book

Index 39

အပိုင်း(၃၉)

💘မှတစ်ပါး.....အခြားမရှိ💘


နူးညံအိစက်နေသည့်အထိအတွေ့ကို လက်ဖဝါးကစလို့လက်မောင်းတစ်လျှောက်အလယ် နှလုံးသွေးထဲအဆုံး ခံစားနေရပြီး မျက်ဝန်းများက ကလေးငယ်လေးဆီအလိုလိုရောက်သွားခဲ့သည်။ ဒိန်း!...၊ ဒိန်းခနဲခုန်လှုပ်သွားသည့်ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်လန့်နေသည့်အဖြစ်။သူမလက်ထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေသည့်ကလေးငယ်လေး၏မျက်နှာလေးဆီကနေ အကြည့်မလွှဲနိုင်ဘဲ ဖြစ်သွား၏။


မည်းနက်တန်းစင်းနေသည့်မျက်ခုံးလေးတွေက မျက်နှာတစ်ခုလုံးမှာထင်းနေကာ နှာတံလေးလုံးစင်းနေပုံ မျက်တောင်ရှည်တွေဝိုင်းနေသည့်မျက်ဆန်နက်နက်လေးတွေနှင့်မျက်နှာကျပုံလေးက သားငယ် ငယ်ငယ်ကအတိုင်းတစ်ပုံတည်း။နှုတ်ခမ်းပါးလေးတွေရဲစိုနေတာဘဲ သားနဲ့မတူတယ်။


ဝါဂွမ်းလေးလိုဖြူဖွေးအိစက်နေသည့်ကလေးလေးက လက်သီးလေးဆုပ်ကာ သူမကိုကြည့်နေသည်။ဖြူဖွေးဝင်းနှစ်အိစက်နေသည့် အသားလေးတွေကို လက်ဖဝါးနှင့်အသာထိကြည့်ပြီးမှ အနာတရဖြစ်သွားတော့မလို လက်အမြန်ပြန်ရုတ်လိုက်၏။သားငယ်ရောဟိုမိန်းကလေးပါ အသားဖြူကြတော့ ကလေးလေးတွေရဲ့အသားအရည်လေးတွေက ပြောစရာမလိုတော့။ဒေါ်မြင့်မိုရ်ခန့် ကလေးကိုပွေ့ပိုက်ထားရင်း စိတ်ထဲကနေကြိတ်ပြီး ဝေဖန်နေမိသည်။


ကြည့်နေရင်း ပါးစပ်လေးပြင်လိုက်တော့ နှုတ်ခမ်းထောင့်စွန်းလေးတွေခွက်ဝင်သွား၏။ချစ်စရာဟန်ပန်လေးကြောင့် သဘောတကျပြုံးလိုက်မိစဥ်..၊


"ရှပ်...ရှပ်..."


အထဲကနေထွက်လာသည့်ခြေသံကြောင့် လူကသတိအနေအထားဖြစ်သွားပြီး မျက်နှာပါအလိုလိုတည်သွား၏။သို့သော် ခြေသံက အပြင်ကိုထွက်မလာခဲ့ပါ။ ပြန်လည်တိတ်ဆိတ်သွားတော့ အထဲကိုလည်းမဝင်ဖြစ်ဘဲ ရင်ခွင်ထဲက ကလေးလေးကိုသာ နောက်တစ်ကြိမ်ငုံ့ကြည့်မိပြန်သည်။


ကလေးလေးကိုပွေ့ထားရင်း လွန်ခဲ့တဲ့လေးနှစ်ကျော်ကာလဆီက သားငယ်မွေးကင်းစကလေးကိုပွေ့ပြီး သူမတို့ဆီပြန်ရောက်လာသည့် အဖြစ်ကိုသွားမြင်ယောင်မိသည်။ အဲဒီတုန်းကလည်း ချင်းချင်းလေးက ဒီအရွယ်လောက်လေး။ မေမေ့မြေးလို့သားငယ်ပြောပြီး သူမလက်ထဲလာထည့်ပေးတော့ ယောင်နနနဲ့ချီပိုးရင်း သားငယ်ပြောပြတာတွေနားထောင်ပြီး မျက်ရည်ကျခဲ့ရ၏။ ပြီးတော့ ကိုယ့်မြေးကိုယ့်သားဆိုတဲ့အသိအပြင်မိတဆိုးလေးဆိုပြီး ဂရုဏာပါပိုကဲကာ အချစ်ပိုခဲ့ရတာ မဟုတ်ပါလား။


မြေးဦးလည်းဖြစ်ကလေးတောင်းတနေချိန်မို့ နီတာရဲကလေးလေးကို သံသယလုံးဝမရှိဘဲ ကိုယ့်သွေးကိုယ့်သားဆိုတာလက်ခံယုံကြည်ခဲ့သည်။ ခု သူမလက်ထဲမှာချီပိုးထားသည့် ကလေးလေးက သားငယ်နဲ့တစ်ရုပ်တည်း..၊ လက်မခံနိုင်ပါဘူး၊မကြည်ဖြူနိုင်ပါဘူးဆိုပြီး သူမကိုယ်တိုင် ခါးခါးသီးသီးငြင်းဆန်ခဲ့သည့် သွေး..။  မတူမတန်နိုင်လို့သဘောမကျခဲ့တဲ့ထိုမိန်းကလေးရဲ့သွေးက ခု ကိုယ့်လက်ပေါ်မှာ..၊


တွေးရင်းတွေးရင်း နှိုင်းခြိမ့်ခြိမ့်သာရဲ့မျက်နှာပေါ်လာတော့ မျက်နှာကအလိုလိုတင်းသွားခဲ့၏။ ဒင်းကများ...ငါ့ကိုမခေါ်နိုင်မပြောနိုင်နဲ့..၊ သူ့ကိုယ်သူဘာများထင်နေသလဲ၊ ငါ့သားကိုယူထားပြီးတော့  ဒင်းကတစ်ပြန်စီးတင်းနေတာ ကျလည်းကျလောက်ပါရဲ့ ဟင်း..။ဒေါနှင့်မောနှင့်တွေးရင်း အပြင်မှာပါနှုတ်ခမ်းတွေမဲ့သွားလိုက် နှာခေါင်းတွေတွန့်သွားလိုက်နှင့်..။


"ကြည့်ပါလား...ဒင်းလေးကလည်း နှုတ်သီးခေါင်းလျှာပါးနဲ့အမေ့ခြေရာနင်းမဲ့ရုပ်မျိုး..ဟွန့်.."


ကလေးကိုပါမဲ့ရွဲ့ကြည့်ရင်း ဇိုးဇိုးဇတ်ဇတ်နှင့် လျှောက်သွားပြီး ဆိုဖာပေါ်ချလိုက်လျှင်...၊


"အူဝဲ....အူဝဲ..."


ကလေးက စူးစူးဝါးဝါးထငိုတော့၏။မသိရင် ဆိတ်ဆွဲလိုက်သည့်အလားပင်။ ကျောခိုင်းထားခဲ့ဖို့ကို ခြေလှမ်းတွေကမရွေ့သလို နှလုံးသားကပါ လက်မခံ။ ဒေါ်မြင့်မိုရ်ခန့် ခါးထောက်ရပ်ကနေ ကလေးဆီတစ်လှမ်းချင်းပြန်တိုးသွား၏။


ကလေးငိုသံကလုံးဝရပ်မသွားတော့ ခြိမ့် ကိုယ်လေးဆတ်ခနဲဖြစ်သွားသည်။ သမီးလေးဘာဖြစ်နေသလဲ..၊ 


"သမီးလေး ဘာဖြစ်တာလဲ မသိဘူး"


ခြိမ့် စိုးရိမ်စိတ်ကလေးနှင့် အပြင်ဧည့်ခန်းဘက်ကိုထွက်ဖို့ ခြေလှမ်းပြင်လျှင် လက်တစ်ဖက်ကတင်းခနဲ ဆွဲထား၏။ ခြိမ့် ဖျတ်ခနဲ မော့ကြည့်လိုက်တော့...၊


"မောင်..."


သိမ်းပိုက်က မသွားဖို့ ခေါင်းခါပြတော့ သူမရင်ထဲ ဗလောင်ဆူကာ...၊


"သမီးငယ် တအားငိုနေတယ် မောင်"


မျက်နှာငယ်လေးနှင့်မော့ကြည့်ပြီးပြောနေသည့် ခြိမ့်ကိုငုံ့မိုးကြည့်ရင်း သူမလက်ကလေးကိုဆွဲခေါ်လာခဲ့သည်။ဦးပိုင်ဦးနှင့်ဦးဉာဏ်သာတို့က ရှေ့နေနှင့်စကားပြောနေရင်း သူနဲ့ခြိမ့်ကိုနောက်ကနေ စူးစမ်းသလိုကြည့်ရင်းကျန်ခဲ့၏။သူ ခြိမ့်ကို  အပြင်ဧည့်ခန်းသို့လှမ်းမြင်နေရသည့်အကွယ်ရောက်သည့်အထိဆွဲခေါ်လာခဲ့ပြီး...၊


"သမီးငယ် ဘာမှမဖြစ်ဘူး ခြိမ့်၊အပြင်မှာ သူ့အဘွားရှိနေတာဘဲ၊ ကြည့်နေ.."


 ပခုံးလေးကနေ ဆွဲလှည့်ပြသဖြင့် ခြိမ့် အပြင်ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်မိသည်။ 


"အို!...မီးငယ်.."


သမီးငယ်က ဆိုဖာပေါ်မှာ တက်မတတ်ချက်မတတ်ငိုနေပြီး ဆိုဖာရှေ့မှာ ဒေါ်မြင့်မိုရ်ခန့်က မတ်တပ်..။ ခြိမ့် ရင်ထဲနင့်ခနဲ ဖြစ်သွား၍ မီးငယ်ဆီပြေးသွားဖို့ခြေလှမ်းပြင်လျှင်...၊


"မသွားနဲ့..."


"အို မသွားလို့ရမလား၊ ဟိုမှာ သမီးငိုနေတာ မောင်မမြင်ဘူးလား"


အတင်းထွက်ဖို့ပြင်နေသည့် သူမကိုယ်လေးကိုသူ မရမကဆွဲဖက်ထားလိုက်ကာ..၊


"မေမေဟာ သူပြောသလောက် နှလုံးသားမမဲ့ပါဘူး ခြိမ့်၊ သူ့ဘွားအေနဲ့သူမြေး အဆင်ပြေသွားမှာပါ၊ ကြည့်နေ..မောင်ပြောရဲတယ်၊ မေမေ မီးငယ်ကို ဒီအတိုင်းပစ်မထားဘူး"


သူဘဲအပြောကောင်း..လောလောဆယ် ကလေးငိုနေတာ သူမဘယ်လိုနေနိုင်မလဲ။ ခြိမ့် သူ့ကိုခွန်းတုံ့ပြန်ဖို့ ခေါင်းမော့လိုက်လျှင် အနားမှာ လူရိပ်တွေလာရပ်သည်။ဟန်သာက သားကြီးကိုချီထားရင်း အပြင်ဧည့်ခန်းဘက်ကို လှမ်းကြည့်၏။ ဟန်သာ့လက်ထဲက သားကြီးကို သူမလက်ပြောင်းယူကာချီပိုးလိုက်လျှင် ဦးပိုင်ဦးက သိမ်းပိုက်နောက်ကနေ အပြင်ကိုကျော်ကြည့်ကာ..၊


"မင်းတို့အမေက သူ့စကားနဲ့သူလိပ်ပြာလန့်နေတာ၊ သမီးကိုဒေါသအလျှောက်ပြောဆိုထားဖူးတော့ ကလေးတွေကိုချစ်ရမှာ မလုံမလဲဖြစ်နေတာ၊ နေပါစေ...သူ့မာနနဲ့သွေးသားဘယ်ဟာအလေးသာမလဲ ကြည့်နေကြ၊ ကလေးကိုသွားမခေါ်ကြနဲ့ဦး"


"ဟုတ်တယ်ခြိမ့်၊ မေမေ့နှလုံးသားဟာ ကလေးနဲ့တုပြိုင်ပြီးမမာကျောနိုင်ပါဘူး၊သူတို့မြေးအဘွားချင်းပြေလည်သွားလိမ့်မယ်ကွာ"


မတတ်သာသည့်အဆုံး ခြိမ့် ငြိမ်နေလိုက်ရတော့သည်။ သမီးငယ်၏ငိုသံက ရပ်မသွားခဲ့ဘဲ..၊


"အူဝဲ...အူဝဲ..."


စောစောကဖြူစွတ်နေသည့်အသားအရောင်က ချက်ချင်းရဲတွတ်ကာစူးစူးဝါးဝါးငိုနေတာကို ဥပေက္ခာပြုဖို့ကြိုးစားမရ။ ကလေးကို ငုံ့ကြည့်၍ ဒေါ်မြင့်မိုရ်ခန့် မျက်စိမျက်နှာပျက်နေသည်။


"ကလေးဒီလောက်ငိုနေတာ အထဲကမကြားကြဘူးလား၊ ကလေးအမေရောကလေးအဖေရောဘာတွေလုပ်နေကြသလဲ မသိဘူး၊ ဒီလောက်တောင်..."


အလိုလိုနေရင်း အထဲကနေထွက်မလာကြသည့်သူတွေကို ဒေါသဖြစ်ကာ အသံပြာမတတ်ငိုနေသည့် ကလေးကိုဘဲနောက်ဆုံးကောက်ချီလိုက်ရသည့်အဖြစ်သို့ရောက်လေသည်။


"တွေ့လား ခြိမ့်.."


နားနားကပ်ကာ ရယ်မြူးမြူးလေးပြောတော့ ခြိမ့် သူ့ကိုမျက်စောင်းလှည့်ထိုးမိ၏။


"ခြိမ့် နင့်ယောက္ခမကြီး ခုဘာတတ်နိုင်သေးလဲ.."


ဟန်သာက ဒေါ်မြင့်မိုရ်ခန့်ကို သူမနဲ့ပက်သက်ပြီးအစာမကြေခဲ့သူမို့ အခွင့်အရေးရတော့ အနိုင်ယူပြောလေသည်။


"မြင့်မိုရ် သမီးကိုမတန်မရာတွေပြောဆိုခဲ့တယ်ဆိုတာ သားငယ်ကိုချစ်တဲ့စိတ်ကြောင့်ပါကွယ်၊ သားသမီးကိုချစ်လွန်းအားကြီးတဲ့မိခင်တစ်ယောက်ရဲ့ အတ္တလွန်ခဲ့တဲ့အမှားမျိုးမို့ မိခင်တစ်ယောက်ဖြစ်နေတဲ့သမီးကို ဖေဖေကတော့ ကိုယ်ချင်းစာနားလည်ပေးစေချင်တယ်၊မတည်မြဲတဲ့လောကကြီးထဲမှာ ခဏလာဆုံကြကြုံကြတဲ့အချိန် တစ်ယောက်နဲ့တစ်ယောက်မာန်မာနတွေနဲ့ဘောင်ဘတ်နေကြရင် လူ့ဘဝကြီးက ဘယ်မှာအဓိပ္ပါယ်ရှိတော့မှာလဲ၊ ရခဲလှတဲ့လူ့ဘဝကြီးမှာ မိသားစုတွေပျော်ပျော်ရွှင်ရွှင်နဲ့ဘဲ ဖြတ်သန်းချင်တယ်၊ ခု သမီးအမေကိုဘဲ ကြည့်...သူ့အတ္တမာနတွေက သူ့ကိုပြန်ပြီးဒဏ်ခတ်နေတာ ကိုယ့်သွေးကိုယ့်သားကိုယ့်မြေးရယ်လို့ ရဲရဲမချစ်ရဲတဲ့ဘဝ၊ ဒီအဖြစ်တွေကို မသိချင်ယောင်ဆောင်နေလိုက်ပါ သမီး၊ မေတ္တာနဲ့ထွန်းလင်းတဲ့လောကကြီးက ဘယ်အရာနဲ့မှမတူအောင်လှနေမှာပါ.."


 ဦးပိုင်ဦးက စကားအများကြီးပြောပြီး ဦးဉာဏ်သာတို့စကားပြောနေသည့်အတွင်းဘက်ဧည့်ခန်းကို ပြန်ဝင်သွားလေသည်။


"ဘွားတော်တော့ မြေးတွေနဲ့ငြိမ်းချမ်းရေးရသွားပြီ၊ ခြိမ့်...နင်တို့သမီးယောက္ခမငြိမ်းချမ်းရေးယူဖို့ဘဲကျန်တော့တယ်၊ နင်နဲ့သူ ဘယ်သူ အရင်အလံဖြူပြမလဲ"


"ဒီအတွက်တော့ ဘာမှမပူနဲ့ ခြိမ့်၊ သူ့သားနဲ့သူ့မြေးတွေကိုပိုတိုးပြီးချစ်ပြလိုက်.. အလံဖြူတင်မကဘူး အချစ်ဆုံးသမီးဘွဲ့နဲ့ မျက်စိအောက်ကအပျောက်မခံတမ်းချစ်ပြလိမ့်မယ်"


"ဟွန်း!...သူတော်တော်အပြောကောင်း.."


ကလေးပွေ့ထားရင်း ခြိမ့် သူ့ဗိုက်ကို အဲဒီဘက်ကတံတောင်းနှင့်တွက်လိုက်သည်။သိမ်းပိုက်က မရှောင်ဘဲပြုံးရုံပြုံးနေလျှင် ဟန်သာက သူမတို့နှစ်ယောက်ကိုကြည့်၍..၊


"ခုကျတော့ကဲနေသဲနေလိုက်တာ မိခြိမ့်တို့များ တမောင်မောင်နဲ့အချဥ်ပေါင်းရောင်းနေသလားမှတ်ရတယ်၊ခုတော့လည်း ကျုပ်အာပေါက်မတတ်ရှင်းမပြခဲ့ရတဲ့အတိုင်းဘဲနော်၊ ဟင်း...မိခြိမ့် ညည်းတော်တော်အပြောင်းအလဲမြန်တယ်နော်.."


 ဟိုးတုန်းက ခြိမ့် ခါးခါးသီးသီးဖြစ်ခဲ့တာတွေကို ရည်ရွယ်ပြီးအကွက်ရတုန်းတွယ်နေ၏။မနာလိုခြင်း၊ဖိနှိပ်ခြင်းအလျင်းမရှိဘဲ သူငယ်ချင်းမလေးကို သဘောရိုးနှင့်စနောက်နေခြင်းမျိုးသာ။


"တော်တော်အာတွေ့နေတယ်ပေါ့လေ ဟုတ်လားဟန်သာ"


ခြိမ့် အမျက်မပါသော မျက်စောင်းနှင့်တုံ့ပြန်လိုက်သည်။ သိမ်းပိုက်က ကလေးပွေ့ထားသည့် ခြိမ့်ပခုံးတစ်ဖက်ကနေ သိုင်းဖက်လိုက်ပြီး..၊


"အချစ်မှာ အချိန်ကာလတွေနေရာဒေသတွေမရှိဘူး မဟန်သာရဲ့၊ တကယ်ချစ်လာရင် မျက်စိတစ်မှိတ်လျှပ်တပြက်အတွင်းမှာ ဖြစ်သွားတတ်တာဘဲ၊ ဟုတ်တယ်နော် ခြိမ့် မောင့်ကိုချစ်တယ်နော်"


"မချစ်ပါဘူး.."


ခြိမ့် တမင်ပြောပစ်လိုက်သည်။ သူက အရယ်မပျက်ဘဲ ပခုံးချင်းတိုက်ပစ်လျှင် ခြိမ့်ကိုယ်လေးတစ်ဖက်ကိုယိုင်ထွက်သွား၏။


"မောင်!.."


ခြိမ့် အလန့်တကြားနှင့်မျက်လုံးလေးဝိုင်းသွားလျှင် သိမ်းပိုက်က ပြန်ဆွဲဖက်ထားလိုက်ကာ..၊


"ချစ်တာ ရှက်စရာမဟုတ်ဘူး မိန်းမရဲ့"


ပခုံးကိုဖက်ထားပြီး သူက ခြိမ့်နဲ့  မျက်နှာချင်းထိလုမတတ်ငုံ့ကြည့်ပြီးပြောတော့ ဟန်သာ့ရှေ့မှာ သူမ မျက်နှာလေးရဲခနဲဖြစ်သွားသည်။ အကဲပါလွန်းသည့် သူတို့နှစ်ယောက်ကို ဟန်သာပြုံးစိစိနှင့်ကြည့်ကာ..၊


"ခုမှတော့ ရှက်မနေနဲ့ ခြိမ့်၊ ချစ်ချင်လို့ချစ်တဲ့လောကကြီးမှာ နင်တို့ကိုဘယ်သူ့မှတရားမစွဲဘူး၊ ချစ်သာချစ်.."


ဟန်သာ့ စကားကြောင့် သူ ရယ်မိပြန်ကာ သားနှင့်မလွတ်မလပ်ဖြစ်နေသည့် ခြိမ့်ကို လှမ်းဖက်ပစ်လိုက်ပြီး...၊


"ကဲ ခြိမ့်...ချစ်လိုက်ကြစို့.."


"ဘာလဲ...မောင်နော်.."


ခြိမ့်မျက်နှာလေးဘယ်နားထားရမှန်းမသိတော့။ ရှက်ရှက်နှင့် ကလေးချီကာသူတို့နားကနေ ထွက်ပြေးလျှင် ရယ်သံတွေဆူညံသွား၏။ဟန်သာက ရယ်မြူးလက်စနှင့်..၊


"ဟော!...မိခြိမ့်တော့ရှက်သွားပြီ၊ သွား...သွား သိမ်းပိုက်၊အမြန်လိုက်ချော့"


"အလိုက်သိတတ်တဲ့ မဟန်သာဘဲဗျို့၊ အဟဲ...သွားပြီ၊ ဧည့်သည်တွေကို ကြည့်ကျက်ဧည့်ခံထားပေးပါဦး"


သိမ်းပိုက် ခြိမ့်နောက်ကိုပြေးလိုက်သွားတာကိုကြည့်ပြီး ဟန်သာရယ်မောကျန်ခဲ့၏။


................................................................


"နောက်ကားတွေကျော်တက်ကုန်ပြီနော် ဒေါက်တာကြီး ဘယ်လိုလဲဗျ၊ ဘယ်တော့ ဒီလိုမဂ်လာအခမ်းအနားမျိုး ကျင်းပမလဲ တည်ကြည်၊ ဒီလိုနေရာမှာ သိမ်းပိုက်ကို မင်းဆရာတင်လိုက်တော့ ငါ့ကောင်ရ"


"ဖြည်းဖြည်းပေါ့ကွာ၊ ဒီလိုကိစ္စမျိုးဆိုတာ မြန်တိုင်းကောင်းတာမှ မဟုတ်တာ"


"ဟ...မင်းနောက်ကောက်ကျနေတာတောင် လက်နှေးနေသေးတယ်နော်၊ သိမ်းပိုက်ကိုကြည့် တစ်ခါတည်းနှစ်ယောက်၊ အမွှာလေးတွေ ဘယ်လောက်ခြေသွက်လက်သွက်ရှိလိုက်သလဲ"


လူငယ်တွေပီပီတစ်ယောက်တစ်ပေါက် ဝိုင်းနောက်နေကြသည့်ကြားထဲ တည်ကြည်မျက်နှာမပျက်အောင် မနည်းထိန်းနေရသည်။အနားမှာ သျှင်ယွန်းရှိမနေတာဘဲ ခပ်ကောင်းကောင်းဟုတွေးလိုက်မိ၏။ခြံထဲက စားပွဲဝိုင်းတွေအပြည့်ဧည့်သည်တွေနှင့်စည်ကားနေသည်။ 


လူကြီးတွေဝိုင်းသပ်သပ်လူငယ်တွေဝိုင်းသပ်သပ်မှာ ခြိမ့်ကမ္ဘာသွေးနှင့်ခြိမ့်ကမ္ဘာမွှေးတို့သည် လူကြီးဝိုင်းတွေဆီရောက်သွားလိုက် လူငယ်ဝိုင်းတွေဆီက ခေါ်လိုက်နှင့် သိမ်းပိုက်နှင့်ခြိမ့်အပြင် ဟန်သာပါ အငြိမ်မနေရ။ 


လူကြီးဝိုင်းတွေဆီလှမ်းကြည့်တော့ မေမေနဲ့သျှင်ယွန်းက ဖေဖေတို့ဝိုင်းမှာထိုင်ကာ မျက်နှာချင်းဆိုင်ထိုင်နေသည့်ဧည့်သည်တွေကို ဟန်မပျက်စကားပြောနေသည်။


"လာပါပြီ...ကလေးတို့အဖေကြီး"


သိမ်းပိုက်က ခြိမ့်ကမ္ဘာမွှေးကိုချီပြီး သူတို့ဝိုင်းဆီလျှောက်လာနေ၏။အနားရောက်လာတော့..၊


"ကွန်ကရက်ကျူးလေးရှင်း သိမ်းပိုက်..."


"သိမ်းပိုက်...မင်းမဟေသီလောင်းလျာကိုခေါ်လေကွာ၊ ငါတို့နဲ့မိတ်ဆက်ပေးဦးမှပေါ့.."


"ဟုတ်တယ် သိမ်းပိုက်၊ဆိုင်းမဆင့်ဗုံမဆင့်နဲ့ကလေးကင်ပွန်းတပ်လုပ်တော့ တို့မျက်စိလည်နေတာ၊ မင်းဇနီးနဲ့ တို့ကိုမိတ်ဆက်ပေးဦးမှပေါ့ကွ"


တစ်ယောက်တစ်ပေါက်ဝိုင်းပြောနေကြတော့ သူ မနေသာတော့။ နှစ်ဝိုင်းကျော်မှာ သားကြီးကိုချီ၍ ဧည့်ခံနေသည့် ခြိမ့်ကို သွားခေါ်ရတော့သည်။


"ခြိမ့်  ဒီမှာ မောင့်မိတ်ဆွေတွေက ခြိမ့်ကို တွေ့ချင်လို့တဲ့၊ ခဏလိုက်ခဲ့ပါဦး..."


"ဘယ်သူတွေလဲ မောင်"


"လူကြီးလူကောင်းတွေပါ ခြိမ့်ရဲ့၊ ကိုကိုလည်းရှိတယ်...ဟိုမှာ"


သူ ပြောသည့်ဝိုင်းမှာ တည်ကြည်အပါအဝင်ယောကျ်ားလေးငါးယောက်၏မျက်လုံးတွေက ခြိမ့်တို့ဘက်ကိုလှမ်းကြည့်နေကြသည်။ 


"လာပါကွာ မောင်တစ်ယောက်လုံးပါနေတာဘဲ၊ သူတို့ကမသကာစရုံပေါ့၊ မောင်တို့မဂ်လာဆောင်တာ မသိလိုက်လို့တဲ့ ပြဿနာရှာနေတာ၊ အဟင်း...သူတို့က အဲဒီလိုဘဲ"


သိမ်းပိုက်က ပေါ့ပေါ့ပါးပါးပြောပြီး သမီးငယ်ကိုချီထားလျက်ကနေ ခြိမ့်ပခုံးကိုဖက်ခေါ်လာ၏။ခြိမ့် စိတ်ထဲစနိုးစနောက်နှင့်ပင် သူ့နောက်ကနေလိုက်ခဲ့ရသည်။


"ကဲ...ဒါ ကျွန်တော့်ဇနီး နှိုင်းခြိမ့်ခြိမ့်သာ၊ ခြိမ့်..အားလုံးမောင့်မိတ်ဆွေတွေချည်းဘဲ၊ သူက ကိုကိုနဲ့တစ်နှစ်တည်းတက်ခဲ့တဲ့ ဒေါက်တာထွန်းနောင်၊ သူက ဒေါက်တာထည်ဝါ၊ ဟောဒါက သစ်လွင်ကုမ္ပဏီပိုင်ရှင် ဦးသစ်လွင်ထူး၊ သူက DTTဂရုက ဦးသက်ပိုင်ရဲ၊ဟောဟိုက ဦးဝဏ္ဏညီစိုးကတော့ လက်ရှိအောင်မြင်နေတဲ့ ရတနာနန်းတော်စိန်တိုက်ပိုင်ရှင်.."


"ဟုတ်ကဲ့...ခုလိုလာရောက်ချီးမြှင့်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"


"နှိုင်းခြိမ့်ခြိမ့်သာက တကယ်ပါဖက်ဖြစ်တာဘဲဗျ၊ သိမ်းပိုက် မင်းတကယ်အရွေးတော်တယ်ကွာ၊ မင်းဇနီးက အပြစ်ဆိုစရာမရှိတဲ့အလှပိုင်ရှင်ဘဲ"


 အားလုံးဝိုင်းချီးကျူးတာကို ခြိမ့် ပြုံးပြုံးလေးနှင့်အလိုက်တသင့်တုံ့ပြန်လိုက်သည်။


"နှိုင်းခြိမ့်ခြိမ့်သာက တကယ့်နာမည်ကြီးဘဲ၊ အသည်းစားလေဒီကို ခုလိုမြင်ရတာ ကိုယ်တကယ်အံ့သြသွားတယ် သိလား၊ တကယ်ကွာ သိမ်းပိုက်ဇနီးဆိုလို့ဘယ်သူများလဲလို့၊ မင်းဖြစ်နေတာကိုး.."


 တည်ကြည့်ဘေးမှာထိုင်နေသည့် သက်ပိုင်ရဲစကားကြောင့် သိမ်းပိုက့်မျက်နှာတည်သွား၏။ အားလုံးအံ့သြကာ ငြိမ်သက်သွားပေမယ့် ခြိမ့်က ခပ်ပြုံးပြုံးပင်...၊


"ဘာဖြစ်လို့လဲ ဦးသက်ပိုင်ရဲ၊ မောင့်ဇနီးဖြစ်နေတာ အဲလောက်အံ့သြစရာရှိသလား"


"အဲဒီလိုနာမည်ကြီးမလေးကို ကျွန်တော် အသဲအသန်လိုက်ယူထားရတာ ဦးသက်ပိုင်ရဲရ၊အဟင်း သူကကျွန်တော့်ဘဝအတွက်မရှိမဖြစ်လိုအပ်ချက်လေးပေါ့"


သိမ်းပိုက်က လူလည်ပီပီဟန်မပျက်ပြော၏။တည်ကြည်ကတော့ မျက်နှာမပျက်အောင်ထိန်းရင်း  မျက်နှာခပ်လွှဲလွှဲလုပ်နေသည်။


"အဲဒါကြောင့်ပိုအံ့သြတာ သိမ်းပိုက်ရ၊အသည်းစားလေဒီနဲ့ မင်းလိုဝါတော်ရပုဂ္ဂိုလ်တို့ ခုလိုဖြစ်မယ်လို့ ဘယ်သူထင်မှာလဲ"


"အချစ်...အဲဒါအချစ်လေဗျာ"


"ဟုတ်လား နှိုင်းခြိမ့်ခြိမ့်သာ မင်းရာဇဝင်တကယ်ပျက်သွားပြီပေါ့"


ကိုယ့်ကိုတမင်ရိနေမှန်းသိပေမယ့် ခြိမ့်အပြုံးမပျက်ပါ။ 


"အဲဒါတွေက အချစ်နဲ့မတွေ့ခင်ကပါ ဦးသက်ပိုင်ရဲ၊မောင့်ကိုကျွန်မချစ်မိတဲ့နောက်မှာ အဲဒီအရာတွေက သုံးပြီးသားတစ်သျှူးတစ်ခုလောက်တောင်အရေးမပါတော့ပါဘူး၊အချစ်မှာသာတာတွေနာတာတွေစည်းတွေဘောင်တွေမရှိဘူး၊ ဟိုးတုန်းကရာဇဝင်ကို ဓားမိုးပြီးထိန်းသိမ်းခိုင်းရင်တောင် ကျွန်မ မောင့်ကိုရဲရဲချစ်သွားမှာ"


 ခြိမ့် မရှက်မကြောက်တမ်းပြောလိုက်တော့ သိမ်းပိုက့်မျက်နှာကြီး ပစ်စလက်ခတ်ချိုအီသွားလေသည်။ သက်ပိုင်ရဲမျက်နှာကြီး ညိုမှောင်သွားသလို တည်ကြည်ပါ ကွက်ခနဲမျက်နှာပျက်၏။ 


"သုံးဆောင်ကြပါဦးရှင့်၊ မောင့်မိတ်ဆွေဆိုတော့ကျွန်မမိတ်ဆွေတွေဘဲပေါ့၊ လိုအပ်တာရှိရင်ပြောနော် အားမနာနဲ့၊မောင်ရေ...ခြိမ့် မမသက်တို့ဝိုင်းဘက်သွားလိုက်ဦးမယ်၊ သားကြီးနဲ့သမီးငယ်ကိုကြည့်ချင်လို့ သူတို့ခင်ဗျာ ခေါ်နေတာကြာလှပြီ၊ အားလုံးသုံးဆောင်ကြပါရှင့်.."


 နှုတ်ဆက်ပြီး ခြိမ့် တခြားဝိုင်းတွေဘက်ကူးသွား၏။သူရှိနေတာတောင် အဖြူရောင်လေးနှင့်အလှကြီးလှနေသည့် သူမနောက်ကို ယောကျ်ားအားလုံး၏အကြည့်တွေ အားမနာတမ်းပါသွားသေးသည်။ ဖြစ်နိုင်ရင် အဲဒီမျက်လုံးတွေကို တားဆီးပစ်ချင်၏။ သူ့မှာ ယောကျ်ားတွေရရဲ့​မျက်လုံးပေါင်းများစွာ သူမထံရစ်ဝဲနေတာကို ဒေါသတွေဆူဝေပူလောင်နေလျက်..။


အပိုင်း(၄၀)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: