💘မှတစ်ပါး....အခြားမရှိ💘
ကူရှင်ကို မှီကာ ခြိမ့် တစ်လမ်းလုံးငေးလာခဲ့သည်။ တစ်ရိပ်ရိပ်ပြေးလွှားနေသည့် ကားပေါ်မှာ တိတ်ဆိတ်ခြင်းသာ ကြီးစိုးလျက်။
ခြိမ့်ဘက်က စကားပြောဖို့ ဝန်လေးနေသလို ကောင်ချောလေးကလည်း စကားမစ။
ခြိမ့်လို ယောကျ်ားတကာ လည်ပြန်ငေးမောကြသည့်အထိ အလှဂုဏ်မှာ သရဖူဆောင်းခဲ့တဲ့ မိန်းမတစ်ယောက်ကို အနားမှာ ထားပြီး အရေးမစိုက်သလို လုပ်နေသည့် တေမိမင်းသားကြောင့် စိတ်ထဲ မရိုးမရွဖြစ်မိသည်။
ခြိမ့်အလှအပတွေကို သိမ်းပိုက်ကမ္ဘာဆိုသည့် ပုဂ္ဂိုလ်လေးက မျက်တောင်တစ်ဖျတ်စာ အသိအမှတ်ပြုရုံထက် မပိုခဲ့။
ကြာလာတော့ ခြိမ့် မနေနိုင်တော့ပါ..၊
"ကိုတည်က ဘာလို့ ကိုယ်တိုင်လာမခေါ်တာလဲ"
"အိမ်မှာ ပြဿနာတက်တယ်"
လှည့်မကြည့်ပဲ ပြောလိုက်သည့်စကားကြောင့် ခြိမ့် မျက်လုံးလေးတွေ ကျဥ်းမြောင်းသွားကာ..၊
"ဘာပြဿနာလဲ"
"ခင်ဗျားကြောင့်"
ဖြေပုံက တိုစပ်စပ်နှင့်၊
ခြိမ့်ကပဲ အပြစ်ကျူးလွန်ထားသလိုလို..၊
"ခြိမ့်ကြောင့် ဟုတ်လား"
"ဟုတ်တယ်၊ ကိုကိုနဲ့ခင်ဗျား ကိစ္စကို အိမ်ကလူကြီးတွေသိသွားလို့ ကိုကိုပြဿနာတက်နေတယ်၊ကိုကို့ကို စည်းကမ်းတွေတင်းကျပ်ပြီး သူတို့သဘောကျနေတဲ့မိန်းကလေးနဲ့ပေးစားဖို့ အားချင်းစီစဥ်နေကြတယ်"
"ဟင်!.."
ခြိမ့် ရင်ထဲ ဖျင်းခနဲ ဖြစ်သွားသည်။
သူတို့ဘက်က သဘောမတူဘူးတဲ့လား။ ခြိမ့်က ဘာဖြစ်နေလို့လဲ။
မိန်းကလေးမာနဖြင့် ချက်ချင်းဖြစ်ပေါ်လာသည့် မခံချင်စိတ်များက ခြိမ့် တစ်ကိုယ်လုံး တဖျင်းဖျင်းပျံ့နေ၏။
"ခု ကိုတည်က ဘယ်မှာလဲ"
"တွေ့ရမှာပေါ့၊ ခင်ဗျားကို ကျွန်တော်လာခေါ်တယ်ဆိုတာ ကိုကို့အစီအမံပါ၊ အိမ်ကသဘောတူတဲ့မိန်းကလေးကိုမယူနိုင်ဘူးလို့ ပြတ်ပြတ်သားသားငြင်းနေတာ၊ လူကြီးတွေကလည်း ခင်ဗျားနဲ့အဆက်အသွယ်မရအောင် လုပ်ထားတယ်၊ ကိုကို့ကိုဆေးရုံဆေးခန်းတောင် မသွားခိုင်းတော့ဘူးလေ၊ အဲဒါကြောင့် ခင်ဗျားကို ကျွန်တော်လာခေါ်ရတာ"
"ကိုတည်က ထွက်လို့ရသလား ခု.."
"လွယ်လွယ်တော့ ဘယ်ရမလဲ၊ ဒီလိုပဲ လှိမ့်ရတာပေါ့၊ ပူမနေနဲ့ ခင်ဗျားနဲ့ ကိုကို ညားစေရမယ် စိတ်ချ"
သည်လောက်နှင့်စကားစပြတ်သွားပြန်သည်။
နှစ်ဆယ့်ခုနစ်နှစ်ဆိုသော အသက်က ငယ်ရွယ်သည်မဆိုသာသော်လည်း အပျိုကြီးမဟုတ်သေးဘူးလို့ ခြိမ့်ထင်၏။
အိမ်ထောင်ပြုရမှာ ကြောက်သည့် အစွဲရှိသော်လည်း ထားခဲ့သမျှရည်းစားတွေထဲမှာကိုတည်က အစစအရာရာအပြစ်ပြောစရာမရှိသည့် ယောကျ်ား။
သက်တူရွယ်တူဆိုပေမယ့် ကိုတည်မှာ သမာဓိဂုဏ်ရှိန်တွေရှိ၏။ ခြိမ့် ဆိုးနွဲ့လို့ရသည်။
ခြိမ့် ဘေးနားက ကောင်လေးကရော..၊
ရုပ်ရည်ကတော့ ကိုတည်ထက်သာ၏။ဖြောင့်စင်းနေသည့် နှာတံကတစ်ဖက်ဖျားတွင် မှဲ့နက်လေးက တစ်မျိုးလေးဆန်းနေသည်။ လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းများက အညိုရောင်ဘက်ခပ်လုလု၊ အစက်အပြောက်၊အဖုအပိန့်မထင်အောင် ဖြူဝင်းနုညက်နေသည့် အသားအရောင်ကြောင့် ထိုနှုတ်ခမ်းညိုညက်ညက်ကပင် ပိုထင်းကာ ဆွဲဆောင်မှုရှိ၍ကြည့်ကောင်းနေသည်။ရိတ်သင်ထားသည့် ပါးမြိုင်းမွှေးစိမ်းမြမြလေးတွေဆီ ခြိမ့် အကြည့်တွေရောက်သွားပြန်၏။
မျက်မှန်အနက်နှင့်ကာရံထားသည့် မျက်လုံးတွေကိုတော့ ခြိမ့် မြင်တွေ့ခွင့်မရခဲ့။ ပန်းနုရောင်ရှပ်ပေါ်ကနေ အနက်ရောင်ကုတ်ထပ်ထားသည့် ကိုယ်လုံးကိုယ်ထည်ကြံ့ခိုင်ပုံကို ခြိမ့်တစ်ချက်ကြည့်မိပြန်သည်။
ကိုတည်တစ်ခါပြောဖူးသည်။ ကိုတည့်ညီအငယ်ဆုံးက ကိုတည်ထက် ငါးနှစ်ငယ်သတဲ့။ ခြိမ့်ထက်လည်း ငါးနှစ်လောက် ငယ်တာပေါ့။
သိမ်းပိုက်ကမ္ဘာတဲ့..၊ ပုံစံလေးကတော့ တည်တည်တင်းတင်း၊ ခပ်ရင့်ရင့်လေး။
ကောင်ဆိုးလေးက ဘယ်လိုလူစားလဲ၊သူ့မှာ ရည်ရွယ်ထားတဲ့သူရှိနေပြီလား..၊အဲဒါကြောင့် ခြိမ့်လို မိန်းကလေး အနားရှိနေတာတောင် နည်းနည်းလေးမှ စိတ်မဝင်စားတာလား။
ခြိမ့် မခံချိမခံသာ တွေးရင်း သူထံရောက်နေသည့် မျက်လုံးတွေကို လွှဲပစ်လိုက်သည်။
ခုချိန်မှာ ခြိမ့်တွေးတောပူပန်ရမှာက ကိုတည်နဲ့ပက်သက်တာတွေပဲ ဖြစ်သင့်လေ၏။
..................................................................
"မင်းနေရာက မရောက်သေးဘူးလား၊ ဟူး.."
ရင်ဘတ်လေး မို့မောက်ကာ အသက်ပြင်းပြင်းရှုရင်း မောဟိုက်သံနှင့် ပြောလိုက်သည့် ခြိမ့်ကို ကြည့်ကာသူ ကျေနပ်သွား၏။
ခြိမ့်က နဖူးမှာချွေးစလေးတွေသီးထနေသဖြင့် လက်မောင်းနှင့် ပွတ်တိုက်ကာ..၊
"သုံးလွှာကို ဒီအတိုင်းတက်လာခဲ့ပြီးပြီ၊ မရောက်သေးဘူးလား"
"လေးလွှာဆိုရောက်ပါပြီ"
"လေးလွှာ!.."
ခြိမ့် မျက်လုံးပြူးသွားတော့ ခေါင်းဆတ်ပြလိုက်ပြီး..၊
"ဘယ်လိုလဲ ခင်ဗျား မလိုက်နိုင်တော့ဘူးထင်တယ်"
"ဓာတ်လှေကားမရှိ ဘာမရှိနဲ့လေးလွှာအထိ တက်ရတာ မင်း ဘာမှမဖြစ်တာ အံ့ရော"
ဒူးပေါ်လက်ပြန်ထောက်ကာ ခြိမ့် မကျေမနပ်ရေရွတ်သည်။
ခြိမ့် သေမတတ်မောပမ်းနေတာတောင် သိမ်းပိုက်ကမ္ဘာက ချွေးပင်မစို့။ပုံမှန်သွားလာနေကြလို သက်သောင့်သက်သာနှင့်။ခြိမ့်စကားကို ဟာသတစ်ခုကြားရသလို ပြုံးလျက်သိမ်းပိုက်ကမ္ဘာက ရှေ့ကနေ တက်သွားသဖြင့် ခြိမ့် အပြေးတစ်ပိုင်းလိုက်ရပြန်၏။
"မင်း နေဦးလေ၊ ဟေ့.."
ခြိမ့် အော်ခေါ်နေတာကို တစ်ချက် လှည့်ကြည့်ဖော်မရသည့် သူက လေးလွှာမြောက်အရောက်မှာ လှေကားထိပ် အခန်းရှေ့တွင် ခြေစုံရပ်သွား၏။
"သေတော့မှာပဲ...ဟူး...မောလိုက်တာ"
အနားမှာ လာရပ်ပြီး လျှာလေးထွက်ကာ မောဟိုက်နေသည့် နှိုင်းခြိမ့်ခြိမ့်သာပုံစံက ချွေးတွေစီးကျလျက် ဆံနွယ်စလေးတွေပါ ချွေးနှင့် စိုကပ်နေသည်။ နှုတ်ခမ်းလေးစုထော်လာသည့်အထိ လေမှုတ်ကာ လက်ဖဝါးနှစ်ဖက်ဖြင့် ယပ်ခတ်နေလျက်..၊
"ဒီအခန်းလား"
"အင်း"
နှိုင်းခြိမ့်ခြိမ့်သာထံမှ အကြည့်လွှဲလိုက်ပြီး ဘောင်းဘီအိတ်ထဲက သော့ နှိုက်ထုတ်ကာ သံပန်းတံခါးကို သော့ဖွင့်သည်။ ထို့နောက် ကျွန်းတံခါးက သော့ကိုပါ ထပ်ဖွင့်လိုက်ပြီး အထဲ လှမ်းဝင်လိုက်တော့ ခြိမ့်က သူ့နောက်ကနေ ဝင်လိုက်လာ၏။
"ကိုတည်ရော.."
"ထိုင်ပါဦး"
ဧည့်ခန်းထဲကို ဦးဆောင်ဝင်လိုက်ပြီး ဆက်တီခုံမှာ ထိုင်စေလိုက်သည်။
တံခါးဆီလျှောက်သွားပြီး ကျွန်းတံခါးကို ဆွဲပိတ်တော့ သူမက အံ့သြသလို တစ်ချက်မော့ကြည့်၏။
သိမ်းပိုက် သူမကို မကြည့်ပဲ စားပွဲပေါ်တင်ထားသည့် ဖုန်းပလပ်ကြိုးကိုပါ ဆွဲဖြုတ်ပစ်လိုက်သည်။ဆက်တီပေါ် တောင့်တောင့်လေးထိုင်ကာ သူ လုပ်သမျှကို ငြိမ်ကြည့်နေသည့် နှိုင်းခြိမ့်ခြိမ့်သာ၊ သူမကိုပေးထားသည့် အမှတ်တွေ ဇီးရိုးအထိထိုးကျသွား၏။
ယောကျ်ားတစ်ယောက်နဲ့ လူမရှိတဲ့တိုက်ခန်းထဲမှာ နှစ်ယောက်တည်းဖြစ်နေတာတောင် မတုန်မလှုပ်နှင့် ကြောက်ရွံ့စိတ်နည်းနည်းလေးမှ မရှိပါလား။
ခြိမ့် ဇဝေဇဝါစိတ်တို့ဖြင့် သူ လုပ်သမျှလိုက်ကြည့်နေစဥ် သူကခြိမ့်ဘက်ကို ပြန်လျှောက်လာပြီး ရှေ့က ဆက်တီမှာ ခြေပစ်လက်ပစ်ဝင်ထိုင်၏။
သေတော့မှာပဲ...ဘယ်လိုကြည့်နေတာလဲ၊
ယောကျ်ားပေါင်းများစွာ၏ အကြည့်တွေကို အတွေ့အကြုံအများကြီးရှိခဲ့ပါလျက် မျက်တောင်ဖျားတွေစင်းချ၍ ခပ်စူးစူးစိုက်ကြည့်နေသည့် အေးစက်စက်မျက်လုံးတွေကျမှ ခြိမ့် ရင်တွေ တဆတ်ဆတ်တုန်ကာ ဘာစကားမှ မပြောနိုင်။
တခြားတစ်ယောက်ဆို ရယ်စရာလုပ်ပစ်မိမှာ၊ ခုတော့ သိမ်းပိုက်ကမ္ဘာဆိုသော ကောင်လေးကျမှ အရင်က သွက်လက်ရဲတင်းခဲ့သော ခြိမ့်အပြုအမူတွေ ဘယ်ရောက်ကုန်တာလဲ။
"ခြိမ့် နားမလည်ဘူး"
အရာရာကို နားလည်သလိုရှိပေမယ့် ခြောက်ခြားစရာမျက်လုံးတွေအောက်မှာ ဘာကိုမှ နားမလည်သလို ခံစားနေရ၏။
"နောက်တော့ နားလည်လာမှာပေါ့"
"ဘယ်မှာလဲ ကိုတည်"
မေးလိုက်မှ နှုတ်ခမ်းတစ်ဖက်တွန့်၍ ပြုံးလိုက်သဖြင့် ခြိမ့်စိတ်ထဲက သံသယတွေ ပိုခိုင်မာသွားကာ..၊
"ဒီမှာ ကိုတည်မရှိဘူး၊ မင်း ဘာတွေကြံနေတာလဲ၊ကိုတည်မခေါ်ခိုင်းပဲ တို့ကိုခေါ်လာတဲ့ အကြောင်းရင်းက.."
"အချစ်အကျဥ်းသားတစ်ယောက်ကို အဖော်ပြုပေးဖို့"
"ဘာ!.."
" ဒီနေ့က စပြီး ဒီမှာ ခင်ဗျား ကျွန်တော်နဲ့အတူနေရမယ်"
"ရူးနေလား၊ အရူးမို့လို့ တို့က မင်းနဲ့ အတူတူနေရမှာလား"
ဝုန်းခနဲ ထရပ်ကာ ခြိမ့် ဒေါသတကြီး ရန်တွေ့လျှင်..၊
" ထိုင်နေစမ်းပါ ခြိမ့်၊ ကျွန်တော် လိုချင်လို့ ခေါ်လာပြီးပြီ၊ ခင်ဗျား သဘောဆန္ဒနဲ့ ပြန်သွားလို့ ရမယ်ထင်လား"
ဆက်တီခုံမှာ ကျောမှီရင်းမမှိတ်မသုန်ကြည့်ကာ အေးစက်စက် အပြောက ခြိမ့် စ်ိတ်ကို ဆွလိုက်သလိုပါ။
"ဘာလို့ မရရမှာလဲ၊ ခြိမ့်စိတ်ခြိမ့်သဘောပဲ"
ခြိမ့် တံခါးဆီ လှည့်အသွား..၊
"ဒီလိုလုပ်လို့ ရမလား ခြိမ့်"
"အမေ့!..အို လွှတ်..ဘာလုပ်တာလဲ"
နောက်ကနေ လက်ကိုဆောင့်ဆွဲပြီး စွေ့ခနဲပွေ့ပစ်လိုက်သဖြင့် ခြိမ့် သူ့အကျီရင်ဘတ်စကို လန့်ဖြန့်ဆွဲထားလိုက်မိကာ..၊
"မင်းကိုပြောနေတယ်နော်၊ လွှတ်ဆို ...သိမ်းပိုက်ကမ္ဘာ.."
"ခင်ဗျား ကျွန်တော့်စိတ်ကို လာဆွတာ ခြိမ့်"
"ဟင်အင်း...ဟင်အင်း၊ သိမ်းပိုက်ကမ္ဘာ...မင်းနော်"
ခြိမ့် သူ့ရင်ခွင်ထဲကနေ လူးလွန့်ရုန်းကန် အော်ဟစ်နေပေမယ့် လွှတ်မြောက်ခြင်းလည်း မရှိပဲ..၊
"ခြိမ့်တောင်းပန်ပါတယ်..မလုပ်ပါနဲ့၊ ခြိမ့်ကို လွှတ်ပေးပါ"
"ပြန်လွှတ်ဖို့စိတ်ကူးရှိမှတော့ ခြိမ့်ကို အစကတည်းက ဘယ်ခေါ်လာပါ့မလဲ၊ခြိမ့် ကျွန်တော်နဲ့ပဲ နေရမယ်"
"မင်း ရူးနေသလား"
"အဲဒီအရူးက ခင်ဗျားယောကျ်ားဖြစ်လာမှာ"
"ဂျိမ်း!.."
"အမေ့!.."
ခြေနှင့်ကန်ပိတ်လိုက်သော အခန်းတံခါးပိတ်သံကြားလိုက်ရပြီးနောက် ခြိမ့်တစ်ကိုယ်လုံး မွေ့ရာအိအိပေါ် နစ်ဝင်သွားသည်။
ရင်ခုန်သံတွေကိုတော့ ကြားခွင့်ရခဲ့ပါ၏။
သို့သော်...၊
..............................................................
"ခြိမ့်.."
"အင်"
ကျောခိုင်းအိပ်နေသည့် ခြိမ့်ကိုယ်လေးကို သူ နောက်ကနေ သိုင်းဖက်ထားရင်း ခပ်တိုးတိုးခေါ်ကာ..၊
"ကျွန်တော် ဗိုက်ဆာတယ်"
"သွားစားပေါ့၊ ခြိမ့် မဆာဘူး"
"အဟွန့်.."
ဆံပင်တွေထဲတိုးတိုက်ကာ ကုတ်သားဝင်းဝင်းလေးကို နမ်းရှိုက်ရင်း သူ ပြုံးလိုက်ပြီး..၊
"ကျွန်တော်ဆာတယ်၊ ခြိမ့် တစ်ခုခုလုပ်ကျွေး"
"ခြိမ့် ဘာမှ မလုပ်တတ်ဘူး"
"တကယ်လား"
"အမေ့!.."
ပခုံးကနေ ဆွဲလှည့်ပစ်ပြီး သူ ခြိမ့် မျက်နှာကို စူးစိုက်ကြည့်ကာ..၊
"ကော်ဖီလောက်တော့ ဖျော်တတ်မှာပေါ့၊ လုပ်ပါ... ကျွန်တော် တကယ်ဆာနေတာ၊ ညနေကတည်းက ဘာမှ မစားရသေးဘူး"
သိမ်းပိုက် သူမကိုပါ တစ်ပါတည်းဆွဲထူ၍ ထထိုင်လိုက်ပြီး..၊
"ခြိမ့်...လာကွာ"
ခြိမ့်ကို အတင်းဆွဲထူနေသဖြင့် ဘယ်လိုမှ ငြိမ်နေလို့မရတော့၊ သူ့နောက်ကနေ မီးဖိုခန်းဘက်ကို လျှောက်လိုက်ခဲ့ရ၏။
"ဘာရှိလဲ.."
"မသိဘူး"
ခြိမ့် လှည့်ကြည့်တော့ သူက မီးဖိုတံခါးဘောင်မှာ လက်ပိုက်မှီရပ်ကာ ခြိမ့်ကို မမှိတ်မသုန်ကြည့်နေ၏။မေးနေလဲ အပိုမို့ ခြိမ့် ကိုယ့်ဘာသာ ရှာကြည့်လိုက်တော့ မုန့်ဘူးတွေနှင့် ပေါင်မုန့်၊ ကြက်ဥတွေ တွေ့၏။
"ကော်ဖီဖျော်လိုက်မယ်၊ ဒီမှာ မုန့်ဘူး"
"ပေါင်မုန့်ရှိတယ်မို့လား ပေါင်မုန့်ကြက်ဥကြော်ပေးကွာ၊ ကျွန်တော် ဘီစကစ်မကြိုက်ဘူး"
တော်တော်ဂျေးထူပါလား..၊ မလုပ်ပေးနိုင်ပါဘူး။
မကြော်တတ်ဘူးဟု ပြောမလို့ ပါးစပ်ပြင်လိုက်စဥ်..၊
"မလုပ်တတ်ဘူးလို့ မပြောနဲ့၊ ကြော်တတ်သလောက် ကြော်၊ ခြိမ့်လက်ရာလေး စားကြည့်ချင်လို့"
ရေနွေးအိုးခလုတ်ကို မီးဖွင့်ရင်း ခြိမ့် နှုတ်ခမ်းလေးမဲ့လိုက်မိ၏။
သိပ်လည်တဲ့ ကောင်လေး..၊ ရှောင်ထွက်မရအောင် ပြောတတ်သလို၊ လုပ်ပေးချင်လာအောင်လည်း ခိုင်းတတ်သည်။
"ပေါင်မုန့်နှစ်ချပ်ဆို ဝလား"
"မဝဘူး၊ လေးချပ်ကြော်ပေး"
ကြက်ဥ၊သကြား၊နို့ဆီတို့ကို ရောခေါက်ကာ ပေါင်မုန့်ခြောက်ချပ်ကြော်လိုက်၏။
"ကြက်ဥပါ မကျက်တကျက်လေးကြော်ပေးနော်၊ကော်ဖီဖျော်ရင် ပြင်းပြင်းခါးခါးလေးဖျော်ပေး၊အဟင်း.. ဗိုက်က အပြတ်ဆာနေတာ"
ထမင်းစားပွဲမှာ ခုံဆွဲထိုင်ပြီး ကလေးလို ရယ်ကျဲကျဲနှင့် ပြောလျှင် ခြိမ့် မျက်စောင်းနုနုက သူ့မျက်နှာပေါ် ဝဲသွားသည်။
ဒီနေ့ နေ့လည်မှ စတွေ့ခဲ့တာ နှစ်ဆယ့်လေးနာရီမပြည့်သေးခင် အချိန်တိုလေးအတွင်းမှာ ခြိမ့် သူ့ကို စိမ်းမနေပါ။
ဘဝပေါင်းများစွာက ပက်သက်ရင်းနှီးခဲ့ဖူးသလို၊ ဟိုးအရင်ကတည်းက သိကျွမ်းနေသူလို အလိုလိုခံစားနေရတာ ဆန်းကြယ်သည်။
"အင့်..."
"ခြိမ့်ရော.."
ပေါင်မုန့်ကြက်ဥကြော်၊ ကြက်ဥကြော်ပူပူလေးနှင့် ကော်ဖီနွေးနွေးလေးကို ခြိမ့် သူရှေ့ချပေးတော့ မျက်လုံးလှန်ကြည့်ပြီး မေးလျှင်..၊
"ခြိမ့် မဆာဘူး၊ကော်ဖီပဲ သောက်မယ်"
"မဆာလည်း ပေါင်မုန့်နှစ်ချပ်ကူစားပေး၊ ကျွန်တော်တစ်ယောက်တည်း မကုန်ဘူး၊ညနေကတည်းက ဘာမှ မစားရသေးဘူးမို့လား"
ခြိမ့် လက်ကိုဆွဲ၍ ခုံမှာ ထိုင်ခိုင်းပြီး ပေါင်မုန့်ကြော်ပန်းကန်ကို အနားတိုးပေး၏။ သူကိုယ်တိုင်လည်း ပေါင်မုန့်နှစ်ချပ်ကို ဆွဲယူစားနေသည်။
"စားလေ၊ တော်ကြာ ကျွန်တော်စားတာနဲ့ ခြိမ့်ဖို့ မကျန်ဖြစ်နေမယ်"
တကယ်လည်း သူ စားနိုင်သည်။ ပေါင်မုန့်နှစ်ချပ်ထပ်ကို သုံးလေးချက်ပဲ ကိုက်ကာ ကော်ဖီနှင့်မျောချ၏။
"ဝရဲ့လား၊ အကုန်စားလိုက်လေ"
"ခြောက်ချပ်တောင် ခြိမ့်နှစ်ချပ်စားလို့ရပါတယ်"
ခြိမ့် စားလို့မပြီးခင် သူက ကြက်ဥကြော်ရော ကော်ဖီရော နောက်ထပ်ပေါင်မုန့်နှစ်ချပ်ပါ ကုန်သွားပြီ။ ခြိမ့် ကပြာကယာမျိုချပြီး ကော်ဖီကို တစ်ဂျိုက်ထဲမော့ကာ ပန်းကန်တွေ တစ်ပါတည်းယူ၍ ထရပ်လိုက်၏။
ခြိမ့် သူ့မျက်စိအောက်မှာ ကြာကြာမနေချင်..၊ထိုမျက်ဝန်းတွေကို ကြည့်ရင်း ခြိမ့်ရင်ခုန်သံ မြန်နေတာ ကိုယ့်ကိုယ်ကို သိနေသည်။
ကျောခိုင်းပြီး ဘေစင်မှာ စားထားတဲ့ပန်းကန်တွေကို ဆေးကြောနေလျှင်..၊
ခြိမ့်ပခုံးဆီကနေ လက်တစ်ဖက်သည် နွယ်တစ်မျှင်လို ရစ်ပတ်လာပြီး ဗိုက်သားချပ်ချပ်လေးမှာ နောက်တစ်ဖက်ပါ တိုးဖက်လာလျှင် ရုတ်တရက် နွေးထွေးသည့် ရင်ခွင်ထဲ ရောက်သွား၏။
တိတ်ဆိတ်နေသည့် ညဥ့်ယံတွင် သိမ်းပိုက်၏အသက်ရှူသံမျှင်းမျှင်းလေးထွက်ပေါ်နေပြီး ဝင်သက်ထွက်သက်လေငွေ့နွေးနွေးက ခြိမ့် ပါးပြင်လေးပေါ် ကလူကြည်စယ်လို့နေသည်။
ပါးပြင်လေးနှင့်ဆံနွယ်ကြား ထိခတ်နမ်းနေလျှင် စောစောကအထိ တင်းခဲနာကျင်နေသော ခံစားမှုအစုစုသည် တိမ်ဆိုင်လို လွင့်သွားလျက် ခြိမ့်ရင်ထဲ ချက်ချင်းညက်သက်လာ၏။
ခြိမ့် ရင်တွေတဒိတ်ဒိတ်ခုန်လာသည်က ယောင်ရမ်း၍ သူ့လက်တွေကို ပြန်လည်ဆုပ်ကိုင်လိုက်မိသည့်အထိပါ။
မျက်တောင်ဖျားလေးတွေ မှေးစင်းလျက် ရင်ခွင်ထဲမှာ ငြိမ်သက်နေသည့် သူမကို ငုံ့မိုးကြည့်ရင်း သိမ်းပိုက် နှုတ်ခမ်းမှာ ပြုံးရိပ်ထင်သွားသည်။
ပခုံးကနေ ဆွဲလှည့်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး ခြိမ့် မျက်နှာအစိတ်အပိုင်းတို့ကိုပိုက်စိပ်တိုက်၍ကြည့်လိုက်၏။ပန်းနုရောင် နှုတ်ခမ်းပါးလေးဆီမှာ အကြည့်တွေ ရပ်တန့်သွားပြီး..၊
"အို!.."
အလန့်တကြား ရှောင်ထွက်လိုက်ပေမယ့်ခြိမ့် သူ့ရင်ခွင်ထဲမှာမို့ အရှုံးချည်းသာ။
ရည်းစားတွေ အပျော်တမ်းထားခဲ့ပေမယ့် အချစ်နှင့်ပက်သက်ရင် ရန်ခုန်သံတွေ စိမ်းသက်ခဲ့သည့် ခြိမ့်၊နွေးသော အနမ်းများကြောင့် ရင်ခွင်လွှာသည် တလှပ်လှပ်တုန်ယင်အေးခဲလျက်။
ရင်ခုန်သံကလည်း ရန်ခုန်သံပဲ ဖြစ်ကာ၊ သူကလည်း သူပင်..၊
အနမ်းများက မေ့မေ့မူးမူးနှင့် နွေးထွေးသော ရင်ခွင်ထဲမှာ ခြိမ့် ရင်ခုန်သံတွေကို သူ ကြားသွားမှာ စိုးမိလေသည်။
အပိုင်း(၄)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း