💘မှတစ်ပါး.....အခြားမရှိ💘
သိမ်းပိုက် ခြိမ့် ဘာကိုဆိုလိုတယ်ဆိုတာ နားလည်လိုက်သည်။ ကိုယ့်ရည်ရွယ်ချက်က သူမထင်နေသလိုမျိုးမဟုတ်ပါ။ တကယ်တော့ အမုန်းတရားတို့နှင့် အစိမ်းရောင်ရင့်နေသည့် နှိုင်းခြိမ့်ခြိမ့်သာဆိုသော မိန်းမ၏ မာကျောသော နှလုံးသားကို ကြုံသလို ပစ်ခွင်းဖို့ ရရာလက်နက်ဆွဲကိုင်ခဲ့ခြင်းသာ။
ကလေးနဲ့စည်းရုံးပြီး သိမ်းသွင်းချင်တာ ရိုးသားစွာ မှားယွင်းမှုတစ်ခုဆိုတာကို ယုံပါ ခြိမ့်။ ခြိမ့်ရင်ခွင်ထဲမှာ ကျွန်တော်တို့သားအဖ ခိုလှုံချင်ရုံသက်သက်ပါကွာ။
ငါမှားနေပြီဆိုသည့် အတ္တနှင့် ကယောင်းကတမ်း နောက်ပြန်လှည့်ချိန်မှာ အရာရာနောက်ကျခဲ့ပြီးမှန်းသိသည်။သို့သော် ခြိမ့်နှင့်သူ့ရင်သွေးအတွက် နောက်တစ်ကြိမ်အမှားတွေ အကျူးလွန်မခံနိုင်တော့ပါ။
"ခြိမ့်.."
သမီးကို ချီထားရင်းကနေ ခြိမ့်လက်လေးတစ်ဖက်ကို လှမ်းဆွဲလိုက်သည်။ ခြိမ့်က အထိမခံဘဲ ကိုယ်ကို နောက်ယို့လိုက်ပြီးမှ နောက်ကို ဆုတ်သွားခဲ့ပြီး..၊
"မင်းရဲ့ညစ်ပတ်နေတဲ့လက်တွေနဲ့ ငါ့ကို လာထိဖို့ စိတ်မကူးနဲ့၊ ဒီမှာ သိမ်းပိုက်ကမ္ဘာ မင်းရေးခဲ့တဲ့ ဇာတ်က သည်အန့်စာတန်းချိတ်ပြီးတာကြာပြီ၊ခု ငါ့ဘဝ ငါ့အနာဂတ်မှာ မင်း ဘယ်နေရာမှ မရှိဘူး၊ အဲဒီတော့ အရှက်မရှိ တွယ်ကပ်နေတာတွေ ရပ်တန်းက ရပ်လိုက်ပါ၊ အရှက်မဲ့နေရင်တောင် ဂုဏ်သိက္ခာကိုတော့ မင်းတန်ဖိုးထားလိမ့်မယ်ထင်တယ်၊ ရဲခေါ်ပြီး ဆွဲမထုတ်ခင် မင်းအရှုပ်ထုပ်တွေဆွဲပြီး ခုချက်ချင်းထွက်သွား"
စကားသံတွေက စိမ်းပြတ်နေသလို လက်ညှိုးထိုးပြောဆိုနေသည့် ချစ်ဇနီး၏ မျက်နှာလေးကို ငေးစိုက်ကြည့်မိ၏။သူမစကားလုံးတွေ အကြည့်တွေက နှလုံးသားမှာ နက်နက်လာစိုက်သော အဆိပ်လူးမြှားတွေလို...၊ သို့သော် ချစ်စိတ်တို့သည် လျော့ပါးခြင်းမရှိခဲ့ဘဲ။
မျက်နှာသွယ်သွယ်လေးက ပြည့်ဖောင်းလာပြီး အိပ်ထားသဖြင့် မို့အစ်နေသည့် မျက်လုံးလေးတွေနှင့် ပန်းနုရောင်နှုတ်ခမ်းသားလေးတွေက ရင်ခုန်သံကို မြန်ဆန်စေသည််။
အနီရဲရဲတဆက်တည်းဂါဝန်အပွလေးနှင့် ကိုယ်ဝန်ကြီးဝန်းဝန်းစိုစိုဖြစ်နေသည့် ခြိမ့်ကို တစိမ့်စိမ့်ကြည့်ရင်း မြတ်နိုးစိတ်တွေ တရိပ်ရိပ်တိုးလာလျက်..၊
"ကျွန်တော် ဒီနေရာအထိ ရောက်လာနိုင်အောင် ကြိုးစားခဲ့တာ ခြိမ့်အနားမှာ နေခွင့်ရချင်လို့၊ ဘာတွေဖြတ်ကျော်ရဖြတ်ကျော်ရ ဘယ်သူ ဘာမြင်မြင် ဘာထင်ထင် ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော့်ခေါင်းထဲမှာ ရင်ဘတ်ထဲမှာ ရှိတာ ခြိမ့်တို့သားအမိအတွက်ပဲ၊ ခုအချိန်မှာ ကြိုက်ကြိုက် မကြိုက်ကြိုက် ခြိမ့်ဘေးမှာ နေရမှာဘဲ၊ အဲဒီအတွက် မကျေနပ်ရင် ကျွန်တော့်ကို ရိုက်ပစ်လိုက်...ဒီအိမ်ကနေ ခြေတစ်လှမ်းလေးတောင် ခွာမှာ မဟုတ်ဘူး"
ခြိမ့် ဖျတ်ခနဲ မော့ကြည့်၍ စေ့စေ့ကြည့်ကာ အံကြိတ်လိုက်၏။
"ဒီကနေ ထွက်သွားတော့မယ်ဆိုလည်း မင်းတို့သားအမိနောက်ကို အရိပ်လို သွားလေရာ လိုက်နေမယ်ဆိုတာ မှတ်ထားပေး.."
အံကြိတ်ခြင်း၊မဲ့လိုက်ခြင်းတို့နှင့် လှပသော နှုတ်ခမ်းလွှာလေးကို သူ ငေးကြည့်မိသည်။
ညှို့ဓာတ်ပြင်းသော မျက်ဝန်းလေးတွေက သူ့မျက်နှာထက်ကနေ ဘေးတိုက်ရွေ့သွားခဲ့ပြီး..၊
"မင်းကို မုန်းတယ်...မင်းနဲ့ပက်သက်သမျှအရာရာကိုလည်း မုန်းတယ်"
"ကျွန်တော်ကတော့ ချစ်တယ်၊ ခြိမ့်ရဲ့အမုန်းတွေကိုလည်း မရ ရအောင်ဖယ်ထုတ်ပစ်ဖို့ ဆုံးဖြတ်ထားတယ်"
"မင်းမျက်နှာမြင်နေသရွေ့ အမုန်းတွေ တိုးနေတဲ့ငါကလည်း ရင်ဘတ်တစ်ခုလုံး အမုန်းမီးတောက်တွေနဲ့ပြည့်နေတာ မှတ်ထားပါ.."
နှုတ်ခမ်းသားကို ဖိကိုက်လျက် သူ့ရှေ့ကနေ လှည့်ထွက်သွားသည့် သူမကို အသည်းတယားယားနှင့်လိုက်ကြည့်နေမိသည်။ နေ့စေ့လစေ့ဗိုက်ကြီးသည်တဲ့ ပေါ့ပါးလိုက်ပုံများ...။
"မိအေးရေ...မိအေး.."
"ရှင် လာပြီ အစ်ကိုလေး"
"လာပြီဆိုပြီး အသံကို နောက်မှာထားခဲ့ လူအရင်လာ"
မိအေး မီးဖိုထဲကနေ ပြေးထွက်လာ၏။
"ဘာဖြစ်လို့လဲ အစ်ကိုလေး မီးမီးကို မိအေးထိန်းရမှာလား၊ လာ မီးမီး လာ"
ခွန်စေးသာကိုယ်တိုင် အပ်ထားခဲ့တာမို့ မိအေးသိမ်းပိုက်ကို ခွန်စေးသာလို ရိုသေလေးစားနေသည်။ ပြီးတော့ချစ်စရာကောင်းသည့် ချင်းချင်းကိုလည်း မြင်မြင်ချင်း ခင်တွယ်နေတာမို့ သိမ်းပိုက်ခေါ်လိုက်သည်နှင့် ကလေးကြည့်ခိုင်းမည်ဟု ထင်နေခြင်းဖြစ်၏။
သမီးကိုယ်လေးကို ချီဖို့ လက်ကမ်းနေသည့် မိအေးကြောင့် နောက်ကို ဆုတ်ပစ်ရင်း..၊
"မဟုတ်ပါဘူး၊ မေးစရာရှိလို့"
"ဘာလဲ အစ်ကိုလေး"
"နင့်မမလေး အခါတိုင်း ဒီအချိန်မှ နိုးတာလား"
"ဟုတ်တယ်..မမလေးက ညဆို အိပ်မက်ဆိုးတွေ မက်ပြီး တော်တော်နဲ့ပြန်မအိပ်တော့ဘူး၊ မမလေး လန့်အော်ရင် အစ်ကိုကြီး သွားချော့ရတာ မမလေး ပြန်မအိပ်မချင်းဘဲ၊ အဲဒါကြောင့် နေ့လည်ထမင်းစားပြီးတာနဲ့ အိပ်တာ ညနေစောင်းမှ နိုးတာ"
မိအေး ပြောပြနေတာကို သူ မျက်မှောင်ကုတ်၍ နားထောင်နေမိသည်။
ခြိမ့် ဘယ်လိုအိပ်မက်ဆိုးတွေ မက်နေသလဲ..၊
"နင့်မမလေးနိုးနေပြီ မိအေး၊ သူ ထမင်းစားတော့မလား မသိဘူး၊ သွား ပြင်ဆင်ထားဦး"
"ဒီအချိန်မစားသေးဘူး၊ မမလေးက ရေချိုးပြီးမှ စားတာ"
"သွား မိအေး နင့်မမလေးဆီ ခုသွားလိုက်ဦး"
သူ့စကားကို နားမလည်သလို မိအေးက မျက်လုံးလေး ကလယ်ကလယ်နှင့်ကြည့်နေသည်။ သူ စိတ်မရှည်ချင်တော့..၊
"သွားတော့လေ..ဘာလုပ်နေတာလဲ"
"မိအေးက ဘာသွားလုပ်ရမှာလဲ၊ ဟို မီးဖိုထဲမှာ ဟင်းအိုးတန်းလန်းနဲ့"
"ထားခဲ့ ငါကြည့်လိုက်မယ်၊နင့်မမလေးဆီ သွား၊ ရေချိုးခန်းထဲကို သေချာရှင်းပြီးမှ ဝင်ခိုင်း"
"ဟင်းအိုး.."
"ကဲ...ထားခဲ့ဆို တယ်စကားများတာဘဲ၊ သွား...နင့်မမလေးရေချိုးဖို့ ပြင်ပေးလိုက်၊ အကြာကြီးလည်း မချိုးစေနဲ့ ကြားလား"
"ဟုတ်.."
"ရေချိုးခန်းထဲ ဝင်ရင်လည်း သေချာဂရုစိုက်ဦး၊ ချော်လဲနိုင်တဲ့ အရာတွေ အကုန်ရှင်းပြီးမှ ဝင်ခိုင်း၊ သွားတော့ ဟိုက ရေချိုးခန်းထဲ ရောက်နေရင်လည်း ပြန်မလာနဲ့ဦး၊ ရေချိုးပြီးတဲ့အထိစောင့်"
ဟွန့်...သူက ခုမှ၊ သဲချက်၊ကဲချက်က လွန်ပါရော..၊
စိတ်ထဲက ကြိတ်မဲ့ရွဲ့ပြောလိုက်မိတာ အပြင်ကို အသံမထွက်အောင် မနည်း ဘရိတ်အုပ်လိုက်ရ၏။မလုံမလဲနှင့် အစ်ကိုလေးကို မော့ကြည့်တော့ မျက်လုံးပြူးနှင့်ကြည့်နေသဖြင့် ထိုနေရာကနေ သုတ်ချေတင်ရတော့သည်။
"မမလေးကလည်း ဖြူဖြူချောချောလေး အစ်ကိုလေးကလည်း ရုပ်ရှင်မင်းသားကျနေတာပဲ ချောလိုက်တာ၊ တကယ် လိုက်ဖက်တဲ့ စုံတွဲ..ပြီးတော့ မမလေးကိုလည်း အရမ်းချစ်တဲ့ပုံ၊ဒါပေမယ့် ကလေးအဖေကြီးဖြစ်နေတာတော့ တော်တော်ဆိုးတယ်၊ နမျောလည်းနမျောစရာကြီး.."
မိအေး ရှုံ့လိုက်မဲ့လိုက်နှင့် ပွစိပွစိရေရွတ်ရင်း ခြိမ့်အခန်းဆီ လျှောက်ခဲ့၏။
..................................................................
"မမအေး...မီးမီး ထမင်းစားမယ်"
ထမင်းစားခန်းဝကနေ စီခနဲထွက်လာသည့် အသံကြောင့် ပါးစပ်ထဲ မရောက်သေးသည့် ထမင်းလုပ်က လမ်းခုလပ်တွင် ရပ်တန့်သွား၏။
"ဟော!...မေကြီး၊ မေကြီး ခုမှ စားတာလား၊ မီးမီးလည်း မေကြီးနဲ့ အတူတူစားမယ် ထမင်းထည့်ပေး မမအေး"
ရယ်မောပြောဆိုနေသည့် တီတီတာတာစကားလေးတွေ၊ ဂါဝန်အနီရဲရဲလေးနှင့် ဆံပင်ဖောင်းဖောင်းလေးတွေ ဝဲခါနေသည့် ပုံသဏ္ဍာန်လေးက တစ်စုံတစ်ယောက်နှင့် ပက်သက်မှုသာ မရှိခဲ့ရင် ချစ်စရာပါ။
ခြိမ့်ဘေးက ခုံမှာ စွေ့ခနဲ ဝင်ထိုင်လိုက်ပြီး ဒီဘက်လှည့်ကာ ချစ်စဖွယ်လေးပြုံးပြသည့် မျက်နှာလေးမှာ ခဏ တွယ်ငြိသွားခဲ့သည်။သွားချွန်ချွန်လေးတွေ စီတန်းလျက် အပြစ်ကင်းသော ထိုအပြုံးလေးတစ်ချက်မှာ ရင်ထဲ သေးငယ်သောလှိုင်းကလေးတစ်ချက် လှုပ်ခတ်သွားစဥ်..၊
"ဖေကြီး မီးမီး ဒီမှာ မေကြီးနဲ့အတူတူစားမလို့"
ထမင်းစားခန်းဝမှာ လူရိပ်ပေါ်လာသည်နှင့် ခြိမ့် မျက်နှာလေး ချက်ချင်းအေးစက်တင်းမာသွားသည်။မျက်ဝန်းတွေက ထိုဆီကို ရောက်မသွားခင် ကလေးအသံကြားသည်နှင့် ထမင်းပန်းကန်ဆီ မျက်နှာလွှဲပစ်လိုက်၏။
"အစ်ကိုလေး စားတော့မလား"
"အေး...ထည့်လိုက်"
လိမ္မော်ရနံ့သင်းသော ဆပ်ပြာနံ့တစ်ချက် အရင်ဝေ့လာပြီး နို့စိမ်းရောင် တီရှပ်နှင့် ချည်ချောပုဆိုး၏တစ်ပိုင်းတစသည် မျက်လုံးရှေ့ မြင်ကွင်းထဲ တည့်တည့်ဝင်လာ၏။
"အိမ်ရှင်က ကျွေးချင်ရဲ့လားတောင် မသိဘူး"
တစ်ယောက်တည်း ရေရွတ်သလိုလိုနှင့် ပြောပြီး ထိုင်ချလိုက်တော့ ခြိမ့်မျက်နှာတည့်တည့် မျက်နှာချင်းဆိုင်တွင်...။
ခြိမ့်မျက်နှာလေး အံကြိတ်ထားသဖြင့် တင်းနေသလို သိမ်းပိုက်မျက်နှာသည်လည်း မှုန်အစ်အစ်နှင့်။
"မေကြီး မီးမီးဟင်းထည့်ပေးမယ်"
"ချွင်!.."
"ကျစ်!..."
"သမီးကကွာ..ဟင်းစက်တွေ ကျကုန်ပြီ၊ မလုပ်နဲ့တော့"
ကလေးက ဟင်းခွက်ကို မမှီမကမ်းလှမ်းလိုက်သဖြင့် ဇွန်းပြုတ်ကျသွားကာ ဟင်းစက်အနည်းငယ် စားပွဲပေါ်စင်ကုန်သည်။ခြိမ့် စုပ်သပ်မိတော့ ကလေးက အပြစ်ရှိသလို ဇက်လေးပုလျက် သူမကို မော့ကြည့်ကာ..၊
"မေကြီးကို မီး ဟင်းထည့်ပေးချင်လို့"
ကလေးဗီဇအတိုင်း နှုတ်ခမ်းလေးစုလုံးလျက် မပွင့်တပွင့်ပြောသည်။ထမင်းတစ်လုပ်တောင် မစားဖြစ်သေးဘဲ စားချင်စိတ်ပါ ပျောက်လာ၏။
ထိုစဥ် သူ ခြိမ့်ပန်းကန်ထဲကို ဟင်းတွေ ခပ်ထည့်ပေးလာသည်။ဖြူဝင်းသော လက်ချောင်းရှည်ရှည်များနှင့် တိတိရိရိညှပ်ထားသည့် လက်သည်းများသည် ပန်းနုရောင်ပြေးလျက် လက်ခုံထက်မှာ မွှေးညှင်းများနှင့် လက်တစ်စုံသည် ဟင်းပန်းကန်တွေနှင့် သူမ ထမင်းပန်ကန်ကြား လူးလာခေါက်တုံ့လှုပ်ရှားနေလျက်။
နှုတ်ခမ်းသားကို ဖိကိုက်ကာ ခြိမ့် ထမင်းဝိုင်းကနေ ထရပ်လိုက်သည်။
သိမ်းပိုက် သမီးကို ဟင်းထည့်ပေးရင်း ဖျတ်ခနဲမော့ကြည့်တော့ သူမက ထမင်းဝိုင်းကို ကျောခိုင်းထွက်သွားပြီ။
"ကျွန်တော်သိတဲ့ခြိမ့်က ဒီလောက်သွေးမကြောင်တတ်ပါဘူး"
နောက်ကိုလှည့်မလာပေမယ့် သူမခြေလှမ်းတွေ ရပ်သွား၏။ သူ ထရပ်လိုက်ပြီး သူမနောက်နားကို သုံးလေးလှမ်းလျှောက်သွားပြီးမှ..၊
"ခြိမ့် မကြိုက်ရင် ကျွန်တော် အတူတူမစားပါဘူး၊ဒီအတွက် ခြိမ့်ထွက်သွားဖို့မလိုဘူး..ကျွန်တော် သွားပေးပါ့မယ်၊ ပြန်ထိုင်ပြီး ထမင်းဆက်စားပါ"
ရင်ထဲမှာ နာကျင်မှုတို့ဖြင့် တုန်ခါလျက် သူမဘေးကနေ ဖြတ်လျှောက်ထွက်ဖို့ ခြေလှမ်းပြင်လျှင်..၊
"ခြိမ့်.."
သူ့စကားကို အရေးမလုပ်သလို သူမက ဗိုက်ကြီးကော့လန်ကော့လန်နှင့် ထွက်သွားသဖြင့် သိမ်းပိုက် သူမရှေ့ကနေ ကာဆီးရပ်လိုက်ရင်း..၊
"သွားပြန်ထိုင်ပါ ခြိမ့်၊ ဒီလိုမှ မဟုတ်ရင် ဘယ်အချိန်ဖြစ်ဖြစ် ကျွန်တော် အတူတူလိုက်စားရလိမ့်မယ်၊ ခု စားလိုက်ပါ... ကျွန်တော်နဲ့မျက်နှာချင်းဆိုင်မစားချင်ဘူးဆိုရင်ပေါ့.."
ကြည့်...ဘယ်လောက်များ လူပါးဝလိုက်သလဲ၊
မျက်လုံးချင်းအဆုံမှာ စူးရဲအေးစက်သော မျက်လုံးကြည်ကြည်တွေက စိန်ခေါ်နေသလိုပင်။
"တောက်!..."
ခြိမ့် တက်ခေါက်ပစ်မိသည်။သူ ခြိမ့်မျက်နှာထက်က အမုန်းတရားများကို လှန်လှောဖတ်ရှုနေရင်းက...၊
"ကျွန်တော့်ဘဝမှာ ပထမဆုံးလက်ရှောင်ပေးလိုက်တာ၊ ဒါကိုမှ ခြိမ့် ခေါင်းမာနေရင် ကျွန်တော့်ဘက်ကလည်း လုပ်စရာရှိတာကို ရဲရဲလုပ်သွားရလိမ့်မယ်၊ အဲဒီအခါကျရင် ခြိမ့် အတွက် စိတ်ညစ်စရာတွေချည်းပဲ ဖြစ်မှာ၊ဒီည ခြိမ့်အခန်းထဲကို မလာစေချင်ရင် ထမင်းပြန်စားလိုက်ပါ"
ကိုယ်ကို ရှေ့ကိုင်းပြီး ခြိမ့်မျက်နှာနား ဖျတ်ခနဲ ငုံ့ကာ ခြိမ်းခြောက်သလို ပြော၏။ ပြီးတော့ အဓိပ္ပါယ်တစ်မျိုးပျော်ဝင်နေသာ အကြည့်နှင့်ကြည့်၍ ထမင်းစားခန်းထဲကနေ ခြေလှမ်းကျဲ ကြီးများနှင့် ထွက်သွားလေသည်။
အဲဒီလိုလုပ်ကြည့်ပါလား...မင်းနဲ့ငါ သတ်ပွဲဘဲ..။
"မေကြီး.."
ဒေါသနှင့်လုံးထွေးကာ ထမင်းစားခန်းထဲက မထွက်နိုင်သေးခင် သူမလက်တစ်ဖက်ကို နွေးထွေးသည့် လက်တစ်စုံက ဆုပ်ကိုင်လာ၏။
သိမ်းပိုက်ချစ်ခြင်းသည် မျက်နှာငယ်လေးနှင့် မော့မော့လေးကြည့်နေလျက်..၊
"ဖေကြီးကို စိတ်မဆိုးပါနဲ့နော် မေကြီး၊ မီးမီး မေကြီးနဲ့ ထမင်းစားချင်လို့ပါ၊ မီးမီး ဗိုက်ဆာနေပြီ အထဲက မောင်လေးကလည်း မံမံဆာနေပြီတဲ့၊ သွားစားရအောင်နော် မေကြီး"
ကိုင်ထားသည့်လက်ကနေ လက်လေးနှစ်ဖက်နှင့်ဆွဲခေါ်၏။ ခြိမ့် ကျောက်ရုပ်လို ပေရပ်နေလျှင်..၊
"လာပါ..မေကြီးရဲ့ လာပါဆို"
အတင်းဆွဲခေါ်နေသည့် လက်လေးတွေကို ဖယ်ရှားမပစ်ရက်တော့။ထိုအခါ ခြိမ့် စောစောက ခုံမှာ ပြန်ထိုင်လိုက်ရသည်။
" ဖေကြီးလို မဆိုးတဲ့အတွက် မေကြီးကို မီးမီး ဆုချမယ်"
"ရွှတ်.."
ခြိမ့် ပါးတစ်ဖက်မှာ နွေးခနဲ ဖြစ်သွား၏။သိမ်းပိုက်ချစ်ခြင်းက ခုံပေါ်တက်ရပ်နေရာမှ ထိုင်ချလိုက်ပြီး နှုတ်ခမ်းထောင့်လေးတွေ ကွေးသွားသည့်အထိ ရယ်ပြကာ..၊
"မေကြီး.. စားလေ"
ခြိမ့် အယောင်ယောင်အမှားမှားနှင့် ထမင်းချည်းတစ်ဇွန်းခပ်စားလိုက်မိပြီးမှ..၊
"ဒေါ်ကြီး..ဒေါ်ကြီး"
"လာပြီ မမလေး"
လေတိုက်သလို မိအေး သူမတို့ဘေးကို ရောက်လာ၏။
"ဒေါ်ကြီး မနက်ကတည်းက မိုးကုတ်ပြန်သွားတယ်လေ မမလေး၊ ဘာခိုင်းမလို့လဲ မိအေးလုပ်ပေးမယ်လေ"
ဟုတ်သားပဲ..၊
သူမ သတိတွေ ကင်းလွတ်နေပြီလား မသိတော့။ ကိုလေးမေမေ တီတီမြတ် လှမ်းမှာလို့ ဒေါ်ကြီး မနက်က မိုးကုတ်သွားပြီဘဲ။
"မိအေး ဘာလုပ်ပေးရမလဲ မမလေး"
"နင် ဒီနေ့ ဘာချက်လဲ မိအေး"
"ရှင်!.."
"ဒီဟင်းတွေကို ပြောတာမဟုတ်ဘူး၊ နင် သပ်သပ်ဘာချက်စားသလဲ မေးတာ"
"ဟို..ချဥ်ပေါင်ဟင်းတစ်ခွက်တော့ ချက်မိတယ် မမလေး၊ အဲဒါကလည်း ဟို မိအေးစားချင်လို့ ချက်စားမိတာပါ"
"အဲဒါ သွားယူလာခဲ့"
"ရှင်!.."
မျက်လုံးအပြူးသားနှင့် မိအေး တစ်ရှင်ရှင်ဖြစ်နေသည်။
"တစ်နေ့တစ်နေ့ ဒီဟင်းတွေချည်းစားနေရတာ အီစိမ့်နေပြီ၊ အဲဒီချဥ်ပေါင်ဟင်းလေး စားချင်တယ်၊ ဒီထမင်းပန်းကန်ပါ နောက်ထပ်အသစ်တစ်ပန်းကန်နဲ့ လဲပေး"
"ဖြစ် ..ဖြစ်ပါ့မလား မမလေး"
"ဘာလို့မဖြစ်ရမှာလဲ၊ သွားယူမှာသာ ယူခဲ့စမ်းပါ မိအေးရယ်"
"ဟုတ်...ဟုတ်ကဲ့ မမလေး"
"ဒီပန်းကန်ပါ ယူသွား"
မိအေး မရဲတရဲနှင့် ပန်းကန်ယူကာ မီးဖိုထဲ ဝင်သွားသည်။တကယ်လည်း ခြိမ့် ဒီဟင်းတွေ မစားချင်တော့တာ။ နေ့တိုင်း မရိုးနိုင်အောင် စားနေရတာ ပါးစပ်ထဲ ဘာအရသာမှ မရှိသလိုပါ။ ချဥ်ပေါင်ဟင်းကို ဟိုတစ်နေ့က မိအေး မြိန်ရေရှက်ရေ စားနေတာကို မြင်ပြီးကတည်းက စားချင်နေတာ။ကိုလေး ရှိနေလို့..၊
မျက်လုံးတွေက မိအေးအရိပ်ပျောက်သွားဆီကနေ ဒီဘက်ကို ပြန်အရွှေ့ အသားတုံးကို မရမကဖဲ့နေသည့် သိမ်းပိုက်ချစ်ခြင်းကို မြင်လိုက်ရ၏။အမြင်မတော်သဖြင့် ခြိမ့် ကလေးလက်ထဲက ဇွန်းနှင့်ခရင်းကို လက်ပြောင်းယူလိုက်ကာ အသားလေးတွေ အနေတော် ဖဲ့ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် မေကြီး"
ခြိမ့် ဘာမှ ပြန်မဖြေဘဲ မသိသလို နေလိုက်တော့ သာလိကာမလေးက အလိုက်တသိနှင့် ထမင်းဆက်စားနေခဲ့သည်။ တခြားဟင်းတွေ ယူစားခြင်းမရှိဘဲ ပန်းကန်ထဲက ဟင်းလေးနှင့်သာ တစ်လုပ်ချင်းကို ဖြည်းဖြည်းလေး ခပ်စားနေသည်။ သို့သော် ဇွန်းကိုင်ထားသည့်ပုံလေးက အထာမကျသလို ထမင်းနှင့်ဟင်းကို ခပ်လိုက်ပြန်ပြုတ်ကျလိုက်နှင့် တကယ်ပါးစပ်ထဲရောက်တော့ နည်းနည်းသာ..။ဟင်းက ဇွန်းပေါ်ပါမလာတော့ ထမင်းချည်းဘဲ နှစ်ဇွန်းလောက်ဆက်စားနေသည့် ကလေးလေးကို မသိမသာ အကဲခတ်မိတော့..၊
"ဟိတ်!.."
"ရှင်!..မေကြီး"
ခေါ်လိုက်တော့လည်း ပလုပ်ပလောင်းလေးနှင့် သွက်သွက်လက်လက်လေး ပြန်ထူး၏။ပါးဖောင်းဖောင်းလေးတွေ၊ ပါးလျပ်သော နှုတ်ခမ်းရဲရဲလေးတွေ၊ ဖောင်းအိနေသည့် ပါးလေးနှစ်ဖက်ကြားမှာ တင်ထားသလို ထင်းနေသည့် နှာတံ လုံးလုံးလေးနှင့် ဆံပင်ပျော့ပျော့အိအိလေးတွေကို အပေါ်စီးကနေ ငုံ့မိုးကြည့်နေရင်း...၊
"ဟင်းတွေထည့်စားလေ"
ရှေ့က ဟင်းပန်းကန်တွေကို မေးဆတ်ပြတော့ သိမ်းပိုက်ချစ်ခြင်းသည် မျက်နှာလေးမော့ကာ မျက်တောင်မည်းမည်းရှည်ရှည်လေးတွေ ပုတ်ခတ်ပြီး နှုတ်ခမ်းပါးလေး လှုပ်ခတ်ရုံပြန်ဖြေသည်။
"မီးမီး ယူမစားတတ်ဘူး မေကြီး"
"ဘာ!.."
အော်လိုက်တာ မဟုတ်၊ သိမ်းပိုက်ချစ်ခြင်းပြောလိုက်တာကို နားမလည်သဖြင့် ဘာခနဲ အသံထွက်သွားခြင်းဖြစ်၏။
"ဘွားဘွားတို့အိမ်မှာ နေရင် ဘွားဘွားနဲ့တီတီတို့ ခွံ့ကျွေးတယ်၊ ဖေကြီးနဲ့ တိုက်ခန်းမှာ လိုက်နေရင်လည်း ဖေကြီးခွံ့ကျွေးတာ စားတာ၊ ဖေကြီးက ပြောတယ် မေကြီးစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ရဘူးတဲ့၊ မီးမီးက မေကြီးနဲ့အတူတူစားချင်တော့ ကိုယ့်ဘာသာစားတာ"
တစ်လုံးချင်း ပြောပြနေသည့် စကားတွေကို နားထောင်ရင်း ခြိမ့် ကလေးလေးကို စိတ်မကောင်းဖြစ်သွားသည်။ ငါးကြော်လေးကို အရိုးသက်သက်နွှင်ယူပြီး ကလေးပန်းကန်ထဲထည့်ပေးကာ စားတတ်ရုံအပိုင်းလေးတွေ ပိုင်းပေးမိသလို ကြက်သားအသားလေးတွေပါ စိတ်လိုလက်ရ နွှင်ပေးမိ၏။
ထိုစဥ် ထမင်းစားခန်းဝကနေ သူမတို့ လှုပ်ရှားသမျှကို တစေ့တစောင်းအကဲခတ်နေသည့် သိမ်းပိုက်မျက်နှာမှာ သကာလောင်းထားသလို ချိုအီနေလျက်..၊
သူ ကြည်နူးစွာပြုံး၍ ထမင်းစားခန်းဝကနေ မသိမသာ ပြန်လှည့်ခဲ့သည်။
မေတ္တာရဲ့သဘောကိုက အသွားအပြန်ဘဲ မဟုတ်လား ခြိမ့်...၊
..................................................................
ဗိုက်ထဲက နာနေတာ ဘယ်လိုမှ သက်သာသွားခြင်းမရှိခဲ့ပါ။ ခါးကို လက်တစ်ဖက်နှင့်ပြန်ထောက်ကာ ကျန်တစ်ဖက်က နံရံကို အားပြုရင်း သန့်စင်ခန်းထဲကနေ အနိုင်နိုင်လှမ်းထွက်နေရသည်။
"ကျွတ်.."
မိုးချုပ်ကတည်းက ခုချိန်ထိဆို ဝမ်းသွားတာ သုံးလေးကြိမ်ရှိနေပြီ။ ရင်ထဲမှ တလှပ်လှပ်နှင့် ခေါင်းထဲပါ မူးဝေလာ၏။
မဆင်မခြင် အစားသောင်းကြမ်းလိုက်မိသည့် အကျိုးတွေ...၊ ဗိုက်ထဲက ကလေးလေး ဘယ်လိုနေရှာမလဲဆိုသည့် အတွေးဝင်လာတော့ မျက်ရည်တွေ ရစ်ဝဲလာရသည့် အထိပင်။
အိပ်ရာပေါ် အသာလှဲရင်း ပါးစပ်ကနေ ဘုရားစာ အသံထွက်ရွတ်နေပေမယ့် ဝေဒနာက သက်သာပျောက်ကင်းမသွားခဲ့။
"အား! ..ကျွတ်...ကျွတ်..."
ဘယ်လူး ညာလူးနှင့် ချွေးသီးချွေးပေါက်တွေပါ ပျံလာသည်။ညအိပ်မီးပြာပြာလေးထွန်းထားသည့်ကြားက မီးခလုတ်ကို ဖွင့်လိုက်ပြီး ဗိုက်ကို လက်နှင့်ဖိကာ သန့်စင်ခန်းထဲ ကသုတ်ကယက်ဝင်ရပြန်၏။
ခြိမ့် မူးဝေလာသည်။ချွေးတွေသီးနေသည့် မျက်နှာတစ်ဝိုက်ကို လက်ခုံလေးနှင့် ပွတ်တိုက်ပစ်ရင်း တံခါးဘောင်ကို ဆုပ်ကိုင်ကာ ခဏနားရသည်။
ခုတင်ရှိရာ ပြန်လျှောက်လာတော့ ရင်ထဲက တလှပ်လှပ်နှင့် မောဟိုက်နေသလို မျက်လုံးတွေ ပြာလာ၏။ ခြေလှမ်းတွေ မလှမ်းချင်သလို ချိနဲ့လျက်...၊
"ကျွတ်!..ကျွတ်...."
တရစ်ရစ်ထိုးအောင့် နာကျင်နေတာက သက်သာမသွားခဲ့ဘဲ ကြာလာလေ ပိုဆိုးလေပါ။ ခုတင်ဆီ လှမ်းနေသည့် ခြေလှမ်းများက မမှန်တော့ဘဲ ယိုင်နဲ့နဲ့..၊
"ကျွတ်!...ကျွတ်..."
ခြိမ့်ကိုယ်သည် ဘယ်လိုမှ မဟန်နိုင်တော့ဘဲ ခုတင်ဘေးကြမ်းပြင်တွင် အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိ၏။သူမ ခုတင်ကိုမှီကာ မချိမဆန့်ခံစားနေစဥ်..၊
"ချွင်!...ခလွမ်း...ခလွမ်း..."
"ဂျလောက်!..."
ခြိမ့် နားထဲမှာ ကွဲရှသွားသည့် အသံဗလံတွေ ဆူညံသွားသည်။ ဝေဒနာကြားကနေ ခေါင်းထောင်ကြည့်မိတော့ မှန်ကွဲတွေပြန့်ကျဲနေသည့် အခန်းတွင်းသို့ ခုန်ဝင်လာသည့် အနက်ရောင်အရိပ်တစ်ခု..၊
"ဘာဖြစ်တာလဲ...ခြိမ့် ဘာဖြစ်လို့လဲ.."
အပိုင်း(၂၈)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း