book

Index 7

အပိုင်း(၇)

💘မှတစ်ပါး....အခြားမရှိ💘


     

"မင်း...မင်း လူတစ်ယောက်လုံးကို... ဒါ သက်သက်လုပ်တာ၊ တောက်!.."


အသားနာတာရော ဒေါသတွေပါ စုပေါင်းလျက် ခြိမ့် အသံတွေပါ တုန်နေသည်။ မျက်လုံးစူးစူးလေးတွေနှင့် ရှုံ့မဲ့နေသည့်ကြားကနေ မာထန်ထန်လေးဖြစ်သွားသည့် မျက်နှာက အရင်က နှိုင်းခြိမ့်ခြိမ့်သာ၏ အမူအကျင့်လေးတွေ ပြန်ပေါ်လာ၏။


လူတစ်ယောက်လုံးကို ခွေးတွေဝက်တွေလို တိုက်ကျပစ်လိုက်တာများ ကံကောင်းလို့ မသေတယ်။ ရက်စက်ပါသည်ဆိုတာထက် ပိုနေသည့် ယောကျ်ား..။စကားပြောနေသော ခြိမ့် မျက်လုံးလေးတွေကိုကြည့်၍ နားလည်ကာသိမ်းပိုက် ခပ်မဲ့မဲ့ပြုံးလိုက်ပြီး..၊


"အသက်နဲ့ အဝေးကြီးပါ၊ ဒီလောက်နဲ့ ခင်ဗျား မသေနိုင်သေးပါဘူး"


"ဘာ!..အား...ကျွတ်..ကျွတ်.."


စိတ်ရှိလက်ရှိ အော်ဟစ်လိုက်တော့ အသည်းခိုက်မတတ်နာကျင်သွားရကာ ခြိမ့် မျက်နှာလေး ချက်ချင်းမဲ့ကျသွားလေသည်။ 


သိမ်းပိုက်က အနက်ရောင်ကုတ်နှင့် အနက်ရောင်ရှပ်နှင့် ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ ခပ်မိန့်မိန့်ကြည့်နေသည်။ သူ့တစ်ကိုယ်လုံးသည် ခဏချင်း စိုရွှဲသွား၏။ မျက်နှာပေါ် အရှိန်ပြင်းပြင်းထိမှန်နေသည့် မိုးစက်တို့ကို သပ်ချရင်း သူ  ခြိမ့်ရှေ့မှာ ဒူးတစ်ဖက်ချ၍ ထိုင်လိုက်ပြီး..၊


"အနည်းဆုံးကျိုးရုံပဲ့ရုံလေး ဝင်တိုက်လိုက်တာ၊  အဲဒါ သင်ခန်းစာပဲ၊ နောက်ကို စိန်လာမခေါ်မိစေနဲ့၊ အသေတိုက်သတ်ပစ်လိုက်လို့ရတယ် မှတ်ထား.."


"လုပ်လေ...လုပ်လိုက်ပါ၊ ခု တစ်ခါတည်း သတ်ပစ်လိုက်"


ဘယ်နေရာက ဘာတွေဖြစ်သွားသလဲ မသိ။ ကြောက်ကြောက်လန့်လန့်နှင့် လမ်းဘေးအကျမှာ ထောက်လိုက်မိသလား မသိ၊ လက်တစ်ဖက်က လှုပ်လိုက်တိုင်း အသည်းခိုက်မတတ်နာကျင်လျက်..၊


"နောက်တစ်ခါဆိုရင်တော့ ပြောမရဘူး၊ မယုံရင် ထပ်စမ်းကြည့်လိုက်"


မထိတထိကြည့်၍ ပြောလျှင် ခြိမ့် နှုတ်ခမ်းသားလေးကို ဖိကိုက်ပစ်မိရင်း..၊


"အလကား...အသည်းနှလုံးမရှိတဲ့ကောင်၊ မင်း..မင်းကို လုံးဝမကျေနပ်ဘူးသိလား"


"ဟုတ်တယ်၊ ကျုပ်က နှလုံးသားမရှိတဲ့ကောင်၊ ကျုပ်ကို ဆန့်ကျင်တာ၊ ကျုပ်စကားကို နားမထောင်ရင်  ဒီထက်ဆိုးသွားမယ်၊ ကျုပ်က မလုပ်နဲ့ဆို စိတ်တောင်မကူးမိစေနဲ့ ကြားလား"


ခြိမ့် ပြန်ပြီးရန်မတွေ့နိုင်ခင် သူက စွေ့ခနဲ ပွေ့လိုက်ပြီး...၊


"ဘယ်မှ မသွားတတ်အောင် ခြေတောက်တွေကို ချိုးထားမလို့ ခင်ဗျားရှောင်လိုက်လို့ ကံကောင်းသွားတယ် မှတ်"


"မင်းလုပ်ရဲတာတွေ ပြောမနေနဲ့၊ ခုလည်း လူရှင်းနေတာ၊ ကားနဲ့တက်ကြိတ်သွားလည်း ဘယ်သူမှ မမြင်ဘူး"


"အဟွန့်!...ခင်ဗျားသေရဲတာ ကိစ္စမရှိဘူး၊ သရဲဖြစ်ပြီး ကိုကို့နားမှာ ကပ်တွယ်နေမှ ပြဿနာ"


ခြိမ့်ကို ကားနောက်ခန်းထဲ ထည့်ပြီး မချိုမချဥ်ပြောလျှင်..၊


"ကိုတည့်ဆီတော့ မသွားဘူး၊ မင်းနောက်လိုက်ပြီး ကုတ်ချိုးပစ်မယ်"


"သရဲဖြစ်တဲ့အထိတောင် ကျုပ်ကို မခွဲနိုင်ဘူးပဲ၊ ရပါတယ် သရဲမချောချောလေးဆိုရင်တော့... အဟဲ.."


"သေလိုက်ပါလား!.."


"ဟား...ဟား..ဟား..."


ကားတံခါးကို ဆွဲပိတ်ရင်း အူလှိုက်သည်းလှိုက် ရယ်မောသံက ခြိမ့် ဒေါသတွေကို ကလိကလိဖြစ်စေသည်။

 

.............................................................


ညာဖက်လက်ကျိုးသွားသဖြင့် ကျောက်ပတ်တီးကိုင်လိုက်ရ၏။ ခြေတောက်နဲ့ လက်တွေမှာ ပွန်းပဲ့သွားပေမယ့် ဒဏ်ရာကြီးကြီးမားမားဖြစ်မသွားတာ တော်သေးသည်လို့ပဲ ပြောရမလား။ ခြေခေါက်လဲကျသွားပြီး ရုတ်တရက် ခြိမ့် လမ်းမလျှောက်နိုင်..။


 ဆေးခန်းဝင်ပြပြီး တိုက်ခန်းပြန်ရောက်တော့ ညဆယ့်တစ်နာရီကျော်နေပြီ။


"အဝတ်မြန်မြန်လဲလိုက်"


လေးလွှာအထိ ချီပိုးတက်လာပြီး အိပ်ခန်းထဲ ရောက်တော့ အဝတ်လဲသည့် ကန့်လန့်ကာနောက် ပို့ပေးကာ သူကိုယ်တိုင်ဆွဲပိတ်ပေး၏။


"လုပ်လိုက်ရင် အရမ်းပဲ...ဘာမှန်းလည်း မသိဘူး"


ခြိမ့် ပွစိပွစိရေရွတ်ပြီး ကန့်လန့်ကာကို ပြန်အဆွဲ...၊


"ဘာဖြစ်ပြန်တာလဲ အဲဒါ.."


ရေစိုနေသည့် ရှပ်အကျီကြယ်သီးတွေကို ဖြုတ်နေရင်း သိမ်းပိုက်က မျက်မှောင်ကြီးကုတ်၍ လှည့်ကြည့်၏။


"လဲစရာ အဝတ်မရှိဘူးလေ၊ အပမ်းမကြီးရင် ဗီရိုထဲက ညဝတ်အပြာလေးယူပေးပါလား"


ကန့်လန့်ကာနောက်ကနေ ခေါင်းလေး ပြူပြီးပြောတော့ သူ  အဝတ်ဗီရိုကြီးရှိရာကို လျှောက်သွားသည်။ ညဝတ်အကျီအပြာလေး ဆွဲထုတ်လာပြီး ဒီဘက်ကို ပြန်လျှောက်လာ၏။


"ရော့"


ဂျစ်တစ်တစ်မှုန်တေတေမျက်နှာနှင့် ခြိမ့်ကို မကြည့်ပဲ အကျီလှမ်းပေးလျှင်..၊


"ကျေးဇူး"


"အပိုတွေလုပ်မနေနဲ့၊ လဲစရာရှိတာ မြန်မြန်လဲ"


သိမ်းပိုက်ကဟိုဘက်ပြန်လျှောက်သွားကာ ကြယ်သီးတွေဖြုတ်ပြီးသွားသည့် အကျီကို ချွတ်ပစ်၍ လျှော်မည့်အဝတ်ခြင်းထဲ ပစ်ထည့်ကာ ဗီရိုထဲက တီရှပ်တစ်ထည်နှင့် ပုဆိုးထုတ်ယူနေသည်။


"သိမ်းပိုက်"


ခြိမ့် ခေါ်လိုက်တော့ ခါးပတ်ဖြုတ်နေရင်း သိမ်းပိုက်က လှည့်ကြည့်ကာ...၊


"ဘာလဲ.."


"ခြိမ့်အကျီဇစ်လေးဆွဲပေးပါလား၊ ဒါကြီးနဲ့ ချွတ်ရခက်နေလို့"


ကျောက်ပတ်တီးစီးကာ စလွယ်သိုင်းထားသည့် လက်ကို လှမ်းကြည့်ပြီး မကြည်မလင်မျက်နှာနှင့် ကန့်လန့်ကာနောက်ကို ဝင်လိုက်လာပြီး...၊


"ဟိုဘက်လှည့်.."


ဟုဆိုပြီး ခြိမ့်ပခုံးကို သူ ဆွဲလှည့်ပစ်၏။အပေါ်ကနေထပ်ထားသည့် ဂျာကင်က ဆေးခန်းမှာကတည်းက ချွတ်လိုက်ပြီးပြီမို့ ဂါဝန်နောက်ဇစ်ကို ဗြီးခနဲ ဆွဲချပစ်ကာ...၊


"ဇစ်ဆွဲရုံပဲလား၊ အကျီကူလဲပေးဖို့ရော မလိုဘူးလား"


ခြိမ့်ကို သူ တမင်ရိနေသည်။


"အဲဒါဆို ပိုကောင်းတာပေါ့၊ ခြိမ့် အဝတ်လဲဖို့ အဆင်မပြေဖြစ်နေတာ၊ လှုပ်လိုက်တိုင်းလက်က နာနေတာ၊ သိမ်းပိုက် ကူညီပေးဦး"


"မလုပ်ပေးနိုင်ဘူး၊ ကိုယ့်ဘာသာလဲ၊ ကျုပ်က ခင်ဗျားအလုပ်သမားမဟုတ်ဘူး၊ ကျုပ်ကိုသာ ခင်ဗျားလုပ်ပေးရမှာ"


ချက်ချင်းအေးစက်သွားသည့်မျက်နှာနှင့် ကန့်လန့်ကာနောက်ကနေ ထွက်သွားသည့် သူ့ကို နားမလည်နိုင်ဖြစ်ကာ ခြိမ့် ခဏကြောင်သွားပြီးမှ...၊


"သိမ်းပိုက်.."


ခြိမ့် ကို ဂရုမစိုက်တော့ပဲ အပြင်မှာ လှုပ်ရှားနေသံကြားနေရသဖြင့် သူ အဝတ်လဲနေပြီမှန်း သိလိုက်သည်။ကောင်းမိကောင်းရက်နှင့် လုပ်ပေးနေပြီးမှ ထဖောက်သွားပြန်ပြီ။ သူ့စိတ်က လုံးဝအစိုးမရပါလား။ 


ဘောင်းဘီကို ပုဆိုးနှင့်လဲဝတ်နေရင်း သိမ်းပိုက် မျက်နှာ အလိုလိုတင်းနေသည်။သူကိုယ်တိုင် ကားနှင့်တိုက်ပြီးမှ  သူပဲ တောက်လျှောက်လိုက်လုပ်ပေးနေရသည့် အဖြစ်။ 


"အာ့...ကျွတ်...သေပါပြီ၊ ဒီလက်.."


ပက်လက်ဆန့်ဆန့်ကြီး ခုတင်ပေါ်ပစ်လှဲချလိုက်ပြီးမှ သူမ  အသံကြောင့် ခေါင်းအောက်လက်လျှိုကာ ကန့်လန့်ကာဆီ မျက်လုံးက အလိုလိုရောက်သွား၏။


ဂါဝန်ကို တစ်ဝက်တစ်ပျက်ချွတ်ချရင်း လက်တစ်ဖက်တည်းနှင့် ခြေကားယားလက်ကားယားဖြစ်နေသည့် သူမအရိပ်က မီးအလင်းရောက်ကြောင့် ကန့်လန့်ကာမှာ အထင်းသားပေါ်နေသည်။


ထိုဆီရောက်နေသည့် မျက်လုံးတွေကို မှိတ်ပစ်ပြီး နဖူးပေါ်လက်တင်ကာ အိပ်ပျော်ဖို့ ကြိုးစားလိုက်၏။


ဘာဖြစ်ဖြစ် ကိုယ် အနေသာကြီး..သိမ်းပိုက်။


ဆန့်ကျင်ဘက်တိုက်ချင်တဲ့ မိန်းမ ပစ်ထားလိုက်။


ပက်လက်ကနေ ဝမ်းလျားမှောက်အိပ်ရင်း စုပ်သပ်သံ၊ညည်းတွားသံတွေကို အတိုင်းသားကြားနေရသည်။ အချိန်တွေသာ တဖြည်းဖြည်းကုန်သွားသည် သူမ ကန့်လန့်ကာနောက်ကနေ ထွက်မလာသေး။ 


"အလကား..လူဆိုး၊သူများကို ကားနဲ့ကျတော့ တိုက်ပြီး ကြည့်နေနိုင်တာ၊ ရက်စက်တဲ့ သိမ်းပိုက်ကမ္ဘာ"


ကလေးလို ပွစိပွစိရေရွတ်နေသေး၏။ 


"အမေ့!...ဒီအကျီကို ဘယ်လိုဝတ်မလဲ၊ မာမီရေ ခြိမ့်ဒုက္ခကို မြင်လှည့်ပါဦး၊ဟင့်...ဟင့်..."


ဘယ်လိုမှ ဆက်အိပ်လို့မရတော့ သူ ငေါက်ခနဲ ထထိုင်လိုက်ပြီး ခြေလှမ်းတွေက တလွှားလွှားနှင့် ရောက်သွားပြီး ကန့်လန့်ကာကို ဆွဲဖွင့်လိုက်လျှင်..၊


"ဟင်! အို...သိမ်း...သိမ်းပိုက် "


ခန္ဓာကိုယ်ကို ညဝတ်အကျီနှင့်ဆွဲကာရင်း ခြိမ့် မျက်လုံးပြူး မျက်ဆန်ပြူးနှင့် သူ့ကိုကြည့်ကာ..၊


"ဘာမှန်းလည်းမသိဘူး၊ အသံမပေးဘာမပေးနဲ့"


"ခင်ဗျား ဒီလောက်သံစုံမြည်နေတာ ဘယ်လိုအိပ်လို့ရမှာလဲ၊ပေးစမ်းပါ..ခုမှ ကွယ်မနေနဲ့"


 "အို.."


"သိမ်းပိုက်.."


ခြိမ့် မျက်နှာတစ်ပြင်လုံးမီးဟပ်ခံလိုက်ရသလိုပါ။


"ကျွန်တော် အိပ်ချင်ပြီ"


အကျီကြယ်သီးကို အပြီးသတ်တပ်ပေးပြီး ခပ်တိုးတိုးစကားသံအဆုံးမှာ ခြိမ့် တစ်ကိုယ်လုံး သူ့လက်ထဲ ပါသွားသည်။


ညသည် ပုံမှန်အတိုင်း အမှောင်ကို အဖော်ပြုကာ ခရီးနှင်လျက်...၊


.................................................................


"အဲဒီလိုလုပ်နေရင် နစ်သတက်နစ်မနေဘူးလား ကိုကြီး"


"မိဘကို ဆန့်ကျင်ချင်တာ နေပါစေပေါ့၊ နောင်တရတဲ့တစ်နေ့ ပြန်လာလိမ့်မယ်"


ဦးဉာဏ်သာကို ကြည့်ရင်း သူမ ခေါင်းရမ်းလိုက်မိသည်။ဒီသမီးကို မချစ်တာလည်း မဟုတ်၊ ခြိမ့်ကို ဘယ်လောက်အထိ ချစ်သလဲဆိုတာ ဦးဉာဏ်သာ မပြောပေမယ့် သူမ သိပါ၏။


ခြိမ့် အိမ်က ထွက်သွားသည့်နေ့ကတည်းက သမီးဖြစ်သူနောက်ကနေ စောင့်ကြည့်ရင်း အကဲခတ်နေတာလည်း သိနေသည်။ ပြန်ခေါ်လိုက်ပါဆိုတော့လည်း ဘယ်လိုမှ နားချလို့မရ။


"အဲဒီနေ့ကို စောင့်ရအောင် ခြိမ့်လေးက ယောကျ်ားလေးမဟုတ်ဘူးနော်၊ ကိုကြီးသမီးကို ဒီအတိုင်းပစ်မထားသင့်ပါဘူး၊ မိန့်တို့ရင်ခွင်မှာ ပြန်ခေါ်ထားတာ အကောင်းဆုံးပဲ"


"သမီးက အသာတကြည်လက်ခံလိမ့်မယ်လို့ မင်းထင်နေသလား မိန့်၊ အဲဒီကောင်မလေး ဘယ်လောက်ခေါင်းကြောမာသလဲ သိလား"


အဲဒါ ကိုကြီးနဲ့တူလို့.. ဟု မိန့် စိတ်ထဲကနေ ပြောလိုက်မိ၏။ သို့သော်..အပြင်မှာတော့..


"ကိုကြီးက မိဘပဲ သူစိတ်ကျေနပ်အောင် ပြန်ချော့လိုက်ပေါ့၊ ငယ်တော့တဲ့အရွယ်လည်း မဟုတ်တော့ဘူး၊ မိန်းကလေးတစ်ယောက်တည်း ပတ်ဝန်းကျင်မှာ ဘယ်လိုမှ မတင့်တယ်ဘူး ကိုကြီး၊ ကိုကြီးက နှင်ချခဲ့တာဆိုတော့ သူ့ခင်ဗျာ ဘယ်လိုလုပ်ပြန်တက်လာရဲပါ့မလဲ"


"ပြန်မလာတာ သူ့အကြောင်းနဲ့သူပါ၊ ခုတောင် အဖေတစ်ယောက်လုံးရှိနေလျက်နဲ့တောင် ထင်ရာဆိုင်းနေတာကြည့်ပါလား"


"အဲဒီအကြောင်းက မိန့်ကြောင့်..မိန့်ကို သူ မကျေနပ်လို့ ဖြစ်နေတာ၊ ဒါကို ကိုကြီးက မိန့်ဘက်က ရပ်တည်လိုက်တော့ ပိုနာကျင်သွားတာ၊ ခြိမ့်လေးခံစားချက်ကို မိန့် နားလည်တယ်၊ အဲဒါကြောင့်လည်း မိန့်အပေါ် ဘာပြောပြော မိန့် မနာနိုင်တာပေါ့"


ဦးဉာဏ်သာ သူမကို ဖျတ်ခနဲ မော့ကြည့်၏။ မိထွေးပီပီ ပလီနေတာမျိုးလား။ မိန့်မှာ အဲဒီလို စိတ်ဓာတ်မျိုး မရှိမှန်း သူ သိပါသည်။ သဘောဖြူရှာသည့် မိန်းကလေး၊ သူ့ကိုလည်း သိပ်ချစ်ရှာသည်။ 


"ခြိမ့်ငှားနေတဲ့တိုက်ခန်းမှာ ခဏပဲ နေသွားတာ ကိုကြီးလည်း သိမှာပါ၊ ခြိမ့် ပျောက်နေတာ သုံးလကျော်သွားပြီ၊ သူ့သူငယ်ချင်းဟန်သာ့ကို မေးတော့လည်း ရေရေရာရာမသိရဘူး၊ သူတို့က အချစ်ဆုံးသူငယ်ချင်းတွေဆိုတော့ ခြိမ့် မပြောနဲ့ဆို ဘယ်လိုမေးမေးပြောလာမှာ မဟုတ်ဘူး၊ ကိုကြီးသမီးကို ကိုကြီး ပြန်ရှာခေါ်ဖို့ကောင်းတယ်၊ အပြင်မှာ တစ်ယောက်တည်းနေထိုင်သွားလာနေတာ မိန့်တော့ ဘယ်လိုမှ စိတ်မချနိုင်ဘူး"


"သူ ကလေးမဟုတ်တော့ဘူး၊ မိဘက ဒီလိုနေပါ ဒီလိုထိုင်ပါ လိုက်ပြောရမဲ့ အရွယ်လည်း မဟုတ်တော့ဘူး၊ အဲဒီလို ပြောတော့ရော ခေါင်းညိတ်လက်ခံခဲ့လို့လား၊ ထားလိုက်..မိဘကို ထော်လော်ကန့်လန့်လုပ်နေတာ၊လက်ထဲမှာ ငွေမရှိတော့ရင် ပြန်ရောက်လာလိမ့်မယ်၊ သူ့အပေါ်ကောင်းတာပြောလို့ ပြောမှန်းမှ မသိတာ နေပါစေ"


"မဟုတ်သေးဘူး ကိုကြီး၊ကိုကြီးသမီးစိတ်ကို ကိုကြီး အသိဆုံးနေမှာပါ၊ လက်ထဲငွေမရှိတော့ရင် ပြန်ရောက်လာမယ်ဆိုတော့ ကိုကြီးသမီးက အပျော်ခရီးထွက်သွားတာ မဟုတ်ဘူး၊ သူ့စိတ်ထဲမှာ မိန့်နဲ့ပက်သက်ပြီး အနာတရဖြစ်သွားခဲ့တာ၊ မိန့်သိတယ်...သူ ပြန်လာမှာ မဟုတ်ဘူး"


"အဲဒါပဲ..အဲဒါဘာဖြစ်စရာအကြောင်းရှိသလဲ၊ အစကတည်းက သူ့ကို ပြောခဲ့ပြီးသား၊ မိခင်နေရာထားစရာမလိုဘူး အစ်မတစ်ယောက်လို သဘောထားပေးနိုင်ရမယ်လို့"


"ကိုယ်နဲ့မတိမ်းမယိမ်းအရွယ်ကို မိထွေးတော်ရတော့ ခြိမ့်လေး ခံစားရမှာပေါ့၊ ခြိမ့်လေးကို ပြန်ခေါ်လို့ရရင် မိန့်တို့ တစ်ခုခုဆုံးဖြတ်ရလိမ့်မယ်ထင်တယ်"


"တော်စမ်း မိန့်၊ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့၊ ကိုယ် ဒီနေ့အထိ မမှန်တာ တစ်ခုမှ မလုပ်ခဲ့ဖူးဘူး၊ အေး..ကိုယ်မှန်နေရင်လည်း ဘယ်တော့မှ နောက်မဆုတ်ဘူးကွ"


"ကိုကြီး"


ဦးဉာဏ်သာတစ်ယောက် စိတ်ဆိုးမာန်ဆိုးနှင့် လှေကားပေါ် တစ်လွှားလွှားတက်သွား၏။ မိန့် ခင်ပွန်းဖြစ်သူကျောပြင်ကို မျက်စိတစ်ဆုံးလိုက်ကြည့်ရင်း သက်ပျင်းချမိသည်။


ခြိမ့် အဲဒီလောက်ခေါင်းမာတာ ကိုကြီးနဲ့တူလို့ပဲ ကိုကြီး..။


..................................................................


"ဟင်း....ဟင်း....ဟင်း...."


"ဟီး...ချမ်းတယ်...ဟင်း...ဟင်း..."


ဟီးတိုက်၍ ညည်းနေသည့်အသံနှင့် ခန္ဓာကိုယ်နှင့်ပူးကပ်သွားသည့် ပူနွေးသည့် အထိအတွေ့ကြောင့် သူ ဖျတ်ခနဲ လန့်နိုးလာရသည်။


"ချမ်းတယ်...မာမီ...ခြိမ့်ကို ဖက်ထားပေးပါ မာမီ"


"ဟင်!...ခြိမ့်.."


ကြောင်ပေါက်စလေးတွေလို ရင်ခွင်ထဲကို အတင်းပုကပ်တိုးဝင်နေရင်း ခြိမ့်တစ်ယောက် ပါးစပ်ကလည်း မနားတမ်းညည်းနေသည်။


"စောင်...စောင်ခြုံပေးပါ၊ မာမီ...ခြိမ့်ကို စောင်ခြုံပေးပါ...ဟင်း...ဟင်း...ချမ်းတယ်.."


ဒီဘက်ကို လှည့်ပြီး ရင်ခွင်ထဲ တိုးဝင်နေတော့ ဒဏ်ရာနှင့်လက်ကို ဖိမိသလိုဖြစ်သွားပြီး မျက်နှာလေး တစ်ချက်ရှုံ့မဲ့သွား၏။ 


"ဟင်း...ဟင်း...မာမီ..သိမ်း..သိမ်းပိုက် ဖက်ထားပေးပါ၊ချမ်းတယ်..."


အသားချင်းထိခတ်လာတော့ ခြစ်ခြစ်တောက်ပူနေသည့် သူမ၊ ပူနွေးသည့်လေငွေ့တွေက သူ့လည်ပင်းနှင့်မေးဖျားတွေမှာ ရိုက်ခတ်လျက်..။


"ချမ်းတယ်...ဟီး...စောင်ခြုံပေးပါ၊ မာမီ..."


လက်တစ်ဖက်ထောက်ကာ ထရပ်လိုက်ပြီး နဖူးကို လက်ဖျားလေးနှင့် ထိကြည့်တော့ ကိုယ်တွေ ပူခြစ်နေသည်။


"ခြိမ့်..သတိထားဦးလေ.."


မေးဖျားလေးတွေရိုက်သည့်အထိ တုန်ရီနေသည့် ခြိမ့်ကိုယ်လေးကို ရင်ခွင်ထဲက အသာခွာထုတ်ပြီး ခြေရင်းမှာ ပုံနေသည့် စောင်ကို ဆွဲယူခြုံပေးလိုက်သည်။ ခြိမ့်က စောင်စလေးကို ဆွဲပြီး ပုစွန်တုပ်လေးလို ပုကွေးလျက် တုန်ရင်နေဆဲပင်..၊


"ချမ်းတယ်...ဟီး...ဟင်း..ဟင်း...စောင်...စောင်ထပ်ပေးပါဦး"


မိုးရေမိပြီး သူမ ဖျားနေပြီ။နာရီလှမ်းကြည့်လိုက်တော့ ညဥ့်နှစ်နာရီတိတိ။


 ဗီရိုထဲက စောင်တွေထုတ်ပြီး ထပ်ခြုံပေးပြန်တော့လည်း ဟီးတိုက်၍ အညည်းမပျက်..။


"ချမ်းတယ်...ဟီး...ဟင်း...ဟင်း...မာမီ...ခြိမ့် ချမ်းတယ်၊ မာမီ...ခြိမ့်ကိုဖက်ထားပေးပါ...ဟီး..."


ဒဏ်ရာမရှိသည့် လက်တစ်ဖက်က စောင်ထပ်ခြုံပေးနေသည့် သူ့လက်ကို ဆုပ်ကိုင်ပြီး အတင်းဆွဲချနေ၏။အိပ်ရာပေါ်ထိုင်လိုက်ပြီး နဖူးပြင်လေးတွေ ပါးပြင်လေးတွေကို စမ်းတော့ သူမက ပေါင်ပေါ်ကို ခေါင်းလေးတိုးတင်လာပြီး အတင်းဖက်ကာ..၊


"မာမီ...ခြိမ့်ကိုဖက်ထားပေးပါ မာမီရယ်"


ရှိသမျှ စောင်တွေရော ဂွမ်းကပ်တွေပါ ထပ်ခြုံထားသည်။ ခြိမ့် ချမ်းနေတာ ပျောက်မသွားပဲ ကိုယ်တွေပူခြစ်ကာ နှုတ်ခမ်းသားလေးတွေ ဖြူဖွေးပြာနှမ်းလာ၏။


"ခြိမ့်...ခြိမ့်...သတိထားဦးလေ၊ အရမ်းချမ်းနေလား"


"အင်း...ဟင်း..ချမ်း..ချမ်းတယ်၊ မာမီ...ခြိမ့် ချမ်းတယ်"


ကယောင်ကတမ်းပြောနေရင်း အဖျားရှိန်ကြောင့်နီမြန်းနေသည့် မျက်နှာလေးက  ရင်ဘတ်မှာ အတင်းကပ်မှီလာသည်။ဘာမှလည်း လုပ်မပေးတတ်တာမို့ သူ အခက်တွေ့နေ၏။တိုက်စရာ ဆေးလည်း မရှိ။ ရေပတ်ဝတ်ကပ်ပေးရအောင်လည်း သူများလုပ်တာပဲ မြင်ဖူးပြီး ကိုယ်တိုင်ကျ ဘာမှ မလုပ်ပေးတတ်။


"ခြိမ့်ကို မထားခဲ့ပါနဲ့ မာမီ...ဟင်း...ဟင်း..."


ယောင်ရမ်းနေရင်း ကိုယ်တွေ တဖြည်းဖြည်းပိုပူလာကာ နှုတ်ခမ်းတွေပါ ပြာနှမ်းလာပြီး..၊


"ခြိမ့်..."


ညည်းသံတွေပါ ပျောက်ကာ ဘယ်လိုမှ ခေါ်မရတော့..၊


"ခြိမ့်...ဟေ့...ခြိမ့်..."


ပူခြစ် နေသည့် ခြိမ့်ပါးလေးတွေကို ပုတ်၍ သူ အကြိမ်ကြိမ်ခေါ်နေမိ၏။


"ခြိမ့်...ကျွန်တော် ခေါ်နေတယ်လေ၊ ခြိမ့်...ဟာဗျာ..."


သူ ဘယ်လိုခေါ်ခေါ်ခြိမ့်က  မလှုပ်၊ သတိလစ် မေ့မျောလျက်..၊


ကြံရာမရသည့် အဆုံးမှာတော့..

သိမ်းပိုက် ခြစ်ခြစ်တောက်ပူနေသည့် သူမကိုယ်လေးကို ကောက်ပွေ့လိုက်သည်။


ခံလိုက်ဦး သိမ်းပိုက်ကမ္ဘာရေ..၊မင်းမွှေးတဲ့ မီးတွေ....၊


အပိုင်း(၈)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: