book

Index 34

အပိုင်း(၃၄)

💘မှတစ်ပါး....အခြားမရှိ💘


ဘဝတစ်ဆစ်ချိုးတဲ့..၊


ပြောင်းလဲခဲ့သော ဘဝတစ်ဆစ်ချိုးသည် ခြိမ့်အတွက်တော့ ရှုံးနိမ့်ခြင်းပန်းတိုင်မှာ ပန်းဝင်ခဲ့ခြင်းမျိုး။တစ်သက်လုံးခြေမချတော့ပါဘူးလို့ ကြွေးကြော်ပြီးထွက်လာပြီးမှ သူမအဖြစ်က သည်အရိပ်သည်နေရာကိုဘဲ ပြန်ရောက်ခဲ့ရ၏။


ခြိမ့်ကိုယ်တိုင် ကျန်းမာတာရော ကလေးတွေကလည်း ရောဂါကင်းရှင်း၍ ဆေးရုံမှာ လေးငါးရက်လောက်ဘဲနေခဲ့ရသည်။ဆေးရုံတက်နေသည့် တစ်လျှောက်လုံး ဒက်ဒီ၊ ကိုလေးနဲ့ ရှင်းမိန့်မိန့်ခန့်တို့တစ်လှည့်စီရှိနေသလို သူ့ဘက်က ဘွားဘွား၊သူ့အဖေနဲ့ တည်ကြည်တို့တစ်လျှောက်လုံး ဂရုစိုက်ကြသည့် ဖြစ်ခြင်း။


နှစ်ဖက်အသိုင်းအဝိုင်းက လူတွေကြားမှာ ကလေးတွေ လက်ကမချ..၊ ဆေးရုံဆင်းရတော့ ဒက်ဒီက တစ်ချက်လွှတ်အမိန့်ချ၏။ခြိမ့် သူခေါ်ရာနောက်လိုက်နေရမည်တဲ့...ဒီလိုမှမဟုတ်ရင် အိမ်ပြန်လိုက်ခဲ့တဲ့..။


ဒီတော့ ခြိမ့်ကလည်း ပြောင်ပြောင်တင်းတင်းပင် ဒက်ဒီတို့နောက် ပြန်လိုက်ခဲ့သည်။


ဒင်းနဲ့တော့ မနေချင်..၊


သူနဲ့လိုက်မနေချင်လို့သာ ဒက်ဒီတို့နဲ့ပြန်နေတာ သိပ်တော့ မထူးပါ။ ကလေးအကြောင်းပြပြီး တစ်နေ့တစ်ခေါက်အမြဲရောက်လာတတ်သည်။သူ့ဘက်က ထင်မှတ်မထားလောက်အောင် အောက်ကျို့ကာ ခြိမ့်ကို ပြန်ချော့နေတာ သိပါသည်။သို့သော် ရင်ထဲမှာ ဒဏ်ရာက အစိမ်းအတိုင်းမို့ သူ ချော့တာလည်း မသာယာမိ၊ သူကြင်နာသမျှ သူမအတွက် ဝေဒနာချည်းသာ။


ပြန်ပေါင်းကြဖို့ကို လူကြီးတွေက တိုက်ရိုက်တစ်မျိုး၊သွယ်ဝိုက်နည်းတဖုံ အမျိုးမျိုးပြောဆိုဖြောင်းဖျကြသည်။ 


"မြေးစိတ်ချမ်းသာသလို ဆုံးဖြတ်ပါကွယ်၊ ဘွားတို့ကတော့ ဒီမြစ်လေးတွေနဲ့မြေးမလေးကို ချစ်နေရရင်ပြီးတာပါဘဲ၊ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာမှာတော့ ဘာတတ်နိုင်မှာလဲ၊ကာယကံရှင်တွေ သဘောအတိုင်းပေါ့ကွယ်၊ ငါ့ကလေးတွေနဲ့မြေးမလေးအတွက်ဘဲ ငါ စိတ်မကောင်းတာ ဟိုကောင်လူမိုက် ...ခုတော့ မိန်းမလည်းမပိုင်..ကလေးတွေလည်း ပိုင်ပိုင်ပိုက်ထွေးခွင့်မရနဲ့၊ ခုမှ မျောက်မီးခဲကိုင်မိသလို ဖြစ်နေတာ၊ နေပါစေ...ဒါမှ နောင်ကျဥ်မှာ.."တဲ့။ အပြစ်တင်သံတစ်ဝက် စိတ်ပျက်အားလျော့သံတစ်ဝက်နှင့် ဘွားဘွားလည်း လက်လျော့သွားခဲ့တာပင်။


ဒက်ဒီ့ကျတော့ သူ့ကိုသိသိသာသာ ချီးကျူးလျက် သူ့ဘက်တော်သား။


"ကိုယ့်စိတ်ကြိုက်ကိုယ့်သဘောနဲ့ လုပ်ခဲ့ကြတုန်းကလည်း ဘယ်မိဘဘယ်အသိုင်းအဝိုင်းသိခဲ့လို့လဲ၊ ဆူးပေါ်ဖက်ကျလို့ဘဲဖြစ်ဖြစ် ဖက်ပေါ်ဆူးကျလို့ပဲ ဆိုဆို ကိုယ့်ဘက်က နစ်နာတာချည်းဘဲ၊ အေး..ယောကျ်ားလည်း မနစ်နာဘူးလားဆိုတော့ ယောကျ်ားအလျှောက်နစ်နာတာဘဲ သမီး၊ ခုဆို သူ့အမှားသူသိလို့ သမီးကို ပြန်ပေးဆပ်နေတာဘဲ မဟုတ်လား၊ သိမ်းပိုက်ကမ္ဘာနဲ့ ဒက်ဒီ ဟိုတုန်းကတည်းက သိတယ်၊ ကံကောင်းတယ်ဆိုရမလား  ထက်ထက်မြက်မြက်နဲ့ လုပ်သမျှဖြစ်တဲ့ကောင်လေး၊ဟော့ဟော့ရမ်းရမ်းလည်း မဟုတ်ဘူး၊ ကိုယ့်သားအရွယ်ပေမယ့် ဒက်ဒီတို့ထက်ကွက်ကျော်မြင်တယ် လူငယ်ပေမယ့်  ဒက်ဒီတို့လောကထဲမှာ သူ့အစွမ်းအစက လေးစားစရာ"


ကိုလေးကျတော့ အကောင်းအဆိုး ဘာမှ မဝေဖန်ပေမယ့် အစောကြီးကတည်းက သူ့လူသူ့ဘက်သား..။ခုချိန်မှာ ခြိမ့်ဘက်မှာ ဘယ်သူမှ မရှိ။မုန်းစရာကောင်းတဲ့ သူ့ကို မုန်းမဲ့နာကြည်းမဲ့သူမရှိဘဲ အားလုံးက သူ့ကိုဆို ဖေးဖေးမမနှင့်။


ဟန်သာကလည်း ဘာထူးသေးလဲ။ကလေးတွေမျက်နှာထောက်ပြီး ပြန်ပေါင်းဖို့ချည်းတိုက်တွန်းလွန်းလို့..။


ဒီကြားထဲ ရှင်းမိန့်မိန့်ခန့်နှင့် သူတို့မိသားစုက ဘာတွေလဲသာ မသိတယ်။ပက်သက်မှုကတော့ တစ်နည်းနည်းနဲ့ရှိကို ရှိနေတာ..။ဆေးရုံမှာကတည်းက သူတို့အခြေအနေကို ရိပ်မိပေမယ့် ထုတ်မေးဖို့လည်း စိတ်မကူး။ 


တစ်ယောက်နဲ့တစ်ယောက် ရိုးသားပုံရပေမယ့် ခြိမ့်စိတ်ထဲမှာ ခိုးလိုးခုလုနှင့်..။ဘယ်လောက်ကြီး မလိုလားဟန်ပြပြ ရှင်းမိန့်မိန့်ခန့်က ကလေးဝေယျာဝစ္စကအစ မငြိုမငြင်လုပ်ကိုင်ပေးတတ်သည်။ခုလည်း ကလေးအနှီးတွေကို မီးပူကိုယ်တိုင်တိုက်ပေးနေသည်။


ပြေလည်သွားတာ မဟုတ်ပေမယ့် ခြိမ့်နဲ့ရှင်းမိန့်မိန့်ခန့်ကြားမှာ အရင်လိုဆက်ဆံရေးမျိုးမဟုတ်တော့။


အတွေးစတွေကို ဖြတ်တောက်ရင်း 

ခြိမ့် နာ့စ်လေးရဲ့အကူအညီနဲ့ ကလေးတွေကို ပုခက်ထဲ ထည့်သိပ်လိုက်သည်။ထိုစဥ် မီးပူတိုက်ပြီးသွားသော အနှီးတစ်ထပ်ကြီးကို ကိုင်ကာ ရှင်းမိန့်မိန့်ခန့်က အခန်းထဲ ဝင်လိုက်ပြီး..၊


"ကလေးတွေ အိပ်သွားပြီလား"


"ခုပဲ အိပ်သွားတာ"


ခြိမ့်အစား နာ့စ်လေးက ဝင်ဖြေသည်။ အသားဖြူဖြူတောင့်တောင့်ဖြောင့်ဖြောင့်လေးနှင့် ခင်မာလာဆိုသော နာ့စ်လေးက မိန်းမချောလေးတစ်ယောက်ပင်။စိတ်ရှည်ရှည်နှင့် သဘောမနောလေးလည်း မဆိုးသဖြင့် ခြိမ့်တို့တစ်အိမ်သားလုံးနှင့် မိသားစုသဖွယ်ဖြစ်နေသည်။


"မာလာ မမနဲ့ထမင်းသွားစားရအောင်၊ ကလေးတွေလည်းအိပ်ပြီဆိုတော့ ခြိမ့်လည်း တရေးလောက်အိပ်ချင်အိပ်လိုက်လေ"


မိန့် ကလေးပုခက်နားမှာ ရပ်နေသည့် ခြိမ့်ကိုပါ တစ်ဆက်တည်းလှမ်းပြောလိုက်သည်။အနှီးတွေကို  အဖုံးပါသည့်ပုံးထဲ သွားထည့်ပြီးမှ ဒီဘက်ပြန်လျှောက်လာကာ..၊


"အမွှာတွေက နို့အရမ်းဆို့တော့ ခြိမ့်အားရှိမှ ဖြစ်မယ်၊ သူတို့အိပ်တုန်း ကိုယ်လည်းအိပ်ထား၊ ညဘက်လည်း အိပ်ရေးပျက်နဲ့"


"ဟင်းချိုဟင်းခါး များများသောက်ခိုင်း မမရေ၊ ဘေဘီလေးတွေက ခုထဲက စားလုံးသောက်လုံးကြီးလေးတွေ"


ဒက်ဒီလည်း ကုမ္ပဏီသွား..ကိုလေးတို့လည်း အလုပ်ချိန်မို့ ဒီအချိန်ဆို အိမ်မှာ လူရှင်းနေတတ်သည်။ ညနေရုံးဆင်းတာနဲ့ ကိုလေးကလည်းကုမ္ပဏီကနေ ဒီကို တန်းရောက်ချလာတတ်၏။ဟိုတစ်ယောက်ကတော့ ဆိုဖွယ်ရာမရှိတော့..။အို..သူ့အကြောင်း မပြောချင်ပါဘူး။


"အချိန်မနည်းတော့ဘူး ဆရာမ.. ထမင်းသွားစားကြပါ၊ကလေးတွေအိပ်တုန်း ခြိမ့်လည်း အိပ်ဦးမယ်၊ အပြင်ကနေဘဲ တံခါးလေးပိတ်သွားပေးနော်"


ခုတင်ပေါ် တက်လှဲအိပ်ရင်း ခြိမ့် လှမ်းပြောလိုက်သည်။


"ဒီနေ့ ကလေးတို့အဖေ လာတာတောင်မတွေ့ဘူးနော်၊ သူဌေးကိုမြင်လိုက်ရင် အမြဲပြေးလွှားနေရတာဘဲ"


"လာပါလိမ့်မယ်...ညနေလောက်ဆို အပြေးအလွှား၊ ထမင်းတောင် မတ်တပ်စားရတဲ့ကောင်က အလုပ်တွေ အဲဒီလောက် မနိုင်မနင်းဖြစ်နေတဲ့ကြားက ကလေးတွေဆီတော့ တစ်နေ့တစ်ခေါက် အမြဲရောက်တယ် မာလာရေ"


စကားသံတွေ တစ်စွန်းတစနှင့် ဝေးသွား၏။ ခြိမ့် မျက်လုံးမှိတ်ငြိမ်သက်နေမိသည်။


ကိုယ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖွင့်လှစ်ဖို့ လုံးပမ်းနေသည့် အကြောင်းကို ဒက်ဒီနှင့်ပြောနေတာ ခြိမ့်ကြားခဲ့ပြီးပြီ။ ကိုယ်ကြားအောင် တမင်ပြောနေတာမဟုတ်ဘဲ..ဒက်ဒီမေးတာကို သူပြန်ဖြေနေတုန်း ခြိမ့် အမှတ်တမဲ့နားထောင်လိုက်မိခြင်းပင်။


အစောကြီးကတည်းက ရှိသည့် လုပ်ငန်းတွေရော သူ့အဖေရဲ့လုပ်ငန်းတွေအပြင် နောက်ထပ်ကိုယ်ပိုင်ကုမ္ပဏီတစ်ခုချဲ့ထွင်ဖို့ပြင်ဆင်နေသည့် သူ့ကို "တကယ် အလုပ်ကို လောဘတစ်ကြီးနဲ့ လုပ်လည်းလုပ်နိုင်တဲ့ကောင်၊ အေးလေ..သူလုပ်သမျှကလည်း မဖြစ်ဘူးဆိုတာ မရှိအောင် အောင်မြင်နေတာကိုး"ဆိုပြီး ဒက်ဒီကတော့ ချီးကျူးလို့ မဆုံး..။ 


သူ့ဘာသာ ဘာကြီးဖြစ်နေနေ ခြိမ့်ကတော့ အထင်မကြီး..။ အဲဒီပညာတွေနဲ့ အနိုင်ယူခဲ့တာ..ကိုယ့်ဘက်က ရှုံးနိမ့်ခဲ့ရတာ ဘယ်တော့မှ မမေ့။


သူ့အကြောင်းတွေချည်းဘဲ တွေးနေမိသည့် ကိုယ့်ကိုယ်ကို ဒေါသဖြစ်ရင်း သူမ အိပ်ပျော်အောင်ကြိုးစားလိုက်သည်။တဖြည်းဖြည်း မျက်ခွံတွေ လေးလံလာလျက် အိပ်ပျော်ခြင်းနောက်သို့ ကောက်ကောက်ပါသွားခဲ့လေသည်။


.................................................................


ဒီအချိန်ဆို ခြိမ့်များ အိပ်နေမလား...၊


ခြိမ့်စောင့်ကြီး ဖွင့်ပေးသည့် တံခါးကနေ အိမ်ဘက်ဆီ မောင်းလာရင်း တွေးမိသည်။


ခြိမ့်နဲ့ကလေးတွေ မျက်နှာ မြင်ရရင်ဘဲ တော်ပါပြီ..၊


မနက်က မရောက်ဖြစ်တာနဲ့ပဲ သူ့မှာ တစ်ကမ္ဘာလောက်ထင်နေခဲ့တာ။အခါတိုင်းဆို မိုးလင်းတာနဲ့ ပြေးလာ ပြီးမှ အလုပ်ဆီသွား..ပြန်လာနဲ့ ဒီကို တန်းဝင် မိုးချုပ်မှ မပြန်ချင်ပြန်ချင်နဲ့ ပြန်ခဲ့ရတာ။


ဒီမနက်တော့ စက်ာပူက ရုံးခွဲကို အရေးတကြီး မေးလ်ပို့စရာရှိတာရော..ဘဏ်ကိုပြေးရ..စက်ရုံပြေးရနဲ့ နေ့လည်စာတောင် မစားဘဲ အားတုန်းလေး ပြေးလာခဲ့ခြင်းပင်။


ဘယ်လောက်ပဲ အလုပ်တွေ ပင်ပန်းပါစေ ခြိမ့်နဲ့ကလေးတွေ မျက်နှာ မြင်လိုက်တာနဲ့ အမောတွေအားလုံး လွင့်စင်သွားခဲ့သည်သာ။


ပေါ်တီကိုအောက်မှာ ကားထိုးရပ်ပြီး သူ ကားပေါ်ကနေ ကသုတ်ကယက်ဆင်းလိုက်သည်။ ဧည့်ခန်းထဲကို လှမ်းကြည့်တော့ ဘယ်သူမှ မမြင်။ 


"အိပ်များနေပြီလား မသိဘူး"


တစ်ယောက်တည်း ရေရွတ်ရင်း ဟိုကြည့်ဒီကြည့်နှင့် ဧည့်ခန်းထဲ လှမ်းဝင်လာတော့ ထမင်းစားခန်းထဲက ထွက်လာသည့် ရှင်းမိန့်မိန့်ခန့်တို့နှင့် သွားဆုံသည်။


"ဟော...လာပါပြီ ကလေးအဖေကြီး၊ ခုမှ ရေးကြီးသုတ်ပြာနဲ့"


"ခြိမ့်နဲ့ကလေးတွေ အခန်းထဲမှာလား"


ပြုံးစိစိနှင့် မိန့်ကို အလောတကြီး မေးလိုက်မိ၏။


"ဟုတ်တယ်..ကလေးတွေကတော့ အိပ်နေပြီ၊ ခြိမ့်လည်း အိပ်မလို့ပြောတာဘဲ ခုလောက်ဆို အိပ်များနေပလားမသိဘူး"


"အလုပ်တွေက ဘယ်လိုမှ ပစ်ထားလို့မရလို့ မနက်က မလာဖြစ်တာ၊ သားနဲ့သမီးကို လွမ်းနေပြီ..အပေါ်သွားကြည့်လိုက်ဦးမယ်"


"မင်းမလဲ ဒုက္ခ...၊ အလုပ်ဆီပြေးလိုက် သားမယားဆီပြေးရနဲ့.. နေ့လည်စာရော စားပြီးတာဟုတ်ရဲ့လား"


"ထမင်းစားချိန် အားတုန်းလေး ပြေးလာတာ ဘယ်က စားရဦးမလဲ၊ ဆရာမရော စားပြီးပြီလား"


"မာလာတို့ခုပဲ စားပြီးတာ.."


"ကဲ..သိမ်းပိုက် ဒီမှာ စားသွား၊ တော်ကြာ ရောဂါဖြစ်နေဦးမယ်၊ မင်းရောက်တုန်း မာလာနဲ့ စျေးသွားဝယ်ဦးမယ်၊ တို့ ပြန်လာမှ ပြန်"


"တအားကြီးကြာလို့တော့ မရဘူးနော်၊ ကျွန်တော် ကုမ္ပဏီပြန်သွားရဦးမယ်"


"မကြာပါဘူး ဒီနားက မားကတ်တင်ပါ တစ်နာရီလောက်​တော့ နင် အချိန်ရတယ်မို့လား"


"အဲဒီလောက်တော့ရတယ်၊ ကလေးတွေဆီ သွားလိုက်ဦးမယ်ဗျာ၊ ခြိမ့်ကတော့ အော်ထုတ်မလား မပြောတတ်ဘူး"


ရယ်ကျဲကျဲနှင့်ပြောပြီး သူ အပေါ်ထပ်လှေကားဆီပြေးတက်လျှင်..၊


"ထမင်းမေ့ဟင်းမေ့လည်း ဖြစ်မနေနဲ့ဦး"


နောက်ပါးဆီက မိန့် အသံ စီခနဲထွက်လာ၏။ သူ ဘာမှ ပြန်မပြောဘဲ လှေကားအတိုင်း တဒုန်းဒုန်းပြေးတက်လာခဲ့သည်။


ဒီအိမ်က သူ့အတွက်တော့ စိမ်းမနေပါ။ခြိမ့် အခန်းရှေ့ရောက်တော့ ရင်ထဲ ဒိန်းခနဲမြည်သွား၏။ 


ခြိမ့် အော်များထုတ်မလား..၊ အော်အော်ပေါ့ကွာ..ကိုယ့်မိန်းမဆီလာတာဘဲ၊ သူအော်တော့လည်း ကိုယ်ပြန်ကြမ်းလိုက်ရုံပေါ့..။


ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိရင်း စေ့ရုံစေ့ထားသည့် တံခါးကို အသာတွန်းဖွင့်ဝင်လိုက်လျှင်..၊


"ဟောဗျာ.."


မရွှေခြိမ့်က ခုတင်ပေါ်မှာ တစောင်းလေးလှဲအိပ်နေသည်။ခုတင်ဘေး ပုခက်ထဲ၌ ကလေးနှစ်ယောက်သည်လည်း မိခင်နှင့်အပြိုင် အိပ်မောကျလျက်..၊


တံခါးကို အထဲကလော့ခ်ကာ အိပ်ပျော်နေသည့် သူမခုတင်ဆီ ချက်ချင်းရောက်သွားသည်။ ဘေးစောင်းလှဲအိပ်နေသဖြင့် တင်းရင်းလှပသော အမို့အမောက်အရှိုက်အဝန်းများနှင့် အိစက်လှပနေသည့် သူမကို ငုံ့မိုးကြည့်ရင်း သူ ဝင်းမွတ်နေသည့် ပါးပြင်လေးကို ငုံ့နမ်းပစ်လိုက်၏။


နီရဲနေသည့် နှုတ်ခမ်းပါးလေးဆီ အကြည့်ရောက်တော့ ခုတင်ပေါ် တင်ပါးလွှဲထိုင်ရင်း လက်မနှင့် အသာပွတ်သပ်မိသည်။


"မင်းယုံကြည်လက်ခံလာအောင် မောင် ဘယ်လိုချစ်ပြရမလဲ ခြိမ့်ရယ်"


အိပ်ပျော်နေလိုက်တာ အပြစ်ကင်းစင်သည့် ကလေးငယ်လေးတစ်ယောက်လို အပူအပင် ကင်းကင်းနှင့်..။ကော့ညွှတ်နေသည့် မျက်တောင်လေးတွေ၊ ဖြောင့်တန်းနေသည့် နှာတံလေးနှင့် ပါးလှပ်လှပ်နှုတ်ခမ်းလေး တင်းတင်းစေ့လျက်။ အနည်းငယ်ရှည်လာသည့် ဆံပင်တွေက ခေါင်းအုံးပေါ်မှာ ခွေဝိုက်ကျနေသည်။


သူမအနားရောက်သွားတိုင်း ကိုယ့်ဇနီးမယားပေမယ့် ရင်ခုန်သံတွေက လူပျိုရိုင်းလေးလို ကသောင်းကနင်းဖြစ်မြဲပင်။တစ်ချိန်က မနှစ်မြို့ခဲ့သော ရေမွှေးနံ့ရောသည့် ကိုယ်သင်းနံ့လေးကို ခုချိန်မှာ ရှူရှိုက်ခွင့်ရနေတာနဲ့ပင် ရင်ခုန်သံက ယစ်မူးမူး..။တစ်သားမွေးတစ်သွေးလှတယ်လို့ ပြောရမလား..။ ကလေးတွေမိခင်ဖြစ်လာမှ ခြိမ့်ကိုယ်လုံးလေးက အနည်းငယ်ပြည့်ဖြိုးလာပြီး နဂိုဖြူသည့်အသားတွေက ဝင်းနှစ်စိုအိလာကာ ဝန်းဝန်းစက်စက်လေးလှနေ၏။အမို့အမောက်အရှိုက်အဝန်းတွေက သူ့နေရာနှင့်သူ ပိုပြီးပြည့်ဖြိုးလာတော့ အလှပေါ်အယဥ်ဆင့်ကာ လှပြီးရင်း လှလာသည်။


"အင်.."


သူ ကြည့်နေတုန်း ခြိမ့် ခေါင်းလေး ပြန်တည့်သွားသည်။ စောင်းနေသည့် ကိုယ်လုံးလေးမှာ မျက်နှာလေးချည်း မော့လာတော့ သူ့မျက်နှာအောက်မှာ သူမအလှတရားတွေက အထင်းသား။ရဲစိုနေသည့် နှုတ်ခမ်းပါးလေးဆီ တရွေ့ရွေ့တိုးကပ်သွားမိစဥ်..၊


"အဲ...အဲ...အူဝဲ...အူဝဲ"


သူ ဆတ်ခနဲ ကိုယ်ကို ပြန်မတ်ရင်း ကလေးပုခက်ဆီ ချက်ချင်းရောက်သွားသည်။


"သားကြီး နိုးပြီလား...ဖေဖေခေါ်မှာပေါ့၊ မငိုနဲ့နော် ကျွတ်...ကျွတ်.."


နားထဲမှာ ကလေးငိုသံ စူးခနဲ ကြားလိုက်သဖြင့် ခြိမ့် လန့်နိုးလာ၏။အိပ်ရာပေါ် ငေါက်ခနဲ ထထိုင်လိုက်တော့ သိမ်းပိုက် ကလေးကို ချီပိုး၍ ချော့မြှူနေလျက်..၊


"မင်း...မင်း ဘာလာလုပ်တာလဲ"


ခုတင်ပေါ်ကနေ ဆင်းချသွားပြီး ခြိမ့် သူ့လက်ထဲက ကလေးကို ဆွဲလုချီပစ်လိုက်ရင်း..၊


"တိတ်...တိတ်ပါ သားရယ်..."


သားငိုတော့ ပုခက်ထဲက သမီးကပါ နိုးလာပြီးငိုပြန်သည်။ သားကို ပွေ့ထားရင်း ခြိမ့် မျက်နှာပျက်၏။


"ကျွတ်...ကျွတ်...ဖေဖေခေါ်မှာပေါ့ မီးငယ်ရယ်၊ တိတ်..တိတ် ဖေဖေ့သမီးငယ်လေး..တိတ်.."


"ဘာဖေဖေလဲ...၊ မတော်ဘူး...မင်းနဲ့ဘာမှ မဆိုင်ဘူး၊ ထွက်သွား..ဆရာမ..ဆရာမ..."


ကလေးတွေကို တစ်ယောက်စီပွေ့ရင်း ခြိမ့် အသံက မာဆတ်ဆတ်..ဒေါသတကြီး။ သံပြိုင်အော်ငိုနေသည့် ကလေးတွေအသံကိုလည်း မကြားရက်။


"ဘာလို့ မဆိုင်ရမှာလဲ၊မခေါ်ချင်လို့သာရမယ် မတော်ချင်လို့မရဘူး ခြိမ့်၊ မောင့်ကလေးတွေ မောင့်သွေးသား မောင်နဲ့သာ အသက်ဆိုင်ဆုံးမဟုတ်လား"


"အို...ဘာမှ မတော်ဘူး၊ ထွက်သွား...ဆရာမ..ဆရာမ.."


"ဆရာမနဲ့မမ စျေးသွားတယ်၊ ကဲပါ...သားနဲ့သမီး အရမ်းငိုနေတယ်ကွာ"


ခြိမ့် မကျေမနပ်မျက်စောင်းထိုးရင်း ပွေ့ထားသည့် သားကို ချော့ရ၏။ 


"ကျွတ်...ကျွတ်...တိတ်ပါ သမီးငယ်ရယ်၊ လိမ္မာတယ်နော်၊ တိတ်..တိတ် ဖေဖေ ချော့သိပ်မှာပေါ့ကွ၊ အိပ်နော်.."


ခြိမ့် ရင်ထဲအောင့်မျက်နေသည်။ သူက ဘာမှ ဂရုမစိုက်၊ သမီးငယ်ကို ရင်ခွင်မှာ ပွေ့ပိုက်လျက် စုပ်သပ်ကာ လမ်းလျှောက်၍ ချော့နေ၏။သူ့လက်ထဲက ကလေးကို ပြန်လုချင်ပေမယ့် မဖြစ်နိုင်။ ခြိမ့်တစ်ယောက်တည်း ဒေါသတွေဖြစ်နေသည့် ကြားက သားကလည်း အငိုမတိတ်။ခြိမ့် ကလေးတွေ ငိုသံတွေကို မကြားရက်။ ခုတင်ဆီလျှောက်သွားပြီး အသာထိုင်ချမိသည်။ရုတ်တရက် သူရှိနေတာကို မေ့ကာ ချောင်ချောင်ချိချိလေးဖြစ်နေသည့် ဘလောက်အကျီအပြာလေးကို အပေါ်ကို အသာလှန်တင်ပစ်လိုက်ပြီး...၊


ဖြူဝင်းသော အသားဆိုင်တွေ ပြိုးပြက်လက်သွား၏။ကလေးကို နို့ချိုတိုက်ကျွေးနေသည့် မိခင်တစ်ယောက်၏ အလှတရားကို သူ ငေးမောမိသွားသည်။ သားမျက်နှာလေးကို ငုံ့ကြည့်နေသဖြင့် မျက်နှာလေးက ခပ်အစ်အစ်နှင့်။ပြုံးရယ်မနေသော်လည်း ကြည်လင်လက်ဖြာနေသည့်ချစ်ခြင်း မေတ္တာရောင်တောက်နေသည့် ခြိမ့်မျက်နှာလေးက မြတ်နိုးဖွယ်ရာ။


သား အငိုတိတ်သွားပြီး ငြိမ်သက်သွားမှ ခြိမ့် သတိတရ မော့ကြည့်မိကာ..၊


"ဟင်!..."


ယောင်ရမ်း၍ အကျီစကို ပြန်ဆွဲချမိလျှင် ကလေးမျက်နှာပေါ် အုပ်မိုးသွား၏။


"ကလေးအသက်ရှူကျပ်မှာပေါ့ကွ၊ ကိုယ်က မိခင်တစ်ယောက်ပဲ ဖြစ်နေပြီကွာ ဘာရှက်စရာရှိလဲ"


ပန်းရောင်ပြေးသွားသည့် မျက်နှာလေးကို သူစိုက်ကြည့်ရင်း သူမအနားရောက်သွားကာ ကလေးမျက်နှာပေါ်အုပ်နေသည့် အကျီကို ဖယ်ရှားပေးလိုက်သည်။


"သား မောင့်ကိုပေး၊ဒီတစ်ခါ သမီးငယ်အလှည့်"


သူ့လက်ထဲမှာ အငိုတိတ်သွားသည့် သမီးကို အိပ်ရာပေါ် အသာချပေးပြီး ခြိမ့်ရင်ခွင်ထဲက သားကို ပြန်ပွေ့သည်။ပြီးတော့ ပုခက်ထဲ သေချာသွားထည့်သိပ်၏။ ခြိမ့် သမီးကို ပွေ့ပိုက်ရင်း သူလုပ်ကိုင်နေတာကို တစေ့တစောင်းကြည့်နေမိသည်။


သူ လုပ်ကိုင်နေပုံက ဖခင်မေတ္တာအပြည့်နှင့် ညင်ညင်သာသာ။ ပြီးတော့ စိတ်ရှည်လက်ရှည်နှင့်။


ကလေးကို ပုခက်ထဲထည့်သိပ်ထားပြီးပေမယ့် သူ ဒီဘက်ကို ပြန်လှည့်မလာခဲ့။ ခြိမ့် ရှက်နေတာကို စာနာစွာနှင့် တစ်ဖက်လှည့်ပေးနေခြင်းလားတော့ မသိ။


"ဟင်!...မီးငယ်အိပ်တာ မြန်လိုက်တာ"


သမီးကို ပွေ့ချီပြီး သူရပ်နေသည့် ပုခက်နားရောက်လာသည့် ခြိမ့်။ကလေးကိုလက်ပြောင်းယူပြီး သားဘေးမှာ အသာချသိပ်တော့ သူမက အနားမှာ တိတ်ဆိတ်စွာ ကြည့်နေ၏။


"အို...ဘာလုပ်တာလဲ.."


ကလေးတွေကို သိပ်ပြီးသွားတော့ လှည့်ထွက်ဖို့ ခြေလှမ်းပြင်နေသည့် ခြိမ့်ကို သူ ဆွဲဖက်ပစ်လိုက်သည်။ခြိမ့်က လုံးဝအထိမခံနိုင်သလို ကဲကဲဆတ်ရုန်းတော့ ထိန်းချုပ်ထားသည့် သူ့အချစ်တွေ ပေါက်ကွဲသွားလျှင်..၊


"ချစ်တယ် ခြိမ့်ရယ်၊ မင်းကို မောင်သိပ်ချစ်တယ်"


"ဟင်အင်း..."


"ကျေပါတော့ကွာ...ဒီလောက်ညှဥ်းရရင် တော်ပါတော့၊ မရက်စက်ပါနဲ့ ခြိမ့်ရယ် နော်၊ မင်းတို့သားအမိကို ပိုင်ဆိုင်ပါရစေ၊ မောင့်ကို မသနားဘူးလားကွာ"


သူ တတွတ်တွတ်တောင်းပန်ရင်း သူမမျက်နှာလေးပေါ် နေရာလပ်မကျပ်အောင် အနမ်းမိုးတွေ တဖွဲဖွဲခြွေနေမိသည်။ ရုန်းဖယ်နေသည့် ကိုယ်လေးကို ဆတ်ခနဲ ကောက်ပွေ့ပစ်လိုက်လျှင် ခြိမ့် ပြူးပြူးပြာပြာနှင့်...၊


"သိမ်းပိုက်ကမ္ဘာ...ငါ သွေးနုသားနုနဲ့နော်၊ လွှတ်စမ်း..."


အသံက မာဆတ်ဆတ် ရင်ဘတ်ကိုလည်း တဘုန်းဘုန်းထရိုက်လျက်။


"အဟင်း...သိပါတယ်ကွာ မောင် ဘာလုပ်နေလို့လဲ၊ ခြိမ့် အနားယူရအောင်လို့...ကဲ...အိပ်တော့"


ခြိမ့်ကို အိပ်ရာပေါ် လှဲသိပ်ရင်း သူ့ကိုယ်ကြီးကို ပြန်မတ်လိုက်ကာ...၊


"ထမလာနဲ့နော်၊ပြီးမှ မောင့်အဆိုးမဆိုနဲ့၊ ခြိမ့် မောင့်အကြောင်းသိပါတယ်"


အတင်းလူးလဲထဖို့ပြင်နေသည့် သူမ သူ ခြိမ်းခြောက်လိုက်တော့မှ သူ့ကို မီးဝင်းဝင်းတောက်မတတ်ကြည့်ကာ တစ်ဖက်စောင်းလှည့်သွားလေသည်။


"မောင် ထမင်းသွားစားဦးမယ်၊ ပြန်လာလို့ အိပ်ရာပေါ်မှာ ရှိမနေရင်တော့လား...အဟင်း..ဟင်း.."


သေလိုက်...တဏှာရူး..။


အပိုင်း(၃၅)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: