book

Index 31

အပိုင်း(၃၁)

💘မှတစ်ပါး....အခြားမရှိ💘

      

သူ့ရှေ့မှာ ဆံပင်တွေ အုပ်ကွယ်နေသည့်နောက်က လှပသော မျက်နှာလေး ဆတ်ခနဲ မော့လာ၏။ ဝိုင်းစက်ပြူးကျယ်သွားသော မျက်လုံးလေးတွေနှင့် မျက်နှာလေးကို မြင်လိုက်ရသဖြင့် နှလုံးသွေးတွေ ရပ်ဆိုင်းသွားသလို..၊


အနည်ထိုင်နေပြီဖြစ်သော ခံစားမှုတို့နှင့် အနာဟောင်းကို အဆွခံလိုက်ရသလို..၊


လူက အာစေးမိနေသလို ကြောင်ငေးနေမိစဥ် သူမက အရင်ဆုံး ထရပ်လိုက်၏။ဆံပင်ရှည်တွေကို နောက်သို့ ဖြည်းဖြည်းချင်းပို့လိုက်သည့် လှုပ်ရှားမှုတွေက သူမရဲ့သိမ်မွေ့မှုတွေကို ဖော်ပြနေခဲ့သည်။ ထိုအပြုအမူတွေက ဟိုးတုန်းကအတိုင်း မပြောင်းမလဲ။


"မမ.."


အထုပ်တွေကို ကောက်ယူပြီး ထရပ်ရင်း သူ ခေါ်လိုက်တော့ ဖျတ်ခနဲ ပင့်တက်လာသည့် မျက်လွှာအောက်မှာ ပြိုးပြိုးပြက်ပြက်လက်နေသည်။ ညှိုးရီမှိုင်းနေသော မျက်ဝန်းအိမ်တွင်းမှာ မျက်ရည်တို့နှင့် ပြည့်ပြည့်သိပ်သိပ်ဖြစ်လာတော့ သူမမျက်လုံးလေးတွေ တစ်ဖက်ရွေ့လျားသွားခဲ့ပြီး မေးကြောလေးတင်းခနဲ ဖြစ်သွားကာ...၊


"ကျွန်မရဲ့အိတ်လေး တစိတ်လောက်ပြန်ပေးပါလား ဒေါက်တာ၊ ကျွန်မ သွားစရာရှိသေးလို့"


မျက်ဝန်းအိမ်မှာ မျက်ရည်တို့နှင့် လက်လက်တောက်နေသော်ငြား မိန့်အသံလေးက ပကတိတည်ငြိမ်နေခဲ့လေသည်။ အံ့သြခြင်း၊ မယုံနိုင်ခြင်း၊ နာကျင်ခြင်းတို့စသော ခံစားချက်အမျိုးမျိုးနှင့် ရှုပ်ထွေးနေသော မျက်နှာချောချောကို ကြည့်ကာ သူမရင်ထဲ ကျင်ခဲလျက်..၊


"ဒေါက်တာ.."


ဒေါက်တာတဲ့လား..၊ ချိုရှရှအသံလေးက မပြောင်းလဲသော်လည်း အခေါ်အဝေါ်တွေကတော့ စိမ်းသွားပါလား..။


အမြဲတမ်းစူးလဲ့ကာ ရွှန်းတောက်နေခဲ့သော မျက်ဝန်းလေးတွေမှာ စိမ်းယိုင်ယိုင်အရိပ်လေးတွေ..၊ တင်းပြည့်လှပနေဆဲ ကိုယ်လုံးလေးက ဟိုးတုန်းကအတိုင်း မြန်မာဝတ်ဆုံလေးတွေနှင့်။


သူ သက်ပြင်းခိုးရှိုက်ရင်း လက်ထဲက အိတ်ကို အသာကမ်းပေးလိုက်မိ၏။မိန့် သူ့လက်ထဲက အိတ်ကို ဆွဲယူပြီး ထိုနေရာကနေ ခပ်သွက်သွက်လှမ်းထွက်လာခဲ့မိသည်။


"မမ.."


မိန့်ကျောပြင်လေးကို ရပ်ငေးနေမိရင်း တည်ကြည် လွှတ်ခနဲ ခေါ်လိုက်၏။သူမ လှည့်မကြည့်ပေမယ့် ခြေလှမ်းတွေတော့ ရပ်တန့်သွားခဲ့သည်။တည်ကြည် သူမနားကို ရောက်သွားပြီး ညှိုးရီနေသည့် မျက်နှာလေးကို ရီဝေဝေလေးစိုက်ကြည့်ကာ ပါးစပ်ဖျားကနေ မရည်ရွယ်ဘဲ မေးခွန်းက လွှတ်ခနဲ ထွက်သွား၏။


"မမ လက်ထပ်လိုက်ပြီလား၊မမ ကိုယ်..ကိုယ်.."


စကားလုံးတွေ တစ်ဝက်တစ်ပျက်.. မျက်စိမျက်နှာပျက်ပျက်နှင့် တိတ်ဆိတ်သွားသည့် တည်ကြည့်ပုံစံကြောင့် သူမ ကိုယ်တိုင်ပင် သတိမပြုမိလိုက်ဘဲ ခပ်မဲ့မဲ့ပြုံးမိသွားသည်။


မိန့် မျက်နှာကို စေ့စေ့ကြည့်နေရင်း သူ အတန်ကြာ တိတ်ဆိတ်သွားပြီးမှ..၊


"ဒီကို ဘာလာလုပ်တာလဲ၊မမ. ဘယ်သူ့ဆီလာတာလဲ "


အခြေအနေတွေ အချိန်အခါတွေကြောင့် ထိန်းသိမ်းအပ်သည့် မေးခွန်းသာ မေးလိုက်မိသည်။


"တို့သမီးဆီ လာတာ၊ သူ ဒီမှာ ဆေးရုံတက်နေလို့"


တည်ကြည့်မျက်နှာ အုံ့မှိုင်းသွားလျက် မိန့်ကို ရီဝေဝေစိုက်ကြည့်ကာ...၊


"မမသမီး...ဟုတ်လား"


"ဟုတ်တယ် ကျွန်မ သမီးဆီလာတာ၊ ခွင့်ပြုပါဦး ဒေါက်တာ "


ဆံပင်ရှည်တွေ လှုပ်ရှားယိမ်းနွဲ့သွားပြီး မိန့် သူ့ရှေ့ကနေ ဖြတ်ကျော်ထွက်သွားသည်။တားဆီးဖို့ မေ့လျော့ကာ ထိုနေရာတွင် ရပ်လျက် သူမအရိပ်လေး ပျောက်ကွယ်သွားသည့်တိုင် မရွေ့လျားနိုင်ခဲ့။


ဓာတ်လှေကားခလုပ်ကို နှိပ်နေသည့် မိန့်လက်တွေ တဆတ်ဆတ်တုန်ခါနေတာ သတိထားမိတော့ လက်ဖဝါးချင်း ပြန်ထွေးဆုပ်လိုက်မိသည်။


သူ...တည်ကြည်ခန့်ညား၊ 

ဟိုးတုန်းကလို ဆေးကျောင်းသားလေး မဟုတ်တော့။


မြင့်မားသော အရပ်ကြီးနှင့် ဖြူသော အသားအရောင်၊ ပါးလှပ်နီမြန်းသော နှုတ်ခမ်း၊ အမြဲညှို့ရီနေတတ်သော မျက်ဝန်းတွေနှင့် ပိရိသေသပ်သော နှာတံများက မပြောင်းလဲ။ 


အရင်က နုပျိုသွက်လက်သောဟန်ပန်တွေ နေရာမှာ တည်ငြိမ်ရင့်ကျက်ခြင်းတို့နှင့် ဆရာဝန်ဆိုသော ဂုဏ်ပုဒ်နှင့် ခန့်ညားနေခဲ့ခြင်းသာ ကွာခြားသွားခဲ့၏။


လွန်ခဲ့သော ငါးနှစ်တာကာလဆီက ကြေကွဲစရာ အတိတ်တွေနဲ့ သူ ပျောက်ကွယ်သွားခဲ့ပြီးမှ..၊


မျက်ဝန်းအိမ်မှာ စိုစွတ်စွတ်ဖြစ်လာမှ မိန့် သူမငိုနေမိတာကို သတိထားလိုက်မိ၏။


ဒီမျက်ရည်တွေက ဘာလဲ..၊ အချစ်ကြောင့်လား..၊ အလွမ်းကြောင့်လား..၊ နာကြည်းခြင်းကြောင့် ကျလာသလား..။


ပြီးဆုံးခဲ့ပြီဟု သူမ ထင်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်က မပြီးဆုံးသေးပါလား..။


.................................................................


"ဟော...လူနာ သတိရလာပြီ"


"ခြိမ့်.."


ခြိမ့် အသိနှင့်သတိတွေ ခန္ဓာကိုယ်နှင့် တွဲမိလာတော့ မရင်းနှီးသည့်အသံနောက်မှာ သူ့အသံပါ ကြားလိုက်ရ၏။ မျက်ဝန်းတွေကို အားယူဖွင့်လိုက်တော့..၊


"ခြိမ့်..ခြိမ့် သတိရလာပြီနော်"


 စိုးရိမ်ခြင်း ပူပန်ခြင်းတို့ ရောပြွမ်းနေသည့် ချောမွေ့သော မျက်နှာက သူမမျက်နှာထက်မှာ အုပ်မိုးလျက်..၊


အမြဲတမ်း သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်သော သူသည် ဆံပင်တွေ ပွယောင်းယောင်းနှင့်။မျက်နှာမှာ ချောင်ကျလျက် မျက်လုံးတွေ နီစပ်စပ်ဖြစ်နေပုံက ညက ကောင်းကောင်းမအိပ်ခဲ့ရတာကို သက်သေခံနေလျက်..၊  နက်ပြာရောင် ရှပ်အကျီမှာ အပေါ်ကြယ်သီးနှစ်လုံးပြုတ်နေကာ လည်ပင်းနှင့်ရင်ဘတ်မှာ သွေးစို့နေသည့် အခြစ်ရာတွေက ဖြူဝင်းသည့် အသားပေါ်မှာ အထင်းသားပေါ်နေသည်။


"မြေးမလေး...သတိရလာပြီနော်"


ခြိမ့် သူ့ဆီကနေ အကြည့်လွှဲလိုက်တော့ ရွှေကြယ်သီးတွေတပ်ထားသည့် ပိုးသားအကျီလက်ရှည်၊ ချိတ်ထဘီနှင့် ရွှေဆံထိုးတစ်ရမ်းရမ်းလှုပ်ခါနေသည့် ဆံထုံးအက်အက်ကြီးနှင့် အထက်တန်းအလွှာမှ အဘွားသည် အေးမြသော အပြုံးနှင့် မေးလိုက်သည်တွင် သူမရင်ထဲ နွေးနွေးထွေးထွေးခံစားလိုက်ရ၏။


ထိုဘွားဘွား၏နောက်တွင် ရပ်ကာ ခြိမ့်ကို မမှိတ်မသုန်ကြည့်နေသည့် အသက်ငါးဆယ်ကျော်လူကြီးသည် သူ့ဖခင်ဖြစ်ဟန်တူသည်။ မျက်နှာကျပုံ မျက်ခုံးမျက်လုံးတွေက သူနှင့် ဆင်နေ၏။


သည်အသိုင်းအဝိုင်းကြောင့် သူမ နာကျင်ခံစားခဲ့ရတာ။ 


"ဆရာမ...ခြိမ့် ကလေးတွေရော ကလေးတွေငိုသံလည်း မကြားပါလား"


ကိုယ် အမွှာလေးတွေ မွေးဖွားခဲ့တာကို နောက်ဆုံး အသိတရားတွေ မကင်းလွတ်ခင် ခံစားသိရှိလိုက်ခြင်းဖြစ်သည်။ ခုသတိရလာတဲ့အထိ ကလေးတွေ အသံမကြားရတော့ ဇဝေဇဝါသံသယနှင့် မေးမိလျှင်..၊


"သားနဲ့သမီးရှိပါတယ် ခြိမ့်၊ အိပ်ပျော်နေကြတယ်..ဟိုမှာလေ ပုခက်ထဲမှာ.."


သိမ်းပိုက်က ကိုယ်ကိုယို့ပေးပြီး နောက်က ကလေးပုခက်ဆီ ညွှန်ပြ၏။


သားနဲ့သမီးတဲ့..၊ ခြိမ့် ရင်ထဲ နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းသွားသည်။ပုခက်ထဲက အနှီးဖြူဖြူနှင့်ပတ်ထားသည့် နီတာရဲကလေးတွေကို လှမ်းကြည့်ရင်း ခြိမ့် မျက်ဝန်းတွေ ကလေးတွေဆီမှာ စိုက်တန့်သွားစဥ်..၊


"အမွှာသာဆိုတယ် တကယ့်တတုံးတခဲကြီးတွေ သိလား၊ ကလေးတွေက အဖေတူလေးတွေ"


ဆရာမ၏ မှတ်ချက်စကားကြောင့် ခြိမ့် သူ့ကိုမော့ကြည့်လိုက်မိသည်။ထိုအခါ..ဘယ်အချိန်ကတည်းက သူမမျက်နှာကို ငေးစိုက်ကြည့်နေမှန်းမသိသည့် မျက်ဝန်းတွေနှင့် တည့်တည့်တိုး၏။


ချစ်ခြင်း၊မြတ်နိုးခြင်း၊တောင်းပန်တိုလျှိုးခြင်းတို့နှင့် ကြည်နူးစွာငေးစိုက်ကြည့်နေသော ထိုမျက်ဝန်းစိုစိုတွေကို မြင်နေရတော့ ခြိမ့် ငိုချင်လာမိသည်။ခုနောက်ပိုင်း ခြိမ့် ဘာဖြစ်နေမှန်းမသိ..ထစ်ခနဲရှိ မျက်ရည်က အရင်ဆို့လာ၏။


သိမ်းပိုက် မျက်ရည်တွေဝဲလျက် တစ်ဖက်စောင်းလှည့်သွားသည့် မျက်နှာလေးကို စီးမိုးကြည့်ရင်း ရင်ထဲ ထိထိရှရှခံစားလိုက်ရ၏။


တစ်ယောက်က မျက်နှာလွှဲကာ မျက်ရည်ဝိုင်းနေခဲ့ပြီး တစ်ယောက်က မျက်နှာတင်းတင်းနှင့် လက်ဖဝါးလေးကို ဆုပ်ကိုင် ငြိမ်သက်နေကြသည့် လူငယ်နှစ်ဦးကို မြင်နေသော်လည်း လူကြီးတွေ မသိဟန်မမြင်ဟန်ဆောင်ကာ..၊


"ဘွားက သိမ်းပိုက်ဘွားဘွားပါကွယ်၊ ဒါကတော့ သိမ်းပိုက်ရဲ့အဖေ၊ မြေးမလေး ဘာမှ စိတ်မကောင်းမရှိနဲ့၊ ဒီနေ့က မဂ်လာရှိတဲ့ နေ့ဘဲကွဲ့၊ ဘွား မြေးမလေး ဘာဖြစ်ချင်သလဲ ပြော ဘွားအားလုံးစီစဥ်ပေးမယ်"


ခြိမ့် ဘာတစ်ခွန်းမှ ပြန်မပြောနိုင်ခင် သူ့အဖေကပါ ရှေ့တိုးလာပြီး..၊


"ဒီအခြေအနေအထိ ဖြစ်သွားတာ အန်ကယ်တို့ဘက်က လိုအပ်ချက်တွေကြောင့်ပါ၊ သမီး မိဘတွေနဲ့ အန်ကယ်တွေ့ပြီးပြီ၊ မိဘတိုင်း သားသမီးအပေါ် မေတ္တာစေတနာထားကြတော့ တစ်ခါတရံမှာ အချစ်တွေလွန်ပြီး မှားတတ်ကြတာ အန်ကယ့်ဇနီးကျူးလွန်ခဲ့တဲ့ အမှားအတွက် သားနဲ့သမီးကို ရိုက်ခတ်ကုန်တာ အန်ကယ် တကယ် စိတ်မကောင်းဘူး"


ဒီအကြောင်းတွေကို မကြားချင်ပေမယ့် လူကြီးတွေ ပြောနေတာမို့ ခြိမ့် သူ့အဖေနှင့် အဘွား ရင်ဘတ်ကိုသာ စိုက်ကြည့်နေမိသည်။ ရင်ထဲမှာ ဟာတာတာနှင့် ဝမ်းနည်းစိတ်သာ ကြီးစိုးနေခဲ့၏။ ခုချိန်မှာ ခြိမ့် တမ်းတမိတာ မိခင်တစ်ယောက်၏ ရင်ခွင်..၊ 


"သားငယ်က သားကြီးလို မဟုတ်ဘူး၊ သူ ဖြစ်ချင်တာ သူလုပ်ချင်တာရှိရင် မိဘကို ဘယ်တော့မှ ဖွင့်မပြော မတိုင်ပင်ဘူး၊ အဲဒါကြောင့် အန်ကယ်တို့ ဘာမှ မသိခဲ့တာပါ၊ သားငယ် ပြောပြတော့ အားလုံးလွန်ကျွံကုန်ပြီ၊ သားငယ် စက်ာပူကို ကုမ္ပဏီကိစ္စနဲ့ရောက်နေတဲ့နောက်ပိုင်း အန်ကယ် မင်းအကြောင်းတွေကို စုံစမ်းနေတာပါ"


တစ်ချိန်လုံးငြိမ်နေသည့် သိမ်းပိုက် ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်မိ၏။ဦးပိုင်ဦးက ခေါင်းဆတ်ပြရင်း..၊


"မင်း ဟိုကိုရောက်နေတဲ့ တစ်ချိန်လုံး နောက်ကနေ ဖေဖေ ဒီအတိုင်းငြိမ်နေခဲ့တယ်လို့ ထင်သလား၊ သားငယ်ရဲ့ဇနီးနဲ့ ရင်သွေးကို ဖေဖေ လက်လှမ်းမှီသရွေ့ရှာဖွေနေခဲ့တာပါကွယ်၊ ဖေဖေ ဦးဉာဏ်သာနဲ့လည်း သွားတွေ့ခဲ့တယ်"


အသက်မဲ့နေသည့် ခြိမ့် မျက်ဝန်းလေးတွေ လှုပ်ခတ်လာပြီး ဦးပိုင်ဦးဆီ ရွေ့လျားသွား၏။


"ဒါပေမယ့် သမီးက သူ့ဆီမှာမှ မဟုတ်တာ၊ သားနဲ့သမီးတို့အကြောင်းကို  အမှန်တိုင်းဖွင့်ပြောပြီး တောင်းပန်လိုက်တော့ သူလည်း အတော်စိတ်ထိခိုက်သွားရှာတယ်၊သမီးကို သူများတွေ အထင်သေးစရာဖြစ်ခဲ့ရတာ သူ့အမှားတွေပါတဲ့"


ဦးပိုင်ဦး စကားတွေကို နားထောင်ကာ လှိုက်ခါ ဝမ်းနည်းစိတ်တို့နှင့် ခြိမ့် မျက်ဝန်းမှာ မျက်ရည်တွေ ခေါင်းပြူလာသည်။


" မြေးရဲ့ဇနီးဟာ ဘွားမြေးမဘဲ၊ ဘွားကတော့ကိုယ့်မြေးလို သတ်မှတ်ပြီးပြီ၊ ဒီနှစ်ဟာ မဂ်လာရှိတဲ့ နှစ်တစ်နှစ်၊ ဒီနေ့ကလည်း မဂ်လာအပေါင်းနဲ့ပြည့်စုံတဲ့ နေ့တစ်နေ့ဘဲဟေ့၊ လာမဲ့ရှေ့လမှာ ဘွားရဲ့ မွေးနေ့ရှိတယ်၊အဲဒီကျရင် ဘွားမြစ်လေးတွေအတွက် ဘွားချီးမြှင့်ဖို့ စီစဥ်ထားတယ်၊ မြေးနဲ့မြေးမလေးကိုလည်း ဘွားချစ်ချစ်ခင်ခင်နဲ့ဘဲ မြင်ချင်တယ်ကွယ်"


လေပြေလေးနှင့် စည်းရုံးနေသည့် ဘွားဘွားကို ခေါင်းညိတ်ပြဖို့ ခြိမ့် အင်အားမရှိ။


သူမ ခံစားခဲ့ရတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲ။


"အန်ကယ့်ဇနီးနဲ့ပက်သက်ပြီး သမီးရင်ထဲမှာ မကျေလည်နိုင်လို့လား၊ ဒါမှ မဟုတ်သားငယ်ကို ခွင့်မလွှတ်နိုင်တာလား"


မေးလိုက်ပေမယ့် ခြိမ့် မဖြေမှန်းလည်း သိနေသဖြင့် ဦးပိုင်ဦး သားကို တစ်ချက်လှမ်းကြည့်ပြီးမှ..၊


"သားငယ်ရဲ့ဇနီးဟာ အန်ကယ်တို့ရဲ့သမီးပါဘဲ၊ သမီးဖေဖေနဲ့လည်း အန်ကယ် စကားပြောထားတယ်၊ သားနဲ့သမီးတို့ကို အန်ကယ်တို့သဘောတူကြည်ဖြူပြီးသား၊ သားငယ်ရဲ့ရိုင်းစိုင်းတဲ့အပြုအမူအတွက်ရော အန်ကယ့်ဇနီးရဲ့လုပ်ရပ်တွေအတွက် သမီးဘယ်လိုခံစားရမလဲဆိုတာကို အန်ကယ်နားလည်ပါတယ်၊အဲဒါကြောင့် သမီး စိတ်ချမ်းသာသလို ဆုံးဖြတ်နိုင်ပါတယ်၊ သားငယ်နဲ့ပြန်မပေါင်းနိုင်ပါဘူးဆိုရင်လည်း သမီးနဲ့မြေးလေးတွေက အန်ကယ်တို့မိသားစုဝင်နေရာကနေ ပျောက်ပျက်သွားမှာ မဟုတ်ဘူးနော်၊ သမီးက အန်ကယ်တို့သမီး မြေးလေးတွေကလည်း အန်ကယ်တို့သွေးသားဘဲ၊ ဘာမှ မပြောင်းလဲဘူး သမီး၊ ဒါပေမယ့်..မိခင်တိုင်းရဲ့ဆုံးဖြတ်ချက်ဟာ သားသမီးအပေါ် မူတည်နေတယ်...၊ ကလေးတွေအတွက် စဥ်းစားပြီး အကောင်းဆုံးကို ရွေးချယ်ပေါ့.."


စကားတွေ အရှည်ကြီးပြောသွားပြီး ဦးပိုင်ဦးက မြေးတွေ ပုခက်နားသွားရပ်ကြည့်နေ၏။


ဘွားဘွားက ခြိမ့် လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ..၊


"မြေး ကျန်းမာအောင်နေ...ဒါမှ ဘွားမြစ်လေးတွေက အဲဗားဂျော်လီလေးတွေ ဖြစ်နေမှာ၊စိတ်ညစ်စရာတွေမတွေးရဘူး ဒါဝမ်းသာရမဲ့အချိန်၊ မဂ်လာရှိတဲ့ အချိန်ဘဲ မြေးရဲ့၊ဘွားတစ်ယောက်လုံးမြေးဘေးမှာရှိတယ်..."


ယောက္ခမနှင့်အဘွားလုပ်သူက သူမဘက်မှာ ရှိနေပါပြီတဲ့..၊ 


ခုမှ တွေ့တာပေမယ့် ခြိမ့်စိတ်ထဲမှာ ဘွားဘွားကို ရင်းရင်းနှီးနှီးခံစားနေမိသည်။ရေစက်ကြောင့်ထင်ပါရဲ့..၊


ရင်မှာ နာကြည်းခြင်းတို့နှင့် မျက်နှာကို ဘွားဘွားဘက် လှည့်စောင်းထားမိသည်။ သူရှိနေသည့် တစ်ဖက်ခြမ်းကို ယောင်လို့တောင် လှည့်မကြည့်အောင် နေသော်လည်း ကိုယ့်ကို စိတ်ကြိုက်ငေးကြည့်နေမှာသိနေသဖြင့် ခံပြင်းလျက်..၊ လူကြီးတွေသာ ရှိမနေရင် စိတ်ရှိလက်ရှိအော်ငေါက်ပစ်ပြီးပြီ။ သူ့ကို မောင်းထုတ်ဖို့ အခွင့်အရေးမရသဖြင့် စိတ်ထဲမှာ ဒေါသတွေချည်းအုံဖွဲ့လျက် မျက်နှာပါ အလိုလို တင်းမာနေခဲ့သည်။


"မြေး စဥ်းစားပေါ့ကွယ်၊ အဓိက ကတော့ ကလေးတွေရဲ့ ရှေ့ရေးပေါ့၊ သမီးတစ်ယောက်တည်း မိခင်မေတ္တာနဲ့ ကလေးတွေကို စောင့်ရှောက်လို့ လုံလောက်ပါ့မလား၊ ဖခင်မေတ္တာဆိုတာကရော မလိုအပ်ဘူးလား၊ ကလေးတွေအတွက် မိခင်ရင်ခွင်လိုအပ်သလို ဖခင်ဆိုတဲ့ တံတိုင်းလည်း လိုအပ်နေမှာဘဲ၊မွေးစာရင်းထဲမှာလည်း ဖခင်နာမည်လိုအပ်သလို နောက်ရှေ့ဆက်မဲ့ ကလေးတွေရဲ့ အနာဂတ်မှာ ဖခင်ဟာ မရှိမဖြစ်လိုအပ်လာမှာဘဲကွဲ့"


"ခြိမ့်..ခြိမ့် ဘွားတို့ကို မြင်မြင်ချင်း  သံယောဇဥ်ဖြစ်ပါတယ်၊နောက်လည်း ဘွားဘွားကို ကိုယ့်အဘွားလိုဘဲ ချစ်နိုင်ပါတယ်၊ ဘွားဘွားစကားလည်း နားထောင်ချင်ပါတယ်၊ ဒါပေမယ့်..ဒါပေမယ့်..ခြိမ့် သူ့ကို စိတ်နာတယ်..မုန်းတယ်"


"မြေးရယ်.."


မုန်းတယ်တဲ့လား..၊ 


မျက်နှာကျက်ကို စိုက်ကြည့်ကာ နာနာကြည်းကြည်းနှင့် အမုန်းစကားတွေကြားလိုက်ကတော့ သိမ်းပိုက် ငိုင်ဆင်းသွားသည်။

ခုံမှာ ထိုင်နေရက်နှင့် လူတစ်ကိုယ်လုံး တောင့်တင်းသွား၏။ 


သူ့လက်ထဲက နူးညံ့သည့် လက်ကလေးကိုပါ သိမ်းပိုက် လွှတ်ချလိုက်မိပြီး ပြတင်းပေါက်ဘက်ဆီ လျှောက်သွားကာ သူတို့ကို ကျောခိုင်းထားလိုက်သည်။ရင်ထဲမှာ နင့်နင့်နဲနဲ နာကျင်လျက် သူမ စကားတွေကို နှလုံးသားမှာ ခါးသီးစွာ ကြားနေရဆဲ..၊


"ဘွားနဲ့ အန်ကယ် ခြိမ့် ဒီစကားတွေ ပြောရတဲ့အတွက် ခွင့်လွှတ်ပါနော်၊ခြိမ့်က ခံစားခဲ့ရတဲ့သူ ခြိမ့်  မမေ့နိုင်သေးဘူး၊ သူ့ကို ခွင့်လည်း မလွှတ်နိုင်ဘူး၊ ခြိမ့် သူ့ကို သိပ်မုန်းတယ်၊ ကန်တော့ပါဘွား..ဘွားတို့ရှေ့မှာ ခုလို ပြောမိတဲ့အတွက် ခြိမ့်မှားတယ်ဆိုရင် ခွင့်လွှတ်ပါ..ခြိမ့် ကန်တော့ပါတယ်"


ခုတင်ထက်ကနေ ဘွားတို့ဘက်ကို လက်အုပ်ချီလျက် ကန်တော့နေသည့် ခြိမ့်ကို ရင်နာနာနှင့်ကြားက မြင်နေရ၏။သူမက သူရှိနေတာ သိသိလျက်နှင့် ဂရုမစိုက်တာလား...တမင်နာကြည်းချက်တွေ ထုတ်ပြနေသလား မသိ။ဒီကနှလုံးသားက ကျောက်သားမဟုတ်တော့ အမုန်းစကားတွေ ဓားသွားလှံသွားတွေလို စိုက်ဝင်ကာ ဒဏ်ရာဒဏ်ချက်များစွာနှင့် သွေးစိမ်းရှင်ရှင်ကျလျက်..၊


 "သြော်... မြေးရယ်၊ မြေး သဘောပါ၊ ခုချိန်မှာ ဒါတွေ မစဥ်းစားပါနဲ့ဦးကွယ်၊ ဘွားကတော့ ဘာလိုအခြေအနေဘဲ ဖြစ်ဖြစ် မြေးကို ဘွားမြေးအဖြစ် လက်ခံပြီးသားပါ၊ ​မြေးသိမ်းပိုက်နဲ့ မသက်ဆိုင်တော့ရင်တောင် ​မြေးက ဘွား​မြေးမလေးပါဘဲ"


တင်းမာခြင်းလည်း မမည် ပျော့ပျောင်းလွန်းတာလည်း မဟုတ်သည့် ဘွားစကားတွေမှာ မေတ္တာတရားတွေ ပျော်ဝင်နေခဲ့သည်။ ခုချိန်မှာ ခြိမ့် တောင်းတနေသော မိခင်နှင့်တူသော ရင်ခွင်တစ်စုံကို တွေ့ရပြီမို့ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့..၊


ဘွား၏လက်အစုံကိုဖက်တွယ်၍ ကိုယ်လေးသိမ့်သိမ့်တုန်အောင် ငိုရှိုက်နေသည့် သူမကို ကြည့်နေရင်း သူပါ ရင်ထဲ ဆို့ကျပ်လာရသည်။မေတ္တာတရားကြီးမားသော သဘောထားနူးညံ့သူ မိန်းမသားပီပီ ဘွားပါ သူမ ခေါင်းလေးကို ပွတ်သပ်ပေးရင်း မျက်ရည်တွေ ကျနေခဲ့၏။


ခြိမ့် သတိမရခင်လေးကမှ အရေးတကြီးအစည်းအဝေးရှိတယ်ဆိုပြီး ခွန်စေးသာ ပြန်သွားသဖြင့် အခန်းထဲမှာ ဘွား၊ဖေဖေ၊ခြိမ့်နှင့်သူရယ်ဘဲ ကျန်ခဲ့သည်။ ကလေးတွေကလည်း ပုခက်ထဲမှာ အိပ်ပျော်နေ၏။


သူမ မျက်ရည်တွေကို မမြင်ချင်တဲ့ သူ မျက်ရည်တွေကို သုတ်ပေးခွင့်မရတဲ့အခါ ပေါက်ကွဲချင်သောစိတ်တွေက တင်းတင်းကျပ်ကျပ်ဆုပ်ထားသော လက်သီးထဲမှာ မွမွကြေလျက်..၊


ပြောလိုက်ပါတော့လား မောင့်နာကျင်သွားအောင် နစ်နစ်နာနာတွေ..၊ အရင်ကလို မောင့်ပါးနှစ်ဖက်ကို စိတ်ကျေနပ်တဲ့အထိ ရိုက်ပစ်လိုက်ပါလား ခြိမ့်ရယ်..၊ မောင့်ကို မင်း မျက်ရည်တွေနဲ့ နှိပ်စက်တော့မှာလား။


မင်း ငိုနေတာကို မောင် မချော့တတ်တာ မဟုတ်ဘူး ခြိမ့်..မင်းပါးပေါ်က အဲဒီမျက်ရည်တွေ တစ်စက်မှ မရှိတော့အောင် မောင်လုပ်နိုင်တယ်။ဒါပေမယ့်...မင်း အမုန်းတွေကို နောက်ထပ် မောင် ခံနိုင်ရည်မရှိတော့လို့..၊ 


အခန်းထဲမှာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့၏။ထိုစဥ်..၊


"ကျွီ!.."


"ခြိမ့်...သြော်..."


အခန်းတံခါးပွင့်သွားပြီး အခန်းတွင်းကျူးကျော်ဝင်ရောက်လာပြီးမှ အထဲက အခြေအနေကို မြင်သွားကာ မိန့် ခြေလှမ်းတွေ အားတုံ့အားနာဖြစ်သွား၏။


အခန်းတွင်းကို ဖြည်းဖြည်းလှမ်းဝင်လာရင်းမှ သူမရှေ့က မျက်နှာစိမ်းတွေကို စူးစမ်းသလို ကြည့်လိုက်မိမှ..၊


"ဟင်!...ဘွားဘွား.."


မိန့် အံ့သြတုံ့ဆိုင်းသွားသလို အခန်းတွင်းဝင်လာသည့် သူမကို လှမ်းအကဲခတ်ကြည့်နေသော ဘွားဘွားမျက်ခုံးတွေ တွန့်ချိုးသွားကာ..၊


"မိန့်မိန့်...ညည်း မိန့်မိန့် မဟုတ်လား"


လက်ညှိုးထိုးလျက် တအံ့တသြဆိုလျှင် မိန့် ဇဝေဇဝါနှင့်..၊


"ဟုတ်ပါတယ် ဘွားဘွား၊ ဒါနဲ့..ဘွားက ဘယ်ကဘယ်လို.."


"ခြိမ့်နဲ့ကလေးတွေဆီလာတာပါ မမ၊ ဘွားက သူ့မြစ်လေးတွေကို လာကြည့်တာ"


"သိမ်း...သိမ်းပိုက်"


မိန့် သူမကျောဘက်က ထွက်လာသည့် အသံကြောင့် ဆံပင်တွေ ဝေ့ခါသွားသည့်အထိ လှည့်ကြည့်လိုက်မိသည်။ သိမ်းပိုက်က ပြတင်းတံခါးနားမှာ မှီရပ်နေရင်း ခြိမ့်တို့ ခုတင်ဘက်ကို လျှောက်လာလျှင်..၊


"မင်း..ဒီကိုရောက်နေတယ်၊ မဟုတ်မှ ခြိမ့်နဲ့မင်း.."


 မိန့် လှုပ်လှုပ်ရှားရှားဖြစ်နေ၏။


"ခြိမ့်က ကျွန်တော့်ဇနီး၊ ခြိမ့်ကလေးတွေရဲ့ အဖေက ကျွန်တော်"


"ဘယ်လို.."


"နေ..နေစမ်းပါဦး၊ မိန့်မိန့်..ဒီကို ဘာလာလုပ်တာလဲ၊ မြေးမလေးနဲ့ သိနေတာလား မိန့်မိန့်"


ခုံမှာထိုင်နေသည့် ဘွားဘွား ထလာပြီး စူးစူးစမ်းစမ်းမေးလာသည်။


"ဘွားဘွားတို့ချင်း သိနေတယ် ဟုတ်လား"


ခြိမ့်ပါ သူတို့ချင်းသိနေကြသည့် အဖြစ်ကြောင့် စိတ်ဝင်စားသွားရ၏။


"ဟုတ်တယ်..သိနေတယ်..မြေးမလေးနဲ့ မိန့်မိန့်ကရော ဘယ်လိုပက်သက်နေတာလဲ"


"ခြိမ့်က ကျွန်မသမီး.."


"ဘာ!..."


အပိုင်း(၃၂)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: