book

Index 28

အပိုင်း(၂၈)

💘မှတစ်ပါး.....အခြားမရှိ💘


စိုးရိမ်တကြီး မေးသံနှင့်အသံ သူမဘေးနား ချက်ချင်းရောက်လာပြီး ဒူးထောက်ထိုင်ချလိုက်သည့် သူ့ကို နာကျင်နေသည့်ကြားကနေ မော့ကြည့်မိ၏။


"ခြိမ့်...ဘာဖြစ်တာလဲ"


မော့ကြည့်လာသည့် မျက်နှာလေးတစ်ခုလုံး နီရဲလျက် ချွေးများ ရွှဲနစ်နေကာ..၊


"ဗိုက်...ဗိုက်နာလို့.."


"ဟင်!...မွေး..မွေးတော့မလို့လား၊ ဒါဆို ဆေးရုံသွားမယ်"


"အို မဟုတ်ပါဘူး၊ ကလေးမွေးချင်လို့ မဟုတ်ပါဘူး"


သူ ကပြာကယာပွေ့ချီဖို့ ပြင်တော့ မျက်နှာလေးရှုံ့မဲ့နေသည့် ကြားကနေ ခြိမ့် အသံတုန်တုန်လေးနှင့် ငြင်းဆန်သည်။ညှိုးရော်နေသည့် မျက်နှာနွမ်းနွမ်းလေးနှင့် ခြိမ့် ချွေးသီးချွေးပေါက်တွေ ကျနေပုံက ဝေဒနာခံစားနေရတာ အထင်အရှား။


ခြိမ့် သူ့ကို ဒေါသတကြီး နှင်ထုတ်ဖို့ မေ့လျော့နေဟန်တူသည်။ ခုတင်မှာ ခေါင်းလေးတင်ကာ အံကြိတ်ထားသည့် မျက်နှာလေးကို ကြည့်နေရင်း စိုးရိမ်စိတ်တို့နှင့် ရင်မှာ ဗလာင်ဆူလာရ၏။ 


"မွေးချင်လို့ မဟုတ်ရင် ဘာဖြစ်လို့လဲ၊ ဗိုက်က ဘယ်လိုနာနေတာလဲ"


ပြန်မဖြေပဲ အံကြိတ်ခံနေသည့် သူမကို ဘယ်လိုမှ မကြည့်ရက်။ ခုတင်ပေါ် မှီထားသည့် ခေါင်းလေးကို ဆွဲထူကာ ရင်ခွင်ထဲမှာ မှီစေ လိုက်မိ၏။ပြီးတော့ ချွေးတို့နှင့် နင့်နေသည့် ကိုယ်လေးကို တယုတယထွေးပွေ့ထားမိရင်း နူးညံ့သည့်ဆံနွယ်လေးတွေ၊ နဖူးစပ်လေးကို ပါးပြင်နှင့် ပွတ်တိုက်ကာ...၊


"ဆေးခန်းသွားရအောင်.."


ခွေခွေလေးပုံကျနေသည့် ကိုယ်ကို ကောက်ပွေ့လိုက်တော့ ခြိမ့် မငြင်းဆန်ပါ။ မျက်တွင်းလေးတွေချောင်ကျလျက် နှုတ်ခမ်းလေးတွေပါ ဖြူရော်ရော်နှင့်..။


"အား...နာလာပြန်ပြီ၊ လွှတ်...အောက်ချပေး"


ခြိမ့် မျက်နှာလေး ရှုံ့မဲ့ နီမြန်းကာ အတင်းရုန်းတော့၏။


"ကလေး...ကလေးမွေးချင်လို့လား"


"သေတော့မှာပဲ၊ ချပေးစမ်းပါ...သန့်စင်ခန်းဝင်ချင်လို့"


ဗိုက်ကို လက်ဖဝါးလေးနှင့်ဖိကာ ဝေဒနာခံစားနေရသည့် ခြိမ့်ကို ကြည့်ရင်း သူ့ပါ ချွေးတွေ ပျံလာသည်။


"ခြိမ့် မင်း ဝမ်းသွားနေတာလား"


ခြိမ့် မျက်နှာတစ်ပြင်လုံး မီးဟပ်ခံလိုက်ရ၏။မုန်းတီးမှုတွေ၊ရှက်ရွံ့ခြင်းတွေ၊ ခံပြင်းနာကျင်မှုတွေ ခဏမေ့လျက် သူမ အင်အားချိနဲ့နေသဖြင့် ရုန်းပစ်ဖို့လည်း သတိမရ။


"ဟုတ်တယ်...သန့်စင်ခန်းထဲ အမြန်ပို့ပေးစမ်းပါ၊ ကျွတ်!...အ..."


"အင်း...အင်း ပို့ပေးမယ် ပို့ပေးမယ်၊ ခဏ အောင့်ထား "


သိမ်းပိုက်ပြောပြီး ကိုယ်ဝန်ကြီးနှင့် ခြိမ့်ကို  သန့်စင်ခန်းဘက် ပွေ့ချီခေါ်ခဲ့သည်။


"အ.. အ.. ကျွတ်...ကျွတ်.."


"ရောက်တော့မယ်..ခဏ...ခဏလေး အောင့်ထား ဟုတ်လား"


သန့်စင်ခန်းထဲရောက်တော့ သူမကို ဗိုလ်ထိုင်ပေါ်တင်ပေးပြီး..၊


"အတော်နာနေသလား၊ ဘယ်နှကြိမ်ရှိပြီလဲ"


ကျောခိုင်းရပ်ကာ ပူပင်စိတ်နှင့်မေးလိုက်သည်။


"လေးငါးကြိမ်ရှိပြီ၊ အပြင်ထွက်လေ..ဘာရပ်လုပ်နေတာလဲ"


"ကျွန်တော့်ကို အားမနာနဲ့၊ ခြိမ့်ကိစ္စကိုသာ အရင်ပြီးအောင်လုပ်"


ပေကပ်ရပ်နေသည့် ကျောပြင်ကြီးကို ကြည့်၍ ခြိမ့် မျက်နှာလေး နီရဲလာသည်။


"မင်း ဒီထဲက ထွက်.."


"မထွက်ဘူး၊ ခြိမ့်တစ်ယောက်တည်း ဖြစ်မလား၊ တော်ကြာ ချော်တွေဘာတွေလဲနေရင် ဘယ်လိုလုပ်မလဲ၊ မဖြစ်ပါဘူး ကျွန်တော် ကျောခိုင်းထားတာဘဲ ခြိမ့်ကိစ္စပြီးအောင် ရှင်းလိုက်"


"ကျွတ်!..၊ မင်း ဒီထဲက မထွက်ဘဲ ငါ ဘယ်လို.. သေတော့မှာပဲ၊အား...မြန်မြန်ထွက်သွား.."


ခြိမ့် နာကျင်နေသည့်ကြားက အော်ဟစ်ပစ်လိုက်သည်။ တကယ်ပါ..စိတ်မရှည်တော့၊ ဒီလောက်မတ်တပ်ကြီးရပ်နေတာ ဒီက ဘယ်လိုလုပ်မလဲ။


"ဟာကွာ...ဒါဆို အပြင်ကစောင့်မယ်၊ ပြီးရင် ခေါ်လိုက် ကြားလား"


"ကဲ!...သိမ်းပိုက်ကမ္ဘာ...သွားပါတော့ ဒီမှာမနေနိုင်တော့ဘူး၊အ!.."


"ထွက်ပြီ...ခုထွက်ပြီ၊ ချော်လဲမယ် သတိထားဦး၊ ကိစ္စပြီးရင် ခေါ်လိုက်"


နောက်ဆံတင်းတင်းနှင့် စိတ်မချနိုင်စွာ မှာပြီး သန့်စင်ခန်းအပြင်ထွက်ကာ တံခါးကိုကျောမှီရင်း ရပ်စောင့်နေလိုက်သည်။အထဲကိုလည်း နားစွင့်ကာ..၊


"ဝမ်းတွေဒီလောက်သွားနေတာ ဘာစားလို့လဲ"


အထဲကကြားအောင် လှမ်းမေးလိုက်သည်။


"ချဥ်ပေါင်ဟင်း.."


"ဟာ...ခြိမ့်ရာ ခက်ပါလား၊ အဲဒါတွေက အဆိပ်အတောက်ဖြစ်စေတဲ့ဟင်းလျာတွေ၊ ခုလိုဖြစ်တော့ ဗိုက်ထဲက ကလေးလေး ဘယ်လိုနေမလဲ၊ ပြီးတော့ ခြိမ့်လည်း မချိမဆန့်ခံနေရပြီ"


အပြင်ကနေ ဂရုဏာဒေါသနှင့် တဗျစ်တောက်တောက်ပြောမိတော့..၊


"ဘယ်သူက ထင်မှာလဲ၊ ဒီလို့ဖြစ်မယ်မှန်းသိရင် စားပါ့မလား၊ ငါက မိခင် ငါ့ကလေးကို အထိခိုက်မခံနိုင်ပါဘူး"


ခြိမ့် အထဲကနေ အသံမာမာလေးနှင့်ပြန်အော်လိုက်သဖြင့် သူ ပြုံးလိုက်မိ၏။ အနိုင်မခံ အရှုံးမပေးစတမ်း မျက်လုံးစိမ်းလေးတွေနှင့် သူ့ကို မာကျောစွာ ပြောဆိုခဲ့သည့် မျက်လုံးစူးစူးလေးတွေကို ပြန်မြင်ယောင်မိသည်။


မာနတရားတို့နှင့် မာကြောသော မိန်းမတစ်ယောက်သည် တစ်ချိန်က သူ့ရှေ့မှာ ချစ်စရာမိန်းမတစ်ယောက်အဖြစ် ရှိခဲ့ဖူးသည်ဘဲ။သူ့အတ္တတွေကြောင့်သာ မဟုတ်ခဲ့ရင် ခုချိန်မှာ ပျော်ရွှင်နေရမှာ..၊


သူ အတွေးလွန်နေရာမှ အထဲက ရေဆွဲသံကြောင့် သတိပြန်ဝင်လာခဲ့ပြီး..၊


"ပြီးပြီလား..ကျွန်တော် ဝင်ခဲ့မယ်နော် ခြိမ့်..ခြိမ့်"


အထဲက တုံ့ပြန်သံ မကြားရသဖြင့် သူ တံခါးကို အလောတကြီး ဖွင့်ဝင်လိုက်သည်။


"ခြိမ့်..."


ဗိုလ်ထိုင်ပေါ်မှာ ခွေခေါက်မှီထားသည့် ခြိမ့်..မျက်နှာလေးက ရှုံ့မဲ့လျက်။


"ခြိမ့်ရယ်.."


သူ ကောက်ပွေ့လိုက်တော့ ပျော့ခွေနေသည့် ကိုယ်က အလိုက်တသင့်ပါလာ၏။လေးငါးကြိမ်လောက်ဝမ်းသွားထား၍ တင်းပြည့်ပြည့်မျက်နှာလေးက ညှိုးရော်လျက် မျက်တွင်းလေးတွေပါ ကျနေသည်။


 ခုတင်ပေါ် အသာလှဲသိပ်ပေးရင်း သူပါ ခုတင်စွန်းမှာ ဝင်ထိုင်ကာ..၊


"ဗိုက်က အရမ်းနာနေတုန်းပဲလား၊ မောင် ဆရာဝန်သွားခေါ်လိုက်မယ်နော်"


နဖူးပြင်လေးတွေ၊ နှာသီးဖျားနှင့် နှုတ်ခမ်းတစ်ဝိုက်က ချွေးသီးလေးတွေကို တို့သုတ်ပေးရင်း ပြောတော့ ခြိမ့် ခေါင်းလေး အသာညိတ်ပြ၏။


"ဖြစ်ရဲ့လား၊ မိအေးကို မောင်သွားနှိုးလွှတ်လိုက်မယ်၊ ခြိမ့် တစ်ယောက်တည်း ရရဲ့လား"


"အင်း...ရပါတယ်"


လေသံသာသာအသံလေးနှင့် ပြန်ဖြေတော့ သူ မချင့်မရဲနှင့် ဘေးမှာချထားသည့်လက်ဖဝါးလေးတစ်ဖက်ကို ဖျစ်ညှစ်လိုက်မိသည်။ရင်ခွင်ထဲထည့်ကာ အားပါးတရ ထွေးဖက်ထားလိုက်ချင်တာ...၊


"မိအေးကို လွှတ်လိုက်မယ်နော် ခြိမ့်၊ ဘာမှ အားမငယ်နဲ့ ဆရာဝန်ခေါ်ပြီး မောင်ချက်ချင်းပြန်လာမှာ၊ အရေးကြီးရင် မောင့်ဖုန်းကို ဆက်လိုက်..အိပ်သာထဲဝင်ရင်လည်း မိအေးကို ပို့ခိုင်း ကြားလား"


တတွတ်တွတ်မှာကြားရင်း နောက်ကို လှည့်တကြည့်ကြည့်နှင့် အခန်းထဲကနေ မိအေးအခန်းဘက်ပြေးရပြန်သည်။


မိအေးကို နှိုးပြီး ခြိမ်အနားသွားစောင့်ခိုင်းထားကာ အုပ်စိုးကို ညတစ်နာရီမှာ  ပြေးလွှားခေါ်ရ၏။ 


အုပ်စိုးက ခြိမ့်ကို လိုအပ်တဲ့ဆေးတွေထိုး ..သောက်ဆေးတွေပေးကာ မှာသင့်တာမှာရင်း ရယ်မောစနောက်သွားခဲ့သေးသည်။


ဒါတောင် သူပြန်မရောက်ခင် ပြန့်ကျဲနေသည့် မှန်ကွဲစတွေကို မိအေးက ရှင်းထားပြီး ပြတင်းလိုက်ကာပါ ဆွဲဖုံးထားလို့..၊ မှန်တွေကွဲနေသည့်ပြတင်းပေါက်ကိုသာ မြင်သွားရင်း စပ်စုပြီး စနောက်ဦးမှာ မြင်ယောင်၏။


အုပ်စိုးကို ပြန်ပို့ပေးပြီး အိမ်ပြန်ရောက်တော့ ညဥ့်နှစ်နာရီခွဲ။ခြိမ်းနဲ့သမီး အိပ်မက်ကမ္ဘာထဲ ရောက်နေတဲ့အချိန် ခြိမ့်နဲ့သမီးတို့ အခန်းနှစ်ခန်းကြားတွင် ဒရင်းဘတ်ခင်းပြီး သူ အိပ်ဖန်စောင့်လုပ်ခဲ့ရသည်။ 


စိတ်မချသဖြင့် ခြိမ့်အခန်းထဲ ခဏခဏဝင်ကြည့်ရ၊ တရေးနိုးထငိုသည့် သမီးဆီ သွားချော့ရနှင့်..၊ထိုညက သူ ငုပ်တုပ်မိုးလင်းခဲ့ရ၏။


..................................................................


မနက်ပိုင်းက အုပ်စိုးတစ်ခေါက်လာကြည့်ပေးသွားသည်။ဝမ်းသွားတာ ရပ်သွားပေမယ့် အားနည်းနေသဖြင့် ဆေးထိုးပေးခဲ့၏။ ထိုနေ့တစ်နေ့လုံး ခြိမ့် မျက်နှာကို သူ မတွေ့ခဲ့ရ။


နေ့လည်ပိုင်း အရေးတကြီး မီတင်ရှိလို့ ကုမ္ပဏီကို ပြေးသွားရ၊ စက်ရုံမှာ ပြဿနာဖြစ်နေလို့ ဖေဖေ့ကိုယ်စား သူပဲ သွားရှင်းပေးရနှင့် ပြန်ရောက်တော့ ညနေစောင်းနေပြီ။အဲဒီအချိန် ခြိမ့်က အိပ်ခန်းထဲ ဝင်နေပြီမို့ သူနှင့်မဆုံဖြစ်ကြ။


"မိအေး နင့်မမလေး နေကောင်းရဲ့လား"


"ဟုတ် သက်သာနေပြီ အစ်ကိုလေး၊ ထမင်းတော့ ကြက်သားဟင်းနဲ့ နည်းနည်းပဲ စားတယ်"


"သူ ဘာစားချင်တယ်ပြောသေးလဲ"


"အဲဒါမပြောဘူး၊ သြော်...မနက်တုန်းကတော့ မုန့်ဟင်းခါးကို အိုးဘဲဥလေးနဲ့စားရရင်ကောင်းမယ်လို့တော့ ပြောတယ်"


"သမီးရော နေရဲ့လား"


"နေတယ် အစ်ကိုလေး ခုအခန်းထဲမှာ ကာတွန်းကားကြည့်နေတယ်"


"ငါ အပြင် ခဏသွားဦးမယ်၊ သမီးပါ ခဏကြည့်ပေးဦး"


"ဟင်...ခုမှပြန်ရောက်တယ်"


"ကိစ္စလေးရှိလို့၊ နင့်မမလေးကိုလည်း ဆေးသောက်ဖို့သတိပေးဦး၊ ငါ မကြာဘူး ပြန်လာမယ်"


အလုပ်က ပြန်ရောက်ရောက်ချင်း သူမ စားချင်သည့် မုန့်ဟင်းခါးကို တစ်ခေါက်ပြန်ထွက်ဝယ်ပေးရတာလည်း စိတ်ထဲ ကြည်နူးနေမိသည်။ မောပမ်းရမှန်း မသိ။


စောင့်ရတာကို စိတ်မရှည်တတ်သည့် သူ မုန့်ဆိုင်မှာ တန်းစီတိုးရတာကိုလည်း စိတ်ညစ်ညူးဖို့ သတိမရ၊ မီးပွိုင့်တွေခဏခဏမိသလို ဘီးတစ်လှိမ့်စီရွေ့ မောင်းနေရပေမယ့် လေလေးတစ်ချွန်ချွန်နှင့် စိတ်လက်ပေါ့ပါးနေခဲ့လေသည်။


"ရော့ မိအေး နင့်မမလေးကို ပြင်ပေးလိုက်"


"အစ်ကိုလေး ဒါ သွားဝယ်တာလား"


"ကျွေးမှာသာ ကျွေးလိုက်စမ်းပါ၊ နေဦး..ငါဝယ်လာတယ်လို့ သွားမပြောနဲ့နော်"


မိအေး ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့၏။ဘယ်သူတွေ ဘယ်လို ထင်ထင် နားမလည်နိုင်ကြပါစေ သူကတော့ ဂရုမစိုက်ပါ။ကိုယ်ချစ်တဲ့သူ အလိုကို အနားကနေ ဖြည့်ဆည်းပေးရသည့် ကြည်နူးမှုကို ဘာနဲ့မှ မလဲနိုင်။


တစ်နေကုန်ပင်ပန်းထားသဖြင့် ရေအေးအေးလေး စိမ်ချိုးလိုက်မှ လန်းဆန်းသွားသည်။ ထမင်းစားပြီးသွားတော့ သမီးနဲ့ ဂိမ်းအတူတူကစားရင်း ညရှစ်နာရီလောက်အထိ အချိန်ဖြုန်းလိုက်ရ၏။ သမီး အိပ်သွားပြီဆိုမှခြိမ့်အခန်းဘက်ကို မယောင်မလည်သွားကြည့်တော့ ဖုန်းပြောနေသံ သဲ့သဲ့ကြားရလေသည်။အိပ်သေးပုံမရသဖြင့် အခန်းပြန်ကာ စစာရင်းဇယားတွေ လုပ်နေလိုက်သည်။


စာရင်းတွေ သေချာစစ်ပြီး လက်ပ်တော့ထဲမှာ အပြီးသပ်သိမ်းဆည်းပြီးသွားတော့ ညဥ့်ဆယ့်တစ်နာရီခွဲ။


လက်ချောင်းတွေ ချိုးပြီး  ထရပ်ကာ ခုတင်ဆီလှမ်းကြည့်လိုက်တော့ သမီးက ဖက်ခွလုံးကို ခွဖက်လျက် အိပ်ပျော်နေသည်။သနားစရာ မေတ္တာငတ်ရှာသည့် သမီးသည် ခြိမ့်ကို အရမ်းတွယ်တာနေရှာပါလား..၊


သမီးရယ်...၊


မျက်နှာတစ်ခြမ်းပေါ် အုပ်ကွယ်နေသည့် ဆံပင်လေးတွေကို ဖယ်ရှားပေးရင်း သမီး နဖူးလေးကို အသာ ငုံ့မွှေးလိုက်သည်။ ထိုအခါ သမီးဆီက ညည်းသံလေးထွက်လာပြီး ပက်လက်အနေအထားပြောင်းကာ ငြိမ်သက်သွား၏။အခန်းမီးကိုပိတ်လိုက်ပြီး သူ ညအိပ်မီးလေးပြောင်းထွန်းလိုက်ကာ တံခါးအသာစေ့လျက် ခြိမ့်အခန်းဘက်ကို လျှောက်လာခဲ့သည်။


တစ်အိမ်လုံး တိတ်ဆိတ်လျက် ညပိုးကောင်လေးတွေ အော်မြည်သံ၊ လမ်းဘေးခွေးအသံတွေ တစ်ချက် တစ်ချက်ပျံ့လွင့်လာ၏။ ခြိမ့် အခန်းရှေ့အရောက် အခန်းမီးပိတ်ထားသဖြင့် အခန်းထဲက အခြေအနေကိုခဏ  စောင့်ကြည့်လိုက်သည်။ တိတ်ဆိတ်မှုသာကြီးစိုးနေတာမို့ ခြိမ့်တစ်ယောက် အိပ်ပျော်နေခြင်းဖြစ်မည်။


သည်တော့မှ စိတ်ကို ဒုံးဒုံးချ၍ ထမင်းစားခန်းဘက်လျှောက်လာခဲ့ပြီး ရေခဲသေတ္တာထဲက ရေသန့်တစ်ဗူးထုတ်ယူကာ ဒီအတိုင်းမော့သောက်နေမိစဥ်...၊


"အမလေး!......သိမ်း...သိမ်းပိုက်.."


"အဟွတ်!..အဟင်း..."


အသံက ညဥ့်ယံမှာ စူးခနဲ ထွက်လာ၏။သောက်နေသည့် ရေတွေ အဝင်လွဲကုန်ပြီး ရင်ဘတ်ပေါ်ပါ စိုရွှဲကုန်သလို သီးပါသီးသွားသည်။ 


ရေဗူးကို စားပွဲပေါ်တင်ထားခဲ့ပြီး သူ ခြိမ့်အခန်းဆီ ​ပြေးသွားကာ တံခါးတွန်းကြည့်တော့ တံခါးက အထဲက လော့ခ်ချထား၏။


"သွေး...သွေးတွေ...သိမ်းပိုက်..."


ကယောင်းကတမ်းအော်ဟစ်နေသည့် အသံတွေကြောင့် သူမ အိပ်မက်ဆိုးတွေ မက်နေတာဘဲ ဖြစ်မည်။


"သေပြီ...သူ... သူသေသွားပြီ.."


"ခြိမ့်..."


"ဒုန်း...ဒုန်း..."


"သိမ်းပိုက်...သိမ်းပိုက်ကမ္ဘာ...သွေး...သွေးတွေ.."


အပြင်ကနေ တံခါးကိုထုနေပေမယ့် ဗလုံးဗထွေးအသံတွေ ကြားနေရဆဲပါ။ ခြိမ့်ကတော့ နိုးမလာခဲ့။ 


သူ တိုက်ထဲကနေ ကပြာကယာပြေးထွက်ကာ ဘေးကနေ ပတ်ပြီး သူမအခန်းပြတင်းပေါက်ကနေ အထဲကို ဝင်လိုက်သည်။


"သိမ်းပိုက်..သိမ်းပိုက် .."


"သွေး..သွေးတွေ...အား!..."


ခြိမ့် အလန့်တကြားအော်ကာ လန့်နိုးလာ၏။ သူ ခြိမ့်ဘေးကို ချက်ချင်းရောက်သွားပြီး ချွေးတို့နှင့်ရွှဲနစ်နေသော တစ်ကိုယ်လုံးကို တယုတယပွေ့ပိုက်ထားမိသည်။


"ကြောက်တယ်...ခြိမ့် အရမ်းကြောက်တယ် သိမ်းပိုက်..သိမ်းပိုက်.."


ခြိမ့်က မျက်လုံးမဖွင့်ဘဲ ကယောင်ကတမ်းနှင့် သူ့ရင်ခွင်တွင်း အတင်းတိုးဝင်ကာ ဖက်တွယ်ထားသည်။ ခြိမ့်ဆံနွယ်လေးတွေကို မျက်နှာနှင့်ပွတ်တိုက်ရင်း သူမကိုယ်လေးကို ပြန်လည်ထွေးဖက်ထား၍...၊


"ခြိမ့် သတိထားလေ..မောင် ရှိတယ်၊မောင် ရှိတယ်လေ မကြောက်နဲ့နော်"


မျက်နှာလေးကို ဆွဲမော့ယူတော့ ခြိမ့်က သူ့ရင်ခွင်မှာ မျက်နှာအပ်ကာ အတင်းတိုးဖက်လျက်..၊


"ဟင်အင်း..ဟင်အင်း...ခြိမ့် ကြောက်တယ်...ကြောက်တယ် သိမ်းပိုက် ခြိမ့်ကို ဖက်ထားပါ.."


"ခြိမ့်ရယ်.."


ခြိမ့် နိုးဟန်မတူ..၊ ယောင်ရမ်းလျက် သူ့တစ်ကိုယ်လုံးကို ဆွဲလွဲဖက်ကာ သူ့ရင်ခွင်ထဲမှာ ပြန်လည်အိပ်ပျော်သွားရှာသည်။


ခုမှ ဒုက္ခ...၊ သူ ဘယ်လိုထရမလဲ။နှစ်ယောက်တွဲကြီးထိုင်ရက်နှင့် သူ အခက်တွေ့နေ၏။သူမရဲ့ ထွက်သက်ဝင်သက်လေငွေ့တွေက သူ့ရင်ဘတ်မှာ နွေးနွေးလေး ရိုက်ခတ်နေလျက်..၊


သူ့ကိုဖက်တွယ်ထားသည့် ခြိမ့် လက်တွေကိုအသာဖယ်ရှားကြည့်လိုက်သည်။


"အင်း...ဟင့်...ဟင့်.."


ရှိုက်သံလေးနှင့်လူးလွန့်ကာ ပြန်ဖက်ထား၏။နောက်ဆုံး သူ လက်လျော့လိုက်ရကာ...၊


"မောင့်ကို အထင်မလွဲပါနဲ့ခြိမ့်ရယ်...မင်းကြောက်နေတာကို ဥပေက္ခာမပြုရက်တော့ အပြစ်တင်လည်း ခံရမှာဘဲ"


ချစ်မြတ်နိုးရသည့် မျက်နှာလေးကို ငုံ့ကြည့်လိုက်တော့ သူမနဖူးပြင်လေးမှာ နှာခေါင်းနှင့်ထိခတ်သွား၏။ 


"ခြိမ့်ကို မောင်ချစ်တယ်.."


မြတ်နိုးသည့်အနမ်းတစ်ပွင့်သည် နဖူးပြင်လေးမှာ နွေးခနဲ ထိတွေ့သွားလေသည်။


သူမကိုယ်လေးကို ဘယ်လိုမှ ခွာထုတ်မရတော့ ဖက်ထားသည့်လက်တစ်ဖက်နှင့် ခေါင်းအုံးတွေကို အရင် ခုတင်ပေါင်မှာ ဆင့်ခံလိုက်သည်။ ပြီးမှ သူမ မနိုးအောင် သတိထား၍ သူမကိုယ်လေးကို ရင်ခွင်မှာပွေ့ပိုက်လျက်နှင့် မှီလိုက်၏။


"အင်း..ဟင်း..."


ခြိမ့်က လူးလွန့်လာပြီး သူမမျက်နှာလေးကို အထာမကျသလို ရင်ခွင်ထဲမှာ ပွတ်တိုက်ပြီးမှပြန်လည်ငြိမ်သက်သွားပြန်သည်။


မငြိမ်မသက်ဘဲ ကျန်ခဲ့သူက သိမ်းပိုက်။ မည်းနက်သော မျက်ခုံးတန်းလေးတွေ၊ မျက်တောင်ကော့လေးတွေနှင့် မျက်ခွံမို့မို့လေးတွေကအစ..သူ့ရင်ဘတ်မှာ နစ်ဝင်နေသော နှာတံလုံးလုံးစင်းစင်းလေးအပါအဝင် ပန်းနုရောင်ပြေးနေသော ပါးပြင်လေးတွေအထိ အနီးကပ် မြင်နေရတော့ ရင်ခုန်သံတွေ စည်းချက်ညီညီလှုပ်ရှားလာ၏။


တစ်ချိန်က ရင်ခွင်မှာ ပိုင်ပိုင်ပွေ့ပိုက်ခဲ့သော နူးညံ့အိစက်သော ကိုယ်လေးကို ပွေ့ဖက်ရင်း သူ့ကိုယ်သူ အံ့သြမိသည်။ခြိမ့်အပေါ် သူ ဒီလောက်စိတ်ရှည်နိုင်လိမ့်မည် မထင်ခဲ့။ ခုတော့...၊


မင်းကို မောင် ဘာကြောင့် ဒီလောက်အထိ ချစ်သွားမိမှန်း မောင်ကိုယ်တိုင် အဖြေရှာမရဘူး ခြိမ့်ရယ်..၊


သူ ခြိမ့်ပါးပြင်လေးကို သူ့ပါးနှင့် ထိကာ  အကြာကြီး ငြိမ်သက်နေခဲ့သည်။ သူမဆီက အသက်ရှူသံမှန်မှန်လေးကြားနေရပေမယ့် သူ တော်တော်နဲ့ အိပ်မရခဲ့ပါ။တစ်ညလုံး တစ်မှေးမှ မမှေးခဲ့ရဘဲ ရင်ခုန်သံတွေကို နားထောင်ရင်း လင်းပိုင်းမှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။


ချစ်ရသူကို ရင်ခွင်မှာ ပွေ့ပိုက်လျက် အိပ်ပျော်ခဲ့ရသော ညသည်...၊


...................................................................


အလင်းရောင်သည် ပြတင်းတံခါးမှတဆင့် မျက်နှာဆီ ပုတ်နှိုးဖို့ ကျရောက်လာမှ ခြိမ့် ဖျတ်ခနဲ နိုးလာသည်။ မျက်လုံးဖွင့်မရသေးခင် ခြိမ့်တစ်ကိုယ်လုံး နွေးထွေးသည့် ရင်ခွင်တစ်စုံ၏ထွေးဖက်မှုအောက်ရောက်နေသလို ခံစားလိုက်ရသည်။


ထိုအခါ ပထမဆုံး သတိထားလိုက်မိသည်က လတ်ဆတ်မွှေးပျံ့သော ကိုယ်သင်းရနံ့...။နောက်ထပ် ဒုတိယအနေနဲ့သတိထားလိုက်မိသည်က သူမတစ်ကိုယ်လုံးကို သန်မာသည့် လက်တစ်စုံနှင့် တင်းကျပ်စွာ ဖက်တွယ်ခံနေရတာကိုပါ။


ဖြည်းဖြည်းမှန်မှန်ထွက်ပေါ်နေသော အသက်ရှူသံနှင့်အတူ လေငွေ့တွေက ခြိမ့် နဖူးနှင့်ဆံစတွေကို ကလူကျီစယ်နေတာကို တတိယ သတိပြုမိခြင်းဖြစ်၏။


"အို..."


အလန့်တကြားမျက်လုံး ဖွင့်အကြည့်...ဖွေးနုသော ရင်ဘတ်ကျယ်ကြီးနှင့် အပေါ်ကြယ်သီးနှစ်လုံးပြုတ်နေသော ရင်ဘတ်ဖွေးဖွေးမှာ ခြိမ့်နှာခေါင်းလေး ထိခတ်နမ်းရှိုက်နေမိသည့် အဖြစ်...၊


"ဟင်...မင်း...မင်း..."


ခြိမ့် အလန့်တကြားရုန်းထွက်ရင်း မော့အကြည့်...လူးလွန့်နိုးလာသည့် မျက်နှာကို မြင်လိုက်ရချိန်မှာတော့...၊ ဒေါသကြောင့် မျက်လုံးတွေ ပြာဝေလျက် ဘာမှ မမြင်နိုင်တော့ဘဲ...၊


"ဖြန်း...ဖြန်း..."


အပိုင်း(၂၉)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: