...သိမ်းပိုက်"
လက်မောင်းကို တစ်စုံတစ်ယောက် ဆုပ်ကိုင်လှုပ်နိုးနေသည့် အသိနှင့် ကိုယ်လေးဆတ်ခနဲတုန်သွားပြီး ခြိမ့် လန့်နိုးလာခဲ့သည်။ တည်ကြည်ချောမွေ့နေသည့်မျက်နှာနှင့် သိမ်းပိုက်က သူမ မျက်နှာပေါ်မှာ ကိုယ်ကို ကိုင်းညွတ်၍ ငုံ့မိုးထားကာ...၊
"ထ...ကြေးအိုးသောက်ရအောင်"
"မင်း ပြန်လာတယ်"
မယုံနိုင်သလို အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးတို့ကို ပွတ်သပ်ကြည့်တော့...၊
"ကဲ...ဒေါ်နှိုင်းခြိမ့်ခြိမ့်သာ ခင်ဗျား မထဘူးလား"
အိပ်မှုန်စုန်မွှားနှင့် ပြူးကြောင်ကြောင်လေးကြည့်နေတော့ သူ စိတ်တိုလာသည်။ အကျင့်ပါနေသည့် လက်က လက်မောင်းရင်းကနေဆွဲပြီး ထူပစ်လိုက်တော့ အရုပ်လေးတစ်ရုပ်လို တောင့်တောင့်လေးထိုင်လျက်ပါလာပြီး...၊
"မင်းပြန်မလာတော့ဘူး ထင်နေတာ"
"ကျွန်တော်ဗိုက်ဆာနေပြီ၊ ကြေးအိုးဝယ်လာတယ် သောက်ရအောင်"
မျက်လုံးချင်းဆုံတော့ သူ အရင်အကြည့်လွှဲသွားပြီး ရှေ့ကနေ လျှောက်ထွက်သွားသည်။ တင်းခဲနေသောစိတ်ထဲမှာ မေးခွန်းတွေဖြစ်ပေါ်လာတော့ သက်ပျင်းရှိုက်ရင်း ခြိမ့် သူ့နောက်ကနေ အသာလျှောက်လိုက်ခဲ့ရ၏။
ညဥ့်ဦးပိုင်းတုန်းက ဖုန်းလာလို့ ပြန်ထွက်သွားပြီးမှ ခုပြန်ရောက်လာတော့ သန်းခေါင်ကျော်နေပြီ။ ကြေးအိုးဝယ်လာပြန်သတဲ့။
ထမင်းစားပွဲဘေးမှာရပ်ပြီး ပန်းကန်တွေထဲကို ဝယ်လာတဲ့ကြေးအိုးထည့်နေသည့် သူ့ကို မီးဖိုဘက်အကူးနေရာကနေ ရပ်ငေးနေမိသည်။
ကိုယ်တောင် တရေးနိုးလာပြီ သူ ခုထိ အိပ်ရသေးပုံမပေါ်ပါ။သို့သော် မျက်နှာတည်တည်က ဘယ်အချိန်ဖြစ်ဖြစ် အမြဲလန်းဆန်းနေသည်။ခြောက်ပေတောင်စွန်းနိုင်သည့်အရပ်ကြီးနှင့် ကျစ်လျစ်တောင့်တင်းသည့် ကိုယ်လုံးကိုယ်ထည်ကြောင့် သူများတွေလို အရပ်ရှည်ပေမယ့် ကိုင်းမသွားပဲ ထောင်ထောင်မောင်းမောင်းနှင့် အဝေးကပင်ထင်းခနဲရှင်းခနဲပေါ်လွင်နေခြင်းဖြစ်၏။ အသက်သာကိုယ့်ထက်ငယ်တာ သူ့အနားရောက်သွားရင် ခြိမ့် ကိုယ်လေးက အလိုလိုသေးငယ်ကာ ကလေးလိုဖြစ်သွားသည်သာ။
"ဟိတ်!..ဘာလုပ်နေတာလဲ၊ ဒီမှာ လာသောက်၊တော်ကြာ အေးကုန်ရင်သောက်မကောင်းပဲနေမယ်"
အကြင်နာတွေလား သိမ်းပိုက်ရယ်..၊
အရင်ကဆို ခြိမ့် အရမ်းကို ပျော်မိခဲ့မှာပါ၊ ခုတော့..နာနေတဲ့ရင်ဘတ်ထဲမှာ မင်းရဲ့အကြင်နာတွေကို ဘယ်မှာ သာယာနိုင်ပါ့မလဲ။
မျက်နှာချင်းခုံမှာ ဝင်ထိုင်လိုက်သည့်အထိ သူ့မျက်နှာကို မကြည့်မိအောင် တင်းထားမိသည်။ချောမောခန့်ညားပါသည်ဆိုသော ဤယောကျ်ားရှေ့မှာ အကြိမ်ကြိမ်ရှုံးနိမ့်မနေချင်။
"ရော့..."
ကြေးအိုးတစ်ပန်းကန်ကို ခြိမ့်ရှေ့တိုးပေးပြီး သူကိုယ်တိုင်လည်း တစ်ပန်းကန်သောက်နေသည့် သိမ်းပိုက်ကို မျက်လွှာပင့်ကြည့်ရင်း မျက်ရည်တို့ရစ်သီလာရ၏။
ရင်ထဲမှာ တင်းပြည့်ကျပ်ခဲနေသဖြင့် စားချင်စိတ်မရှိ။ စကားလုံးတို့ကို အားယူရင်းပြောဖို့ စိတ်တင်းကာ ခြိမ့် မျက်နှာလေး မော့လိုက်သည်။တွေဝေမနေချင်..အဖြေကို ရှင်းရှင်းလင်းလင်း သိရမှဖြစ်မှာမို့...၊
"သိမ်းပိုက်"
"ခင်ဗျားမေးချင်တာဘာလဲ ကျုပ်သိတယ်၊ မနက်ဖြန်ကျရင် ခင်ဗျားသိချင်တာ အားလုံးသိရမယ်၊ ခုချိန်မှာ ဘာမေးခွန်းမှ ကျွန်တော် မကြားချင်ဘူး"
"တို့ တစ်ညလုံးအိပ်လို့ပျော်တော့မယ် မထင်ဘူး၊ အဖြေကို ရှင်းရှင်းလင်းလင်းသိရမှ ဖြစ်မယ်"
တူရောဇွန်းပါ ပစ်ချ၍ စိတ်ပျက်သလို မျက်နှာကို တစ်ဖက်လွှဲလိုက်ပြီးမှ ဒီဘက်ကို ပြန်လှည့်လိုက်ပြီး...၊
"ဘာထူးမှာမို့လဲ"
အေးစက်စက်အမေးက ခြိမ့်နှလုံးသားကို ဖြန်းခနဲ ရိုက်နှက်လိုက်သလိုပင်။
"ခင်ဗျားနဲ့ကျုပ်တို့နှစ်ဦးပက်သက်မှုမှာ ဘာဆွေမျိုးဘာအသိုင်းအဝိုင်းမှ မပါဘူး၊ ကိုယ့်စိတ်ကိုယ့်သဘောအတိုင်း နေထိုင်ခဲ့ကြပြီးပြီ ကျန်တဲ့အပိုင်းတွေကို ဘာလို့ ခုမှ စိတ်ဝင်စားနေရတာလဲ"
"ဘယ်လိုပြောလိုက်တာလဲ သိမ်းပိုက်၊ယောကျ်ားတွေ အများကြီးတွဲပြီး ရည်းစားများတဲ့ဂုဏ်ပုဒ်နဲ့ အများတကာနှာခေါင်းရှုံ့တာကို တို့ ဂရုမစိုက်ဘူး၊ တို့အနေအထိုင်အပြုအမူတွေကြောင့် အများအမြင်မှာ သိက္ခာမဲ့ချင်မဲ့နေမယ် ဒါပေမယ့် တန်ဖိုးတော့ မမဲ့သေးဘူး၊မင်းနဲ့ပက်သက်နေတဲ့ အဲဒီကလေးရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုတို့သိရမှ ဖြစ်မယ်"
"ခင်ဗျားနဲ့ကျွန်တော် နှစ်ယောက်တည်းဖြတ်သန်းခဲ့ကြတဲ့အချိန်ခဏလေးမှာ အဲဒီဘဝတွေပါခဲ့လို့လား၊ လုပ်မနေနဲ့ ခြိမ့် ခင်ဗျားနဲ့ကျွန်တော် အဲဒါတွေစိတ်မဝင်စားခဲ့ကြလို့ ညားကြပြီးပြီ၊သိမ်းပိုက်ကမ္ဘာဆိုတဲ့ကျုပ်ကို တည်ကြည်ခန့်ညားညီဖြစ်တာ တစ်ခုတည်းနဲ့ ပုံအပ်ခဲ့တာပဲမဟုတ်လား"
ဘဝမှာ ပထမဆုံးအကြိမ် သိမ်ငယ်ရှက်ရွံ့ခြင်းတို့ဖြင့် ခြိမ့် မျက်နှာတစ်ပြင်လုံးရဲရဲထသွားသည်။ခြိမ့် ဖြစ်ပျက်သွားကို မြင်နေသည့် သူက ခပ်မဲ့မဲ့ပြုံးလိုက်ပြီး..၊
"ခင်ဗျား နားဝင်ဆိုးသွားလည်း မတတ်နိုင်ဘူး၊ နှိုင်းခြိမ့်ခြိမ့်သာအပြင် ကျုပ် ဘယ်ရပ်ဝန်းကိုမှ စိတ်မဝင်စားသလို ခင်ဗျားလည်းနေတတ်ဖို့ ပြောပြတာ"
သူပြောနေတာ ပန်းနဲ့ပေါက်သလိုပေမယ့် ခြိမ့်နှလုံးသားမှာ လှံသွားအထပ်ထပ်စူးနေသလိုပင်။ပစ်ပေါက်လိုက်သော မစာမနာခြင်းများက ဟိုးတုန်းကလို မချစ်တတ်တဲ့နှလုံးသားဆို အကြောင်းမဟုတ်၊ ခုတော့ ချစ်မိပြီဆိုတော့ ချစ်သူဆီက ရက်စက်စိမ်းကားမှုသည် အဆမတန်နာကျင်စေခြင်းသာဖြစ်လျက်။
"မင်းစိတ်မဝင်စားပေမယ့် တို့ဘက်က မနေတတ်ဘူး သိမ်းပိုက်၊ ဒီအကြောင်းတွေကို မသိရမချင်း မေးနေရမှာပဲ၊ အဲဒီကလေးက မင်းကလေးဟုတ်မဟုတ် တို့သိရမှ ဖြစ်မယ်"
မျက်ရည်ရောင်တို့နှင့် တလက်လက်တောက်နေသည့် ခြိမ့် မျက်ဝန်းတွေကို စူးစိုက်ကြည့်ပြီး သူ ထရပ်လိုက်ကာ..၊
"ဟုတ်တယ်ဆိုရင်ရော.."
"ဘာ!..."
"အဲဒါ ကျုပ်သမီးပဲ၊ ကျုပ်က ကလေးအဖေ၊ကဲ..ခင်ဗျား ဘာသိချင်သေးလဲ"
"ဗြန်း!..."
"ခင်ဗျား!..."
အသားချင်းထိခတ်သံက တိတ်ဆိတ်နေသည့် ညဥ့်နက်နက်မှာ ကျယ်လောင်စွာထွက်လာ၏။ ဒဏ်ရာမရှိသည့် ဘယ်လက်၏ ရိုက်ချက်က သူ့မျက်နှာလည်ထွက်သွားသည်။
မိန်းမတစ်ယောက် ပါးရိုက်လိုက်သည်ဆိုသော အသိနှင့် ဒေါသကထောင်းခနဲထွက်ကာ လက်တစ်ဖက်ကို အားကုန်လွှဲမြှောက်လိုက်လျှင်..၊
"တောက်!...."
မျက်နှာလေးမော့ချီလျက် ပေကပ်ကပ်လေးရပ်နေသည့် ခြိမ့် အပြုအမူမှာ လေထဲမှာပဲ လက်က ရပ်တန့်လျက် သိမ်းပိုက် မျက်နှာကြီး နီရဲကာ အံကြိတ်တက်ခေါက်ပြီး...၊
"သေတော့မယ် ခင်ဗျားတော့.. ကျုပ်ပါးကို ဒီနေ့ရိုက်လိုက်တာ ခင်ဗျားအပြစ်တစ်ခုကျူးလွန်လိုက်တာပဲ၊ကျုပ်အသားနာသလို ခင်ဗျားတစ်ဘဝလုံး နာကျင်စေရမယ်၊ ခင်ဗျားပြန်ပေးဆပ်ဖို့သာ ပြင်ထား၊ တောက်!..."
"ဒုန်း!..."
"ခလွမ်း!..."
လေထဲမှာရပ်တန့်နေသည့်လက်နှင့်လွှဲရိုက်သွားတာ စားပွဲပေါ်က ပန်းကန်သည် နံရံနှင့်ပစ်မှန်ပြီးမှ အစိပ်စိပ်အမွှာမွှာကျကွဲသွား၏။
သူ သောင်းကျန်းသွားသည့် တစ်လျှောက်လုံးလဲပြိုသံကျကွဲသံများနှင့် ဆူညံသွားသည်။အပြင်မှာ ဘာတွေပျက်စီးပြီး ဘာတွေဖြစ်ပျက်နေသလဲ ခြိမ့် ထွက်မကြည့်၊ ဟင်းရည်ဟင်းဖတ်တို့နှင့် ပြန့်ကျဲနေသည့် ပန်းကန်ကွဲများကိုသာ မျက်တောင်မခတ်တမ်း အံကြိတ်လျက် ငေးစိုက်ကြည့်နေမိ၏။
မျက်ရည်စက်တွေ ပါးပြင်ပေါ် တလိမ့်လိမ့်ပြိုဆင်းကျနေတာလည်း မသုတ်မိ။ဝင်းမွတ်နေသည့်မျက်နှာထက်မှာ နီရဲညိုပုပ်လျက် ဒီဘက်ကိုမျက်နှာပြန်အလှည့်မှာ မီးဝင်းဝင်းတောက်သွားသည့် မျက်လုံးတွေ၊ဒေါသတကြီး မြောက်တက်လာသော လက်နှင့် နာနာကျည်းကျည်းပြောဆိုသွားခဲ့တာ။
အံကြိတ်ရှိုက်နေရင်း ခြိမ့် နံရံပေါ် ပစ်မှီကျသွားခဲ့သည်။
သောကတွေ ၊ပူလောင်ခြင်းတွေနှင့် ဝေဒနာအစုစုသည် ဘယ်ဆီကနေ စုဝေးရောက်ရှိလာသလဲ မသိ..၊ ကိုယ့်လက်ပူမှ ပူမှန်းသိတဲ့အဖြစ်လား..၊
ကိုယ့်ကြောင့် ဘဝပျက်မတတ်ဖြစ်ခဲ့သူတွေ၊ အနောက်ကနေ တကောက်ကောက်လိုက်ပြီး တောင်းပန်ခယခဲ့သူတွေ၊နှိုင်းခြိမ့်ခြိမ့်သာဆိုသော သူမ၏အလှအောက်မှာ ဝပ်ဆင်းခယခဲ့သည့် ယောကျ်ားများရဲ့ ချစ်ခြင်းမေတ္တာတွေကို ကစားစရာတစ်ခုလို သတ်မှတ်ခဲ့ဖူးသည်။ ယောကျ်ားတကာ၏အသည်းနှလုံးကို မွမွကြေစေခဲ့ပြီး ပြုံးပြုံးလေးနေနိုင်ခဲ့သည့် သူမ..။
သံသရာကြီး လည်နေသရွေ့၊ ကမ္ဘာကြီးမှာ လူသားတွေ ရှင်သန်နေသရွေ့.. ဝဋ်ဆိုတာ လည်နေတတ်သည့် အရာ..၊
................................................................
"ဖြစ်မှဖြစ်ရလေ... ခြိမ့်ရယ်"
ခြိမ့် လက်ဖဝါးလေးတစ်ဖက်ကို ဆုပ်ထွေးရင်း ဟန်သာ သနားဂရုဏာသက်ကာ စုပ်တစ်သပ်သပ်နှင့်..။
ကြည့်ပါဦး..အရင်က နှိုင်းခြိမ့်ခြိမ့်သာနှင့် ခု သူမရှေ့က နှိုင်းခြိမ့်ခြိမ့်သာ လားလားမျှ မတူတော့ပါလား။ ဆံပင်ဆို ကာလာစုံစတိုင်မျိုးစုံနှင့် ဆိုင်က ပြန်တယ်မရှိသည့် ခြိမ့် ဆံပင်လေးတွေက ရွှေဝါရောင်ဖျော့ဖျော့လေးပြောင်းနေပြီ။ အဝတ်အစားဝတ်တာရော နေတာထိုင်တာပါ မိန်းကလေးချင်းမနာလိုစရာကောင်းအောင် လှပစမတ်ကျနေသည့် ခြိမ့်၊ ခုတော့ အပြာရောင်ရှေ့ကွဲဂါဝန်လက်ပြတ်လေးနှင့် ကာလာစုံမျက်နှာလေးအစား နို့ရည်လေးသာခပ်ပါးပါးလူးထားသည်။
လက်မှာလည်းကျောက်ပတ်တီးကြီးနှင့် သူမရှေ့ကို ငိုယိုရောက်လာတော့ ရင်ထဲမှာ ဘယ်လိုမှ မကောင်းနိုင်တော့။
"ဒါသက်သက်ယုတ်မာတာ၊ မိုက်ရိုင်းကောက်ကျစ်တာဟ၊ အဲဒီလို ဝါးလုံးရှည်နဲ့ ရမ်းလို့ရမလား၊ ကိုတည်ကြည်က ဘာတွေဘယ်လောက်တောင် တန်ဖိုးရှိနေလို့ နင်နဲ့မတူဘူး မတန်ဘူးဖြစ်နေကြတာလဲ၊ သူတို့အသိုင်းအဝိုင်းကျတော့ ပုပ်ပွနေလိုက်တာ၊ သိမ်းပိုက်ကမ္ဘာရဲ့ လုပ်ရပ်က ဘယ်လောက်အောက်တန်းကျလိုက်သလဲ၊ တောက်!..."
မျက်ရည်မလွယ်တတ်သည့် ခြိမ့် မျက်နှာမှာ မျက်ရည်တွေ စိုလူးနေတာမို့ ဟန်သာ ဒေါသတွေ အလုံးအရင်းနှင့်ထွက်လာ၏။
"ငိုမနေနဲ့ မိခြိမ့်၊ အစကတည်းက နင်နဲ့ အဲဒီကောင် တန်ကို မတန်တာ၊ သူရုပ်ဘယ်လောက်ကြီးချောနေပါစေ စိတ်ဓာတ်က ဟိုးအောက်ဆုံးရောက်နေတဲ့ လူစားမျိုးကို နင် ဘာမှ တွယ်တာနေစရာမလိုဘူး၊ အဲဒီမျက်ရည်တွေ ကျနေတာကိုက အဓိပ္ပါယ်မရှိတာ ခြိမ့်၊ သူလိုကလေးအဖေကများ ဘာမက်မောစရာရှိသလဲ၊ဇာတ်လမ်းဖြတ်ပစ်လိုက်တာကောင်းတယ်၊ မပေါင်းနဲ့တော့ ခြိမ့်"
"ဟင်.."
"နင့်ကို မိန်းမတစ်ယောက်လို့ သတ်မှတ်ခဲ့တာမှ မဟုတ်တာ၊ ညအိပ်ဖော်ပျော်တော်ဆက်သာသာသဘောထားတဲ့ အလကားယောကျ်ား၊ လက်ထပ်စာချုပ်မရှိဘာမရှိနဲ့၊ နင် ခုထွက်လာတာ မှန်တယ် ခြိမ့်"
အပိုင်း(၁၀)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း