book

Index 41

(ဇာတ်သိမ်းပိုင်း)

💘မှတစ်ပါး....အခြားမရှိ💘


‌"ဟိုရောက်ရင် အလုပ်တွေချည်းဖိလုပ်မနေနဲ့ မောင်... ကိုယ့်ကျန်းမာရေးလည်းကိုယ်ဂရုစိုက်ဦး၊ မတည့်တဲ့အစားအသောက်တွေလည်း မစားနဲ့၊  လိုအပ်တယ်ထင်သမျှ ခြိမ့်အကုန်ထည့်ပေးလိုက်တယ်၊ သွားခါနီး ဖေဖေတို့မေမေတို့ဘွားတို့ကို ကန်တော့ဖို့မမေ့နဲ့ မောင်၊ အိမ်ကနေ စောစောလေးကြိုထွက်ပြီး ဘုရားဝင်ဖူးသွားဦး၊ ရေခြားမြေခြားသွားတာ ဘုရားတရားမမေ့တာ အကောင်းဆုံးဘဲ"

‌လက်ကသူ့အကျီကြယ်သီးတွေတပ်နေရင်း ပါးစပ်က တစ်ချက်မနားဘဲ မှာတမ်းခြွေနေသည့် ချစ်ဇနီး၏အနီးကပ်မျက်နှာလေးကိုငုံ့မိုးကြည့်၍  သူ ဖွဖွပြုံးမိသည်။နှစ်လသားအရွယ်အမွှာလေးတွေ မိခင်လို့မထင်ရက်အောင် ခြိမ့်လှနေပုံက အပျိုလေးတွေရှုံးပါ၏။ဖောင်းအိနေသည့်ပါးလေးနှစ်ဖက်မှာ ပါးမို့လေးတွေရဲနေကာ ပန်းရောင်စိုလဲ့နေသည့် နှုတ်ခမ်းပါးလေးတွေ၊ ဘီးကုပ်လေးနှင့်သိမ်းလှန်တင်ထားသည့် နဖူးထက်မှာဆံယဥ်စလေးတွေဝဲနေပုံက ဘယ်လိုကြည့်ကြည့် မြတ်နိုးလို့မဝ၊ချစ်လို့မဝနိုင်ပါ။

‌"ခြိမ့်တို့သားအမိအတွက် ဘာမှနောက်ဆံမတင်းနဲ့သိလား၊ ဒီမှာက ကိုယ့်မြေကိုယ့်ရေကိုယ့်မိသားစုနဲ့ကိုယ်နေတာ၊ မောင်သာဟိုမှာတစ်ယောက်တည်း ကိုယ့်ကိုယ်ကိုဂရုစိုက်၊ သမီးအတွက်လည်းမပူနဲ့ ခြိမ့်တစ်ယောက်လုံးရှိနေတာ၊ ဟိုရောက်တာနဲ့ ခြိမ့်ကိုဖုန်းဆက်ဦးနော် မောင်၊ အလုပ်တွေဘယ်လောက်များများ နှစ်ရက်တစ်ခါလောက်တော့ လိုင်းတက်ပါ မောင်၊ ခြိမ့်ဘက်က စမခေါ်ဘူး..တော်ကြာမောင်အလုပ်လုပ်နေတာနဲ့တိုးနေမှာစိုးလို့၊ မောင်အလုပ်အားပြီဆိုမှ video callခေါ်နော် ခြိမ့် တစေလိုင်းဖွင့်ထားမယ်"

‌ကုတ်အကျီအပြီးသတ်ဝတ်ပေးရင်း ငြိမ်သက်နေသဖြင့် မော့ကြည့်လိုက်တော့ သူကပြုံးစစမျက်နှာနှင့်။မိသားစုရယ်လို့ အတူတူနေရသည့်ကာလက ဘာကြာသေးလို့လဲ။ ကောက်ခါငင်ခါခွဲရမည်ဆိုတော့ ရင်ထဲမှာ ဆို့နင်နင်ကြီးဖြစ်နေသည်။ ဒါကို သူကအပြုံးမပျက်...၊

‌"ဘာပြုံးနေတာလဲ မောင်၊ ခြိမ့်မှာတာတွေ ကြားရဲ့လား"

‌ "အင်း.."

‌"လေယာဥ်လက်မှတ်ရော ပတ်စ်ပို့ရော မောင့်ပိုက်ဆံအိတ်ထဲမှာ ဖုန်းနဲ့ခုတင်ပေါ်မှာတင်ထားတယ်"

‌ "အင်း.."

‌ခြိမ့်မှာနေတာကိုသူက အရေးမလုပ်သလို "အင်း"တစ်လုံးနှင့်ပြီးစလွယ်လုပ်ကာ မှန်ကြည့်လိုက်ရေမွှေးတွေတရွှီးရွှီးဖျန်းလိုက်လုပ်နေသည်။မြင့်မားကျစ်လျစ်သောအရပ်အမောင်းမှာယောကျ်ားပီသသောကိုယ်ခန္ဓာနှင့် ဖြူနုချောမွေ့နေသည့်  သူ့ရုပ်သွင်ကိုမှန်ထဲကနေကြည့်ရင်း ခြိမ့်ငိုချင်လာသည်။ကိုယ်က ခွဲရမှာကိုဝမ်းနည်းနေသလောက် မောင် သွေးအေးနေတာကိုကြည့်ပြီး ပိုဝမ်းနည်းကာချုံးပွဲချငိုလိုက်ချင်ရဲ့။

‌"ခြိမ့်.."

‌တစ်ညလုံးတစ်မနက်လုံးမနားမနေ မှာနေသည့် ခြိမ့်ဆီက စကားသံလေးတွေတိတ်သွားသဖြင့် သူ မှန်ထဲကနေ ခြိမ့်ကိုကြည့်လိုက်မိသည်။ အဝတ်တွေထည့်ထားသည့်ခရီးဆောင်အိတ်ကို ဟိုရွှေ့ဒီရွှေ့လုပ်လိုက်၊ နေရာတကျဖြစ်နေပြီးသားခေါင်းအုံးတွေကို ပြန်စီလိုက်နှင့် အလုပ်မရှိအလုပ်ရှာလုပ်နေသည့် ခြိမ့်တစ်ယောက်ကြိတ်ငိုနေပြီဆိုတာ သိလိုက်ပြီ။

‌ဇနီးရယ်သားသမီးရယ် အတူတူနေတာမှတစ်လလောက်ရှိသေးသည်။ စက်ာပူရုံးခွဲကို မသွားမဖြစ်တဲ့ကိစ္စကပေါ်လာတော့ ဒီမှာဖေဖေက ကျန်းမာရေးသိပ်မကောင်းတာနဲ့သွားတိုက်ဆိုင်နေ၏။ ကိုယ်ပိုင်လုပ်ငန်းထူထောင်ထားပြီး ကိုယ့်စီးပွားနဲ့ကိုယ်နေပေမယ့် ဟိုဘက်မှာဖေဖေတစ်ယောက်တည်း ကျန်းမာရေးမကောင်းသည့်ကြားက လုံးပမ်းနေရတာကို ကြည့်မနေနိုင်ပြန်။ကိုယ့်လက်စလည်းဖြစ် မိဘအခက်အခဲဖြစ်နေချိန်မှာ သားတစ်ယောက်အနေနဲ့ ဒီလောက်လေးလုပ်မပေးလို့မဖြစ်။ဒီတော့ စက်ာပူရုံးခွဲကို ဒီနေ့ဘဲ သွားရတော့မည်။

‌"ခြိမ့်!..ငိုနေပြန်ပြီလားကွာ.."

‌သူ ခြိမ့်အနားကို ချက်ချင်းရောက်သွားပြီး သူမပခုံလေးကနေဆွဲလှည့်လိုက်တော့ ထင်သည့်အတိုင်းပါးပြင်မှာမျက်ရည်ကြောင်းလေးနှစ်ကြောင်းနှင့်။ 

‌"ခြိမ့်ကကွာ မောင်နဲ့အတူတူလိုက်ခဲ့ဆိုတော့လည်း မဟုတ်ရဘူး၊ မင်းမျက်ရည်တွေကို မြင်တော့ မောင်ဘယ်လိုလုပ်စိတ်ဖြောင့်မလဲ"

‌မျက်ရည်တွေကို သုတ်ပေးရင်း သူချော့တော့ ခြိမ့် ဝမ်းနည်းစိတ်ကတရစ်ရစ်တိုးလာသည်။ ဟန်ဆောင်ပြုံးနိုင်ဖို့ဘယ်လိုဘဲအားတင်းအားတင်း မျက်ရည်ကြောင်းတွေသာပါးပြင်ထက်မှာစွန်းထင်းလျက်။

‌"အဲဒီလောက်ဖြစ်နေရင် ဒီနေ့ခရီးစဥ်ကို ဖျက်လိုက်တော့မယ်၊ နောက်ရက်မှ ခြိမ့်တို့သားအမိတွေနဲ့အတူတူသွားမယ်ကွာ"

‌"အို..ဘယ်ဖြစ်မလဲ မောင်ရယ်"

‌ဒီလိုကျတော့ ခြိမ့်အသဲအသန်တားဆီး၏။သူ ခြိမ့်ပါးပြင်ကမျက်ရည်လေးတွေကို သုတ်ပေးရင်း..၊

‌"ဘာလို့မဖြစ်ရမှာလဲ၊ မင်းငိုနေတာကို မောင်ဘယ်လိုလုပ်ထားခဲ့နိုင်မလဲ၊ အစထဲက ဒီကောင်ကသိပ်သွားချင်တာမဟုတ်ဘူး"

‌ရင်ချင်းဆွဲကပ်ကာ သိမ်းပိုက်က မချင့်မရဲဆိုတော့ ခြိမ့် မျက်ရည်တွေကို ကပြာကယာသုတ်လိုက်မိသည်။ခရီးသွားမဲ့သူကို နောက်ဆံတင်းအောင် ခြိမ့် လုပ်မိပြီ။

‌"ခြိမ့် ဘာမှမဖြစ်ပါဘူး မောင်၊သားနဲ့မီးငယ်က အရမ်းငယ်သေးတယ်၊ ခြိမ့်တို့သားအမိတွေလိုက်လို့ဘယ်ဖြစ်ပါ့မလဲ မောင်ရယ်၊ခြိမ့်တို့မိသားစုလေးတစ်စုတစ်စည်းထဲဖြစ်တော့မှ  မောင်ခရီးသွားမယ်ဆိုတော့ မျက်ရည်ကသူ့အလိုလိုကျလာတာ မောင်ရဲ့"

‌မျက်ရည်ရောင်တောက်နေသည့်ကြားက ဟန်လုပ်ပြုံးလိုက်တာလေးက သူ့မျက်လုံးထဲ အလှဆုံးဖြစ်နေသည်။ ကိုယ်က ယောကျ်ားမို့ သူမလိုမျက်ရည်မကျတာကလွဲရင် ရင်ထဲမှာ နင့်နင့်နဲနဲထိထိခိုက်ခိုက်ခံစားနေရတာပင်။ချစ်တဲ့သူတွေကြားမှာ ခွဲခွာခြင်း ဝေဒနာကိုဘယ်သူခံနိုင်ရိုးရှိသလဲ။

‌"ခြိမ့်က မိသားစုကြားထဲမှာနေတာ မောင် ခြိမ့်တို့သားအမိကို စိတ်ချပါ၊ မောင့်အတွက်ကို ခြိမ့်ကပူနေတာ မောင်ကျန်းမာရေးဂရုစိုက်ပါနော်"

‌ခြေဖျားလေးထောက်၍ ခြိမ့်က သူ့မေးဖျားကိုဖျတ်ခနဲမော့နမ်းလေသည်။သူမဆီက ခုလိုယုယကြင်နာခြင်းတွေကြောင့် အတိုင်းမသိကြည်နူးခြင်းတွေဖြစ်ရ၏။ခွဲရမည်ဆိုသောအသိနှင့်တစ်ယောက်ကိုတစ်ယောက် လွတ်ထွက်သွားမှာစိုးသလို တင်းတင်းကျပ်ကျပ်ဖက်ထားမိကြသည်။စကားလုံးတို့ထက်လေးနက်သောချစ်ခြင်းတို့နှင့် ခဏတာလောကကြီးကိုမေ့ထားမိကြ၏။

‌"သိမ်းပိုက်ရေ.."

‌"ဗွာ..."

‌အချစ်တို့နှင့်ထုံမွှမ်းသော ​အနမ်းပင်လယ်ထဲနစ်မျောနေကြစဥ် အခန်းအပြင်က မိန့်အသံထွက်လာ၏။ရုတ်တရက် "ဗျာ"ဟုထူးလိုက်သံက ပလုံးပထွေးထွက်သွားသည်။

‌"အထဲကနှစ်ယောက် စောစောသွားမယ်ဆိုပြီးအခန်းထဲက မထွက်ပါလား၊ ခုထိအလွမ်းသယ်လို့မပြီးသေးဘူးလား ကိုခွန်စေးသာတောင်ရောက်နေပြီ၊ တကယ်ထဲ လောကကြီးကိုတောင်မေ့နေသလားမသိဘူး၊ လုပ်စရာရှိတာလုပ်ပြီးသွားကြရင်လည်း အပြင်ထွက်လာကြဦး၊ လေယာဥ်ချိန်မမှီဘဲနေလိမ့်မယ် ကြားလား"

‌"ဟုတ်ကဲ့ ခုလာခဲ့မယ် မမ"

‌"အရေးကောင်းဒိန်းဒေါင်ဖျက်တာ နေပါစေ အစောကြီးရှိသေးတာ"

‌ပြန်ထွက်သွားသည့်ခြေသံကိုနားစွင့်ရင်း သိမ်းပိုက်က စိတ်ရှုပ်သလိုပြောသည်။

‌"မောင် သိပ်ဆိုးတာဘဲ၊ ဟိုမှာ မမသိသွားတာ ဘယ်လောက်ရှက်စရာကောင်းလဲ"

‌ခြိမ့် မျက်စောင်းလေးထိုးပြီး မျက်နှာနီနီလေးနှင့်ပြောလျှင်..၊

‌"ဒီလောက်တော့ မမ ကိုယ်ချင်းစာတတ်ပါတယ်ကွာ၊ရှက်မနေနဲ့တော့.."

‌"သွားရအောင် မောင်၊နောက်တစ်ခါလာခေါ်နေရရင် မကောင်းဘူး၊ ကိုလေးတောင်ရောက်နေပြီတဲ့"

‌ခရီးဆောင်အိတ်ကို လှမ်းဆွဲရင်း ခြိမ့်ပြောတော့ လက်ကိုင်နှင့်သူမလက်ကလေးကိုရော၍ သူဆုပ်ကိုင်ပစ်လိုက်သည်။တမ်းတဆွေးမြေ့သော မျက်ဝန်းများနှင့်တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း သိမ်းပိုက် သူမကိုယ်လေးကို ဗြုန်းခနဲ ဆွဲဖက်ပစ်လိုက်၏။

‌ခြိမ့်မြတ်နိုးတဲ့ကိုယ်သင်းနံ့တို့စွဲထင်​နေတဲ့  မောင့်ရင်ခွင်နွေးနွေးကို ခြိမ့်တမ်းတနေရတော့မယ်။မောင့်ရှေ့မှာ မျက်ရည်မကျမိအောင်ထိန်းရင်း မောင့်ရင်ခွင်ကျယ်ထဲကနေ ရုန်းထွက်လိုက်ကာ...၊

‌"ခြိမ့်ကလေးတွေနဲ့လိုက်မပို့တော့ဘူးနော် မောင်၊ လေယာဥ်ပေါ်တက်ခါနီးကျရင် ဖုန်းဆက်ဦး"

‌မောင်ရှေ့မှာရုပ်ပျက်ဆင်းပျက်ငိုမိမှာစိုးလို့ပါ မောင်။ 

‌ခြိမ့် ရင်ထဲကိုမြင်နေရတော့ သူ သက်ပြင်းဖွဖွချမိသည်။

‌"အင်းပါ...လေယာဥ်ပေါ်တက်ခါနီး မောင်ဖုန်းဆက်လိုက်မယ်၊ ဟိုရောက်ရင်လည်းဖုန်းဆက်မယ်၊ ခြိမ့် ကျန်းမာရေးကိုလည်းဂရုစိုက်ဦးနော်၊ သားနဲ့မီးငယ်က အရမ်းငယ်သေးတော့ အမှန်ပြောရရင် မောင်ခြိမ့်တို့ကို နည်းနည်းမှစိတ်မချဘူး၊ မမနဲ့တစ်ခါတည်းလိုက်သွားနော် ခြိမ့်၊ ခြိမ့်တစ်ယောက်ထဲ ဒီကွန်ဒိုမှာ မနေနဲ့ မမတို့ဒက်ဒီတို့နဲ့သွားနေ၊ မေမေတို့နဲ့သွားနေလည်း ရတယ် ဒါပေမယ့်..ခြိမ့်မနေတတ်မှာစိုးလို့"

‌"ရပါတယ် မောင်ရဲ့၊ ခြိမ့် ဒက်ဒီတို့နဲ့ပြန်နေလိုက်မယ်၊အဲဒါတွေကို မောင်တွေးပူမနေနဲ့၊ ခရီးသာဖြောင့်ဖြောင့်သွား"

‌"အင်း...မောင်လည်းမကြာပါဘူးကွာ၊ ဟိုကအလုပ်တွေပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်"

‌"သွားရအောင် မောင်၊ အပြင်မှာလူကြီးတွေစောင့်နေကြတာ"

‌"အင်း.."

‌ပြောင်ရှင်းနေသည့် နဖူးလေးထက်သို့ အနမ်းနွေးနွေးလေး​ခြွေချလိုက်သည်။ရွှန်းလဲ့သောမျက်ဝန်းလေးတွေအဆုံမှာ တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာပြုံးပြလိုက်မိကြသည်။ ဒီလောက်ဆိုလုံလောက်ပြီ.. လွမ်းဆွေးရတော့မယ့်ကာလတွေအတွက် သည်အပြုံးတွေက အလိုအပ်ဆုံးခွန်အားတွေ..။

‌"ဟော ဖေကြီးနဲ့မေကြီးထွက်လာပြီ၊ ဖေကြီး မီးမီးဖို့ ဖိနပ်လှလှလေးတွေဝယ်ခဲ့နော်"

‌ခြိမ့်နဲ့အပြင်ထွက်လာတော့ သမီးက သူ့ဆီပြေးလာ၏။ဧည့်ခန်းထဲမှာ လူစုံတက်စုံနှင့်။ ခြိမ့်ဒက်ဒီနှင့်မမက ဖေဖေနဲ့စကားပြောနေရင်း သူတို့ထွက်လာတာမြင်တော့ ပြုံးနေသည်။ကိုခွန်စေးသာက မီးငယ်ကိုချီထားရင်း ချော့မြှူနေ၏။သားကြီးက ဖေဖေ့လက်ထဲမှာ မေမေကတော့ထုံးစံအတိုင်းမျက်နှာသေနှင့် ထိုင်နေသည်။

‌"ဝယ်လာမှာပေါ့ သမီးရဲ့၊ သမီး မေကြီးကို မဆိုးရဘူးနော်၊ လိမ်လိမ်မာမာနေကြားလား၊ မောင်လေးညီမလေးတွေကိုလည်း မေကြီးနဲ့အတူတူထိန်းပေးလိုက်ဦး"

‌"ဟုတ်ကဲ့ပါ ဖေကြီးရဲ့၊ ဖေကြီး အာဘွား"

‌သမီးကိုယ်လေးကိုလွှတ်ပေးပြီး ဖေဖေ့ချီထားသည့် သားကြီးကိုချီပိုးရင်း ပါးပြင်အိအိလေးကို ဖွဖွနမ်းလိုက်သည်။သားကြီးကို အားရအောင်နမ်းပြီးတော့ ခြိမ့်လက်ထဲထည့်ပေးကာ သမီးငယ်လေးကို ထွေးပွေ့လိုက်၍..၊

‌"မီးငယ်လေး..မေမေ့ကို မဆိုးရဘူးနော်၊ ဖေဖေ ပြန်လာရင် မီးငယ်တို့သားအမိတွေလာကြိုရမယ်နော် သမီးငယ်"

‌"အလွန်ဆုံးကြာမှတစ်လနှစ်လပေါ့ သိမ်းပိုက်ရာ၊ အဲဒီလောက်အဖြစ်သဲမနေနဲ့"

‌"အဲဒါတော့ ကိုလေးကိုယ်ချင်းမစာတတ်တာ၊ဒီတစ်သက်လူပျိုကြီးဘဲ ဖြစ်နေဦးမှာ ကြည့်နေ"

‌"ဒါတော့ မင်းငါ့ကို အထင်သေးတာ သိမ်းပိုက်"

‌"ကြီးစရာရောရှိလို့လား ကိုလေးရာ၊ တစ်သက်လုံးတူလေးတွေတူမလေးတွေထိန်းပြီး အရိုးထုတ်သွားတော့မှာ မသိတာကြလို့၊ အရွယ်ရှိတုန်းလုပ်ထားကိုလေးရ...ကိုလေးအတွက်အကြီးကြီးလက်ဖွဲ့ဖို့ကျွန်တော်ပြင်ဆင်ထားမယ်"

‌"အေး...စက်ာပူကပြန်လာတာနဲ့ မင်းလက်ဖွဲ့ဖို့သာပြင်လိုက်တော့ ငါ့ညီရေ"

‌"ဘာလဲ!..ကိုလေးဘက်က ဖိတ်စာတစ်ခြမ်းနဲ့သတို့သမီးဘက်က တရားစွဲထားတယ်လား"

‌"ဟာ!...ဒီကောင်.."

‌"ဟား...ဟား..."

‌ခွန်စေးသာကို မခံချင်အောင်စနောက်ရင်း အားလုံးဝိုင်းရယ်လိုက်ကြသည်။သူတို့ရင်ထဲမှာ သောကတွေ ခဏတာငြိမ်းသွား၏။

‌..................................................................

‌"သမီး...သားကြီး ပြန်မရောက်သေးဘူးလား"

‌"ဘယ်တုန်းက ကိုကိုစောစောပြန်ဖူးသလဲ မေမေ၊ ထုံးစံအတိုင်းဘဲ နေမှာပေါ့"

‌လှေကားပေါ်ကဆင်းလာသည့် သျှင်ယွန်းမြတ်ကို ဒေါ်မြင့်မိုရ်ခန့် ခုမှသေချာကြည့်မိသည်။ အနက်ရောင်ကိုယ်ကျပ်ဂါဝန်က တစ်ချောင်းတည်းကြိုးနှင့် ဒူးအပေါ်အတိ။ ဆွဲသားမို့ ကိုယ်ခန္ဓာကောက်ကြောင်းအတိုင်းထင်းနေသည့်အထဲ ပေါင်လည်အထိအကွဲကြောင်းက လမ်းလျှောက်တိုင်းအတွင်းသားတွေကို လှစ်ဟပြနေတာ မျက်နှာထဲ အမြင်ရိုင်းနေသည်။

‌ကိုယ့်မျက်စိရှေ့မှာ တဖြည်းဖြည်းခေတ်ဆန်လာတာ ခုဆို သျှင်ယွန်းမြတ်မဝတ်ရဲမစားရဲတာ မရှိတော့။ ဟိုတစ်နေ့ကလည်း ပေါင်လယ်လောက်ဂါဝန်အတိုလေးနှင့် အပြင်ထွက်သွားတာ ကိုယ့်ရှေ့တင်။ 

‌"သားကြီးကို ဒီအတိုင်းကြည့်နေတော့မှာလား၊ နည်းနည်းပါးပါးမပြောတော့ဘူးကွယ်"

‌သျှင်ယွန်းမြတ်က အနီရောင်စိုလဲ့နေသည့်နှုတ်ခမ်းပါးတွေကို ကွေးညွှတ်ပြုံးရင်း..၊

‌"မေမေ့သားက သျှင်ယွန်းစကားကို ဘယ်တုန်းကများအလေးအနက်ထားခဲ့လို့လဲ၊ ဘယ်တစ်ယောက်မှန်းမသိတဲ့ မိန်းမအတွက်တစ်နေ့တစ်နေ့သောက်စားနေတာ၊ အဲဒါကို သျှင်ယွန်းက အရက်ဆိုင်တကာလှည့်ပြီး လိုက်ရှာနေရမှာလား မေမေ"

‌"ငါ အရက်ဆိုင်တကာသွားတာ ဘာပြဿနာမှမရှိဘူး၊ယောကျ်ားတွေတစ်ရုံးရုံးနဲ့ကလပ်တကာလှည့်နေတဲ့ မင်းသာ ဆင်ခြင်"

‌"သားကြီး.."

‌လူအနားရောက်လာသည်နှင့်ယာမကာနံ့က လှိုင်ခနဲထွက်လာ၏။ ဒေါ်မြင့်မိုရ်ခန့် မျက်စိမျက်နှာပျက်နေသလောက် သျှင်ယွန်းမြတ်က ခပ်မဲ့မဲ့ပြုံးကာ..၊

‌"သျှင်ယွန်းတစ်ယောက်တည်းသွားတာ မဟုတ်ဘူးကိုကို၊ သူငယ်ချင်းတွေအုပ်စုလိုက်သွားတာ..ဟိုက ကလေးတွေရနေတာတောင် အဲဒီမှာ ကိုကိုသာ အသည်းဟက်တက်ကွဲကြီးကို ရင်ခွင်ပိုက်ပြီး တစ်မြို့လုံးလှည့်ပြနေတာ၊ကိုယ့်ဂုဏ်ပုဒ်ကိုယ့်သိက္ခာကို ကိုကိုသာထောက်ထားဆင်ခြင်နေရမှာ"

‌ "သျှင်ယွန်းမြတ်!.."

‌"ဟဲ့..ဟဲ့ သားကြီး မလုပ်နဲ့လေ၊ ခက်ပါလား..အဲဒီလက်ကြီးအောက်ချလိုက်စမ်း တည်ကြည်၊ မေမေပြောနေတယ်လေ"

‌"ရိုက်ပါစေ မေမေ၊ ကိုယ့်ယောကျ်ားက တခြားမိန်းမအတွက်အသေအလဲခံစားပြနေတာကို အသိုင်းအဝိုင်းကြားမှာ လက်ညှိုးထိုးခံနေရတာထက် အသားနာတာက ပိုကောင်းမှာပါ"

‌"တော်စမ်း သျှင်ယွန်းမြတ် ပတ်ဝန်းကျင်မှာဘာဖြစ်နေလို့လဲ၊ ယောကျ်ားတကာနဲ့ပလူးပလဲနေတဲ့ မင်းလုပ်ရပ်အတွက် ငါ့ကိုလက်ညှိုးလာမထိုးနဲ့၊ ငါ ယောကျ်ား သောက်တာစားတာ ဘယ်သူမှအပြစ်မတင်ဘူး"

‌"သြော်..ဟော် တော်တော်တရားကျဖို့ကောင်းလိုက်တာ ဦးတည်ကြည်ခန့်ညားရဲ့"

‌တည်ကြည် သူမကို မျက်မှောင်ကြီးကုတ်၍ကြည့်လိုက်သည်။

‌"ခု ဘယ်လဲ သျှင်ယွန်းမြတ် သွား အပေါ်ပြန်တက်"

‌"မတက်နိုင်ဘူး၊ သျှင်ယွန်း အပြင်သွားမလို့၊ ကိုကို သျှင်ယွန်းကို ဘောင်လာမခတ်နဲ့နော် ကိုကိုစိတ်ကြိုက်လုပ်နေတာတွေ သျှင်ယွန်း ဘာတစ်ခွန်းပြောခဲ့လို့လဲ"

‌"တော်ကြစမ်း မင်းတို့ငါ့ရှေ့မှာတောင် ဒီလောက်ဖြစ်နေကြတာ ငါ့ကိုအမေတစ်ယောက်လိုရောမြင်ကြသေးရဲ့လား၊ တည်ကြည်ခန့်ညား...မင်းတို့ဘာတွေဖြစ်နေကြတာလဲ"

‌"ဘာမှမဖြစ်ဘူး မေမေ၊ ကျွန်တော် သွားနားတော့မယ်"

‌"အဲဒါ ဘယ်လဲ ငါ့စကားမဆုံးသေးဘူး ပြန်လာခဲ့ တည်ကြည်"

‌"ကျွန်တော်ပင်ပန်းလာတယ် မေမေ၊ နားပါရစေ၊ မနက်ကျမှ မေမေပြောချင်တာ ပြော ကျွန်တော်နားထောင်မယ်၊ ခုတော့ အရမ်းပင်ပန်းလာလို့ နားခွင့်ပြုပါ"

‌"တည်ကြည်ခန့်ညား!.."

‌အပေါ်ကိုဆက်တိုက်တက်သွားသည့်တည်ကြည့်ကိုကြည့်၍ ဒေါ်မြင့်မိုရ်ခန့်စွေ့စွေ့ခုန်ကျန်ခဲ့သည်။ 

‌"အဲဒါကြောင့် အိမ်မှာ မနေချင်တာ"

‌"ဘုရားရေ.."

‌ချွေးမဖြစ်သူကပါ အောက်ထပ်ကိုဆင်းသွားသဖြင့် ဒေါ်မြင့်မိုရ်ခန့် ဘုရားတလိုက်မိသည်။ အိမ်မှာ ဘာတွေဖြစ်နေကြတာလဲ။ သူမ စိတ်ကြိုက်စီမံခဲ့တဲ့ သားကြီးတို့အိမ်ထောင်ရေးက ဒီလိုမျိုးလား..။

‌တဆစ်ဆစ်ထိုးအောင့်လာသည့်ရင်ဘတ်ကိုဖိရင်း ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်မိသည်။

‌...................................................................

‌လေးလခန့်ကြာပြီးနောက် သာယာသောနံနက်ခင်းဝယ် တစ်အိမ်လုံး သက်ဝင်လှုပ်ရှားနေခဲ့သည်။

‌"မီးငယ်ရေ အကျီလှလှလေးလဲရအောင်၊ မမ သားကြီးကို ခြိမ့်ဘောင်းဘီဝတ်မပေးရသေးဘူး"

‌"မမ ဝတ်ပေးလိုက်မယ်၊ လေဆိပ်သွားတာ နောက်ကျနေဦးမယ် ခြိမ့်ရေ မြ​န်မြန်လုပ်.."

‌"ခြိမ့်က ပြီးပြီ၊ ဖေဖေတို့လည်း လာမယ်တဲ့၊ ပြီးခဲ့တဲ့တစ်ပတ် မောင်ဖုန်းဆက်ထဲက ခြိမ့်ပြောလို့သူတို့လည်း ဝမ်းသာနေကြတာ"

‌"အေးလေ ခဏဆိုပြီး လေးလတောင်ကြာနေတာ သူတို့သားငယ်လေးကို သူတို့လည်းသတိရရှာမှာပေါ့၊ လာ မီးငယ်..တီတီဆီ.."

‌"ဟယ်...ကြည့်စမ်း.."

‌ခြိမ့်လက်ထဲကနေ လက်ကမ်းလာသည့် မိန့်ကို မီးငယ်က ရိုက်ထုတ်၏။ခြောက်လအရွယ်ဆိုပေမယ့် သားကြီးရော မီးငယ်ပါဖြူဖြူထွားထွားလေးတွေ။ ကြီးလာလေ သိမ်းပိုက်နဲ့ပိုဆင်လာလေ..။

‌"တတ်နေတာ ကြည့်စမ်း၊ အဖေပြန်လာတော့မယ်ဆိုတာနဲ့ ကျုပ်ကိုပုန်ကန်နေပြီပေါ့လေ"

‌ဘယ်ကနေတတ်မှန်းမသိပါ။ မီးငယ်က သူ့ကိုခေါ်ရင် လက်ကလေးနဲ့ရိုက်ထုတ်တတ်သလို အလိုမကျတိုင်းနှုတ်ခမ်းကြီးထော်ထားတတ်နေပြီ။

‌"သူ့ပြောတာ သိနေတဲ့အတိုင်းပါလား၊ နှုတ်ခမ်းကြီးထော်ကြည့်နေတယ် ခြိမ့်ရေ"

‌ခြိမ့်ကမ္ဘာသွေးက ချထားသည့်အတိုင်းခုတင်ပေါ်မှာ ငုပ်တုပ်ထိုင်ကစားနေသည်။သားကြီးက အေးသလောက်မီးငယ်က အရမ်းစွာလွန်း၏။

‌"မေကြီးရေ ပြီးပြီလား"

‌"သြော်..သမီး၊ ဖွားဖွားတို့ရောက်ပြီလား"

‌"ရောက်နေပြီ မေကြီးရဲ့၊ ဟာ...အာပုကျိလေး မမကိုမွှေးမွှေးပေးပါဦး.."

‌"အို.. မီးငယ်.."

‌"အ!...မေကြီး လုပ်ပါဦး.."

‌ချင်းချင်းက မီးငယ်ပါးလေးကိုနမ်းလိုက်စဥ် မီးငယ်ရဲ့မထင်မှတ်တဲ့လုပ်ရပ်တော့ ခြိမ့်မျက်လုံးပြူးသွားရသည်။ 

‌"မီးငယ်..မမကို မကိုက်ရဘူးလေ"

‌ချင်းချင်းမျက်နှာကိုကုတ်ဖဲ့ကာ မီးငယ်က အတင်းလိုက်ကိုက်၏။

‌"ဟီးဟီး...ညီမလေးက ကိုက်တယ်မေကြီး၊ အာပုကျိလေးက ခွေးမလေး.."

‌ချင်းချင်းက ရယ်မောကာစတော့မီးငယ်ကအတင်းမျက်နှာကိုကုတ်ဆွဲဖို့ပြင်နေသည်။ စွာလွန်းသည့် မီးငယ်ကို မိန့်က သဘောတွေကျနေ၏။

‌"စိတ်ကိုက အဖေအတိုင်းဘဲ၊ ရုပ်တင်မဟုတ်ဘူး ခြိမ့်ရေ မီးငယ်က စိတ်ဆတ်တာရော သူ့အဖေနဲ့တစ်ပုံတည်း"

‌မောင်နဲ့တူတယ်ဆိုတော့ ခြိမ့်ပြုံးနေမိသည်။ မောင်ရဲ့ကိုယ်ပွားလေးတွေကို ကြည့်ပြီးတစ်နေ့တစ်နေ့ အလွမ်းဖြေနေခဲ့ရတာ မဟုတ်လား။

‌ခြိမ့်တို့လေဆိပ်ရောက်တော့ လေယာဥ်ဆိုက်ခါနီးပြီ။ ဦးပိုင်ဦးနှင့်ဒေါ်မြင့်မိုရ်ခန့်က ကားတစ်စီး၊ ရှင်းမိန့်မိန့်ခန့်မောင်းတဲ့ကားပေါ်မှာ ခြိမ့်နှင့်ကလေးသုံးယောက်။လေဆိပ်အဆောက်အအုံထဲရောက်တော့ ဦးပိုင်ဦးက ခြိမ့်ကမ္ဘာသွေးကိုချီပြီးခုံမှာထိုင်နေသည်။ ဒေါ်မြင့်မိုရ်ခန့်ကချင်းချင်းကိုပေါင်ပေါ်တင်လျက်ခင်ပွန်းသည်အနားမှာထိုင်ကာ ဟိုငေးဒီငေးလုပ်နေသည်။ 

‌"အီး...အင့်..."

‌"မီးငယ် ဘာဖြစ်လို့လဲ၊ မငိုပါနဲ့မီးငယ်ရယ်.."

‌ရုတ်တရက် မီးငယ်ဂျီကျလာသဖြင့် ခြိမ့် မတ်တပ်ရပ်ပြီးချော့ရတော့၏။မီးငယ်ကိုချော့ရင်း သူထွက်လာမည့်အပေါက်ဆီ မျက်လုံးက ခဏခဏရောက်နေသည်။

‌"လေယာဥ်က ဆိုက်ဖို့ကောင်းနေပြီ"

‌ဦးပိုင်ဦးက မြေးကြီးကိုချီပြီး ခြိမ့်အနားရောက်လာကာ တစ်စုံတစ်ခုကိုစိုးရိမ်ဟန်နှင့်ပြောလာသည်။

‌"လေယာဥ်က သတ်မှတ်ချိန်ထက်ငါးမိနစ်တောင်နောက်ကျနေတယ်၊ ဘာဖြစ်လို့လဲ မသိဘူး"

‌"အေးလေ..လေယာဥ်ရောက်ဖို့ကောင်းနေပြီ၊တစ်ခုခုတော့တစ်ခုခုဘဲ"

‌ရှေ့ကကောင်လေးနှစ်ယောက်စကားကြောင့် ခြိမ့် ရင်ထဲဒိန်းခနဲဆောင့်ခုန်ကာ နှလုံးတွေ တဆတ်ဆတ်တုန်ခါလာသည်။

‌ "ဖေဖေ..."

‌ယောက္ခမဖြစ်သူကို အားကိုးတကြီးခေါ်သံကတုန်ခါနေ၏။

‌"ကလေးခဏခေါ်ထား၊ ဖေဖေ သွားမေးကြည့်ဦးမယ်"

‌"လာ..သားလာ.."

‌"ကိုပိုင်...ဘာဖြစ်တာလဲ"

‌ဒေါ်မြင့်မိုရ်ခန့်ကလည်း ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေသည့်လူအုပ်ကိုကြည့်ကာ မျက်နှာမှာစိုးရိမ်ပူပင်မှုတွေနှင့် အနားရောက်လာသည်။

‌"လေယာဥ်နောက်ကျနေတာဖြစ်မှာပါ၊ ကိုယ် သွားမေးလိုက်ဦးမယ်၊ မင်းတို့ ဒီမှာ နေခဲ့၊ ကလေးတွေလည်းဂရုစိုက်ဦး"

‌ဦးပိုင်ဦး ခြေလှမ်းသွက်သွက်နှင့်ထွက်သွားသည့်နောက်ကိုလိုက်ကြည့်ရင်း ခြိမ့် အသက်ရှူမဝချင်သလို ကတုန်ကယင်နှင့်။

‌"ဘာဖြစ်တာလဲ လေယာဥ် ဘာဖြစ်လို့မဆိုက်သေးတာလဲ"

‌"လွန်ခဲ့တဲ့ဆယ်မိနစ်က လေယာဥ်တိမ်ထူကြီးကိုဖြတ်နေရတာ၊ခု အဆက်အသွယ်မရတော့တာ စိုးရိမ်စရာဘဲ"

‌ကိုယ့်ရှေ့က တာဝန်ရှိသူတွေ ကတိုက်ကရိုက်ဖြတ်လျှောက်ရင်းပြောသွားတာကို အတိုင်းသားကြားနေရသည်။ ခြိမ့်ပါးပြင်ပေါ်မျက်ရည်တွေ ချက်ချင်းပြိုဆင်းလာပြီး ခြေတောက်တွေက ယိုင်နဲ့လာ၏။

‌"မမ!.."

‌မိန့်လက်မောင်းကိုဆုပ်ကိုင်လိုက်သည့်လက်တစ်ဖက်ကပင် အားမပါတော့။ မိန့်ရော ဒေါ်မြင့်မိုရ်ခန့်ပါ မျက်စိမျက်နှာတွေပျက်နေကြပြီ။ခြိမ့်ကိုနှစ်သိမ့်ဖို့စကားလုံးရှာနေစဥ်...၊

‌"ရေဒါပေါ်မှမရှိတော့ဘူး၊ လေယာဥ်ပျက်ကျသွားပြီတဲ့.."

‌ခြိမ့်နားထဲမှာ မိုးချိမ်းသံကြီးမြည်ဟီးသွား၏။

‌"မောင်!..."

‌"ခြိမ့်!..."

‌"ဟိုတစ်ယောက်ကလေးနဲ့လဲကျသွားပြီ.."

‌လေဆိပ်အဆောက်အဦးထဲမှာ အသံတွေပွက်လောရိုက်သွား၏။

‌...................................................................

‌"မောင်....မောင်ရေ..."

‌"ခြိမ့်.."

‌ဖျတ်ခနဲသတိပြန်ကပ်လာသည်နှင့် ခြိမ့် လူးလဲထလိုက်မိသည်။ကိုယ်အသက်ရှင်နေသေးသည်ဆိုသည့်အသိနောက်မှာ မောင်မရှိတော့ဘူးဆိုသည့်အသိက ပြင်းထန်စွာနှိပ်စက်၏။

‌"မောင်...မောင်ရေ ပြန်လာခဲ့ပါ မောင်ရဲ့၊မောင် ခြိမ့်ဆီ ပြန်လာခဲ့ပါ"

‌မျက်စိထဲမှာဘာမှမမြင်..၊ မောင်ပုံရိပ်မောင့်အသွင်သာစိုးမိုးလျက် ခြိမ့်ပါးပြင်မှာ မျက်ရည်တွေရွှဲရွှဲစိုနေသည်။ 

‌"ခြိမ့်..ခြိမ့် သတိထားဦးလေ"

‌"ဟင်အင်း..မောင်မရှိတော့ဘူး၊ မောင့်ကို ပြန်ခေါ်ရမယ်၊ မောင့်ဆီကို ခြိမ့်သွားမယ်"

‌ချုပ်နှောင်ထားသည့်လက်တွေကို အတင်းဖယ်ချကာ ခြိမ့်တံခါးဆီပြေးထွက်ဖို့ပြင်သည်။

‌"ခြိမ့်...သတိထားဦးကွာ၊ဒီမှာကြည့်...ဒီကိုကြည့်စမ်းပါ.."

‌"ဟင်အင်း...ဟင်အင်း...မောင့်ဆီသွားမယ်၊ဒီအချိန်ဆိုမောင့်ကိုသူတို့သယ်လာနေလောက်ပြီ၊ ခြိမ့် မောင့်ဆီသွားမယ်"

‌အတင်းဆွဲဖက်ထားသည့်ရင်ခွင်ထဲကနေ ရုန်းထွက်ကာ ခြိမ့်သွေးရူးသွေးတန်းအော်ဟစ်နေမိသည်။

‌"မောင်မသေပါဘူး ခြိမ့်ရယ်၊ မောင် မင်းနားမှာရှိပါတယ်၊မောင် ဒီမှာလေ.. သေချာကြည့်ပါဦး"

‌"ဟင်!.."

‌တတွတ်တွတ်ပြောနေသည့်စကားသံ၊နွေးထွေးသောရင်ခွင်၊အမြဲတမ်းအကျွမ်းတဝင်ဖြစ်နေသည့်ကိုယ်သင်းနံ့တို့နှင့် ကျစ်လျစ်ကျယ်ဝန်းသောရင်ခွင်ထဲကနေ ခြိမ့် မော့ကြည့်လိုက်လျှင်..၊

‌"မောင်...တကယ်မောင်လား၊ မောင် မသေဘူးပေါ့ ဟုတ်လား"

‌ပါးနှစ်ဖက်ကိုတုန်ရင်သောလက်ကလေးနှစ်ဖက်နှင့်ညှပ်ကိုင်၍ ခြိမ့် အငမ်းမရမေးမိသည်။ ဆံပင်တွေဖရိုဖရဲ၊ မျက်နှာမှာမျက်ရည်များနှင့်သူ့အတွက် အရူးမီးဝိုင်းဖြစ်နေသည့် ခြိမ့်ကိုမြင်တော့ ရင်ထဲအတော်မကောင်းပါ။

‌"မသေပါဘူး ခြိမ့်ရယ်၊ ကလေးတွေနဲ့မင်းကိုထားပြီး မောင်မသေနိုင်သေးပါဘူး"

‌"မောင်ရယ်...ခြိမ့်..ခြိမ့်လေ.."

‌ကလေးတစ်ယောက်လို ခြိမ့် ချုံးပွဲချငို၏။သိမ်းပိုက်က အနမ်းများနှင့်ချော့၍...၊

‌"ဆောရီး ခြိမ့်ရယ်၊ မောင့်ကြောင့်မင်းတစ်ခုခုဖြစ်သွားရင် မောင့်ကိုမောင်ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး"

‌"ဟင်အင်း...မောင်၊ မောင်မရှိဘဲ ခြိမ့်အသက်မရှင်နိုင်တာ သေချာတယ်၊ မောင်..မောင်တို့လေယာဥ်က..."

‌"လေယာဥ်ပျက်ကျတာ ဟုတ်တယ်၊ မောင် မနေ့ထဲက ပြန်ရောက်နေတာ၊ ခြိမ့်ကို စပရိုက်လုပ်ချင်လို့.. ဝမ်းသာသွားစေချင်လို့ကွာ၊ ခုတော့ မောင် သွေးပျက်သွားတာ၊ လေဆိပ်ထဲမှာ ခြိမ့်လဲကျသွားတော့ မောင် အရမ်းစိုးရိမ်သွားတာ၊ ခြိမ့်သာ တစ်ခုခုဖြစ်ရင် မောင် ရူးသွားမလားဘဲ"

‌"မောင်ရက်စက်တယ်..မောင်မရှိတော့ရင် ခြိမ့်လည်းအသက်မရှင်တော့ဘူးလို့ဆုံးဖြတ်ထားတာ၊ မောင့်မရှိဘဲ ခြိမ့်အသက်မရှင်နိုင်ဘူးထင်တယ်"

‌ဒါကိုပဲ ထပ်တလဲလဲရေရွတ်ရင်း ခြိမ့်ပါးပြင်မှာမျက်ရည်တွေရွှဲလာတော့ ထိုမျက်ရည်တွေခမ်းခြောက်သွားသည့်အထိ အနမ်းများကို သူ ပန်းလိုခြွေနေခဲ့သည်။

‌"မငိုနဲ့တော့ကွာ၊ မင်းအချစ်ကို မောင်ယုံကြည်တယ် မောင့်ချစ်တာကိုလည်း ယုံတယ်မို့လား"

‌"ခြိမ့် မောင်နဲ့ပက်သက်ရင် လောဘကြီးမိတယ်မောင်၊ မောင့်ဆီက အချစ်တွေဘယ်လောက်ရနေနေ ခြိမ့်မကျေနပ်နိုင်ဘူး၊ အဲဒါ မောင့်ကိုသိပ်ချစ်လွန်းလို့.."

‌"မင်းချစ်တာထက်မလျော့တဲ့အချစ်တွေနဲ့ ခြိမ့်ကို မောင် ချစ်တယ်၊ မောင် ဘာလို့တစ်ရက်စောပြန်ခဲ့တယ်ထင်သလဲ"

‌ခြိမ့်မျက်နှာလေးမှာ မျက်ရည်တွေမရှိတော့ဘဲ ချက်ချင်းကြည်ကြည်လင်လင်ဖြစ်လာ၏။

‌"ဘာလို့လဲ မောင်.."

‌"လာခဲ့.."

‌"အို...မောင်..."

‌ခြိမ့်ကိုယ်လေးတစ်ရုပ်တစ်ရုပ်လို သူ့လက်ထဲပါသွားသည်။​အဖြူရောင်လိုက်ကာတွေရှေ့ရောက်တော့ ခြိမ့်ကိုအောက်ပြန်ချပေး၏။ လိုက်ကာကိုဆွဲလိုက်တော့ မှန်ချပ်တွေကာရံထားသည့် နံရံမှာသူ ခြိမ့်ကိုယ်လေးကိုနောက်ကနေသိုင်းဖက်ထားသည့်ပုံရိပ်က အတိုင်းသားပေါ်လာ၏။

‌"အောက်ကိုငုံ့ကြည့်လိုက်.."

‌ခြိမ့်နားသယ်စပ်ကို နှုတ်ခမ်းလေးနှင့်တိုးတိုက်ရင်း သူတိုးတိုးလေးပြောသည်။

‌"အိုး....လှလိုက်တာ၊ မောင်.."

‌ကားပတ်လမ်းလေး၏တစ်ဖက်မှာ ရေကူးကန်နှင့် အဖြူရောင်ခုံတန်းလေးတွေ အပြာရောင်ထီးလေးတွေနှင့် ကစားကွင်းလေးတွေ၊ရေပန်းလေးတွေနှင့်။ လမ်းတစ်ဖက်တွင်ရောင်စုံပန်းခင်းကြီးနှင့်ကစားကွင်းနောက်ထပ်တစ်ခု။ ပန်းခင်းအလယ်တွက် တစ်ခြံလုံးကိုစီးမိုးကြည့်လိုက်ရသည့် ကြောင်လိမ်လှေကားထစ်တွေနှင့်မျှော်စင်လေးက အရမ်းကိုစိတ်ကူးယဥ်ဆန်နေသည်။

‌"ဒါ..ဒါ ဘယ်သူ့အိမ်လဲဟင်.."

‌ဖျတ်ခနဲလှည့်မေးလိုက်သည့် ခြိမ့်နှုတ်ခမ်းလေးကို သူ အနမ်းသူခိုးလုပ်ရင်း..၊

‌"ခြိမ့်နဲ့မောင်တို့ရဲ့သီရိဂေဟာလေ၊ မောင်ဟိုမှာနေတဲ့လေးလအတွင်း အပြီးစီမံထားတာ၊ ခြိမ့်နာမည်နဲ့လုပ်ထားတဲ့ဒီခြံနဲ့တိုက်က ခြိမ့်အတွက် မောင်ရဲ့ချစ်လက်ဆောင်၊ ခြိမ့် ကြိုက်ရဲ့လား.."

‌"မောင်..ခြိမ့်လေ..မောင့်ဆီကအချစ်ကလွဲပြီးတခြားဘာမှမလိုချင်ဘူး၊ ခြိမ့်တို့သားအမိတွေကို တစ်သက်လုံးသစ္စာရှိရှိနဲ့မြတ်နိုးချစ်ခင်သွားတာကိုဘဲ လိုချင်တယ် မောင်ရယ်၊ ခြိမ့် ဆံပင်တွေဖြူပြီးအသက်ကြီးသွားရင်ရော မောင်ချစ်ပါဦးမလားဟင်"

‌စိတ်ကူးယဥ်ဆန်သည့်ချစ်ဇနီးစကားကြောင့် သူ ရယ်မောမိကာ သူမကိုယ်လေးကိုပိုတိုးဖက်၍ ပခုံးလေးထက်မေးတင်ရင်း..၊

‌"ယုံအောင်ပြောတဲ့စကားတွေကို မယုံရဘူး ခြိမ့်ရဲ့၊အပြောနဲ့မဟုတ်ဘူး မောင်အလုပ်နဲ့သက်သေပြမယ်၊နှိုင်းခြိမ့်ခြိမ့်သာဆိုတဲ့မိန်းကလေးကို မောင်ဘယ်လောက်အထိမြတ်နိုးတယ်ဆိုတာ၊ အဲဒီအတွက် ခြိမ့် မောင့်ဘေးမှာတစ်သက်လုံး မငြီးမငြူရှိနေပေးမှဖြစ်မယ်"

‌ခြိမ့်မျက်နှာလေးပြုံးသွားသည်။ဗိုက်ကလေးပေါ်တင်ထားသည့် သူ့လက်တွေပေါ်ကနေ ထပ်အုပ်ကိုင်လိုက်ပြီး...၊

‌"နောက်ဆုံးထွက်သက်အထိရှိနေမှာပါ မောင်၊မောင့်အချစ်တွေကိုသာ ခြိမ့်တစ်ယောက်တည်းအတွက် ထာဝရမပြောင်းလဲပဲရှိနေပေးပါ မောင်ရယ်.."

‌အချစ်သည်ဘဝ၊အချစ်သည်ကမ္ဘာ၊ အချစ်သည်အလိုအပ်ဆုံးဆုမို့ သိမ်းပိုက့်မျက်ဝန်းမှာ ကြည်နူးမှုအချစ်ရောင်တို့ဖြင့်  စူးလက်သွားခဲ့သည်။မျက်နှာချင်းဆိုင်လှည့်ယူလိုက်ကာ သူမမျက်နှာလေးကိုကိုင်၍မော့ယူလိုက်ပြီး...၊

သူတမ်းတမက်မောခဲ့သော နှုတ်ခမ်းအစုံအား မြတ်နိုးခြင်းများစွာနှင့် နမ်းမိပါ၏။


ပြီးပါပြီ။

6.11.2021.

ဖက်ဖူးစိမ်း


rate now: