💘မှတစ်ပါး.....အခြားမရှိ💘
"မမ"
"ဟင်!.."
နောက်ကနေလက်မောင်းကိုအဆွဲခံလိုက်ရ ခြင်းနှင့်တစ်ပြိုင်နက် အလောတကြီးခေါ်သံနှင့်လူရိပ်က မိန့်ရှေ့သို့ချက်ချင်းရောက်လာ၏။မိန့်မျက်ဝန်းတွေ စူးရဲကျဥ်းမြောင်းသွားသလို မျက်နှာချင်းဆိုင်ရပ်နေသည့် တည်ကြည်ခန့်ညားသည်လည်းစကားသံတွေ ခေတ္တဆိတ်သုဥ်းသွားသည်။
တစ်ယောက်ကိုတစ်ယောက် သတိလက်လွတ်ငေးကြည့်နေကြရင်း တည်ကြည်က စတင်လှုပ်ရှားလာ၏။
"မမ ကိုယ့်ကိုပြောစရာစကားမရှိတော့ဘူးလား"
စိတ်ရှိလက်ရှိမဲ့ရွဲ့ပစ်လိုက်ချင်သည်။ သို့သော် မိန့်နှုတ်ခမ်းလေးလှုပ်ရုံသာ မဲ့ပြုံးလေးပြုံးမိ၏။တကယ်ဆို မိန့်ကသာဒီလိုမျိုးမေးလိုက်သင့်တာ..၊
မိန့်က ခပ်မဲ့မဲ့လေးပြုံးလျက် သူဆွဲထားသည့်လက်ကလေးကို ရုန်းထွက်လိုက်၏။ဝင်းဝင်းစက်စက်ကလေးလှနေသည့် မိန့်ကိုကြည့်၍ သူ့ရင်ထဲမှာ နင်တင်တင်ကြီးခံစားလိုက်ရသည်။ဟိုးတုန်းက မမရဲ့ပုံရိပ်တွေ ဘယ်ဆီပျောက်ဆုံးသွားပြီလဲ..။နူးညံတာလည်းမဟုတ် အေးစက်တာလည်းမမည်သော သူ့ကိုစိုက်ကြည့်နေသည့် မမမျက်ဝန်းလေးတွေထဲမှာ တစ်စုံတစ်ရာကို အပြေးအလွှားရှာဖွေမိသည်။
ညှို့ရီသောမျက်ဝန်းရီရီတွေကြောင့် မိန့် နောက်ခြေလှမ်းအလိုလိုဆုတ်ပြီးသားဖြစ်သွား၏။ရင်ခုန်သံတွေကိုနားထောင်ရမဲ့အရွယ်တွေမှ မဟုတ်တော့တာ..၊
"ဘာလိုချင်လို့ အထဲဝင်လာတာလဲ တည်ကြည်ခန့်ညား"
"ကိုယ် မင်းနဲ့စကားပြောချင်လို့ တမင်ဝင်လာခဲ့တာ မမ"
အပြင်မှာဧည့်သည်တွေနှင့်စည်ကားနေဆဲပါ။မြမြတို့ကအစအလုပ်သမားတွေတစ်ယောက်မကျန် အပြင်မှာရောက်နေကြသည်။ မိန့်သာ ခေါင်းထဲမူးနောက်နောက်ဖြစ်လာလို့ ခြိမ့်ကိုတိုးတိုးကပ်ပြောပြီး အထဲဝင်လာခဲ့တာ။ သူမနောက်ကို တည်ကြည်လိုက်လာလိမ့်မယ်လို့ လုံးဝမထင်ခဲ့ပါ။
အိမ်ထဲမှာ သူနဲ့မိန့်နှစ်ယောက်တည်းဆိုသည့်အသိနှင့် ရင်ထဲထိတ်ခနဲဖြစ်သွားသည်။သူနှင့်မိန့်ကြားမှာ တရားဝင်လက်ထပ်ထားသည့် အိမ်ထောင်ကိုယ်စီဆိုသော စည်းတစ်ခုခြားနေပြီ။ကာမပိုင်လင်ယောကျ်ားနှင့်မိသားစုဆိုသော အဟန့်အတားကြီးက ကိုယ်အမှားမလုပ်ပေမယ့် လိပ်ပြာမလုံချင်။ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်ပြီးမှ..၊
"ဒီအတွက်ဆိုရင် မင်းပြန်လိုက်တာအကောင်းဆုံးဘဲ"
"နေပါဦး.."
"အို.. ဘာလုပ်တာလဲ"
မိန့် အလန့်တကြားနှင့်ဆွဲထားသည့်လက်ကိုပုတ်ချမိသည်။ တည်ကြည်က လွှတ်မပေးဘဲ အတင်းဖိဆုပ်ထားကာ..၊
"ဒီအထဲစဝင်လာထဲက မမနဲ့စကားမပြောရဘဲမပြန်နိုင်ဘူးလို့ ဆုံးဖြတ်လာခဲ့တာ၊ ကိုယ် မပြန်နိုင်ဘူး"
မိန့်မျက်နှာလေး ကွက်ခနဲပျက်သွားပေမယ့် သူ ဂရုမစိုက်နိုင်။သူမနဲ့စကားပြောဖို့သာ စိတ်စောလျက်..၊
"ကိုယ်မန္တလေးကို နောက်တစ်ခေါက်ပြန်သွားခဲ့တယ် မမ"
ဖျတ်ခနဲမျက်လုံးချင်းအဆုံမှာ မိန့် ကပြာကယာမျက်လွှာချမိသည်။
"ကိုယ် ဘာကြောင့်ပြန်သွားခဲ့တယ်လို့ မမထင်သလဲ"
ဒီတစ်ခါတော့ မိန့်မျက်ဝန်းတွေလွှဲမပစ်မိတော့ဘဲ သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ..၊
"ဘာကြောင့်ဘဲ သွားသွား ဒီအချိန်မှာ မေးဖို့မလိုအပ်တော့ဘူးလို့ မင်းမထင်ဘူးလား၊ခု မင်းရော ငါရောပိုင်ရှင်ကိုယ်စီနဲ့.."
"ဆက်မပြောနဲ့၊ ကိုယ် မင်းဆီကိုနောက်တစ်ကြိမ်ပြန်လာခဲ့တာ၊ ကိုယ့်အမှားတွေအတွက် မမကိုပေးဆပ်ဖို့ မန္တလေးကိုပြန်ရောက်သွားခဲ့တယ်၊ ဟိုရောက်သွားတော့ မမ မရှိတော့ဘူး၊ကိုယ့်ကလေးရော မမနဲ့အတူတူပါသွားတဲ့ကိုယ့်ကလေးကို မွေးခဲ့တယ်မို့လား"
စိတ်လှုပ်ရှားကာ မျက်နှာတစ်ပြင်လုံးရဲလျက် အသံလှိုင်းတွေပါ တုန်ခါသွားသည်။
"မင်း မလိုလားခဲ့လို့ဖြစ်မယ်၊ ကလေးက လောကကြီးထဲရောက်မလာခဲ့ပါဘူး၊မရေရာတဲ့ဘဝထဲမှာ ကိုယ့်ရင်သွေးကိုတောင်ကိုယ်မကာကွယ်နိုင်ခဲ့ဘူး၊အဟင်း.. အချစ်ကို မိုက်မိုက်မဲမဲကိုးကွယ်ခဲ့မိတဲ့ မိန်းမတစ်ယောက် ကောင်းကောင်းကြီးဒဏ်ခတ်ခံလိုက်ရတာပေါ့"
ခါးသီးနာကျင်မှုတို့နှင့်မိန့်အပြုံးက ခပ်အက်အက်။တည်ကြည်က ထိခိုက်ကွဲကြေကာရုပ်ပျက်ဆင်းပျက် ပျက်ယွင်းအိုစာသွားသောမျက်နှာနှင့်..၊
"တောင်းပန်ပါတယ် ကိုယ်တကယ်တောင်းပန်ပါတယ်၊ ဒီစကားတစ်ခွန်းနဲ့ကိုယ်ကျူးလွန်ခဲ့တဲ့အပြစ်တွေ မကျေမှန်းလည်းသိပါတယ် မမ၊ဒါပေမယ့်..မမကျေနပ်တဲ့အထိ ပေးဆပ်သွားပါ့မယ်"
တည်ကြည့်အသံက တကယ်ကိုခခယယ။ဆရာဝန်ကြီးဆိုသည့်ဂုဏ်ပုဒ်တွေမေ့လျော့ကာ လွန်ခဲ့သည့်ငါးနှစ်ကျော်ကာလဆီက သာမန်ဆေးကျောင်းသားလေးပြန်ဖြစ်သွားသည်။
"မိန်းမတစ်ယောက်ရဲ့အရှက်နဲ့ဘဝ ပျက်စီးသွားတဲ့ဂုဏ်သိက္ခာနဲ့နှလုံးသားတွေအတွက် မင်းဘယ်လိုပေးဆပ်ချင်လို့လဲ"
"ကိုယ့်ဘဝတစ်ခုလုံးနဲ့ပေးဆပ်မယ်ဆိုရင် မမလက်ခံမလား"
အကြည့်တွေကမျဥ်းတစ်ဖြောင့်တည်းဆုံသွားသည်။ ထိုစဥ် မိန့်လက်ဖဝါးလေးတစ်ဖက်မှစ၍နှလုံးသားဗဟိုအထိ နွေးထွေးသောလက်တစ်စုံ၏အထိအတွေ့က သွေးကြောတစ်လျှောက်စီးဆင်းသွား၏။မိန့်မှာ အိမ်ထောင်ဆိုသော အနှောင်အဖွဲ့ရှိနေပြီ။ထိုအသိနှင့်အတူ လက်ကအလိိုလိုရုန်းဖယ်ပြီးသားဖြစ်သွားသည်။
"မဖြစ်သင့်မှန်း ကိုယ်သိတယ်၊ ဒါပေမယ့်..မမကို ဘဝတစ်ခုလုံးနဲ့ရင်းပြီးပေးဆပ်ချင်တယ်၊မမကိုမချစ်မိခင် ဟိုးတုန်းထဲက အဲဒီဆုံးဖြတ်ချက်ကခိုင်မာပြီးသား.."
မမကိုမချစ်မိခင်...မမကိုမချစ်မိခင်..။မိန့်နားထဲ ပဲ့တင်ထပ်သွား၏။
"ဟုတ်တယ် မမ၊ အညှိုးတွေ မခံချင်စိတ်တွေနဲ့ မမအပေါ်မှားခဲ့ပေမယ့် အဲဒီနောက်ပိုင်း ကိုယ့်နှလုံးသားထဲမှာ တရစ်ရစ်တိုးဝင်နေတာ နာကျင်မှုတွေတင်မဟုတ်ဘူး၊အပြစ်မဲ့တဲ့ ကိုယ့်အပေါ်စေတနာထားပြီးပေးဆပ်ခဲ့တဲ့ မမရဲ့အချစ်တွေ၊ ဒါပေမယ့်...အဲဒီခံစားချက်တွေကို အချစ်လို့ ကိုယ်ဘယ်တုန်းကမှမတွေးခဲ့မိဘူး၊ ခု မမကိုပြန်တွေ့တော့မှ ကိုယ့်ဘဝနဲ့ကိုယ်ဆိုတာကို မြင်တတ်လာလေ ခံစားချက်ကခိုင်မာလေဘဲ မမ၊ သံယောဇဥ်ဆိုတာ မေ့လွယ်ပျောက်လွယ် ပေါ့ပေါ့လေးမဟုတ်ဘူး၊အဲဒါကြောင့် အလေးအနက်စကားတွေပြောဖို့ မမနောက်ကလိုက်လာခဲ့တာ၊ကိုယ့်အမှားတွေအတွက် ကိုယ့်နှလုံးသားအတွက် မမကိုယ့်ဘေးမှာ တစ်သက်လုံးနေပေးမှဖြစ်မယ်"
"တည်ကြည်!.."
မိန့် အလန့်တကြားအော်မိသည်။ ရှေ့တိုးလာသည့်ခြေလှမ်းတွေကြောင့် နောက်ကိုအလိုလိုဆုတ်မိရင်း..၊
"မင်း ဘာတွေမျှော်လင့်နေတာလဲ တည်ကြည်ခန့်ညား၊ ငါတို့ ကိုယ့်ဘဝနဲ့ကိုယ်သီးခြားဖြစ်နေပြီ၊ ဒါကို မင်းသိနေမြင်နေရက်နဲ့ ဘာကြောင့်ဇွတ်မိုက်မဲချင်နေတာလဲ၊ ခုအနေအထားက လုံးဝမေ့ပျောက်သင့်နေပြီ၊ တကယ်ဆို ငါတို့မတွေ့သင့်ကြတော့ဘူး၊ရှေ့ဆက်လျှောက်ရမဲ့ အနာဂတ်အတွက် မင်းဘေးမှာဇနီးမယားတစ်ယောက်ရှိနေပြီ၊ ဆရာဝန်ကြီးဆိုတဲ့ဂုဏ်ပုဒ်လည်းရှိနေပြီ၊ မင်း ဘာကြောင့် မရင့်ကျက်သေးတာလဲ"
စကားလုံးတွေက စက်သေနတ်ပစ်နေသည့်အတိုင်း..၊ တစ်ချိန်က ခပ်ပြုံးပြုံးနှင့်အရသာခံကြည့်ခဲ့မိသောမျက်ရည်တွေက ခု သူ့ရင်ကိုခွဲသောလက်နပ်တွေလို..။သူမကိုချစ်မိတာ တဖြည်းဖြည်းပိုသေချာလာ၏။
"မမ ကိုယ့်နောက်ကိုလိုက်ရဲလား"
"ဘာ!.."
"အချစ်မှာ ဘာဂုဏ်ပုဒ်ဘာပကာသနမှမရှိတာကို ကိုယ်နားလည်သွားပြီ မမ၊ ဟိုးအရင်ထဲက မမ ကိုယ့်ကိုချစ်တယ်၊ ကိုယ်လည်း ခု မမကို သိပ်ချစ်နေပြီ၊ကိုယ်တို့တွေ ဘယ်သူမှမမြင်နိုင်တဲ့ မတွေ့နိုင်တဲ့နေရာကိုအတူတူထွက်ပြေးကြရအောင်၊ မမ ကိုယ့်နောက်ကို ဒုတိယအကြိမ်မြောက်ခိုးရာလိုက်မလား"
"တည်ကြည်ခန့်ကြား!..."
တအားကျုံးအော်ရင်း မိန့်ငိုချလိုက်မိသည်။ သူ မမြင်ရဲသောမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတော့ တည်ကြည် မျက်စိမျက်နှာပျက်လျက် ဆံပင်တွေဆွဲဖွ၍ မျက်နှာကြီးလည်း နီမြန်းသွား၏။
"မမ..ဟာကွာ..ကျွတ်!.."
သူ ခြေမကိုင်မီလက်မကိုင်မီဖြစ်သွားပေမယ့် မိန့်ကမျက်ရည်တွေနှင့် သူ့ကိုမော့ကြည့်ကာ..၊
"မင်း ဘာဖြစ်ချင်တာလဲ တည်ကြည်၊ ခုချိန်ထိ မင်း အမြင်မှန်မရသေးပါလား၊ မဖြစ်နိုင်တော့တဲ့အနေအထားတစ်ခုကို ဘာကြောင့်တောင်းတနေတာလဲ၊ မိသားစုကြားကနေ မဖုံးနိုင်မဖိနိုင်အလဲလဲအကွဲကွဲနဲ့အရှက်တကွဲဖြစ်ပြီးတဲ့ငါ့ကို အိမ်ထောင်ရေးဖောက်ပြန်တဲ့တစ်ခုလပ်တစ်လင်ကွာဆိုတဲ့ဂုဏ်ပုဒ်တစ်ခုထပ်တိုးစေချင်တာလား"
"မဟုတ်ဘူး.."
တည်ကြည် အထိတ်တလန့်အော်လိုက်မိသည်။
"အဲဒီလိုမဟုတ်ဘူး မမ၊ကိုယ် မမအပေါ်ကျူးလွန်ခဲ့တဲ့အမှားတွေအတွက်ပြန်ပြီးပေးဆပ်ချင်တာထက် မမကိုကိုယ်မစွန့်လွှတ်နိုင်တာ၊ မင်းကို ချစ်တဲ့စိတ်နဲ့ကိုယ့်စိတ်တွေဆင်ခြင်တုံတရားမဲ့သွားတာပါ မမ"
"အဲဒါဆို ဘာလဲ၊ မင်းနောက်ကို ခိုးရာလိုက်နိုင်မလားဆိုတာ ဘာသဘောနဲ့ပြောတာလဲ ပြောစမ်းပါ တည်ကြည်ခန့်ညား၊ မင်းနဲ့အတူတူမိုက်မဲစေချင်တာ မဟုတ်လား၊အဲဒီလိုလုပ်လိုက်လို့ မင်းစိတ်ချမ်းသာမယ်ထင်သလား၊ မင်းမိသားစုအသိုင်းအဝိုင်း မင်းဂုဏ်သိက္ခာ မင်းဘဝမှာအိမ်ထောင်ရေးဖောက်ပြန်တဲ့လူတစ်ယောက်အဖြစ် သူများလက်ညှိုးထိုးတာခံနိုင်မလား၊မင်းလည်းအိမ်ထောင်ရေးဖောက်ပြန်တဲ့သူ ငါလည်းအိမ်ထောင်ရေးဖောက်ပြန်တဲ့မိန်းမ၊ ငါတို့မွေးလာမဲ့ကလေးတွေ ပတ်ဝန်းကျင်အလယ်မှာ မျက်နှာငယ်ငယ်နဲ့ရှင်သန်ရမဲ့အဖြစ်မျိုးကို မင်းခံနိုင်ရည်ရှိသလား တည်ကြည်"
"တော်တော့..တော်ပါတော့၊ မပြောပါနဲ့တော့ မမရယ်"
မမစကားလုံးတွေက အဆိပ်လူးမြှားတွေလို ဒဏ်ရာပြင်းပြင်းနဲ့ ရင်ဝမှာလာထိုးစိုက်သည်။ သူမကို မြင်လိုက်ရတဲ့အချိန် နှလုံးသားကတောင်းတမှုအတိုင်းစိတ်ကိုလွှတ်လိုက်မိတာ။အများလေးစားရတဲ့ဆရာဝန်ကြီးဆိုတဲ့ဂုဏ်ပုဒ်သည် သူများတံတွေးခွက်မှာပက်လက်မျောသွားမည်သာ။ ပြီးတော့ သူချစ်သောမိန်းမရဲ့အလှတရားတွေဂုဏ်သိက္ခာတွေကျဆင်းအောင် သူ မလုပ်ရက်တော့။
သေချာတယ်..သူ မမကို ချစ်နေတာ သေချာနေပြီ။
"မပြောလို့မရဘူး တည်ကြည်ခန့်ညား၊အချစ်လို့မင်း ခေါင်းစဥ်တပ်ရင်လည်း သိပ်ကိုနောက်ကျသွားပြီ၊ဘယ်သူမှအကျိုးအမြတ်မရှိတဲ့လုပ်ရပ်ကို ဇွတ်မှိတ်ပြီးမမိုက်မဲချင်ပါနဲ့တော့၊ မင်းဘဝကို ဒီထက်မြင့်မားအောင်ကြိုးစားပါ၊ မင်းမိသားစုမင်းအသိုင်းအဝိုင်းနဲ့ မွေးဖွားလာမဲ့ကလေးတွေလိပ်ပြာသန့်သန့် တင့်တင့်တယ်တယ်ရှင်သန်ပါစေ၊ အိပ်မက်ထဲက နိုးထလိုက်ပါတော့၊ခံစားချက်တွေကို မင်းရင်ထဲမှာဘဲ သိမ်းဆည်းထားလိုက်ပါ တည်ကြည်ခန့်ညား၊ မိသားစုနှစ်ခုကြားမှာ ဆွေမျိုးသားချင်းအဖြစ် လိပ်ပြာသန့်သန့်ရှင်သန်ကြရအောင်"
တည်ကြည် သူမကိုဆွေးမြေ့ကြေကွဲစွာကြည့်၍ ခေါင်းငိုက်စိုက်ကျသွားသည်။အရာရာသည်ပြင်ဆင်မရအောင်နောက်ကျခဲ့လေပြီ။
"ငါ့မှာ အိမ်ထောင်ရှင်မဆိုတဲ့ဝတ္တရားတွေ အနှောင်အဖွဲ့တွေနဲ့ မင်းမှာလည်းမိသားစုဆိုတဲ့အနှောင်အဖွဲ့တွေနဲ့၊ကိုယ်စီဘဝတွေကိုမြင်အောင်ကြည့်လိုက်ပါ တည်ကြည်ခန့်ညား"
မွတ်သိပ်သောမျက်ဝန်းတွေကို ရှောင်လွှဲဖို့ခြေလှမ်းပြင်လျှင်..၊
"ကိုယ်နားလည်ပါပြီ၊ ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးပြီး လက်ရှိဘဝကို အတတ်နိုင်ဆုံးနေထိုင်သွားပါ့မယ် မမ၊ဒါပေမယ့်...မမဆီကကိုယ့်ကိုချစ်တယ်ဆိုတဲ့စကားလေးတော့ကြားပါရစေ၊ မမဆီက အချစ်တွေနဲ့ ကျန်နေတဲ့ဘဝတစ်ပိုင်းမှာ ဖြေသိမ့်သွားချင်လို့..မမ ကိုယ့်ကိုချစ်သေးတယ်မို့လား"
ကလေးဆန်နေသလား မသိတော့။ ပတ်ဝန်းကျင်ဆိုတာလည်းမေ့၏။ဆုံဆည်းခွင့်မရှိတော့သည့်ဘဝမှာ သူမဆီကအချစ်တွေကို ထုပ်ပိုးသိမ်းဆည်းသွားချင်သည်။ဒါဟာ အတ္တဆိုလည်း သူဆက်ပြီးဆုပ်ကိုင်ထားချင်သည်။
"မင်းကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေပြီ တည်ကြည်ခန့်ညား၊ငါ့အချစ်တွေအားလုံး မင်းနဲ့ပက်သက်ခဲ့တဲ့အတိတ်တွေနဲ့အတူ လွန်ခဲ့တဲ့ငါးနှစ်ထဲက မီးရှို့သချိုင်းခဲ့ပြီးပြီ၊ ခုချိန်မှာ မင်းနဲ့ပက်သက်တဲ့အချစ်တွေ ငါ့ဆီမှာ မရှိတော့ဘူး၊ငါ ကိုကြီးကို ယုံကြည်အားကိုးပြီးချစ်ခဲ့လို့ လက်ထပ်ခဲ့တာ"
ထိခိုက်ကြေကွဲကာခေါင်းငိုက်စိုက်ချသွားသည့် တည်ကြည့်ပုံစံက တကယ့်ကိုရုပ်ပျက်ဆင်းပျက်။ငူငူကြီးရပ်နေသည့် တည်ကြည့်ကိုကျောခိုင်းထွက်ခဲ့ရင်း မိန့်မြင်လွှာတွေဝေဝါးလာခဲ့သည်။ပါးပြင်ပေါ်မှာစိုစွတ်သည့်အထိအတွေ့ကြောင့် လက်နှင့်ယောင်ရမ်းမစမ်းမိအောင်ထိန်းရင်း မိန့်နှလုံးသားတွေ မွမွကြေလျက်။မဖြစ်နိုင်တော့တဲ့ဘဝနှစ်ခုကို အချစ်ဆိုတဲ့လောင်စာဖြည့်ဖို့ လိုမှမလိုအပ်တော့တာ။
ထိုမျက်ရည်တို့နှင့်အတူ သူ့ကိုချစ်သောနှလုံးသားတစ်စုံကို ထာဝရသိမ်းဆည်းထားလိုက်တော့မည်။
"မောင်.."
"ဟင်.."
"မမနဲ့ကိုတည်ကြည် သနားပါတယ်နော်၊ သူတို့နှစ်ယောက်ရဲ့မဆုံဆည်းနိုင်တဲ့အချစ်တွေအတွက် ခြိမ့် စိတ်မကောင်းဘူး မောင်ရယ်"
အခန်းထောင့်ကွယ်ကနေ ကလေးတစ်ယောက်ဆီပွေ့ထားရင်း တောင့်တောင့်ကြီးရပ်ကျန်ခဲ့သည့် တည်ကြည့်ကိုကြည့်၍ ခြိမ့်က စိတ်မကောင်းသလိုပြော၏။အိပ်ပျော်နေတဲ့သားနှင့်သမီးငယ်ကို သိပ်ဖို့ သူတို့လင်မယားတိုက်ထဲဝင်လာခဲ့တာ အခြေအနေအားလုံးအစအဆုံးကြားခဲ့ပြီးပြီ။သက်မဲ့ကျောက်ဆစ်ရုပ်လို ဝိညဥ်ကင်းမဲ့သလို ခုထိငြိမ်သက်ရပ်နေဆဲ တည်ကြည့်ကိုကြည့်ကာ..၊
"မမကိုထားခဲ့တဲ့သူက ကိုတည်ကြည်ဆိုတာ ခြိမ့်ယုံတောင်မယုံနိုင်ဘူး၊ ကံကြမ္မာကြီးကဆန်းကြယ်လိုက်တာနော်"
အစ်ကိုဖြစ်သူအတွက်စိတ်မကောင်းဖြစ်ကာ ငြိမ်သက်နေမိဆဲ ချစ်ဇနီး၏စိတ်ထိခိုက်သလိုအပြောလေးကြောင့် သူပြုံးမိသွား၏။ သားကြီးကိုပွေ့ထားရင်း သမီးငယ်နှင့်အလွတ်မလပ်ဖြစ်နေသည့် ခြိမ့်ပခုံးလေးကို ကျင်နာမြတ်နိုးစွာထွေးဖက်လိုက်ရင်း..၊
"ကိုကိုနဲ့မမ ခုလိုခံစားနေရတာမြင်ရတော့ မောင်အပြစ်မကင်းသလိုခံစားနေရတယ် ခြိမ့်"
သူ လေးတွဲစွာသက်ပြင်းချမိတော့ ခြိမ့်မျက်လွှာလေးတွေ ဖျတ်ခနဲပင့်တက်လာ၏။
"မောင့်အရင်ဇနီးနဲ့ပက်သက်ပြီးတော့လား မောင်"
နားလည်နိုင်ပါတယ်လို့ ဘယ်လိုပြောပြော ခြိမ့်အသံလေးက ဝန်တိုမှုလေးတွေပါသွားသည်။မောင့်ကို ကိုယ့်ထက်အရင်ပိုင်ဆိုင်ခွင့်ရသော ကိုယ်မြတ်နိုးစွာခိုဝင်ခဲ့သော မောင့်ရင်ခွင်ဟာ ထိုမိန်းကလေး တစ်ချိန်ကခိုဝင်ခဲ့ဖူးသော မောင့်နှလုံးသားပိုင်ရှင်ဆိုသော အသိနှင့်တစ်ခါတစ်ရံ မိန်းမသဘာဝ ခြိမ့် မနာလိုဖြစ်မိသည်။
သူမမျက်နှာလေး ငြူစူစူလေးဖြစ်သွားတော့ နဖူးလေးကို ဖျတ်ခနဲငုံ့နမ်းမိကာ..၊
"အထင်မလွဲပါနဲ့ ခြိမ့်ရယ်၊ အားလုံးအတွက် မောင်အပြစ်မကင်းသလိုခံစားရတာပါ၊ ခြိမ့်ကိုလည်း ကိုကို့လက်ထဲကနေ လုခဲ့မိတာဘဲလေ"
"မောင်ရယ်.."
"သမီးရဲ့အမေတုန်းကတော့ ကိုကိုကြိုက်နေမှန်း မောင်တကယ်မသိခဲ့တာပါကွာ၊ သူငယ်ချင်းတွေနောက်ကျပြောင်ကျရင်း အလည်လွန်ပြီး မောင်တို့ယူလိုက်ရတာ၊ အဲဒါကို ကိုကိုအရမ်းခံစားသွားရတယ်၊မမက မောင့်ကို မောင်လေးတစ်ယောက်လိုသံယောဇဥ်ဖြစ်တာကို ကိုကို တစ်မျိုးတွေးပြီး မမကိုခိုးသွားခဲ့တာ၊ သူချစ်နေတဲ့ရှင်းမိန့်မိန့်ကျော်ကိုလုသလို ကိုယ်နဲ့မမကို အထင်လွဲပြီး မမကိုခိုးသွားပြီးမှ တမင်ရှောင်ထွက်သွားခဲ့တာ၊ ခုတစ်ခါ ခြိမ့်ကိုလည်း ကိုကိုချစ်ခဲ့တာ၊ အဲဒီအတွက် မောင်အပြစ်မကင်းသလိုခံစားနေရတယ် ခြိမ့်"
"ရှင်းမိန့်မိန့်ကျော်ခံစားချက်ကို ခြိမ့် မသိဘူးမောင်၊ဒါပေမယ့်...ခြိမ့်နဲ့ပက်သက်ပြီး မောင်ဘာမှစိတ်မကောင်းမရှိပါနဲ့၊ ခြိမ့်ကိုယ်တိုင်မောင့်ကို တွယ်ငြိခဲ့မိတာ၊ မောင့်ကိုမြင်မြင်ချင်းချစ်ခဲ့မိတာပါ မောင်၊ အိမ်ထောင်ပြုဖို့ကို ခြိမ့်ဘယ်တုန်းကမှ ခေါင်းထဲမရှိခဲ့ဘဲ မောင့်နောက်လိုက်ခဲ့တာ၊မောင်ပိတ်လှောင်ထားတာ မဟုတ်ဘဲ ခြိမ့်ကိုယ်တိုင် မောင့်ရင်ခွင်ထဲပြိုဆင်းခဲ့မိတာပါ"
"ဟာကွာ! စကားတတ်တဲ့အဲဒီနှုတ်ခမ်းလေးတွေကို အခန်းထဲရောက်မှ ဆုချရမယ်"
ရယ်မြူးမြူးပြောပြီး ခေါင်းကြီးချက်ချင်းငုံ့လာလျှင်...၊
"ဟေး!...ဆင်ဆာ ဆင်ဆာ.."
"ကြားထဲက ကလေးတွေလည်း သတိရပါဦး သိမ်းပိုက်ရ"
အသံတွေဝုန်းခနဲလျှံထွက်လာသဖြင့် အလန့်တကြားနှင့် လူချင်းခွာလိုက်မိသည်။ ဟိန်းလတ်၊အုပ်စိုးနှင့် ရှိန်းတေဇာတို့ အုပ်စုလိုက်ကြီး အပေါက်ဝမှာဖွားခနဲပေါက်လာ၏။
"လပ်ဖ်ဆင်းကို နောက်မှရိုက်၊ အရင်ကလေးတွေသွားသိပ်လိုက်ပါဦးလား"
"အခန်းထဲထိ အောင့်ထားပါဦးကွ၊ဟဲ..ဟဲ.."
မျက်နှာတွေက ပြုံးဖီးဖီးနှင့်အပိုးမကျိုးကြ။ ခြိမ့် မျက်နှာလေးရဲကာ သိမ်းပိုက်နောက်ကျောမှာ ကွယ်ရပ်ပြီး..၊
"ရှက်စရာကောင်းလိုက်တာ မောင်ရယ်၊ သူတို့မြင်သွားကြပြီထင်တယ်"
"သေချာကိုမြင်သွားတာ၊ ဒီကောင်တွေက ဒါမျိုးကို ဝါသနာသိပ်ပါကြတာ"
သိမ်းပိုက်က နောက်ကိုလှည့်ပြီးပြောတော့ ခြိမ့်ပါးပြင်လေးနားမှာ လေငွေ့နွေးနွေးတွေရိုက်ခတ်နေသည်။
"ရှက်နေပြီ..ဟား..ဟား..မမခြိမ့်ရှက်နေပြီ၊ တိုးတိုး တိုးတိုးနဲ့ ကြိတ်ရန်တွေ့နေပြီကွ"
ဟိန်းလတ်အသံပြဲကြီးနှင့် အော်လျှင် ခြိမ့်ပိုပြီးအရှက်သည်းကာ သိမ်းပိုက်ကျောမှာ ဖားပျံတစ်ကောင်လို ပုကပ်သွားသည်။
"မရှက်ပါနဲ့ မေကြီးရဲ့"
"သမီး"
အုပ်စိုးလက်ထဲကနေ ချင်းချင်းက ပြေးလာပြီး သူ့အဖေနောက်မှာကွယ်နေသည့် ခြိမ့်လက်ကို ဆွဲထုတ်ကာ..၊
"ဒါရှက်စရာမဟုတ်ဘူး မေကြီးရဲ့၊ ပျော်စရာ..ပျော်စရာ၊ လာပါ မေကြီးရဲ့ ဖေကြီးနောက်မှာ ပုန်းမနေပါနဲ့"
"သိမ်းပိုက်ရေ မင်းသမီးကတော့ အဖေနဲ့အမေကို အကျိုးဆောင်နေပြီ၊ တကယ်မွေးရကျိုးနပ်တဲ့သမီး"
"မွေးရကျိုးနပ်တဲ့ သမီးဖြစ်အောင် မေကြီးနဲ့ဖေကြီးကို မီးမီးမွှေးမွှေးပေးချင်တယ်၊ နည်းနည်းငုံ့ပေးပါလား မေကြီး"
အားလုံးက ရယ်ကျဲကျဲနှင့်။ သူ့ကိုမော့ကြည့်တော့ သမီးပြောသလိုငုံ့ပေးလိုက်လေ ဆိုသောသဘောနှင့်မျက်စပစ်ပြသည်။
"မြန်မြန် ငုံ့ပါ မေကြီးရ၊ မေကြီးပြီးရင် ဖေကြီးအလှည့်"
"အင်းပါ သမီးရဲ့ "
ခြိမ့် ကပြာကယာငုံ့ပေးလိုက်ရသည်။ ခြိမ့် ပါးလေးပေါ်နွေးခနဲထိတွေ့သွားပြီး..၊
"မေကြီးကို မီးမီးချစ်တယ်"
ခြိမ့်နှုတ်ခမ်းမှာ အပြုံးရိပ်တို့စွန်းထင်းသွားလျှင် ချင်းချင်းက သူ့ပါးတစ်ဖက်ကို ခြိမ့်နည်းတူနမ်းကာ တိုးတိုးကပ်ပြော၏။
"မီးမီးအလှည့်ပြီးပြီ ဒီတစ်ခါ ဖေကြီးအလှည့်"
စကားတတ်သည့်သမီးပါးလေးကို ငုံ့နမ်းရင်း သူ သဘောတကျပြုံးလိုက်မိသည်။
"သိမ်းပိုက် ဒီလောက်နဲ့ မကျေနပ်ဘူးနော်၊ ကလေးကင်ပွန်းတပ်နဲ့ပြီးလိုက်လို့မရဘူး"
ဟိုကောင်တွေ တစ်စခန်းထလာပြန်သည်။
"ဟုတ်တယ် သိမ်းပိုက်၊ ဝဲလ်ဒင်းကိတ်မစားရရင် လပ်ဖ်ဆင်းလေးတော့ရိုက်သွားရမှဖြစ်မယ်၊မဂ်လာဦးအနမ်းလေး သတို့သမီးကို ပေးရမယ်ဟေ့"
"ဟုတ်တယ် ဟုတ်တယ်..ဒီနေ့က မင်းတို့ရဲ့မဂ်လာနေ့ဘဲ၊ သတို့သမီးကို အနမ်းမပေးရင် အခန်းထဲဝင်မယ် မကြံနဲ့"
ကိုယ်က ကလေးအမေဖြစ်နေပေမယ့် သူ့သူငယ်ချင်းတွေရှေ့မှာ ရှက်ရွံ့ပူထူနေသည်။
"ခြိမ့်.."
"ဟင်အင်း မောင်ရယ်၊ သူတို့သက်သက်ညစ်နေကြတာ ခြိမ့် ရှက်တယ်"
"ဒီကောင်တွေက တကယ့်ငပွေးတွေ၊ ဒီအတိုင်းကျေနပ်ကြမှာ မဟုတ်ဘူးကွ"
"ဒါပေမယ့် မောင်ရယ်.."
"ရှက်မနေပါနဲ့ကွာ၊ ဒီကောင်တွေ မြန်မြန်ပြန်သွားအေးရော"
"ဟိတ်!...ကြာတယ်"
"အေးလေ သိမ်းပိုက်ရာ၊ ကိုယ့်မိန်းမကို ကိုယ်နမ်းတာ ဒီလောက်ပဲ ကြာရသလား၊ မင်း အရင်က လက်သွက်ခြေသွက်ရှိပါတယ်..ဟဲ..ဟဲ"
ရယ်မောနောက်သံတွေကြားမှာ ခြိမ့် ပြေးထွက်ချင်စိတ်ပေါက်လာသည်။ သို့သော်..သူက ခြိမ့်ပခုံးကို တင်းတင်းဖက်ထားသဖြင့် ဘယ်ကိုမှမသွားနိုင်ဘဲ ဖြစ်နေသည်။
"ဖေကြီး..လုပ်ပါ ဖေကြီးရ၊ မေကြီးကို မြန်မြန်နမ်းလိုက်စမ်းပါ၊ ညံလိုက်တာ ဖေကြီးရာ"
"အို သမီး.."
ရှက်လန့်တကြားတားဆီးသံလေးမဆုံးခင် ချင်းချင်းက သူမတို့နှစ်ယောက်ကြားတိုးရပ်လျက်..၊
"မေကြီးကလည်း မွှေးမွှေးပေးတာ ရှက်စရာမှမဟုတ်တာ၊ မီးမီးတောင်နမ်းပြီးပြီ၊ ဖေကြီး အနမ်းခံလိုက်ပါနော် မေကြီး နော်"
"ကလေးတောင်ပြောနေပြီ ဘယ်လိုလဲ ငါ့ကောင်ရ၊ လူပျိုလေးလိုရှက်မနေစမ်းပါနဲ့ကွာ၊လုပ်စမ်းပါကွ"
"အေးလေ...ခြိမ့်ကမ္ဘာသွေးနဲ့ခြိမ့်ကမ္ဘာမွှေးတို့အဖေမဟုတ်တဲ့အတိုင်းဘဲ"
တစ်ယောက်တစ်ယောက်ဝိုင်းပြောနေကြသည့် ဟိန်းလတ်တို့ကိုကြည့်ပြီး စိတ်ရှုပ်ရမည့်အစား ပျော်ရွှင်နေမိသည်။ခြိမ့်ကိုကြည့်တော့ မျက်နှာလေး ခပ်ရှုံ့ရှုံ့နှင့် အနေကျဥ်းကျပ်နေပုံရ၏။ဒီအတိုင်းဆို ဒီကောင်တွေကို ဘယ်လိုမှရှောင်ထွက်လို့ရမှာ မဟုတ်။
"ကဲပါ ခြိမ့်ရယ်...ဒီကောင်တွေမြန်မြန်ပြန်မှအေးမှာ"
"မောင်နော်"
ခြိမ့်တားဆီးသံလေး မဆုံးလိုက်..၊ စောစောက ချင်းချင်းနမ်းသွားသည့်ပါးပြင်မှာ နောက်တစ်ကြိမ်နွေးခနဲ ဖြစ်သွား၏။
"ဟာ!..ပါးကြီးလား"
"ဟေ့..ဟေ့...ဒီလောက်နဲ့ မရဘူးနော် သိမ်းပိုက်၊ နှုတ်ခမ်းကိုနမ်းမှ အကျုံးဝင်မယ် ဟေ့ကောင်"
"ပြင်သစ်အနမ်းလေးတော့လုပ်ပေါ့ကွ၊ ကလေးနမ်းသလို ပါးနမ်းလို့ရမလား"
ခြိမ့် မျက်နှာတစ်ပြင်လုံးနှင်းဆီတစ်ခင်းဖြစ်နေသည်။ သူငယ်ချင်းတွေနဲ့လိုက်ရယ်မောနေသည့် သူ့ကို ခြမ့် မျက်စောင်းထိုးလိုက်မိ၏။
"ခြိမ့်..."
"မောင်နော်...ခြိမ့် ရှက်တယ်၊ သူတို့တမင်ညစ်နေကြတာ"
သိမ်းပိုက်က ခေါင်းငုံ့ထားသဖြင့် အလိုမကျတာကို ခြိမ့် နှစ်ကိုယ်ကြားပြောလိုက်မိသည်။
"ဟုတ်ပါ့ကွာ..မောင့်မိန်းမမျက်နှာလေး ရဲနေတာဘဲ"
"မစနဲ့မောင်ရာ၊ ခြိမ့် လက်မခံဘူးနော်၊ ပြောနေရက်နဲ့ ခြိမ့်မကြိုက်တာလုပ်လို့ကတော့ ခြိမ့်စိတ်ဆိုးမှာ"
ကျိတ်ဆူနေသည့် ချစ်ဇနီးလေးကိုကြည့်၍ သူ ပြုံးမိသည်။ ရင်ထဲမှာ ဟိန္ဒူဘုရားပွဲလှည့်နေသည့်အတိုင်း။ ခြိမ့်ရှက်နေမှန်းသိတော့ ရှေ့မတိုးရက်တော့ဘဲ..၊
"ရှူး!...ဒီကောင်တွေကို မောင်တို့ပြန်လှည့်ရအောင်"
"ဟေ့!...ကြာတယ်ကွာ၊ ကိုယ့်မိန်းမကိုယ်နမ်းတာ ဒီလောက်ဘဲခွင့်တောင်းရသလား သိမ်းပိုက်ရ"
ရှိန်းတေဇာတို့ အသံတွေထွက်လာ သူတို့နှစ်ယောက် ခေါင်းထောင်သွားသည်။
"လုပ်ပါဟ...မင်းတို့ကလည်း ခုမှကြင်စဦးလေးတွေကျနေတာဘဲ"
"ဖီလင်အသစ်နဲ့ပြန်ချစ်လိုက်စမ်းပါကွ၊ ဘာဖြစ်လဲ..လင်မယားချင်းဘဲ ရှက်စရာမှတ်လို့"
"တစ်ခါပဲနော်.."
"အဟဲ မင်းဖီလင်ဝင်သွားရင်တော့ မတတ်နိုင်ဘူး ဟေ့ကောင်"
ပြုံးစိစိရုပ်တွေနဲ့ရှေ့ကိုပြူးပြဲတိုးလာလျှင် သူ ခြိမ့်ကိုမျက်စပစ်ပြလိုက်ကာ..၊
"ကဲ!..မိန်းမရေ..ဝမ်း..တူး...သရီး..လစ်စို့"
"ဟာ!..ဟေ့"
"သိမ်းပိုက်!..မင်း ဒီလိုလူလည်ကျလို့ရမလား"
"ပြေးပြီ...ပြေးပြီ..ဟား...ဟား...."
အပိုင်း(၄၁)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
ဖက်ဖူးစိမ်း