book

Index 35

အပိုင်း(၃၅)

💘မှတစ်ပါး.....အခြားမရှိ💘

      

"မီးမီးရေ...မီးမီး.."


ပါးစပ်ကနေ အဆက်မပြတ်ခေါ်သံနှင့်အတူ  တစ်ရှပ်ရှပ်လှမ်းလာသည့် ခြေသံက အခန်းရှေ့မှာ တုံ့ခနဲ ရပ်သွား၏။


သိမ်းပိုက် ကလေးကိုအကျီလဲပေးနေရင်း မျက်မှောင်ကုတ်သွားသည်။အလုပ်ကိစ္စတွေကြောင့် မေ့တေ့တေ့ဖြစ်နေသည့် စိတ်ထဲက မရှင်းမလင်းဖြစ်နေတာတွေအားလုံး ထိုအသံကြားမှ ကသိကအောင့်ဖြစ်လာ၏။ရင်ထဲမှာ အုံဖွဲ့ခြင်းတို့နှင့် မျက်နှာ အလိုလိုတင်းသွားသည်။ သို့သော်..ချင်းချင်းက သူနှင့်ဆန့်ကျင်ကာ ပြုံးရွှင်သွားခဲ့ပြီး..၊


"ဟော!...တီတီ၊ တီတီရေ မီးမီးအကျီလှလှလေးလဲနေလို့ ခဏ.."


မျက်လုံးလေးဝင့်လျက် သူ့ကို ကြည့်ပြီးမှ ဟိုဘက်ကကြားအောင်လည်း လှမ်းအော်လိုက်သေး၏။


"မီးမီးဆင်းမလာသေးလို့ တီတီလာခေါ်တာ၊ အိပ်ပုပ်ကလေး ခုမှနိုးတာလား"


"ကြာပြီ...ဖေကြီးကိုစောင့်နေတာ"


အတွင်းနဲ့အပြင် ကြားအောင်အော်ပြောနေရင်း ကလေးကို အကျီလဲပြီးသွား၏။ 


သူတို့သားအဖ အောက်ဆင်းမလာသေးလို့ သျှင်ယွန်းလာခေါ်တာ။ သမီးအပေါ်မှာ သျှင်ယွန်း ဟိုးအရင်ကတည်းက စေတနာထားအချစ်ပိုတာ သူ အသိဆုံးပါ။ ဒါပေမယ့်..ခြိမ့်နဲ့သမီးကြားမှာ ခုတလော သွေးခွဲစကားတွေပြောလာတာကို သူ မကြိုက်။ ကိုယ်က ဂရုစိုက်လို့မဟုတ်ပေမယ့် ဒီအရွယ်ကလေးတွေက သင်လွယ်တတ်လွယ်မှတ်လွယ်နေတာ..။ 


ခုချိန်အထိ ကလေးက မပြောင်းလဲပေမယ့် နောင်တစ်ချိန်မှာ ဒီအတိုင်းရှိနေလိမ့်မယ်လို့ မပြောနိုင်..။


"မီးမီး ပြီးပြီလား.."


"ပြီးပြီ...လာပြီတီတီရေ.."


ချင်းချင်းက တံခါးဆီပြေးသွားပြီး ဆွဲဖွင့်လိုက်သည်နှင့် တံခါးဝမှာ ရပ်ဆောင့်နေသည့် သျှင်ယွန်း၏အရိပ်က ဘွားခနဲ ပေါ်လာ၏။


"အံမယ်..မီးမီးက တယ်လှနေပါလား၊ အကျီသစ်သစ်တွေနဲ့ ဘယ်သွားမလို့လဲ"


ပြေးထွက်လာသည့် ချင်းချင်းကို ဆီးကြိုရင်း သျှင်ယွန်း အခန်းထဲကိုလည်း တစ်ချက်ဝေ့ခနဲ ကြည့်လိုက်သည်။ သိမ်းပိုက်က အနက်လည်ကတုံးရှပ်ကို ကြယ်သီးအစေ့တပ်၍ အနက်နှင့်အဖြူကွက်စိပ်ချည်ချောပုဆိုးကို သေသပ်စွာဝတ်ထား၏။ အနည်းငယ်ရှည်လာသည့် ဆံပင်တွေကို ဖီးသင်လျက် လက်ထဲမှာ အိတ်တစ်လုံးဆွဲကာ ထွက်လာလျှင်...၊


"နင်တို့သားအဖ ဘယ်သွားကြမလို့လဲ သိမ်းပိုက်၊ ကုမ္ပဏီကို ကလေးခေါ်သွားမလို့လား"


သူ ကုမ္ပဏီသွားတိုင်း လက်ပ်တော့နှင့်စာရွက်စာတန်းတွေထည့်ယူသွားတတ်သည့် အိတ်ကိုပါ ဆွဲထွက်လာတာမို့ သျှင်ယွန်းမေးလိုက်ခြင်းဖြစ်သည်။


"မေကြီးဆီမှာ မီးမီးက ကျန်နေခဲ့မှာ တီတီရဲ့၊ ဖေကြီးက မီးမီးကို မေကြီးတို့အိမ်ဝင်ပို့ပြီးမှ ကုမ္ပဏီသွားမှာ"


ဟုတ်လားလို့တောင် မပြောနိုင်ဘဲ သိမ်းပိုက်ကို ဖျတ်ခနဲ မော့ကြည့်မိ၏။ ထိုအခါ သူကလည်း အကြည့်နှင့် စူးစမ်းသော အကြည့်တွေဆုံသွားကာ..၊


"ဒီနေ့တစ်နေ့လုံး မေကြီးနဲ့အတူတူနေရမှာ တီတီရဲ့၊ ဟိုမှာ ပုစိလေးတွေလည်းရှိတယ်၊တီတီရော မီးမီးတို့နဲ့လိုက်ခဲ့ပါလား ဘေဘီပုစိလေးတွေက ချစ်စရာလေးတွေ၊တီတီမြင်ရင် တီတီလည်းချစ်သွားမှာ"


ချင်းချင်းက သျှင်ယွန်းလက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး မျက်နှာကို မော့ကြည့်ကာ တတွတ်တွတ်ပြောနေပုံက ဝမ်းသာပျော်ရွှင်နေတာ ဖုံးမရဖိမရ။ မျက်ဝန်းလေးတွေထဲမှာပါ ရောင်စဥ်တွေလဲ့ဖြာလျက်..၊


"ဟုတ်လား သိမ်းပိုက်၊ ငါက မီးမီးနဲ့ ဒီနေ့ရှော့ပင်ထွက်မလို့ စိတ်ကူးနေတာ၊ နင်က ကလေးကို အပြင်ခေါ်ထုတ်သွားမလို့ပေါ့"


 သိမ်းပိုက်တံခါးပိတ်နေတာကို ရပ်စောင့်ရင်း သုံးယောက်လုံးအခန်းရှေ့က မခွာဖြစ်သေးဘဲ။


"ခေါ်ထုတ်သွားတယ်ဆိုတာ မကောင်းတဲ့နေရာ ဒါမှမဟုတ် အန္တရာယ်ထဲကနေ ဆွဲခေါ်သွားခြင်းကို သုံးနှုန်းတာပါ၊ ခု ဒီအိမ်က သမီးအတွက် မလုံခြုံတဲ့နေရာတစ်ခုမှ မဟုတ်တာ၊ပြီးတော့ ဟိုဘက်ကလည်း သမီးရဲ့မိသားစု ရိပ်မြုံတစ်ခုပဲလေ၊ ကလေးဆိုတာမျိုးက သင်လွယ်တတ်လွယ်တယ်..ငါ့သမီးကို သွေးထိုး ရိုက်ပုတ်မခံနိုင်ဘူး"


သူ လှည့်မကြည့်ပေမယ့် သျှင်ယွန်းမျက်နှာ ရဲခနဲ ဖြစ်သွား၏။


ကြည့်စမ်း.. ကိုယ့်ကိုတည့်တည့် ပြောလိုက်တာပေါ့..၊ 


"ဘာလဲ....ငါတို့ကို သွေးထိုးပေးနေတယ်လို့ ပြောလိုက်တာလား"


"သမီး... အောက်မှာ ကော်ဖီသွားသောက်နှင့် ဖေကြီးက သမီးတီတီနဲ့  စကားခဏပြောပြီးလိုက်ခဲ့မယ်"


"တီတီနဲ့ ဘာပြောမှာလဲဟင်၊ ဖေကြီးတို့ ရန်မဖြစ်နဲ့နော်"


"မဖြစ်ပါဘူး သမီးရဲ့၊ ခဏလေးဘဲ... ခုချက်ချင်းဆင်းလာခဲ့မယ်၊ ကဲ..ကဲ သွားနှင့်သမီး လှေကားကိုလည်း ဖြည်းဖြည်းဆင်းဦး"


ချင်းချင်းတစ်ယောက် ဖအေနဲ့အဒေါ်လုပ်သူကို တစ်လှည့်စီကြည့်ပြီး အောက်ဆင်းသွား၏။


"ငါ ဘယ်သူ့ကိုမှ မပုတ်ခတ်ချင်ဘူး သျှင်ယွန်း၊ ခြိမ့် သမီးကို မမွေးခဲ့ပေမယ့် ခြိမ့်က သမီးရဲ့အမေဘဲဖြစ်ရမယ်၊ ငါ အတ္တကြီးနေတာ မဟုတ်ဘူး...စိတ်ကူးယဥ်နေတယ်လို့ထင်ရင် သမိုင်းကို ပြန်လှန်ကြည့်လိုက်၊ မိထွေးတိုင်း မယုတ်မာမကောက်ကျစ်ကြဘူးဆိုတာ သိလိမ့်မယ်၊သမီးကလည်း မိခင်မေတ္တာငတ်မွတ်နေတဲ့ကလေး..၊ သူတို့ကြားမှာ ဘာပြဿနာမှ မရှိဘူး၊ ကြားလေတိုးမှာဘဲ ဆိုးတာ...ဒါကို ဂရုစိုက်လို့မဟုတ်ပေမယ့် ဘာအဖုအထစ်မှ မရှိချင်လို့"


ဒီဘက်ကို လှည့်လာပြီး မျက်နှာကို စေ့စေ့ကြည့်၍ ပြောချလိုက်တာ တစ်လုံးချင်း။


ဟိုတုန်းကတည်းက သိမ်းပိုက်ကမ္ဘာဆိုတာ ဘယ်သူ့ကိုမှ အားနာတတ်တာမဟုတ်...ပြောစရာရှိလည်း ဘာမျက်နှာမှ ကြည့်တာ မဟုတ်..ဗြောင်ပြောရဲဆိုရဲခဲ့တာ။အဲဒီတုန်းက နာရမှန်းမသိပေမယ့် ခုချိန်မှာ ကိုယ်က ဒီလိုစိတ်မျိုးမွေးမိလို့လားမသိ..စိတ်ထဲမှာ ဖျင်းခနဲ တင်းခနဲဖြစ်သွား၏။ 


ချင်းချင်းကို မချစ်၍ မဟုတ်...နှိုင်းခြိမ့်ခြိမ့်သာဆိုသော မိန်းမကိုဘဲ ကြည့်မရ ရှုမရနှင့် မျက်မုန်းကျိုးနေသည့်ဖြစ်ရာ..၊


ကိုယ့်ထက်နှာတစ်ဖျားသာသာနေသည့် နှိုင်းခြိမ့်ခြိမ့်သာကို မုန်းတီးခြင်းသည် ကိုကို့ချစ်သူအဖြစ် ကိုကို့ဘေးမှာတွဲမြင်လိုက်သည့် နေ့ကတည်းက စခဲ့တာ...၊ 


ကိုကို့ကိုပိုင်ဆိုင်ခဲ့ရလို့ နိုင်ပြီထင်ခဲ့တာ တကယ်တော့ ကိုယ်က အဲဒီမိန်းမဆီမှာ ရှုံးပြီးရင်းရှုံးနေခြင်းသာ..။တွေးလိုက်တိုင်း တနုံ့နုံ့..။


"သူခိုးကိုလူရိုး...လူရိုးကိုသူခိုးလို ငါ့စကားနွားရမပြောနဲ့ သိမ်းပိုက်၊ချင်းချင်းနဲ့ ငါ ခုမှသိတာမြင်တာမဟုတ်ဘူး၊ နင်ပြောပုံက ချင်းချင်းအပေါ်ထားတဲ့ငါ့စေတနာမေတ္တာကို စော်ကားနေသလိုဘဲ"


"တစ်ခါတစ်လေမှာ စေတနာကနေ ဝေဒနာဖြစ်သွားတတ်ကြလို့ပြောနေတာ၊ ငါ့သမီးကို ချစ်တာမေတ္တာထားတာ ငါသိတယ်၊ အဲဒီကြောင့်လည်း နင်တို့နဲ့ဆို ငါ့သမီးကို ငါစိတ်ချတယ်၊ဒါပေမယ့်... ပြောင်းလဲနေတဲ့လောကကြီးမှာ သမီးရင်ထဲ အနာတရဖြစ်သွားမှာ ငါ မလိုလားဘူး သျှင်ယွန်း၊ သမီး ဘယ်လောက်အထိ မိခင်ကို လိုချင်တောင်းတနေသလဲဆိုတာ နင်တို့ အသိဆုံး..မိထွေးဆိုတဲ့ဝေါဟာရကို မပြောနဲ့မိထွေးဆိုတာတောင်ဘာမှန်းမသိတဲ့ကလေးပါးစပ်က ဒီစကားထွက်လာတာကို ငါ ဘယ်သူ့မှ မဥပါတ်ချင်ဘူး"


​ပြောချင်တာက ဒီထက်ပိုပါ၏။ သို့သော်..သမီးကို ခုချိန်အထိ မေတ္တာမပျက်ခဲ့သော အနွံနာခံတတ်တဲ့သူငယ်ချင်းဖြစ်နေတာရော...ခုချိန်မှာ ကိုကို့ဇနီးကိုယ့်မိသားစုဝင်ဖြစ်နေတာကြောင့်ပါ စကားကို ထိန်းထိန်းသိမ်းသိမ်းပြောနေရသည်။ မိသားစုတွေ သွေးကွဲမဲ့အဖြစ်ကို ကိုယ်ကိုယ်တိုင်က မလိုလားသူမို့...၊


"နင်က သူ့ကို အပြစ်မမြင်နိုင်တာ မဆန်းဘူး၊ ဒါပေမယ့်... ကာယကံရှင်မမြင်နိုင်တဲ့အရာတွေကို ဘေးလူက ပိုမြင်ရတတ်တာ နင်မမေ့နဲ့၊မီးမီးက ငါ့လက်ပေါ်မှာ ကြီးလာတဲ့ကလေး ငါ့တူမငါ့သားသမီးလို ဖြစ်နေတာ၊ ကလေး စိတ်ဆင်းရဲဒုက္ခရောက်မဲ့အဖြစ်ကို မလိုလားလို့ ဝင်ပြောနေရတာဟဲ့ သိလား၊ ချင်းချင်းအပေါ် ငါ သံယောဇဥ်မရှိရင် ဘာမှပြောနေစရာအကြောင်းမရှိဘူးဟဲ့"


"ဟုတ်ပါတယ်...နင် သမီးအပေါ်စေတနာထားပြီးချစ်တာ ငါ သိတယ်၊ သမီးစိတ်ဆင်းရဲရမယ်လို့ ဘယ်သူပြောလဲ"


"ဘယ်ပြောနိုင်မလဲ၊ ငါမြင်ဖူးသမျှ မိထွေးတိုင်းဟာ အစဥ်အဆက်ကောင်းတဲ့သူ ဘယ်သူမှ မရှိသေးဘူး၊ မိထွေးထဲမှာ ကောင်းတာဆိုလို့ ဂေါတမီတစ်ယောက်ဘဲရှိတယ်၊နင့်မိန်းမက သူ့ဝမ်းနဲ့လွယ်မွေးထားတာမဟုတ်တဲ့ ကလေးကို မိခင်ရင်းတစ်ယောက်လို ချစ်နိုင်မယ်လို့ နင်ထင်နေသလား၊ အဟင်း... နင်ကတော့ ဘယ်မြင်မလဲ မွှန်နေတာကိုး.."


သျှင်ယွန်းက သူ့မျက်နှာကို ကြည့်၍ ခပ်မဲ့မဲ့ပြုံးသည်။သူမစကားကို နာကျင်သွားသည့် မျက်နှာမျိုးဖြစ်မသွားခဲ့ဘဲ သိမ်းပိုက့် နှုတ်ခမ်းတွေ ပြုံးလာခဲ့ပြီး...၊


"ခြိမ့်စိတ်ဓာတ်ခြိမ့်သဘောထားက အဲဒီလောက်မသေးသိမ်ဘူး သျှင်ယွန်း၊ မိထွေးနဲ့အတူတူနေခဲ့ရတဲ့ ခြိမ့်နှလုံးသားက နင်ပြောသလို ယုတ်ညံ့မနေဘူးဆိုတာ ငါ ရဲရဲအာမခံနိုင်တယ်၊ သမီးနဲ့ခြိမ့်ကြားမှာ မိဘနဲ့သားသမီးမေတ္တာတွေ အပြန်အလှည်စီးဆင်းနေတာ၊ နင် သံယောဇဥ်ရှိတဲ့ချစ်တဲ့ကလေးကို  ဒဏ်ရာတွေနဲ့ရှင်သန်လာမှာကို နင်လိုလားရင်တော့ လုပ်ကြပေါ့ဟာ၊ ဒါပေမယ့်...နင်တစ်ခုသိလား သျှင်ယွန်း.."


မျက်လုံးချင်းအဆုံမှာ နှစ်ယောက်စလုံး နူးညံ့ခြင်းတွေ ပျောက်ဆုံးနေကြ၏။


"ဘယ်လိုအခြေမျိုးမှာမဆို ငါ့မိသားစုကို အကောင်းဆုံးကာကွယ်သွားမယ်၊ ငါတည်ဆောက်ခဲ့တဲ့ကမ္ဘာကို ဘယ်လိုမုန်တိုင်းမျိုးတိုက်ခတ်တိုက်ခတ် အပြိုလဲမခံနိုင်ဘူး၊နည်းမျိုးစုံနဲ့ ကာကွယ်သွားနေမှာဘဲ၊ အဲဒါဘာကြောင့်လဲဆိုတော့...ငါ့နှလုံးသားငါ့အသက်က ခြိမ့်၊ ငါ့ဘဝငါ့ကမ္ဘာက ငါ့ကလေးတွေဖြစ်နေလို့ဘဲ..."


ကျောခိုင်းထွက်ခွာသွားသည့် ကျောပြင်ကို လိုက်ရင်းနေရင်း သျှင်ယွန်း ခပ်မဲ့မဲ့ဘဲ ပြုံးမိ၏။


ကြည့်ရသေးတာပေါ့ သိမ်းပိုက်...၊ နင့်မိန်းမရဲ့ မျက်နှာဖုံးကိုငါ ရအောင် ဆွဲခွာပြမယ်။


ချင်းချင်းနဲ့နင့်ဘဝထဲမှာ အဲဒီမိန်းမရှိနေတာ တန်ကို မတန်တာ။နင်ကြည်ဖြူနိုင်ပေမယ့် ကိုကို့အချစ်တွေကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ မိန်းမကို သဘောထားကြီးမပေးနိုင်ဘူး။


ကျွန်မ မပိုင်ခဲ့တဲ့အရာတွေကို ရှင်လည်း မရစေရဘူး...၊ ကျွန်မနာကျင်ခံစားရသလို ရှင် ထပ်တူခံစားရပါစေလို့ ကျွန်မကျိန်ဆိုတယ်..။


................................................................


"ဟော!...သွားခေါ်တဲ့သူက ခုမှ ပြန်လာတယ်၊ ဒီမှာ မြေးက စားလို့တောင်ပြီးပြီ"


"တီတီ ဘာလုပ်နေတာလဲ၊ ကြာလိုက်တာ.."


ထမင်းစားခန်းထဲမှာ လူစုံနေပြီ။ ဦးပိုင်ဦးက ထိပ်ဆုံးစားပွဲမှာထိုင်ပြီး ထုံးစံအတိုင်းသတင်းစာတစ်စောင်နှင့်။ညာဘက်မှာ ဒေါ်မြင့်မိုရ်ခန့်၊ သူမဘေးမှာ ချင်းချင်းက သူ့အတွက်သီးသန့်လုပ်ထားသည့် ခုံမြင့်လေးမှာထိုင်ပြီး သူမဝင်လာတာမြင်ပြီး လှမ်းပြောလိုက်တော့ တည်ကြည်ခန့်ညားက လှည့်ကြည့်၏။သူက ဦးပိုင်ဦး၏ ဘယ်ဘက်ဘေးမှာ ထိုင်ပြီး ပေါင်မုန့်မီးကင်တစ်ခုကို အေးဆေးစားနေသည်။


သိမ်းပိုက်ကို လှမ်းကြည့်လိုက်တော့ ကော်ဖီကို အေးအေးဆေးဆေးသောက်နေကာ သူမဘက်ကို တစ်ချက်တောင်မော့ကြည့်ဖော်မရ။ သျှင်ယွန်း မျက်နှာကို အချိုသာဆုံးပြုံးလိုက်ရင်း..၊


"သြော်!...တီတီ ဖုန်းပြောနေလို့ မီးမီးရဲ့၊ ကြည့်စမ်း..မီးမီးက စားလို့တောင်ပြီးပြီ"


"ပြီးမှာပေါ့ အဖေနောက်လိုက်ရမယ်ဆိုတာနဲ့ ပျော်မြူးနေတာ၊ ဟွန့်...ဘာတွေများ ကောင်းနေလဲ မသိဘူး"


လက်ထဲက ကော်ဖီခွက်ကို ပြန်ချပြီး ဒေါ်မြင့်မိုရ်ခန့်က မျက်နှာတည်တည်နှင့်  ဆိုလျှင်...၊


"သူ့မိဘနဲ့သူ့သားသမီး..သွားပါစေပေါ့၊ဒီအရွယ်ကလေးတွေဆိုတာ မိဘရင်ခွင်ရိပ်အောက်မှာဘဲ နေချင်ကြတာ၊ အလုပ်တွေကြားထဲကနေ ကလေးအတွက် အချိန်ပေးတာ ကောင်းတယ် သားငယ်၊ သွားကြ..သွားကြ.."


ဦးပိုင်ဦး ကိုယ့်ဇနီးအကြောင်း ကိုယ်သိနေသဖြင့် သားငယ်ဘက်ကနေ ဝင်ပြောလိုက်ခြင်းဖြစ်သည်။


"ဒီလောက်အလုပ်တွေများနေတဲ့သူက ကလေးကို ဘယ်လိုကြည့်မလဲ၊ မသိရင်ခက်မယ်...ငါ့မြေးကို ကြုံရာကျပမ်းသွားထိုးထားဦးမှာ"


သိမ်းပိုက် စောစောစီးစီး မိခင်နှင့် အချင်းမများချင်သဖြင့် ခုံကနေ ထရပ်လိုက်ပြီး...၊


"သမီးပြီးရင်သွားကြမယ်...ဖေဖေ သားသွားပြီ"


"အေးအေး...မြေးလေး တာ့တာ၊ ပြန်ရင် ဘိုးဘိုးဖို့ မုန့်ဝယ်လာခဲ့ဦး"


"ဝယ်ခဲ့မှာပေါ့ ဘိုးဘိုးရဲ့၊ တာ့တာနော် ဘွားဘွားရော လေးလေးရော တီတီရော တာ့တာနော် ညနေမီးမီးပြန်လာရင် မုန့်တွေ များကြီးဝယ်လာခဲ့မယ်နော်"


"အလည်မလေး..ကျုပ်တို့ဝယ်မကျွေးရရင်ဘဲ တော်ပါပြီ"


ဒေါ်မြင့်မိုရ်ခန့် မဲ့ရွဲ့ပြီး ဘယ်လိုပြောနေနေ နောက်ဆုံးကျ မျက်နှာကြီး ပြုံးရွှင်သွားသည်သာ။ အသက်အရွယ်ကြီးရင့်လာသော လူကြီးတွေအတွက် မြေးတွေနဲ့တွေ့ရင် ကလေးတွေလို ပြန်လည်နုပျိုသွားရသည် မဟုတ်ပါလား။


သိမ်းပိုက် သမီးလက်ကို ဆွဲပြီး ကားဆီလျှောက်ရင်း ကားသော့ကျန်ခဲ့တာ သွားသတိရ၏။


"သမီး ကားထဲမှာ ထိုင်နေဦးနော်၊ဖေကြီးကားသော့သွားပြန်ယူဦးမယ်"


"ဖေကြီးကလည်း သွားကာနီးဆို အဲလိုကြီးပဲ၊ မလောပါနဲ့ မေကြီးကိုတွေ့ရတော့မှာပါ"


"အဟ...အဲလိုပဲကွ၊ သမီးမေကြီးနဲ့ပက်သက်ရင် ဖေကြီး လောကကြီးတစ်ခုလုံးကိုတောင်မေ့နေတယ်"


သူ ရှက်ရယ်ရယ်တော့ သမီးကပါ လိုက်ရယ်ပြီး..၊


"လောကကြီးကို မေ့ချင်မေ့ပါ မီးမီးရယ်မေကြီးရယ် မောင်လေးညီမလေးရယ်တော့ မမေ့ပါနဲ့"


 စကားတတ်သည့် သမီးကို ချစ်စနိုးခေါင်းလေးပုတ်လိုက်မိ၏။


"မေ့စရာလားကွ...ကျန်တာတွေမေ့ချင်မေ့မယ် ဖေကြီးရဲ့အသက်လေးတွေကို မေ့လို့ဘယ်ဖြစ်မလဲကွ၊ ခဏနော် သမီး...ဖေကြီး ခုပြန်လာမယ်"


"ဟုတ် ဖေကြီး.."


သျှင်ယွန်း ရုတ်တရက်ရောက်လာတော့ ကားသော့ယူဖို့ မေ့သွားခြင်းသာ။ ဖုန်းကတော့ ခါးမှ ထိုးထားလို့ ပါလာ၏။


ဒုတိယထပ်ဆီပြေးတက်လာတော့ ထမင်းစားခန်းထဲက ထွက်လာသည့် တည်ကြည်တို့နှင့်သွားဆုံသည်။ 


သူရဲ့ကသုတ်ကယက်ပုံကို ကြည့်ပြီး တည်ကြည်က...၊


"ဘာကျန်ခဲ့လို့လဲ.. "


"ကားသော့ကျန်ခဲ့လို့"


သူ ဒီလောက်ပဲ ပြန်ပြောနိုင်၏။ အပေါ်ထပ်ကို တဒိုင်းဒိုင်းပြေးတက်သွားတာကို ကြည့်ပြီး နောက်ပါးကနေ သျှင်ယွန်းက ခပ်မဲ့မဲ့နှင့်...၊


"ဘာတွေ ဒီလောက်တောင် ပြာယာခတ်နေသလဲ မသိဘူး၊ နောက်ဆို ခါးပုဆိုးတောင်ရှိပါ့မလား ပြောကိုမပြောချင်ဘူး ဟွန့်.."


တည်ကြည် သျှင်ယွန်းကို ငဲ့ကြည့်ကာ..၊


"သူလည်း သူ့အကြောင်းနဲ့သူပေါ့ကွာ.."


ဘာအကြောင်းလဲ...မသိရင်ခက်မယ်၊ အဲဒီမိန်းမမျက်နှာကို ဖူးတွေ့ဖို့ ဒီလောက်ပြာယာခတ်နေတာ..၊ဘုန်းကလည်းကြီးပါ့..။


စိတ်ထဲကနေ ပြစ်ပြစ်နှစ်နှစ်ဝေဖန်နေတာ အပြင်မှာ နှုတ်ခမ်းတွေတွန့်မျက်ခုံးတွေကွေးနှင့်။ ပြီးမှ တည်ကြည့်ကို သတိရကာ လှည့်ကြည့်တော့ ပိတ်သွားသည့် အခန်းတံခါးရှပ်ခနဲပိတ်ကာ သူက အခန်းထဲ ဝင်ရောက်သွား၏။ 


ထိုအခါမှ ဆေးခန်းသွားတော့မည့် ခင်ပွန်းနောက်ကို ခပ်သွက်သွက်လေး ဝင်လိုက်သွားရသည့် အဖြစ်။


သိမ်းပိုက် ကားသော့ကို ယူပြီး လှည့်အထွက် ဖုန်းက ရုတ်တရက်မြည်လာသည်။


"ကျစ်!...ဘယ်သူလဲ"


ခါးက ဖုန်းကို ယူပြီးကြည့်လိုက်မှ ခြိမ့်တို့ အိမ်ဖုန်းဖြစ်နေ၏။ သူ ကပြာကယာဖွင့်နားထောင်လိုက်မိသည်။


"ဟဲလို.."


"သိမ်းပိုက်လား.."


"ဗျာ!..မမ ခြိမ့် ခြိမ့်ဘာဖြစ်လို့လဲ"


တစ်ဖက်က ရှင်းမိန့်မိန့်ခန့်အသံက အလောတကြီးနိုင်နေသဖြင့် ပူထူကာ အလောတကြီး ပြန်မေးမိသည်။


"ခြိမ့်ဘာမှ မဖြစ်ဘူး၊ မီးငယ်ကိုယ်ပူပြီး ဂျီကျနေလို့ မင်းဆရာဝန်ပင့်ပြီး အိမ်ကို အမြန်လာခဲ့စမ်းပါ၊ ဒီမှာ ကိုကြီးလည်း မရှိဘူး၊ ကလေးတွေငိုနေတာနဲ့ တို့လည်း စိတ်ညစ်ပြီး ဘာလုပ်ရဘာကိုင်ရမှန်းမသိတော့ဘူး"


"ဟုတ်လား..မီးငယ်အရမ်းပူနေသလား မမ၊ ကျွန်တော် ခုချက်ချင်းလာခဲ့မယ်.."


ဖုန်းချပြီး အခန်းထဲကနေ ပြေးထွက်လာမိတာ သမီးငယ်အတွက် ပူပင်စိတ်တပွေ့တပိုက်နှင့်။


တံခါးပိတ်ဖို့ပင် သတိမရ...၊ထိုသို့မေ့လျော့ခြင်းသည်..သူ့အတွက်...၊


................................................................


နေ့လည်စာစားပြီးသွားတော့ တစ်ယောက်တည်းပျင်းနေတာနဲ့ သျှင်ယွန်း တတိယထပ်ကို တက်လာခဲ့သည်။ အပေါ်ဆုံးထပ်ဝရန်တာမှာ အပင်တွေ စိုက်ထားသဖြင့် အပန်းဖြေစရာနေရာလေး တစ်ခုဆိုလည်း မမှား။


တတိယထပ်ရောက်တော့ သိမ်းပိုက်အခန်းဘက် ဝေ့ကြည့်လိုက်တာ ဘာရယ်မဟုတ်။ 


ဟင်!...တံခါးလည်း ပိတ်မသွားပါလား။


မရည်ရွယ်ဘဲ အခန်းထဲကို ဝင်လိုက်မိသည်။ အထဲရောက်မှ စပ်စုချင်စိတ်နှင့် အခန်းထဲ ဝေ့ဝဲရှာရင်း အံဆွဲတွေကို လျှောက်ဖွင့်ကြည့်ရင်း နေ့လည်က မန္တလေးကဖုန်းဝင်လာတာကို သွားသတိရ၏။


ဖုန်းကိုင်တာက ကိုယ်ကိုယ်တိုင်မို့ ခု သူမအနားမှာ လာကပ်ပြောနေသည့်အတိုင်း..၊


"မြင့်မိုရ်တို့မောင်ပိုင်တို့ ဘယ်ရောက်နေကြလဲ မြေး၊ ဒီမှာ ဘွားကတော့ ဖိတ်စာတွေတောင်ရိုက်ပြီးနေပြီ၊ ဒီလဆန်းလောက် လာခဲ့ကြဖို့ လှမ်းပြောတာ၊ မြေးကြီးရော ဆေးရုံဆေးခန်းတွေနဲ့ အလုပ်ရှုပ်နေတာ ကလေးယူဖို့လည်း စဥ်းစားပါဦး၊ ဟိုအငယ်က ခြေသွက်လက်သွက်ဘယ်လောက်ရှိလိုက်သလဲ၊ ဘွားကတော့ ဘွားကတိအတိုင်း ဘွားမွေးနေ့မှာ မဂ်လာသတင်းသယ်ဆောင်လာပေးတဲ့ သူကို ပြန်ပြီးချီးမြှင့်ဖို့လုပ်ထားပြီးပြီ၊ မြေးမကြီးရော ဘွားအတွက်သတင်းကောင်းမရှိဘူးလား၊ ရှေ့လထဲကျမှနော်..ကြားထဲမှာ သတင်းကောင်းကြားဖို့ရှိရင် သိမ်းပိုက်တစ်ယောက်တည်း ရမဲ့လက်ဆောင်ကို ညီအစ်ကိုတွေ အတူတူရနိုင်တယ်နော်၊ ဘယ်လိုလဲ မြေး.."


ဘွားဘာကို ဆိုလိုသလဲ သျှင်ယွန်းနားလည်သည်။ နားလည်လို့လဲ..အခဲမကျေနိုင်ပါ။ ဒီအချိန်အထိ ကိုယ့်အခြေအနေက ထူးခြားမလာသေးတာ ကိုယ်အသိဆုံး။


ပြိုင်ဘက်ကို အလဲအကွဲနှင့် အရှုံးမပေးချင်..၊


"မြေးငယ်ကို ဖုန်းပြန်ဆက်ဦးလို့ ဘွားကမှာတယ်လို့ ပြောလိုက်စမ်းပါကွယ်၊ ကလေးတွေလည်း လွမ်းလှပြီ...မြေးတို့လာရင် မြေးငယ်လေးတို့မိသားစုပါ ခေါ်ခဲ့ဖို့ မမေ့နဲ့ဦး ကြားလား၊ မြေးကြီးကိုလည်း အလုပ်လေးများအားရင် ဘွားကို ဖုန်းလေးဘာလေးပြန်ဆက်ပါဦးလို့...ဘွားအေကို ဖုန်းဆက်လို့ ငရဲမကြီးပါဘူးလို့ ပြောလိုက်စမ်းပါ"


ဘယ်မှာလဲ...ပြောသွားသမျှ ထိုမိန်းမအကြောင်းတွေချည်း..။ သီးခံနားထောင်နေခဲ့ရတာကိုက ကိုယ့်အတွက် ငရဲကျနေတဲ့အတိုင်း။


ကိုယ်မရတဲ့အရာတွေ သူကရနေတာ တရားသလား..၊ ဒီအတိုင်းတော့ လက်ပိုက်ကြည့်မနေနိုင်ပါ။ 


ဒီမွေးနေ့မှာ သူတို့ကို အမွေတွေလွှဲပေးဖို့ စီစဥ်နေတာ အားလုံးသိထားပြီးသားကိစ္စ။ ဒါပေမယ့်...လွှဲအပ်မဲ့သူက လက်မခံရင် ဘာတတ်နိုင်မလဲ။ 


"ဟော!...တွေ့ပြီ..."


ဗီရိုကို ပြန်ပိတ်ပြီး သျှင်ယွန်း လက်ထဲက စာရွက်ကို ကိုင်ကာ အားပါးတရ ပြုံးလိုက်မိ၏။


နင်တည်ဆောက်ခဲ့တဲ့ ကမ္ဘာက သဲအိမ်ဆိုတော့ ခြေနှုတ်လိုက်တာနဲ့ ပြိုကျသွားမှာ မမေ့နဲ့ သိမ်းပိုက်....၊


................................................................


"ဖြန်း!....ဖြန်း!...."


"ခြိမ့်!...."


ပါးနှစ်ဖက်ကို ယောင်ရမ်းကိုင်လိုက်မိတာ ပူထူကြိမ်းစပ်သွားလို့ထက် အံ့သြလွန်းလို့...၊


"အောက်တန်းစား...ငါ့သားသမီးတွေတော့ မရဘူး၊ နင်နဲ့ တန်တာ ဒါပဲ...ကဲ.."


"နေဦး ခြိမ့်...ဘာကြောင့် မောင့်ကို ရိုက်ရတာလဲ၊ အကြောင်းအရင်း မသိဘဲ ဘလိုင်းကြီး အရိုက်မခံနိုင်ဘူး၊ မောင် အမှားလုပ်မိရင် မင်းကျေနပ်တဲ့အထိရိုက်၊ ခု ဘာဖြစ်တာလဲ ပြော...မောင် ဘာလုပ်လို့လဲ"


"နင်ရဲ့လောဘအတ္တတွေရဲ့ ချို့ယွင်းချက်တွေအတွက် ငါ့ရင်သွေးတွေကို ချနင်းဖို့ မကြိုးစားနဲ့၊ ငါ သားဖောက်စက်မဟုတ်ဘူး"


အပိုင်း(၃၆)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: