book

Index 4

အပိုင်း(၄)

💘 မှတစ်ပါး....အခြားမရှိ💘


       

"ခြိမ့်.."


"......"


"ခြိမ့်....ထတော့ကွာ"


"အင်း...ဟင်...အစောကြီးရှိသေးတယ်၊မထချင်သေးပါဘူး၊ မမြ လာမနိုးနဲ့ကွာ သွားတော့"


မျက်လုံးမဖွင့်ပဲ ပါးစပ်ကနေ တိုးတိုးလေးညည်းညူ၍ တစ်ဖက်ကို စောင်းလှည့်သွားလျှင်..၊


"ဟာကွာ!...ခြိမ့်.."


လက်မောင်းရင်းကနေ ဆုပ်ကိုင်၍ သူ ခြိမ့်ကို ခပ်ကြမ်းကြမ်းလေး ဆွဲထူပစ်လိုက်သည်။


"ဟင်!...သိမ်းပိုက်"


မှုန်တေတေမျက်နှာနှင့် ခြိမ့်ကို ငုံ့မိုးကြည့်နေသည့် သူ့ကို မြင်လိုက်မှ ကိုယ့်အခြေအနေကို သတိရမိခြင်းဖြစ်သည်။ 


ရေချိုးထားလို့ဖြစ်မည် စိုကပ်နေသည့် ဆံပင်တွေက နဖူးပေါ် တစ်ချို့တစ်ဝက်ဝဲဖြာကျနေပြီး မျက်နှာသုတ်ပဝါကို လည်ပင်းမှာ စုံကျထား၏။တီရှပ်အဖြူရောင်လေးနှင့် ပုဆိုးကွက်စိပ်လေးကို ခပ်တိုတိုဝတ်ထားသည့် သိမ်းပိုက်ပုံစံလေးက နုနုစင်စင်လေးနှင့် ချောမွေ့နေလေသည်။


"ဘယ်အချိန်ရှိသေးလို့လဲ၊ ရေချိုးပြီးတာလား"


"ခြောက်နာရီထိုးနေပြီ၊ မျက်နှာသစ် စျေးသွားရအောင်"


"ဟာ!...အစောကြီးပဲ၊ မထချင်သေးဘူး"


ခြိမ့် ရှုံ့မဲ့ပြောပြီး အိပ်ရာပေါ် ပြန်လှဲချလိုက်လျှင်..၊


"မရဘူး၊ မြန်မြန်မျက်နှာသွားသစ်ကွာ"


ခြိမ့်ကိုသူက လှဲချမခံပဲ လက်မောင်းကနေဆွဲပြီး ရေချိုးခန်းထဲ တွန်းပို့လေသည်။


"မကြာနဲ့နော်"


အပြင်ကနေ လှမ်းသတိပေးလိုက်သေး၏။ ခြိမ့် ငိုက်မျဥ်းနေတာတွေ ဘယ်ဆီရောက်ကုန်သလဲ မသိတော့ပါ။ 


သူ့အမိန့်အတိုင်း မျက်နှာမြန်မြန်သစ်၊ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲက ထွက်လာတော့ သိမ်းပိုက်က အဝတ်အစားလဲပြီးနေပြီ။


"ပြီးပြီလား၊ သွားကြမယ်"


"အင်း"


မနေ့ကညနေကတည်းက အဝတ်အစားအတိုင်းနှင့်ပဲ ခေါင်းလေးတစ်ချက်နှစ်ချက်ဖီးပြီးထွက်ခဲ့ရ၏။ ခြိမ့်မှာလဲစရာ အဝတ်အစားမှ မရှိပဲ။ 


မနေ့ညနေ သိမ်းပိုက် ခေါ်လာတဲ့အတိုင်း လိုက်လာခဲ့တာ ပခုံးပေါ်လွယ်ထားသည့် ဆလင်းဘတ်အိတ်တစ်လုံးသာ ပါလာသည်။ အိတ်ထဲမှာ ဖုန်း၊ မှတ်ပုံတင်နှင့် ပိုက်ဆံနှစ်သိန်းအပြင် မရှိ။


တံခါးတွေကို သေချာသော့ခတ်ပြီး ရှေ့ကနေ ဆင်းသွားသည့် သိမ်းပိုက်ဆီ အကြည့်ရောက်သွား၏။နံ့သာရောင်ရှပ်လက်ရှည်ကို တံတောင်ဆစ်နားအထိ သေသေသပ်သပ်လေးခေါက်တင်ထားပြီး အနက်နှင့် အစိမ်းရောင်ရောထားသည့် ပုဆိုးကွက်စိပ်လေးနှင့်ပင်။


ပိုက်ဆံအိတ်ပြားပြားလေးကို ခါးကြား ထိုးထားပြီး ကားသော့နှင့်ဖုန်းကို လက်တစ်ဖက်တည်းမှာ စုကိုင်ပြီး လေလေးတစ်ချွန်ချွန်နှင့် လှေကားထစ်တွေကို တစ်ဖျတ်ဖျတ်နင်းလျှောက်ဆင်းသွားပုံက သွက်လတ်မြူးကြွနေလေရဲ့။


ကောင်ဆိုးလေးက လူတစ်မျိုးလေး..၊ 


သူ့အရွယ်ကောင်လေးတွေရော၊ သူ့ထက်ကြီးတဲ့ အရွယ်တွေပါ ကလေးကအစ လူကြီးအဆုံး အရွယ်စုံ ခေတ်နှင့်အမှီ နေထိုင်နေကြသည့် ကာလမှာ သိမ်းပိုက်ပုံစံက အေးဆေးတည်ငြိမ်နေ၏။


ဆံပင်ဒဇိုင်းမျိုးစုံ၊ကာလာစုံ အမျိုးမျိုးပြောင်းနေကြပေမယ့် သိမ်းပိုက် ဆံပင်တိုကပ်ကပ်လေးက ဂျယ်လူးထားသဖြင့် ပြောင်းရှင်းနေပြီး သေသေသပ်သပ်လေးဖြစ်နေသည်။


သိမ်းပိုက်ကို နောက်ကနေကြည့်ဆင်းနေရင်း ခြိမ့် ကိုယ့်ကိုယ်ကို ငုံ့ကြည့်မိတော့..၊ အနက်ရောင် ဘောင်းဘီပွပွလေးက ခါးမှာကြိုးအရှုံ့လေးပါသလို ခြေတောက်အဖျားတွင် အကျပ်အရှုံ့ပုံလေးဖြစ်၏။ ကိုယ်ကျပ်တီရှပ်အဖြူလေးက ခါးအတိဖြစ်ကာ ဘောင်းဘီခါးစပ်ကို ထိရုံသာသာ။အဖြူရောင်ရှူးဖိနပ်လေးနှင့် ပခုံးထိရုံဆံပင်လေးတွေနှင့် ခြိမ့်ပုံစံက ကျော့ကျော့ရှင်းရှင်းစမတ်ကျကျလေးလှနေတာ။


ငါးနှစ်လောက်ကွာပေမယ့် ထွားကျိုင်းသည့် သိမ်းပိုက်နှင့် ခေတ်မှီမှီလေးနေထိုင်ကာ နုနုရွရွလေးလှနေသည့် ခြိမ့်က ရွယ်တူတွေလိုပဲ ထင်ကြမှာ။


ခြိမ့် ကိုယ့်အတွေးနှင့်ကိုယ်ကျေနပ်ကာ လှေကားထစ်တွေကို ပြေးဆင်းတော့ ခဏချင်း သူ့ကို မှီသွားသည်။


တည်တည်စူးစူးအကြည့်လေးတစ်ချက်ရောက်လာပြီး ချက်ချင်းပြန်ရွေ့သွားလျှင် ခြိမ့်စိတ်ထဲ တစ်မျိုးဖြစ်သွား၏။


သူ ခြိမ့်ကို လိုချင်လို့ဆိုသည့် အကြောင်းပြချက်ဖြင့် ခေါ်လာပြီး အတူတူနေခဲ့ကြပြီးပြီ။ ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းတစ်လေတောင် သူ နှုတ်ဖျားကနေ မကြားခဲ့ရ။ 


အေးစက်စက်နှင့်တည်ငြိမ်သည့် လူကြီးဆန်ဆန်ဟန်လေးက သူ့စရိုက်၊သူ့ကာရိုက်တာ ထင်ပါရဲ့။


ခုချိန်မှာ လက်ထပ်ကြရအောင်ဟု သူ့ဘက်က စပြောလာခဲ့ရင် ခြိမ့် ဘယ်လုပ်ရမလဲ။အိမ်ထောင်ရေးကို ကြောက်ရွံ့တာမှန်၏။သို့သော် ခြိမ့် သူနဲ့နေရတာ ကျေနပ်နေမိသည်။ မရှက်တမ်းဝန်ခံရရင် ရင်လည်းခုန်၏။


လေးလွှာကို ဘယ်လိုဆင်းခဲ့သလဲ ခြိမ့်မသိ၊ သူ့အကြောင်းလေးတွေးနေရတာနဲ့ မောပန်းနွမ်းနယ်ခြင်းတွေပါ ပျောက်ဆုံးနေသည်။ 


ခြိမ့် တစ်ဖက်မှာ ဝင်ထိုင်လိုက်သည်နှင့် ကားလေးက ငြိမ့်ငြိမ့်လေးထွက်လာ၏။ ကားထဲရောက်မှ ထုတ်တပ်လိုက်သည့် မျက်မှန်အနက်လေးက သိမ်းပိုက်မျက်နှာချောချောနှင့် လိုက်ဖက်ကာ ပိုကြည့်ကောင်းနေသည်။


သီချင်းလေးငြိမ့်ငြိမ့်နှင့် သိမ်းပိုက် ကားမောင်းနေပုံက ခပ်အေးအေးပင်။

ယောကျ်ားလေးဖြစ်ပြီး ခြိမ့်လောက်တောင် ကားမောင်းမရမ်းပါလား၊ ဘာလုပ်လုပ် အေးဆေးတည်ငြိမ်နေတာ သူ့အကျင့်ထင်ပါရဲ့။


"အပြန်ကျရင် (၃၅)လမ်းကို မောင်း"


သူ တစ်ခွန်းမှ မပြောပါ။ ဘယ်နေရာတွေမောင်းနေပြီး ဘယ်တွေရောက်နေသလဲ ခြိမ့် မသိတော့။ အိပ်ရေးမဝသဖြင့် ခဏချင်း ငိုက်မျဥ်းလာကာ သီချင်းသံတိုးတိုးလေးက ခြိမ့်ကို ချော့သိပ်နေသည့်အတိုင်း..၊


"ဟိတ်!.."


"...."


"ခြိမ့်..."


"အင်...ဟင်.."


ပခုံးကို ကိုင်လှုပ်နှိုးနေသဖြင့် ခြိမ့် လန့်နိုးလာရသည်။ 


"အဟင်း...ခြိမ့် အိပ်ပျော်သွားတယ်၊ ရောက်ပြီလား"


"အင်း.."


ဆံပင်ကို သပ်ချပြီး ကားထဲက ထွက်လိုက်မှ ခြိမ့် တိုက်ခန်းရှေ့ရောက်နေသည့် အဖြစ်ကို သိလိုက်ရ၏။


"ဒါက.."


ရင်ထဲ ဒိတ်ခနဲဆောင့်ခုန်ကာ ခြိမ့် စကားတစ်ပိုင်းတစနှင့်ရပ်သွားသည်။ 


သူ ခြိမ့်ကို ထားခဲ့တော့မလို့လား..၊


ခြောက်ချားစွာတွေးမိရင်း ခြိမ့် ဝမ်းနည်းနာကျင်လာသလိုလို..၊


"ခြိမ့်ပစ္စည်းတွေ အကုန်သယ်ပြီး အခန်းကိုပါ တစ်ခါတည်းပြန်အပ်ခဲ့လိုက်"


သူပဲ စီစဥ်ညွှန်ကြားကာ ပစ္စည်းတွေ အောက်ချတာရော၊ အခန်းကို ပိုင်ရှင်ပြန်အပ်တာပါ တစ်ယောက်တည်း လုပ်သွား၏။ဘာမှ မလုပ်တတ်၊မကိုင်တတ်သလို သူ စီမံသည့်အတိုင်း ခြိမ့် ငြိမ်နေမိသည်။


စျေးထဲရောက်တော့လည်း သူ့စိတ်ကြိုက် စားစရာ၊ အသားငါးတွေ လိုအပ်တဲ့ပစ္စည်း ပစ္စယတွေ ဝယ်ခြမ်းလေသည်။


မိန်းကလေးဖြစ်သည့် ခြိမ့်ပင် သူ့လို မဝယ်တတ်ပါ။ စျေးသွားဖို့ မလိုသလို၊ ဝါသနာလည်း မပါသဖြင့် စျေးဘယ်လိုဝယ်ရမှန်းပင် ခြိမ့် မသိ။


တိုက်ခန်းကို ပြန်ရောက်တော့ ကိုးနာရီထိုးနေပြီ။


"ဒီဟာတွေက.."


"ချက်ရမှာပေါ့၊ မချက်ရင် ဘာနဲ့ စားမလဲ"


"ချက်တတ်လို့လား"


သိမ်းပိုက်က မချိုမချဥ်ပြုံးလျက် ဝယ်လာတဲ့အသားငါးတွေ၊ဟင်းသီးဟင်းရွက်တွေကို မီးဖိုခန်းထဲ သွားထားသည်။ ထို့နောက် အိပ်ခန်းထဲ ပြန်ဝင်လိုက်ပြီး ရှပ်အကျီကို တီရှပ်နှင့် လဲဝတ်သည်။ ပုဆိုးပါ လဲပြီး ပြန်ထွက်သွားလျှင်..၊


"ဟင်းက ဘယ်သူချက်မှာလဲ"


"ခြိမ့် ရှိနေတာပဲ ချက်ပေါ့"


"ဟင်....ခြိမ့်မလုပ်...အို နေပါဦး"


ခြိမ့် စကားကို ဆုံးအောင်ပင် နားမထောင်၊ သူ ပြန်ထွက်သွားသည်။


မချက်တတ်တာတော့ မဟုတ်ပါ၊ ခြိမ့် ထမင်းဟင်းလောက်တော့ ကောင်းကောင်းချက်တတ်ပါ၏။ လတ်ဆတ်သည့် အသားငါးတွေကို မကိုင်ရဲတာတစ်ခုပဲ..။


မာမီရယ်ဒက်ဒီရယ်ခြိမ့်ရယ် ပျော်စရာ မိသားစုဘဝလေးဖြစ်ခဲ့တဲ့ အချိန်တွေတုန်းကဆို ခြိမ့်နဲ့မာမီ မီးဖိုထဲ အတူတူဝင်ပြီး ဒက်ဒီ့အကြိုက်ဟင်းတွေ ချက်ကျွေးခဲ့ကြတာ။ အဲဒီတုန်းကဆို အသားငါးတွေကို မမြနဲ့မာမီကပဲ ကိုယ်တွယ်ဆေးကြောလုပ်ပေးခဲ့ကြတာ။ ခြိမ့်က သူတို့ကိုင်ပြီးသားကို အသင့်ချက်ရုံသာ။ 


မာမီရယ်...၊ ခြိမ့် မာမီ့ကို သိပ်သတိရတာပဲ။


"ခြိမ့်...မပြီးသေးဘူးလား၊ လာကွာ.."


မီးဖိုဘက်ဆီက သိမ်းပိုက်အသံထွက်လာမှ ခြိမ့် မျက်ရည်တွေကို ကပြာကယာသုတ်မိကာ...၊


"လာပြီ...လာပြီ"


စပန့်ဂါဝန် အနီရဲရဲလေးကို အမြန်လဲပြီး ခြိမ့် ထွက်လာတော့ သိမ်းပိုက်က အသားငါးတွေကိုဆေးကြောပြီး တစ်ချို့တစ်ဝက်ကို ရေခဲသေတ္တာထဲထည့်သိမ်းနေသည်။


"ခြိမ့်...ငါးခူစင်းကောဖို့ ဟိုမှာငါး"


ရေခဲသေတ္တာပြန်ပိတ်ရင်း မေးဆတ်ပြသည့် နေရာကို လှမ်းကြည့်မိတော့ ခြိမ့် မျက်လုံးပြူးသွားသည်။ အိတ်ထဲမှာ ငါးခူတွေက လှုပ်ရွလျက်..၊


"ခြိမ့်...ဒါတွေကို ကိုင်ရမယ် ဟုတ်လား"


"အင်းလေ...မကိုင်ပဲ ချက်လို့ရမလား"


အိတ်ထဲမှာ တိုးနေသည့် ငါးအရှင်တွေကို ကြည့်၍ ခြိမ့် ချွေးပြန်လာကာ..၊


"အဲ..အဲဒါကြီးကို ခြိမ့် မကိုင်ရဲဘူး၊ လှုပ်ရွရွနဲ့ ကြောက်စရာကြီး"


"ဟာဗျာ...ပြဿနာပဲ"


အသီးအရွက်တွေ ရေဆေးနေရင်း ခြိမ့်ဘက် လှည့်ကာ မျက်မှောင်ကုတ်ကြည့်၏။


"မကိုင်ပဲနဲ့တော့ စားလို့ရမှာ မဟုတ်ဘူး အမိ၊ ဒီမှာ ခင်ဗျားနဲ့ကျွန်တော် နှစ်ယောက်ပဲ ရှိတာ၊ခင်ဗျားမကိုင်ရဲရင် ဘယ်သူကိုင်မလဲ"


"မင်းကိုင်ပေါ့.."


"ဘာဗျ!.."


သူ အော်လိုက်တော့ ခြိမ့် ကိုယ်လေးတုန်သွားပြီး..၊


"ဟုတ်တယ်လေ...ခြိမ့်မှ အဲဒါတွေ မကိုင်ရဲတာ၊ နှစ်ယောက်ထဲရှိတာဆိုတော့ မင်းပဲ ကိုင်ပေးပေါ့"


"ကျစ်!..."


သိမ်းပိုက် စိတ်ရှုပ်ရှုပ်နှင့် ခေါင်းကိုဆွဲဖွလိုက်ပြီး မည်းမည်းလှုပ်လှုပ်ရွရွငါးတွေဆီ အကြည့်ရောက်သွားပြီး..၊


"ကျွန်တော်လည်း ဘယ်ကိုင်တတ်မလဲ"


"ဒါနဲ့များ ဘာလို့ဝယ်လာသေးလဲ"


ခြိမ့် မကျေမနပ်ရေရွတ်လျှင် သူ့မျက်နှာ တည်သွားကာ..၊


"ဘယ်သိမလဲ၊ ကျုပ်မှ ဝက်သား၊အမဲသား၊ဆိတ်သား မစားတာ၊ ကြက်၊ပုစွန်၊ ငါးမှ မစားရင် စားစရာမရှိတော့ဘူး၊ခင်ဗျားက မိန်းမဆိုတော့ ဒီလောက်လေးလုပ်တတ်မယ်ထင်လို့ပေါ့၊ ပြီးတော့လည်း အဲဒီငါးစားချင်နေလို့"


လေပြည်လေးနှင့် ပြောပုံက တကယ်စားချင်နေတာ ပေါ်လွင်နေတာမို့ ခြိမ့် ဂရုဏာသက်သွားရသည်။ အရဲစွန့်ပြီး ခြိမ့် ငါးထည့်ထားသည့် အိတ်ကို အဖွင့်..၊


"ဖလက်...ဖလက်.."


"အမေ့!.."


"ခြိမ့်...ဟာ! ထွက်ကုန်ပြီ"


ငါးခူအရှင်တွေ အိတ်ထဲက တိုးထွက်ကုန်သဖြင့် ခြိမ့် လန့်ဖြန့် အော်ရင်း နောက်ဆုတ်ပြေးမိ၏။


"လုပ် လုပ်လေ ခြိမ့်၊ ဟိုမှာ ပြေးပြီ"


စားပွဲပေါ်မှာ တစ်ဝက်နှင့် အောက်ကို ကျသွားသည့်အကောင်တွေက ခုံတွေကြားထဲ ယားယား ယားယားနှင့်တိုးကုန်လျှင်..၊


"ဖမ်းလေ ခြိမ့်၊လွတ်ထွက်ကုန်ပြီ...ဖမ်း..ဖမ်း ဟိုမှာ ခုံအောက်တိုးနေပြီ"


ပါးစပ်ကအော်နေရင်း အောက်ကငါးတွေကို သိမ်းပိုက်က ကော်ဇကာနှင့် အတင်းလိုက်အုပ်နေကာ..၊


"ခြိမ့် လုပ်ဦးလေ၊ ဟိုမှာပြေးကုန်ပြီ ဖမ်းထား.."


"အယ်...ဧည့်ခန်းဘက်ထွက်တော့မယ်၊ သိမ်းပိုက် လုပ်..လုပ်ဦး"


"ဖမ်းလိုက်လေ..ဒီမှာလည်း ပြေးကုန်ပြီ"


ဧည့်ခန်းနှင့်ထမင်းစားခန်းကို ကျွန်းနှင့်ကနုတ်ဖော်ထားသည့် ခန်းစီးပဲ ကာထားပြီး အခန်းသီးသန့်ဖွဲ့မထားသဖြင့် ငါးတစ်ကောင်က ဧည့်ခန်းဘက်ပြေးလျှင်..၊


"အား!.."


ငါးကို အုပ်ကိုင်ပြီး အဖမ်းမှာ ခြိမ့်လက်ထဲ မျက်ခနဲစူးသွားပြီး ငါးကိုပါ လွှတ်ချပစ်လိုက်မိ၏။


"ဘာဖြစ်သွားတာလဲ ခြိမ့်၊စူးသွားပြီလား"


"အင်း...ကြည့်စမ်း သွေးတွေထွက်ကုန်ပြီ"


"ဟုတ်လား၊ ဟိုအကောင်တော့ ခြိမ့်ကိုင်ပေါက်လိုက်တာ သွားပြီ"


"ဟင်"


ဟုတ်ပါရဲ့၊ ကြောက်ကြောက်လန့်လန့်နှင့် လွှတ်ချလိုက်တာ ကိုင်ပေါက်သလိုဖြစ်သွားပြီး တစ်ကောင်တော့ သေသွားသည်။


"ကဲ အမိ၊ ဒီမှာဖမ်းပြီးပြီ၊ ဝယ်လာတဲ့လက်စနဲ့တော့ ဒီတစ်ခါချက်လိုက်ကွာ၊ နောက်ကျရင် အရှင်တွေ ဝယ်မစားတော့ဘူး"


ငါးတွေဖမ်းထည့်ထားသည့် ဇကာကို စားပွဲပေါ်တင်ပြီး သိမ်းပိုက် သူမနားလျှောက်လာကာ လက်ကို ဆွဲယူကြည့်ပြီး ဘေစင်မှာ သူကိုယ်တိုင်ဆေးကြောပေး၏။


သိမ်းပိုက်ကမ္ဘာဆိုသော သူနှင့်ပက်သက်ရင် ခြိမ့် ရင်ထဲမှာ နွေးတစ်လှည့်၊အေးတစ်လှည့်နှင့်..။


.................................................................


"သြော်...တီဗီကြည့်နေတာ"


အိပ်ထားသဖြင့် အစ်တစ်တစ်ဖြစ်နေသည့် မျက်နှာနှင့် သိမ်းပိုက် အိပ်ခန်းထဲကနေ ထွက်လာပြီး ဖွင့်ထားသည့် တီဗီကို တစ်ချက်လှမ်းကြည့်ကာ ဆက်တီမှာထိုင်ပြီး ကြည့်နေသည့် ခြိမ့်နားကို လျှောက်လာသည်။


"နိုးပြီလား"


"အင်း...ဘယ်အချိန်လောက်ရှိပြီလဲ"


"လေးနာရီ"


"ကျွန်တော် နှစ်နာရီလောက် အိပ်ပျော်သွားတာပဲ၊ ခြိမ့်ရော..မအိပ်ပဲ ဇာတ်ကားကြည့်နေတာလား"


"နေ့ခင်းဘက် မအိပ်တတ်လို့ပါ"


နှစ်ယောက်တည်းရှိသည့် တိုက်ခန်းမှာ သူ အိပ်နေတုန်းကဆို ခြိမ့် တစ်ယောက်တည်း ပျင်းရိနေတာ။ ခုလို စကားပြောနေရတော့ ဘာဖြစ်ဖြစ်တော်သေးသည်။


"ကြမ်းခင်းတွေက သဲတစ်ရှပ်ရှပ်နဲ့"


နင်းလျှောက်လာရင်း သိမ်းပိုက်က ငုံ့ကြည့်ပြီး ပြောလျှင်..၊


"ဒီအခန်းက ဘယ်သူ့ဟာလဲ"


"ဘာဖြစ်လို့လဲ၊ ခင်ဗျားက ကျုပ်ကို ဒီအခန်းလောက်လေးတောင် ပိုင်ဆိုင်မှုမရှိဘူးလို့ အထင်သေးတာလား၊ ကျုပ်မိဘတွေ ကျုပ်ကို အမွေဖြတ်ထားပေမယ့် ဒီတိုက်ခန်းလောက်တော့ ပိုင်ပါသေးတယ်ဗျ"


"အမွေဖြတ်ထားတယ် ဟုတ်လား"


ကိုယ်မသိသေးသည့် အကြောင်းအရာမို့ ခြိမ့် အံ့သြကာ သိချင်စိတ်နှင့် မေးလိုက်ခြင်းပါ။


"ဟုတ်တယ် ခင်ဗျားနဲ့အကြောင်းကို သိသွားလို့ အမွေဖြတ်လိုက်ပြီ၊ ဘယ်လိုလဲ စိတ်ညစ်သွားသလား"


"ဘာကိုလဲ.."


"ဘာပိုင်ဆိုင်မှုမှ မရှိတဲ့ ကျွန်တော်နဲ့ ဒီလိုတိုက်ခန်းကျဥ်းလေးမှာ နေရတာကို.."


"မညစ်ပါဘူး၊ ခုမှ ဘက်ညီသွားတာပါ.."


  နားမလည်သလို မျက်မှောင် ကုတ်နေလျှင် ခြိမ့် သူ့ကို ကြည့်ရင်း ပြုံးမိကာ..၊


"မင်း တို့အကြောင်းကို မသိသေးလို့ပါ၊ နှိုင်းခြိမ့်ခြိမ့်သာဆိုတဲ့ မိန်းမက အဲဒီပိုင်ဆိုင်မှုတွေကို မမက်မောလို့ အိမ်ပေါ်က ဆင်းခဲ့တာ၊ခုမှ မင်းနဲ့ တို့ ဘဝတူဖြစ်သွားတာပေါ့"


"ကဲ ဘဝတူတွေဆို လုပ်ငန်းစလိုက်ကြရအောင်.."


"ဘာလဲ..ဘာတွေပြောနေတာလဲ၊ မင်းနော်"


"ရော်!...မျက်လုံးလည်း ကျွန်တော့်ကို လာမှန်ပါဦးမယ်၊ အလုပ်သမားမရှိတဲ့ ဒီအိမ်မှာ ဒီဖုန်တွေသဲတွေကို အမိနဲ့ကျုပ်မှ မရှင်းရင် ဘယ်သူရှင်းမလဲ၊ ကြမ်းကနေ စတိုက်ကြစို့"


"ကြမ်းတိုက်ရမယ် ဟုတ်လား"


"အင်းလေ...ဘဝတူတွေပဲ၊ ဘာဖြစ်ဖြစ်အတူတူပေါ့ မဟုတ်ဘူးလား"


ပါကေးခင်းကြွေပြားကပ်ထားသည့် အပေါ်မှာ နင်းလိုက်တိုင်း သဲတစ်ရှပ်ရှပ်ဖြစ်နေတာ အမှန်ပါ။ သို့သော်...ကြမ်းတိုက်ရမည်ဆိုတော့ ခြိမ့် မျက်နှာလေး မသိမသာ ရှုံ့မဲ့နေ၏။တစ်ခါဖူးမှ အိပ်မက်မမက်ခဲ့ဖူးသည့် အလုပ်တွေ မဟုတ်လား။


"ရပြီကွ၊ ခြိမ့်... ဒီဘက်ကို လာ"


တီဗီစင်အောက်ကနေ ပုဆိုးတစ်ထည်ကို ဆွဲထုတ်ယူလာပြီး ကြမ်းခင်းပေါ် အလျားလိုက်ချကာ သိမ်းပိုက် သူမကို လှမ်းခေါ်သည်။ခြိမ့် သိမ်းပိုက်ဘေးနား ကိုလျှောက်သွားပြီး သူ့လိုပဲ ဒူးထောက်ထိုင်လိုက်ကာ အစကို တစ်ဖက်ဆီကနေ ကိုင်လိုက်လျှင်..၊


"ဟိုဘက်ကို သွားမယ်၊ ကဲ.. စရအောင် ဝမ်း..တူး...သရီး"


ဟေးခနဲ အော်ကာ တိုက်ခန်းရှေ့ဘက်ကို ပြိုင်တူပြေးမိကြ၏။ 


"ဒီဘက်ကို ပြန်သွားမယ်"


ဟိုဘက်စွန်းကနေ အတွင်းဘက်ကို ပြန်တိုက်လာရင်း ရယ်စရာမဟုတ်ပဲ ရယ်မိကြသည်။တစ်သက်လုံး မလုပ်ဖူးခဲ့သည့် အလုပ်တွေ လုပ်နေရပေမယ့် ခြိမ့် မောပန်းရမှန်းမသိပါ။ စိတ်ထဲမှာ ကျေနပ်ပျော်ရွှင်နေမိ၏။


"မောသွားလို့ထင်တယ် ပြန်တောင်အိပ်ချင်လာသလိုပဲ ဝါး..."


ချွေးတွေရွှဲကာ တစ်ခန်းလုံးတိုက်လို့ပြီးသွားတော့ သိမ်းပိုက်က သမ်းဝေ၍ တီဗီရှေ့က ဒရင်းဘတ်ပေါ် လှဲချကာ မျက်လုံးတွေ မှိတ်ပစ်လိုက်၏။


"ဟင်...မီးပြတ်သွားပြီ၊အိုက်တော့မှာပဲကွာ..ပြဿနာပဲ"


နဖူးပေါ်က ချွေးတွေကို တံတောင်နှင့် ပွတ်တိုက်သုတ်နေရင်း သူ ညည်းညူသလို ထပြောတော့ ခြိမ့် သူ့အနားရောက်သွားပြီး..၊


"အင်ဗာတာဖွင့်မလား"


"ဟင်အင်း..အိပ်တော့မယ်၊ လေအေးအေးလေးနဲ့အိပ်ချင်ပါတယ်ဆိုမှ"


ချွေးတွေ ရွှဲနစ်နေသည့် သိမ်းပိုက်ကိုကြည့်၍ ခြိမ့် ရင်ထဲ ငြိမ့်ငြိမ့်လေးလှုပ်ခတ်ကာ..၊


"ခြိမ့် ယပ်ခတ်ပေးမယ်လေ၊ အိပ်နော်"


ခြိမ့် ယပ်တောင်ယူပြီး ယပ်ခတ်ပေးလိုက်သည်။ သိမ်းပိုက်က ခပ်မှေးမှေးလေးစိုက်ကြည့်နေရင်း တဖြည်းဖြည်း မျက်လုံးတွေ စင်းကျကာ အသက်ရှူသံမှန်မှန်ထွက်လာ၏။


သူ အိပ်ပျော်သွားမှ ခြိမ့် သူ့မျက်နှာနှင့် လည်ပင်းတစ်ဝိုက်က ချွေးတို့ကို အသာ တို့သုတ်ပေးမိသည်။ လည်ပင်းက ချွေးတို့ကို တို့သုတ်ပေးနေစဥ် သိမ်းပိုက်မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာပြီး ခြိမ့် လက်ကို ဖမ်းဆွဲထားကာ..၊


"ဘာလုပ်နေတာလဲ"


"ချွေးတွေသုတ်ပေးတာပါ၊ အိပ်ပျော်နေတုန်း ယပ်ခတ်နေတော့ ချွေးအေးပတ်မှာစိုးလို့"


"မ ရာ.."


သိမ်းပိုက်က မချင့်မရဲနှင့် ထွေးပွေ့လိုက်သဖြင့် ခြိမ့်ကိုယ်လေး သူ့ရင်ဘတ်ပေါ်ကုန်းကုန်းကွကွနှင့်  လဲပြိုကျသွားလေသည်။ထိုအခါ.. မေ့မေ့မူးမူးဖြန့်ခင်းလာသော အနမ်းများနှင့် သူ့ရင်ခွင်ထဲမှာ ခြိမ့် မလူးသာမလွန့်သာ..။


"ဘာလို့ ကျွန်တော်အပေါ် ကောင်းနေရတာလဲ"


သိမ်းပိုက် ခြိမ့်ကို အသာဖြေလွှတ်ပေးတော့

ခြိမ့် ဒရင်းဘတ်ပေါ် ဘေးတစ်စောင်းလေးလဲကျသွားကာ သူ့ရင်ခွင်ထဲကနေ လွှတ်မြောက်ခွင့်ရတော့သည်။


"မသိဘူး၊ ခြိမ့် အလိုလို လုပ်ပေးချင်လာလို့၊ ဘယ်သူကိုမှလည်း အဲဒီလို မလုပ်ပေးခဲ့ဖူးဘူး၊ မင်းက ပထမဆုံးပဲ၊ အဲဒီလို လုပ်ပေးနေရတာကိုပဲ တို့ ကျေနပ်နေမိတယ်ထင်တယ်"


ခြိမ့် ပြောပြီး မျက်နှာ မထားတတ်သလို သူ့ကို ကျောခိုင်းပြီး ဒီဘက်စောင်းလှည့်ကာ မျက်ဝန်းတွေကို မှိတ်ထားလိုက်သည်။


"အဟွန်း...ကျွန်တော် ကျေနပ်တယ်၊ ခြိမ့်စကားကြားရတာ အရမ်းကျေနပ်တယ်"


ခြိမ့်ကို အဝတ်တစ်ထုပ်လို နောက်ကနေ သိုင်းဖက်ရင်း သူ ကျေနပ်ဝမ်းသာသံနှင့်ပြော၏။


သူ ပြောတဲ့ကျေနပ်ခြင်းကို ခြိမ့်နားမလည်သလို၊ သူ့ရင်ထဲကိုလည်း ခုချိန်အထိ နားမလည်သေးပါ။သို့သော်..ထိုရင်ခွင်သည် ခြိမ့်အတွက် နွေးထွေးလုံခြုံသော ရင်ခွင်တစ်စုံဖြစ်နေသည်မို့...၊


အပိုင်း(၅)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: