book

Index 32

အပိုင်း(၃၂)

💘မှတစ်ပါး....အခြားမရှိ💘


"ဟုတ်တယ်.. ကျွန်မ ရင်နဲ့လွယ်ပြီး မမွေးခဲ့ရပေမယ့် ခြိမ့်က ကျွန်မ သမီး.."


"ဒါ..ဒါဆို မင်းက.."


 တုန်တုန်လှုပ်လှုပ်ဖြစ်သွားသော ဘွား၏ အပြုအမူ..၊ နာကြည်းရိပ်တို့ခိုဝင်နေသော ရှင်းမိန့်မိန့်ခန့် မျက်နှာအမူအရာတွေက ခြိမ့် ခေါင်းထဲ တွေးစရာဖြစ်သွားခဲ့သည်။ 


"ဘွား...ဒါ ခြိမ့် ဒက်ဒီရဲ့ဇနီးလေ၊ မမနဲ့ ခြိမ့်က ဆွေမျိုး အရင်းကြီးတွေ"


ခြိမ့် မျက်ဝန်းတွေ သူ့ဆီ ဖျတ်ခနဲ ရွေ့သွား၏။ မမတဲ့..၊ သူတို့ရင်းနှီးပက်သက်မှုက သာမန်အနေအထားတော့ မဟုတ်နိုင်။


"ခြိမ့်ဒက်ဒီ မီတင်ပြီးရင် လာလိမ့်မယ်၊ အမွှာလေးတွေဆို.."


 ရှင်းမိန့်မိန့်ခန့်က သိသိသာသာ စကားလွှဲပစ်ပြီး ကလေးတွေ ပုခက်ဆီ လှမ်းသွား၏။ခုံမှာ ပြန်ထိုင်လိုက်သော ဘွားသည် လက်ရှိအနေအထားကို လက်ခံဖို့ အပြင်းအထန်ကြိုးစားနေပုံမျိုး..၊


"ဘေဘီနှိုင်းခြိမ့်ခြိမ့်သာ.."


မိန့်က ကလေးလက်ပတ်လေးတွေကို အသံထွက်ဖတ်ကြည့်နေသည်။ မွေးကင်းစ ကလေးငယ်လေးများ၏ ပါးပြင်လေးတွေကို အသာတို့ထိမိတော့ ကလေးလေးတွေက ပါးစပ်လေးတွေ ပြင်၏။


"ကြည့်စမ်း..အိပ်နေရင်းနဲ့ ပါးစပ်လေးပြင်လိုက်တာ နှုတ်ခမ်းလေးက ရဲစိုနေတာဘဲ၊အဟင်း... နှုတ်ခမ်းပါးလေးတွေနဲ့"


 မိန့်က ကလေးလေးတွေကို ငုံ့ကြည့်ကာ ချစ်မဝသလို ပြောတော့ သူ ခြိမ့်ကို မသိမသာ ခိုးကြည့်လိုက်မိသည်။ဘယ်လိုပဲ မကျေလည်ခြင်းတွေ ရှိရှိ သားသမီး အကြောင်းကြားနေရတော့ ခြိမ့် မျက်နှာလေး လန်းဆန်းကာ ပြုံးနေ၏။


"ကလေးတွေက အဖေတူလေးတွေဘဲ၊ မျက်ခုံးတွေ ထင်းနေတာရော နှာတံလေးလုံးစင်းနေတာရော သိမ်းပိုက်နဲ့တူတယ်"


မိန့်က သိမ်းပိုက်ကို တစ်လှည့် ကလေးတွေကို တစ်လှည့်ကြည့်၍ ပြော၏။ သူ့မျက်နှာကြီး ချိုအီသွားကာ..၊


"ကျွန်တော့်ကလေးတွေဘဲ ကျွန်တော်နဲ့ တူမှာပေါ့ဗျ၊ကျွန်တော့်သားနဲ့သမီး ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ ၊ မမရော သားနဲ့သမီးငယ်ကို ခွဲတတ်လား"


သူပါ မိန့်ဘေးနား ရောက်သွားပြီး မိန့်နဲ့အတူတူ ကလေးတွေကို ငုံ့ကြည့်လိုက်သည်။


"နှစ်ယောက်စလုံးအတူတူဘဲနော်.. ဒီအချိန်က ခွဲရခက်ဦးမယ်"


သူ ခပ်ဖွဖွပြုံးမိ၏။ထိုစဥ် အိပ်နေရင်း နှုတ်ခမ်းလေးပြင်ကာ တစ်ဖက်က ကလေးဘက်ကို မျက်နှာလေးစောင်းသွားသဖြင့် မျက်တောင်ရှည်လေးတွေနှင့် နှာတံစင်းစင်းလေး ပိုပေါ်သွားသည်။


"အမွှာမောင်နှမလေးတွေ ချစ်ဖို့ကောင်းလိုက်တာ၊ သိမ်းပိုက်...ကလေးတွေကို မင်းရော ခွဲတတ်လား"


တိတ်ဆိတ်နေသည့် အခန်းထဲမှာ မိန့်အသံထွက်လာတော့ သိမ်းပိုက်နှင့်ကလေးတွေဆီ အကြည့်တွေ ရောက်ကုန်ကြသည်။


"ကျွန်တော်အဖေပါဗျာ..ဒါလောက်ကတော့ ခွဲတတ်ပါတယ်"


ဂုဏ်ယူဝံ့ကြွားသံနှင့် ပြောလိုက်သော သူ့ကို မိန့်က ပြုံးစစမျက်လုံးတွေလှန်ကြည့်ကာ...


"ကဲ!...ဒါဆိုလည်း ပြောကြည့်ပါဦး..."


"ဟောဒါက သားကြီး၊ ဟိုက သမီးငယ်...ကျွန်တော် ဒီလောက်တော့ သိပါတယ်ဗျာ"


မယုံသလိုနှင့် မိန့်က ရယ်ဟဟလေးပြောတော့ သူ အနှီးနှင့်ပတ်ထွေးထားသော သားကို ကောက်ယူချီလိုက်ရင်း ပိုင်နိုင်သော လေသံနှင့် ပြန်ပြောလိုက်သည်။


"ဟယ်...တကယ်ခွဲတတ်တယ် ကြည့်စမ်း တယ်ဟုတ်ပါလား.."


မိန့်က ပုခက်ထဲမှာကျန်ခဲ့သည့် ကလေးငယ်လေးတစ်ယောက်ကို ကောက်ပွေ့ချီရင်းနဲ့မှ အံ့အားသင့်သွားသည်။သိမ်းပိုက်ပြောတဲ့အတိုင်း မိန့်ချီထားတာ အငယ်မဖြစ်နေ၏။


"ကျွန်တော်အဖေပါလို့ ပြောပြီးပြီဘဲ.."


သူ ရယ်ရယ်မောမောနှင့် ပြော၏။ ဝမ်းသာလှိုက်လှဲနေသော အသံက ဖုံးမရဖိမရ..အပြုံးတို့က မျက်နှာထက်မှာ  ပုရွက်ဆိတ်တက်မတတ်..။


"အမွှာတွေကို မခွဲတတ်တဲ့ အဖေတွေလည်း ရှိပါတယ်ကွယ်၊ တစ်ချို့ဆို ကလေးတွေ အရွယ်ရောက်တဲ့အထိ ဘယ်ဟာအကြီးဘယ်ဟာ အငယ်မှန်း မသိသေးဘူး၊ဘွားမြေးလေးတွေက အမွှာမောင်နှမဆိုတော့ ကြီးလာရင် သူ့အလိုလို ခွဲလို့ရသွားမှာပါ၊ ခုအချိန်က ခွဲရခက်ဦးမယ်၊ ဘွားတောင် မြေးပြောမှ ..အကြီးအငယ်သိတော့တယ်"


ဘွားက သူတို့သားအဖကို ပီတိဖြာသော မျက်ဝန်းတို့နှင့် ပြုံးပြုံးကြီး ကြည့်နေ၏။ထိုစဥ်..၊


"အူဝဲ..အဲ့..အဲ့.."


မိန့်လက်ထဲက သမီးက ရုတ်တရက် စူးစူးဝါးဝါးထငိုလျှင်..၊


"ကလေး ခြိမ့်ဆီခေါ်ခဲ့"


မိန့်ကို ဘယ်လိုမှ မခေါ်ဘဲ ခြိမ့် သံပြတ်နှင့်ပြောလိုက်၏။


"အို..မီးငယ် ချိုချိုဆာပြီနဲ့တူတယ်၊ ခြိမ့် ကလေးတွေကို နို့မှုန်ဘဲတိုက်မှာလား"


ကလေးငယ်လေးကို ခြိမ့်ဘေးလာချပေးရင်း မိန့် မေးတော့ ခြိမ့် မျက်နှာလေးတည်သွားကာ..၊


"ခြိမ့်ကလေးတွေကို ဘာနို့မှုန့်မှ မတိုက်ဘူး"


"ကလေးငယ်လေး ခြောက်လမှတစ်နှစ်အထိ မိခင်နို့က အကောင်းဆုံးမဟုတ်လား..၊ နောက်မှ ဖြည့်စွက်အာဟာရမှုန့်တွေဘာတွေ ကျွေးပေါ့ကွယ်"


ဘွားဘွားက ခေတ်ပညာတတ်သားသမီးတွေနှင့် မြေးကလည်းဆရာဝန်မို့ ရှေးရိုးစွဲအဘွားမျိုး မဟုတ်။


"အမေ...ကျွန်တော် သားကြီးဆီသွားလိုက်ဦးမယ်၊ရောက်တုန်း ဆေးရုံအခြေအနေလည်း လေ့လာဦးမှ"


"အေး..အမေလည်း ခဏနေ လိုက်ခဲ့မယ်၊ မောင်ပိုင်....မင်း သားကြီးဆီသွားရင်းနဲ့ စပယ်ရှယ်နာ့စ်နှစ်ယောက်လောက်ပါ တစ်ခါတည်းခေါ်ခဲ့"


"ဘာလုပ်ဖို့လည်း ဘွားဘွား"


ကလေးနှင့် အလုပ်ရှုပ်နေရင်း သိမ်းပိုက်က လှမ်းမေးသည်။


"ဘာလုပ်ဖို့ရမှာလဲ ငါ့မြေးမလေးနဲ့ ကလေးတွေအတွက်လေ၊ ကလေးကလည်း အမွှာ..မြေးမလေးကလည်း မီးဖွားပြီးခါစ..အနားမှာ အနီးကပ်ပြုစုဖို့ လူရှိမှဖြစ်မှာပေါ့၊ သွားပါ မောင်ပိုင်..နာ့စ်နှစ်ယောက်ရှာခဲ့"


"စပယ်ရှယ်နာ့စ်တစ်ယောက် ခေါ်ထားပြီးပါပြီ ဘွား၊ ကျွန်တော်လည်း ရှိနေတာဘဲ၊နှစ်ယောက်တောင်မလိုပါဘူးဗျာ၊ ကျွန်တော့်ကလေးတွေကို ကြုံရာလူချီပိုးလုပ်တာကိုလည်း မကြိုက်ဘူး"


"အမလေးတော်..ဖြစ်မှဖြစ်ရလေ၊ဆရာဝန်ညီပီသပါပေတယ် သိမ်းပိုက်ရယ်၊ မြေးမလေး ကလေးနှစ်ယောက်နဲ့ အဆင်ပြေအောင် ကျုပ်က စီစဥ်တာ၊ အိမ်က မိချိုတို့ထက် ဒီက စပယ်ရှယ်နာ့စ်တွေက ပိုမကောင်းဘူးလား"


"ဘွားစေတနာကို နားလည်တယ်၊ ကျေးဇူးလည်းတင်တယ် ဘွား၊ လိုအပ်မှ ထပ်ခေါ်လိုက်ပါ့မယ် ခုတော့ တစ်ယောက်ဆို လုံလောက်ပါပြီ ဘွား"


"လုံလောက်ရအောင် မင်းက ငါ့မြေးမလေးဘေးမှာ အမြဲနေနိုင်မှာမို့လား"


မြေးအဘွားတွေ စကားအခြေအတင်ဖြစ်လာတော့.. ခြိမ့် ငြိမ်နေလို့မရတော့။သမီးငယ်ကလည်း ဇွဲကောင်းကောင်းနှင့် ငိုနေတာကို ချော့မြှူရင်း..၊


"ဘွား ခြိမ့်အတွက် စီစဥ်ပေးတာ ကျေးဇူးတင်ပါတယ် ဘွား၊ ခြိမ့် ကလေးနဲ့ခြိမ့် အဆင်ပြေပါတယ်၊ စပယ်ရှယ်နာ့စ်တစ်ယောက်ရှိနေမှဘဲ ပြီးတော့ ဒီကဝန်ထမ်းတွေလည်း အများကြီးရှိနေတာ၊ ဘွား စိတ်မပူပါနဲ့နော်..ခြိမ့် အဆင်ပြေပါတယ်၊ ဘွား စေတနာကိုလည်း နားလည်ပါတယ် ..ကလေးတွေကလည်း အရမ်းနုသေးတော့ လက်မများတာ မကောင်းဘူး ဘွားဘွား"


"ဟုတ်သားဘဲ ..အမေ့မြေးတွေလည်း အနားမှာရှိနေတာ၊ ကျွန်တော်တို့လည်း အမြဲလာနေမှာဘဲ၊ နောက်လိုအပ်မှ ထပ်ခေါ်တာပေါ့.."


ဦးပိုင်ဦးပါ အကျိုးသင့်အကြောင်းသင့်ဝင်ပြောတော့မှ ဘွားက မတတ်သာလို့ လက်လျော့လိုက်ရပုံနှင့်...၊


"အေးလေ...မြေးမလေး သဘောပေါ့၊ ဘွားကတော့ ကလေးလေးတွေနဲ့ မြေးမလေး မနိုင်မနင်းဖြစ်နေမှာစိုးလို့ပါကွယ်၊ ကဲ..ကဲ အဆင်ပြေရင်လည်း ပြီးတာပါဘဲကွယ်"


"ဘွား..."


ခြိမ့် ခေါ်လိုက်တော့ ဘွားက သူမကို ငုံ့ကြည့်ကာ..၊


"ပြောလေ မြေး.."


"ဘွားစေတနာကို နားမလည်လို့မဟုတ်ပါဘူး၊ ခြိမ့်ကလေးလေးတွေကို ခြိမ့် ကောင်းကောင်းစောင့်ရှောက်မှာပါ၊ ဘွားတို့အနားရှိနေရင် ခြိမ့် အဆင်ပြေပါတယ်"


ဘွားဘွားမျက်နှာ တဖြည်းဖြည်းပြုံးလာပြီး..၊


"အေးပါကွယ်...မိန့်မိန့်လည်း ရှိနေတာဘဲ..မြေး အဆင်ပြေဖို့က အရေးကြီးပါတယ်"


"ကျွန်တော် အပေါ်သွားလိုက်ဦးမယ်၊ ဝန်ထမ်းတွေနဲ့လည်း ကြုံတုန်းတွေ့သွားချင်တယ်၊ အမေ...လိုက်ဦးမှာလား"


"ခဏနေ လိုက်ခဲ့မယ်လေ၊ သွားနှင့်..မြေးငယ်လေးနဲ့ အမေလာခဲ့မယ်"


"လိုအပ်တာ ရှိရင် မင်းကိုကြီးကို ပြောပေါ့၊ ကဲ..အန်ကယ် ဝန်ထမ်းတွေနဲ့သွားတွေ့လိုက်ဦးမယ်၊ သမီး ဘာစားချင်လဲ..သားငယ်...မိချိုတို့ ထမင်းလာပို့လိမ့်မယ်၊ သမီးစားချင်တာကို ဖုန်းနဲ့လှမ်းမှာလိုက်..သူတို့တစ်ခါတည်းယူလာလိမ့်မယ်"


"ကျွန်တော် ဆက်ထားပါတယ် ဖေဖေ"


"အေးအေး.."


ဦးပိုင်ဦး အခန်းထဲက ထွက်သွား၏။ဘွားဘွားကလည်း ဆိုဖာရှည်ပေါ်မှာ သက်သောင့်သက်သာထိုင်ကာ ခြိမ့်တို့ကို တပြုံးပြုံးနှင့်ကြည့်နေလေသည်။


"ဟယ်..သိမ်းပိုက် ကလေးက ခုမှ မွေးကင်းစလေးကို.. "


မိန့်အသံကြောင့် ခြိမ့် သမီးလေးကို ရင်ခွင်မှာပွေ့ပိုက်လျက်ကနေ  သိမ်းပိုက်ကို လှမ်းကြည့်လိုက်မိ၏။


"သိပါတယ်ဗျာ...ကျွန်တော်မွေးထားတဲ့ ကလေးပါဗျ နာအောင်တော့ လုပ်မလား၊ ချစ်မဝလွန်းလို့ပါ.."


နူးညံ့အိထွေးသော သား၏ပါးဖောင်းဖောင်းလေးတွေထဲ သူ့နှာတံနစ်ဝင်လုမတတ် နမ်းရှိုက်နေသည့် မြင်ကွင်းကို အမှတ်တမဲ့ ကြည့်ရင်း ခြိမ့်မျက်လုံးတွေ မလွှဲနိုင်ဘဲ ဖြစ်သွားသည်။ကလေးလေးကို ပွေ့ပိုက်ထားပုံက တယုတယနှင့်..။


"ဖေဖေ့သားလေး..ချစ်ဖို့ကောင်းလိုက်တာကွာ"


"ဟုတ်ပါတယ် သိမ်းပိုက်ရဲ့သားပါ..သိမ်းပိုက်တို့ အကဲပါချက်ကတော့ ခုထဲက သား သားနဲ့ပါးစပ်ဖျားက မချဘူး"


သိမ်းပိုက်က ကလေးကို ပွေ့ချီကာ ခြိမ့် ခုတင်ရှိရာ လျှောက်လာ၏။ ခြိမ့်ကိုလည်း ရွှန်းရွှန်းစားစားကြည့်ကာ..၊


"ဒါကတော့ ချစ်တာကိုးဗျ၊ သားတင်မဟုတ်ပါဘူး..ဟောဒီက သမီးလေးနဲ့ မိန်းမကလည်း ကျွန်တော့်ဘဝပါဘဲ၊ ခြိမ့်..."


မျက်လုံးချင်း အဆုံမှာ သိမ်းပိုက်က သားကို လက်တစ်ဖက်က ပွေ့ထားရင်း ခုံမှာ ဝင်ထိုင်သည်။ပြီးတော့ ခြိမ့်တို့သားအမိကို မြတ်နိုးသော အကြည့်တွေ ဖြန့်ခင်းလျက်..၊


"ကျေးဇူးတင်ပါတယ် ခြိမ့်၊ မောင့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်အဖြစ် သားနဲ့သမီးကို တစ်ပြိုင်တည်း ပေးခဲ့လို့၊ ခြိမ့်..မောင်လေ..၊ မောင်ရဲ့အချိန်တိုင်း နှလုံးသားတွေ ခုန်နေတာ ခြိမ့်ပါ၊ မင်းနဲ့ဝေးသွားတော့မှ မင်းကို ဘယ်လောက်အထိ ချစ်မှန်း ပိိုသိလာရတယ်၊ ကိုယ့်ကိုယ်ကိုယ် မသိလိုက်ခင်မှ မင်းကို မယုံနိုင်လောက်အောင် ချစ်နေခဲ့တာ"


နားထောင်ရင်း ခြိမ့် ရင်ထဲ ကျင်ခနဲ ဖြစ်လာပြီး....၊


"မကြားချင်ဘူး.."


ဘယ်သူမှ မရိပ်မိအောင် တိုးတိုးကျိတ်ဖြစ်နေကြသည်။ သူမ မျက်နှာလေးကို သူ ကြည့်နေရင်း တမ်းတမက်မောသော မျက်ဝန်းတွေ ရီဝေ ညံ့သက်သွားခဲ့ပြီး...၊


"မင်း မကြားချင်လည်း မပြောတော့ပါဘူး၊ မောင့်အချစ်တွေကတော့ အသက်ရှူနေသရွေ့ မင်းမှမင်းဘဲ..၊ ကိုယ့်ဘက်မှာ ဘယ်လိုအခြေအနေဆိုးတွေ ရှိရှိ မင်းကို တုပ်နှောင်ပြီး ရအောင်ယူထားခဲ့တာ..ကိုကို့ကြောင့် တစ်ခုတည်း မဟုတ်ဘူး၊ ဟိုးတုန်းကတည်းက မင်းကို မောင် မြတ်နိုးနေခဲ့တာ"


တဖျတ်ဖျတ် ပင့်တက်လာသည့် မျက်ဝန်းလေးတွေထဲမှာ စိမ်းကားနေဆဲ အရိပ်အငွေ့တွေ ပါလာမှ သူ သက်ပြင်းရှိုက်မိကာ...၊


"မင်း မကြိုက်ရင် မောင် နောက်ထပ်မပြောမိအောင် ဆင်ခြင်မယ်၊ဒါပေမယ့်..မင်းနဲ့ကလေးတွေနားနေပြီး ကြိုးစားနေဦးမယ်..ဟိုးတုန်းကလို မင်းရင်ထဲက မောင်ပြန်ဖြစ်ဖို့..."


သမီးကို ပွေ့ပိုက်ထားလျက်နှင့် ခြိမ့် ဘာမှ မလုပ်နိုင်။ ဒေါသတကြီး ပြောဆိုပစ်ဖို့ကျပြန်တော့လည်း ဘွားဘွားတို့ရှိနေတာမို့..၊


"သားနဲ့သမီးကို အရမ်းချစ်တာပဲလား.."


စကားရော ဖောရောနှင့် သူမမျက်နှာနား ခေါင်းငုံ့ချကာ နဖူးကို ဖျတ်ခနဲ နမ်းသွားသည်။


ဒါကို မြင်ဖြစ်အောင်မြင်လိုက်သော မိန့်နှင့် ဘွားဘွားက မျက်နှာ တစ်ဖက်လွှဲကာ မသိဟန်ပြုနေကြ၏။


ရှက်ဒေါသနှင့် နီမြန်သွားသည့် မျက်နှာလေးကို အနီးကပ်ကြည့်ရင်း သိမ်းပိုက် ပြုံးစိစိဖြစ်သွားသည်။လူကြားထဲမှာမို့ သူ့ကို ထင်သလို ပြောဆိုခွင့်မရဘဲ ဒေါသတွေ ကျိတ်ဖြစ်နေသည့် မျက်နှာလေးကို အသည်းယားယားနှင့်ကြည့်ပြီး..၊


"သားရောသမီးရော မျက်တောင်ကော့ကော့ နှုတ်ခမ်းရဲရဲလေးတွေနဲ့ အမေလိုဘဲ တအားဖိကပ်နမ်းပစ်ချင်စရာ.."


ခြိမ့် မျက်လုံးလေးတွေ စူးခနဲ ရောက်လာတော့ သူ ရယ်ချလိုက်မိသည်။ထိုအခါ မိန့်က အသီးတွေ ပန်းကန်ထဲထည့်နေရင်း လှည့်ကြည့်ကာ..၊


"ဘာတွေရယ်နေတာလဲ သိမ်းပိုက်"


"ဒီမှာလေ..သားကိုနမ်းပြီ သူ့ကို မနမ်းလို့တဲ့ ကျွန်တော့်ကို ရန်စွာနေတာ.."


"သိမ်းပိုက်.."


"အ!..."


ခြိမ့် မျက်နှာလေး ပန်းနုရောင်ပြေးကာ သူ့လက်မောင်းကို တအား​ဆိတ်ပစ်လိုက်သည်။ ထိုအခါ သိမ်းပိုက်ဆီက နာကျင်စွာ အော်သံထွက်လာ၏။


"ကြည့်...သိမ်းပိုက်ကတော့..."


ဘွားက ထိုမျှသာ ပြော၍ ဆိုဖာမှာ မှီကာ မျက်စိမှိတ်ငြိမ်သက်နေသည်။


 ရှက်စိတ်တို့နှင့် နှုတ်ခမ်းလေးဖိကိုက်ထားသည့် သူမကို ကြည့်နေရင်း တက်မက်မြတ်နိုးခြင်းတွေကို ထိန်းချုပ်မရတော့..၊


သူ သူမရင်ခွင်ထဲကသမီးကို ငုံ့နမ်းရင်း သူမပါးပြင်လေးကိုပါ လှစ်ခနဲနမ်းပစ်လိုက်လျှင်.. သမီးက စူးစူးဝါးဝါးထငို၏။


"ငို..ငို မီးမီးငိုမှ မေမေသက်သာမှာ.."


မိန့်က အသီးတွေထည့်ထားသည့် ပန်းကန်ကို စားပွဲပေါ်တင်ရင်း သိမ်းပိုက်ကို မျက်စောင်းထိုးလိုက်သေးသည်။ပြီးတော့ အသံမထွက်ဘဲ ရယ်နေ၏။


အားလုံး စိတ်ချမ်းသာနေသည် မဟုတ်လား..၊


..................................................................


"ဖေကြီး...မီးမီးလည်း မေကြီးဆီလိုက်ချင်တယ်"


ဆေးရုံမှာ နာ့စ်နှင့် ရှင်းမိန့်မိန့်ခန့်တို့ ညစောင့်အိပ်ကြသဖြင့် သူ အိမ်ပြန်လာခဲ့ခြင်းဖြစ်သည်။ သူ ပြန်ချင်တာ မဟုတ်...ဖြစ်နိုင်ရင် သူမအနားမှာဘဲ နှစ်ဆယ့်လေးနာရီလုံး ရှိနေချင်ပါရဲ့...၊


သူမ ဗိုက်နာနေတဲ့ ညကတစ်ညလုံး မအိပ်ခဲ့ရဘဲ မွေးတော့လည်း သွေးနှစ်ပုလင်းထုတ်ထားတာမို့ လူက နုံးချိနေသည်။မူးနောက်နောက်ဖြစ်နေသဖြင့် အိမ်ပြန်လာပြီး ရေမိုးချိုးကာ တရေးတမောအိပ်လိုက်မယ်ဟု ကြံမှ သမီးက ခုတင်ပေါ်တက်လာ၏။


သိမ်းပိုက် သူ့ရင်ခွင်ထဲ တိုးဝင်လာသည့် သမီးကိုယ်လေးကို အသာ သိုင်းဖက်ထားလိုက်ကာ...၊


"သမီးက မေကြီးကို တွေ့ချင်လို့လား"


သမီးက သူ့လက်မောင်းပေါ် ခေါင်းလေးတင်ရင်းက မော့ကြည့်လာ၏။ သိမ်းပိုက် သမီး ပါးလေးကို ငုံ့နမ်းလိုက်တော့ သမီးက သူ့မေးဖျားကို ပြန်နမ်းသည်။ သမီးရဲ့အပြုအမူလေးတွေက သူ့ရင်ကို တသိမ့်သိမ့်လှုပ်ရှားသွားလျက်.. ၊


"မေကြီးက မောင်လေးနဲ့ညီမလေး နှစ်ယောက်တောင်မွေးတာဆို ဟုတ်လား ဖေကြီး"


"ဟုတ်တာပေါ့...သမီးအတွက် မေကြီးက မောင်လေးနဲ့ ညီမလေး တစ်ပြိုင်တည်းမွေးတာ၊ သမီးလေးရဲ့ မောင်လေးနဲ့ညီမလေးကို ချစ်ရမယ်နော်"


သမီးကျောပြင်လေးကို ပွတ်သပ်ပေးရင်း သူ ပြောတော့ သမီးက မျက်တောင်ရှည်လေးတွေ ပုတ်ခတ်လျက်...၊


"ဖေကြီး.."


"ဗျာ..."


သူ ထူးလိုက်မှ သမီးက သူ့ရင်ခွင်ထဲ အတင်းတိုးဝင်လာကာ သူ့ရင်ဘတ်မှာ မျက်နှာအပ်လျက်ကနေ မော့ကြည့်လာပြီး..၊


"အဲဒီမောင်လေးညီမလေးတွေက မီးမီးရဲ့မောင်လေး ညီမလေးတွေ မဟုတ်ဘူးဆို.."


သူ့ကိုယ်ကြီး တောင့်မတ်သွားပြီး သမီးကို ဖက်လျက်ကနေ ငေါက်ခနဲ ထထိုင်လိုက်မိရင်း..၊


"သမီးကို ဘယ်သူပြောသလဲ...ပြောစမ်း ဒီစကားတွေ သမီးကို ဘယ်သူပြောတာလဲ"


"ဘွားဘွား..."


"ကျစ်!..."


သိမ်းပိုက် မချင့်မရဲ စုပ်သပ်မိ၏။ သူ့ရင်ခွင်ထဲမှာမှီနွဲ့ပါလာသည့် သမီးကိုယ်လေးကို တင်းတင်းပွေ့ပိုက်ကာ သမီး ခေါင်းလေးမှာ မျက်နှာ ပွတ်သပ် တိုးတိုက်ရင်း..၊


"သမီးရယ်...မေကြီးမွေးတဲ့ ကလေးလေးတွေက ဖေကြီးသားနဲ့သမီး၊ သမီးကလည်း ဖေကြီးသမီး....ဖေကြီးမေကြီးတို့ရဲ့ သားတွေသမီးတွေက မေကြီး မေကြီးတို့ရဲ့သားသမီးတွေဘဲပေါ့ကွာ၊ သမီးက ဖေကြီးသမီးဖြစ်သလို မောင်လေးနဲ့ညီမလေးကလည်း မေကြီးသားနဲ့သမီး..ဒါကြောင့် မောင်လေးနဲ့ညီမလေးက သမီးရဲ့မောင်လေး ညီမလေး..ဖေကြီး ပြောတာ နားလည်တယ်မို့လား.."


သမီးက မျက်လုံးတောက်တောက်လေးတွေနှင့် မော့ကြည့်ခေါင်းညိတ်၏။သို့သော် ကျေနပ်သွားပုံမရသေးဘဲ..၊


"တီတီကလည်း ပြောသေးတယ်..."


ကြည့်စမ်း...၊ နုနယ်တဲ့ ကလေးကို ဘာတွေ လျှောက်ပြောထားကြတာလဲ..။


"မီးမီးက မေကြီးဆီ သွားချင်တယ် လိုက်ပို့ပေးပါ တီတီရယ်လို့ ပြောတာ၊ အဲဒါ တီတီက မီးမီးကို ဆူလည်း ဆူသေးတယ်.."


သမီးက ပြန်တိုင်နေရင်း ထိုအဖြစ်အပျက်ကို သတိရသွားကာ မျက်ဝန်းလေးတွေထဲမှာ မျက်ရည်လေးတွေ ဝိုင်းလာပြီး...၊


"တီတီကလေ...မပို့ဘူးတဲ့၊ မီးမီးကိုလည်း မသွားရဘူးတဲ့.."


"ကဲပါ သမီးရယ်...သူ အလုပ်မအားလို့ နေမှာပေါ့၊ မနက်ကျရင် ဖေကြီးရယ် သမီးရယ် အတူတူ မေကြီးဆီ သွားကြမယ်"


သမီးကို နှစ်သိမ့်ရင်း အိပ်ရာပေါ်သမီးကိုယ်လေးပါ ပွေ့လျက် ပြန်လှဲချတော့ သမီးက အလိုက်သင့်လေး ပါလာ၏။


"အိပ်တော့ သမီး...မနက်ဖြန် အကျီလှလှလေးဝတ်ပြီး မေကြီးဆီ သွားရအောင် ခု အားရှိအောင်အိပ်လိုက်နော်"


လူကလည်း နုံးခွေကာ အိပ်ချင်နေပြီမို့ သမီးကိုပါ အိပ်ပျော်အောင် ကျောလေးပွတ်ပေးလိုက်သည်။ သမီးက ငြိမ်နေပြီးမှ..၊


"ဖေကြီး...တီတီက ပြောတယ်...မေကြီးက မီးမီးရဲ့ မေကြီး မဟုတ်ဘူးတဲ့..မိထွေးတဲ့..."


"ဘာ!...."


အပိုင်း(၃၃)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: