book

Index 38

အပိုင်း(၃၈)

💘မှတစ်ပါး....အခြားမရှိ💘


"မြင့်မိုရ်ရေ ကိုယ်ဘရိတ်ဖက်မစားတော့ဘူးနော်၊ကိုယ့်အတွက်မပြင်နဲ့တော့"


ဇနီးဖြစ်သူနံနက်စာပြင်နေသည့်နားသို့ ဦးပိုင်ဦးသွားရပ်ပြီး ဟိုဒီငုံ့ကြည့်ကာပြောလိုက်သည်။


"ဟင်!...ဘာဖြစ်လို့လဲ၊ ကုမ္ပဏီသွားတာစားပြီးမှသွားပေါ့"


"ဒီနေ့ကုမ္ပဏီမသွားတော့ဘူး၊ သွားစရာရှိလို့"


ကော်ဖီခရားကိုစားပွဲပေါ်နေရာချနေရင်း ဒေါ်မြင့်မိုရ်ခန့် ခင်ပွန်းသည်ကိုမျက်လွှာပင့်ကြည့်ကာ...၊


"ရှင်ကအလုပ်မသွားဘဲ ဘယ်သွားမှာလဲ"


မေးပြီးမှ  သေချာကြည့်မိ၏။မရမ်းစေ့ရောင်ရှပ်၊ ခရမ်းရောင်ပြောင်လက်နေသည့်ပိုးတွဲပုဆိုးနှင့်တံတောင်တစ်ဖက်ကွေးမှာတိုက်ပုံကိုချိတ်လျက်..။မျက်မှောင်ကျုံ့၍ကြည့်နေရင်း သူမ မသက်ာဖြစ်လာသည်။


"စောစောစီးစီးပြင်ဆင်ပြီး ရှင်ကဘယ်သွားမှာလဲ"


"မွေးနေ့ပွဲပါကွာ၊ ခုနစ်နာရီတောင်ထိုးတော့မယ်...မြင့်မိုရ် ကိုယ်မစားတော့ဘူး"


ဦးပိုင်ဦးက နာရီကြည့်ပြီးကသုတ်ကယက်နှင့် ထမင်းစားခန်းထဲက ပြန်ထွက်ဖို့ခြေလှမ်းပြင်လျှင်..၊


"ဘယ်သူ့မွေးနေ့လဲ၊ ရှင် ကျွန်မကိုဘာလို့မပြောတာလဲ၊ နေဦး ကျွန်မလည်းလိုက်မယ်"


"နောက်ကျနေပြီ၊လိုက်မနေပါနဲ့တော့ကွာ.."


"နေစမ်းပါဦး..ရှင်ဘယ်တုန်းက ကျွန်မကိုမခေါ်ဘဲသွားဖူးလို့လဲ"


"မင်းမလိုက်ချင်လောက်ဘူးထင်လို့ပေါ့ကွာ၊ မင်းကိုပြောနေတာနဲ့နောက်ကျတော့မယ် သွားပြီ"


"ကိုပိုင်ဦး!.."


အသံကလိုတာထက်ပိုကျယ်သွားသည်။ ဦးပိုင်ဦး ခြေလှမ်းတွေရပ်သွားသလို မီးဖိုထဲမှာနံနက်စာပြင်နေသည့်မိသေးပါ ပြူးပြူးပြာပြာဖြစ်သွား၏။ မိသေးမှမဟုတ် သည်အိမ်မှာရှိသမျှအလုပ်သမားတွေအားလုံး ဒေါ်မြင့်မိုရ်ခန့်ကို ကြောက်ရွံ့ရိုသေကြလေသည်။


"နာရီဝက်စောင့်.."


"ဘာလုပ်ဖို့လဲ.."


"ကျွန်မလည်းလိုက်မယ်"


"ဘာလိုက်လုပ်မှာလဲ"


"လိုက်ချင်လို့လိုက်မှာ၊ ရှင်နေဦးနော်"


"ဒီပုံအတိုင်းလား"


အိမ်နေရင်းပုံကိုမေးငေါ့ပြီး ဦးပိုင်ဦးကပြော၏။


"ဟုတ်မလား ...အဝတ်သွားလဲမှာပေါ့"


"နောက်ထပ်တစ်နာရီတောင်ကိုယ်အချိန်မရဘူး၊ လိုက်မနေပါနဲ့ကွာ"


"ရှင်စကားမများပါနဲ့၊အဲဒီလိုပြောမှပိုလိုက်ချင်တာ၊ နာရီဝက်နဲ့အပြီးလဲလာမယ်၊ ရှင် နာရီဝက်ဘဲစောင့်"


"သွားခါနီးလာခါနီးတော့မှ မြင့်မိုရ်တို့ကလုပ်ပြီကွာ.."


ဦးပိုင်ဦးက စိတ်ညစ်ညူးသလိုပြောလျှင် ထမင်းစားခန်းဝရောက်နေသည့် ဒေါ်မြင့်မိုရ်ခန့်ဆီက အသံထွက်လာ၏။


"ဘာဖြစ်လဲ...ရှင့်ကိုစိတ်မချလို့ကိုလိုက်ဦးမှာ၊ကျွန်မကိုမစောင့်ဘဲသွားလို့ကတော့ ကျွန်မအကြောင်းသိမယ်"


"အေးနော်...မင်းဘာမင်းလိုက်ချင်လို့လိုက်တာ ပြီးရင်ငါ့ကိုလာမပြောနဲ့"


"မပြောဘူး မပြောဘူး"


ဒေါ်မြင့်မိုရ်ခန့်က ပါးစပ်ကအော်ပြီး အခန်းဘက်ကိုသုတ်ချေတင်သွား၏။နောက်ကနေ သူမကိုကြည့်ပြီး ခင်ပွန်းဖြစ်သူပြုံးလိုက်တာကို မမြင်လိုက်...၊


................................................................


အိပ်မက်တစ်ခုလားဆိုတော့ မဟုတ်ပါ..။ခြံထဲမှာပြင်ဆင်ခင်းကျင်းထားသည့်ပွဲက သက်သေခံနေသည်။အစိမ်းရောင်မြက်ခင်းပြင်မှာ အဖြူရောင်ပေါ်အနီရောင်ဖဲပြားပုံတွေထုံးဖွဲ့ထားသည့် ခုံများနှင့်၊စားပွဲဝိုင်းကိုအဖြူရောင်ခင်းထားပြီးမှ အနီရောင်ကန့်လန့်ဖြတ်ထပ်အုပ်ကာ စနစ်တကျပြင်ဆင်ထားသည့်စားပွဲဝိုင်းတွေက ခြံတစ်ခြံလုံးအပြည့်...။ 


ပြာလဲ့လဲ့ကြည်လင်နေသည့်ရေကူးကန်နှင့် အရောင်အသွေးစုံပွင့်နေသည့်သစ်ခွစင်တန်းတို့နှစ်ခုကြားတွင် နက်ပြာရောင်အခံပေါ်မှာ မိုးပြာရောင်ကမ္ဘာလုံးက ရွှေရောင်တွေကွက်လျက် "ခြိမ့်ကမ္ဘာသွေး"နှင့် "ခြိမ့်ကမ္ဘာမွှေး"ဟူသော အဖြူရိပ်ပြောင်လေးပေါ်ရွှေမှုန်တွေဖြန့်ကြဲထားသလိုပုံဖော်ထားသည့် နာမည်တွေကထင်းနေ၏။စင်ဝင်ပုံအခုံးလေးပုံဖော်ထားသည့်ပန်းတံခါးပေါက်လေးနှင့် အဖြူရောင်ဖဲကြိုးတွေတိုင်ဖုံးတွေက ပန်းလေးတွေကြားမီးပွင့်လေးတွေပါစင်ထားသဖြင့် ရောင်စုံလင်းလက်လှပနေသည်။


အိမ်ထဲမှာလည်းရင်းနှီးသည့်ဧည့်သည်တွေတစ်ယောက်စနှစ်ယောက်စရောက်နေပြီး ခြံထဲမှာလည်း ဧည့်သည်တွေရောက်စပြုနေပြီ။


"ခြိမ့်ရေ...ခြိမ့်"


"ဝင်လာခဲ့လေ ဟန်သာ"


ခြိမ့်အသံပြုလို့မဆုံးခင် တံခါးကရှပ်ခနဲပွင့်သွားသဖြင့် မော့ကြည့်လိုက်မိသည်။ဟန်သာနှင့်အတူရှင်းမိန့်မိန့်ခန့်ပါ အခန်းထဲဝင်လာကာ...၊


"ကလေးတွေနို့တိုက်နေတာလား"


ဟန်သာက မေးလည်းမေး အနားမှာလာရပ်ပြီးမီးငယ်ကိုငုံ့ကြည့်နေ၏။ရှင်းမိန့်မိန့်ခန့်က ခြိမ့်နားမှာလာထိုင်ပြီး သားကြီးကိုခဏချီထားပေးသည်။


"မီးငယ် ချိုချိုဝပြီနဲ့တူတယ်၊ လာ..လာ တီတီ့ဆီလာ၊ အကျီသစ်သစ်လေးတွေလဲရအောင်"


ဟန်သာက ကလေးကိုလက်ပြောင်းယူပြီး ရှင်းမိန့်မိန့်ခန့်အကူအညီနှင့်အကျီလဲပေးနေကြသည်။ခြိမ့် သားကို နို့တိုက်နေရင်းကလေးနှင့်သူတို့နှစ်ယောက်ကိုကြည့်နေမိ၏။


"ကိုခွန်စေးသာ ရှေ့နေသွားခေါ်နေပြီ ခြိမ့်၊ ပြင်ဆင်ပြီးအဝတ်အစားလဲတော့လေ၊ ရှေ့နေရောက်လာရင်လက်မှတ်တန်းထိုးရအောင်"


 ဟန်သာရောရှင်းမိန့်မိန့်ခန့်ပါ ပြင်ဆင်ပြီးကြပြီ။ ခြိမ့်သာ ကလေးနှစ်ယောက်နှင့်ခုထိ ဘာမှအသင့်မဖြစ်သေး။


"သတို့သမီးက ဘာမှမပြင်မဆင်သေးဘဲ ရှေ့နေရောက်လာရင် ဘယ်လိုလုပ်မလဲ၊ ကလေးတွေ ငါတို့ကိုပေး၊သူတို့ကို ပြင်ဆင်ပေးဖို့က ငါတို့တာဝန်ထားလိုက်၊ အချိန်မရှိတော့ဘူး ခြိမ့် နင်လုပ်တော့.."


"အေးအေး.."


မိုးလင်းလာကတည်းက ပြေးလွှားစီစဥ်ရ၊ကလေးဝေယျာဝစ္စတွေနှင့် ခြိမ့် မအားလပ်နိုင်ပါ။ သိမ်းပိုက်ကတော့ ခြိမ့်မျက်စိနှစ်လုံးပွင့်လာကတည်းက မတွေ့ရ။ မွေးနေ့ကိတ်က သူမှာသလိုမဟုတ်လို့ အချိန်မှီအခါမှီရအောင် စီစဥ်နေတာလို့ ကိုလေးပြောသံကြားသည်။ပြန်ရောက်နေသလား ဘာလားလည်းမသိ..၊ 


"နင်တစ်ယောက်ထဲဖြစ်ရဲ့လား၊ ငါ ကူပေးရဦးမလား ခြိမ့်"


"နေ... ရတယ်၊ သားနဲ့မီးငယ်ကိုဘဲ ခဏကြည့်ထားပေး"


ခြိမ့် ရေချိုးခန်းထဲပြေးဝင်လာ အမြန်ကိုယ်လက်သန့်စင်ရသည်။ရေချိုးခန်းထဲက ပြန်ထွက်လာပြီး မှန်တင်ခုံရှေ့မှာထိုင်လိုက်စဥ် တံခါးခေါက်သံထွက်လာ၏။


"ဘယ်သူလဲ...လာပြီ"


ဟန်သာရော ရှင်းမိန့်မိန့်ခန့်ပါကလေးတစ်ယောက်စီနှင့်မအားလပ်သဖြင့် ခြိမ့်ဘဲတံခါးပြေးဖွင့်ပေးရသည်။


"မြမြဘာလဲ.."


မြမြက အိတ်ကြီးတစ်လုံးကိုဆွဲ၍အခန်းရှေ့မှာရပ်နေပြီး သူမနောက်မှာ နွဲ့နှောင်းနှောင်းဟန်နှင့်အခြောက်တစ်ယောက်။


"ဟို အစ်ကိုလေးလွှတ်လိုက်တာပါ မမ၊ ဒါ မမကိုပြင်ပေးမဲ့မိတ်ကပ်ဆရာမပါ"


ကိုယ့်ကိုပြင်ပေးမဲ့သူဆိုမှ နောက်တစ်ခါထပ်ကြည့်မိသည်။ဂျင်းနှင့် ခါးပေါ်နေသည့်ကိုယ်ကျပ်အကျီလေးကို ဝတ်ထားပေမယ့် မိန်းကလေးတစ်ယောက်လိုသွယ်လျလှပနေသည့် မိတ်ကပ်မာမီ။ 


"သြော်...ဘယ်သူလဲလို့ နိုနိုပါလား"


နာမည်ကြီးတစ်ယောက်ကို ချက်ချင်းခေါ်လာနိုင်သည့် သိမ်းပိုက်ကိုအံ့သြမိ၏။နိုနိုဆိုသည့်နာမည်တစ်လုံးနှင့် ပွဲတွေလက်မလယ်သလို မင်းသမီးများ၏လက်စွဲ မိတ်ကပ်ဖန်တီးရှင်။


"သတို့သမီးမို့လား....ရှင့်မောင်တော်ကမိနစ်နှစ်ဆယ်အတွင်းပြီးအောင် ပြင်ဆင်ပေးရမယ်တဲ့၊လာ..လာ အချိန်မရှိတော့ဘူး"


"မမ...အစ်ကိုလေးက သူပေးလိုက်တဲ့အဝတ်ကို ဝတ်ရမယ်တဲ့၊ ဒီမှာ.."


မြမြကစောစောကတည်းက ကိုင်ထားသည့်အိတ်ကို ခြိမ့်လက်ထဲထည့်ပေးသည်။နိုနိုက ခြိမ့်ကို မှန်တင်ခုံဆီခေါ်လာပြီး မိတ်ကပ်စလူး၏။ ဟန်သာက အခန်းထောင့်ကနေကြည့်နေရင်း ပြုံးစိစိနှင့်ချက်ချင်းအနားရောက်လာကာ...၊


"ဘယ်လိုလဲ ခြိမ့်၊အားလုံးမောင့်သဘောချည်းပါလား..."


"ဟန်သာနော် သိရဲ့သားနဲ့"


မိတ်ကပ်လူးခံနေသည့်ကြားက ခြိမ့် မှန်ထဲကနေ ဟန်သာ့ကိုမျက်စောင်းဖွဖွထိုးမိ၏။


"သိမ်းပိုက်ကို အဲဒီလောက်ချစ်တတ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ၊ ခုလိုဆိုတော့ မမတကယ်စိတ်ချမ်းသာတယ်သိလား၊ ကိုကြီးလည်း အရမ်းကျေနပ်နေတာ သိမ်းပိုက်ကအစစအရာရာသိတတ်တဲ့သမက်လိမ္မာဖြစ်နေတာကိုး"


ကလေးတစ်ယောက်စီချီပြီး ခြိမ့်နားမှာ အားလုံးဝိုင်းလာ၏။ရှင်းမိန့်မိန့်ခန့်က ခြိမ့်အတွက်ဝမ်းသာကျေနပ်နေသလို..ဟန်သာသည်လည်းသူငယ်ချင်းမလေးအတွက် ဝမ်းသာမဆုံးနိုင်ပါ။ခြိမ့်ကို ခုလိုမြင်နေရတော့ သူတို့တွေပါ ပျော်ရွှင်ရလေသည်။ မိတ်ကပ်ပြင်နေသည့် ခြိမ့်ကိုငေးကြည့်နေရင်းမှ ဟန်သာကအမူများနေသည့်ခြိမ့်ကို စချင်လာကာ..၊


"သူများတွေများယောကျ်ားရကံကောင်းလိုက်တာနော်၊ မနာလိုချင်စရာ.."


"မဟန်သာလည်းကံကောင်းပါတယ်ဗျာ၊ ဟုတ်တယ်ဟုတ် ကိုနေသစ်.."


"သိမ်းပိုက်..."


ရယ်သံလွင်လွင်နှင့်သိမ်းပိုက်က အခန်းဝရောက်လာပြီး အတူတူပါလာသည့်နေသစ်ကိုလည်း ရှေ့နေငှားလိုက်သေးသည်။နေသစ်က လူအေး...ဘာမှမ​ပြောဘဲ သွားတန်းတွေပေါ်အောင်ရယ်နေလျှင်..၊


"မနေ့ကမှလက်ထပ်ဖို့စီစဥ်လို့ဘဲနော်၊ အားလုံးထောင့်ကိုစေ့နေတာဘဲ၊ အခမ်းအနားအပြင်အဆင်ကအစ သတို့သမီးအတွက်အဆုံး အချိန်တိုအတွင်းမှာထောင့်စေ့အောင်လုပ်နေတာ ငါဖြင့်အံ့ရော"


သိမ်းပိုက်က ဟန်သာစကားနာထိုးနေတာကို အပြုံးနှင့်တုံ့ပြန်ကာ မိတ်ကပ်လူးနေသည့် ခြိမ့်တို့ဘက်သို့လျှောက်လာ၏။သူလည်း ဘာမှမပြင်မဆင်ရသေးသော အိမ်နေရင်းပုံစံနှင့်။ ဘောင်းဘီအနက်နို့စိမ်းရောင်ရှပ်နှင့် ဖြူသောအသားအရေက ပိုထင်းနေသည်။ အပြာရောင်ဗူးတစ်ခုကိုကိုင်၍ ခပ်မတ်မတ်လျှောက်လာသည့် သူ့ကို မှန်ထဲကနေ ခြိမ့် မမှိတ်မသုန်ငေးနေမိ၏။


"မျက်ခွံနဲ့ပါးကို ကာလာနည်းနည်းထပ်မှိန်ပေးပါလား၊ အရမ်းကြီးတောက်နေမှာစိုးလို့.."


သေချာလာငုံ့ကြည့်ပြီး ပြောတော့ ခြိမ့်မျက်လွှာလေးလှန်ကြည့်မိ၏။


"ရပါတယ် ကိစ္စမရှိပါဘူး၊ရှင်ပြောတဲ့အတိုင်းပြင်ထားတာ၊ဒါပေမယ့် သူ့မျက်နှာလေးက ကြွေရုပ်လေးလိုမှုန်ညက်နေတော့ ဒီအတိုင်းလေးက ပိုလှပိုကြွနေလို့ပါ သတို့သားရဲ့"


နိုနိုပြောသလို တကယ်လည်းနုညက်နေအောင်လှပါ၏။သို့သော်..၊


"အရမ်းကြီးထင်နေတာကို သဘောမကျလို့ပါဗျာ၊ နှုတ်ခမ်းနီကိုလည်းဖျော့ဖျော့လေးဘဲ သုံးပေးနော်၊ ဆံပင်မှာလည်းကျွန်တော်ပြောသလိုလေးဘဲလုပ်ပေး၊ ဒီမှာကျွန်တော်ဗူးထားခဲ့ပြီ"


မှန်တင်ခုံပေါ်ကိုင်လာသည့် ဗူးရှည်ရှည်လေးတင်ထားခဲ့ပြီး ခြေလှမ်းကျဲများနှင့်ပြန်ထွက်သွား၏။နေသစ်ပါ သူ့နောက်ကနေပါသွားတော့ အခန်းထဲမှာမိန်းကလေးတွေချည်းကျန်ခဲ့၏။ ကိုယ့်ကိုဘာတစ်ခွန်းမှပြောမသွားပေမယ့် မျက်ဝန်းထဲကလေးနက်ခြင်းတွေနှင့် သူ့လုပ်ရပ်တွေက ကြည်နူးကျေနပ်စရာ မဟုတ်လား။


"အမလေး... ကြာရင်ငါတို့ပါအချစ်ပင်လယ်ထဲမျောတော့မယ်"


ဟန်သာ့စကားကြောင့် အားလုံးပြုံးစိစိဖြစ်ကုန်သည်။


"ချစ်တာကိုး..ချစ်တာကိုး.."


နိုနိုကပါ သီချင်းလုပ်ဆိုတော့အခန်းထဲမှာပိုမြိုင်သွားတော့၏။


"လှလိုက်တာခြိမ့်ရယ်"


ဟန်သာကမိတ်ကပ်ပြင်ပြီးသွားသည့်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ဟန်မဆောင်နိုင်စွာတဖွဖွပြောလေသည်။


"သတို့သမီး မင်းသမီးလုပ်ပါလား၊ ယူ့မျက်နှာလေးက လုံးဝပါဖက်ဖြစ်တယ်၊ မင်းသမီးလုပ်ရင်အောင်မြင်မှာ"


ခြိမ့်ကပြုံးရုံပြုံးနေလိုက်သည်။ 


"အဲဒါဆိုရင်တော့ သတို့သားနဲ့သတ်ပွဲဘဲ နိုရေ၊ မင်းသမီးလုပ်ဖို့ပြောတဲ့သူတွေပါ ပြေးပေါက်မှားနေမယ်"


"တော်ကြာ နိုပါပြေးနေရမှ ခက်မယ်၊ သတို့သားရုပ်က တကယ်လုပ်မဲ့ရုပ်တည်ကြီးနဲ့ အသည်းယားစရာကြီး"


နိုနိုက ပခုံးတွန့်လျက်အသည်းယားသလိုလုပ်ပြကာ သိမ်းပိုက်ထားခဲ့တဲ့ဗူးရှည်လေးကို တစ်ဆက်တည်းဖွင့်လိုက်လျှင်...၊


"ဟယ်!...လှလိုက်တာ၊ ဒီလောက်အရည်အသွေးကောင်းတဲ့စိန်တွေ ဒီတစ်ခါဘဲတွေ့ဖူးတယ်"


မိဘတွေကရတနာကုန်သည်တွေမို့ နိုနိုလည်းကျောက်အကြောင်းတော်တော်များများသိနေသည်။ထို့ကြောင့် တဖျတ်ဖျတ်လက်နေသည့်စိန်တွေကိုကြည့်ကာ ပြောခြင်းဖြစ်၏။


လေးထောင့်ဗူးထဲမှာ နားကပ်တစ်ရံ၊နားဆွဲတစ်ရံ၊ လည်ဆွဲနှစ်ကုံး၊ စိန်သုံးလုံးတန်းပါသည့်ဘတ်ကြိုးတစ်ကုံး၊ ပုံစံတူလက်ကောက်ချည်းငါးကွင်း၊ခေါင်းမှာစိုက်သည့်ဘီးပုံလေးတွေ၊ဆံထိုးလေးနှင့် လက်ပတ်နှစ်ခုအပြင် ဟမ်းချိန်းလေးတွေပါသေးသည်။  ရှားပါးပန်းရောင်စိန်ကို အဖြူလေးတွေဝိုင်းရံထားသည့် လက်စွပ်နှင့် အတန်းလိုက်စိန်ကုံးတွေက အားလုံးကိုဆွဲဆောင်နေသည်။ 


"ဆံပင်ပုံစံကို ဒီလိုပုံမျိုးလုပ်ခိုင်းတာကို ခုမှဘဲ သဘောပေါက်တော့တယ်၊ သတို့သားက ဒီလိုလေးလုပ်ခိုင်းပြီး စိန်အစစ်တွေကို ဆံထုံးကနေတွဲချခိုင်းထားတာ၊ သတို့သားက စဥ်းစားတတ်လိုက်တာနော် ကြည့်စမ်း..တကယ်ကို လှတာဘဲ"


ဆံထုံးမှာ ထိုးစိုက်ပြီးမှ စိန်ကုံးတန်းလေးတွေကို ရှေ့ချထားသည့်ဆံပင်ထဲမှာ အမြောင်းလိုက်လေးတွေစီချလိုက်တော့ တလက်လက်နှင့်ဆံပင်လေးတွေတောက်ပလျက်။


"လှလိုက်တာ ခြိမ့်ရယ်၊ သိမ်းပိုက်က တကယ်စိတ်ကူးကောင်းတယ်နော်"


"ဟုတ်ပါ့ အရုပ်ကလေးလိုလှနေတာ၊ကိုယ့်ငါးချဥ်ကိုယ်ချဥ်တယ်ဆိုဆို မမမျက်လုံးထဲမှာ ခြိမ့်က အလှဆုံးသတို့သမီးလေးဘဲ"


"နောက်မှချဥ်ကြ...အချိန်ရှိတုန်းအဝတ်လဲလိုက် သတို့သမီးရေ၊ သတို့သားက နို့ကိုမိနစ်နှစ်ဆယ်နဲ့အပြီးလို့မှာထားတာ၊သွားလဲတော့..သွား၊ပြီးမှလိုတာပြင်ပေးမယ်"


အကျီထည့်ထားသည့်အိတ်ကို နိုနိုက လက်ထဲလာထည့်ပေးသည်နှင့် ခြိမ့် အဝတ်လဲသည့်လိုက်ကာနောက်ဝင်လိုက်သည်။အိတ်ထဲကိုလက်နှိုက်ယူလိုက်တော့ အဖြူရောင်ရွနေသည့်ဝတ်ဆုံလေး လက်ထဲပါလာသည်။ ရင်ခံလေးနှင့်ပုံဆန်းဆန်းလေးချုပ်ထားသည့် အကျီလေးက လက်ရှည်၊ လည်ပင်းနှင့်လည်ဝတွေရင်ဘတ်တွေမှာ လက်လက်တောက်နေသည့် ကျောက်တွေက စိန်ပွင့်အစစ်တွေ။ အဖြူလှိုင်းတွေချိတ်တွေနှင့်ဂျိတ်ထဘီကို အရင်ဝတ်လိုက်သည်။တိုင်းထားသည့်အတိုင်းဂျိတ်ထဘီလေးက ခြိမ့်နှင့်ချပ်ချပ်ကပ်ကပ်လေးဖြစ်နေ၏။အကျီဝတ်ကြည့်ပြန်တော့လည်း ထိုအတိုင်းပင်။ ဝတ်ဆုံလေးက ခြိမ့်ကိုယ်လေးနှင့်ဖစ်ဆိုဒ် အံကိုက်...။


"ကွက်တိဘဲ ကြည့်စမ်း၊ဘယ်အချိန်ကိုယ်တိုင်းသိသွားတာလဲ မသိဘူး"


ကိုယ်နဲ့ချပ်ကပ်နေအောင်ချုပ်လာသည့်ဝတ်ဆုံကိုကြည့်ပြီး ခြိမ့်မှာ အံ့သြရသလို ရင်လည်းခုန်မိသည်။ခြိမ့် လိုက်ကာနောက်ကနေထွက်လိုက်ပြီး ဂျိတ်ထဘီကိုဆွဲဆက်ချရင်း..၊


"အဆင်ပြေရဲ့လား၊ ထဘီဒေါက်တည့်လား ကြည့်ပေးကြပါဦး"


"အဟင်း!...အားလုံးကွက်တိဘဲ..."


"ဟင်!.."


 ဟန်သာတို့ဘက်ဆီ ကိုယ်လုံးလေးကိုလှည့်ပြပြီးမေးလိုက်စဥ် ပြန်ဖြေလိုက်သည့်အသံကြောင့် ခြိမ့် မျက်လုံးလေးဝိုင်းသွားကာ ဖျတ်ခနဲလှည့်လိုက်တော့..၊


"မောင်!.."


ပြုံးစစရုပ်နှင့် သိမ်းပိုက်က သူမနောက်မှာ..၊ကြက်သွေးရောင်ပိုးပုဆိုး၊အဖြူရောင်ရှပ်နှင့်သူက  နုဖတ်ချောမွေ့နေသည်။


"မောင် ဘယ်တုန်းကရောက်နေတာလဲ၊ ဟန်သာတို့ရော.."


"မင်း အဝတ်စလဲနေထဲက.."


"မမတို့ရော...အောက်သွားကျပြီလား"


သိမ်းပိုက်က မဖြေဘဲခြိမ့်တစ်ကိုယ်လုံးကို ရွှန်းရွှန်းစာစာကြည့်ကာ ရှေ့ကိုတိုးလာ၏။


"မင်းအရမ်းလှတာဘဲ ခြိမ့်ရယ်၊ အရုပ်မလေးလိုလှတာ.."


တိုးရှသောသူ့အသံက ခြိမ့်နှလုံးသားကိုပူနွေးလှိုက်ခုန်အောင်ဆွဲကိုင်လှုပ်ရမ်းသွားခဲ့သည်။ 


"အို!...မောင်နော်၊ အကျီတွေကြေကုန်တော့မှာဘဲ"


ခြိမ့်တစ်ကိုယ်လုံးကို ရင်ခွင်ထဲဆွဲသွင်းကာ ကဲဖို့ပြင်တော့ ငုံ့ချလာသည့်မျက်နှာကြီးကို လက်လေးနှင့်တွန်းပစ်လိုက်သည်။ ထို့နောက် နှစ်ယောက်သားရယ်မောလိုက်မိရင်း...၊


"လွှတ်ပါ မောင်ရယ်..အောက်မှာဧည့်သည်တွေရောက်နေကြပြီ"


ခြိမ့်ရုန်းတော့ သူကလွှတ်မပေးဘဲ ပိုတိုးဖက်ကာ...၊


"မလွှတ်ဘူးကွာ၊ ဟောဒီကောင်က ဒီပေါ်မှာနားချင်နေတာ"


"သွား.."


သူ့နှုတ်ခမ်းကိုလက်ညှိုးနှင့်ထိပြီး ခြိမ့်နှုတ်ခမ်းလေးပေါ်လာထိပြတော့ မျက်နှာနီနီလေးနှင့်သူမ တွန်းပစ်လိုက်သည်။ 


"စက္ကန့်နှစ်ဆယ်လောက် အနမ်းလေးနဲ့မှယစ်မူးခွင့်မရရင် ဒီထဲကနေထွက်ရမယ်မထင်နဲ့"


တဇွတ်ထိုးပုံစံနှင့်သူ ညစ်ကျယ်ကျယ်ပြောတော့ ခြိမ့်  မျက်နှာလေးငုံ့၍ပြုံးမိ၏။ 


"ရှေ့နေရောက်နေလောက်ပြီ မောင်ရဲ့"


"စကားမလွှဲနဲ့ကွာ၊ မောင့်ကိုနမ်းမလား...မောင်နမ်းရမလား၊ မင်းကြိုက်ရာရွေး"


"သူ သိပ်နစ်နာနေဦးမယ်"


ခြိမ့် သူ့အကျီရင်ဘတ်စကိုဆွဲမလို့ပြင်ပြီးမှ တွန့်ကြေသွားမှာစိုးသဖြင့် ရင်ဘတ်ပေါ် ဒီအတိုင်းလက်တင်ကာ မျက်နှာချောချောကို မော့ငေးနေမိ၏။သူ ပြုံးလိုက်ရင်း မော့မော့လေးငေးနေသည့်မျက်နှာလေးကို ဖျတ်ခနဲငုံ့နမ်းလိုက်ပြီး...၊


"ဟုတ်တယ် မောင်ကလူလည်ကြီးသားသမီး"


စီးမိုးမြင်နေရသည့် မျက်လုံးလေးတွေက နူးညံ့ခြင်းတို့ဖြန့်ခင်းလျက် ခပ်ဟဟလေးပွင့်နေသည့် နှုတ်ခမ်းလေးဆီအကြည့်ရောက်သွားတော့... ၊


"မကဲနဲ့ကွာ၊ သွားရအောင် လူကြီးတွေစောင့်နေရရင်အားနာစရာ"


သူ့နှုတ်ခမ်းရှေ့မှာလက်လေးနဲ့ကာဆီးပြီး သူမကတားမြစ်၏။ ထိုလက်လေးတွေကိုဖယ်ရှားပစ်ရင်း ...၊


"မင်းနှုတ်ခမ်းလေးပေါ်မှာ စက္ကန့်နှစ်ဆယ်လောက်မှယစ်မူးခွင့်မရရင် ဒီထဲကမထွက်ပါဘူးဆို"


"ဟင်အင်း.."


"အဲဒီလိုရမလား.."


"မောင့်!..."


"ချစ်တယ် ခြိမ့်ရယ်၊ မင်းအပြုံး...မင်းမျက်လုံး..မင်းစကားသံလေးတွေ.. မင်းသဏ္ဍာန်လေးတွေ ပြီးတော့..ဟောဒီနှုတ်ခမ်းလေးတွေ..."


 ခြမ့် မျက်နှာပြင်အနှံ့ဆီ သူ့လက်ချောင်းလေးတွေ ရွရွလေးထိတွေ့လာ၏။ကြည်ရွှန်းသောမျက်လုံးခြင်းအဆုံမှာ ရင်ခုန်သံစဥ်တွေ စီးမျောသွားလျက်...။  


အနမ်းများက ဟိုးတုန်းကအတိုင်းနွေးထွေးကြမ်းရှနေခဲ့၏။ 


..............................................................


ခြံဝင်းတစ်ခုထဲသို့ကား ချိုးကွေ့ဝင်လိုက်သည်နှင့် ခင်းကျင်းပြင်ဆင်ထားသည့် စားပွဲဝိုင်းတွေက စီးကြိုနေသည်။ ကားတစ်စီးစနှစ်စီးစထက်ပိုပြီး မတွေ့သေးသလို ပြင်ဆင်ထားသည့်ဝိုင်းတွေမှာ လူအနည်းငယ်လောက်သာရှိသေးသည်။ ကြည့်ရတာ မွေးနေ့ပွဲက မစသေးဘူးထင်ပါရဲ့။


နှစ်ထပ်တိုက်ကြီးက ခေတ်မှီလှပသလို အပြင်အဆင်ကလည်း ငေးမောချင်စရာပါ။ တိုက်၏ခြေရင်းဘက်ကွက်လပ်နေရာကြီးမှာ ကြိုရပ်ထားသည့်ကားနှစ်စီးနားမှာ သူမတို့ကားရပ်သွားသည်နှင့် ကားပေါ်ကနေ ဆင်းလိုက်သည်။ တစ်ဆက်တည်း ခင်ပွန်းသည်ဘေးရောက်သွားပြီး လက်မောင်းကိုချိတ်လိုက်ကာ...၊


"မွေးနေ့လက်ဆောင်ရောယူပြီးပြီလား"


"အင်း...ပါတယ်"


"ရှင့်မွေးနေ့က စတောင်မစသေးဘူးထင်တယ်၊ဘယ်သူမှတောင်မရောက်သေးဘူး"


ဦးပိုင်ဦးကတိုက်ထဲကို တန်းဝင်သဖြင့် ဒေါ်မြင့်မိုရ်ခန့် ခပ်တည်တည်ပင်လိုက်ဝင်လိုက်သည်။


"ဟာ!...ဖေဖေတို့လာပြီ၊ သား..ဘွားဘွားတို့လာပြီကွ၊လာ..လာ မေမေအထဲဝင်.."


ဟင်!...၊

စကားသံတွေနှင့် လူရိပ်တွေ သူမရှေ့ရောက်လာလျှင် ဒေါ်မြင့်မိုရ်ခန့် မျက်နှာကြီးရဲခနဲဖြစ်သွား၏။


"သြော်..."


ကလေးတစ်ယောက်ဆီချီပြီး ရောက်လာသည့် နှစ်ယောက်မှာ သိမ်းပိုက်ကမသိဟန်ဆောင်ကာခေါ်ပေမယ့် မျက်လုံးလေးဝိုင်းကာ ခြိမ့်က အံ့သြဟန်နှင့်တိုးတိုးလေးရေရွတ်၏။


သူမကိုမြင်တော့ မျက်လုံးလေးတွေဖျတ်ခနဲ အရောင်​ပြောင်းကာ  နှုတ်ဆက်သံတစ်ဝက်နှင့်"သြော်"ဟုရေရွတ်လိုက်တာကို ကြားသည်။ ဒီမျက်နှာတွေကိုမြင်မှ သဘောပေါက်ကာ ဒီအထိလိုက်လာမိသည့်ကိုယ့်ကိုယ်ကိုလည်း ဒေါသထွက်၏။ ခင်ပွန်းကိုဖျတ်ခနဲမော့ကြည့်တော့ ဦးပိုင်ဦးကဒီဘက်ကိုမကြည့်ဘဲ..၊


"မြေးကြီး...ဘိုးဘိုးဆီလာပါဦးကွ"


ချွေးမဖြစ်သူလက်ထဲက မြေးကြီးခြိမ့်ကမ္ဘာသွေးကို လှမ်းချီလိုက်ကာ...၊


"ဘိုးမြေးလေးတွေက တယ်လှနေပါလားဟေ့၊ မင်းတို့အတွက် မွေးနေ့လက်ဆောင်ကို ဘိုး အထူးစပယ်ရှယ်စီစဥ်ထားတယ်ကွ"


"ဖေဖေ အထဲမှာရှေ့နေရောက်နေပြီ၊ အားလုံးအဆင်သင့်ဖြစ်နေပြီ..ဖေဖေတို့မလာသေးလို့ စောင့်နေတာ"


"ဟေ...ဟုတ်လား၊ ဒါဆိုသွားရအောင်.."


ဦးပိုင်ဦးက မြေးကိုချီပြီးအရှေ့ကနေအရင်ထွက်သွား၏။ ထိုကျောပြင်ကြီးကိုကြည့်ပြီး ဒေါ်မြင့်မိုရ်ခန့်တစ်ယောက် ဒေါသတွေအလိပ်လိုက်ထွက်နေစဥ်..၊


"မေမေ လာ၊အထဲသွားရအောင်"


သားငယ်က သူမနားရောက်လာပြီး ခေါ်သည်။


"ကြည့်ပါဦး...မေမေ့မြေးငယ်လေးကို၊ ဘယ်လိုလဲ သားနဲ့တူတယ်မို့လား"


သိမ်းပိုက် တောင့်တောင့်ကြီးရပ်နေသည့်မိခင်နား ကပ်ကာ သမီးကိုထိုးပြလိုက်၏။ သို့သော် ဒေါ်မြင့်မိုရ်ခန့် မကြားဟန်ပြုကာ တမင်မကြည့်ဘဲနေလိုက်သည်။


"သားငယ်ရေ လာတော့လေ.."


အထဲကနေ ဦးပိုင်ဦးအသံထွက်လာလျှင်...၊


"ဗျာ!..လာပြီဖေဖေရေ၊ မေမေ...မေမေ့မြေးကိုခဏခေါ်ပါဦး၊ ဖေဖေခေါ်နေလို့ ကျွန်တော်တို့သွားဦးမယ်"


ဒေါ်မြင့်မိုရ်ခန့် ငြင်းဆန်ချိန်မရလိုက်။ သိမ်းပိုက်က သူမလက်ထဲကို ကလေးထိုးပေးပြီး မိန်းမဖြစ်သူလက်ကိုဆွဲကာ အထဲဝင်သွားသည်။


"ဟင်!...ကြည့်စမ်း..ကြည့်စမ်း၊ဒါဘာလုပ်တာလဲ၊ သိမ်းပိုက်...သိမ်းပိုက်ကမ္ဘာ"


သူမတစ်ယောက်တည်း ဆွေ့ဆွေ့ခုန်ကျန်ခဲ့ရင်း နွေးထွေးအိစက်သည့်အထိအတွေ့လေးကို ပထမဆုံးသတိထားမိလိုက်သည်။ထိုအခါ သွေးလည်ပတ်မှုတွေ ဖျင်းခနဲဖြစ်သွား၏။ 


အပိုင်း(၃၉)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: