book

Index 6

အပိုင်း(၆)

💘မှတစ်ပါး....အခြားမရှိ💘


       

ခြိမ့် ကြက်သေသေကာ စကားလုံးတွေပါ ဆွံ့အ သွား၏။


"ကိုကိုရဲ့ဂုဏ်တွေဒြပ်တွေ၊ပညာတွေကို မက်မောတဲ့ ခင်ဗျားနဲ့တန်တာ အဲဒါပဲ၊အထူးကုဆရာဝန်ကြီး ကိုကိုနဲ့ ခင်ဗျား မညားအောင် ကျုပ်လုပ်ပစ်လိုက်တာ၊ ချစ်လွန်းလို့ မထင်နဲ့"


သိမ်းပိုက်၏ စကားတွေ အပြုအမူတွေက ခြိမ့်နှလုံးသားကို ခပ်ဆတ်ဆတ်လေးရိုက်နှက်နေသည့် အတိုင်း..။


အရာရာကို နားလည်လာသည့် အခါ နှလုံးသားက သူ့ထံမှာ ကျွံဝင်နေပြီ။ သူ့ဆီက ရက်ရက်စက်စက်ထိုးနှက်လာသည့် စကားလုံးတွေကို ကြားလိုက်ရမှ ခြိမ့် သူ့ကိုမုန်းမရအောင် ချစ်မိနေပါလားဆိုတာကို ခြောက်ခြားစွာ သိလိုက်ရခြင်းဖြစ်သည်။


ခပ်မဲ့မဲ့အပြုံးနှင့် မျက်လုံးစိမ်းများကို ကြည့်ရင်း ခြိမ့် တစ်ကိုယ်လုံး အားအင်ချိနဲ့လာကာ ခန္ဓာကိုယ်ထဲက အင်အားတွေကို ဆွဲယူခံလိုက်ရသလို ဒူးတွေ မခိုင်တော့..။


"မေမေတို့သဘောတူတဲ့ မိန်းကလေးကို မရရအောင်ငြင်းပြီး ခင်ဗျားကို လက်ထပ်ယူဖို့ မဟာစီမံကိန်းကြီးဆွဲနေတဲ့ ကျုပ်အစ်ကိုရဲ့ အကြံအစည်ကိုတွေကို သိလို့ ကျုပ် အရင်လက်ဦးမှုရယူလိုက်တာ၊ကျုပ်အစ်ကိုက ခင်ဗျားကို ဘယ်လောက်အထိ သူ့ခေါင်းထဲ ထည့်ထားသလဲ ခင်ဗျားသိလား၊ သိန်းထောင်ချီတန်တဲ့ ကွန်ဒိုနဲ့ စိန်တစ်ဆင်စာ၊ ကားအပါအဝင် သူ့ဘဏ်အကောင့်ထဲက သိန်းငါးထောင်ကိုပါ  တင်တောင်းမတဲ့လေ၊ ခုနောက်ထပ်အသစ်ဖွင့်ဖို့ကြိုးစားနေတဲ့ ကိုယ်ပိုင်ဆေးရုံကြီးကို ခင်ဗျားနာမည်နဲ့ ဖွင့်ဖို့အထိ ခင်ဗျားကို တန်ဖိုးထားနေတာ"


အံ့သြခြင်းတို့ဖြင့် ခြိမ့်မှာ မျက်လုံးအဝိုင်းသားဖြစ်နေသည်။ 


ကိုတည်မှာ ခြိမ့်အတွက် အဲဒီလောက်အထိ တန်ဖိုးထားပြီး ချစ်နေတာလား။ ကိုတည်၏ညီအရင်းခေါက်ခေါက်ဆီက ကြားနေရတာပေမယ့် ခြိမ့် မယုံနိုင်။ကိုယ့်အတွက် တစ်ခမ်းတစ်နားကြီးချစ်ခဲ့တာကို အံ့သြမိရုံပါ..၊ ပစ္စည်းဥစ္စာတွေကို မက်မောလို့ မဟုတ်။


"အဟွန့်....နံရံနဲ့ခေါင်းဆောင့်ချင်သွားသလား၊ခင်ဗျားမျှော်လင့်ထားတာထက်ပိုနေလို့ ရူးသွပ်သွားပြီလား၊ ကျုပ်ဆီမှာတော့ ခင်ဗျားအတွက် ပေးစရာ ဘာမှမရှိဘူး ဒေါ်နှိုင်းခြိမ့်ခြိမ့်သာ"


သူ့စကားတွေက ခြိမ့်မာနတွေကို ထိပါးလာ၏။


"နေစမ်းပါဦး...မင်းအစ်ကိုကိုရော ဘယ်သူက လက်ထပ်မှာမို့လို့လဲ၊ သူ့ဘာသာတစ်ဖက်သပ်တစ်ယောက်တည်း ရူးသွပ်နေတာနဲ့ တို့က ဘာလုပ်ရမှာလဲ သွားစမ်းပါ၊ နှိုင်းခြိမ့်ခြိမ့်သာတို့က ကွန်ပျူတာဦးနှောက်နဲ့တွက်ပြီး ငွေအတွက် ကိုယ့်ကိုယ်ကို ရောင်းမစားဘူး၊ တို့အတွက် တို့ဘာသာ ပျော်ရွှင်မှုရှာတယ် သူတို့ကလည်း တို့ဆီက သာယာမှုလိုချင်လို့ တို့အနားရောက်လာကြတာ အဲဒါပဲ..အဲဒီထက်မပိုဘူး"


"ခင်ဗျား!.."


မထင်မှတ်တဲ့ သူမ ထိုးနှက်ချက်က သူ့အရှိုက်ကို လာထိသည်။ မျက်နှာမော့လျက် ပခုံးတွန့်ကာ ထီမထင်သလိုကြည့်၍ ပြောလိုက်သည့် အပြုအမူက ဖြတ်ရိုက်ချင်စရာ..၊


သူမတစ်ကိုယ်လုံးမှာ ယဥ်ကျေးသိမ်မွေ့ပြီး မိန်းမဆန်သည့် အပြုအမူတွေ တစ်စက်လေးတောင်ရှိ မနေခဲ့။အဲဒီမိန်းမကို သူ လုံးဝအထင်မကြီးတာ အဲဒါတွေ..၊


"ယောကျ်ားတွေနဲ့ တို့တွဲတယ်၊ ခြိမ့်လိုချင်တဲ့ ပျော်ရွှင်မှုကို သူတို့ဆီက ရတယ်၊ တို့မပျော်တော့တဲ့တစ်နေ့ ရိုးအီပျင်းရိသွားတဲ့နေ့ကျတော့ လက်တွဲဖြုတ်လိုက်တယ်၊  အားလုံးကို တို့ချစ်ပါတယ် လက်ထပ်ပါ့မယ်လို့ မပြောခဲ့ဘူး၊ မင်းအစ်ကိုလည်း အဲဒီအတိုင်းပဲ၊မင်းအစ်ကိုနဲ့ညားသွားမှာစိုးလို့ မင်းလုပ်ခဲ့တာဆိုရင်တော့ မင်းစီမံကိန်းတွေ အလဟပ်သပ်ဖြစ်နေပြီ၊လက်ထပ်ခြင်းဆိုတဲ့ အိမ်ထောင်ရေးအကျဥ်းထောင်ထဲမှာ ရစ်ပတ်တုပ်နှောင်လာမဲ့ အဖြစ်တွေကို တို့ မလိုလားဘူး သိမ်းပိုက်ကမ္ဘာ၊အိမ်ထောင်ဆိုတာ တို့ မယုံကြည်ဆုံးအရာပဲ"


"ရွံ့စရာကောင်းတဲ့ မိန်းမ၊တောက်!..."


မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး ပြောချလိုက်ပုံက တံတွေးနဲ့ထွေးလိုက်တာထက် ပိုအခံခက်နာကျင်စေသည်။ 


ပြောပြောဆိုဆိုနှင့် တံခါးကို ဆွဲဖွင့်ပြီး ဝုန်းခနဲဆောင့်ပိတ်ကာ ထွက်သွား၏။


ထိုအခါ တင်းထားသမျှ စိတ်တွေပြေလျော့ကာ ခြိမ့် ပုံလျက်သားလေး ထိုင်ကျသွားလေသည်။


မုန်းလို့....ကိုကိုနဲ့ညားမှာစိုးလို့တဲ့...၊


သူ့အနားမှာ ခေါ်ထားတဲ့ ရည်ရွယ်ချက်က ကြီးမားလိုက်တာ..၊ မုန်းသတဲ့..။


အိုးရွဲ့ကို စလောင်းရွဲ့နှင့် ဖုံးရမည်လား..၊ ချင်းစိမ်းနဲ့ မိသလင်လို သူကြင်မှ ကိုယ်ကြင်တဲ့။


သူ မုန်း​သလို ခြိမ့် သူ့ကို မုန်းလို့နာကြည်းလို့ ရသလား...။


ဟင်အင်း..၊ ခြိမ့် နှလုံးသားက လက်မခံသလို ဦးနှောက်ကပါ ငြင်းဆန်သည်။ 


သူ မချစ်ပေမယ့် ခြိမ့် သူ့ကို ချစ်သည်။ ချစ်မိပြီဆိုမှ သူ့စကားတွေက နှလုံးသားမှာ ဆတ်ဆတ်ခါနာလျက်..။


ရွံ့စရာကောင်းတဲ့ မိန်းမတဲ့..၊စွဲချက်က ပြင်းထန်လွန်းမနေဘူးလား..၊


နောက်ထပ်ရွံ့စရာတွေ မင်း သိလာလိမ့်မယ်....။


............................................................


"ရွှီး!...ဖြောင်း...ဖြောင်း.."


"ဖြောင်း...ဖြောင်း.."


လက်ခုပ်သံတွေ စီခနဲထွက်လာ၏။သူ စတိတ်စင်နှင့် ဘေးစောင်းအနေအထားမှာ ထိုင်ရင်း  ဘီယာကို ခပ်မျှင်းမျှင်းအသောက်မပျက်..။သူ့ဘေးက သကောင့်သားနှစ်ကောင် ခေါင်းတွေထောင်၊လည်ဆန့်လျက် နားရွက်တွေထောင်သွားတာကို စိတ်ထဲက ကျိတ်ပြုံးမိသွားပေမယ့် စတိတ်စင်ဘက်ကိုတော့ ယောင်လို့တောင် လှည့်ကြည့်ဖို့ စိတ်မကူးခဲ့။


ဘီယာခွက်ကို စားပွဲပေါ်ဆောင့်ချပြီး စီးကရက်ဘူးထဲက စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်ရင်း ကုတ်အကျီအိတ်ကပ်ထဲက မီးခြစ်ပြားလေးကိုပါ ထုတ်လိုက်သည်။ စီးကရက်ကို နှုတ်ခမ်းမှာတေ့ပြီး မီးညှိမလို့ ပြင်နေစဥ်မှာ သီချင်းသံက နားထဲ တန်းခနဲ ဝင်လာတော့၏။


🎼🎼 ကြင်နာသလို မကြင်နာသူ...

နေနိုင်ရက်တဲ့ ချစ်သူလေး...

အနိုင်ယူတတ်တဲ့ သူ့စိတ်တွေကိုကွယ်..

ကိုယ်မငြိုငြင်ခဲ့ဘူးတကယ်..

ညာနေတာတွေရင်ထဲက

ငိုနေမိလည်း ခဏပါပဲ

ဟန်ဆောင်ပြုံးရင်း ချစ်တဲ့သူအနားနား

ကိုယ်တကယ်ပျော်နေခဲ့တယ်....


သီချင်းသံကို စိတ်ထဲ တစ်မျိုးဖြစ်သွားကာ သူ မျက်မှောင်ကုတ်မိ၏။ပြီးတော့ သီချင်းသံကို သေချာနားစွင့်မိသွားလျှင်..၊


ဒီအသံ..၊ ရင်းရင်းနှီးနှီးဖြစ်နေသည့် အသံကြောင့် သူ့ကိုယ်ကြီးမတ်သွားသည်။


မီးညှိပြီးမှ မဖွာရှိုက်ဖြစ်သေးသည့် စီးကရက်ကို ခဲရင်း ကိုယ်ကိုတစ်စောင်းလှည့်ကာ စတိတ်စင်ဆီ လှည့်အကြည့်မှာတော့..၊


နှိုင်းခြိမ့်ခြိမ့်သာ..၊


သူမက အစောကြီးကတည်းက သူ့ကိုမြင်နေပုံနှင့် သူ လှည့်ကြည့်လိုက်မှ မထိတထိလေးပြုံးလျက် မျက်ခုံးလေးပင့်ကာ မေးလေးပါ ဆတ်ပြလာ၏။


🎼🎼အချစ်တစ်ခုနဲ့ အရာရာအားလုံး သဘောအတိုင်းပဲ..

ကိုယ်လိုချင်ခဲ့သော အချစ်တို့ဝေးနေဆဲ..

ရင်တွေကွဲပြီး နားလည်မယ် 

အပြစ်မမြင်ပါဘူး ချစ်သူလေးရယ်..

မပိုင်ဆိုင်ရလည်းထားခဲ့တော့ကွယ် နေပါစေ ကိုယ်ကျေနပ်တယ်..


တောက်!...၊ အဲဒါ ဘာအချိုးလဲ၊ 


သူ စိတ်ထဲကနေ တက်ခေါက်ပစ်လိုက်ရင်း မျက်လုံးပါ တစ်ပါတည်းလွှဲလိုက်သည်။ 


အနီရောင်ရဲစိုနေသည့် ကြိုးတစ်လုံးဂါဝန်ပြောင်ပြောင်လက်လက်လေးသည် ကျော့ရှင်းနေသည့် သူမ ကိုယ်လုံးပေါ်မှာ တင်းရင်းချပ်ကပ်နေလျက်..။ ရွှေအိုရောင် ဆံပင်အခွေအလိပ်လိပ်လေးတွေက ရင်ညွန့်ထက်ကနေ ခါးစပ်အထိ ဖြာကျနေကာ သူမ ဆံပင်တိုနှံ့နှံ့လေးထက် ပိုကြည့်ကောင်းနေသည်။


အနီရောင်ပွင့်ဒေါက်နှင့် ခြေချိတ်ထိုင်ကာ လက်နှစ်ဖက်နှင့် မိုက်ကို ဆုပ်ကိုင်သီဆိုနေတော့ ဖြောင့်စင်းသည့် လက်မောင်းသားဝင်းဝင်းလေးတွေနှင့် ရင်ပြတ်အကျီအောက်က အသားဆိုင်တို့၏အလှတစ်ပါးသည် မီးရောင်အောက်ဝယ် ပြိုးပြက်လက်လျက်..။အနက်ရောင်စိုလက်နေသည့် မျက်လုံးတောက်တောက်လေးတွေက သူ့ကို မထိတထိ ကလိနေကြပြီး နီရဲနေသည့် နှင်းဆီဖူးနှုတ်ခမ်းလွှာသည် သီချင်းဆိုနေတာတောင် အပြုံးတို့က ဖြားယောင်းတတ်သော မာယာအပြည့်နှင့်။


 🎼🎼 တစ်ဘဝလုံးအတွက် ချစ်သူရယ်

ဘဝမှာ တစ်ခါပဲချစ်ချင်လို့ပါ 

နေမဝင်ခဲ့သော ကိုယ့်ရဲ့အချစ်တွေ ထာဝစဥ်ရှင်သန်ဆဲကွယ်...


စီးကရက်ကို တအားရှိုက်ဖွာရင်း မျက်လုံးတွေက အဲဒီဘက်ကို ပြန်ရောက်သည်။ မျက်လုံးလေးမှိတ်လျက် မုဒ်အပြည့်နှင့် ဆိုနေရင်း တီးလုံးချင်းပဲ ထွက်လာ၏။ မျက်လုံးနက်စိုစိုလေးတွေ ဖျတ်ခနဲပွင့်လာကာ ကိုယ့်ကို လှမ်းကြည့်ပြီး သူမက လှုပ်လိလှုပ်လဲ့ ပြုံးပြ၏။


 သူ ဒေါသတွေ တလိပ်လိပ်ထိုးဆောင့်လာတော့ ရင်ဘတ်ကြီး မောက်လာသည့်အထိ စီးကရက်ကို ဖွာရှိုက်ကာ တစ်ဝက်ပင်မကျိုးလေးသော စီးကရက်ကို ထက်ပိုင်းချိုးပြီး ပစ်ချကာ ခြေနှင့်နင်းချေ ပစ်လိုက်သည်။ စင်ပေါ်ကနေ ဆွဲချပြီး သူမကို စိတ်ရှိလက်ရှိကိုင်ပစ်ချင်သော ဒေါသတို့နှင့် လုံးထွေးလျက်..။


 နီရဲတင်းမာနေသော မျက်နှာနှင့် မျက်မှောင်ကုတ်အံကြိတ်ရင်းသူ သူမ မျက်နှာကို စူးစူးရဲရဲစိုက်ကြည့်နေမိသည်။


မျက်လုံးချင်းဆုံတော့ သူမက မဲ့ပစ်လိုက်ပြီး သူ့ကို ခပ်ရဲရဲပြန်စိုက်ကြည့်၏။


🎼🎼ကြင်နာသလို မကြင်နာသူ

နေနိုင်ရက်တဲ့ချစ်သူလေး

အနိုင်ယူတတ်တဲ့သူစိတ်တွေကိုကွယ် ကိုယ် မငြိုငြင်ခဲ့ဘူး တကယ်

ညာနေတာတွေ ရင်ထဲက ငိုနေမိလည်း ခဏပါပဲ 

ဟန်ဆောင်ပြုံးရင်း ချစ်တဲ့သူ့အနားနား ကိုယ်တကယ်ပျော်နေခဲ့တယ်...


စောစောကအပိုဒ်ကိုပဲ နောက်တစ်ခေါက်ပြန်ကျော့၏။ ဒေါသအလျောက် ပေါက်ကွဲလိုက်ချင်ပေမယ့် ကိုယ့်နယ်နိမိတ်ကိုယ့်အသိုင်းအဝိုင်းမို့ ထင်တိုင်းကြဲလို့မဖြစ်...။


🎼🎼တစ်ခါတစ်လေမှာ သူပြောရက်ခဲ့...

စကားလုံးတိုင်းမွန်းကြပ်အသက်မရှူနိုင်ပါတယ်..


"ရေရေလည်လည်မိတယ်ကွာ"


"ဘရဏီနတ်သမီးလေးများ နတ်သက်ကြွေသလားကွာ၊ အသံလေးက ချိုအီအီ၊ ရုပ်လေးက မှုန်ညက်နုရွနေတာပဲ၊ ဒါမျိုးလေးနဲ့သာဆို တစ်သက်စာ အငြိမ့်ပဲ.."


"ဒီဆိုင်မှာ အရင်က မမြင်ဖူးပါဘူး၊ အသစ်လေးထင်တယ်...ဘောဒီလေးက  ညှစ်ချင်ဖျစ်ချင်စရာ လုံးလုံးကျစ်ကျစ်လေး.."


"ဒုန်း!.."


ဘီယာခွက်ကို စားပွဲပေါ်ဆောင့်ချပြီး သူ ထရပ်တော့ ထက်နေနှင့်ဟိန်းလတ်က မော့ကြည့်၏။


"ဟ!...အဲဒါ ဘယ်လဲ"


ဟိန်းလတ်က သူ့ကို နားမလည်သလို မော့ကြည့်မေးလျှင်..၊


"အလုပ်ကိစ္စကို နောက်နေ့မှပဲ ဆွေးနွေးကြတာပေါ့"


"ဘာလဲကွာ...သိမ်းပိုက်၊ အဲဒီလိုလုပ်လို့မရဘူးလေ"


"ဟေ့ကောင်...ငါတို့ကိုထားခဲ့ပြီး ဘယ်လိမ့်မလို့လဲ၊ မင်း အလှည့်ကျ ဒီလိုလားကွ"


သူ ပြောပြီး ခြေလှမ်းကျဲကြီးတွေနှင့် ထွက်လာခဲ့သည်။


ဟိန်းတို့နှစ်ကောင် ဆဲဆိုကျန်ခဲ့မှာ သိနေပေမယ့် သူ လှည့်မကြည့်ဖြစ်..။ ဆက်ထိုင်နေရင် မကြာမှီ သူ ပေါက်ကွဲမိတော့မည်။ 


 ခင်ဗျားက စိန်လာခေါ်နေတာဘဲ၊ တွေ့ကြတာပေါ့...ကျုပ်ဘာကောင်လဲဆိုတာ ခင်ဗျား သိစေရမယ်..။


မိန်းမတစ်ယောက်မှ မနိုင်ရင် သိမ်းပိုက်ကမ္ဘာတို့ရာဇဝင်ရိုင်းသွားမှာပေါ့..၊


................................................................


သူ တော်တော်ဒေါသထွက်သွားတာပါလား..၊ 


ခြိမ့်ကို စားမတတ် ဝါးမတတ်ကြည့်သွားသည့် မျက်လုံးစူးစူးတွေကို မြင်ယောင်မိတော့ ကျောထဲစိမ့်သွားသည်။ 


ရက်စက်သည့်စကားလုံးတွေ၊ မထင်မှတ်ထားသည့် အပြုအမူကို မာနက မခံနိုင်လွန်းလို့ သူ သွားတတ်သည့်နေရာတွေကို တမင်လိုက်ပြီး သူ့ဒေါသတွေကို ဆွမိခဲ့တာ။ 


တကယ်ကြုံလိုက်ရတော့ မျက်နှာကြီးနီရဲကာ ခြိမ့်ကို ရိုက်သတ်ချင်နေသော ဒေါသတွေကို မြင်လိုက်ရတော့ စိတ်ထဲမှာ မတင်မကျနှင့်။


ဟိုတစ်ခါတုန်းကလို ဒေါသတကြီးပေါက်ကွဲမှာ မြင်ယောင်သေးသည်။ မတတ်နိုင်..၊ ခြိမ့်လည်း ခံစားတတ်သည့် နှလုံးသားနှင့် လူသားတစ်ယောက်မဟုတ်လား။ချစ်မိတာက သပ်သပ်...မခံချင်သော မာနတို့က တခြား။


ဝဠာစိုးနှင့်ကိစ္စတုန်းကတောင် ခြိမ့်ကို ဓားကြိမ်း ကြိမ်းခဲ့သေးတာ။ တမင် သူ မကြိုက်တာကို ရွေးလုပ်ပြီး သူ့ကို စိန်ခေါ်ခဲ့ပြီးမှတော့ ဘာကို ကြောက်နေမလဲ။


ခြိမ့် ကိုယ့်စိတ်ကို တင်းပြီး လွယ်ထားသည့် ဆလင်းဘတ်ကြိုးကို ဆုပ်ကိုင်ကာ ခပ်သုတ်သုတ်လှမ်းမိသည်။


ခြိမ့် သီချင်းတောင်မဆုံးပဲ သုန်သုန်မှုန်မှုန်မျက်နှာနှင့် ထထွက်သွားတာ မြင်လိုက်ပါ၏။ခုလောက်ဆို သူ ဘယ်လောက်တောင် ခြိမ့်ကို ဒေါသပုန်ထနေလိမ့်မလဲ။


ကိုယ့်တုန်းက သူ ထင်သလိုပြောဆိုပစ်ပေါက်သမျှကို ရင်နာနာနှင့် ခံခဲ့ရတာပဲ မဟုတ်လား။ ဒီအတိုင်း အေးစက်စက်ဆက်ဆံရေးထက် ဒေါသကြောင့်ပဲ ဖြစ်ဖြစ် နည်းနည်းလေးတော့ သူ့ကို လှုပ်ခတ်စေချင်မိသည်။ 


တည်ကြည်ခန့်ညားနှင့်လက်ထပ်မှာစိုးလို့တဲ့..၊ ခုရော သူနဲ့ခြိမ့်က ဘာလဲ။ 


အစ်ကိုနဲ့တောင် သဘောမတူပါဘူးဆိုတဲ့ သူ့မိဘတွေက သူ ဒီလိုတွေလုပ်နေတာကို ကျေနပ်မတဲ့လား။ အေးလေ..အဲဒါကြောင့်လည်း အမွေဖြတ်ခဲ့တာနေမှာပေါ့။ 


ဒီနေ့အထိ အမွေဖြတ်ခံရတယ်ပြောထားပြီး သူ အလုပ်သွားနေပေမယ့် ဘာအလုပ်လုပ်နေသလဲ ခြိမ့် မသိရ။ ကိုတည်နဲ့တွဲခဲ့ရုံလောက်နဲ့တော့ အပြစ်ဟု မဆိုသာပါ။ သိမ်းပိုက် ခြိမ့်ကို မုန်းနေတဲ့အကြောင်းရင်း အဲဒီလောက်နဲ့ မခိုင်လုံ။


အတွေးတို့နှင့် ချာချာလည်ရင်း အိပ်ပျက်ညတွေ များခဲ့ပြီ။ ဝဠာစိုးပြဿနာနဲ့ရန်ဖြစ်ကြပြီးကတည်းက သူ ပြန်အလာကို စောင့်ရင်း ဧည့်ခန်းမှာ ငုပ်တုပ်မိုးလင်းခဲ့ရသောညတွေကို ခြိမ့် မုန်းတီးလာမိ၏။


စိတ်ရှိမှလာ စိတ်မရှိရင်ခွာ တတ်သည့် သူ့ကို တားဆီးပြောဆိုခွင့်လည်း မရှိ။ တိုက်ခန်းထဲကနေ ပြန်လာနိုးနိုးမျှော်လင့်နေရတာထက် ခြိမ့်ဆီကို သူ ပြန်လာစေချင်သည်။ 


မာကျူရီမီးရောင်အောက်တွင် လမ်းလျှောက်ရင်း ခြိမ့် ကားငှားဖို့သတိရသွား၏။ ပလက်ဖောင်းဘေးရပ်ရင်း တားပေမယ့် ကားတစ်စီးမှ တားမရ။ 


 ရှေ့လမ်းကျမှ ငှားဖို့စိတ်ကူးလိုက်ကာ ပလက်ဖောင်းအတိုင်း ခပ်သွက်သွက်လျှောက်လာခဲ့သည်။ ထိုစဥ် မိုးဖွဲလေးတွေ ကျဆင်းလာ၏။


မိုးသက်လေ၏အထိအတွေ့မှာ ချမ်းစိမ့်စိမ့်ဖြစ်လာတာမို့ အပေါ်ကနေ ထပ်ဝတ်ထားသည့် ဂျာကင်ကို ဆွဲစိရင်း လက်ပိုက်လိုက်မိသည်။


မိုးစက်မိုးပေါက်တို့က ခြိမ့်ကိုယ်ပေါ်နှင့် ကတ္တရာလမ်းတစ်လျှောက် ခုန်ပေါက်နေလျက်..။


တဖြည်းဖြည်းမိုးက သည်းလာကာ ခြိမ့်တစ်ကိုယ်လုံး စိုရွှဲသွား၏။ရေစိုကပ်နေသည့် ဆံပင်တွေကို နောက်ကို သပ်ချရင်း ခြိမ့် မျက်နှာလေးမော့ပြီး မိုးစက်မိုးပေါက်တို့၏အေးမြသည့် အထိအတွေ့ကို တဝကြီး ခံစားပစ်လိုက်သည်။


ခံစားနေရသော ဝေဒနာတို့ ခဏတော့ သက်သာသွားသလို ရှိ၏။အငှားကားတားဖို့ လမ်းဘေးဆင်းကာ ကားအသွားအလာတွေကို ကြည့်ရင်း ဆက်လျှောက်လာခဲ့သည်။ 


သည်းသည်းမည်းမည်းရွာနေသည့် မိုးရေထဲမှာ အိမ်စီးကားတွေသာ တစ်စီးပြီးတစ်စီးသွားနေပြီး ကြိုကြား ကြိုကြားသွားနေသည့် အငှားကားတွေကျပြန်တော့လည်း ရပ်မပေး။


ထိုစဥ် မီးရောင်စူးစူးက မိုးရေထဲမှာ ဝင်းခနဲ လက်လာပြီး လက်တားနေသည့် ခြိမ့်ဆီကို ပြေးဝင်လာ၏။ ဒီတစ်ခါတော့ အငှားကားဟုတ်ဟုတ်မဟုတ်ဟုတ် တားမည်ဟု ဆုံးဖြတ်ပြီး လမ်းပေါ်တက်ရပ်လိုက်သည်။


"ဟင်!.."


ခြိမ့်ထင်သလို အငှားကားမဟုတ်ပဲ အိမ်စီးကားကြီးက ခြိမ့်ဆီကို အရှိန်ပြင်းပြင်းနှင့် တိုးဝင်လာလျှင်...၊


"အား!....အမေ့"


"ဒုန်း!.."


ကြောက်လန့်တကြားအော်ဟစ်ရင်း ခြိမ့် ရှောင်တိမ်းလိုက်သော်ငြား..ဒုန်းခနဲ အသံနှင့်အတူ ခြိမ့်တစ်ကိုယ်လုံး လွှဲရိုက်လိုက်သလို အဆမတန်နာကျင်လျက် မျက်လုံးတွေပါ ပြာမိုက်သွားတော့၏။


မူးနောက်ပြာဝေကာ နာကျင်နေသည့်ကြားက မျက်လုံးတွေကို အနိုင်နိုင်ဖွင့်ပြီး အားယူထဖို့ကြိုးစားလျှင်..၊


"အား!.."


ဘယ်နေရာကမှန်းမသိသော တစ်ကိုယ်လုံးက အသည်းခိုက်မတတ် စူးအောင့်လျက် ခြိမ့်  ပုံလျက်သားပြန်ကျသွားသည်။ထိုစဥ် ခြိမ့်အနီးမှာ နက်ပြောင်နေသည့် ရှူးဖိနပ်နှင့်ခြေတောက်တစ်စုံလာရပ်ကာ..၊


"ဘယ်လိုလဲ၊အတော်မှ အရသာရှိရဲ့လား"


"ဟင်!..."


အပိုင်း(၇)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: