book

Index 8

အပိုင်း(၈)

💘မှတစ်ပါး....အခြားမရှိ💘



အပူတွေကြီးပြီး သတိလစ်သွား၍ ခြိမ့်ကို ညတွင်းချင်း ဆေးရုံတင်လိုက်ရသည်။ ဆေးအသိုင်းအဝိုင်းမှာ တည်ကြည်ခန့်ညား၏ နယ်ပယ်ဖြစ်သည်။ပြည့်သူ့ဆေးရုံကြီးကို တင်လို့မဖြစ်သလို တည်ကြည်ခန့်ညားထိုင်တတ်သော ကိုယ်ပိုင်ဆေးရုံကိုလည်း ရှောင်ရ၏။


ဘဝမှာ ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်အတွက် ရှောင်တိမ်းရခြင်းပင်။ကြောက်ရွံ့လို့မဟုတ်ပေမယ့် ဒီအချိန်မှာ ဘယ်သူနှင့်မှ ထိပ်တိုက်ရင်မဆိုင်ချင်သေးပါ။


ကိုကိုနဲ့သျှင်ယွန်းကိစ္စ မပြေလည်မချင်း ခြိမ့်နဲ့ကိုကို ထိပ်တိုက်ဆုံသွားလို့ မဖြစ်။ သူ လုပ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားနိုင်သည်။


သူ ဆေးရုံမှာ ငုတ်တုပ်မိုးလင်းခဲ့ရ၏။ရှစ်နာရီလောက်ကျတော့ ခြိမ့် အဖျားလည်း ကျသွားပြီး စိတ်ချရပြီမို့ သူ ပြန်လာခဲ့သည်။ 


"သိမ်းပိုက်...ဟဲ့... သိမ်းပိုက် နေပါဦး"


အမောတသောခေါ်သံလေး နှင့် တဖျတ်ဖျတ် ခြေသံကြောင့် ဓာတ်လှေကားထဲလှမ်းဝင်နေသည့် ခြေတစ်ဖက်ကို ပြန်ရုတ်ပြီး အသံလာရာဆီ လှည့်အကြည့်..၊


"မိသျှင်မ..."


" သိမ်းပိုက်ရယ် ခေါ်လိုက်ရတာ"


မိသျှင်မဟု သူ ခေါ်သော သူငယ်ချင်းမလေး သျှင်ယွန်းမြတ်သည် မျက်စောင်းလေး ချီရင်း သူမအကျင့်အတိုင်း မူနွဲ့နွဲ့လေးဆို၏။ခရမ်းရောင်အခံပေါ်မှာ ရွှေရောင်အချိတ်တွေထိုးထားသည့် လုံချည်၊ ရွှေရောင်လက်ပြတ်လည်တောင်အကျီလေးနှင့်ဖြစ်သည်။တံတောက်ခွက်ကျော်နေပြီဖြစ်သော ဆံပင်ရှည်တွေကို နဖူးလေးအပြောင်သိမ်းကာ ထုံးဖွဲ့ထားပြီး စိန်ဆံထိုးလေးနှင့် သျှင်ယွန်းမြတ်ပုံစံလေးက ဘယ်အချိန်ကြည့်ကြည့် ယဥ်စစနှင့်ပါ။ညိုညက်ညက်အသားအရေလေးနှင့် ပြုံးလိုက်တိုင်း ပါးချိုင့်လေးခွက်ဝင်သွားတတ်သည့် သျှင်ယွန်းမြတ်သည် မိန်းမချောစာရင်းဝင်တစ်ဦး မဟုတ်ပါလား။


အနေအထိုင်သိမ်မွေ့သလောက် စကားအပြောအဆို ချိုသာအေးဆေးလွန်းသော သူမအလှသည် ရင်ကို အေးမြစေသော စွဲမက်ဖွယ်ရာ အလှတစ်ပါးပင်။ ကျစ်လျစ်တောင့်တင်းသည့် ကိုယ်လုံးလေးက မြန်မာဝတ်ဆုံနှင့် မြင်သူတကာကို မျက်စိအေးစေသည်။ အလယ်မှာ ထိစပ်လုလုမျက်ခုံးလေးတွေက မျက်နှာသွယ်သွယ်လေးမှာ ထင်းနေ၏။


အနီးဆုံးမှာ ရှိနေသည့် သျှင်ယွန်းမြတ် အလှကို ကိုကို မမြင်တာ သူ အံ့သြမိသည်။


"နင် ဘယ်လာတာလဲ သျှင်ယွန်း"


"ငါ့အစ်မရဲ့ယောင်းမမီးဖွားတာကို သတင်းလာမေးတာ၊ နောက်ကနေကြည့်နေတာ တူပါတယ်လို့လေ၊ သိမ်းပိုက်ရယ်...ပျောက်နေလိုက်တာ၊ စိမ်းကားနေတယ်နော်...အိမ်မလာတာကြာနေလို့ မေမေက တဖျစ်ဖျစ်ပြောနေတာ"


သူ ပြုံးနေလိုက်သည်။သူ့ကို သျှင်ယွန်းမြတ်၏မိခင် သိပ်ချစ်တာ မဟုတ်လား။ သျှင်ယွန်းနဲ့သူဆိုတာ ငယ်ငယ်ကလေးကတည်းက နို့စို့ဖော်နို့စို့ဖက်၊ သျှင်ယွန်းမေမေ ကြီးမေဆိုတာ သူရဲ့ ဒုတိယမိခင်ဆိုလည်း မမှား။


"ငါမအားလို့ အဲဒီဘက်ကို မရောက်ဖြစ်တာပါ၊ ကြီးမေကိုလည်း ပြောလိုက်ပါဦး ဒီတစ်ပတ်ပိတ်ရက်ကျရင် ငါတို့သားအဖလာခဲ့မယ်လို့၊ ထမင်းဟင်းတွေသာ များများချက်ထားပေတော့"


"ချင်းချင်းတောင် မနေ့က အိမ်လာသေးတယ်၊ နင်သာ မလာတာပါနော်၊ သိမ်းပိုက်နော်..ဟင်း...မပြောချင်ဘူး၊ခြေတွေများနေတယ်"


"ခြေများရအောင် ငါက ကင်းခြေများမှ မဟုတ်တာ၊ မိသျှင်မ..သူများကလေးတွေကို ကြည့်ပြီး အားကျနေပြီမို့လား၊ ကိုကိုနဲ့နင်တို့ကလေးကျရင် အဖြူတစ်ဝက်အညိုတစ်ဝက်လေးနေမှာပဲနော်၊အဲဒီကျရင် ဖြူကျားလို့ နာမည်ပေး သိလား၊ ဟား..ဟား..."


"သေလိုက်ပါလား၊ ကောင်စုတ်...လူကို လှောင်နေတာ"


"ငါ့အစ်ကို နင်ရဲ့မတော်ရသေးတဲ့ခင်ပွန်းလောင်းကြီးကို ရအောင် မယူနိုင်တာ ညံ့တယ်ဟာ"


"တော်စမ်းပါ၊သူများကိုဆို မြင်တာနဲ့ ဘယ်လိုဟားရပါ့မလဲ စဥ်းစားနေတာ၊ နင်ရော ခု ဘယ်သူ့ဆီလာတာလဲ၊ မှန်မှန်ပြောစမ်း"


တရားခံစစ်သလို စူးစူးစိုက်စိုက်ကြည့်၍ သျှင်ယွန်းမြတ်က မေးလာသည်။ သိမ်းပိုက်မျက်နှာ ကွက်ခနဲ ပျက်သွားပြီးမှ ရယ်မောလိုက်ပြီး...၊


"ဘာလဲ...မျက်လုံးကိုက မသက်ာတဲ့မျက်လုံးနဲ့ လူကိုများ စားတော့ဝါးတော့မတတ်ကြည့်နေလိုက်တာ၊ မိသျှင်မ...နင် မေမေ့ကိုဘာတွေကုန်းချောဦးမလို့လဲ"


"အမယ်...မလုံတဲ့အိုးရေစိမ့်နေတာ၊မှန်မှန်ပြောစမ်း သိမ်းပိုက်၊ ဒီကို ဘာလာလုပ်တာလဲ"


"ဆရာကြီးလေသံနဲ့ပါလား..အဟ..၊ ခုထဲက ဆရာဝန်ကတော်လေသံပေါက်နေပြီ၊ ကိုကို့ဇနီးသာဖြစ်ရင် ဘယ်လောက်တောင်.."


"သိမ်းပိုက်!..."


သျှင်ယွန်းမြတ်က အော်ပြီးမှ သူမနှုတ်ခမ်းလေးကို ပြန်ပိတ်၍ မျက်လုံးပြူးလေးတွေနှင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်၏။ 


"စွတ်အော်မနေနဲ့၊ ဒီက လူနာတွေ နင့်ကြောင့် အသက်တိုကုန်လိမ့်မယ်၊ ခုမှ လာတာမို့လား၊ သွားတော့လေ"


"နှင်နေတာကြည့်..၊ နင်ပုံက ဘာဖြစ်နေတာလဲ၊ သိပ်မဟုတ်တော့ဘူးနော် သိမ်းပိုက်၊ ငါ မသက်ာတောင် ဖြစ်လာပြီ"


"ဖြစ်ရသေးတယ်"


"ပုံစံက ညှင်းသိုးသိုးနဲ့ အိပ်ရာထဲက ထလာတဲ့ရုပ်နဲ့၊ နင် ဘယ်သူ့ဆီလာတာလဲ၊ ဘာလာလုပ်တာလဲ သိမ်းပိုက်"


အိမ်နေရင်းပုံစံနှင့် ညက ကပြာကယာထထွက်လာခဲ့တာ အဝတ်လဲဖို့ပင် သတိမရ။ ခု မိသျှင်မက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သံသယဖြစ်နေပြီ။


"တော်စမ်းပါ...ငါ့ကို တရားခံများမှတ်နေသလား၊ ငါ့သူငယ်ချင်းတစ်ယောက်အရေးပေါ်ဖြစ်လို့ ညတွင်းချင်း ဆေးရုံတင်ရတာ၊ ခု စိတ်ချရပြီဆိုတော့ ပြန်တော့မလို့၊ တလွဲတွေတွေးပြီး မေမေ့ကို ပေါက်ကရတွေ သွားပြောမနေနဲ့ဦး၊ ငါ့အစ်ကို လူပျိုကြီးကို အစွံထုတ်ဖို့သာ စဥ်းစား ကြားလား... မိသျှင်မ.."


"ဟဲ့!..."


"ငါသွားပြီ"


"သိမ်းပိုက်..."


စွေ့စွေ့ခုန်ကျန်ခဲ့မှာကို သိပေမယ့် သူ လက်ပြပြီး လှည့်ထွက်လာခဲ့သည်။ 


သျှင်ယွန်းမြတ်က သိပ်လွယ်တာ မဟုတ်..၊တော်ကြာ..ရိပ်မိသွားပြီး အိမ်မှာ ပြန်ဖွနေမှ တကယ့် ပြဿနာ။


.................................................................


"ဟုတ်ရဲ့လား သမီးရယ်၊ ဟို အန်တီ ဒီလိုပြောလို့ တစ်မျိုးမထင်နဲ့နော်၊ အန်တီက သမီးပြောတာကို မယုံလို့ မဟုတ်ဘူး၊ သားနဲ့ပက်သက်နေတာကို မယုံနိုင်တာပါ..လူတွေဘာတွေများမှားတာလားကွယ်"


ချည်ထိုးနေရင်း ဒေါ်မြင့်မိုရ်ခန့်လက်တွေ ရပ်တန့်ကုန်၏။ သျှင်ယွန်းမြတ်မျက်နှာကို လှမ်းကြည့်ပြီး မယုံနိုင်သလို မေးလျှင်..၊


"ဟင်အင်း...ဘယ်လိုလုပ်လူမှားတာ ဖြစ်နိုင်မှာလဲ အန်တီရယ်၊ပထမနေ့က သိမ်းပိုက်နဲ့သျှင်ယွန်းတောင် အကြာကြီး ရပ်ပြီးစကားပြောခဲ့ကြသေးတယ်"


"ဟင်!...အဲဒီတုန်းက သမီး မမေးလိုက်ဘူးလား"


"ဘယ်နေမလဲ အန်တီရယ် သျှင်ယွန်းပဲ မေးတာပေါ့"


"အဲဒီတော့ ဘာပြောသလဲ"


ထိုးလက်စချည်လုံးကို ခြင်းထဲပြန်ထည့်ပြီး ဒေါ်မြင့်မိုရ်ခန့် သျှင်ယွန်းနားကို တိုးလာသည်။ သူမမျက်လုံးထဲတွင် စိုးရိမ်ပူပန်ရိပ်များက ဖုံးမရ၊ဖိမရ..၊


"အိမ်နေရင်းအဝတ်အစားနဲ့ မျက်လုံးတွေရဲပြီး အိပ်ရေးပျက်ထားတဲ့ ရုပ်ကြီးကို ပထမတော့ သျှင်ယွန်းလည်း မသက်ာဖြစ်သွားတာ၊ ဘယ်သူ့ဆီလာတာလဲ ဘာလဲညာလဲ မေးတော့ သူငယ်ချင်းတစ်ယောက်အရေးပေါ်ဖြစ်လို့ လိုက်ပို့တာလို့ပြောတယ်၊ သိမ်းပိုက်အကြောင်းလည်း အန်တီသိသားပဲလေ၊ဘာသတင်းညာသတင်းလည်း ကြားရတာမှ မဟုတ်ပဲ၊ သျှင်ယွန်းကို ဟိုပြောဒီပြောနဲ့ ပြန်သွားတာ ကောင်းကောင်းမွန်မွန်ပဲ၊ မသက်ာစရာ ဘာမှမတွေ့တော့ သျှင်ယွန်းလည်း အမှုမဲ့အမှတ်မဲ့ပဲ နေလိုက်တာ၊ နှစ်ရက်လောက်ကြာတော့ ဆေးရုံတစ်ခေါက်ပြန်သွားမှ အဲဒီမိန်းမနဲ့တွဲတွေ့လိုက်တာ"


"သူတို့က ဆေးရုံကို ဘာသွားလုပ်တာလဲ"


ဒေါ်မြင့်မိုရ်ခန့်က ဒေါသတကြီးနှင့်ပြော၏။


"သျှင်ယွန်း သေချာတော့ မသိဘူး အန်တီ၊ အဲဒီမိန်းမနဲ့အတူတူတွဲလျှောက်လာပြီးတော့ သိမ်းပိုက်က အဲဒီမိန်းမကို ကားတံခါးတောင် ကိုယ်တိုင်ဖွင့်ပေးနေတာ၊သူတို့က သျှင်ယွန်းကို မမြင်ပါဘူး၊ သျှင်ယွန်း ခေါ်မယ်ကြံတော့ သူတို့ကားက ထွက်သွားပြီ၊ သူတို့ကြည့်ရတာ ရင်းရင်းနှီးနှီးပဲ၊ လှတာတော့ အတော်လှတာ သိလား၊ အဝေးကတောင် မျက်နှာလေးက ဖူးရွနေတာ"


"လာပြန်ပြီတစ်ယောက်...သိမ်းပိုက်ကမ္ဘာ အမေလုပ်သူက ဒီလောက်ပြောထားရက်နဲ့တောင်၊ တွေ့မယ်...ငါနဲ့တွေ့မယ်၊ အဲဒီမိန်းမကရော ဘယ်သူလဲ၊ ဘယ်ကလဲ"


"သျှင်ယွန်းလည်း သူ့သူငယ်ချင်းတွေကို တစေ့တစောင်းစုံစမ်းနေပါတယ်၊ သေသေချာချာမသိပဲ သွားမပြောလိုက်ပါနဲ့ဦး၊ သျှင်ယွန်းကိုပါ စိတ်ဆိုးနေဦးမယ်"


သျှင်ယွန်း မျက်လုံးတွေ ဟိုကြည့်ဒီကြည့်နှင့် မလုံမလဲ သတိပေးရသေးသည်။ ဒေါသအိုးပေါက်ကွဲရင် မလွယ်..၊


"သမီးနဲ့မဆိုင်ပါဘူး၊ သူ သမီးကို မဲလို့ရမလား၊ အန်တီနဲ့တွေ့သွားမှာပေါ့၊ ဂဏာမငြိမ်ဖြစ်နေတာ အဲဒါကြောင့်ပဲ ဖြစ်မယ်၊ အစကတည်းက အိမ်မကပ်တဲ့ကောင်ဆိုတော့ အပြင်မှာ ဖြစ်ချင်တိုင်းဖြစ်နေတာကို သတိမထားမိကြတာ၊ ပြန်လာပါစေ..တွေ့ဦးမယ်"


"ဘာတွေတွေ့နေကြတာလဲဗျ၊ ရတနာသိုက်ကြီးလား"


"ပြောရင်းနဲ့ အသက်ရှည်ဦးမယ်"


ဧည့်ခန်းအကွယ်ကနေ ဖွားခနဲ ပေါ်လာပြီး သိမ်းပိုက်က ဒီဘက်ကို လျှောက်လာ၏။သျှင်ယွန်း နှုတ်ခမ်းလေးမဲ့ရင်း ဒေါ်မြင့်မိုရ်ခန့်ဘေးနားကို တိုးထိုင်လိုက်သည်။


သိမ်းပိုက်ကလည်း သူမကို မြင်လိုက်ကတည်းက တစ်ခုခုပဲဆိုတာ သိလိုက်၏။


"လာစမ်းပါ...ထိုင်ပါဦး သားငယ်၊ မေမေ မင်းကို မေးစရာရှိတယ်"


"ဘာတွေလဲ မေမေရာ၊ ဒီသျှင်ယွန်းမက မေမေ့ကို ဘာတွေချွန်ထားပြန်ပြီလဲ"


သျှင်ယွန်းကို မျက်လုံးကြီးပြူးကြည့်၍ သိမ်းပိုက်က ဆိုဖာမှာ ဝင်ထိုင်သည်။


"သမီးကို မင်းဘာမှ မဲစရာမလိုဘူး၊ သားငယ်..မေမေလိမ်တာညာတာဆို လုံးဝမကြိုက်ဘူးနော်၊ မေမေမေးတာ မှန်မှန်ဖြေ၊ မင်းနဲ့ဆေးရုံမှာတွေ့ခဲ့တာ ဘယ်က မိန်းကလေးလဲ၊ မင်းနဲ့ဘယ်လိုပက်သက်သလဲ ပြောစမ်း သားငယ်"


 သူ သျှင်ယွန်းကို လှမ်းကြည့်လိုက်သည်။သျှင်ယွန်းတို့ လက်ချက်ကလွဲပြီး တခြားမရှိ။ မေမေ့ဘေးကပ်ထိုင်ပြီး ဘာတွေ ပြောထားသလဲ မသိ။ မေမေက မသက်ာတဲ့မျက်လုံးတွေနဲ့ တရားခံကြည့် ကြည့်နေတာ။


သူ စိတ်တိုတိုနှင့် စောင်ပေပေကြည့်ရင်း လက်သီးထောင်ပြလိုက်ကာ...၊


"သတင်းကလည်း မြန်လိုက်တာ၊ အင်တာနက်တောင် နောက်ကောက်ကျကျန်ခဲ့မှာ သေချာတယ် မိသျှင်မတို့ သတင်းရပ်ကွက်က ချက်ချင်းဒိုင်းခနဲပဲနော်..၊ ကျေးဇူးတင်ပါတယ် ဒေါ်သျှင်ယွန်းမြတ် ခုလို မေမေ့ကို ကြိုအသိပေးထားတာ သိပ်ကို ကျေးဇူးတင်ပါတယ်"


ခပ်ရိရိလေးပြောပစ်လိုက်၏။ထင်တဲ့အတိုင်း သျှင်ယွန်းတို့က လုပ်ချလိုက်ပြီ။


"အပိုတွေ ပြောမနေနဲ့၊ အဲဒီမိန်းကလေးနဲ့ မင်း ပက်သက်နေတယ်မို့လား၊ ဘာဖြစ်ဖြစ် မေမေ သဘောမကျဘူးနော် သားငယ်၊ မင်း ဇာတ်လမ်းကို ခုဖြတ်"


"ဟာဗျာ!...မေမေနဲ့တော့ ဒုက္ခပါပဲ၊ ကျွန်တော် ဘာလုပ်နေလို့လဲ၊ခုရော ဘာဖြစ်နေလို့လဲ မေမေနဲ့တော့ ခက်တယ်"


"ဘာခက်တာလဲ...ဘာခက်တာလဲ၊ မင်း လုပ်ပုံတွေကရော ဟုတ်လို့လား၊ ရှုပ်ရှုပ်ရှက်ရှက်တွေ မေမေ လက်မခံဘူးနော်၊ နောက်တစ်ခါ ထင်ရာစိုင်းဖို့မစဥ်းစားနဲ့၊ ချင်းချင်းမျက်နှာကို ကြည့်ဦး"


"ကျွန်တော် ဘာလုပ်နေလို့လဲဗျာ၊ မေမေကတော့ သျှင်ယွန်းမ ပြောတာကို စွတ်ယုံပြီး ပြောနေတော့တာပဲ"


သူ ဆံပင်တွေကို ဆွဲဖွရင်း ညည်းညူသလိုပြောကာ..၊


"မိသျှင်မ...နင် ဘာမဟုတ်တာတွေ မေမေ့ကိုပြောထားသလဲ ပြောစမ်း"


"မြင်တာပါ၊ ဆေးရုံထဲကနေ နင်နဲ့ မိန်းကလေးတစ်ယောက်ကားနဲ့အတူတူထွက်သွားတာမြင်လို့ မြင်တယ်ပြောတာ"


"ကျစ်!...လုပ်ချလိုက်ပြန်ပြီဟာ"


"အဲဒါ ဘယ်သူလဲ၊ မင်းနဲ့ ဘယ်လိုပက်သက်သလဲ သားငယ်၊ ပြောစမ်း"


"အဲဒါ ကျွန်တော့်ကားနဲ့မတော်တဆတိုက်မိတဲ့ အမျိုးသမီးပါ မေမေရာ၊ သျှင်ယွန်းနဲ့ဆေးရုံမှာတွေ့တဲ့နေ့က သူဆေးရုံဆင်းတဲ့နေ့လေ၊ ကျွန်တော့်ကားနဲ့တိုက်မိတာဆိုတော့ အားလုံး ကျွန်တော်တာဝန်ယူလုပ်ပေးရတာ၊ တခြားဘာကိစ္စမှ မရှိပါဘူးဗျာ၊မေမေတို့ကို မပြောဘူးဆိုတာကလည်း သပ်သပ်စိတ်ပူနေမှာစိုးလို့ပါ၊ ဘာမှလည်း ဖြစ်သွားတာ မဟုတ်ပါဘူး လက်လောက်ပဲ ကျိုးသွားတာဆိုတော့ ဆေးကုပေးပြီး ဆေးကုသစရိတ်ပေးလိုက်ရုံပါပဲ"


"ဟုတ်လို့လား သားငယ်၊ ကားတံခါးကို ကိုယ်တိုင်ဖွင့်ပေးတာ ရိုးရှင်းပါ့မလား"


"ခက်တော့တာပဲ မေမေရာ၊ သူ လက်ကျိုးနေလို့ ကျွန်တော်က လုပ်ပေးတာ၊ ဘာမှ မပက်သက်ပါဘူးဆိုနေမှ"


"အေး.. မပက်သက်ရင်လည်း ပြီးတာပဲ၊ ကွန်ဒိုမှာ တစ်ယောက်တည်း သွားအိပ်တာ မေမေ သဘောမကျဘူး၊ မေမေတို့တိုက်ကလည်း လေးထပ်တောင်.. သားငယ် စိတ်ကြိုက်နေလို့ရနေတာ၊ ဒီနေ့ကစပြီး မင်း အိမ်မှာပဲ အိပ်တော့၊ ကြားလား သားငယ်"


သူ ဘာမှ မပြောပဲ သျှင်ယွန်းကို တစ်ချက်ကြည့်၍ ထရပ်လိုက်လျှင်..၊


"မေမေပြောတာ ကြားလား"


"ကြားပါတယ် မေမေ"


မယ်မင်းကြီးမ ကျေးဇူးရှင်မ..မိသျှင်ယွန်း..တွေ့ဦးမယ်..၊


စိတ်ထဲက ကြိမ်းဝါးရင်း ဓာတ်လှေကားခလုတ်ပေါ် ပုံချလိုက်မိ၏။ သူနေတဲ့သုံးထပ်ကို တက်ပြီး  အေးဆေးအနားယူလိုက်ဦးမည်။


 နောက်ပြဿနာ နောက်ရှင်းပဲ..၊


................................................................


အဖျားကြီးရင် သတိလစ်သွားတတ်တာ ခြိမ့်၏ အစွဲတစ်ခုပင်။ ဆေးရုံမှာ နှစ်ရက်ကြာခဲ့သည်။ 


အဲဒီညက ဆေးရုံပို့ပေးခဲ့တာကိုပင် ကြံဖန်ကျေးဇူးတင်ရပါ၏။ ဆေးရုံမှာတုန်းကလည်း ဝတ်ကျေတန်းကျေ ခဏ တဖြုတ်ရောက်လာပြီး ပျောက်ပျောက်သွားသည်။တိုက်ခန်းပြန်ရောက်တော့လည်း ဖမ်းလို့မမိ။ ဒီနေ့နဲ့ဆို ပြန်မလာတာ သုံးရက်ရှိနေပြီ။ 


 အထူးအဆန်းမဟုတ်တော့သလို၊ ခြိမ့် နေတတ်နေပါပြီ။ ကျိုးနေသည့်လက်နှင့် ဘာမှလုပ်လို့မရတော့ သုံးရက်လုံးလုံးခေါက်ဆွဲပြုတ်နှင့် မုန့်သာ နှစ်ပါးသွားခဲ့ရ၏။


ဟန်သာက တစ်နေ့တစ်ခါဖုန်းဆက်ပြီး သတင်းမေးရှာသည်။ ဒါတောင် သူ ကားနဲ့တိုက်ခဲ့တာကို မပြောပဲ ထိန်ချန်ထားလို့၊ မဟုတ်ရင် ဟန်သာတစ်ယောက် ချက်ချင်းရောက်ချလာမှာ။ ပြီးတော့ ပြဿနာတွေဖြစ်မှာကို ခြိမ့် စိုးသည်။


ခုတောင် လက်မထပ်ပဲ အတူတူနေတာနဲ့ပက်သက်ပြီး ဟန်သာတစ်ယောက် သူမကို စိတ်ဆိုးနေတာ။ 


အင်းလေ...အချစ်ဆုံးသူငယ်ချင်းဆိုတော့ ဟန်သာ စိတ်ဆိုးတာ အပြစ်မဟုတ်ပါဘူး။ လက်ထပ်ခြင်းကို ကြောက်ရွံ့ပါသည် အယုံအကြည်မရှိပါဟု ကြွေးကြော်ခဲ့ပြီးမှ ခြိမ့်ဘက်က စပြီး လက်ထပ်ကြရအောင်ဟု ပြောဖို့ ဝန်လေးနေမိသည်။


မမကြူကတော့ စားစရာလေးတွေ ယူလာပြီး ဒီဘက်ကိုအားတဲ့အချိန် ကူး ကူးလာတတ်၏။သူ ခြိမ့်အပေါ်ကို သူများတွေထားတဲ့စေတနာ တစ်ဝက်လောက်လေး ထားပေးနိုင်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ..၊


ခြိမ့် သူ့ဆီက အကြင်နာတွေကို တောင်းတလာတတ်ခဲ့သလို၊ ခြိမ့် ကိုယ်တိုင်လည်း ရန်ခုန်သံတို့၏ ဖျားယောင်းခြင်း၌ ပျော်ဝင်နေလေပြီ။ ခြိမ့်နှလုံးသားသည် အချစ်ဆိုသော နယ်နိမိတ်အတွင်းသို့ ဝင်ရောက်မှန်းမသိ ကျူးကျော်ဝင်ရောက်နေလေသည်။


ချစ်တတ်သောနှလုံးသားမှာ အချစ်နှင့်ပက်သက်ရင် အရာအားလုံး အစဥ်သင့်ဖြစ်နေတတ်ကာ နူးညံ့သော အချစ်၌ပျော်ဝင်နေသည့် သာယာခြင်းများကို ခြိမ့် နားလည်လာရ၏။


ခြိမ့် ချစ်တတ်ခဲ့လေပြီ..၊


"ကျွီ!..."


"ဟင်!.."


ခုတင်ပေါ်လဲလျောင်းရင်း အတွေးနယ်ချဲ့နေသည့် ခြိမ့် တံခါးဖွင့်သံကြောင့် ဆတ်ခနဲဖြစ်သွားပြီး လူက ထထိုင်မိလျက်သားဖြစ်သွားသည်။


"ခင်ဗျား မအိပ်သေးဘူးလား"


"သိမ်းပိုက်..."


အခါတိုင်းပိတ်ရက်တွေဆို ပြန်မလာတော့ ဒီတစ်ပတ်စနေမှာလည်း ပြန်လာလိမ့်မည်ဟု မထင်ခဲ့။ အနက်ပေါ်မှာ အဖြူအခြစ်လေးတွေပါသည့် ပုဆိုးနှင့်အပြာနုရောင် ရှပ်လက်တိုဝတ်ထားသည့် သူက ညမီးရောင်အောက်မှာ ထည်ဝါသော ချောမွေ့ခြင်းတို့နှင့်...၊


ဖုန်းကို စားပွဲပေါ်သွားတင်ပြီး ခြိမ့်ဘက် တစ်ချက်ကြည့်ကာ...၊


"ကျုပ်ကိုစောင့်နေတာလား"


"တမင်စောင့်နေတာမျိုးကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့်...ခြိမ့် မျှော်နေမိတာတော့ အမှန်ပဲ"


"ခင်ဗျားတွဲခဲ့တဲ့လူတိုင်းကို အဲဒီစကားတွေနဲ့ ဖျားယောင်းခဲ့တာပဲမို့လား၊ အဲဒါကြောင့်လည်း ဟိုကောင်တွေ သည်းသည်းလှုပ်ကျန်ရစ်ခဲ့ကြတာ မဆန်းပါဘူး အဟွန်း.."


ခပ်မဲ့မဲ့ပြုံးနေတာတောင် ချောမွေ့နေသည့်မျက်နှာမှာ မျက်လုံးတွေကျတော့ စူးတောက်နေလျက်..၊


"ကိုကို ခင်ဗျားကို သိပ်ချစ်ခဲ့တယ်ဆိုတာ ခင်ဗျားသိပါတယ်နော်"


"အင်း..."


"ခင်ဗျားလည်း ကိုကို့ကို မချစ်ခဲ့ရင်တောင် သာယာခဲ့မှာပဲ"


"ခုမှ ဘာလို့ ဒါတွေလာပြောနေရတာလဲ၊ မင်းကိုယ်တိုင် ငါနဲ့မင်းအစ်ကိုကိုကွဲစေချင်ခဲ့တာပဲ မဟုတ်လား၊ ဒီအကြောင်းတွေ အစမဖော်သင့်ဘူးလို့ မထင်ဘူးလား"


ထိုမျက်လုံးတွေနှင့်ဆုံသွားတော့ ခြိမ့် မလွှဲဖယ်မိတော့..၊


"စားပြီးပြီလား၊ ဘာရှိလဲ"


"ဘာမှမရှိဘူး"


"ဟ!...ဘာမှမရှိပဲ ခင်ဗျား ဘာနဲ့စားလဲ"


တံခါးဆီလှည့်သွားပြီးမှ အချဥ်ပေါက်ပေါက်နှင့်မေးလိုက်လျှင်..၊


"ဒီလက်နဲ့ ဘာချက်နိုင်မှာလဲ၊ မငတ်အောင် ခေါက်ဆွဲတောင် အနိုင်နိုင်ပြုတ်သောက်နေရတာ"


စောစောက စူးရဲနေသည့် မျက်လုံးတွေ ချက်ချင်းအရောင်ပြောင်းသွားပြီးသူ အခန်းထဲကနေ ချာခနဲထွက်သွား၏။သော့တစ်ချောင်းက သူ့ဆီမှာမို့ ဘယ်အချိန်ပြန်လာလာ ခြိမ့် ထဖွင့်ပေးစရာ မလို..။တံခါးဆောင့်ပိတ်သံ၊ လှေကားပေါ်က နင်းလျှောက်ဆင်းသွားသံများကို ကြားလိုက်ရ၏။


ရောက်လာပြီးမှ ပြန်ထွက်သွားပြန်ပြီ။မတတ်နိုင်...ခြိမ့် ဘာမှချက်မထားလို့ စိတ်ဆိုးသွားတာဆို နေပါစေ။ အဲဒီလိုဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ..၊


မျက်နှာမြင်လိုက်ပြီးမှ ပြန်ပျောက်သွားတော့ ခြိမ့် စိတ်ထဲ မတင်မကျနှင့်..။ အိပ်ရာပေါ်ပြန်လှဲမလို့လုပ်ပြီးမှ ရေအိမ်ဝင်ချင်လာသဖြင့် ရေချိုးခန်းဘက်လျှောက်ခဲ့သည်။ အလိုမကျမှုတို့ဖြင့် ခြိမ့်မျက်နှာက စူပုတ်ပုတ်လေးဖြစ်နေ၏။


🎼🎼🎼🎼🎼🎼🎼🎼🎼📲


ရေချိုးခန်းထဲက ထွက်လာသည့် ခြိမ့် ရုတ်တရက် ဖုန်းမြည်သံကြောင့် ကိုယ်လေး ဆတ်ခနဲ တုန်သွားသည်။ 


ဖုန်းက ခုတင်ဘေး စားပွဲပေါ်ကမြည်နေတာ..၊ စောစောက သိမ်းပိုက် ဖုန်းထားခဲ့ပြီး မေ့သွားတာဖြစ်မည်။ ဖုန်းမြည်သံက အဆက်မပြတ်ထွက်နေသဖြင့် ခြိမ့် ဖုန်းနားရောက်သွားပြီး နားထောင်လိုက်လျှင်...၊


"ဘယ်သူလဲ...ခုဖုန်းကိုင်တာဘယ်သူလဲ၊ ဖေကြီးဖုန်းကဘာလို့အန်တီ့လက်ထဲ ရောက်နေရတာလဲ၊ မီးမီး ဖေကြီးနဲ့စကားပြောချင်တာ၊ မီးမီးဖေကြီးဖုန်းကို အန်တီကောက်ရထားတာထင်တယ်၊ ဒီဖုန်းက ဖေကြီးဖုန်းပါ အန်တီ၊ မီးမီး ဖေကြီးဆီကို ဖုန်းပြန်ပို့ပေးပါနော်"


ခြိမ့် လည်ပင်းထဲ ခြောက်ကပ်လာပြီး ဘာစကားမှ ပြန်မပြောနိုင်..။တစ်ဖက်က ကလေးအသံက ဆက်တိုက်ထွက်နေတာ..၊


ဖေကြီးတဲ့..၊ မီးမီးတဲ့..၊


"ဟိတ်!...ပေးစမ်း"


ခြိမ့် လက်ထဲက ဖုန်းကို နောက်ကနေ ဆွဲယူခံလိုက်ရ၏။


အပိုင်း(၉)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: