💘မှတစ်ပါး....အခြားမရှိ💘
မထင်မှတ်တဲ့ ရိုက်ချက်တွေနဲ့ ဒေါသရောင်တို့ ပွက်ပွက်ဆူဆူနေသော ခြိမ့်ကိုကြည့်၍နားမလည်နိုင်သလိုဖြစ်နေသည့်ကြားက သူမစကားကြောင့် သူမှာ ပြုံးချင်ချင်..။အထပ်ထပ်အခါခါအရိုက်ခံနေရသည့် ပါးကလည်း ထူသားပေသားဖြစ်နေပြီလားမသိ။မိန်းမတစ်ယောက်ရိုက်တာကို ခေါင်းငုံ့ငြိမ်ခံနေတာ သူ့ရာဇဝင်မှာ ဒါပထမဆုံးနဲ့နောက်ဆုံး..။ဒါဟာ...အချစ်ကြောင့်ဆိုတာ..။
"မောင့်မိန်းမလူမှန်းသိသားဘဲ သားဖောက်စက်ဆို ဘာလုပ်မှာလဲ"
သူ အနားကပ်လာတော့ ခြိမ့်က နောက်တစ်လှမ်းဆုတ်ပစ်သည်။ထိုအခါ ကလေးပုခက်ကို ကျောနှင့်ကပ်မှီသလို ဖြစ်သွား၏။ကလေးတွေနှိုးမှာ စိုးပေမယ့် ခြိမ့် ဒေါသတွေခံပြင်းနာကျင်ခြင်းတွေက သူမတစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေသည်။
ကိုယ့်ရင်ထဲကို ကိုယ်သာသိသည်။မုန်းဖို့ဇွတ်စိတ်နာနေသည့်ကာလတွေမှာ ကိုယ်က ခပ်ပေါ့ပေါ့မိန်းမလို နေနိုင်ခဲ့တာ နာကြည်းခြင်းတွေနဲ့ဖုံးဖိခဲ့လို့..။တကယ်တမ်း သွေးပျက်မတတ်ဖြစ်ခဲ့ရတဲ့နေ့တွေ..ညတွေ..ကာလတွေမှာ သူဟာကိုယ့်အတွက် အနွေးထွေးအလုံခြုံဆုံးရင်ခွင်ဖြစ်နေသည့်နောက် ကိုယ်တိုင်တောင်မသိလိုက်ဘဲ တွယ်တာအားကိုးခဲ့မိသည်။တစ်ခါအထိနာဖူးတော့ နောက်တစ်ချိန်ခံစားရမဲ့အဖြစ်ကို တွေးကြောက်ခဲ့လို့...၊
ကလေးတွေအပေါ် သူ ချစ်တာ..၊ အားကိုးအားထားစရာယောကျ်ားတစ်ယောက်ဖြစ်နေတဲ့ သူ့ကို ခြိမ့်နှလုံးသားတစ်ခုလုံးကျွံဝင်နေမှန်း သိလိုက်ရပြီ။ဒါပေမယ့်...မာယာကစားပွဲတစ်ခုမှာ နောက်တစ်ချိန် ရှုံးနိမ့်ခဲ့ပြန်ပြီ။ခုနောက်ပိုင်းမှ ဝမ်းသာလည်းကျဝမ်းနည်းလည်းကျ၊ဒေါသထွက်လျှင်လည်းကျလာတတ်သော မျက်ရည်တွေက ခြိမ့်မျက်ဝန်းမှာ ပြိုးပြက်လက်လာလျှင်..၊
"ခြိမ့်.."
သိမ်းပိုက်က ခြိမ့်လက်လေးတစ်ဖက်ကို လှမ်းဆွဲ၏။နောက်မှာ ကလေးပုခက်ရှိနေသဖြင့်ထပ်ဆုတ်လို့မရဘဲ ချောင်ပိတ်မိနေသည့် ခြိမ့် အဝတ်တစ်ထုပ်လို သူ့ရင်ခွင်ထဲလုံးထွေးရောက်သွားကာ..၊
"မောင့်ဘဝစာမျက်နှာမှာ မင်းနဲ့ မောင့်ရင်သွေးတွေအတွက်ဘဲ ပြည့်နေတာ ခြိမ့်"
သူမျက်နှာကြီးအုပ်မိုးလာတော့ ခြိမ့်အတင်းဆောင့်ရုန်းပစ်ရင်း..၊
"သကာလူးပြီး လျှာဖျားပေါ်က မုသာဝါဒတွေနဲ့ အသံကောင်းဟစ်မနေနဲ့၊ နင်တက်မက်မောတဲ့အမွေတွေအသာလေးရနေပြီဘဲ သွားယူ..သွား၊ ငါ့ကလေးတွေအတွက် ဖခင်မေတ္တာမလိုအပ်ဘူး၊ ဖယ်စမ်း...သိမ်းပိုက်ကမ္ဘာ မင်းကို နောက်ထပ်မရိုက်ရဲဘူးထင်နေသလား၊ မချစ်တတ်တဲ့နှလုံးသားက ခံစားရပြီဆို သူများထက်သာတယ်၊ ဖယ် လွှတ်စမ်း"
"မလွှတ်နိုင်ဘူး ခြိမ့်၊ ခြိမ့် ဘာဖြစ်နေတာလဲ မောင်သိရမှဖြစ်မယ်၊ဘာအမွေတွေကို တက်မက်မောတာလဲ...အဲဒါဘာအဓိပ္ပါယ်လဲ"
သူ ခြိမ့် ရုန်းလို့မရအောင် သိမ်းဖက်ထားကာ နားမလည်နိုင်သည့်မေးခွန်းတွေပါ ပါလာ၏။ခြိမ့်ကလည်း မျက်နှာကို မလျှော့ပါ။ မျက်ရည်များကြားက တင်းမာနေသည့်မျက်နှာကို အံကြိတ်ထားရင်း...၊
"အေးပေါ့..အိပ်ချင်ယောင်ဆောင်တဲ့သူဆိုတာ ပိုနှိုးရခက်တာပေါ့"
အံကြိတ်ထားသည့်ကြားက မဲ့ပြုံးပြုံးလိုက်တာကို တမင်မြင်သာအောင် မျက်နှာမော့ထားခဲ့၏။သိမ်းပိုက်ကလည်း အဲဒီမျက်နှာလေးကိုဘဲ စူးရဲသောမျက်ဝန်းများဖြင့် မျက်မှောင်ကုတ်လျက် ပြန်ကြည့်ကာ..၊
"မောင့်နှလုံးသားက မင်းကို အချစ်စစ်အချစ်မှန်နဲ့ ချစ်မိပြီဆိုကတည်း ဒီနေ့အထိ မင်းထိခိုက်နစ်နာအောင်မပြောနဲ့ မင်းစိတ်ညစ်စရာတစ်ခုတောင် မောင်မလုပ်ခဲ့ဘူး ခြိမ့်၊ ခု မင်းဘာဖြစ်နေတာလဲ၊ ပြောပြမှ... မောင်ဖြေရှင်းလို့ရမှာပေါ့"
ခြိမ့် ရုန်းရင်းဆန်ခတ်တွေဖြစ်နေရင် ကလေးတွေနှိုးမှာစိုးသဖြင့် သူမ ရုန်းမပစ်ဘဲ နာနာကျင်ကျင်မဲ့ပစ်မိ၏။မုန်းတီးစိတ်တွေပြည့်နေတုန်းကလည်း အားကိုးတကြီးခိုဝင်ခဲ့ဖူးသော ဒီရင်ခွင်မှာ တစ်ကိုယ်လုံးနစ်ဝင်နေပေမယ့် နွေးထွေးမှုကို မခံစားမိတော့..၊
"မင်းကိုယ်မင်းအထင်ကြီးနေတာလား၊ ငါ့ကိုလျော့တွက်ထားတာလား သိမ်းပိုက်ကမ္ဘာ၊ ငါ ရှင်းမိန့်မိန့်ကျော်နဲ့ရှင်းမိန့်မိန့်ခန့်မဟုတ်ဘူး"
"ဘာ...ဘယ်လို..."
သိမ်းပိုက် သူမကိုယ်လေးကို ယောင်ရမ်းလွှတ်လိုက်မိ၏။သူ့မျက်နှာမှာ အံ့သြမှုတွေ အထင်းသား..။
"ခြိမ့်...အဲဒါ မောင်ရှင်းပြ.."
"မရှင်းနဲ့!..."
ခြိမ့် အသံက မတ်ဆတ်ဆတ်..။ခံစားချက်တို့နှင့် မျက်နှာက ကာလာရင့်နေကာ..၊
"သူတို့ညီအစ်မနဲ့မင်းတို့ညီအစ်ကိုကြားက ဆက်ထုံးတွေလည်း ငါ မသိဘူး၊သိလည်းမသိချင်ဘူး၊ ဒက်ဒီနဲ့ငါ့ကလေးတွေကို ကာဗာယူပြီး မင်းတို့ဇာတ်လမ်းခင်းနေတာ အရမ်းအောက်တန်းကျတယ်၊ ဒီမှာ သိမ်းပိုက်ကမ္ဘာ...မင်းလုပ်ရပ်မင်းစိတ်ဓာတ်တွေက သေးသိမ်လွန်းအားကြီးတယ်"
"မဟုတ်ဘူး...ခြိမ့်ထင်နေတာတွေ တစ်ခုမှ မဟုတ်ဘူးနော်၊ မောင်ပြောတာကို နားထောင်.."
"မပြောနဲ့ သွား..ခုချက်ချင်းထွက်သွား၊ နောက်ကို ငါ့အိမ်ကို မင်းလာစရာမလိုဘူး၊ ငါ့ကလေးတွေနဲ့လည်း လာပက်သက်စရာ အကြောင်းမရှိတော့ဘူး၊ ဒက်ဒီကျေနပ်ရင် နင်တို့ဘာသာ ကြိုက်တဲ့နေရာသွားကြ၊ ဇာတ်လမ်းဟောင်းဘဲ ဆက်ဆက် ဇာတ်လမ်းသစ်ဘဲ စစ၊ နင် သိပ်ကြောက်နေတဲ့ နင့်မျိုးဆက်ဘယ်တော့မှ မပြတ်တော့ဘူး၊ ငါ့ကလေးတွေကိုယ်ထဲမှာ စီးဆင်းနေတဲ့နင့်သွေးတစ်ဝက်ကို ဖောက်ထုတ်ဖို့ မဖြစ်နိုင်သရွေ့ ဒီကမ္ဘာမှာ နင့်မျိုးဆက် ဆက်ပြီးရှင်သန်နေဦးမှာဘဲ၊ ဒါပေမယ့်... ငါ့ကလေးတွေရဲ့ အဖေနေရာက မင်းနဲ့မထိုက်တန်ဘူး သိမ်းပိုက်ကမ္ဘာ"
ရင်ထဲ ကျင်ခနဲ ဖြစ်သွားသည်။ ကိုယ်မေ့ပျောက်ထားခဲ့တဲ့ အတိတ်ဆိုးကို ရုတ်တရက်ကြားလိုက်ရတော့ နာကျင်မှုက အတိုင်းအဆမဲ့။
ခြိမ့် အဲဒီအကြောင်းတွေကို ဘယ်လိုသိတာလဲ၊ ဘယ်သူ့ဆီက သိတာလဲ..၊ မေးခွန်းက ဦးနှောက်ထဲမှာ တဖျစ်ဖျစ်မြည်နေပေမယ့် နှုတ်ခမ်းဖျားကနေ ထွက်ပေါ်ခြင်းမရှိခဲ့ဘဲ သူမမျက်နှာကိုသာ အကြောင်သားငေးကြည့်နေမိသည်။
ကိုယ့်ဘက်က ချို့ယွင်းချက်ဖြစ်နေခဲ့တာ အမှန်။ ဒါကို ခြိမ့် ဘယ်လိုသိသွားတာလဲ..၊သူမစိတ်ကြောင့် အက်စီးဒင့်န်ဖြစ်ခဲ့တုန်းက ကိုယ့်ကမ္ဘာတစ်ခြမ်းအမှောင်ဖုံးခဲ့တာ မဟုတ်လား။
"နောက်ထပ်မရနိုင်တော့တဲ့ နင့်မျိုးဆက်အတွက်..ကလေးတောင်းတနေတဲ့ဘွားဘွားဆီက ရမဲ့အမွေတွေအတွက်ဆိုရင် ဒီအိမ်ကို နင်လာစရာမလိုတော့ဘူး .."
"ကျစ်!...ခြိမ့်အထင်မှားနေပြီ၊ အဲဒီအမွေကိစ္စ မောင့်ခေါင်းထဲမှာကို မရှိတာ၊ မောင်တို့ မျိုးဆက်ပျက်မှာစိုးရအောင် ကိုကိုလည်းရှိသေးတယ်၊ ပြီးတော့ သမီးလည်းရှိတယ်၊ ခြိမ့်နဲ့ကလေးတွေဆိုတာ မောင့်မိသားစု မောင့်သိုက်မြုံတစ်ခုဘဲ၊ ကိုယ်ချစ်တဲ့မိန်းမက မွေးဖွားပေးတဲ့ကိုယ့်ရင်သွေးကို ချစ်တာ ဘာအမွေဘာစည်းစိမ်နဲ့မှ မဆိုင်ဘူး ခြိမ့်၊ မောင်သိတာ မင်းကို သိပ်ချစ်တယ်၊ မောင့်ရင်သွေးလေးတွေကိုချစ်တယ်၊ အမွေဆိုတာ စားထိုက်မှစားရတဲ့အရာပါ၊ မောင့်မှာခြေတွေလက်တွေရှိတယ် မောင့်မိသားစုကို မောင်ကောင်းကောင်းရှာကျွေးနိုင်ပါတယ်ကွ"
"ရှင်းမိန့်မိန့်ကျော်လည်း မရှိတော့ ရှင်းမိန့်မိန့်ခန့်ကို နင်မျှော်လင့်လို့မရလို့ ပြောနေတာမို့လား၊ရတယ် သိမ်းပိုက်ကမ္ဘာ...ငါဒက်ဒီ့ကိုဖွင့်ပြောမယ်၊ ကလေးအတွက်လိုအပ်နေတဲ့ကွက်လပ်လည်း အလိုလိုပြည့်သွားလိမ့်မယ်"
"ကျစ်!...မင်းဘာတွေပြောနေတာလဲ ခြိမ့်ရာ.."
သူ စိတ်ပျက်လက်ပျက်စုပ်သပ်မိသည်။ဆံပင်တွေကို ဆွဲဖွပစ်ပြီးမှ သူ ခြိမ့်ကို စူးစူးရဲရဲပြန်ကြည့်လိုက်သည်။
"သူတို့ညီအစ်မနဲ့ကိုယ်တို့ညီအစ်ကို ပက်သက်ခဲ့တာမှန်တယ်...ဒါပေမယ့် မမနဲ့မောင်ဘာမှမဆိုင်ဘူး ခြိမ့်"
"ညီမနဲ့လက်ထပ်သွားတာနဲ့ ရိုးသားတဲ့ဘယ်အစ်မကမှ ထိခိုက်ခံစားနေမှာ မဟုတ်ဘူး၊ ငါးနှစ်လုံးလုံးမိန်းမပျိုတစ်ယောက်က ကိုယ့်မိသားစုကိုယ့်အသိုင်းအဝိုင်းတစ်ခုလုံးကို ကျောခိုင်းခဲ့တာ လူမသိသူမသိခြေရာဖျောက်ခဲ့တာ..မင်းကြောင့်မဟုတ်ရင် ဘာလဲ"
"တို့အိမ်ကနေထွက်လာတာ သိမ်းပိုက်နဲ့မဆိုင်ဘူး ခြိမ့်"
"ဟင်!.."
"မမ..."
မိန့်က အေးဆေးတည်ငြိမ်သောမျက်နှာနှင့် အခန်းထဲကို တစ်လှမ်းချင်းဝင်လာခဲ့၏။သိမ်းပိုက် မိန့်ကို လှည့်ကြည့်နေမိသည်။ ကိုယ်ပြန်မပြောချင်သော အတိတ်တွေကို မမဖွင့်ပြောတော့မှာလား..၊
"လွန်ခဲ့တဲ့ငါးနှစ်က မန္တလေးမှာ ဖြစ်ခဲ့တာ..ကာယကံရှင်တွေတောင် မေ့ချင်ချင်ဖြစ်နေပြီ၊ ဒီအတိတ်တွေကို အစဆွဲထုတ်လာတာ ဘယ်သူမှန်းမသိပေမယ့် အားလုံးက ဘဝတစ်ခုဆီမှာ အခြေတကျဖြစ်နေကြပြီ ခြိမ့်၊ဒီအကြောင်းတွေကို မမ မေ့ထားခဲ့တာ ကြာပြီ၊ စကားအဖြစ်တောင်ပြန်မကြားရဲလို့ အားလုံးနဲ့ဝေးရာမှာ လာနေခဲ့တာ ဒီနေ့အထိဘဲ၊ ဒါပေမယ့်...တို့နဲ့သိမ်းပိုက်က ဟိုးတုန်းကရော ခုချိန်ထိ ဘာမှမပက်သက်ဘူးဆိုရင် မင်း ယုံမလား"
သူတို့သုံးယောက်ရပ်နေသည်က တြိဂံပုံမျိုး..။ သိမ်းပိုက်က ဘာမှ ဝင်မပြောဘဲ ခြိမ့်မျက်နှာကိုသာ ငေးရီရီလေးကြည့်နေသည်။မိန့်က ရှေ့ကို တစ်လှမ်းတိုးလိုက်တော့ ခြိမ့်နဲ့ ပိုနီးသွား၏။
"ဘယ်သူ့အတွက်မှ အကျိုးစီးပွားမဖြစ်မဲ့စကားမျိုးကို မမလိမ်လည်ပြီး မပြောဘူး ခြိမ့်၊ တို့ညီမလေးနဲ့ သိမ်းပိုက်တို့ ရူးရူးမိုက်မိုက်အရွယ်မှာ လူငယ်သဘာဝချစ်ကြိုက်ညားခဲ့ကြတယ်၊ သိမ်းပိုက်နဲ့ ညီမလေးက ရွယ်တူ ခြံချင်းကလည်းကပ်ရပ်ဆိုတော့ မမနဲ့သိမ်းပိုက်လည်း မောင်နှမတွေလို သံယောဇဥ်ဖြစ်ခဲ့တာဘဲ၊သူတို့နှစ်ယောက်ငယ်ငယ်လေးနဲ့အိမ်ထောင်ကျသွားတော့ နှစ်ဖက်စလုံးက မိုက်မဲတယ်ဆိုပြီး ပစ်ထားကြတာ၊ ချင်းချင်းလေးကိုယ်ဝန်နဲ့မှာ မမလည်း အချစ်တစ်ခုကို စုံမှိတ်ကိုးကွယ်ခဲ့မိတယ်၊ မမချစ်သူနဲ့ခိုးရာလိုက်ပြီးမှ သူ့ဘက်က ရှောင်ထွက်သွားတယ်လေ.."
မိန့် မျက်နှာက အတိတ်ကို တူးဖော်နေသဖြင့် ဆွေးဆွေးမြေ့မြေ့..။အသံလေးတိမ်ဝင်ကာ စကားသံရပ်သွားသည့် မိန့်က ခံစားချက်တွေကို အတင်းမြိုသိပ်နေရပုံနှင့်။ သိမ်းပိုက်က မျက်နှာခပ်လွှဲလွှဲနှင့် မေးရိုးတွေတင်းနေပုံက အံကြိတ်ထားတာ သိသာနေသည်။
"လွန်လွန်ကျွံကျွံတွေဖြစ်ပြီးမှ သူဘက်က မမကို လုံးဝတာဝန်မယူနိုင်ဘူးတဲ့၊ လက်မထပ်နိုင်ပါဘူးဆိုပြီး သူမြို့သူပြန်သွားတယ်၊ မိဘတွေနဲ့ဆွေမျိုးသားချင်းတွေရဲ့ ပြစ်တင်မှုတွေကို အဲဒီမှာ မမ လူးလိမ့်နေအောင်ခံခဲ့ရတယ် ခြိမ့်၊ အဲဒီကြားထဲ ကိုယ်ဝန်ကပါရှိလာတယ်၊ တဖြည်းဖြည်းမဖုံးနိုင်မဖိနိုင်ဖြစ်လာရင် မိဘတွေလည်း ပိုအရှက်ရမယ်၊ ကလေးအတွက်လည်း မလုံခြုံတော့ အိမ်ကနေထွက်ခဲ့တာ၊ ရန်ကုန်က သူငယ်ချင်းဆီသွားပြီး ဒီမှာ ရရာအလုပ်လုပ်မယ် ကလေးကိုလည်းအဲဒီမှာပဲ မွေးမယ် စိတ်ကူးနဲ့ပေါ့၊ ကံဆိုးမသွားရာမိုးလိုက်လို့ရွာတဲ့..မမအဖြစ်က ရန်ကုန်လည်းရောက်ရောသူငယ်ချင်းမိသားစုက အိမ်ပြောင်းသွားရော၊ နောက်ဆုံးကောက်ရိုးတစ်မျှင်လည်းဆုံး...ရန်ကုန်မြို့ကြီးမှာ အသိမိတ်ဆွေမရှိဘာမရှိ ဘယ်သွားလို့ဘယ်လာရမှန်းမသိနဲ့ အဲဒီအချိန်က မမအတွက်ဒုက္ခပင်လယ်ဝေခဲ့တဲ့အချိန်တွေပေါ့"
"ကိုယ်ဝန်ကရော.. အဲဒီကလေးကို မွေးတယ်မို့လား"
ခြိမ့် အလောတကြီးမေးမိသည်။အရင်ကဘယ်လိုပဲ မုန်းတီးခဲ့မုန်းတီးခဲ့ မိန်းမသားချင်းကိုယ်ချင်းစာကာ ရှင်းမိန့်မိန့်ခန့်အတွက် သူမပါစိတ်ထိခိုက်မိ၏။အပျိုလေးတန်မဲ့ဒက်ဒီကို ဖြားယောင်းသိမ်းသွင်းတယ်လို့ ခြိမ့်စွပ်စွဲခဲ့တဲ့ ရှင်းမိန့်မိန့်ခန့်မှာ အဲဒီလိုအတိတ်တွေရှိနေခဲ့တာလား..၊
မိန့်မျက်နှာက ပြိုတော့မည့်မိုးလို...၊
"အိမ်လည်းမပြန်ရဲ မကြာခင်လူလောကထဲရောက်လာတော့မဲ့ကလေးလေးအတွက် မမ ဒီမှာပဲ နေပြီးဘဝရပ်တည်မယ်လို့တစ်ခါတည်းဆုံးဖြတ်လိုက်တယ်၊ပါလာတဲ့ငွေနဲ့အဆောင်ငှားနေမယ်၊ကလေးမမွေးခင်ရရာအလုပ်ရှာလုပ်မယ်ပေါ့၊ ဒါပေမယ့်...ကံကြမ္မာ မမထင်သလိုရိုးရှင်းမနေခဲ့ဘူး"
သိမ်းပိုက် မိန့်ကို ဖျတ်ခနဲလှမ်းကြည့်လိုက်မိသည်။ မိန်းမသားတစ်ယောက်ရဲ့နစ်မွန်းချင်းစာမျက်နှာကိုလက်တွေ့ လှန်လှောဖတ်ရှုလိုက်ရတာရင်ထဲအတော်မကောင်းပါ။
"အဆောင်ငှားဖို့အရေးတကြီးလိုက်ရှာနေတုန်း လူတစ်ယောက်နဲ့သွားဆုံတယ်၊အဲဒီလူက မမကိုတိုက်ခန်းလိုက်ငှားပေးမယ်ဆိုပြီး လူမရှိတဲ့တိုက်ခန်းကိုခေါ်သွားတယ်၊သူ...သူ မမကို စော်ကားဖို့ကြံစည်ခဲ့တယ်"
"အို!.."
ခြိမ့်ဆီက ဒီလောက်ပဲအသံထွက်လာ၏။
"မမလည်းအဲဒီလူလက်ထဲတော့ဘဝပျက်မခံနိုင်ဘူးဆိုပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်တော့ ရအောင်ထွက်ပြေးလာခဲ့တယ်၊ သူတို့ကလည်းနောက်ကလိုက်လာ..ကြောက်ကြောက်နဲ့ခြေဦးတည်ရာပြေးရင်း တစ်ဖက်ကလာတဲ့ကားနဲ့တိုက်မိတယ်၊ မမသတိရလာတော့ ဆေးရုံမှာ...မမအသက်မသေခဲ့ပေမယ့်ဗိုက်ထဲကကလေးကို ဆုံးရှုံးခဲ့ရတယ်"
"ဖြစ်မှဖြစ်ရလေ မမရယ်"
မမလို့ခေါ်လိုက်မိတာ ခြိမ့်ကိုယ်တိုင်တောင်သတိမထားမိလိုက်။
"မမကိုကားနဲ့တိုက်ခဲ့တဲ့သူဌေးကဘဲ တိုက်ခန်းငှားပေးတယ်၊ပြီးတော့ သူ့ကုမ္ပဏီမှာ အလုပ်တစ်နေရာပေးတယ်လေ၊မမဘဝကိုစာနာသနားပြီးကူညီခဲ့တဲ့ကျေးဇူးရှင်ပေါ့"
"အဲဒီသူဌေးက ဒက်ဒီ...ဒက်ဒီလား"
"ဟုတ်တယ် ခြိမ့်၊ကိုကြီးက မမရဲ့ကျေးဇူးရှင်၊မမအကြောင်းကို သိနေတဲ့ကိုကြီးက သနားလို့ကူညီခဲ့တာပါ၊ အဲဒီကတည်းကမမ မန္တလေးကို အဆက်ဖြတ်ပြီးဒီမှာပဲ ဇာတ်မြှုပ်နေခဲ့တာ၊ ခြိမ့်ဒက်ဒီနဲ့မာမီတို့အိမ်ထောင်ရေးအဆင်မပြေဖြစ်ရတာ ခြိမ့်ထင်နေသလို ကိုကြီးလောလီဖောက်ပြားလို့မဟုတ်ပါဘူးကွယ်၊ ခြိမ့်မာမီနဲ့ ကွာရှင်းပြီးမှ ကိုကြီးက မမကိုလက်ထပ်ခွင့်တောင်းခဲ့တာပါ၊ခြိမ့်အထင်လွဲစရာဖြစ်ခဲ့တာက ခြိမ့်မာမီက ကွာရှင်းပြီးတဲ့အချိန်အထိ ခြိမ့်တို့နဲ့အတူတူနေခဲ့လို့ဘဲ၊ ကိုယ်ရဲ့ကျေးဇူးရှင် ကိုယ်ကြည်ညိုလေးစားရတဲ့သူဌေးကို လက်ထပ်ခဲ့တာမိန်းမသားဘဝအတွက်လိုအပ်တဲ့အားကိုးတစ်ခုကို ယုံယုံကြည်ကြည်လက်ခဲ့တဲ့သဘောပါ ခြိမ့်၊ ဒီလိုလက်ခံခဲ့တာကလည်း ကိုကြီးအပေါ်အားကိုးစိတ်နဲ့သံယောဇဥ်တကယ်ရှိခဲ့လို့ဘဲ"
ခြိမ့်ရင်ထဲက အစိုင်အခဲတွေကြေပျက်လွင့်ပါးသွားသည်လား..၊ အရင်ကလို မိန့်အပေါ်မကြည်မလင်မုန်းတီးစိတ်တွေနေရာမှာ ခြိမ့်အပေါ်တစ်လျှောက်လုံးကောင်းခဲ့တာတွေကိုတွေးမိတော့ မိန့်ကိုစာနာစိတ်နဲ့ကိုယ်ချင်းစာနိုင်ခဲ့ပြီ။
"ချင်းချင်းက မမရဲ့တူမလေးမို့ မမမြင်မြင်ချင်းချစ်ခဲ့သံယောဇဥ်ဖြစ်ခဲ့ရတာ၊ မိထွေးတိုင်း မိထွေးစိတ်မွေးပြီးယုတ်မာမယ်လို့မယူပါနဲ့ ခြိမ့်၊ မမမှာလည်းညီမလေးရှိခဲ့တော့ ခြိမ့်ကိုမမရဲ့ညီမလေးလိုချစ်ခဲ့သလို ကိုကြီးရဲ့သမီးတစ်ယောက်အနေနဲ့လည်း သံယောဇဥ်ဖြစ်ခဲ့တာပါ၊ မီးမီးက ခြိမ့်ကိုအရမ်းတွယ်တာရှာတာပါကွယ် မိခင်မေတ္တာငတ်မွတ်နေတဲ့မမတူမလေးအတွက် ခြိမ့်မေတ္တာခြိမ့်ရင်ခွင်က အသင့်တော်ဆုံးပါ၊ တလွဲတွေအတွေးခေါင်မနေပါနဲ့ကွယ်...ကလေးတွေအတွက်မိခင်အရိပ်လိုအပ်သလိုဖခင်ဆိုတဲ့မဟာတံတိုင်းကလည်းရှိကိုရှိနေရမှာ၊ကလေးတွေရဲ့မျက်နှာကိုကြည့်ကြပေါ့ ခြိမ့်ရယ်၊ ကိုယ်လင်မယားချင်းပြန်ပေါင်းတာ ဘာရှက်စရာရှိသလဲ"
မိန့်စကားတွေကြားမှ ခြိမ့်မျက်နှာလေးရဲတက်လာ၏။ကိုယ့်ကိုယ်ကို ဘာဖြစ်သွားမှန်းမသိဘဲ သူ့ကိုမော့မကြည့်ရဲအောင်ဖြစ်သွားသည်။
"ဒီလောက်ဆို မမနဲ့သိမ်းပိုက်ကို ခြိမ့်သံသယရှင်းပါပြီနော်"
ရှက်ဝဲဝဲလေးနှင့်နီမြန်းနေသည့်ကြားက ခြိမ့်မျက်နှာလေးကြည်လင်လာတာကို ကြည့်ပြီး သိမ်းပိုက်က ပြုံးသည်။
"ကဲ...ခြိမ့်၊ ဟိုဘက်ကကိုယ့်ကိုလိုလိုလားလားနဲ့ကြိုဆိုနေကြတာ ခြိမ့်အတွက်ဂုဏ်ယူစရာပါကွယ်၊သိမ်းပိုက် ခြိမ့်အပေါ်ထားတဲ့မေတ္တာတရားကိုလည်း သံသယဖြစ်မနေပါနဲ့တော့"
တံခါးပိတ်ပြီးအသံတွေပျောက်ကွယ်သွားသည့်အထိ ခြိမ့် လိုက်ကြည့်နေမိသည်။ပြီးမှ မလုံမလဲနှင့်မော့ကြည့်တော့ လက်ပိုက်လျက်ကနေ မချိုမချဥ်ကြည့်နေသည့် သိမ်းပိုက်မျက်လုံးများနှင့် တန်းခနဲသွားဆုံ၏။ ခြိမ့် ပါးပြင်လေးနှစ်ဖက်လုံးရဲတက်သွားပြီး သူ့ကိုကွင်းရှောင်ထွက်လိုက်သည်။
"ဒီအတိုင်းရှောင်ထွက်သွားတော့မှာလား"
"ဟင်!.."
လက်ပိုက်ကိုဖြေပြီး သိမ်းပိုက်က ခြိမ့်ခြေလှမ်းတွေရှေ့ကနေပိတ်ရပ်လိုက်သည်။ ခြိမ့်ဒီဘက်ကနေ ကွင်းရှောင်သွားလျှင် သူပါလိုက်တိုးရပ်၏။ပြီးတော့ ခြိမ့်မျက်နှာလေးရှေ့ရောက်အောင်သွားရပ်ကာ...၊
"ခဏခဏအရိုက်ခံပြီးချစ်နေတာတောင် မယုံကြည်သေးဘူးလားဟင်၊ မောင့်ရင်ထဲမှာ တခြားတစ်ယောက်ကို နေရာပေးနိုင်ရင် အကြိမ်ကြိမ်အရိုက်ခံပြီး မင်းအနားမှာနေပါ့မလား ခြိမ့်ရယ်၊ မောင့်ခံစားချက် မောင့်အချစ်မောင့်နှလုံးသားကို မင်းဥပေက္ခာပြုရက်တယ်နော်"
စောစောကရယ်မြူးရိပ်သန်းနေသည့်မျက်နှာမှာ ပါးပြင်နှစ်ဖက်ကနီရဲနေတာဟာ ကိုယ်ရိုက်လိုက်မိတာကြောင့်ဆိုတာသိတော့ ခြိမ့်ရင်ထဲကျင်ခနဲ ဖြစ်သွားသည်။ရိုက်လိုက်မိသည့်သူမလက်ဖဝါးတောင် ခုထိနာကျင်နေသေးတာ မျက်ရည်တွေရစ်သိုင်းလျက်နီရဲညိုတက်နေသည့် သူ့ပါးပြင်ဆိုဘယ်လောက်ထိနာလိုက်မလဲ။ ခံစားမလွယ်တတ်သည့်သူက နက်နက်ရှိုင်းရှိုင်းပျော်ဝင်နေဟန်ကြောင့် ခြိမ့်ရင်ထဲတုန်လှုပ်ကာ...၊
"ငါမှားသွားတယ် သိမ်းပိုက်၊ ဒါပေမယ့်...မင်းနဲ့ငါ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ကလေးတွေရဲ့အဖေတစ်ယောက်အနေနဲ့ မင်းသူတို့နဲ့ခေါ်နိုင်ပြောနိုင်ပါတယ်၊ အဲဒီထက်ပိုပြီးတော့ မမျှော်လင့်နဲ့၊လူကြီးတွေဖြစ်စေချင်သလို ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"
"သေချာလို့လား.."
"ဟင်!.."
ခြိမ့် ရှောင်ချိန်မရလိုက်..၊ရုန်းမရအောင်သိမ်းဖက်လိုက်သည့် သူ့ရင်ခွင်ထဲမှာ ခြိမ့်ကိုယ်လေးစုံးစုံးမြှပ်လျက်..၊
"မင်းကို မောင်ပိုင်ဆိုင်ပါရစေခြိမ့်ရယ်၊ မာနတွေနည်းနည်းလောက်လျှော့ပြီး နာကြည်းချက်တွေဖြေလျှော့ပစ်လိုက်ပါတော့၊ခဏခဏပါးထိုးပေးနေတဲ့ဒီကောင့်ကိုလည်း သနားပါဦး ခြိမ့်ရယ်"
ခြိမ့် ရှက်ရှက်နှင့်အတင်းရုန်းပေမယ့် နဂိုကတည်းကဇွတ်တရွတ်ဆန်သော သန်မာထွားကျိုင်းသည့် သူ့ရင်ခွင်ထဲမှာ ပျောက်ကွယ်သွား၏။ ဆံနွယ်လေးတွေကနေ မျက်နှာပြင်အနှံ့ပွတ်တိုက်နမ်းနေရင်း နှုတ်ခမ်းများက လည်တိုင်ဆီတရွေ့ရွေ့နယ်ချဲ့လာတော့ ခြိမ့်ရှောင်တိမ်းမိကာ..၊
"ဟင်အင်း...မင်းနော်..သွား.."
" မရဘူး...အစကတည်းက ဒီကောင်ကလူဆိုး.."
ခြိမ့် "ဟင့်အင်း"လို့ အကြိမ်ကြိမ်ငြင်းနေသည့်ကြားက တက်မက်မြတ်နိုးသောအနမ်းများအောက်မှာ မျောပါသွားခဲ့၏။ရှက်တာလား၊ ဒေါသဖြစ်တာလား မသဲကွဲသော်လည်း ခြိမ့်တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲမှာ နစ်နေခဲ့သည်။
ချက်ချင်းကြီးပျော်ဝင်ဖို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘဲ...၊
"ပြန်လည်ပြေလည်ချင်တယ် ခြိမ့်ရယ်"
အပိုင်း(၃၇)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း