💘မှတစ်ပါး.....အခြားမရှိ💘
ခုတင်ပေါ်က ဖျတ်ခနဲ လှည့်ဆင်းလိုက်ခြင်း တအားလွှဲ၍ ဆက်တိုက်ရိုက်ပစ်လိုက်ခြင်းသည် ခဏလေးအတွင်းမှာ မြန်ဆန်စွာ ဖြစ်ပွားခဲ့သည်။
"မင်း...မင်း လူယုတ်မာ"
မယုံကြည်နိုင်ခြင်းတို့နှင့်အတူ ကြေကွဲသွားသော သိမ်းပိုက်မျက်နှာက ရုပ်ပျက်ဆင်းပျက်..။အစက်အပျောက်အဖုအပိမ့်လေး တစ်ခုတစ်လေတောင်မရှိသည့် ဖြူဝင်းနှစ်နေသော ပါးနှစ်ဖက်မှာ လက်ရာကြီး အထင်းလိုက်ဖြစ်သွားခဲ့ပြီး ပြင်းထန်သည့်ရိုက်ချက်ကြောင့် မျက်ဝန်းအိမ်တွေက နီမြန်းကာ မျက်ရည်တို့ရစ်သိုင်းသွား၏။
"ကိုယ့်ဇနီးမယားကို ချစ်ခင်ယုယမိတာနဲ့ လူယုတ်မာလို့ သတ်မှတ်ရင် ခြိမ့် ထပ်ရိုက်ပါဦး၊စိတ်ချမ်းသာသွားတဲ့အထိ ရိုက်လိုက်စမ်းပါ"
"မင်း...မင်း ပါးစပ်ပိတ်ထား၊အချစ်ကို လျှာဖျားလေးပေါ်ကနေ ချွဲနွဲ့ပြ..ပြီးတော့ လိုချင်တာယူ၊ စိတ်ဆန္ဒတစ်ခုဖြေဖျောက်ဖို့သာသာ အချစ်တစ်ခုကို ငါ အထင်မကြီးဘူး သိမ်းပိုက်ကမ္ဘာ၊ နောက်ထပ်အလွယ်တကူ ပျော်ဝင်တတ်တဲ့ ခပ်ညံ့ညံ့မိန်းမ မဟုတ်ဘူးဆိုတာပါ မှတ်ထား၊ အိပ်ပျော်နေတာကို အခွင့်အရေးယူတတ်တဲ့ ယောကျ်ားမျိုး တစ်သက်မှာ တစ်ခါပဲ ဆုံမယ်၊သွား...ခုချက်ချင်း ထွက်သွား"
တစတစနီရဲလာသည့်မျက်လုံးတွေနှင့် သိမ်းပိုက်က ခုတင်ပေါ်ကနေ ခြိမ့် ဘေးကို ချက်ချင်းရောက်လာသည်။ ထို့နောက် ပခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းလေးဆုပ်ကိုင်ကာ..၊
"ခြိမ့်..မင်း မောင့်ကို ဘယ်လိုယောကျ်ားမျိုးထင်နေတာလဲ၊မကျေနပ်သေးရင် စိတ်ကျေနပ်သွားတဲ့အထိ ရိုက်ပစ်လိုက်၊ ကလေးတစ်ယောက်အဖေမုဆိုးဖို ဆိုတဲ့ အတိတ်ရှိရင်ရှိမယ်...မောင့်နှလုံးသားက ပထမဆုံးချစ်တတ်ခဲ့တာ မင်းပဲ ခြိမ့်၊ပြေးလွှားလှုပ်ရှားနေခဲ့ရတဲ့ မောင့်ဘဝ မောင့်အနာဂတ်မှာ မိန်းမတစ်ယောက်က ဘယ်အခန်းကဏ္ဍမှာမှ မရှိခဲ့ဖူးဘူး၊ ဟိုးတုန်းကတည်းက ဘယ်နေရာရောက်နေနေ မင်းကို ဥပေက္ခာပြုမသွားရက်ခဲ့တာ မောင့်နှလုံးသား မောင့်သံယောဇဥ်က မှတ်ကျောက်အတင်ခံနေပါပြီ ခြိမ့်"
ခြိမ့်က အသားကို အထိမခံနိုင်သလို ရုန်းပစ်၏။ပြောင်းလဲသွားသော အခေါ်အဝေါ်တွေကြောင့် ပိုပြီး နာကျင်လာရသည်။
သူ မလွှတ်ဘဲ ဆုပ်ကိုင်ထားလျှင်...၊
"ငါ့ကိုလွှတ်...မင်းကို ထပ်မရိုက်ရဲဘူးထင်နေသလား၊ ဖယ်.."
"မထင်ပါဘူး..မင်းလက်စကြောင့် မောင့်ပါးတွေ ခုထိ ကျိန်းစပ်နေသေးတာ၊ ဒါပေမယ့်... မောင့်ကို ရိုက်ရမှ ကျေနပ်မယ်ဆို ခြိမ့် မောင့်ပါးနှစ်ဖက်စလုံးကို မင်းကျေနပ်တဲ့အထိ ရိုက်ပါ"
ပခုံးမှာ ဆုပ်ကိုင်ထားသည့် လက်တွေကို ဖယ်ပစ်လိုက်ပြီး လက်နှစ်ဖက်စလုံးကို ဘေးမှာ စန့်ချပစ်သည်။ သို့သော် တုပ်တုပ်မှ မလှုပ်ဘဲ ခြိမ့် ကို ရီဝေခယသော မျက်လုံးများနှင့် ကြည့်နေလျှင်...၊
ရိုက်ချပစ်ဖို့ စိတ်ကူးတွေကို ကြိုးတုပ်ခံလိုက်ရသလိုဖြစ်သွား၏။
အံကြိတ်ကာ စူးစူးရဲရဲကြည့်နေသော ခြိမ့်နှင့် မျက်နှာချင်းဆိုင် ရပ်နေရင်းက ရှေ့လည်းမတိုးနောက်လည်း မဆုတ်ခဲ့ဘဲ..၊
"ဒီအခန်းထဲမှာ ရှိနေခဲ့တာ မောင့်ဘက်က မရိုးမသားကြံစည်တာ တစ်ခုမှ မပါဘူး ခြိမ့်၊ စိတ်ဆန္ဒတစ်ခုကို ဖြေဖျောက်ဖို့ အတွက်ဆို အပြင်မှာ ပျော်စရာတွေမှ တစ်ပုံကြီး..၊ကိုယ့်ကို မကြည်ဖြူတဲ့ မိန်းမကို ဘာလုပ်မှာလဲ ပြီးတော့ မင်းကိုယ်ဝန်ကြီးနဲ့၊ ပြောပြတာ...ကိုယ့်ဇနီးမယားကိုချစ်တဲ့စိတ်နဲ ယုယကြင်နာမိတိုင်းကိုယ့်လိုအပ်တစ်ခုအတွက်လို့ သတ်မှတ်လိုက်တာ ခြိမ့်ရဲ့စွပ်ချက်က ပြင်းလွန်းတယ်၊အိပ်ပျော်နေတဲ့ ကိုယ့်မိန်းမကိုယ် ပြန်ပြီးကြံရအောင် မောင် ရမ္မက်ဘီလူး မဟုတ်ဘူး ခြိမ့်.."
ရှင်းပြနေသည့် မျက်နှာက နူးညံ့ခြင်းတို့ ပျောက်ဆုံးနေသလို မာနတစ်ခုကြောင့် အသံလှိုင်းကပါ မာကျောတုန်ခါနေခဲ့၏။
ခြိမ့် သူ့မျက်နှာကို ခပ်မဲ့မဲ့ စိုက်ကြည့်ပစ်ကာ...၊
"မယုံဘူး...ငါ မယုံဘူး သိမ်းပိုက်ကမ္ဘာ၊ သွား.. ခုချက်ချင်းထွက်သွား"
"ခြိမ့်.."
သိမ်းပိုက် ခြိမ့်တစ်ကိုယ်လုံးကို သိမ်းကြုံးပွေ့ဖက်မလို ပြင်ပြီးမှ ကိုယ်ရှိန်ပြန်သပ်လိုက်၏။
"မင်းမျက်နှာမြင်နေရသရွေ့ ငါ စိတ်မချမ်းသာဘူး၊ မုန်းတယ်...ငါ့ဘဝကို နောက်ထပ်မနှောက်ယှက်ပါနဲ့တော့၊ သွားပါတော့"
"ကောင်းပြီ...ခြိမ့် စိတ်ချမ်းသာဖို့ မောင် ခြိမ့်ရှေ့ကနေ ထွက်သွားပါ့မယ်၊ ဒါပေမယ့်...ခြိမ့်နဲ့ မောင့်ကလေးနားကနေ ဝေးဝေးမသွားနိုင်ဘူး၊ ခြိမ့်အပါးမှာ မောင် အရိပ်လို ရှိနေမှာပါ၊ မောင် သွားမယ် ခြိမ့်"
နဖူးမှာ နွေးခနဲ ဖြစ်သွား၏။
ခြိမ့် မင်သက်ငေးမောသွားရာမှ အသိဝင်လာချိန် သူ အခန်းထဲမှာ ရှိမနေတော့ပါ။ဒေါသတို့နှင့်ပွက်ပွက်ဆူနေသော်ငြား နေရာမှာတင် ကျောက်ရုပ်လို ငြိမ်သက်နေလျက်..၊
ညက အိပ်မက်ဆိုးကြောင့် အားကိုးတကြီး ယောင်ရမ်းခိုဝင်ခဲ့မိသော ရင်ခွင်ဟာ သူ့ရင်ခွင်ဖြစ်နေခဲ့သည့်အဖြစ်ကို လက်မခံချင်၊ ပြီးတော့ ကိုယ့်ကိုယ်လည်း ခွင့်မလွှတ်နိုင်..။
ပြတ်သားနိုင်ပါသည်ဟု သူမ အကြိမ်ကြိမ်ကြွေးကြော်ခဲ့ပြီး ဒီရင်ခွင် မလွတ်မြောက်နိုင်သည့် အဖြစ်။
အံကြိတ်ထားလျက်က ခြိမ့် ရင်တစ်ခုလုံး ဗလောင်ဆူနေခဲ့၏။
..................................................................
"ဘာ!...ခြိမ့် လွန်တယ် ဟုတ်လား ကိုလေး"
ခုတင်ထက်ကနေ ဆတ်ခနဲ ထရပ်လိုက်သည့် ခြိမ့်ကို ခွန်စေးသာ မျက်လုံး အပြူးသားနှင့် ကြည့်ပြီး...၊
"ဖြည်းဖြည်းလုပ်ပါ...ကလေးလည်းထွက်ကျနေဦးမယ်"
"ကောင်းတာပေါ့...လက်သည်မလိုတော့ဘူး"
မျက်နှာလေး ဆူပုတ်လျက် ခြိမ့် အငေါ့်ထူသည်။
ထို့နောက် ပြတင်းပေါက်ဘက်ကို လျှောက်သွားကာ မှန်တံခါးကို ဖွင့်၍ ပြတင်းတံခါးမှာ ခပ်တောင့်တောင့်လေးရပ်ငေးနေသည့် အထိ ခွန်စေးသာ လိုက်ကြည့်နေမိသည်။
ခေါင်းမာလွန်းသည့် ခြိမ့်ကိုဘဲ ဂရုဏာဒေါသနှင့် အပြစ်တင်မိခြင်းဖြစ်၏။ဘယ်သူမှားမှား ခုချိန်မှာ ကလေးလည်း ရှိနေပြီ။ ခြိမ့် တင်းမာလွန်းနေတာ ခက်သည်။ကလေးအဖေ ဘယ်သူလဲ မေးတော့လည်း မဖြေ။ဘယ်လိုမှ ဖြောင်းဖျလို့ မရခဲ့။
ခြိမ့် အပြောအဆိုတွေ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဆက်စပ်တွေးကြည့်မိခဲ့၏။ပြီးတော့ ခြိမ့်ပုံစံက အချစ်ကြီးလို့ အမျက်ကြီး နေပုံမျိုး..၊ ထိုအခါ မြင့်မားသော အရပ်အမောင်းနှင့် နုပျိုချောမွေ့သော ရုပ်ရည်၊ သမီးရှင်တိုင်း သဘောကျလောက်သည့် အရည်အချင်းတွေနှင့် သိမ်းပိုက်ကမ္ဘာဆိုသော ဂျစ်တစ်တစ်ကောင်လေးကို မျက်လုံးထဲမှာ တန်းခနဲ သွားမြင်ခဲ့ခြင်းဖြစ်၏။
သိမ်းပိုက်ကမ္ဘာ လုပ်ငန်းတွေကို အတင်းဝင်နေရာယူ.. မရရအောင် လုပ်ခိုင်းကတည်းက သူတို့ကြားမှာ မမြင်နိုင်တဲ့ ဆက်ထုံးရှိနေမှန်း တွေးခဲ့မိခြင်းဖြစ်သည်။ခုနစ်လလောက်ပျောက်သွားပြီးမှ သိမ်းပိုက်ကမ္ဘာ သူ့ရှေ့ ရောက်လာပုံက အရင်လို စီးပွားရေးပြိုင်ဆိုင်မှုတွေနှင့် မကျေလည်သည့်ဆက်ဆံရေးတွေ ပျောက်ဆုံးလျက်..၊
တောင်းပန်ခယနေပုံမျိုးလည်း မဟုတ်ဘဲ ခြိမ့်နဲ့အကြောင်းကို ပြောပြပြီး သူ့အမှားတွေပါလို့ ဝန်ခံခဲ့ခြင်းဖြစ်သည်။
ကလေးအဖေမုဆိုးဖိုဆိုသည့် ပြစ်ချက်ကလွဲပြီး သိမ်းပိုက်ကမ္ဘာမှာ တခြားဘာတစ်ခုမှ အပြစ်ပြောစရာမရှိ။ အသက်ငယ်သော်ငြား နိုင်ငံခြားအထိ ကုမ္ပဏီခွဲတွေ ဖွင့်လှစ်ဦးဆောင်နိုင်သော၊ ဒီနိုင်ငံမှာလည်း ထိပ်တန်းက အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်။
ကလေးကို ဖခင်မဲ့တစ်ယောက် အဖြစ်မခံနိုင်။ တစ်ဖက်ကလည်း ခြိမ့်ကို အရာရာလိုက်လျောနေတာမို့ သူတို့မိသားစုကို ပြေလည်စေချင်ပါသည်။
ခက်နေတာက ခြိမ့်..၊
ဟိုက လာတောင်းပန်တော့လည်း လုပ်လိုက်တာ သွေးထွက်သံယို..။ပြေလည်ပါစေတော့ဆိုပြီး သူတို့ချည်း လွှတ်ထားပြန်တော့လည်း ခုကြည့်..။
"ဘာဖြစ်ဖြစ် ကိုယ်ထိလက်ရောက် မလုပ်သင့်ဘူး၊ ကိုယ်လေးလက်ဝန်ကြီးနဲ့ ညည်းစိတ်ကို လျော့မှပေါ့ မိခြိမ့်၊ ကိုယ့်ကလေးအတွက်လည်း နည်းနည်းပါးပါးငဲ့ပါဦး"
"အို ဘာငဲ့စရာရှိလဲ၊ ခြိမ့် ကိုယ့်ကလေးကို ကိုယ် ကျွေးမွေးနိုင်တယ်၊ကိုလေး ဒါတွေချည်း ပြောနေတာ သိပ်စိတ်ညစ်ဖို့ကောင်းတာဘဲ"
"အောင်မာ...ညည်းလုပ်နေတာတွေရော ကောင်းသလား၊ ဟိုက သူ့အမှားသူသိလို့ ပြန်ပေးဆပ်နေတာ၊ ညကကိစ္စလည်း ငါ မိအေးကို မေးပြီးပြီ"
ခြိမ့် ထိတ်ခနဲ ဖြစ်သွား၏။ ဒီဘက်ကို ဆတ်ခနဲ လှည့်ကြည့်တော့ ကိုလေးက သူမနောက်မှာ ရပ်လျက် မျက်မှောင်ကျုံ့ကာ..၊
"ညည်းအိပ်မက်တွေမက်ပြီး ယောင်အော်လို့ သိမ်းပိုက် အခန်းထဲ ဝင်တာပါတဲ့၊ အရင်ညတုန်းကလည်း ဝမ်းတွေသွားသေးတယ်ဆို"
ဒုတိယအကြိမ်မြောက် မျက်လုံးချင်းအဆုံမှာ တရားခံဖမ်းသလို ကိုလေးအကြည့်တွေကြောင့် ခြိမ့် မလုံမလဲ မျက်နှာလွှဲမိ၏။
စိတ်ထဲကနေ မိအေးကိုလည်း ကျိတ်ပြီး အပြစ်တင်မိသည်။ ခုမှ ပြန်ရောက်တဲ့ သူက ဒီအကြောင်းတွေသိနေတာ သတင်းအလွှင့်မြန်လိုက်ပါ့ မိအေးရယ်..၊
"အဲဒီညကလည်း သိမ်းပိုက်သာ ပြတင်းပေါက်မှန်ကို ရိုက်ခွဲပြီး အခန်းထဲ မဝင်ရင် ဘယ်လိုလုပ်မလဲ၊ ညည်း အစားသောင်းကျန်းလို့ ဖြစ်တာ အဲဒီညကသာ သိမ်းပိုက် မရှိရင် ခက်ရချည်ရဲ့၊အထဲက ကလေးဘာမှမဖြစ်တာဘဲ ကံကောင်း၊ ခက်တယ် ခြိမ့်...ညည်းစိတ်ထင်ရာတွေစွတ်လုပ်နေတာ မဖြစ်သင့်တာတွေ ဖြစ်ကုန်တယ်မို့လား၊ခုလည်း.. ရိုက်ဟယ်နှက်ဟယ်နဲ့ ဒါတောင် ငါ ပြန်မရောက်မချင်း ဟိုမှာ ညည်းကို စိတ်မချလို့ မပြန်နိုင်ဘူး"
"သူ့ ဘယ်သူက စောင့်ခိုင်းသလဲ၊ ဟင်း...ဒင်းမျက်နှာမမြင်ချင်လို့ အစောကြီးကတည်းက နှင်ထုတ်ထားတာ၊ ဒါတောင် မျက်နှာပြောင်ပြောင်နဲ့ တွယ်ကပ်နေနေသေးတယ်၊ ဒီလိုမှန်းသိရင် ရဲလက်တစ်ခါတည်းအပ်လိုက်တယ်"
"ပြောနေရင်းနဲ့ကို...ညည်းတော်တော် နှလုံးသားမဲ့ပါလား မိခြိမ့်၊ အဲဒါ ညည်းဗိုက်ထဲက ကလေးရဲ့အဖေဆိုတာလည်း မမေ့နဲ့၊သူ့ဘက်က နာလို့ပြောနေတာလည်း မဟုတ်ဘူး၊ လက်သည်းဆိတ်ရင် လက်ထိပ်နာတဲ့..တကယ်နာကြည်းစရာဆို သူ အိမ်ရိပ်တောင် လာမနင်းစေရဘူး၊ ခုဟာက အမှားမှန်းသိလို့ ပေးဆပ်နေတာ.. ကိုယ့်ဘက်က မာနတွေနဲ့ တင်းခံမနေသင့်ဘူး၊ ရန်သူတောင် လက်နက်ချရင် ကျေအေးပေးရသေးတာဘဲ..ညည်းတို့က ရန်သူတွေမှ မဟုတ်တာ၊ ပြီးတော့ ကလေးလည်းရှိနေပြီ..ကလေးအတွက် စဥ်းစားသင့်တယ်"
"သူ ကျူးလွန်ခဲ့တဲ့အမှားအတွက် ဟုတ်လား..အဟွန့်၊ အမှားလုပ်ခဲ့ပြီး လွယ်လွယ်လေး ပြန်ဖျက် ပြန်ပြင်လုပ်ရအောင် ဒါ စာရွက်ပေါ်မှာ မှင်နဲ့ရေးခဲ့တာမှ မဟုတ်တာ၊ခြိမ့်ဘဝ ခြိမ့်နှလုံးသား အားလုံးကို နင်းချေ ခံခဲ့ရတာ..ဒီလိုလုပ်ရုံနဲ့ ခြိမ့်နာကျင်ခံစားရတာတွေကို သင်ပုန်းချေလိုက်ရမှာလား၊ ဟင်အင်း ကိုလေး..ဒီတစ်ခါ ခြိမ့် အနိုင်ယူအလှည့်ဘဲ၊ ခြိမ့် သူ့ကို မုန်းတယ်..သူ့မျက်နှာသူ့အသံ အို..ကုန်ကုန်ပြောရရင် သူ့နာမည်ကို ကြားရရုံနဲ့တောင် ခြိမ့်နာကျင်ခံစားခဲ့ရတာတွေ အသစ်ပြန်ဖြစ်ပြီး မုန်းပြီးရင်းမုန်းတယ်"
"အဲဒီလို မုန်းနေတာကိုက ညည်းရင်ထဲမှာ သူရှိနေလို့၊ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို ဥပေက္ခာပြုရက်စက်တဲ့အခါ သူ့ဆီကနေ တန်ပြန်အချစ်ကို မရတဲ့အခါ နှလုံးသားမှာ နင့်နင့်နဲနဲ ထိခိုက်နာကျင် ခံစားနေရတယ်၊ အဲဒါ ကိုယ့် သူ့ကို ချစ်တဲ့အချစ်ကြောင့်ဘဲ၊ကိုယ့်နှလုံးသားကို ကိုယ်ပြန်ညာရင် တစ်ချိန်မှာ နှလုံးသားရဲ့ ဒဏ်ခပ်ခြင်းကို ခံရတတ်တယ် ခြိမ့်"
"ဘာအချစ်လဲ...ဒင်းအတွက် အမုန်းဘဲ ရှိတယ်၊ နာကျင်စရာ အကောင်းဆုံး လူကို ခြိမ့် ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ နောက်တစ်ခါ ကိုလေး သူ့ကို ခေါ်လာရင် ခြိမ့် ဒီကနေ သွားမယ် ကိုလေး"
ပြောပြီး ဘောက်ဆတ်ဆတ်လေး လျှောက်ထွက်သွားသည့် ခြိမ့် ကျောပြင်ကို လိုက်ကြည့်ရင်း ခွန်စေးသာ သက်ပြင်းရှိုက်မိသည်။ထို့နောက် ခြိမ့်နောက်ကနေ လေးတွဲသော ခြေလှမ်းများနှင့် လိုက်ထွက်ခဲ့ရ၏။
ကြားကြီးသုံးကြား ဝင်ရင် လူမိုက်တဲ့..၊ကိုယ့်ညီမနဲ့ မမြင်ရသေးသော တူ သို့မဟုတ် တူမလေးအတွက် သူ လူမိုက်ကြီး ဖြစ်ရင်လည်း ဖြစ်ပါစေ...၊
..................................................................
ဒီရက်ပိုင်း နေရတာ သိပ်မကောင်း။ မအီမသာရှိလှ၏။ညဥ့်ဦးပိုင်းကလည်း ဗိုက်ထဲမှာ တစ်ချက်တစ်ချက် တတစ်ဆစ်နှင့် နာကျင်သလို ဖြစ်ပြီး တစ်နေကုန် သက်သာနေပြန်သည်။ ညနေပိုင်းရောက်မှ ဗိုက်ထဲမှာ သရိုးသရိ ပြန်ဖြစ်လာတာမို့ အိပ်ရာထဲမှာလည်း ခွေမနေချင်။
ခြေတွေလက်တွေပါ လေးလံလျက် မအီမလည် ခံစားချက်ကြီးကြောင့် ခြံထဲ ဆင်းလျှောက်မည်စိတ်ကူးနှင့် ဧည့်ခန်းကို အဖြတ်..၊
"များလှချည်လား၊ မိဗိုက်ကတော့ အခန်းထဲမှာ အိပ်နေလေရဲ့၊ မင်း ဝယ်ပေးတဲ့ မုန့်ဟင်းခါးကို ခံတွင်းတွေ့နေပုံရတယ်...နိုးတာနဲ့ မုန့်တန်းစားတော့တာဘဲ"
"အဟွန်း...ကျွန်တော် အများကြီး ဝယ်လာတယ် ကိုလေးလည်း စား၊ မိအေးတို့လည်း ကျွေးလိုက်ပေါ့ဗျာ"
"အေး...ဒီမှာ အများကြီးဥစ္စာ တစ်ခါတည်း စားသွားပါလား သိမ်းပိုက် မိအေးကို ပြင်ခိုင်းလိုက်မယ်"
ကိုလေးနှင့်မျက်နှာချင်းဆိုင်ထိုင်နေသည့် မျက်နှာ တစ်စောင်းကို မြင်လိုက်သည်နှင့် ဒေါသက ထောင်းခနဲ ဖြစ်သွားသည်။
ဒါဆို ညနေတိုင်း စားနေတဲ့ မုန့်ဟင်းခါးက သူ ဝယ်ပေးပေါ့။
"ဟာ...မလုပ်နဲ့ ကိုလေး၊ ကျွန်တော် ခု ပြန်တော့မှာ၊ တော်ကြာ ကိုလေးညီမလေး ဒေါ်မာနခဲ နိုးလာလို့ ကျွန်တော့်ကို မြင်မှ ကျွန်တော့်ပါးတွေ ကျိန်းနေပါ့မယ်၊ ဒီမုန့်တွေ သူစားတာနဲ့တင် ကျွန်တော် ကျေနပ်နေပါပြီ"
"မင်း ကျွေးတာမှန်းမသိလို့ စားတာ၊ အစကတည်းကသာ သိရင် ဘယ်လောက်ကောင်းတဲ့ နတ်သုဒ္ဓါဖြစ်ဖြစ် ငါ့အိမ်က ခွေးတောင်မကျွေးဘူး မှတ်ထား၊ သွား..ခု မင်းဟာ တွေ ပြန်ယူသွား"
"ခြိမ့်..."
"ဘယ်လိုပြောလိုက်တာလဲ မိခြိမ့်"
ဧည့်ခန်းထဲ ဝင်လာသည့် ခြိမ့်ကို မြင်တော့ သိမ်းပိုက်မျက်နှာ ပျက်ယွင်းသွား၏။ ကိုလေးကပါ မျက်စိမျက်နှာ ပျက်ပျက်နှင့် ဟန့်တားသည်။
"ပြန်ယူသွားလို့ ပြောနေတာ မရဘူးလား"
"ခြိမ့်စားရအောင် ဝယ်လာတဲ့ဟာ ဘာကြောင့် ပြန်ယူသွားရမှာလဲ"
"ကောင်းပြီလေ...မင်း ယူမသွားမှတော့.."
စားပွဲပေါ်က မုန့်ချိုင့်နှင့် တခြားစားစရာတွေ ဆေးတွေထည့်ထားသည့် အိတ်အကြည်ကိုပါ ခြိမ့် ဇိုးဇိုးဆတ်ဆတ် ယူပစ်လိုက်သည်။
"ခြိမ့် ဘာလုပ်တာလဲ အဲဒါ"
ကြောင်ကြည့်နေပြီးမှ ခြိမ့် တံခါးမကြီးကနေ အပြင်ကို လှမ်းထွက်လိုက်တော့ ကိုလေးက ပြူးပြူးပြဲပြဲနှင့် လှမ်းအော်တားဆီး၏။
"ကဲဟယ်.."
"ကလုံး!...ကလွမ်း!..."
"ခြိမ့်..."
ပေါ်တီကိုအောက်ကနေ မြက်ခင်းဆီသို့ ချိုင့်ရော အိတ်တွေပါ ပစ်စလက်ခတ် လွင့်ထွက်သွားတော့သည်။အိတ်ထဲက ပစ္စည်းတွေ ပြန့်ကျဲကုန်သလို ပွင့်ထွက်သွားသည့် ငါးဆင့်ချိုင်နှင့်အတူ ဟင်းရေတွေရော မုန့်ဖက်တွေပါ မြက်ခင်းပေါ်မှာ ပြန့်ကျဲဖိတ်ကုန်၏။
"ခြိမ့် နင် လွန်ပြီ.."
"ခြိမ့်အမုန်းဆုံးအရာကို ဆုပ်ကိုင်မထားနိုင်ဘူး ကိုလေး၊ ဒီမှာ.. ခုချက်ချင်း ခြံထဲကနေ ထွက်သွား...ငါ မင်းမျက်နှာကို မမြင်ချင်ဘူး"
အိမ်ဘက်ကို ဆတ်ခနဲ ပြန်အလှည့်မှာ အကြီးအကျယ်ပျက်ယွင်းသွားသော မျက်နှာသည် တံခါးပေါက်မှာ ပေါ်လာခဲ့ပြီး သူမ မျက်နှာကို မလွှဲတမ်းစိုက်ကြည့်နေသည်။ ထိုမျက်ဝန်းတွေထဲမှာ တောင်းပန်တိုလျှိုးရိပ်၊ကြေကွဲရိပ်၊ ယူကြုံးမရစိတ်တို့နှင့်အတူ ရီဝေမှုန်မှိုင်းလျက်..၊
"ထွက်သွားလို့ ပြောနေတာ မကြားဘူးလား၊ ငါ့ဘဝကို ဖျက်ဆီးလို့ အားမရသေးလို့လား၊ ငါ့ဆီက ဘာတွေမျှော်လင့်နေတာလဲ၊ မင်း နောက်တစ်ခါ လာနှောက်ယှက်ရင် ငါ လွှတ်ချပစ်မဲ့ အရာက သက်မဲ့ပစ္စည်းမဟုတ်ဘဲ ဟောဒီထဲက ကလေးဖြစ်သွားချင်လို့လား၊ လူဆိုတာ ကိုယ့်အမုန်းဆုံး အရွံဆုံးအရာတစ်ခုကို ဘယ်တော့မှ ဆုပ်ကိုင်မထားတတ်ကြဘူး"
စကားလုံးတိုင်းက လှံသွားတွေလို နှလုံးသားကို ထိုးခွဲသွားပြီးမှ ခပ်နက်နက်စိုက်၏။အမုန်းတရားတွေ ပစ်ပေါက်ခံရသော ရင်ဘတ်ထဲမှာ အသည်းနှလုံးက ဗလပွနှင့် ဇကာပေါက်ဖြစ်နေခဲ့ပြီ။ ကြည့်တတ်မယ်ဆို မြင်နိုင်ပါရဲ့..၊
မောင့်ကို အဲဒီလောက်အထိ မုန်းနေသလား ခြိမ့်..၊
ရင်ဘတ်ထဲမှာ ဟုန်းခနဲ မီးတောက်လျက် စကားလုံးပေါင်းများစွာပြောနေပေမယ့် အပြင်ကို ထွက်မလာခဲ့ပါ။သူမစကားလုံးတိုင်းကို ဒီအတိုင်းငြိမ်ကြည့် ငြိမ်ခံနေတာ နားဝင်ချိုလွန်းလို့ မဟုတ်..။ နာကျင်ရလွန်းလို့ ပြန်ပြောစရာ စကားလုံးတွေ ပျောက်ရှနေခြင်းပင်။
"တော်စမ်း မိခြမ့်၊ ညည်းစကားတွေ စည်းလွတ်ဝါးလွတ်ဖြစ်လာပြီ၊ ပြီးတော့ ခု လုပ်ရပ်က အရမ်းရုပ်ဆိုးလွန်းတယ် မိခြိမ့်၊ ကလေးနဲ့ ခြိမ်းခြောက်ပြောရအောင် ဒီကလေးက ညည်းကလေးမဟုတ်လို့လား"
"မဟုတ်ဘူး...အဲဒါ သူယုတ်မာခဲ့တဲ့ သက်သေ၊ဒီကလေးကို မွေးဖို့ကြိုးစားတာ သူယုတ်မာထားသမျှကို ရှင်သန်လာအောင် ပြုစုပျိုးထောင်ဖို့ မဟုတ်ဘူး"
"ခြိမ့်...တော်စမ်း..."
ကိုလေး ချက်ချင်း အနားရောက်လာပြီး ခြိမ့် ပခုံးကို ဆွဲခါလေသည်။ ခြိမ့် ခပ်မဲ့မဲ့ စိုက်ကြည့်မိတော့ အံကြိတ်လျက် ခြေလှမ်းကျဲကြီးများနှင့် သူ ကားပေါ်တက်၍ မောင်းထွက်သွား၏။
"ရှက်ဖို့ကောင်းလိုက်တာ၊ ညည်း နှလုံးသားကင်းမဲ့တဲ့ မိန်းမဘဲ မိခြိမ့်၊ ဘယ်လိုမိခင်မျိုးလဲ.. ကိုယ့်ရင်သွေးကို ကိုယ်တန်ဖိုးထားရကောင်းမှန်း နားမလည်တာ နင်မရှက်ပေမယ့် ငါ ရှက်တယ်"
"ကိုယ်သိပ်မုန်းတဲ့အရာ မတော်တဆလက်ထဲရောက်လာရင် ဘယ်သူ ဆုပ်ကိုင်ထားမှာလဲ၊ ကိုလေးရော...ကိုလေး သိပ်မုန်းတဲ့အရာကို ဖက်တွယ်ထားမတဲ့လား၊ခြိမ့်မှ မဟုတ်ဘူး ဘယ်သူမဆို လွှတ်ချပစ်မှာဘဲ၊ ကိုယ့်သိပ်မုန်းနေတာကိုး..၊ ရှက်စရာမဟုတ် ကြံဖန်ရှက်နေရင်တော့ မပြောတတ်ဘူး၊ အနေသာကြီး.."
"ဘာ!..."
ခွန်စေးသာ မျက်လုံးတွေ စူးတောက်လာခဲ့ပြီး မေးကျောတွေထောင်ထလာသည်။ ထို့နောက် ခြိမ့်ကို အံကြိတ်ကြည့်လျက်..၊
"နင် အဲဒီလို ပေါ့ပျက်ပျက်ခံယူချက်တွေနဲ့ ပေါ့ပျက်ပျက်မိန်းမဖြစ်နေလို့ ယောကျ်ားလေးရှင်တွေ မလိုလားတာ၊ အေး...အဲဒီအတိုင်းဆက်လုပ်... ဟိုက စိတ်ပျက်သွားမှာ ကျိန်းသေတယ်"
"ကိုလေး!.."
မျက်ဝန်းမှာ မျက်ရည်တို့ ချက်ချင်းရစ်သိုင်းလာခဲ့ပြီး ခြိမ့် အော်သံ စူးခနဲ ထွက်လာ၏။ဒါကို ခွန်စေးသာက ဂရုမစိုက်ဘဲ...၊
"ဘယ်သူမဆို အရမ်းစိတ်ပျက်သွားရင် ဘယ်လောက်တန်ဖိုးထားထား လှည့်ကြည့်မှာ မဟုတ်ဘူး မိခြိမ့်၊ သိမ်းပိုက်ကမ္ဘာလိုယောကျ်ားမျိုးဘေးမှာ တကယ့်ထိပ်ထိပ်ကြဲတွေ ဝိုင်းနေတာ၊ နင် ခေါင်းမာနေရင် နင် ကလေးတစ်ယောက်နဲ့ ကျန်ရစ်ဖြစ်မှာဘဲ.."
"ဖြစ်ပါစေ... ခြိမ့်လိုမိန်းမကလည်း မလွမ်းလောက်ဘူး၊ ခေါင်းလောင်းထိုးပြီးကို လှူပစ်လိုက်မယ်"
စိတ်ထဲမှာ နာလျက် အသံကို မတုန်အောင်ထိန်းပြောလိုက်သော်ငြား အဖျားခတ်၍ တုန်သွားသေးသည်။ ထို့နောက် ထိုနေရာကနေ ချာခနဲ လှည့်ထွက်လာခဲ့လိုက်သည်။
မျက်ရည်ကြောင့်လား ဘာကြောင့်လည်း မသိနိုင် လမ်းက ဝေဝါးလျက်..၊
သို့သော် ခြိမ့် ခြေလှမ်းတွေကို မရပ်ခဲ့ပါ။ ရင်ထဲမှာ တဆစ်ဆစ်နာ၏။ မအော်စဖူး မပြောစဖူးပြောလာသော ကိုလေးစကားတွေကြောင့် ပိုနာကျင်မိသည်။
ကလေးလေး မေမေ့ကို စိတ်မဆိုးပါနဲ့နော်...ကလေးကို မေမေ မလိုချင်လို့ မချစ်လို့ပြောတာ မဟုတ်ပါဘူး၊သူ့ကို နိုင်ချင်လို့ မေမေခံစားရသလို သူ့ကိုလည်း ခံစားစေချင်လို့ တမင်ပြောခဲ့တာပါကွယ်၊မေမေ့ကို ခွင့်လွှတ်ပါ ကလေးလေး...။
ပြိုဆင်းကျလာသော မျက်ရည်တွေကို သုတ်ရင်း လျှောက်လာခဲ့တာ တစတစ ခြံနှင့် တော်တော်လေး အလှမ်းကွာလာခဲ့သည်။ သို့သော် ခြိမ့် ပြန်လှည့်ဖို့ စိတ်ကူးမရှိ။
ဒေါသစိတ်ဇောတို့နှင့် လျှောက်လာပြီးမှ အတော် လှမ်းလှမ်းရောက်လာတော့ ခါးထဲက အောင့်လာသည်။ချက်ချင်း မောဟိုက်ကာ အသက်ရှူမဝသလိိုမျိုးကြီးဖြစ်လာ၏။
လမ်းဘေးမှာ ရပ်ပြီး ဓာတ်တိုင်ကို ခေါင်းနှင့်ထိခတ်ကာ အားပြုရင်း လက်တစ်ဖက်က ခါးကို နှိပ်ကာ ခြိမ့် မျက်နှာမှာ ချွေးသီး ချွေးပေါက်တွေ ပြန်လာသည်။ အနီးနားမှာ အကူအညီ ရလိုရငြားရှာကြည့်သော်လည်း တစ်ယောက်တစ်လေမှ မရှိ။ ဝေဒနာကို အလူးအလဲ ခံရင်း အောင့်နေသည့် ခါးကို နှိပ်ကာ အံကြိတ်မိ၏။
"အမေ့!...ဘုရား...ဘုရား..."
ခါးထဲက ထိုးအောင့်နေခြင်းသည် တစတစပြင်းထန်လာခဲ့ပြီး အသက်ရှူတွေ မဝတော့။ မျက်လုံးတွေပါ ပြာဝေလာချိန်..ခြိမ့် ဘေးမှာ ကားတစ်စီး ထိုးရပ်လိုက်သံ ကြားလိုက်ရသည်။
ခြိမ့် ရင်ထဲ လှိုက်ခနဲ အားတက်သွားပြီး ခေါင်းကို အနိုင်နိုင် ထောင်မတ်ကြည့်မိတော့..၊
သူ...သိမ်းပိုက်ကမ္ဘာ ကားတံခါးဖွင့်ပြီး ပြေးဆင်းလာပုံက စိုးရိမ်ခြင်းတို့နှင့် ရေးကြီးသုတ်ပြာ..။
"ခြိမ့်..."
"သိမ်းပိုက်ကမ္ဘာ...အား. ...နာတယ်.."
"မွေးတော့မှာလား...ဆေးရုံသွားရအောင်"
"အမေ့...နာလိုက်တာ.."
ချွေးသီးချွေးပေါက်တို့နှင့် ဖြူဖွေးရှုံ့မဲ့နေသည့် ခြိမ့်ကို မြင်တော့ ပူထူကာ ကပြာကယာကောက်ပွေ့ပြီး ကားပေါ်တင်လိုက်သည်။
"ကျွတ်...ကျွတ်...အား..."
"ခဏ..ခဏလေး အောင့်ထား ခြိမ့်၊ဆေးရုံကို ခုသွားနေပြီ၊ တော်သေးတာပေါ့ ခြိမ့်ရယ်...မောင် စိတ်မချလို့ ပြန်လှည့်လာမိလို့၊ မဟုတ်ရင် မောင် တွေးတောင်မတွေးရဲဘူး"
လက်တစ်ဖက်က ခြိမ့်ကို ဖက်ကာ တစ်ဖက်တည်းနဲ့ စတီယာရင်ကို ထိန်းရင်း ဆေးရုံကို ဦးတည်မောင်းလာခဲ့သည်။ခြိမ့်လက်တွေကလည်း သူ့ကို အားကိုးတကြီးဖက်တွယ်လျက်..၊
"သေတော့မှာဘဲ...မြန်မြန်မောင်းပါ၊ အား.."
ခြိမ့် သူ့လည်ပင်းနှင့်လက်မောင်းတွေကို ကုတ်ဖဲ့ရင်း အံကြိတ်ညည်းညူနေသည်။ ဝေဒနာကြောင့် ဖြူဖွေးနေသည့် နှုတ်ခမ်းသားလေးတွေကို ဖိကိုက်လျက် သူ့ရင်ခွင်ထဲကနေ လက်တွေက မှီရာကို ကုတ်ခြစ်နေလျက်..၊
"အား..."
တစ်ချက်တစ်ချက် ခါးကော့ထိုးတိုင်း သူ့လက်မောင်းမှာ စူးခနဲ ဖြစ်သွားသည့်အထိ ကုတ်ခြစ်လိုက်သော ခြိမ့်ရဲ့ ဝေဒနာခံစားနေရသည့် မျက်နှာလေးက သနားစဖွယ်။
"ရောက်ခါနီးပါပြီ.. အားတင်းထားနော် ခြိမ့်၊ ရောက်တော့မှာပါ"
တဖွဖွအားပေးရင်း ခြိမ့် ခေါင်းထက်မှာ ပါးအပ်ကာ သူပါ ဇောချွေးတွေ ထွက်ကာ ပူထူနေခဲ့သည်။
"အမေ့!.."
"အ!.."
ခြိမ့် လက်မောင်းကို အသားကုန် ကုန်းကိုက်ချလိုက်သဖြင့် သူ အံကြိတ်ကာ ငြိမ်ခံလိုက်မိသည်။
မင်း ခံစားနေရတဲ့ ဝေဒနာသက်သာဖို့ မောင် ဘယ်လိုဒဏ်ရာမျိုးမဆို ကြည်ဖြူလက်ခံပြီးသားပါ ခြိမ့်ရယ်..၊
အပိုင်း(၃၀)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း