book

Index 30

အပိုင်း(၃၀)

💘မှတစ်ပါး....အခြားမရှိ💘


"အ!...ကျွတ်..ကျွတ်.."


မျက်နှာလေး ဖွေးစွတ်ကာ ချွေးသီးချွေးပေါက်တွေ ပြိုက်ပြိုက်ကျနေသည်။ သို့သော် နာကျင်မှုကို စုပ်သပ်ညည်းညူကာ ခြိမ့် အံကြိတ်ခံနေပုံကို မြင်နေရ၏။


"ခြိမ့် အရမ်းနာနေတာ ကျွန်တော် ဘယ်လိုမှ ကြည့်မနေနိုင်တော့ဘူး၊ ခွဲမွေးလိုက်တာ ကောင်းမယ်ဗျာ"


"လူနာက ရိုးရိုးမွေးချင်တာ ၊ စောင့်ကြည့်ပါဦး..မွေးတော့မှာပါ၊တစ်ညလုံးနာထားတာ ဒီမနက်မှ မမွေးရင်တော့ ခွဲရလိမ့်မယ်"


"ဟုတ်ပါ့မလားဗျာ၊ ဗိုက်ကြီးက နည်းတာကြီး မဟုတ်ဘူး အမွှာတွေ ဘာတွေများ ဖြစ်နေမလား"


"ရှင်တို့ အန်ထရာဆောင်းရိုက်မကြည့်ဘူးလား"


"ဗျာ!...မရိုက်ဘူး"


နာကျင်မှုကို အံကြိတ်ခံစားနေရသည့် ခြိမ့်ကို ကြည့်ရင်း သူပါ နာကျင်လာရသည်။ မနေ့က ပူထူပြီး မောင်းမိခဲ့တာ သူတို့မကြာသေးမှီကမှ ဖွင့်လှစ်ထားခဲ့သည့် ကိုယ်ပိုင်ဆေးရုံသို့..။


 ခြိမ့် အပ်ထားသည့် အိုဂျီ ဒေါ်သက်သက်မာသည်လည်း သည်ဆေးရုံမှာ ထိုင်သဖြင့် ကံကောင်းသွားသည်။ရင်သွေးအတွက် စိုးရိမ်ပူပန်နေသဖြင့် မာနထားရမှန်း သတိမရတော့။


မိဘပိုင်သည့် ဆေးရုံမှာ သူ့ဇနီးကို မွေးဖွားတာ မေမေတို့ သိသွားမှာလည်း မစိုးရိမ်တော့။ ခုချိန်မှာ ခြိမ့်နှင့် သူ့ကလေးအတွက်ကလွဲပြီး ကျန်တာတွေ ခေါင်းထဲ မရှိ။


ကိုကို ဒေးဂျူတီဖြစ်ဟန်တူသည်။ သူတို့ဆေးရုံရောက်ကတည်းက ကိုကိုနှင့် မတွေ့ရသေးပါ။ ဆေးရုံကိစ္စကို သူ နားမထောင်တော့ ဒီက ဝန်ထမ်းတွေ သူ့ကို သာမန်လူနာရှင်တစ်ယောက်ထက် မပို။ သူကလည်း ဒီကိစ္စနဲ့ပက်သက်ပြီး ဟိတ်ဟန်လုပ်ပြီး ထွေထွေထူးထူး ရှင်းပြမနေချင်။


တစ်ချက်တစ်ချက် သတိလစ်ချင်သလို ဖြစ်သွားသော ခြိမ့်သည် နာကျင်မှု ဝေဒနာကို အလူးအလိမ့် ခံစားနေရရှာသည်။သို့သော် ခြိမ့် အော်ဟစ်မနေ။ အံကို တင်းတင်းကြိတ်ထား၏။ သူ ခြိမ့်လက်လေးကို တင်းတင်းဆုပ်ထားရင်း သူမခံစားနေရတာကို ဘယ်လိုမှ မကြည့်ရက်တော့။ သူပါ သူမနှင့် ထပ်တူခံစားရကာ သူ့လက်ထဲက သူမလက်လေးကိုသာ ခပ်တင်းတင်းဖိဆုပ်ထားမိ၏။


"ခြိမ့်..."


သူဆုပ်ကိုင်ထားသည့်အတိုင်း ခြိမ့်က ငြိမ်မနေ။ သူ့လက်ကို ပြန်လည်၍ တအားဆုပ်ထားသဖြင့် သူမလက်သည်းရှည်တွေ လက်ဖျံမှာ နစ်ဝင်ကာ သွေးတွေ စို့တက်လာသည်။


လက်ဖျံနှင့်လက်မောင်းတစ်လျှောက်မှာ လက်သည်းရာတွေ ပလဗွနှင့် သွေးတွေ ခြောက်ကာ ကပ်နေကြသည်။ လည်ပင်းနှင့် ရင်ဘတ်မှာ ထိုအတိုင်းဘဲ ဖြစ်နေလိမ့်မည်။ စပ်ဖျင်းဖျင်းဖြစ်နေသည့် ခံစားမှုထက် မျက်စိရှေ့မှာ ခြိမ့် ခံစားနေရသည်ကို မြင်နေရသဖြင့် အသည်းမှာ ဆတ်ဆတ်ခါ နာနေ၏။


"ခြိမ့်...ခြိမ့်ရယ်"


နဖူးမှာ သီးထနေသည့် ချွေးတွေကို အသာတို့သုတ်ပေးမိရင်း နာကျင်မှုကြောင့် လူးလွန့်နေသည့် ခြိမ့်ကို တအားပွေ့ဖက်ထားလိုက်ချင်တော့သည်။နှုတ်ခမ်းကို ဖိကိုက်ထားသဖြင့် သွေးခြေဥကာ သွေးတွေပါ ဆို့လာ၏။


ဆေးရုံအုပ်ကြီးလည်းဖြစ် ပိုင်ရှင်လည်းဖြစ်သည့် ကိုကို ရောက်လာတော့မှ အားလုံးပျာယာခတ်ကုန်ကြသည်။


"ကိုကို... လုပ်ပါဦး၊ ခြိမ့် ဗိုက်နာနေတာ အရမ်းကြာနေပြီ"


သားသမီးနဲ့ပက်သက်လာတော့ မာနတွေ မထားနိုင်တော့ပါ။ကိုကို့လက်ကို ဆွဲပြီး မျက်ရည်များဝဲလာသည့်အထိပင်။


"ညီ..မင်းအပြင်ကနေ သွားစောင့်ချင်လည်းစောင့်ကွာ၊ မင်းကြည့်ရတာ ငါတို့ပါ အလုပ်မဖြောင့်ဘူး"


သူမကိုင်ထားသည့် လက်ပေါ်ကနေ ထပ်ဆုပ်ကိုင်ထားရင်း သူ ခေါင်းရမ်းပြမိ၏။သူ ခြိမ့်ကို ထားပြီး မသွားနိုင်။ 


အတင်းဖိကိုက်ထားသဖြင့် ပေါက်ပြဲနေသည့် နှုတ်ခမ်းထက်က သွေးစတွေကို သုတ်ပေးရင်း သူပါ အင်အားတွေ ဆုတ်ယုတ်လာသလို ဆုပ်ကိုင်ထားသည့် သူမ လက်တစ်ဖက်က ပို၍ တင်းလာသည်။ အောက်နှုတ်ခမ်းက သွေးစတွေ စီးကျလာတော့ သူ ဘယ်လိုမှ ကြည့်မနေနိုင်တော့ပါ။


သွေးစတွေလူးနေသည့် နှုတ်ခမ်းရှေ့ကို ညာလက်တစ်ဖက်ထိုးပေးလိုက်လျှင်..၊


လက်ခုံကို ဖိကိုက်ချလိုက်တာကို သူ အံကြိတ်ခံလိုက်သည်။ထိုလက်ခုံဆီကနေ သွေးတွေစီးကျစဥ်..၊


"ခေါင်းထွက်လာပြီး ညှစ်..ညှစ်ထား"


"အူဝဲ...အူဝဲ.."


သူ ထခုန်မိမတတ် ဝမ်းသာသွားမိသည်။ သို့သော် သူ့လက်ခုံကို ဖိကိုက်ထားသည့် ခြိမ့်သည် ဝေဒနာခံစားနေရဆဲဖြစ်ကာ..၊


"ကျန်သေးတယ်.."


"ဟင်!.."


သူ အံ့အားသင့်သွားရပြီး ရင်ထဲမှာလည်း တဒိန်းဒိန်း​ဆောင့်ခုန်လျက် ဝမ်းသာဝမ်းနည်းခံစားချက်ကြီးက ဘယ်လိုကြီးမှန်း မသိ။


ခြိမ့်မွေးဖွားနေသော..သူ့ရင်သွေးသည် အမွှာလေးတွေဖြစ်လို့နေသည်။ခြိမ့် မျက်နှာလေးတစ်ခုလုံးသွေးစုပ်ဖြူရော်ကာ ဖိကိုက်ထားသည့် သူ့လက်ကိုလည်း မလွှတ်..။


"အူဝဲ...အူဝဲ.."


ဒုတိယံမိထွက်ပေါ်လာသော မွေးကင်းစကလေးငယ်လေး၏အသံကြောင့် သူ ကျွမ်းဆယ်ပတ်လောက်ထိုးပစ်လိုက်ချင်သည့်အထိ ဝမ်းသာလုံးဆို့သွားသည်။


"အကြီးက ယောကျ်ားလေး၊ အငယ်လေးက မိန်းကလေး..သုံးမိနစ်ဘဲ ခြားတယ်"


ဒေါ်သက်သက်မာ အသံနောက်မှာ သူ့လက်ကို   ဖိကိုက်ထားသည့် ခြိမ့်  ရုတ်တရက်ငြိမ်သက်သွား၏။


"ခြိမ့်...ခြိမ့်...လုပ်ပါဦး ကိုကို...ဒေါက်တာ.. ခြိမ့် ခေါ်လို့မရတော့ဘူး"


ခြိမ့် မေးဖျားလေးကို လှုပ်ခေါ်ရင်း ရင်ထဲ အပူလုံးကြီး ထိုးဆောင့်တက်လာကာ ဘယ်သူ့ကိုမှ မရှက်နိုင်တော့။


ကိုကိုရော အိုဂျီဒေါ်သက်သက်မာပါ ပြာယာခတ်သွားသည်။


"စက်ယူခဲ့..နှလုံးခုန်စက်နဲ့နှိုးရမယ်"


ဒေါ်သက်သက်မာက အရေးတကြီး ညွှန်ကြားနေရင်း ခြိမ့်ကို နှလုံးခုန်စက်နှင့် ဖိအားပေးနေ၏။


မေ့မျောနေသည့် မျက်နှာနုနုလေးကို သူ အကြောင်သားနှင့် ငေးစိုက်ကြည့်နေမိသည်။


ဟင်အင်း..ခြိမ့်၊ မင်း ဘာမှ မဖြစ်ရဘူး။မောင်တို့သားအဖတွေကို မင်းထားခဲ့လို့ မရဘူး..။


မောင် ဘာမှ ဖြစ်ခွင့်မပြုနိုင်ဘူး ခြိမ့်..၊


ရင်ထဲမှာ နှလုံးသားတွေ ပူးပြင်းလောင်မြိုက်ကာ ဗလောင်ဆူနေသည့်တိုင် အပြင်မှာ လူက မလှုပ်မယှက်နှင့်။ နှလုံးခုန်စက်နှင့် ဖိအားပေးတိုင်း ကြွတက်လာသည့် ခြိမ့် ကိုယ်လေးနှင့် လောကကြီးထဲကို ခုမှ ရောက်လာကာ သံကုန်ဟစ်ကြွေးနေသော ကလေးငယ်နှစ်ဦး အသံက သူ့ရင်ထဲ မီးစနှင့် ထိုးနေသည့်နှယ်..။


"သွေးသွင်းရမယ်...အပြင်က လူနာရှင်တွေဆီသွား၊ အေသွေးအမြန်ရှာလာခဲ့"


ဒေါ်သက်သက်မာက စစ္စတာကို ညွှန်ကြားတော့ တည်ကြည် လက်ကာတားရင်း..၊


"အေသွေးဆို ရှာမနေပါနဲ့တော့၊ ညီ..မင်းစက်ာပူမှာ ဆေးစစ်လာပြီးသားဘဲ၊ မင်း သွေးကို ယူမယ်..ရတယ်မို့လား"


"ရတာပေါ့ ကိုကို၊ လိုတဲ့သွေးကို ကျွန်တော်ဆီက ယူပါ၊ ခြိမ့်..ခြိမ့်အသက်ကိုသာ ကယ်ပေးပါဗျာ"


စိတ်နှင့်ကိုယ် ကင်းကွာနေရာမှ ကိုကို သူ့ဘက်လှည့်ပြီး ပြောလိုက်တော့မှ သူ အလောတကြီး ပြန်ပြောလိုက်မိ၏။


 "ကဲ!..မစ္စတာ..သူ့ကို သွေးဖောက်ဖို့လုပ်ပါဦး"


မစ္စတာက သူ့ကို သွေးဖောက်ကာ ခြိမ့်ဆီကို တိုက်ရိုက်သွင်းပေးသည်။ လက်မောင်းကတဆင့် ပိုက်လိုင်းထဲ စီးဝင်ကာ ခြိမ့်ကိုယ်ထဲသို့ သူ့သွေးတွေ စီးဆင်းဝင်ရောက်နေသည်။သူမခန္ဓာကိုယ်ထဲ သူ့သွေးတွေ သွင်းခွင့်ရသည့်အတွက် သူ့သွေးနဲ့သူမကို ကယ်ဆယ်ခွင့်ရသည့်အတွက် ရင်မှာ ကြည်ကြည်နူးနူးလှိုက်ဖိုလျက်..၊


 သူမ မျက်နှာလေးကို သူ စောင်းငဲ့ကြည့်နေမိလျှင်..၊


"ကွန်ကရက်ကျူလေးရှင်း ညီ.."


သွေးမဖောက်သည့် လက်တစ်ဖက်ကို ဆွဲကိုင်ကာ ကိုကိုက ပြုံးမြမြနှင့်ဆိုလာ၏။ သူ ခြိမ့်ထံရောက်နေသည့်အကြည့်တွေကို ကိုကို့ဆီ ပြန်ပို့ရင်း ခပ်ယဲ့ယဲ့အပြုံးနှင့်..၊


"သူ ဘယ်လိုနေသလဲဟင်.."


"ခုတော့ နော်မယ်လ်ဖြစ်သွားပါပြီ၊လိုအပ်နေတဲ့သွေးကိုလည်း မင်းဆီက အလွယ်တကူရလိုက်တာဘဲ"


သူ့ခုတင်ဘေးမှာ ရပ်ကာ သွေးဖောက်ထားသည့်လက်ကို ငုံ့ကြည့်၍ ကိုကိုပြောလိုက်တော့ သူ ကိုကို့မျက်နှာကို မသိမသာ အကဲခတ်လိုက်မိသည်။


ကိုကို..သူကို စိတ်မဆိုးတော့ဘူး ထင်ပါရဲ့..၊ 


ခြိမ့်နဲ့ပက်သက်ပြီး ကိုကို့ရင်ထဲမှာ တကယ် ဘာမှ မရှိတော့တာလား၊ ဘာလားတော့ မသိ..ကိုကို့မျက်နှာမှာ ပကတိ တည်ငြိမ်နေ၏။ကာလအတန်ကြာ တစိမ်းပြင်ပြင်ဖြစ်နေသော ကိုကို့ထံက ညီဟုသော ခေါ်သံကိုလည်း ပြန်ကြားနေရပြီ။


"အမွှာဆိုတော့ သူတော်​တော်ခံလိုက်ရရှာမှာဘဲ.."


"အမွှာဆိုပေမယ့် ကလေးတွေက ထွားတာကိုး၊ ဒီမှာ အကြီးလေးက ခုနစ်ပေါင်နဲ့နှစ်အောင်စ..အငယ်မက ခုနစ်ပေါင်နဲ့လေးအောင်စ..တကယ့်ချစ်စရာ တတုံးတခဲလေးတွေ.."


စစ္စတာက အနှီးဖြူဖြူနှင့်ပတ်ထွေးထားသည့် ကလေးနီတာရဲလေးတွေကို တစ်ဖက်စီချီပိုးပြီး သူတို့ညီအစ်ကိုရှေ့လာပြသည်။ကလေးတွေကို ကြည့်ရင်း သူ့ရင်ထဲမှာ ဖခင်မေတ္တာဆိုသော အေးမြကြည်လင်သည့် မေတ္တာစမ်းရေတွေ ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းကာ..၊


"ကျေးဇူးတင်ပါတယ် ကိုကို"


မျက်လုံးအချင်းအဆုံမှာ သူ ကျေးဇူးတင်စကားဆိုတော့ ကိုကိုက ခေါင်းဆတ်ပြပြီး..၊


"မလိုပါဘူးကွာ၊ ကိုကိုတို့ မိသားစုပိုင်ဆေးရုံမှာ ညီရဲ့ကလေးတွေ မွေးဖွားခဲ့တာ ဘယ်လောက်မဂ်လာရှိလိုက်သလဲ၊ကိုကို ဖေဖေတို့ကို အကြောင်းကြားထားတယ် ညီ၊ ဖေဖေလိုက်လာလိမ့်မယ်၊ မေမေကတော့.."


ကိုကို့စကား ထိုနေရာမှာ ရပ်သွားပေမယ့် သူ နားလည်လိုက်သည်။အနှီးထဲက ကလေးလေးတွေကို ချစ်ခင်မှုများစွာနှင့် ငေးစိုက်ကြည့်ရင်း..၊


"ကျွန်တော် မေမေ မနှစ်သက်တာကို စွတ်ရွေးချယ်ခဲ့မိတာကိုး၊ မေမေ ဘယ်လိုခံစားနေရမလဲ နားလည်သလို ကျွန်တော့်မိန်းမနဲ့ ကလေးတွေကလည်း ကျွန်တော့်ဘဝ အသက်ဘဲ ကိုကို၊ သူတို့ကို ချန်ထားခဲ့ဖို့ ကျွန်တော် ယောင်ပြီးတောင် မတွေးခဲ့ဖူးဘူး၊ ကျွန်တော့် ကလေးတွေအတွက် ကျွန်တော် ဖခင်ကောင်းတစ်ယောက် ခြိမ့်အတွက် ခင်ပွန်းကောင်းတစ်ယောက် ဖြစ်စေရမယ်"


သူ လေးနက်စွာဆိုပြီး  နူးညံ့သော ကလေးပါးလေးတွေကို ဖွဖွလေး တို့ထိနေမိသည်။ ကိုကိုက သူနဲ့ကလေးတွေကို လိုက်ကြည့်နေပြီးမှ..၊


"ကဲ..နားလိုက်ဦး ညီ၊ မွေးလူနာနဲ့အပြိုင် ညကတည်းက မင်းလည်း နာထားရတယ်မို့လား"


"ဟာဗျာ!.."


သူ့ မျက်နှာ နီမြန်းသွားတော့ ကိုကိုက ပြုံး၍ သူ့ပခုံးကို ပုတ်ကာ..၊


"ညီလည်း နားလိုက်ဦး"


"ဆရာကြီး...သွေးနောက်တစ်ပုလင်း လိုဦးမယ်၊အပြင်က လူနာရှင်တွေကို သွားမေးလိုက်မယ်"


"ကိုကို.."


ခုတင်ပေါ်လှဲနေရင်း သူ လှမ်းခေါ်လိုက်ကာ..၊


"ကျွန်တော့်ဆီကဘဲ ထပ်ယူလိုက်ပါ၊ နှစ်ပုလင်းလောက်နဲ့ ကျွန်တော် ဘာမှ မဖြစ်နိုင်ပါဘူး"


တည်ကြည် ခဏစဥ်းစားပြီးမှ ခေါင်းညိတ်၍..၊


"ဆေးစစ်ထားပြီးသား စိတ်ချရတဲ့သွေး သွင်းတော့ ပိုကောင်းတာပေါ့၊စစ္စတာ နောက်ထပ်တစ်ပုလင်းကိုလည်း ညီ့ဆီကဘဲ ယူလိုက်ပါ"


နောက်ထပ် သွေးထပ်သွင်းတော့မှ ခြိမ့် မျက်နှာလေး တဖြည်းဖြည်းပန်းရောင်သန်းလာသည်။ချွေးတွေ သီးထနေသည့် မျက်နှာလေးထက်မှာ ဖြူရော်ရော်နှုတ်ခမ်းသားလေးတွေ သွေးတို့စို့နေသည့် မြင်ကွင်းကို ကြည့်ရင်း  သူမကို ပို၍ မြတ်နိုးမိပြန်၏။


ကိုယ့်ရင်သွေး အမွှာလေးတွေကို လောကကြီးထဲ ခေါ်ဆောင်လာပေးတဲ့အတွက် ကျေးဇူးပါ ခြိမ့်ရယ်..၊ 


...................................................................


"ကလေးတွေက ခုချိန် ခွဲလို့မရဘူးနော်"


ခွန်စေးသာ ကလေးလေးတွေထည့်ထားသည့် ပုခက်ဘေး ရပ်ကာ တူ တူမလေးတွေကို ချစ်မဝစွာ ငုံ့မိုးကြည့်နေသည်။အခန်းထဲမှာ ဆရာမလေးရယ် သူတို့နှစ်ယောက်သာ ရှိပြီး ခြိမ့်က ခုတင်ပေါ်မှာ သတိမရသေး။


"ချစ်စရာလေးတွေ အမေချော အဖေချောမို့လား မသိဘူး ကလေးလေးတွေက ခုထဲက အချောလေးတွေ၊ အမွှာပေမယ့် ထွားတယ်နော်.."


ဆေးရုံပိုင်ရှင် ဆေးရုံအုပ်ကြီး၏ ညီမှန်းသိသွားကြတော့ အားလုံး ပြာပြာသလဲ ဂရုစိုက်ကြ၏။ဆေးသွင်းတာကို ရပ်ဆိုင်းလိုက်သည်နှင့် သူ ခုတင်ထက်ကနေ ထရပ်လိုက်လျှင်..၊


"သားငယ်.."


"ဖေဖေ.."


ဦးပိုင်ဦး သားဖြစ်သူကို ဖမ်းထိန်းထားရင်း..၊


"သွေးနှစ်ပုလင်းထုတ်ထားတယ်ဆို၊ ခုတင်ပေါ်မှာ လှဲနေပါလား သားငယ်၊ လက်မှာလည်း သွေးတွေပါလား"


"အဲဒါက.."


ဖေဖေ့လက်တွေကို ညာလက်နှင့်အသာဖယ်အချ လက်ကသွေးစို့နေသည့် ဒဏ်ရာတွေကို မြင်သွား၏။ထိုအခါ သူ ဖြေရခက်သွားစဥ်..၊


"ညီတို့မိန်းမချစ်ချက်ကတော့ မွေးခန်းထဲအထိ လိုက်ဝင်တာ ဖေဖေရေ၊ ဟိုက နှုတ်ခမ်းကိုက်ထားတာကို သူ့လက်သွားထိုးပေးတာ သွေးတွေ ဖြာကျလာတာတောင် တစ်ချက်မအော်ဘူး အံကြိတ်ခံတယ်လေ"


"ဘယ်မှာလဲ ငါ့မြစ်လေးတွေ..သိမ်းပိုက် မြေး.."


"ဘွားဘွား..."


အရွယ်နှင့်မလိုက်အောင် သွက်လက်သော ခြေလှမ်းများနှင့် အခန်းထဲ ဝင်လာသည့် ဘွားဘွား။


"ဟုတ်ပါ့တော်..ကျုပ်ပါ၊မင်းအဖေဖုန်းဆက်ပြောလို့ ကျုပ်ရန်ကုန်ကို အားချင်းဆင်းလာခဲ့တာ၊ ဒီရောက်တော့ မြေးမလေးကလေးမွေးတယ်ဆိုတာနဲ့ တစ်ခါတည်းဘဲ လိုက်ခဲ့လိုက်တာ၊ ငါ့မြစ်လေးတွေရော ဘယ်မှာလဲ.."


ဘွားဘွားလက်ကို ဆွဲပြီး ဝင်လာသည့် တည်ကြည်ကဘဲ..၊


"ဘွားဘွားမြေး ဒီမနက်ရော ညကတစ်ညလုံး သူ့မိန်းမနဲ့ အပြိုင်နာထားရတာ၊ သူ့ကိုကြည့်ပြီး ကျွန်တော် လုပ်ရတာ မဖြောင့်ဖြစ်သွားတယ် ဘွားရာ"


စလိုလိုနောက်သလိုလိုနှင့် တည်ကြည်က မသိမသာဖဲ့သလား မသိ။ဦးပိုင်ဦးက ပြုံးပြီး ခွန်စေးသာကြည့်နေသည့် ကလေးပုခက်နားလျှောက်သွား၏။ပြီးတော့ မြေးတွေကို ငုံ့ကြည့်ရင်း ပြုံးရွှင်နေသည်။ 


"ကိုယ့်ဇနီးက ကိုယ့်ရင်သွေးတွေကို အသက်နဲ့လဲမွေးဖွားနေတဲ့အချိန်မှာ ခင်ပွန်းတစ်ယောက်ဖြစ်တဲ့ သူကပါ ကိုယ့်ရင်သွေးနဲ့ ဇနီးအတွက် ပူပင်တာ ဓမ္မတာဘဲပေါ့၊ဘယ်လိုလဲ မြေး..ဘွားဘွားအတွက် မြစ်အမွှာလေးတစ်ပြိုင်တည်းရလိုက်တာ တကယ့်မဂ်လာဘဲဟေ့"


"အမေ့မြစ်လေးတွေကို လာကြည့်ပါဦး၊ သားငယ် ငယ်ငယ်ကအတိုင်းဘဲ"


ဦးပိုင်ဦးက ယောက္ခမဖြစ်သူကို လှည့်ခေါ်တော့ အားလုံး ကလေးတွေ ပုခက်နားရောက်သွားကြကာ ကလေးတွေကို ခေါင်းတွေစုပြုံကြည့်ကြရင်း..၊


"ကြည့်စမ်း...ဟုတ်ပါ့ ဟုတ်ပါ့၊ မြေးငယ်ငယ်ကနဲ့တူလိုက်တာ၊ချစ်ဖို့ကောင်းလိုက်ကြတာ..ငါ့မြေးမလေးရော ဘယ်လိုနေသလဲဟေ့"


"သွေးအားတော့ နည်းနေသေးတယ် ဘွား၊ ဒါပေမယ့် အားလုံးပုံမှန်ဖြစ်နေပါပြီ၊ မကြာခင် သတိရလာတော့မှာပါ"


တည်ကြည်က သွက်သွက်လက်လက်ဖြေလိုက်သည်။သူ ကလေးပုခက်ဆီကနေ ခြိမ့် ခုတင်ဘက်ကို လျှောက်သွားပြီး သူမလက်တစ်ဖက်ကို ဖွဖွလေးဆုပ်ကိုင်ထားမိ၏။


"ငါ့မြေးမလေး ဘယ်သူ.."


"ခြိမ့်ပါ ဘွားဘွား နာမည်အပြည့်အစုံက နှိုင်းခြိမ့်ခြိမ့်သာတဲ့"


ခြိမ့်ရယ်...မောင် မင်းကို သိပ်ချစ်တယ်။


"အေး...ငါ့မြေးမလေး ဆေးရုံဆင်းရင် သူ့အတွက် ဂုဏ်ပြုပွဲလုပ်ပေးရမယ်၊ မြေး..သိမ်းပိုက်.."


"ဗျာ..ဘွားဘွား"


"မင်းဖေဖေပြောပြလို့ ဘွား အားလုံးသိပြီးပြီ မြေး၊ မြေးမလေးကို မင်း ရအောင်ပြန်ချော့ရမယ်၊ ဘွားမြေးမလေးနဲ့ ကလေးတွေကို အဆုံးရှုံးမခံနိုင်ဘူးနော်၊ ကိုယ်ကယောကျ်ားဘဲ..အမှားလုပ်ထားပြီးရင် ခွင့်လွှတ်လာအောင် တောင်းပန်ရဲရမှာပေါ့၊ ဘွားကတော့  မြေးမလေးနဲ့ကလေးတွေကို ဘွားတို့မိသားစုထဲ လှိုက်လှိုက်လှဲလှဲ လက်ခံတယ်၊ဒါပေမယ့်..မင်းတို့ကြားထဲ ဘွားဝင်ပါမှာ မဟုတ်ဘူးနော်..မြေးမလေးနဲ့ကလေးတွေကို မြေးဘာသာ ရအောင်စည်းရုံး"


"ဘွားကလည်း.."


"ဘွားကမလဲနဲ့..တို့က တို့မြေးနဲ့ကလေးတွေကို ချစ်ခွင့်ရရင် ပြီးပြီ၊ မင်းမိသားစုကိုပိုင်ဆိုင်ချင်ရင် မင်းဘာသာကြိုးစား"


"သွားပါပြီ ဘွားဘွားရာ၊ ကျွန်တော်က ဘွားဘွားကို အကူအညီတောင်းမလို့ကို"


"မတောင်းနဲ့..ဘွားမြစ်လေးတွေကို ဘွားတို့ချစ်နေရပြီ၊ ကျန်တဲ့အပိုင်းက မင်းတာဝန်..မင်းဘာသာ ကြိုးစား၊ ကြည့်စမ်းပါဦး..ချစ်စရာလေးတွေ..ခုနေ ရုပ်ခွဲလို့မရဘူးနော်"


"ဟုတ်တယ်...တော်တော်နဲ့တော့ ခွဲလို့ရဦးမှာ မဟုတ်သေးဘူး"


ဝင်ပြောလိုက်သည့် ခွန်စေးသာကို ဘွားက သေချာကြည့်၍..၊


"လူလေးက မြေးခြိမ့်ရဲ့အစ်ကိုထင်တယ်"


"ဟုတ်ကဲ့..ကျွန်တော် ခြိမ့်ရဲ့ အစ်ကိုပါ ဘွား၊ ခွန်စေးသာပါခင်ဗျာ့..သိမ်းပိုက်ရဲ့အဘွားထင်တယ်"


"ဟုတ်တယ် ဘွားက သိမ်းပိုက်တို့ရဲ့အဘွားပါကွယ်၊ဘွားမြေးကိုယ်စား ဘွားကဘဲ တောင်းပန်ပါတယ်ကွယ်"


"ရပါတယ် ဘွားဘွား၊ တောင်းပန်စရာ မလိုပါဘူး ကျွန်တော်နားလည်ပါတယ် ခင်ဗျာ့၊ ဒါပေမယ့် ကျွန်တော့်ညီမက ခေါင်းနည်းနည်းမာနေလို့ ခက်နေတာ"


ဘွားက လေးတွဲစွာ သက်ပြင်းရှိုက်၏။ တစ်စုံတစ်ခုကို နားလည်နေသလို သိမ်းပိုက်ဘက်ကိုလည်း မျက်လုံးတစ်ချက်ရွှေ့ကြည့်သေးသည်။


"အကောင်းဆုံး စီမံကြတာပေါ့ကွယ်၊ ကလေးတွေ မျက်နှာလည်း ရှိနေပြီဆိုတော့...ကလေးတွေရဲ့အမေဆီက ခွင့်လွှတ်မှုသာ မရရင် ဟိုကောင်တော့ ရူးမှာ မြင်ယောင်သေးတယ်"


ဘွားစကားကြောင့် သိမ်းပိုက်ကို ကြည့်၍ အားလုံး ပြုံးစိစိဖြစ်ကုန်ကြ၏။


 သူ့ကို ကြည့်ပြီး ပြုံးနေသည့်အဖြစ်ကိုလည်း သူမသိ။ခြိမ့် မျက်နှာလေးကိုသာ တစိမ့်စိမ့်ကြည့်ရင်း နွေးနွေးလေးဖြစ်လာသည့် လက်ဖဝါးလေးကို ဆုပ်ကိုင်ထားမိသည်။


..................................................................


"ဟာ!.."


"အင့်!.."


"ဘုတ်!.."


စိတ်က ခြိမ့်ဆီရောက်လိုဇောများနေကာ

ကော်ရစ်တာ အကွေ့ကို ကသုတ်ကယက်ဖြတ်ကွေ့မိစဥ်..တစ်ဖက်က ထွက်လာသည့် လူနှင့် အင့်ခနဲ ပစ်တိုက်ကာ လက်ထဲက အထုပ်တွေ ကြမ်းပြင်ထက် ပြုတ်ကျကုန်သည်။


မိန့် ပြန့်ကြဲသွားသည့် အထုပ်တွေကို တစ်ခုချင်းကောက်ယူစဥ် သူမရှေ့မှာ နက်ပြောင်သော ရှူးတစ်စုံနှင့် အနက်ရောင်ဘောင်းဘီအပေါ်က ဂျူတီကုတ်ဖြူဖြူကို မြင်လိုက်ရ၏။ ထို့နောက် မိန့်အထုပ်တွေကို ကူကောက်ပေးနေသည့် လက်တစ်ဖက်မှာ နားကျပ်ကို စုကိုင်ထားသဖြင့် ဆရာဝန်တစ်ယောက်ဆိုသည့်အသိနှင့် အားနာကာ မျက်နှာကို ဖျတ်ခနဲ မော့အကြည့်...၊


"ဟင်!..."


"မမ..."


မိန့်လိုဘဲ ဖျတ်ခနဲ မော့ကြည့်လာသည့် မျက်နှာကို မြင်လိုက်ရစဥ် ခဏ.. သူမ ရင်ထဲမှာ အမည်တစ်ခု မြည်ဟီးသွား၏။


တည်ကြည်ခန့်ညား...၊


အပိုင်း(၃၁)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: