book

Index 33

အပိုင်း(၃၃)

💘မှတစ်ပါး.....အခြားမရှိ💘



မေးကြောကြီးတွေတင်းကာ မျက်နှာမှာ ပွက်ပွက်ဆူနေသော ဒေါသတို့နှင့် သိမ်းပိုက်အသံက ကျယ်သွား၏။


ဒါဘာစကားလဲ...၊ ဘာမှမသိနားမလည်သေးတဲ့ ကလေးကို ဒီလိုစကားတွေ ပြောစရာလား..။


သျှင်ယွန်းမြတ်..၊

စိတ်ထဲကနေ ကြိမ်းဝါးခေါ်ဆိုရင်း ဒေါသအရှိန်ကြောင့် မျက်နှာကြီးပါ နီရဲလာသည်။


"ဖေကြီး...အဲဒါ မဟုတ်ဘူးနော်၊ မေကြီးက မီးရဲ့မေကြီးပါနော်၊ တီတီလျှောက်ပြောနေတာမို့လား"


မင်းဖြေစမ်း...သိမ်းပိုက်။ ဒေါသဖြစ်နေသည့်ကြားက သိမ်းပိုက့် မျက်နှာ အိုးတိုးအမ်းတမ်းဖြစ်သွား၏။သမီးက သူ့ကိုယ်ကြီးကို မမှီမကမ်း ဖက်တွယ်၍ မျက်နှာကို မလွတ်တမ်း မော့ကြည့်ကာ...၊


"မိထွေးတွေက စင်ဒရဲလားလေးကို နှိပ်စက်သလို နှိပ်စက်ကြတာတဲ့၊ ပြီးတော့ မေကြီးက ဖေကြီးနဲ့မီးမီးကို မုန်းနေတာတဲ့၊ မီးမီးမေမေက မီးမီးမွေးပြီးကတည်းက သေသွားပြီတဲ့..အဲဒါ မဟုတ်ပါဘူးနော် ဖေကြီး"


သိမ်းပိုက် ခေါင်းဆယ်ဆကြီးသွားသည်။

မျက်နှာကိုပဲ စေ့စေ့ကြည့်ကာ မေးနေသည့် သမီးကို ဘယ်လိုစကားမျိုးနှင့် နှစ်သိမ့်ရမလဲ မသိ..၊ ဖြစ်သလိုလည်း လှီးလွှဲမဖြေရက်..။ 


ကလေးနဲ့မလိုက်ဖက်သည့် စကားတွေ ခေါင်းထဲရိုက်သွင်းပေးခဲ့သည့် သျှင်ယွန်းမြတ်ကိုပဲ စိတ်တိုပြီးရင်းတိုနေမိသည်။


ဒီအရွယ်က သိသမျှမြင်သမျှအရာရာကို မှတ်သားတတ်တဲ့အရွယ်။ သမီးခေါင်းထဲမှာ  မိထွေးဆိုသည့် အစွဲကြီး စွဲသွားပြီး ခြိမ့်ဘက်က အပြစ်အနာအဆာတွေ ဖြစ်သွားနိုင်၏။


ခြိမ့်နဲ့သမီးကြားမှာ မပြေလည်မှုတွေ၊ အစွဲတွေ၊နာကျင်ခြင်းတွေ မရှိစေချင်..။ သူရယ်..ခြိမ့်ရယ်..သမီးရယ်..သားနဲ့သမီးငယ်ရယ်..ပျော်ရွှင်စရာမိသားစုလေးကို ဖန်တီးချင်သည်။


ဒီအချိန်မှာ ခြိမ့်နဲ့သမီးပြေလည်ဖို့က သူသာ အဓိက..၊


"သျှင်ယွန်းမကွာ..ကလေးကို ဘာတွေလျှောက်ပြောမှန်းမသိဘူး..၊ သမီး..မေကြီးကို မချစ်ဘူးလား"


ပျက်ယွင်းနေသည့် မျက်နှာကို အတတ်နိုင်ဆုံးပြုံးလျက် သူ သမီးကိုယ်လေးကို ချစ်စနိုးပွေ့ဖက်လိုက်ကာ..၊


"ခုဆို သမီးရယ် ဖေကြီးရယ်မေကြီးရယ် နောက်ထပ်သေးသေးပုစိလေးတွေရယ်.. ကဲ ဘယ်လောက်ပျော်စရာကောင်းသလဲ"


သမီးက ကျေနပ်သေးပုံ မပေါ်ပါ။မျက်လုံးဝိုင်းလေးတွေနှင့် မျက်တောင်ရှည်လေးတွေ ပုတ်ခတ်လျက်..၊


"မေကြီးက မီးမီးကို ချစ်ပါတယ်နော်၊ ဟိုတစ်ခါ မေကြီးအိမ်သွားနေတုန်းကဆို ဖေကြီး မရှိတုန်း မီးကို အရိုးလည်းနွှင်ပေးတယ်..ထမင်းလည်းခွံကျွေးတယ်၊ မီးမီးကြိုက်တဲ့ ချောကလက်တွေမုန့်တွေလည်း ကျွေးသေးတယ်၊အဲဒါ မီးမီးကို ချစ်လို့ပေါ့နော် ဖေကြီး"


"ဟုတ်တာပေါ့ကွ...မေကြီးက ဖေကြီးကို စိတ်ဆိုးနေလို့..သမီးကို မေကြီးက ချစ်တာပေါ့"


"တီတီက  မေကြီးနဲ့ စိတ်ဆိုးနေလို့လားဟင်..၊အဲဒါကြောင့် မီးမီးကို မေကြီးဆီ မသွားခိုင်းတာမို့လား"


သူ ပြီးစလွယ် ခေါင်းညိတ်ပြမိသည်။တော်ပါသေးရဲ့.. ခြိမ့်ကို တွယ်တာနေတဲ့ သမီးရဲ့စိတ်လေးတွေ ပြောင်းမသွားလို့..။


"တီတီနဲ့ မေကြီးက ဘာဖြစ်ထားလို့ တီတီက မေကြီးကို စိတ်ဆိုးနေတာလဲ ဖေကြီး၊ အပြစ်လုပ်ထားမှ စိတ်ဆိုးတာဆို..၊ ဟိုတစ်ခါ မီးမီးဖေကြီးကို ဘာဖြစ်လို့ စိတ်ဆိုးနေတာလဲလို့ မေကြီးကို မေးတော့ မေကြီးက အပြစ်လုပ်ထားတဲ့သူတွေဆို သိပ်မုန်းတာတဲ့"


လုပ်ဟ..၊ သူ  မျက်နှာကြီးရှုံ့မဲ့သွား၏။


"အဲဒါကကွာ...သမီးက ခုမှ ကလေးဘဲ ရှိသေးတာ၊ သမီးအရွယ်ရောက်လာတဲ့အခါ ဒါတွေအားလုံး အလိုလို နားလည်လာလိမ့်မယ်၊ခုချိန်မှာ သမီးလျှောက်မမေးနဲ့ဦးနော်၊ သမီးကို ဖေကြီးတစ်ခုမှာထားရဦးမယ်၊ ဘွားဘွားနဲ့တီတီက မေကြီးနဲ့ပက်သက်ပြီး ဘာပြောပြော သမီးလေး မေကြီးကို မမုန်းရဘူးနော်၊ ပြီးတော့ ချစ်မြဲချစ်နေရမယ်.."


"ဘွားဘွားရောတီတီရော မေကြီးကို ကြည့်မရဘူးတဲ့..အဲဒီမိန်းမကို အရမ်းမုန်းတာဘဲတဲ့..၊ အဲဒါ ဘာဖြစ်လို့ မုန်းတာလဲဟင်.."


"ဟိုကွာ..အဲဒါ...ဖေကြီးနဲ့မေကြီးကို သမီးဘွားဘွားတို့တီတီတို့က သဘောမကျကြဘူး၊ သူတို့သဘောမတူတဲ့ကြားက မေကြီးနဲ့ဖေကြီးယူလိုက်ကြတော့ သူတို့က သမီးမေကြီးကို စိတ်ဆိုးနေကြတယ်လေ၊ ကဲကွာ...အဲဒါက လူကြီးတွေရဲ့အိမ်ထောင်ရေးလို့ ခေါ်တယ်၊ ကဲ..သမီးအိပ်တော့ ဖေကြီး သီချင်းဆိုသိပ်မယ်.."


လုံးဝကျေနပ်သွားတာ မဟုတ်ပေမယ့် သမီးနှုတ်ဖျားက မေးခွန်းလေးတွေ တိတ်သွားသည်။


"မနက်ကျရင် မေကြီးဆီ လိုက်ပို့နော် ဖေကြီး"


"ပို့မှာပေါ့ကွ.."


"မီးမီးစားချင်တဲ့ မုန့်တွေလည်း လိုက်ကျွေး"


"ကျွေးမှာပေါ့ သမီးရယ်..၊ အိပ်တော့နော်..ဂွတ်နိုက်အာဘွား.."


သူ သမီးပါးလေးကို နမ်းလိုက်၏။


"အာဘွား ဖေကြီး..ဖေကြီးကို ချစ်တယ်"


သမီးက ကလေးပီပီ စကားတွေ တတွတ်တွတ်ပြောရင်း ရှစ်နာရီသာသာလေးနဲ့ အိပ်ပျော်သွားခဲ့သည်။ထိုအခါမှ သမီးကို ရင်ခွင်ထဲကနေ အသာခွာထုတ်ပြီး သမီးရင်ခွင်ကြားထဲကို ဖက်ခွလုံးလေးထည့်ပေးလိုက်သည်။


တစ်ချက်သာ လူးလွန့်ပြီး ဖက်ခွလုံးကို ခြေရောလက်ပါ ခွဖက်လျက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော အပြစ်ကင်းစင်သည့် သမီးမျက်နှာလေးကို သူ ခဏ ရပ်ကြည့်နေမိ၏။


ထို့နောက် အခန်းမီးကို ပိတ်ပြီး ညအိပ်မီးပြာလဲ့လဲ့လေး ချိန်းလိုက်သည်။ 


ပင်ပန်းကာ အိပ်ချင်နေပေမယ့် သူ အိပ်မပျော်နိုင်..၊ ဒီကိစ္စမရှင်းဘဲ ထားလိုက်လို့ မဖြစ်..၊ကြာလာလေ ပိုဆိုးလေ ဖြစ်မှာ..။


ခြိမ့်နဲ့ မပက်သက်ဘဲ နေလို့မရသလို မိဘနဲ့သားသမီးဆိုတာ ဖြတ်တောက်လို့ ရနိုင်တဲ့အရာမျိုးမှ မဟုတ်တာ..။ ခြိမ့်ကို ချစ်သည်။ သူမကို အဆုံးရှုံးမခံနိုင်သလို ကင်းကင်းနေဖို့ မဖြစ်နိုင်သရွေ့ သမီးနဲ့ ခြိမ့်ကြားမှာ ကြီးထွားလာနိုင်သည့် ပြဿနာ..။


 သမီးရယ် သူရယ် ခြိမ့်တို့သားအမိတွေရယ် လွတ်ကင်းတဲ့နေရာမှ နေဖို့ စီစဥ်ပြီးပြီ။ဒါပေမယ့်..ဘွားအေနဲ့မြေးကြားက သံယောဇဥ်က ပြတ်တောက်သွားတာမျိုးမှ မဟုတ်ဘဲ။


ဒီကြားက သျှင်ယွန်းက တစ်မျိုး..၊ ခြိမ့်နဲ့သမီးကြားမှာ သွေးကွဲစေမဲ့ စကားတွေ ပြောလာတာ မလွန်ဘူးလား။အားလုံးက သမီးကို ချစ်ကြတာမှန်သည်။ သို့သော် ခြိမ့်ကို မုန်းတီးနေတော့ သူကြိုးစားဖန်တီးနေရသည့် အနာဂတ်အိပ်မက်ကမ္ဘာလေး ပြိုလဲသွားနိုင်၏။


ဒိုးလော့ခ်ချပြီး ဒုတိယထပ်ဆင်းလာရင်း အတွေးတွေက ရောက်ယက်ခတ်နေဆဲ..။


သမီး ခြိမ့်အပေါ် အမြင်ကြည်လင်အောင် တစ်ဖက်က သျှင်ယွန်းထိခိုက်စေမဲ့စကားလုံးတွေနဲ့လည်း သူ မဖြားယောင်းချင်ပါ။သျှင်ယွန်းဆိုတာ သမီးကို သိပ်ချစ်ပြီး အစကတည်းက သံယောဇဥ်ကြီးခဲ့တဲ့သူ..ကိုကိုရဲ့ ဇနီးတစ်ယောက်..။ မိသားစုဝင်တွေချင်းသွေးကွဲပြီးမှ သူတို့မိသားစုဘဝလေး သာယာချမ်းမြေ့လာမဲ့ အဖြစ်ကိုလည်း အဖြစ်မခံနိုင်။


ဒုတိယထပ်ရောက်တော့ ဧည့်ခန်းဘက် လျှောက်လာခဲ့လိုက်သည်။ ဒီအချိန်ဆို.. အိမ်သားအားလုံး မဟုတ်တောင် ကိုကိုကလွဲပြီး ကျန်လူတွေ စုဝေးနေတတ်သည် မဟုတ်လား..။


ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်တော့ ဘွားဘွားရယ် ဖေဖေရယ်မေမေရယ်သာ ချယ်နယ်တစ်ခုမှ လာနေသည့် ဇာတ်လမ်းတွဲကို ကြည့်နေကြသည်။


သျှင်ယွန်းမြတ်ကို မမြင်..၊ သူ ဧည့်ခန်းထဲ မဝင်ဖြစ်တော့ဘဲ အပေါ်ထပ်ပြန်တက်လာခဲ့သည်။ 


ချက်ချင်းဖြေရှင်းခွင့်မရဘဲ မြိုသိပ်လိုက်ရသဖြင့် ရင်ထဲမှာ တင်းကျပ်လျက်..၊


.................................................................


ထိခိုက်ရှနာဆိုတာမျိုးက ဆေးထည့်ကုသလိုက်လိုက်ရင် ပျောက်ကင်းသွားသည်။ အရေပြားပေါ်က အနာတရသည် ဖြစ်တုန်းခဏသာ နာကျင်မှုကို ခံစားရ၏။ကြာလာတာနှင့်အမျှ အနာကျက်သွားပြီး နာကျင်မှုတွေပါ ပျောက်ကွယ်သွားတတ်စမြဲပင်။ 


လူမမြင်သူမမြင် ကုသစရာ ဒဏ်ရာရှာမရဘဲ အတွင်းထဲအထိ လှိုက်နာကျင်ရသော အတွင်းကြေ ဝေဒနာမျိုးကို ဘယ်လို ဝေဒနာမျိုးက ယှဥ်လို့ရမှာလဲ..။


မေ့ဖျောက်ထားခဲ့သော...မေ့လည်းမေ့နိုင်နေပြီဟုထင်ခဲ့သော အတိတ်ရဲ့အရိပ်တစ်ခု..။ တစ်ဖက်သတ်ဆန်သော အပြုအမူတွေ..ပုတ်ခတ်စော်ကားမှုတွေကြားက မသိမသာ ရှင်သန်လာခဲ့သော နှလုံးသားသည် တမြေ့မြေ့လောင်မြိုက်လျက်..။


မိန့်လေး...မင်း အဆင်ပြေရဲ့လား..၊ မင်းဘဝလေးလှပနေဖို့ ရင်နာနာနဲ့ပဲ ကိုယ်အမြဲဆုတောင်းပေးနေတာပါကွာ..။ 


ဒီရင်ဘတ်ထဲမှာ ဒဏ်ရာပေါင်းများစွာနဲ့ ရှင်သန်ခဲ့ရတာ ဘယ်သူသိမှာလဲ။အသည်းနင့်အောင်ချစ်ခဲ့လို့ အသည်းတွေ ကွဲကြေခဲ့ရခြင်းလား..။


သြော်...မမ...မမ...၊ အချစ်တစ်ခုကို အရင်းပြုပြီး ပေးဆပ်ခဲ့ရသော ဘဝတစ်ခုမှာ ပျော်ရွှင်ခြင်းတွေ ဆိတ်သုန်းခဲ့ဖူး၏။ခုရော မမ ပျော်နေသလား..၊ သူ မသိ..။ 


စိုးရိမ်ပူပင်နေသည့် သူမ ဟန်ပန်သည် သားသမီးဇောကြောင့် ထင်ပါရဲ့..။ ငါးနှစ်ကျော် ကာလဆီက ရှင်းမိန့်မိန့်ခန့်နှင့် ယခု ရှင်းမိန့်မိန့်ခန့်.. ပြောင်းလဲမသွားသည်က သူမပုံပန်းသဏ္ဍာန်တစ်ခုသာ..။


"တို့သမီးဆီလာတာ၊သူ ဒီမှာ ဆေးရုံတက်နေလို့.."တဲ့။ နူးညံခြင်းတို့နှင့် ဂရုဏာကဲသော အသံချိုချိုလွင်လွင်လေးသည် ခပ်ပြတ်ပြတ်နှင့်စိမ်းသက်ခြင်းတို့ပျော်ဝင်နေခဲ့သည်။တစ်စုံတစ်ယောက်၏ရွှန်းတောက်နေသော မျက်ဝန်းလေးတွေနှင့်ထပ်တူ ရွှန်းလဲ့သည့် မျက်ဝန်းလေးတွေကတော့ ဟိုးတုန်းကအတိုင်းပင်..။


"ကိုကို.."


ချိုလွင်သော အသံလေးနှင့်အတူ ပခုံးမှာ အေးစက်စက်အထိအတွေ့လေးကြောင့် လူက ဆတ်ခနဲဖြစ်သွားပြီး လက်ရှိပစ္စုပ္ပန်ကို ဆွဲခေါ်ခံလိုက်ရ၏။သဘတ်လေးသာ ပတ်ထားသော ကိုယ်လုံးမှာ ရင်ညွန့်ဖွေးဖွေးနှင့် လက်မောင်းသားဝင်းဝင်းလေးတွေမှာ ရေစက်လေးတွေ တွဲခိုလျက်..။ ပေါင်လယ်လောက်အထိသာ ရှိသော သဘတ်လွတ်နေသည့် အသားလေးတွေမှာ မွှေးညှင်းနုလေးတွေနှင့်အကြောစိမ်းလေးတွေ ယှက်သန်းနေသည့်အထိ မြင်နေရသည်။  မျက်နှာမှာရေစက်လေးတွေသီးထလျက် သျှင်ယွန်းမြတ်က သူ့ကို စူးစမ်းသော မျက်လုံးလေးတွေနှင့် ကြည့်ကာ...၊


"ကိုကိုဘာဖြစ်နေတာလဲ၊ သျှင်ယွန်း ကိုကို့ကို ခေါ်နေတာကြာပြီ"


သူ့ထိုင်နေသည့် ဆိုဖာလက်တန်းမှာ တင်ပါးလွှဲဝင်ထိုင်လိုက်သဖြင့် သူမဆီက လိမ္မော်ရနံ့သင်းသော ဆပ်ပြာနံ့က အောင်စီဂျင်နှင့်အတူ ဟိုးအဆုပ်ထဲအထိတိုင်အောင်ရောက်သွား၏။အေးစက်သော လက်လေးတွေက သူ့လက်မောင်းကို ဖက်တွယ်လျက်သားနဲ့ သူမမျက်နှာကို သူ့ပခုံးမှာ နွဲ့နွဲ့လေးမှီတင်လာခဲ့သည်။


"မငဘာသာ အဝတ်သွားလဲစမ်းပါ ကိုယ်ဘာမှ မဖြစ်ဘူး"


သျှင်ယွန်းလက်လေးတွေရော မှီနွဲ့ထားသည့် ကိုယ်လေးကိုပါ တစ်ပြိုင်တည်းတွန်းဖယ်ပစ်ပြီး သူ ထရပ်လိုက်သည်။သူမမျက်နှာလေး ချက်ချင်းပျက်သွားကာ...၊


"ကိုကို ဘာဖြစ်နေတာလဲ.."


"ဘာမှ မဖြစ်ဘူး"


"အဲဒါကိုက ကိုကိုတစ်ခုခုဖြစ်နေတယ်လို့ ပြောနေတာနဲ့ အတူတူဘဲ ကိုကို၊မဖုံးနိုင်မဖိနိုင်လောက်အောင် ယိုယွင်းပျက်ဆီးနေတဲ့ မျက်နှာကို အိမ်အထိ သယ်လာတာ တဆိတ်..ကိုကို မလွန်ဘူးလား"


"ဘာ.."


မျက်ခုံးတွေ တွန့်ကွေးလျက် သူ့မျက်နှာ တင်းမာသွားတာနဲ့အပြိုင် သျှင်ယွန်းကလည်း မျက်နှာမော့ကာ မျက်လုံးလေးတွေပါ စူးရဲလျက်..၊


"တော်စမ်း သျှင်ယွန်း...ငါ ဘာဖြစ်နေလို့လဲ"


"ဒါတော့ ကိုကို့အကြောင်း ဘေးလူတွေထက် ကိုကို ပိုသိမှာပေါ့၊ လုပ်မနေနဲ့ ကိုကို၊ အဲဒီမိန်းမကို မြင်လိုက်တာနဲ့ ရှင် သက်ရှိကျောက်ရုပ်ကြီးလို ဖြစ်သွားနေတာ၊ သျှင်ယွန်းနဲ့ လက်ထပ်ပြီးတာတောင် ရှင်ကိုယ်ရှင် အသည်းကွဲအချစ်ရှုံးသမားကြီးလို အသိုင်းအဝိုင်းတွေကြားမှာ ဟိုလူပြောစရာ ဒီလူပြောစရာ ဖြစ်ခဲ့တာတွေက ဘာတွေလဲ..၊ ပြောစမ်းပါ...အဲဒါ အဲဒီတစ်ယောက်အတွက် ရှင် ရူးသွပ်နေတွေ မဟုတ်လို့ ဘာလဲ"


"မင်းနဲ့ကိုယ် အဲဒီအကြောင်းတွေ မပြောချင်ဘူး သျှင်ယွန်း၊ သွားစမ်းပါ ငါ့ဘာသာ တစ်ယောက်တည်းနေပါရစေ"


သျှင်ယွန်း နာနာကျင်ကျင်မဲ့လိုက်မိ၏။


"သြော်..ဟော.. ရုပ်ပျက်ဆင်းပျက်ခံစားပြနေတဲ့ ရှင့်ကို ဒီက မိန်းမက ဘယ်လိုခံစားချက်မျိုးနဲ့ ကြည့်နေပေးရမှာလဲ၊ပြောစမ်းပါ ကိုကိုရဲ့..."


" အဲဒါပဲ မင်းတို့မိန်းမတွေက တစိတ်မရှိ ယောကျ်ားတွေကို အပြစ်ရှာပြောဆိုဖို့ဘဲ စဥ်းစားနေတာ၊ အဲဒါတွေ စိတ်ညစ်တာ၊ အလုပ်က ပင်ပန်းလာလို့ သက်သာမယ်မရှိဘူး အိမ်ရောက်တာနဲ့ ပူညံပူညံလုပ်ဖို့ဘဲ"


မျက်လုံးထောင့်တွေ နီရဲလာလျက် နှုတ်ခမ်းသားတွေ တုန်ခါနေသည့် သျှင်ယွန်းကို သူ ကျော်ဖြတ်ထွက်လာလျှင်...၊


"ကိုကို သျှင်ယွန်းကို စိတ်ပျက်နေပြီလား.."


"ဟုတ်တယ် အတော် စိတ်ကုန်နေပြီ မင်းကို..."


စိတ်တိုတိုနှင့်ပြောပြီး အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။ ထို့နောက် နာကျင်စွာမဲ့ပစ်လိုက်ရင်း ခြေလှမ်းတွေက စာကြည့်ခန်းဆီ တောက်လျှောက်ရွေ့လျားသွားခဲ့၏။


ကျယ်ဝန်းသော စာကြည့်ခန်းထဲသို့ခြေချမိသည်နှင့် အထပ်မြင့်စာအုပ်စင်ကြီးတွေ လေးဘက်လေးလံ ခြံရံနေသည့် ကြားက လမ်းလေးအတိုင်း အနောက်ဘက်ကို ဝင်လာခဲ့သည်။ မှန်အနက်တွေ ကာရံထားသည့် အခန်းရှေ့ရောက်တော့ ညာဘက်အပေါ်နားက ဘွန်ဆိုင်းပင်လေးဆီ လက်လှမ်းလိုက်၏။


လက်ပြန်အရုတ်မှာ သော့တစ်ချောင်းလက်ထဲ ပါလာသည်။ဒီအခန်းက သူ စာကျက်ရင်း ခဏတဖြုတ်ခြေဆန့်လက်ဆန့်နေလို့ရအောင် ဖွဲ့စည်းခဲ့သော အခန်းပင်။ တစ်ခါတရံ၌ စာကျက်ရင်း ဒီအခန်းလေးထဲမှာဘဲ အိပ်ပျော်သွားတတ်သည်။


မကျဥ်းမကျယ်အခန်းလေးက ထပ်ခိုးသဏ္ဍာန်လိုမျိုးလေး..၊ အထဲမှာ တစ်ယောက်အိပ်ခုတင်တစ်လုံးနှင့် စာအုပ်အချို့ သစ်ပင်ပန်းပင်လေး အချို့သာ ရှိသည်။ပြီးတော့ နံရံကပ်ဗီရို..၊


ခြေလှမ်းတွေက ညှို့ငင်ခံရသော လူတစ်ယောက်လို ရွေ့လျားနေမိရင်း ထိုဗီရိုရှေ့ကျမှ တုံ့ခနဲ ရပ်တန့်သွား၏။


ဗီရိုကို အတန်ကြာရပ်ကြည့်နေမိသည်။ ပြီးမှ ဘောင်းဘီအိတ်ထဲကို လက်နှိုက်လိုက်ပြီး သော့တွဲလေးကို အသာဆွဲထုတ်လိုက်သည်။လက်တို့က တုန်ယင်လျက် သော့က တော်တော်နှင့် ပွင့်မလာခဲ့ပါ။


သော့ပွင့်သွားသည်နှင့် သူ ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည်။ ချိတ်မှာ အသင့်ချိတ်ထားသော အနီရဲရဲဝတ်ဆုံလေးက ပထမဆုံး သူ့ကို ကြိုဆိုလာ၏။ထို့နောက် အပြာရောင်အဖုံးလေးနှင့် စာအုပ်လေးကို သူ ကောက်ယူလိုက်ကာ တစ်ရွက်ချင်း လှန်လှောကြည့်နေပေမယ့် စာလုံးတွေက မြင်လွှာတွေ ထပ်လျက် ကြည့်နေပေမယ့် သူ ဘာမှ မမြင်..။


စာလုံးလေးတွေ ဝါးနေပေမယ့် ဝိုင်းစက်ညီညာသော မိန်းကလေးဆန်ဆန်လက်ရေးလေးတွေမှန်းသိနေသည်။လွန်ခဲ့သည့်ငါးနှစ်က ဖတ်ကြည့်ပြီးကတည်းက နောက်ထပ် ဖတ်မကြည့်သော်လည်း အထဲမှာ ရေးထားသမျှကို အလွတ်မှတ်မိနေခဲ့၏။


နှလုံးသွေးတို့နှင့် ရေးခဲ့သော မိန်းမတစ်ယောက်၏ ရင်ဖွင့်မှတ်တမ်းလွှာလို့ ပြောရမလား...ရင်ကွဲဒိုင်ယာရီလို့ အမည်တပ်ရမလား...။


သူ စာအုပ်ကို ပြန်ပိတ်ပြီး နေရာမှာ ပြန်ထားလိုက်သည်။ မျက်ဝန်းထောင့်စွန်မှာ ရိပ်ခနဲ ဖြစ်သွားပြီးမှ ထိုနေရာကို နောက်တစ်ခေါက်ပြန်ကြည့်ဖြစ်သည်။


သူ ရွှေရောင်ကနုတ်ဘောင်နှင့် ဓာတ်ပုံကို လှမ်းယူလိုက်၏။ သွယ်လျလျမျက်နှာလေးထက်မှာ မည်းနက်နေသည့် မျက်ခုံးလေးတွေက မျက်နှာတစ်ခုလုံးထင်းလျက် အလယ်မှာ ထိစပ်နေသည်။ မည်းနက်ကော့ညွှတ်နေသည့် မျက်တောင်လေးတွေ ပတ်ရံနေသည့်ကြားက ဝိုင်းစက်စက်မျက်ဝန်းညိုများသည် အရည်တွေလဲ့ကာ ရွှန်းတောက်တောက် အသက်ဝင်လျက်..၊ ပါးလှပ်အိထွေးသော နှုတ်ခမ်းလေးတွေကျတော့ ညှို့ရီရီအပြုံးတို့နှင့်...၊


သူ့လက်ချောင်းတွေက သူမ မျက်နှာလေးဆီ ရွေ့လျားပွတ်သပ်နေရင်း လက်ခုံပေါ်သို့ ပူနွေးသည့် မျက်ရည်တစ်စက် ကြွေဆင်းလာ၏။ထို့နောက် သူမဓာတ်ပုံလေးထက်သို့ တစ်ပေါက်ချင်း စီးကျလျက်...၊


အပိုင်း(၃၄)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: