book

Index 5

အပိုင်း(၅)

💘မှတစ်ပါး....အခြားမရှိ💘


        

ထွက်လာခဲ့တာက ဘယ်ဆီရယ်လို့ မဟုတ်။ တိုက်ခန်းကျဥ်းလေးထဲမှာ ရက်ပေါင်းများစွာ ကြာလာတော့ ခြိမ့် ပျင်းလာသည်။ 


သိမ်းပိုက်က ကိုးနာရီလောက်ဆို ထွက်သွားပြီး ညနေလေးနာရီလောက်မှ ပြန်ရောက်လာတတ်၏။ တစ်ခါတစ်လေဆို မိုးစုန်းစုန်းချုပ်မှ ပြန်လာသည့် နေ့တွေလည်း ရှိသည်။


သူနဲ့ မျက်နှာချင်းဆိုင်ရတာက ညအိပ်ချိန်လောက်သာ။


မိဘတွေ အမွေဖြတ်ထားတယ်လို့ ပြောပေမယ့် သူ နေ့တိုင်း အလုပ်ဆင်းသည်။စနေ၊တနဂ်နွေ ပိတ်ရက်ကျမှ နှစ်ယောက်အတူတူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရတာ။


ခုနောက်ပိုင်း ပိတ်ရက်လေးတောင် ခြိမ့် အပိုင်မရတော့။ အကြောင်းပြချက်မျိုးစုံနှင့် အပြင်ထွက်သွားတတ်တာ တနဂ်လာနေ့ ညနေကျမှ ပြန်ရောက်လာသော ရက်သတ္တတစ်ပတ်တွေ များခဲ့ပြီ။ 


သူ အလုပ်သွားတဲ့အချိန်တွေ၊ ပြန်မလာတဲ့ပိတ်ရက်တွေဆို မျက်နှာချင်းဆိုင်အခန်းက မမကြူကို အဖော်ပြုပြီးနေခဲ့ရ၏။သမဦးစီးဌာနက အရာရှိတစ်ဦး၏ ဇနီး မမကြူနှင့် မျက်မှန်းတန်းမိရာက တဖြည်းဖြည်းညီအစ်မတွေလို ခင်မင်ရင်းနှီးခဲ့ကြခြင်းဖြစ်သည်။


ဟန်သာအပြင် ခြိမ့်ဘဝကို နားလည်ကာ ဖေးမပေးခဲ့တဲ့နောက်ထပ်တစ်ယောက်က မမကြူပါ။


နယ်မှာနေသည့် မမကြူမေမေ နေမကောင်းလို့ ခွင့်ယူပြီး မိသားစုလိုက် ခရီးထွက်သွားကြတာ သုံးရက်ရှိနေပြီ။မမကြူလည်းမရှိ၊ အိမ်မှာ တစ်ယောက်တည်းနေရတာလည်း ကြာတော့ ပျင်းလာတာမို့ ဟိုနားဒီနားဆိုပြီး ထွက်လာခဲ့တာ။


"ဇနီးမယားဆိုတာ ကိုယ့်ခင်ပွန်းအတွက် မီးရှူးတန်ဆောင်ပဲ၊ မဟော်သဓာသုခမိန်တောင်မှ အမရာလို ပညာရှိဇနီးမယားကြောင့်ပိုပြီး ပညာရောင်ဝေဖြာခဲ့တာ၊ မမတို့မိန်းမသားတွေဟာ ကိုယ့်ခင်ပွန်းရဲ့လိုအင်တွေကို ဖြည့်ဆည်းပေးဖို့ လင်ယောကျ်ားနားမှာ အလုပ်အကျွေးပြုဖို့ တစ်ခုတည်းအတွက် လူဖြစ်လာကြတာမှ မဟုတ်ပဲကွယ်"


မမကြူအသံက အနားမှာ လာကပ်ပြောနေသလိုလို..၊


"ဇနီးမယားကောင်းကိုပိုင်ဆိုင်ထားတဲ့ ယောကျ်ားတွေရဲ့ဘဝမှာ အရာရာကို အောင်မြင်စေတယ်၊ တိုးတက်တယ်၊ဘယ်လောက်ပဲတော်နေ ထက်နေတဲ့ ယောကျ်ားဖြစ်နေပါစေ ဇနီးမယားမကောင်းရင် အဲဒီယောကျ်ားဘဝက ပျက်စီးရှုံးနိမ့်မသွားတောင် အမြင့်ဆုံးကိုရောက်မှာ မဟုတ်ဘူး၊အပျိုတုန်းကဘယ်လိုနေခဲ့နေခဲ့ မမတို့မိန်းမသားတွေဆိုတာ အိမ်ထောင်ကျသွားတာနဲ့ ကိုယ့်အိမ်ထောင်ဘက်မကြိုက်တဲ့အပြုအမူတွေ၊အကျင့်တွေကို တတ်နိုင်သလောက် ပြုပြင်ရမယ်၊ ကိုယ်မကြိုက်တဲ့အချက်တွေကိုလည်း သူ့ကို ပွင့်ပွင့်လင်းလင်းပြောပြ၊ ဒါမှနှစ်ဦးနှစ်ဖက်အဆင်ပြေပြီး အိမ်ထောင်ရေးက သာယာဖြောင့်ဖြူးမှာ"


သူ မကြိုက်တဲ့အချက်တွေ ဘယ်လောက်တောင်ရှိနေမလဲ..။


အနေကြာလာတာနှင့်အမျှ သူ့အကြိုက်တွေကို သိနေပြီ။အလုပ်သွားရုံကလွဲပြီး ပုဆိုးကို မချွတ်တမ်းဝတ်တတ်သည့် သိမ်းပိုက်။ 


တိုနှံ့နှံ့မလုံ့တလုံ့အဝတ်တွေ ဝတ်ထွက်လာရင် မျက်ထောင့်နီကြီးနှင့်ကြည့်ပြီး အတင်းပြန်လဲခိုင်းတတ်တာ။  


အဟင်း...၊


ခြိမ့် ကိုယ့်ကိုယ်ကို သဘောကျကာ ပြုံးလိုက်ရင်း ခြေလှမ်းတွေက ဆုံးဖြတ်ချက်နောက် တောက်လျှောက်ပါသွား၏။


ဗိုလ်ချုပ်စျေးထဲဝင်ပြီးလိုအပ်တာတွေ ဝယ်ပြီး ဆိုင်ထဲက ပြန်အထွက် တစ်စုံတစ်ယောက်က လက်ကို လာဆွဲသည်။


"ခြိမ့်လေး.."


"ဟင်..ရှင် ဘာလုပ်တာလဲ"


လက်မောင်းကို လှမ်းဆွဲပြီး ခေါ်လိုက်သံက တရင်းတနှီး..။ခြိမ့် မျက်လုံးလေး ဝိုင်းသွားသည်။


"ခြိမ့်ရယ်..ပျောက်နေလိုက်တာ၊ခု.. ဘယ်မှာနေပြီ ဘာတွေလုပ်နေသလဲ"


"ဒေါ်ရှင်းမိန့်မိန့်ခန့်"


မျက်နှာ ချက်ချင်းတင်းမာသွားပြီး ခြိမ့် လက်ကိုဆောင့်ရုန်းပစ်လိုက်ကာ..၊


"ဘာလုပ်တာလဲ၊ လွှတ်စမ်းပါ"


ရှင်းမိန့်မိန့်ခန့်က သူမလက်လေးကို အသာဖြေလွှတ်ပေးပြီး..၊


"ခြိမ့် ခု ဘယ်သူနဲ့နေတာလဲ၊ မမ ခြိမ့်နဲ့စကားပြောပါရစေ၊ခဏဖြစ်ဖြစ် အချိန်ပေးပါ"


"ရှင်နဲ့ပြောစရာ ဘာအကြောင်းမှ မရှိဘူး"


"နေပါဦး၊မမ ခြိမ့်ကို ပြောစရာတွေရှိတယ်"


ခြိမ့်ရှေ့က ကာဆီးတားရင်း ရှင်းမိန့်မိန့်ခန့်က တောင်းပန်တိုးလျှိုးသော မျက်နှာနှင့်ပြောလာ၏။ 


ဖြတ်သွားဖြတ်လာလူတွေက စိတ်ဝင်တစားငဲ့စောင်းကြည့်သွားကြတော့ ခြိမ့် မျက်နှာလေး တင်းသွားပြီး..၊


"ခြိမ့်တို့မိသားစုကို ဖျက်ဆီးလို့ အားမရသေးဘူးလား၊ ခြိမ့်ဘာသာ နေပါစေ၊ ခြိမ့်ကို လာမနှောက်ယှက်ပါနဲ့တော့၊ ရှင်ဖြစ်ချင်သလို ဖြစ်နေပြီပဲ ဒေါ်ရှင်းမိန့်မိန့်ခန့် တော်လောက်ပါပြီ"


"မဟုတ်ဘူး ခြိမ့်၊ ခြိမ့်လေး ထင်သလို မဟုတ်ပါဘူးကွယ်"


"တော်စမ်းပါ၊ ခြိမ့်တို့ဘဝတွေ စုပ်ပြတ်သပ်အောင်လုပ်ပြီးမှ သနားသလိုလို၊ စိတ်မကောင်းသလိုလို လာပြီး လေပြည်မထိုးနဲ့၊ ရှင့်ကြောင့် ခြိမ့်ပါးကို ဒက်ဒီ ရက်ရက်စက်စက်ရိုက်ခဲ့တာ ဒေါ်ရှင်းမိန့်မိန့်ခန့်၊ ရှင့်မျက်နှာကိုမြင်ရတော့ ရင်ထဲက ဒဏ်ရာက သွေးတစ်စက်စက်ပြန်ကျလာတယ်၊ အဟင်း...ရှင်နိုင်ပါတယ်၊ ဒါပေမယ့် ဝမ်းသာပျော်ရွှင်ရလိမ့်မယ်လို့တော့ မထင်နဲ့၊ သံသရာဆိုတာ လည်နေတာ ရှင်မမေ့ပါနဲ့"


"မဟုတ်ဘူး...အဲဒီလို မဟုတ်ပါဘူး ခြိမ့်ရယ်"


ရှိုက်သံတစ်ပိုင်းတစ်စနှင့် ရှင်းမိန့်မိန့်ခန့်သည် လက်တစ်ကာကာနှင့် ပြောပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျဆင်းလာ၏။


"ရှင့်ရဲ့တန်ဖိုးမရှိတဲ့မျက်ရည်တွေ အလဟပ်သပ်ကျမနေနဲ့၊ မဟာပထဝီမြေကြီးနဲ့ထိတွေ့ကုန်ရင် ပြည်သူတွေ သပ်သပ်ဒုက္ခရောက်နေပါ့မယ်၊ အဟွန့်...လုံးဝ အကယ်ဒမီရှော့ခ်ပဲ၊ မို့မို့မြင့်အောင်တောင် ဖျားသွားနိုင်တယ်"


မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောလို့အားရမှ နှုတ်ခမ်းတွေ တွန့်ကွေးသွားသည့်အထိ မဲ့ပစ်လိုက်သည်။ ထို့နောက် ရှင်းမိန့်မိန့်ခန့်၏ ပခုံးတစ်ခြမ်းလုံးကို တိုက်ချပြီး လှည့်ထွက်လာခဲ့၏။


မိထွေးတဲ့..၊ သွားစမ်းပါ။


ခြိမ့်ဘဝမှာ အဲဒီဝေါဟာရလောက်မုန်းတီးစက်ဆုပ်တာ မရှိတော့။ 


စောစောတုန်းက သွက်လက်နေသည့် စိတ်တွေ ချက်ချင်းမကြည်မလင်ဖြစ်သွားကာ ပန်းဆီရောင်တင်ထားသည့် နှုတ်ခမ်းပါးလေးက မျဥ်းတစ်ဖြောင့်တည်းဖြစ်နေသည်။


ကုတ်ကော်လံလက်ပြတ် ဘောင်းဘီနှင့် တစ်ဆက်တည်းဝတ်ဆုံနှင့် အိတ်လေးကို လက်ချိတ်ထားကာ ခြိမ့် သွက်သွက်လေးလှမ်းနေမိသည်။ ကျန်လက်တစ်ဖက်မှာ စုကိုင်ထားသည့် အိတ်သုံးလေးလုံးကို စိတ်တိုတိုနှင့် လွှဲနေတာ ကြိုးပြတ်ကျမလားမသိ။


ဒီမိန်းမနဲ့တွေ့မယ်မှန်းသာ ကြိုသိခဲ့ရင် ခြိမ့် လာဖြစ်မှာမဟုတ်ပါ။ ခဏတာ မေ့ပျောက်ထားသော ဝေဒနာအစိုင်အခဲသည် ချက်ချင်းပေါ်လာပြီး ပြည်တည်နာလို တဆစ်ဆစ်နှင့်..။


"နှိုင်းခြိမ့်ခြိမ့်သာ"


"ဟင်"


ကိုယ့်အတွေးနှင့်ကိုယ်လျှောက်လာမိတာ နာမည်ခေါ်လိုက်မှ အလန့်တကြားမော့ကြည့်မိသည်။ထိုအခါ..ရှေ့က ပုဂ္ဂိုလ် ရင်ခွင်ထဲတိုးဝင်လုမတတ်ဖြစ်သွားသဖြင့် ခြိမ့် ကမန်းကတန်း နောက်ဆုတ်လိုက်ရ၏။


"ဘယ်လိုလဲ..ဒီတစ်ခါ တစ်ယောက်တည်းပါလား၊ကိုယ့်ကိုတော့ မှတ်မိပါတယ်နော်"


မတည်မပြုံးမျက်နှာနှင့် ဝဠာစိုးက ခြိမ့်ရှေ့မှာ ခြေခွဲရပ်လျက်။


ဒီနေ့ပြဿဒါးပဲ..၊ မဆုံချင်တဲ့သူတွေနဲ့မှ တည့်တည့်လာတိုးနေတာ။


မကြည်မလင်ဖြစ်နေသည့် မျက်နှာလေးက ချက်ချင်း မှုန်ကုတ်ကုတ်စူတင်းတင်းလေးဖြစ်သွားပြီး..၊


"မသိရအောင် ခြိမ့်က ဦးနှောက်ပျက်နေတဲ့သူမှ မဟုတ်တာ၊ ဒါပေမယ့် မလိုအပ်တဲ့ အကြောင်းအရာတွေလူတွေဆိုရင်တော့ ခြိမ့်မန်မိုနီမှာ ကလီးယားပဲ"


"အဟွန်း... မင်းဦးနှောက်ထဲက ကလီးယားဖြစ်လည်း ကိစ္စမရှိပါဘူး၊ နှလုံးသားထဲကနေ ဒက်လိမပစ်ဖို့ အရေးကြီးတယ်"


"ဆုတောင်းလေ၊ နှိုင်းခြိမ့်ခြိမ့်သာတို့ နှလုံးသားက ခုထိ အခန်းလွတ်ပဲ၊ ဦးနှောက်ကနေ နှလုံးသားကို ဘယ်သူမှ ကျော်မလာနိုင်သေးဘူး"


"တကယ်လား..အဟ..ပျော်ပြီလေ၊ အဲဒီနေရာလွတ်အတွက် စဥ်းစားမယ်ဆို ထိပ်ဆုံးက ဘိုကင်ဦးထားမယ်၊ ဘယ်လိုလဲ ခြိမ့် ကိုယ့်ကိုမင်း ဇွဲဆုလေးတော့ ပေးသင့်တယ်"


"ခြိမ့်က ပြိုင်ပွဲကျင်းပနေတာမှ မဟုတ်ပဲ၊ ရှင် နေရာ မှားနေပြီ ဝဠာ"


အနီရောင်ရှပ်အကျီပေါ်ကနေ အနက်ရောင် ကုတ်တစ်ထည် ထပ်ဝတ်လျက် ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်စုံထည့်ကာ ဝဠာစိုးက ခပ်လွင်လွင်ရယ်၏။ခြိမ့်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ..၊


"ခြိမ့်က တစ်နေ့တစ်ခြား ပိုပိုလှလာတယ်နော်၊ အဲဒါကြောင့်လည်း ခြိမ့်နှလုံးသားက ပိုပြီး မာနကြီးကြီးလာတာ ဖြစ်မယ်၊ ကိုယ်ကလည်း ခက်ခက်ခဲခဲလေးမှ ပိုပြီး ဝါသနာပါတော့.."


"ဆောရီး ဝဠာ၊ ခြိမ့် အချိန်မရဘူး"


တွန်းတိုက်ထွက်ဖို့ ပြင်တော့ ဝဠာစိုးက ရှေ့ကနေ ခြေကားယားလက်ကားယားနှင့် ကာစီးထားပြီး..၊


"နေပါဦး ခြိမ့်၊ ကိုယ် မင်းကို အနှောက်အယှက်ပေးဖို့ မဟုတ်ပါဘူး၊မင်းဆီကနေ အချစ်ကို ယဥ်ယဥ်ကျေးကျေးနဲ့တောင်းခံချင်တာ၊ ဘယ်ကိုသွားမလို့လဲ ကိုယ်လိုက်ပို့မယ်လေ"


"ကျေးဇူးတင်တယ်၊မပို့ပါနဲ့.. ခြိမ့်ပြန်မှာ.."


"ခြိမ့် ဘယ်ပြန်မှာလဲ၊ကိုယ် ပို့ပေးပါရစေ"


"နေပါစေ..ခြိမ့်ကိုယ့်ဘာသာပြန်လိုက်မယ်"


ခြိမ့် ဝဠာစိုးကို ကွေ့ရှောင်ပြီး ထွက်အလာ..၊


"ကိုယ် ခြိမ့် ဒက်ဒီနဲ့တွေ့ခဲ့သေးတယ်"


 ခြိမ့် ခြေလှမ်းတွေ ရုတ်တရက်ရပ်တန့်သွားလေသည်။ ဝဠာစိုးက ဒီဘက်ကို လျှောက်လိုက်လာပြီး ခြိမ့်ရှေ့မှာ လာရပ်ကာ..၊


"ခြိမ့်တို့လမ်းထဲကို ကိစ္စတစ်ခုနဲ့လာရင်း ခြိမ့်ကို သတိရလို့ ဝင်လိုက်တာပါ၊ ဘာရယ်မဟုတ်ပါဘူး၊ ခြိမ့် ဒက်ဒီနဲ့တွေ့မှ ခြိမ့် အိမ်ကထွက်သွားမှန်း သိရတာ၊ခြိမ့်ဒက်ဒီကတော့ အတော်စိတ်ဆိုးနေတယ်၊ခု..ခြိမ့်  ဘယ်မှာဘယ်သူနဲ့နေသလဲဟင်"


 "အဲဒါ ခြိမ့်ကိစ္စပါ"


"နေပါဦး ခြိမ့်ရယ်၊ ကိုယ် ခြိမ့်နဲ့စကားအေးဆေးပြောချင်တယ်"


"လွှတ်စမ်း ဝဠာ၊ဒါ.. ဘာလုပ်တာလဲ"


"ခဏလေးပါ ခြိမ့်၊စကားလေးတစ်ခွန်းနှစ်ခွန်းလောက်ပါပဲ၊ ကိုယ် ခြိမ့်ကို ချစ်တယ်၊ လက်ထပ်ချင်တယ်၊ ခြိမ့် ကိုယ့်ကို လက်ခံပေးပါ နော်၊ ကိုယ် ခြိမ့်ကို ခမ်းခမ်းနားနားလက်ထပ်ယူမှာပါ၊ ခြိမ့်ကို တကယ်နှစ်နှစ်ကာကာချစ်တာပါ ခြိမ့်ရယ်"


ခြိမ့်လက်ကို ဖျစ်ညစ်ဆုပ်ကိုင်ထားသည့် ဝဠာစိုးလက်ထဲကနေ ရုန်းထွက်ဖို့မေ့ကာ ခဏလေးတွေဝေသွားစဥ်..ခြိမ့်တို့ဘေးနားကို ကားတစ်စီး ရုတ်တရက်ထိုးဆိုက်လာပြီး..၊


"မ.."


"သိမ်းပိုက်"


  ကားထဲက သိမ်းပိုက်မျက်လုံးတို့သည် ခြိမ့်နှင့် ဝဠာစိုးတို့ တစ်ဦးချင်းအပေါ် စူးစမ်းကျရောက်နေရာမှ ဝဠာစိုးဆုပ်ကိုင်ထားသည့် သူမလက်လေးမှာ စူးနစ်ငြိမ်သက်သွားခဲ့၏။ မျက်နှာထက်မှာ မေးရိုးတွေပါထောင်ထနေတာမို့ ခြိမ့် လက်ကို ဆောင့်ရုန်းပစ်လိုက်မိသည်။


"ကားပေါ်တက်.."


တိုပြတ်ပြတ်မာထန်ထန်နှင့် အမိန့်ပေးလျှင် ခြိမ့် ကားဟိုဘက်ကိုလျှောက်သွားပြီး အမြန်ဝင်ထိုင်မိသည်။


"သိမ်းပိုက်..ခြိမ့်နဲ့.."


"တော်!.."


ဒေါသတကြီးတားဆီးသံနှင့်အတူ စူးစူးရဲရဲကျရောက်လာသည့် အကြည့်တွေကြောင့် ခြိမ့် စကားသံ တိခနဲရပ်သွား၏။တည်တင်းနေသည့် သိမ်းပိုက်မျက်နှာကို ငဲ့ကြည့်ရင်း ခြိမ့် ကားထဲ ပါလာရသည်။


ခြိမ့်နှင့် ဝဠာ့ကို သိမ်းပိုက် အထင်လွဲသွားပြီမှန်း သိနေတော့ ရင်ထဲမှာတင်းကျပ်ကျပ်နှင့် လေးလံလျက်..။


မထင်မလွဲလိုက်ပါနဲ့ သိမ်းပိုက်ရယ်၊ တို့ရင်ထဲမှာ မင်းတစ်ယောက်တည်းကိုပဲ...၊


..................................................................


"ဂျိမ်း!.."


"တောက်!.."


"ဝုန်း!.."


အခန်းထဲ ရောက်တာနှင့် သိမ်းပိုက် ခြိမ့်ကို ဒေါသတကြီး ဆောင့်တွန်းပစ်လိုက်တာ နှစ်ယောက်ထိုင်ဆက်တီပေါ်  ဝုန်းခနဲ ပစ်ကျသွားသည်။


တစ်ကိုယ်လုံးကိုင်ရိုက်ခံလိုက်ရသလို နာကျင်သွားတာကိုခြိမ့်  အံကြိတ်ခံရင်း နာကျင်မှုဒဏ်ကြောင့် မျက်ရည်တွေ အိခနဲ ပြည့်တက်လာကာ..၊


"မင်း ဘာကို မကျေနပ်ဖြစ်နေတာလဲ သိမ်းပိုက်၊ တို့နဲ့ဝဠာက မင်းထင်သလို လုံးဝမဟုတ်ဘူး"


"လူမြင်ကွင်းကြီးမှာ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး မခွဲနိုင်မခွာရက်ဖြစ်နေကြတာ ကျုပ်က ဘာထင်ရဦးမှာလဲ၊စားသောက်ဆိုင်မှာ အသည်းကို အရက်နဲ့စိမ်ပြီး တမ်းတမ်းတတဖြစ်နေတဲ့ ကောင်ကို ခင်ဗျားက သနားသဖြင့် ရာထူးပြန်ပေးလိုက်ပြီပေါ့"


သူ ရှေ့တိုးသွားပြီး ခြိမ့် ပခုံးနှစ်ဖက်ကို ဒေါသတကြီးဆောင့်ခါမေးလိုက်တော့ သူမပါးပြင်ပေါ် မျက်ရည်တွေ ပေါက်ခနဲ ကျလာ၏။ သိမ်းပိုက် မျက်ဝန်းထဲ၌ ဒေါသခိုးတွေ တဖိတ်ဖိတ်လျှံလျက်...။


သူ ဆွဲလှုပ်နေသဖြင့် ခြိမ့်ဆံပင်လေးတွေ မျက်နှာပေါ် ပြိုကျလာ၏။ 


"ခင်ဗျား ဘာအချိုးချိုးနေတာလဲ၊ ကျုပ်ကို စိန်ခေါ်နေတာလား၊ဒီမှာ... ​ ခင်ဗျားနဖားကြိုးတပ်တာ ခံမဲ့နွားမဟုတ်ဘူး၊ ခင်ဗျားရဲ့မာယာတွေကို တစ်စစီရိုက်ချိုးပစ်မဲ့ ကောင်..၊ကိုကိုလို ယောကျ်ားမျိုးမဟုတ်ဘူး ခင်ဗျား မှတ်ထား"


"မင်း...တော်...တော်တော့"


ခြိမ့် မျက်လုံးတွေ ပြာဝေသည့်အထိ အော်ဟစ်တားဆီးရင်း မျက်ရည်တွေ အတားအဆီးမဲ့စွာ စီးကျကုန်၏။


"ခင်ဗျား အဲဒီပုံအတိုင်းသာ ဆက်ချိုး ခင်ဗျားနဲ့ကျုပ်တွေ့မယ်၊ ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ၊ နောက်တစ်ခါ ဒါမျိုးလာလုပ်ရင် သူများလိုတော့ လက်သီးချင်းယှဥ်မထိုးဘူး၊ခင်ဗျားနဲ့ ခင်ဗျားအကောင်ကို တစ်ခါတည်း သတ်ပစ်လိုက်မယ်"


လက်ညှိုးထိုးကာ ပြောဆိုပြီး ဒေါသအရှိန်မပြေသည့် သိမ်းပိုက်က စားပွဲကို ဒုန်းခနဲ လွှဲကန်ပစ်လိုက်ကာ..၊


"နေစမ်းပါဦး...ခင်ဗျားက အဲဒီကောင်ဆီဘာသွားလုပ်တာလဲ"


ရင်ထဲမှာ တဆစ်ဆစ်နာသည်။ ရင့်သီးသည့်စကားလုံးတွေနှင့် ပစ်ပေါက်လာလိမ့်မည်ဟု မထင်ထားခဲ့တော့ ပိုဆိုး၏။


လမ်းတွေ့လို့ နှုတ်ဆက်စကားပြောမိတာ အပြစ်ကြီးတစ်ခုလား။


ဘီလူးသရဲစီးသလို ဒေါသကြီးနေသည့် သူ့ကို တစ်ခါမှ မမြင်ဖူးသလို ခြိမ့် ငေးကြောင်ကြည့်နေမိလျှင်..၊


"ဒီမှာ ကျုပ်ကိုကြည့်၊ ခင်ဗျား...မော့စမ်းပါ၊ ပြော...ခင်ဗျား မပြောရဲတာ မလုပ်ရဲတာ မရှိပါဘူး ကျုပ်သိတယ်၊ဘာလဲ...ခင်ဗျားက ဟိုအပင် ဒီအပင်ကူးနေတာလား"


"မင်း မမိုက်ရိုင်းနဲ့"


ခြိမ့် ဝုန်းခနဲ ထရပ်ကာ အော်ဟစ်ပစ်လိုက်၏။ထိုအခါ နီးကပ်သွားသည့် အနေအထားမှာ သူ့မျက်ဝန်းတွေက အစိမ်းရောက်တောက်လျက်..ခြိမ့်ကို မီးဝင်းဝင်းတောက်မတတ်စိုက်ကြည့်ပြီး..၊


"စောစောက ခင်ဗျားတို့လုပ်ရပ်ကတော့ ယဥ်ကျေးနေတယ်ပေါ့ ဟုတ်လား၊ ခင်ဗျား အဲဒီကောင်ကို အဲဒီလောက်အထိ ကြည်ဖြူနေတာတောင် ကိုကိုနဲ့ဘာလို့ပက်သက်ခဲ့သလဲ၊ ဘာလို့ တခြားယောကျ်ားတွေနဲ့ တွဲနေရသေးတာလဲ၊ ခင်ဗျားကောင်ကို လက်မထပ်ပဲ တခြားယောကျ်ားတွေကို နဖားတပ်နေတာမို့လား၊ ခင်ဗျားအကျင့်ကို ကျုပ်သိတာပေါ့.."


ပြောရက်လိုက်တာ၊ သူ ခိုးယူခဲ့တာနဲ့ပက်သက်ပြီး သံသယရှိခဲ့တာ ဟိုးအရင်ကတည်းကပါ။ခြိမ့်ကို ချစ်လွန်းလို့...မရမက ပေါင်းသင်းခဲ့တာမှ မဟုတ်ပဲ။


ချစ်ရသူ၏ဥပေက္ခာပြုရက်စက်မှုကို ခြိမ့် နားလည်လာရသည်။ ခြိမ့်အတွက်ဆို အစဥ်သင့်ဖြစ်နေသော ချစ်ပါရစေ၊ကြိုက်ပါရစေဟု တစ်ဆာဆာတောင်းခံခဲ့သူတွေကို ကစားစရာတစ်ခုလို သဘောထားခဲ့မိ၏၊ လှည့်စားအနိုင်ယူခဲ့ဖူး၏။


ခြိမ့်ကစားခဲ့သော ယောကျ်ားပေါင်းများစွာ၏ ခံစားချက်တွေ ခြိမ့်ရင်ကို လာစူးနေသလား။ 


နှလုံးသားထဲက ထိရှနာကျင်မှုသည် အပေါ်ယံအရေပြားပေါ်က ဒဏ်ရာလိုမျိုးမဟုတ်ပါလား။


"ဒါမျိုး နောက်တစ်ခါ တွေ့လို့ကတော့ ကားနဲ့တစ်ခါတည်းတိုက်သတ်ပစ်မယ်၊ကျုပ်ကို ဘာကောင်မှတ်နေလဲ"


"ခုတစ်ခါတည်းရိုက်သတ်လိုက်ပါလား၊ ဘာလို့ ဒီကိုခေါ်လာပြီး ပေါင်းသင်းနေသေးလဲ"


"မုန်းလို့..ကိုကိုနဲ့ညားသွားမှာစိုးလို့"


"ဟင်..."


အပိုင်း(၆)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: