💘မှတစ်ပါး.....အခြားမရှိ💘
"ကလေးကင်ပွန်းတပ်နဲ့မဂ်လာပွဲ ...အဟင်း..ဟင်း မဆိုးဘူး ခြိမ့်၊ ထူးခြားဆန်းပြားကြည်နူးစရာဘဲဟ"
"တော်စမ်းပါ၊ ဒီမှာစိတ်ညစ်ရတဲ့အထဲ နင်ကတစ်မျိုး.."
ကလေးပွေ့ထားရင်း လက်တစ်ဖက်နဲ့ ဟန်သာ့ပေါင်ကို ဖျတ်ခနဲရိုက်ပစ်လိုက်သည်။ မျက်စောင်းပါ ဒိုင်းခနဲရောက်သွားတာတောင် ဟန်သာက ပြုံးစိစိရုပ်နှင့်...၊
"ဘာစိတ်ညစ်စရာရှိသလဲ၊ ဒီထက်ပျော်စရာကောင်းတာတောင် ဒီလောက်ပျော်စရာကောင်းမှာမဟုတ်ဘူး၊ သိမ်းပိုက်ကမ္ဘာက အဘက်ဘက်ကပြည့်စုံတဲ့ယောကျ်ားတစ်ယောက်...၊ နင့်အတွက် ခင်ပွန်းကောင်းတစ်ယောက်တင်မကဘူး နင့်ကလေးတွေအတွက်ပါ ဖခင်ကောင်းတစ်ယောက်ဆိုတာကို သံသယမရှိလက်ခံလိုက်ခြိမ့်.."
"အံမယ်.."
ဟန်သာပြောပုံက ဆရာကြီးလေသံနှင့်မို့ ခြိမ့် မဲ့လိုက်မိသည်။
"မအံမယ်နဲ့၊ ကလေးတစ်ယောက်အဖေဆိုတဲ့ပြစ်ချက်ကြီးကို နင်ကကြည့်နေတာကိုး၊ သူ့လိုထူးချွန်ထက်မြက်တဲ့ လုပ်ငန်းရှင် သူဌေးတစ်ယောက်ကို ကလေးအဖေမှန်းသိသိရက်နဲ့တောင် လက်ကမ်းကြိုဆိုနေတဲ့သမီးရှင်တွေ အများကြီးဘဲ ခြိမ့်၊အမူလွန်နေရင် နင်ကျန်ရစ်ဖြစ်သွားမယ်နော်.."
ခြိမ့် ပြုံးရုံပြုံးလိုက်၏။"အဲဒီတော့လည်း ကျွန်မသာမယားကြီးဖြစ်ကြောင်း သက်သေနဲ့တကွကြော်ငြာလိုက်ရုံပေါ့၊ သားနဲ့သမီးက အကောင်းဆုံးသက်သေဘဲပေါ့ ဟန်သာရယ်"ဟု စိတ်ထဲကနေ ကြိတ်ပြောမိသည်။
မနက်ဖြန်ကျင်းပမည့်ပွဲအတွက် ခြံထဲမှာအလုပ်သမားတွေနှင့်စည်ကားနေသည်။ ကလေးကင်ပွန်းတပ်ပွဲအတွက် သူဘဲလုပ်ချင်တယ်ပြောပြီး ပြေးလွှားစီစဥ်နေတာလည်း သူကိုယ်တိုင်။ပန်းအိုးတွေနေရာရွှေ့တဲ့သူရွှေ့၊ မြက်ရှင်းတဲ့သူရှင်းနှင့်။ ခြိမ့်တို့က အပေါ်ထပ်ဝရန်တာမှာထိုင်ပြီး စကားပြောနေတာမို့ တစ်ခြံလုံးလှုပ်ရှားသမျှကို စီးမိုးမြင်နေရသည်။
ထိုစဥ်ခြံထဲသို့ ပစ္စည်းတင်သည့်ကားဝင်လာ၏။အလုပ်သမားနှစ်ယောက်ပြေးလွှားရောက်သွားသလို အိမ်ထဲကနေထွက်လာကာထိုဆီလျှောက်သွားနေသည့် သိမ်းပိုက်ကို အမှတ်တမဲ့လိုက်ကြည့်နေမိသည်။ကြည့်နေရင်း ခြိမ့်မျက်မှောင်ကုတ်မိ၏။
"ကြည့်စမ်း...ကလေးကိုအိမ်ထဲမှာထားခဲ့တာမဟုတ်ဘူး"
မီးငယ်ကိုရင်ခွင်မှာပိုက်လျက် ကားရပ်ထားတဲ့ဆီလျှောက်သွားနေသည့်သိမ်းပိုက်ကိုမြင်တော့ ခြိမ့်စိတ်တိုသွားရသည်။
"ရှင့်သမီးက ထားခဲ့လို့မရလို့နေမှာပေါ့၊ ငါ လာတုန်းကခေါ်တာ မရဘူး ငိုလိုက်တာ ဆွဲဆိတ်သလားမှတ်ရတယ်၊ အဖေလုပ်သူလက်ထဲရောက်မှတိတ်သွားတာ၊ ဖအေသည်းသည်းလှုပ်လည်းလှုပ်ချင်စရာကိုး"
ဟန်သာပြောတာ ဟုတ်သည်။ သမီးရောသားပါ သူ့အသံကြားတာနဲ့မျက်လုံးလေးတွေက လိုက်ရှာနေတတ်သလို သူ့လက်ပေါ်မှာဆို ငြိမ်သက်နေတတ်လေသည်။
မြင်နေကြအတိုင်း သိမ်းပိုက်က ကွက်စိပ်ပုဆိုးနှင့် နို့စိမ်းရောင်ရှပ်အကျီကို တံတောင်ဆစ်အထိခေါက်တင်၍ မြင့်မားကျစ်လျစ်သည့်အရပ်အမောင်းနှင့် ကိုယ်နေဟန်မတ်မတ်လျှောက်သွားပုံက မင်းသားတစ်ယောက်လိုကြည့်ကောင်းနေသည်။ ကားနားရောက်သွားတော့ အလုပ်သမားတွေကို စကားလှမ်းပြောနေပုံက တစ်စုံတစ်ခုကို စီစဥ်ညွှန်ကြားနေဟန်တူသည်။ထိုစဥ်ကားခေါင်းခန်းဘက်က တစ်ယောက်ထွက်လာပြီး သူ့ပခုံးကိုပုတ်လိုက်တာ စကားသံတွေမကြားရပေမယ့် ပါးစပ်တွေလှုပ်နေတာတွေကိုကြည့်၍ စကားပြောရင်းရယ်မောနေတာတွေကို မြင်နေရ၏။
အပြာရောင်စပို့ရှပ်၊စတိုင်ပင်န့်နှင့် အရပ်က သူ့လောက်နီးပါးရှည်သောတစ်ယောက်က သူ့ရင်ခွင်ထဲက ကလေးကိုငုံ့ကြည့်ပြီး ဘာတွေပြောနေမှန်းမသိဘဲ တဟားဟားရယ်သံတွေ တစ်ချက်တစ်ချက်လွင့်လာသည်။ထိုတစ်ယောက်က ကားဟိုဘက်ခြမ်းကနေ ဒီဘက်ကိုပတ်လာတာမို့ စောစောကမမြင်ဘဲ တီရှပ်အနီနှင့်တစ်ယောက်ကိုသာ အရင်တွေ့ခဲ့ခြင်းဖြစ်သည်။အကျီအနီနဲ့တစ်ယောက်ကိုတော့ ခြိမ့် သိသည်။ သူနဲ့အလုပ်အတူတူတွဲလုပ်တဲ့တစ်ယောက်...ဘယ်နေရာသွားသွား သိမ်းပိုက်အနားမှာ အမြဲရှိနေတတ်သည့် ရှိန်းတေဇာ...။
စကားပြောနေရင်း နှစ်ယောက်စလုံးက ကလေးဆီမှာဘဲ အာရုံရောက်နေကာ ပါးလေးတွေဆွဲလိုက်တာရှိသလို လက်ကလေးတွေကိုထိကြည့်ပြီး သိမ်းပိုက်ကိုမော့ကြည့်ကာ ရယ်မောလိုက်တာလည်းရှိ၏။
"အဲဒီနှစ်ယောက်က နင့်မောင်တော်ရဲ့ ဘော်ဘော်တွေမို့လား၊ပစ္စည်းတွေလာပို့တာထင်တယ်"
"ဟုတ်မှာပေါ့"
ဟန်သာ ခြံထဲကို ပြူးပြဲကြည့်နေရင်း စိတ်မပါ့တပါအသံကြောင့် ခြိမ့်ဆီမျက်လုံးရောက်သွားသည်။ကလေးကို ငုံ့ကာချော့မြူနေသည့် မျက်နှာလေးက ပြည့်တင်းဖောင်းအိကာ နဂိုသွယ်သည့်မျက်နှာလေးထက်ပိုကြည့်ကောင်းလာ၏။နောက်ဘက်မှာအပြောင်သိမ်းစည်းထားသည့်ဆံနွယ်တွေက ဆံယဥ်စလေးတွေနဖူးပေါ်ဝဲဖြာကျလျက် ဘလောက်အကျီနှင့်အဖြူထဲမှာအနီအစိမ်းရောင်စုံအပွင့်လေးတွေပါသည့်ထဘီလေးနှင့် ပုံ့ပုံ့လေးထိုင်နေပုံက လက်ရာမြောက်ပန်းပုရုပ်လေးလို..။ ကလေးမွေးပြီးမှ ခန္ဓာကိုယ်ကပိုဖွံ့လာပြီး အသားလေးပါဝင်းနှစ်လာတာမို့ ခြိမ့်ပုံလေးက တစ်သားမွေးတစ်သွေးလှလို့ပြောရမလား၊ဆုတောင်းကောင်းတယ်လို့ဘဲ ဆိုရမလား။
"နင်အရမ်းလှလာတယ် ခြိမ့်"
"မပြောလည်း စားရမှာပါနော်"
ခြိမ့်က မျက်စောင်းလေးဝင့်ကာ ပြန်ပြော၏။
"စားချင်လို့ပြောနေတာ မဟုတ်ပါဘူးနော်၊ တကယ်လှလာလို့ လှတယ်ပြောတာ၊ ဟုတ်တယ် ခြိမ့်၊ အရင်ကလည်းမလှတာမဟုတ်ဘူး ဒါပေမယ့် အရင်ထက်ကိုယ်လုံးလေးပြည့်လာတော့ ပိုကြည့်ကောင်းလာတာ အမှန်ဘဲဟ၊ ရှိသင့်တဲ့နေရာမှာ အရှိုက်အဝန်းတွေပြည့်လာတာကိုပြောတာ၊ တကယ် ခြိမ့်...နင် အဟုတ်ကိုလှလာတာ"
"ကျေးဇူးတင်တယ်...ဒီက ကလေးနှစ်ယောက်အမေကိုလှတယ်ပြောတာ နင်တစ်ယောက်ဘဲရှိတယ်"
"မထင်ပါဘူး...ငါတောင်မြင်နေတာ သိမ်းပိုက်ကမ္ဘာက မမြင်ဘဲနေမတဲ့လား၊ ဒီလောက်သည်းသည်းလှုပ်နေတာ ဘေးလူတွေအားလုံးသိတယ်"
"တော်စမ်းပါ၊ အခေါ်တော်ပေးကောင်းမနေနဲ့"
"အခေါ်တော်ပေးသင့်ရင်ပေးရမှာဘဲဟေ့၊ ဒီမှာ ခြိမ့်..ဘယ်ယောကျ်ားမှ ကိုယ်မချစ်တဲ့မိန်းမတစ်ယောက်ကို အောက်ကျို့ခယနေမှာမဟုတ်ဘူး၊ သိမ်းပိုက်ကမ္ဘာလို သူ့အရည်အချင်းနဲ့မာနကြီးတဲ့ယောကျ်ားမျိုးက ပိုတောင်ဆိုးသေးတယ်"
ကလေးနဲ့သုံးယောက်ရပ်စကားပြောနေသည့် သိမ်းပိုက်က ကားပေါ်ကနေပစ္စည်းတွေချနေသည့်အလုပ်သမားတွေကို တစ်ခါတစ်ခါ စကားလှမ်းပြောသေးသည်။
"သူ့သွေးသူ့သားတွေအတွက် သူ့မှားခဲ့တာကို ပေးဆပ်တာရောမဖြစ်နိုင်ဘူးလား၊ ဒါကိုအချစ်လို့ ငါတော့ခေါင်းစဥ်မတပ်ချင်ဘူး"
"သိမ်းပိုက်ကမ္ဘာ ဒီလိုတွေလုပ်နေတာ ကလေးတွေကြောင့်လို့ ပြောချင်တာလား"
တရားခံကြည့်နဲ့ကြည့်နေသည့် ဟန်သာ့မျက်လုံးတွေနဲ့လွတ်ရာရွေ့လိုက်တော့ မျက်လုံးတွေက ထိုနေရာဆီပဲ ရောက်သွားပြန်၏။ ခြိမ့်ကြည့်နေတုန်းမှာ အပြာရောင်အကျီနှင့် သူ့သူငယ်ချင်းက ကလေးကိုငုံ့နမ်းလိုက်တာကို မြင်နေရသည်။ သမီးက တွန့်လိမ်ရုန်းရင်း ငိုတော့ ရှိန်းတေဇာက ထိုတစ်ယောက်လက်မောင်းကို လက်သီးနှင့်လှမ်းထိုးလိုက်၏။ သိမ်းပိုက်က သမီးကို ပွေ့ချီကာ ကျောလေးကိုပုတ်လျက် ချော့နေသည့် မြင်ကွင်းကိုကြည့်ရင်း ရင်ထဲမှာနွေးနွေးလေးလှိုက်ဖိုလာသည့် ခံစားချက်ကဘာကြောင့်လဲ ခြိမ့် မစမ်းစစ်မိ..၊
"ကလေးတွေကို သူဘယ်လောက်ချစ်သလဲ လိုချင်မက်မောသလဲဆိုတာ နင်လည်းသိနေတာဘဲ ဟန်သာ၊ မူသာကွဲချင်ကွဲမယ် အဓိပ္ပါယ်ချင်းကတော့ အတူတူပါပဲ"
"မျိုးဆက်မရနိုင်တော့လို့ သူ့ကလေးတွေအတွက် နင့်ကိုခုတုံးလုပ်နေတယ်လို့ နင်ဆိုလိုတာလား၊ ဖခင်ဆိုတာမျိုးက မကိုခင်မှဥကိုခင်တာလို့ နင်ခဏခဏပြောဖူးတာ မေ့သွားပြီလား ခြိမ့်၊ ကလေးတွေကို ချစ်ခင်လို့ပဲ ဖြစ်ဖြစ်ဘာကြောင့်ဘဲ ဖြစ်ဖြစ်နင့်အပေါ်ထားတဲ့သူ့အချစ်မေတ္တာတွေက မျက်လုံးမှာ ဒီလောက်လျှံထွက်နေတာ နင်မမြင်တာ အံ့ပါ့"
ခြိမ့်က မလှုပ်..၊ ဟန်သာ့မှာသာ ကြားထဲက ညှိုနှိုင်းရခက်နေသည့် အခြေအနေကို အသည်းယားနေမိတာ။တစ်ခါနာကျင်ဖူးထားလို့ မယုံမရဲဖြစ်နေသည့် ခြိမ့်ကိုလည်း အပြစ်မတင်ရက်။ တစ်ဦးက နောင်တတွေနဲ့သေအောင်ချစ်ပြနေတဲ့အချိန်မှာ ဒီတစ်ယောက်က ခဲမှန်ဖူးတဲ့စာသူငယ်မို့ သံသယစိတ်တွေနဲ့အချစ်တွေဖုံးနေတာ..၊
"Sperm ထုတ်ပေးနိုင်တဲ့ Testis ပျက်စီးသွားလို့ သိမ်းပိုက်ကမ္ဘာ သူ့မျိုးဆက်ကိုမျှော်လင့်လို့မရတော့ဘူး၊ နောက်ထပ်ကလေးမရနိုင်တော့လို့ နင့်ကလေးတွေက သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်..သူအသည်းအသန်ဖြစ်တာ မဆန်းဘူး ခြိမ့်၊ ကလေးတွေကြောင့် နင့်ကိုပြန်ပေါင်းဖို့ကြိုးစားရအောင် အမွှာလေးတွေအပြင် ချင်းချင်းဆိုတဲ့သမီးတစ်ယောက်ရှိနေသေးတာဘဲ၊ ချင်းချင်းရှိနေသေးတဲ့အတွက် သူ့မျိုးဆက်မပြတ်နိုင်သေးဘူး ခြိမ့်၊ ခြိမ့်ရယ်...သူ နင့်ကိုသိပ်ချစ်ရှာတာပါဟာ.."
ဟန်သာ့စကားတွေက ခြိမ့်နှလုံးသားကို လာရောက်ထိမှန်၏။တသိမ့်သိမ့်တငြိမ့်ငြိမ့်ရင်ခုန်သံတွေနှင့် နှလုံးသားဗဟိုသို့ အခြေပြု၍ ငလျင်လှုပ်ခတ်သွားခဲ့သည်။သို့သော် မာနစိတ်မခံချင်သောစိတ်ကလေးက ထောင်းခနဲခေါင်းထောင်လာကာ..၊
"ကလေးတွေရဲ့အမေဆိုပြီး သူ့ပိုင်ပစ္စည်းတစ်ခုလိုပြုမူနေတာဟာ အချစ်ခေါ်သလား ဟန်သာ"
"ကိုယ်မချစ်တဲ့မိန်းမတစ်ယောက်အိမ်ကထွက်သွားလို့ ဘယ်ယောကျ်ားကအသားအနာခံပြီး နံရံကိုလက်သီးနဲ့ထိုးမှာလဲ၊ကားတစ်စီးနဲ့ တွေ့လိုတွေ့ငြားရန်ကုန်တစ်မြို့လုံးပတ်နေတာ၊ တစ်ညလုံးကားတစ်စီးနဲ့ ပတ်ရှာရင်း အက်စီးဒင်န့်ဖြစ်၊ Spermထုတ်ပေးတဲ့ Testisပျက်စီးပြီး နောက်ဆုံး မျိုးဆက်ပြတ်ရတဲ့အထိဖြစ်သွားတာ နင် ကလေးတွေရဲ့အမေဖြစ်နေလို့လား"
ရင်ထဲ နင့်ခနဲခံစားလိုက်ရကာ ဟန့်သာ့ကို ဖျတ်ခနဲမော့ကြည့်ဖြစ်သွားသည်။အဲဒါတွေ ခြိမ့်မသိခဲ့ပါလား..၊ သျှင်ယွန်းမြတ်ပြောသွားတုန်းက ဒီလိုမျိုးမှ မဟုတ်ဘဲ။ စက်ာပူမှာ မတော်တဆဖြစ်ပြီး မျိုးဆက်ပျက်စီးခဲ့ရသတဲ့။ ချင်းချင်းက သူရဲ့သမီးမဟုတ်သလိုလို သူကဘဲ မွေးစားထားသလိုလို..၊ အဲဒါကြောင့် ခြိမ့်မှာကလေးရှိမှန်းသိမှ အသဲအသန်ပြန်ကပ်တာဟာ ကလေးမွေးပေးတဲ့မြေးက သူ့အဘွားရဲ့အမွေအကုန်လုံးကို ရမှာမို့ သိမ်းပိုက်ကမ္ဘာ ကလေးတွေကို အသည်းအသန်လိုချင်နေတာတဲ့။ပြီးတော့ ခြိမ့်တစ်ချိန်လုံး ကြည့်မရစိတ်နှင့်မုန်းနေတဲ့ ရှင်းမိန့်မိန့်ခန့်ရဲ့ညီမက သူရဲ့ဇနီးဆိုတဲ့အကြောင်းတွေ၊ သူနဲ့ ရှင်းမိန့်မိန့်ခန့်တို့ညီအစ်မကြားက ဇာတ်လမ်းတွေကို လာပြောသွားခဲ့တာ မနေ့တစ်နေ့ကမှ။အဲဒီတုန်းကဆို သျှင်ယွန်းမြတ်ရဲ့မျက်လုံးထဲမှာ ခြိမ့်ကဘဲ သနားစရာလိုလို အလှည့်စားခံနေရသလို ပြောဆိုသွားခဲ့တာ။
သျှင်ယွန်းမြတ် ခြိမ့်တို့ဆီရောက်လာတဲ့နေ့က အဖြစ်တွေကို ပြန်မြင်ယောင်မိတော့ တွေတွေငိုင်ငိုင်လေးဖြစ်သွား၏။
"ကလေးတွေကိုလိုချင်တာတစ်ခုတည်းအတွက်နဲ့ မီးဖွားနေတဲ့ဇနီးအနားမှာ အားပေးရင်း ကိုက်ဆွဲတာ ကုတ်ဆွဲတာခံမလား"
"ဟင်!.."
စောစောက တွေတွေလေးဖြစ်နေသည့် ခြိမ့် ချက်ချင်းခေါင်းထောင်လာသည်။အဲဒီလိုဖြစ်လာအောင်လည်း ဟန်သာ ခြိမ့်ရင်ထဲထိမှန်စေမဲ့ စကားတွေရွေးပြောနေခြင်းဖြစ်၏။
"ဟုတ်တယ် ခြိမ့်...သိမ်းပိုက်ကမ္ဘာရဲ့လက်ခုံမှာ နင်ကိုက်ထားတဲ့အရာတွေနဲ့ လက်မောင်းတွေလက်ဖျံတွေနဲ့လည်ပင်းတွေမှာရော နင်ကုတ်ထားတဲ့ဒဏ်ရာတွေက သွေးတွေထွက်နေတာတောင် မွေးခန်းထဲက လုံးဝမထွက်ဘဲ နင့်အနားမှာ နင့်လက်ကလေးကိုကိုင်ပြီး တစ်ချိန်လုံးရှိနေခဲ့တာ၊ သူ့ရင်သွေးတွေကြောင့်လို့တော့ နင်ကပ်ဖဲ့မပြောနဲ့...အကြိမ်ကြိမ်အခါခါရိုက်နှက်ခံပြီး နင့်နားမှာတွယ်ကပ်နေတာကလည်း အချစ်ကြောင့်မဟုတ်ရင် ဘာလဲ..ကဲ.."
ဝိုးတဝါးအသိတွေထဲမှာ ခြိမ့် အားကိုးတကြီးဖက်တွယ်ခိုဝင်ခဲ့တဲ့ရင်ခွင်ဟာ သူ့ရင်ခွင်ဖြစ်နေသတဲ့လား...။ သားနဲ့သမီးကို မွေးဖွားနေစဥ်တစ်လျှောက်လုံး ခွန်အားဖြစ်စေသည့်နွေးထွေးသောလက်တစ်စုံက ခြိမ့်ကို တယုတယထွေးဆုပ်ထားသလို သူမကိုယ်တိုင်လည်း အားကိုးတကြီးပြန်ဆုပ်ကိုင်ထားခဲ့မိ၏။
"နင်အရမ်းကံကောင်းတယ်သိလား..မိန်းမတွေအတွက်အခက်ခဲဆုံးအန္တရာယ်အကြီးဆုံး မီးနေ့ချိန်မှာ ကိုယ့်ခင်ပွန်းလက်ကိုကိုင်ပြီး မွေးဖွားခွင့်ရခဲ့တယ်၊ လိုအပ်နေတဲ့သွေးကိုလည်း သူ့ဆီကဘဲ ရခဲ့တာ၊နင့်အတွက်ဆို အသွေးရောအသားရောခမ်းခြောက်သွားပါစေ ပေးဆပ်ဖို့အသင့်ရှိနေတဲ့ သိမ်းပိုက်ကမ္ဘာရဲ့အချစ်က တကယ်ကိုလေးစားစရာကောင်းနေပြီဟ၊ တကယ်တော့ နင့်နောက်တစ်ခါချစ်ရမှာကို ကြောက်နေတာပါ၊ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ်လုပ်ရက်လေခြင်းဆိုပြီး နင့်အသည်းထဲမှာ စွဲသွားတာ၊ အဲဒါကို မုန်းတီးစိတ်လို့နင်ထင်နေတာ တကယ်တော့ အဲဒါ အချစ်ဘဲ ခြိမ့်၊ နင် သူ့ကိုချစ်နေတာ.."
"အို!...မဟုတ်ဘူး၊ မချစ်ဘူး...ဟင်အင်း.."
ခြိမ့် ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ဖြစ်သွားမှန်းပင် မသိ။ မတုန်လှုပ်သဖူးတုန်လှုပ်ကာ..ရှက်ရွံ့စိတ်က တစ်ကိုယ်လုံးဖျင်းခနဲ ရှခနဲနှင့်။ဟန်သာ့ရှေ့မှာထိန်းသိမ်းဖို့လည်းမေ့လျက် သားကိုပွေ့လျက်ကနေ ဆတ်ခနဲထရပ်လိုက်မိ၏။
"ငါ့ကို ညာလို့ရချင်ရမယ်...နင့်ကိုယ်နင်ညာလို့မရဘူး ခြိမ့်၊ ကိုယ်လင်မယားပြန်ပေါင်းတာရှက်စရာမှမဟုတ်တာ"
"တော်စမ်းပါ...ငါကလေးသွားသိပ်လိုက်ဦးမယ်"
"ကလေးဘဲနော် လူကြီးပါသိပ်မနေနဲ့.."
ခြိမ့်မျက်စောင်းလှည့်ထိုးလိုက်တာတောင် ဟန်သာက ပြုံးစေ့စေ့မျက်နှာက အပိုးမကျိုး..။ ခြိမ့်ကလေးပွေ့ပြီးထွက်လာတော့ ဟန်သာပါ နောက်ကနေပါလာကာ...၊
"အန်ကယ်နဲ့ပြေလည်သွားတာ ငါ ဝမ်းသာတယ်သိလား၊ ကလေးတို့အဖေနဲ့ပါ ပြေလည်အောင် မာနလေးလျော့ပါလားဟယ်၊ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲ"
ခြိမ့် မကြားဟန်ဆောင်နေလိုက်သည်။ ဟန်သာတင်မဟုတ်ပါ အားလုံးက သူနဲ့ခြိမ့်ကို ပြေလည်စေချင်နေတာ မဟုတ်လား။သွယ်ဝိုက်သောနည်းနဲ့တစ်မျိုး၊ တိုက်ရိုက်တစ်ဖုံပြောဆိုနေကြတာ။ အဲဒီထဲမှာ ဟန်သာကတော့အဆိုးဆုံး..။
"ရပ်သိရွာသိ အသိအမှတ်ပြုရင်လင်မယားဆိုပေမယ့် နင်တို့လက်မထပ်ရသေးဘူး ခြိမ့်၊ နင့်မောင်တော်ကလက်ထပ်ချင်နေတာ သူ့ခင်ဗျာ ကလေးတွေအတွက်ပြေးလွှားစီစဥ်ရ၊ ကလေးထိန်းရ ဒီကြားထဲလူကြီးပါ အစစ်ချော့နေရတာ ဒါတောင်မျက်နှာတစ်ချက်မပျက်ဘူး၊ ငါ့ယောကျ်ားနဲ့တော့ကွာပါ့၊ ကိုဆိုချော့ရတဲ့အလုပ်ကိုလုံးဝစိတ်မရှည်တာ၊ တစ်ခါလေးကောက်မိပါတယ် မချော့တဲ့အပြင် သူကပိုတင်းနေလို့ ငါ့မှာနောက်ဘယ်တော့မှ ကောက်ဖို့စိတ်ကူးကိုမရှိတော့တာ"
ဟန်သာ့ခင်ပွန်းနေသစ်က တရားသူကြီးလည်းဖြစ် အနေအေးပြီးတည်လွန်းသူပင်။သူ့ရုပ်က အချစ်ကိုဖွင့်ဟမပြဘဲ သိုသိုသိပ်သိပ်ချစ်မဲ့လူစား...။
"ပစ္စည်းတွေရောက်ပြီဆိုတော့ အခင်းအကျင်းတွေကို ငါ သွားကြည့်ဦးမယ်၊သိမ်းပိုက်ကမ္ဘာက ပန်းတွေကိုအစစ်တွေချည်းသုံးမယ်တဲ့ ခြိမ့်လည်းကြိုက်တယ်လို့ပြောနေတယ်၊ သူဘာလုပ်လုပ် နင့်ကိုပြေးလွှားတိုင်ပင်တာဘဲမို့လား ခြိမ့်"
"အားလုံးရှေ့မှာပြောတာပါ ပန်းအစစ်နဲ့အတုဆို အစစ်လေးတွေကို ပိုကြိုက်လို့ ပန်းအစစ်လေးတွေသုံးတာပိုကောင်းမယ်ဆိုပြီးဝင်ပြောလိုက်မိတာပါ၊ ပြီးတော့ သူ ငါ့ကိုတိုင်ပင်တယ်လို့မဟုတ်ပါဘူး...ဒက်ဒီတို့ကိုလေးတို့အားလုံးရှိနေတဲ့အချိန်တိုင်ပင်တာ၊အကုန်လုံးကလည်း သူလုပ်တာကိုမငြင်းကြဘူးလေ"
ခြိမ့်အိပ်ခန်းရှေ့ရောက်လာပေမယ့် အထဲမဝင်ဖြစ်သေးဘဲ အခန်းရှေ့မှာစကားရပ်ပြောနေကြခြင်းဖြစ်သည်။
"အခင်းအကျင်းပစ္စည်းတွေရောက်နေပြီ ခြိမ့်၊သိမ်းပိုက်တစ်ယောက်လည်း ဘယ်ရောက်နေသလဲမသိဘူး၊ သားကြီးအိပ်သွားပြီလား"
"အိပ်သွားပြီ၊ မမတို့ဘဲ ကြည့်စီစဥ်လိုက်ပါ...ကလေးတွေအိပ်သွားရင် ခြိမ့်လည်းလာခဲ့မယ်လေ၊ဟန်သာ နင် မမနဲ့လိုက်သွား"
ခြိမ့်ကိုယ်တိုင်စိတ်လိုလက်ရနှင့် ရှင်းမိန့်မိန့်ခန့်ကို မမဟုခေါ်နေမိခြင်းဖြစ်သည်။တစ်ဦးမေတ္တာတစ်ဦးမှာတဲ့...မမရဲ့မေတ္တာစစ်မှန်ခဲ့လို့ဖြစ်မယ်၊ ခြိမ့် ရင်ထဲက အဖုအထစ်တွေ အလိုလိုပြေသွားခဲ့ပြီ။ ဒက်ဒီ့ကိုနားလည်လာလို့ ဒက်ဒီစိတ်ချမ်းသာရေးကိုသာ ခြိမ့်လိုလားတတ်ခဲ့လေပြီ။
"မီးငယ် စောစောကဂျီကျနေလို့သူ့အဖေလိုက်ထိန်းနေတယ်၊ ကလေးရောအဖေရော ဘယ်ရောက်သွားကြသလဲမသိဘူး"
"ဟန်သာတို့ လသာဆောင်မှာထိုင်နေတုန်းကတော့ ခြံထဲမှာတွေ့တယ်၊ သိမ်းပိုက်လည်း ဟိုနေရာပါရ ဒီနေရာပါရနဲ့.. ခုလည်းခြံထဲမှာဘဲနေမှာပေါ့၊ ဟန်သာလိုက်ခဲ့မယ်လေ..."
"ကလေးနဲ့ ဆင်းမလာခဲ့ဦး ခြိမ့်၊ ကလေးတစ်ဖက်နဲ့ အလုပ်သမားတွေရုတ်ရုတ် ရုတ်ရုတ်ကြားထဲ မတော်တဆထိခိုက်မိမှဖြင့်..၊ သိမ်းပိုက်က အားလုံးစီစဥ်ပြီးသား မမတို့က လိုက်ကြည့်ပေးရုံဘဲ၊ ခြိမ့် ကလေးတွေနဲ့သာ နေ... ကြားလား"
"အင်းပါ မမရဲ့၊ ဟန်သာလည်းရှိနေတာဘဲ၊ ကိုလေးရောရောက်နေပြီလား"
"ရောက်နေတယ်...ပန်းအလှဆင်တဲ့ဆီကို အချိန်မှီအခါမှီဖြစ်ဖို့ ပြောနေသံကြားတယ်"
"မေကြီး.."
လှေကားအတိုင်းဘောင်းဘီတိုလေးနှင့်ပြေးတက်လာသည့် ချင်းချင်းက "မေကြီး"ဟု အကျယ်ကြီးအော်ကာ ခြိမ့်ခြေတောက်နားရောက်လာ၏။
"မောင်လေးနဲ့ညီမလေးကိုမွေးနေ့ပြီးရင် မီးကိုလည်းမွေးနေ့လုပ်ပေးဦးနော်၊မီးက မေကြီးရယ်ဖေကြီးရယ်အတူတူ မွေးနေ့ကိတ်အကြီးကြီးခွဲချင်တာ"
ခြိမ့်ထဘီစကိုဆွဲကာ ပေါင်ကိုဖက်တွယ်လျက် ချင်းချင်းက ပူဆာ၏။ကလေးတွေမွေးပြီးကတည်းက အလွယ်တကူထဘီဘဲ ဝတ်ဖြစ်နေခဲ့တာ။
"လုပ်ပေးမှာပေါ့၊သမီးမွေးနေ့ကျရင် ကိတ်မုန့်အကြီးကြီးမှာပြီး ခမ်းခမ်းနားနားကြီးကိုလုပ်ပေးမယ်နော်၊ သမီးရေမချိုးသေးဘူးလား၊ မနေ့ကဝယ်လာတဲ့ဂါဝန်လှလှလေးဝတ်ရအောင် ရေသွားချိုး..သွား.."
"လာ..လာ မီးမီးကို တီတီရေချိုးပေးမယ်၊ ပြီးရင် ဂါဝန်လှလှလေးဝတ်ပြီး မျက်နှာလေးကိုပါ လှလှလေးပြင်ရအောင်..လာ.."
"ဟင်အင်း မေကြီးချိုးပေး...မေကြီးဘဲ အကျီလှလှလေးဝတ်ပေး၊တီတီလုပ်ပေးနဲ့"
"မဟုတ်တာ မီးမီးရယ်၊ မေကြီးက မောင်လေးကိုသိပ်ရဦးမယ် မီးမီးကိုရေချိုးပေးဖို့ မအားဘူး၊ တီတီချိုးပေးမယ် လာပါ မီးရဲ့.."
ရှင်းမိန့်မိန့်ခန့်က ချင်းချင်းကို ကောက်ချီလိုက်ပြီး ခြိမ့်ကိုဂျီကျလို့မရအောင် တစ်ခါတည်းရေချိုးပေးဖို့ခေါ်သွား၏။
"ကြည့်ပါဦး...သူ့အဖေနဲ့တစ်ပုံတည်း...တကယ့်တဇွတ်ထိုးလေး.."
ဟန်သာက ရယ်လည်းရယ်ပြောလည်းပြောရင်း အနားကနေပျောက်သွားတော့သည်။ထိုအခါ ခြိမ့်လည်း အခန်းထဲဝင်ရသည့်အဖြစ်သို့ရောက်လေ၏။
"ဟင်!.."
အခန်းထဲကိုဝင်လာပြီး ကလေးပုခက်နားမှာရပ်လိုက်မှ မွှေးရနံ့တစ်ချက်နှင့်အတူ မျက်ဝန်းထောင့်မှာအမှတ်တမဲ့ထင်လာသော အရိပ်တစ်ခုကြောင့် ထိုနေရာဆီ ဖျတ်ခနဲမော့ကြည့်လိုက်မိသည်။
"သိမ်းပိုက်!.."
"ရှူး!..."
ဆိုဖာပေါ်ထိုင်ကာ မီးငယ်ကိုလက်တစ်ဖက်နှင့်ပွေ့ထားရင်း သိမ်းပိုက်က လက်ညှိုးနှင့်နှုတ်ခမ်းရှေ့ဖြတ်တားရင်း တိုးတိုးဟုလုပ်ပြ၏။
"သမီးငယ်မအိပ်သေးဘူး"ဟု လေသံသာသာနှင့်လှမ်းပြောသည်။ ကလေးကလည်း သူ့ရင်ခွင်ထဲမှာ လူးလွန့်ကာ ပြန်ငြိမ်ကျသွားသဖြင့် ခြိမ့် ဘာမှမပြောဘဲ သားကို ပုခက်ထဲထည့်လိုက်သည်။
သူနဲ့မျက်နှာချင်းဆိုင်ရတာ အိုးတိုးအမ်းတမ်းနှင့် ခြိမ့်စိတ်ကသိပ်မလုံချင်။သားမျက်နှာလေးကို ငုံ့ကြည့်နေစဥ် နောက်ကခြေသံကြားသဖြင့် ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည်။ သိမ်းပိုက်က သမီးကိုပွေ့လျက် သူမနောက်မှာ..၊
"မီးငယ်အိပ်သွားပြီ၊ ပေး.."
သိမ်းပိုက်လက်ထဲက ကလေးကို ခြိမ့်လက်ပြောင်းယူပြီး ပုခက်ထဲထည့်နေစဥ်..၊
"ဟင်!.."
ခြိမ့်တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲရောက်သွား၏။သိမ်းပိုက်က ပခုံးချင်းထပ်၍ ခြိမ့်လက်ထဲက ကလေးကို ပုခက်ထဲကူထည့်ပေးလာသည်။ ကိုယ့်ကျောပြင်က သူ့ရင်ခွင်နှင့်ထိကပ်နေရုံမက တစ်ကိုယ်လုံးသူ့ရင်ခွင်ထဲလုံးထွေးရောက်နေသည့် အနေအထားမှာ ခြိမ့်တစ်ကိုယ်လုံး ရှက်ရွံ့စိတ်နှင့်ပူထူကာ..၊
"ဖယ်စမ်းပါ...ဘာလုပ်တာလဲ.."
မျက်နှာချင်းဆိုင်လှည့်ပြီးရန်တွေ့တော့ သူက ခပ်တည်တည်နှင့်..၊
"ဘာလုပ်လို့လဲ၊ ကလေးကူအိပ်ပေးတာလေ၊ မီးငယ်အကြောင်းလည်း သိနေတာဘဲ၊ နိုးသွားလို့ကတော့ ဂျီကျလို့ဆုံးတော့မှာ မဟုတ်ဘူး"
ဖြေရှင်းချက်က ခိုင်လုံနေတာမို့ ခြိမ့် ဘာမှမပြောတော့ဘဲ သူ့ရှေ့ကနေ လှည့်ထွက်လိုက်လျှင်...၊
"ကလေးသိပ်ပြီးတာနဲ့သွားတော့မလို့လား၊ဒီထဲကဒဏ်ရာကို မမြင်တာလား တမင်မမြင်ဟန်ဆောင်တာလား"
"ဟင်အင်း...တို့လေ..."
သူမ မျက်နှာလေးကိုတရှိုက်မတ်မတ်ငေးကြည့်ရင်းတမ်းတမြတ်နိုးသောမျက်ဝန်းများက ရီဝေညံ့သက်သွားခဲ့ပြီး...၊
"မောင့်ကို မယုံဘူးလား ခြိမ့်ရယ်၊ ပြောစမ်းပါ....ခုချိန်ထိလက်မခံနိုင်တာ မင်းဘဝအတွက် အားကိုးစရာယောကျ်ားတစ်ယောက်လို့မမြင်လို့လား.. ဟင်..ခြိမ့်...မောင့်ကိုအားကိုးမရဘူးထင်နေတာလား"
ခြိမ့်ကိုယ်လေးကို ဆွဲဖက်ပစ်ရင်း မျက်နှာလေးထက်သို့ မပြီးဆုံးနိုင်သောအနမ်းများနှင့်ချစ်ခွန်းတွေသီနေခဲ့၏။
"ခြိမ့်...မောင်လေ ခုချိန်မှာ မောင်အလိုချင်ဆုံးက မင်းဆီက ချစ်တယ်ဆိုတဲ့စကား..၊ဖြေပါကွာ၊.. မောင့်ကိုချစ်တယ်မို့လားဟင်"
ခြိမ့် မျက်လွှာချပြီး သူ့လက်ဖျံတွေလက်ခုံတွေမှာ ဒဏ်ရာရှိလိုရှိငြားကြည့်မိ၏။ဖြူဝင်းသောလက်မှာ မွှေးညှင်းတို့နှင့်လက်ဖျံ၌ ကြမ်းရှသောအမွှေးတွေသာ ရှိသည်။ဒဏ်ရာတွေ မတွေ့ရတော့...။
သူ ဖျတ်ခနဲငုံ့ကျသွားသည့်မျက်နှာလေးကို မရမကဆွဲမော့ယူကာ...၊
"ဖြေကွာ...မောင်မေးတိုင်း မင်းတစ်ခါမှမဖြေခဲ့တာ မောင့်ကိုမချစ်လို့လားဟင်.."
သိမ်းပိုက်က မျက်နှာလေးကိုအဖြေရှာသလိုစူးစိုက်ကြည့်သည်။ကြည့်နေရင်းကို ချစ်စိတ်တွေတရိပ်ရိပ်တိုးလျက် မြတ်နိုးမဝဖြစ်ရသည်။ တကယ်ပါ... ခြိမ့်ကို သူဘယ်တုန်းကစချစ်ခဲ့မှန်းမသိပေမယ့် အချစ်တွေက ထုထည်ကြီးကြီးမားမားနှင့် အခိုင်အမာရှိခဲ့ပြီ။သူ့ရင်ထဲ၊နှလုံးသားထဲ၊အသည်းထဲမှာ ခြိမ့်ကိုချစ်သော ချစ်စိတ်တွေသာနေရာအပြည့်ယူထား၏။
ရင်ထဲမှာ အချစ်စိတ်မုန်တိုင်းတို့ဝရုန်းသုန်းကားတိုက်ခတ်လျက် နှလုံးသားက သစ်ရွက်လေးလို လှုပ်ရှားယိမ်းယိုင်နေခဲ့သည်။သူ့အကြည့်တွေရဲသွားတော့ ခြိမ့် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ရှက်ပြုံးလေးနဲ့ တရှုက်မတ်မတ်သူ့အကြည့်တွေကို ရှောင်လွှဲဖို့ ခေါင်းလေးငုံ့ချသွားလျှင်...၊
"ချစ်လိုက်တာ ခြိမ့်ရယ်၊မောင် စိတ်ချမ်းသာအောင်ချစ်တယ်လို့ ညာပြီးတော့ဖြစ်ဖြစ်ကွာ ပြောလိုက်စမ်းပါ.."
ကြည့်ပါလား...ပြောပုံက..၊
ခြိမ့် သူ့စကားကိုသဘောကျကာ ရယ်လိုက်မိတော့ သိမ်းပိုက်ကပါ ပြုံးစိစိဖြစ်သွားပြီး...၊
"ဘယ်လိုလဲ ချစ်တယ်မို့လားဟင်၊ ဖြေကွာ...ဒီပုံအတိုင်းဆိုအဘိုးကြီးအဘွားကြီးဖြစ်တဲ့အထိလိုက်မေးနေရတော့မယ်နဲ့တူပါတယ်"
ခြိမ့်ရယ်နေလျှင် သူမမေးဖျားလေးကနေနှုတ်ခမ်းသားလေးတွေကို သူက လက်မနှင့်တို့ထိကစားရင်း...၊
"မောင့်ဘက်ကမရိုးသားတဲ့အကြံဆိုးကြီးနဲ့ မတရားသိမ်းပိုက်ခဲ့တာ မဟုတ်လား၊မောင်က ဘယ်သူ့ခံစားချက်ကိုမှ ထည့်မတွက်တတ်တဲ့ကောင်..၊ ခြိမ့်စိတ်ထဲမှာ မောင့်ကိုနာကြည်းနေမယ်ဆိုလည်း မင်းမမှားပါဘူး"
မော့မော့လေးငေးနေရင်း ခြိမ့် သူ့ခါးကို သိမ်းဖက်ပစ်လိုက်ပြီး..၊
"အဲဒီလိုသိမ်းပိုက်တာကို ခြိမ့်ဘက်က ကြည်ကြည်ဖြူဖြူအရှုံးပေးခဲ့တာ ဆိုရင်ရော..."
"ဘယ်လို..."
ခြိမ့် ရှက်ဝဲဝဲလေးပြုံးရင်း မျက်နှာကပ်ထားသည့် သူ့ရင်ဘတ်ကို ခိုးနမ်းလိုက်ကာ..၊
"ခြိမ့်လေ...မောင့်ကို မောင်မချစ်ခင် စတွေ့တွေ့ချင်းကတည်းက ချစ်ခဲ့တာ.."
"ခြိမ့်ရာ..."
သူ မချင့်မရဲဖြစ်ပြီး ခြိမ့်မျက်နှာလေးကို မော့ယူလိုက်ကာ တမ်းတသောအနမ်းများ ခြွေလိုက်သည်။
"မနက်ဖြန်ရှေ့နေခေါ်ပြီး မောင်တို့လက်မှတ်အရင်ထိုးမယ်၊ ပြီးတော့ သားနဲ့သမီးရဲ့တစ်လပြည့်မွေးနေ့မှာ မောင်တို့မဂ်လာပွဲကျင်းပမယ်၊ သတင်းစာထဲမှာ တစ်ပတ်တိတိထည့်မယ်ကွာ၊မောင့်မိန်းမနဲ့မောင့်ကလေးတွေကို အားလုံးအသိအမှတ်ပြုအလေးထားအားကျလာအောင် မောင်ကြိုးစားမယ်.."
တက်တက်ကြွကြွနှင့် သူပြောတော့ ခြိမ့် ကြည်နူးရပြန်သည်။ နွေးထွေးသော ရင်ခွင်ထဲမှာ ခေါင်းတိုးဝင်ရင်း ခြိမ့် နားလည်လိုက်သည်။
သူဟာ ခြိမ့်အတွက် အားအကိုးထိုက်ဆုံးယောကျ်ား...၊ ခြိမ့်နှလုံးသားကို ပိုင်စိုးနိုင်ဆုံး သူတစ်ယောက်..။
ရင်ခွင်လွှာချင်းနီးသလို နှလုံးသားချင်းပါထပ်တူကျခဲ့သော ချစ်သူနှစ်ဦး၏ မနက်ဖြန်တိုင်းဟာ....၊
အပိုင်း(၃၈)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
ဖက်ဖူးစိမ်း