book

Index 26

အပိုင်း(၂၆)

💘မှတစ်ပါး.....အခြားမရှိ💘


"ဘာအိပ်ဖန်စောင့်လဲ.."


ခြိမ့် ရုတ်တရက်ပြန်မေးလိုက်သဖြင့် ခွန်စေးသာ အိုးတိုးအမ်းတန်းဖြစ်သွားရသည်။ပြီးမှ မချိုမချဥ်ပြုံးလိုက်ကာ...၊


"ဘုရင်တွေ ညဘက်စက်တော်ခေါ်တဲ့အခါ အသက်လုံခြုံအောင် အိပ်ဖန်စောင့် လိုသလိုပေါ့ကွာ"


"ကိုလေးကတော့ ပေါက်ကရတွေပြောတော့မယ်"


အိပ်နေရင်းကနေ ခြိမ့် မျက်စောင်းထိုးလိုက်၏။


"မပြောတော့ဘူး အိပ်တော့၊ မနက်ဖြန်ခရီးသွားဖို့ လိုအပ်တာတွေ ပြင်ဆင်လိုက်ဦးမယ်"


"ခြိမ့် ဘာလုပ်ပေးရမလဲ ကိုလေး"


"ကိုယ့်ဘာသာပဲ နေစမ်းပါ မိခြိမ့်ရယ်၊ ကလေးလေးကိုသာ ဂရုစိုက်၊ အရေးအကြောင်းဆို ချက်ချင်းဖုန်းဆက်ကြားလား၊ဦးလေးထွန်းတို့ ဒေါ်ကြီးတို့ မိအေးတို့ကိုလည်း ကိုယ်သေချာမှာထားတယ်၊ တစ်ခုခုကို ဒေါသအလျှောက် မလုပ်နဲ့၊ ဗိုက်ထဲက ကလေးအတွက် နည်းနည်းလောက်စဥ်းစား..ကြားလား"


"ခြိမ့်ကလေးအတွက် ခြိမ့် အရာရာကို ရင်ဆိုင်နိုင်တယ် ကိုလေး၊စိတ်ချလက်ချသွားပါ၊ ခြိမ့်အတွက် ဘာမှ မပူပါနဲ့"


"မိန်းမသားတစ်ယောက်တည်းနဲ့ ဘဝကို ရင်ဆိုင်နိုင်ဖို့ လွယ်တယ်လို့ထင်သလား၊ ရင်ဆိုင်နိုင်တယ်ပဲ ထားဦး ကလေးအတွက်ဖခင်ဆိုတာ လိုအပ်တယ် ခြိမ့်"


"တော်ပြီ ကိုလေး၊ ခြိမ့်ကို သူ့အကြောင်းဘာမှ လာမပြောနဲ့၊ ကြားလည်း မကြားချင်ဘူး၊ ကိုယ့်ရင်သွေးကို ကိုယ်တိုင်စောင့်ရှောက်နိုင်ပါတယ်လို့ ပြောပြီးပြီပဲ၊အဖေကို မတမ်းတတတ်အောင် ပြုစုပျိုးထောင်မယ် ကိုလေး၊ ခြိမ့်သားသမီးမှာ ဖခင်ဆိုတာ လုံးဝမလိုအပ်ဘူး"


"မှားနေပြီ ခြိမ့်..."


"အို...ခြိမ့် ဘာမှ မကြားချင်ဘူး ကိုလေး၊ သူ့အကြောင်းပြောတဲ့သူ ခြိမ့်ရန်သူပဲ၊ ကိုလေး မနက်ခရီးသွားရမှာမို့လား...ပြင်စရာရှိတာ ပြင်ဆင်တော့၊ ခြိမ့်လည်း အိပ်တော့မယ်"


 စောင်ခေါင်းမြီးခြုံလျက် တစ်ဖက်ကို စောင်းလှည့်သွားသည့် ခြိမ့်ကို ကြည့်ရင်း ခွန်စေးသာ ခေါင်းရမ်းမိသည်။


အစကတည်းက ထင်ရာစွတ်လုပ်တတ်သော ခြိမ့်သည် သူ မှန်မယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုစိုက်တာမျိုး မဟုတ်။ဒီအတိုင်းဆို ပြေလည်ဖို့မရှိ။သိမ်းပိုက်နှင့် တိုင်ပင်ပြီး စီစဥ်လိုက်တာကိုသာ ခြိမ့်သိရင် အိမ်ပေါ်ကနေ ချက်ချင်းဆင်းသွားနိုင်သည်။


အားလုံး အဆင်ပြေဖို့ စဥ်းစားကြံစည်ခဲ့သော ကိစ္စ အဆင်ပြေဖို့ဆိုတာ...၊ 


................................................................


"ဖေကြီး...မေကြီးကို ခုချိန်ထိ မချော့နိုင်သေးဘူးလား"


လိုအပ်တာတွေ ကားပေါ်တင်နေရင်း သမီး၏ ချစ်စရာစကားသံလေးကြောင့် သူ ပြုံးလိုက်မိ၏။ပြီးတော့ ကားနောက်ဖုန်းကို ပြန်ပိတ်ကာ အနောက်ကို လှည့်လိုက်တော့ သမီးက သူ့ခြေတောက်နားမှာ ရပ်လျက် မော့ကြည့်နေသည်။


"ဟုတ်တယ်...မေကြီးက မာနကြီးတယ်ကွ၊ ပြီးတော့ ဒေါသလည်း နည်းနည်းကြီးတယ်၊ အဲဒါကြောင့် သမီးကို ဖေကြီးက စစ်ကူခေါ်ရတာပေါ့ကွ၊ သမီးရဲ့မေကြီးကို သမီး ကူစည်းရုံးပေးနော်"


သမီးရှေ့မှာ မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး သမီးကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ ဆံပင်ဖောင်းဖောင်းအိအိလေးကို သပ်ပေးနေမိသည်။


"မေကြီးက အရမ်းလှတာကိုး ဖေကြီးရ၊ မီးမီး မေကြီးကို ခုတွေ့ရတော့မှာပေါ့နော်"


"ဒါပေါ့ကွ...သမီးမေကြီးဆီ ခု ဖေကြီးတို့သွားကြမယ်"


 ချင်းချင်း မျက်နှာလေး ဝင်းလက်သွားကာ သူ့ရင်ခွင်ထဲ အတင်းတိုးဝင်လျက်...၊


"မေကြီးကို မီးမီး အရမ်းတွေ့ချင်နေတာ၊ဟိုရောက်ရင် မီးမီး မေကြီးကို မေကြီးလို့ခေါ်မှာနော်"


"ခေါ်ရမှာပေါ့၊ ဒါပေမယ့် ဖေကြီးပြောစကားကို နားထောင်ရမယ်နော် သမီး"


"မီးမီး ဖေကြီးစကားကို နားထောင်မှာပါ၊ မေကြီးကို တွေ့ရတော့မယ်ဆိုတော့ မီးမီး ပျော်နေတာ"


ရယ်မောပြောနေသည့် သမီး ပါးလေးကို ညင်သာစွာနမ်းလိုက်ပြီး သမီးကိုယ်လေးကို ချီကာ မတ်တပ်ပြန်ရပ်လိုက်သည်။ပြီးတော့ ကားခေါင်းခန်းဘက်ကို လျှောက်သွားရင်း သမီးကို ကြိုသတိပေးမိ၏။


"သမီး မေကြီးက ခု ဒေါသတအားကြီးနေတယ်၊ ဟိုရောက်ရင် မေကြီး စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ရဘူးနော်၊ ဖေကြီးသမီးက လိမ္မာပါတယ်"


"မီးမီး မဆိုးပါဘူး ဖေကြီးရဲ့၊ မေကြီးက ဘာဖြစ်လို့ ခု ဒေါသကြီးနေတာလဲဟင်၊ လေးလေးလည်း မီးမီးကို တစ်ခါတစ်လေ အော်ထုတ်တာ၊ ဘွားဘွားကိုမေးကြည့်တော့ တီတီနဲ့ရန်ဖြစ်ထားလို့တဲ့ လေးလေးဒေါသထွက်တာ အနားမသွားရဘူးတဲ့၊ မေကြီးလည်း လေးလေးလို ဖေကြီးနဲ့ရန်ဖြစ်ထားလို့ ဒေါသထွက်တာလားဟင် ဖေကြီး"


သူ့ရှေ့မှာ ပြောဆိုထားတာတွေကို မှတ်ထားပြီး ပြန်ပြောနေသည့် သမီး၏ မှတ်ဉာဏ်ကောင်းပုံလေးက ချစ်စရာ။


"မေကြီးကို ရအောင်ချော့နော် ဖေကြီး၊ မီးမီး ဖေကြီးရယ်မေကြီးရယ် အတူတူနေချင်တယ်"


"သမီးရယ်...နေရမှာပေါ့ကွာ နေရမှာပေါ့"


သမီးကိုယ်လေးကို ချီထားရင်း ကားထဲ ဝင်ထိုင်လိုက်သည်။ ဘေးခုံပေါ် သမီးကို တင်ပေးပြီးသည်နှင့် တစ်ကိုယ်လုံး သမီးဘက်ကို လှည့်လိုက်သည်။


 ခြိမ့် သမီးကို ဒေါသတကြီး အော်ငေါက်မပစ်ဘူးလို့ မပြောနိုင်။ကိုယ်လေးလက်ဝန်ကြီးနဲ့ဆိုတော့ ပိုဆိုးသည်။ခြိမ့်ဆီကို သွားဖို့ သူ သမီးကိုလည်း  မထားခဲ့နိုင်ပါ။သူတို့သားအဖကိုမြင်ရင် ခြိမ့် ဒေါသမထွက်ဘဲ နေမှာ မဟုတ်။ ထိုအခါ သမီးစိတ်ထဲ အနာတရဖြစ်သွားမှာလည်း စိုး၏။ထို့ကြောင့် သမီးကို နားလည်အောင် ပြောပြထားတာက အကောင်းဆုံးမို့..၊


"သမီး..ဒီမှာ ဖေကြီးပြောမယ်၊ သေချာနားထောင်နော်"


"ဟုတ်.. "


မျက်တောင်ရှည်လေးတွေ ပုတ်ခတ်လျက် မျက်လုံးဝိုင်းလေးနှင့် ချင်းချင်းက သူ့မျက်နှာကို မော့ကြည့်နေလျှင်..၊


"ခု မေကြီးဗိုက်ထဲမှာ သမီးရဲ့မောင်လေးလားညီမလေးလား မသိဘူး ရှိနေတယ်၊မောင်လေးညီမလေးရော လိုချင်လား သမီး"


"မီးမီး မောင်လေးရော ညီမလေးရော လိုချင်တယ် ဖေကြီး၊ မေကြီးက တကယ်မွေးပေးမှာလားဟင်"


"မွေးပေးမှာပေါ့၊ သမီးရဲ့အငယ်လေးတွေကို ချစ်ရမယ်နော်...ဘယ်လိုလဲ ချစ်မယ်မို့လား"


အခွင့်ရတုန်း သမီးကိုပါ တစ်ခါတည်း စည်းရုံးမိသည်။ကလေးဆိုတာမျိုးက နီးစပ်ရာကို တွယ်တာတတ်သည့်အမျိုး...ပြီးတော့ မိခင်ငတ်နေသော သမီးအတွက် ခြိမ့်ဓာတ်ပုံလေးပြလိုက်ကတည်းက မေကြီးဆိုပြီး တန်းတန်းစွဲဖြစ်နေတာ။ခြိမ့်နဲ့ သူတို့သားအဖ ပြေလည်မှုရှိချင်ပြီ။


"မှူးမှူးမှာ ညီမလေးရှိကတည်းက မီးမီးလည်း မှူးမှူးလို ညီမလေးလိုချင်နေတာ၊ မေကြီးက မှူးမှူးမေမေလို မီးမီးကို ညီမလေးမွေးပေးမှာပေါ့နော် ဖေကြီး၊ ဟီး..ဟီး...မီးမီးဝမ်းသာလိုက်တာ"


သူ့လည်ပင်းကို သိုင်းဖက်ပြီး သမီးက ဝမ်းသာအားရနှင့် ကိုယ်လေးလှုပ်ရွလှုပ်ရွလုပ်နေခဲ့သည်။သမီးရင်ထဲက အပျော်တွေ သူ့ဆီကူးစက်လာသလို စောစောက ရှုပ်ထွေးနောက်ကျိနေသည့် စိတ်တွေ တိမ်ညိုတွေလိုကင်းစင်လျက် အပျော်မြစ်လေးတစ်ခု စီးဆင်းသွား၏။

 

"မေကြီးဗိုက်ထဲက သမီးမောင်လေးလားညီမလေးလားမသိရသေးတဲ့ အကောင်ပေါက်ကလေးက ဒေါသကြီးတယ်ကွ၊ သမီးနဲ့ဖေကြီးကို မေကြီး အော်ငေါက်ပစ်ရင်း သမီး ဝမ်းမနည်းရဘူးနော်၊ ပြီးတော့ မေကြီးကို မုန်းလည်း မမုန်းရဘူး၊ မေကြီးနားမှာ နေပြီး မေကြီးစိတ်ပြေအောင် သမီးပါ ဖေကြီးနဲ့အတူတူ သမီးရဲ့မေကြီးကို ချစ်ပေးရမယ်နော်သမီး"


"လေးလေး ဆူတာတောင် မီးမီး မကြောက်ပါဘူး ဖေကြီးရ၊ မေကြီးဘယ်လောက်ဒေါသကြီးကြီး မီးမီး မေကြီးနားမှာပဲ နေမှာ၊ မေကြီးကိုပဲ ချစ်မယ်၊ မီးမီးတို့ မေကြီးဆီ သွားရအောင်လေ ဖေကြီး"


"အင်း...သွားကြတာပေါ့"


ခြိမ့်ဆီ သွားရမယ်ဆိုလို့ သမီးကတော့ အရမ်းကို တက်ကြွနေလေရဲ့။သူလည်း ဘာထူးသေးသလဲ။ ခြိမ့်ကို တွေ့ရမယ်ဆိုတော့ ရင်ထဲ ဝမ်းသာလုံးဆို့ကာ ကလေးလို ကဆုန်ပေါက်လိုက်ချင်သည်။


ခြိမ့်ရယ်...ကျွန်တော်တို့သားအဖအပေါ် ခြိမ့်ရဲ့မေတ္တာလေး ဖြန့်ကျက်ပေးပါတော့ဗျာ..။


...............................................................


ခြိမ့်နားထဲမှာ ကလေးသံချိုချိုလေးကို သဲ့သဲ့ကြားနေရသည်။ရယ်မောပြောဆိုနေသော စကားသံလေးက ကြားရသူ ရင်ထဲ ကြည်နူးလှိုက်ဖိုစေကာ အသံလေးကြားရုံနှင့် ထိုကလေးလေးအပေါ် ချစ်စိတ်တွေ တရိပ်ရိပ်ပေါက်ဖွားစေသော အသံပိုင်ရှင်လေး။


"မေကြီး ခုထိမနိုးသေးဘူးလား၊ မီးမီး မေကြီးကို သွားကြည့်ဦးမယ်"


"မသွားရဘူးလေ မီးမီးရဲ့၊ မမလေးအိပ်နေတယ် သွားမနှိုးရဘူး၊ လာ..လာ မမအေးနဲ့ ဧည့်ခန်းထဲမှာ သွားကစားရအောင်"


အိပ်မက်မက်နေတာတော့ မဟုတ်နိုင်ဘူးထင်သည်။ နားထဲမှာ အသံတွေ ပီပီသသကြားနေပါလျက် ခြိမ့် မျက်လုံးတွေ ဖွင့်လို့မရ။တဖြည်းဖြည်းဝေးကွာသွားသည့်ခြေသံတွေနောက်မှာ ချစ်စရာအသံစာစာလေးကို မသဲမကွဲကြားနေရ၏။


စိတ်ထဲ ဇဝေဇဝါနှင့် လေးလံနေသည့် မျက်ခွံတွေကို အားယူဖွင့်လိုက်မိသည်။ ပြီးတော့ အိပ်ရာထဲက မထဖြစ်သေးဘဲ အသံတွေကို နားစွင့်လိုက်တော့ အသံစာစာလေးက နားစည်ကို လာရိုက်ခတ်နေဆဲပင်။


"ဘယ်က ကလေးလဲ.."


တစ်ဖက်ခြံကတော့ မဖြစ်နိုင်။ကလေးငယ်တစ်ယောက်၏ချစ်စဖွယ်ရယ်မောသံလေးတွေ စကားသံလေးတွေက အိမ်ထဲကနေ ထွက်ပေါ်နေခြင်းဖြစ်သည်။


ရင်ထဲမှာ လှို့ဆော်နေတာ သိချင်စိတ်ကြောင့် မွေ့ရာပေါ်လက်ထောက်ကာ ထထိုင်လိုက်၏။ မသေမသပ်ဖြစ်နေသော ဆံပင်တွေကို သပ်ချပြီး  အခန်းထဲက ထွက်ခဲ့သည်။


"မေကြီးက အရမ်းလှတာပဲနော် မမ၊ဟိုဘေးက လေးလေးက ဘယ်သူလဲဟင်၊ ဘာဖြစ်လို့ မေကြီးနဲ့ အတူတူဓာတ်ပုံတွဲရိုက်ထားတာလဲ"


"အဲဒါ ဒီအိမ်ကြီးရဲ့ သခင် မမလေးရဲ့အစ်ကိုပေါ့"


အခန်းအပြင်ကို ခြေချလိုက်သည်နှင့် အသံလေးကို စီခနဲကြားလိုက်ရ၏။ ခြိမ့် နားကြားမှားတာ မဟုတ်တော့၊ အိမ်ထဲမှာ ကလေးတစ်ယောက်ယောက်ရောက်နေတာ သေချာသည်။ ဘယ်က ကလေးရောက်နေတာလဲ..၊


မျက်မှောင်ကုတ်လျက် စဥ်းစားရင်း ခြေလှမ်းတွေက အသံလာရာ ဧည့်ခန်းဘက်ဆီ တရွေ့ရွေ့တိုးသွားနေမိ၏။ ဧည့်ခန်းဆီ လှမ်းဝင်လိုက်သည်နှင့် ဆံပင်ဖောင်းဖောင်း နှာတံလုံးလုံးလေးနှင့် ချစ်စဖွယ်ကလေးမလေး၏ မျက်လုံးလေးတွေနှင့် တန်းခနဲ သွားဆုံသည်။


"ဟော!...မေကြီး"


မျက်လုံးလေးတွေက စိန်ပွင့်လေးတွေလို လက်ခနဲ ဖြာသွားပြီး ဝမ်းသာအားရရေရွတ်၏။


"မေကြီးနိုးပြီ၊ မေကြီး.."


"ဟင်.."


ခြိမ့် မထင်မှတ်ထားသည့် အပြုအမူကို ကလေးမလေးက ရုတ်တရက်လုပ်လိုက်သဖြင့် မျက်လုံးအပြူးသားနှင့် သူမ ကျောက်ရုပ်လို ငြိမ်သက်သွား၏။ဖြူဝင်းနှစ်နေသော လက်လေးနှစ်ဖက်က သူမ ခြေတောက်တွေကို ဖက်တွယ်ကာ ပါးလေးအပ်လျက် ခြိမ့်တစ်ကိုယ်လုံးကို လွတ်ထွက်သွားမည့်အလား တင်းကျပ်စွာဖက်ထားသည်။


ရင်ထဲမှာ နွေးထွေးလှိုက်ဖိုသော စီးကြောင်းလေးတစ်ခု တသိမ့်သိမ့်စီးသွားသလိုလို..၊ အံ့သြ မယုံနိုင်ခြင်းတို့နှင့် မေကြီးချင်းထပ်အောင် ခေါ်နေသည့် ကလေးမလေးကို ငုံ့အကြည့်..၊


"မေကြီး...မေကြီးက အရမ်းလှတာပဲ၊ မီးမီး ပျော်လိုက်တာ မီးသူငယ်ချင်းတွေကို ကြွားလို့ရပြီ၊မီးမှာ သဲသဲတို့မေမေထက် ပိုချောတဲ့ မေကြီးရှိပြီလို့"


မျက်နှာလေးမော့လျက် ဝမ်းသာအားရပြောလိုက်သော စကားလုံးတွေကြောင့် ခြိမ့် နှလုံးသားကို အရှိန်ပြင်းပြင်းထိုးချခံလိုက်ရသလို..၊ ဆွံ့အခြင်းတို့နှင့် ရုတ်တရက် စကားမပြောနိုင်။


"မေကြီး...မေကြီး...မေကြီးရဲ့ ဒီဗိုက်ထဲက မီးရဲ့မောင်လေးလားဟင်၊ မောင်လေးက ဘယ်တော့ ထွက်လာမှာလဲဟင် မေကြီး"


ခြိမ့် ခြေတောက်ကို ဖက်တွယ်ထားရင်း မော့နေသည့် မျက်နှာသွယ်သွယ်လေးထက်မှာ နှာတံလေးက တင်ထားသလို လုံးစင်းကော့ညွှတ်နေသည်။မျက်ခုံးတန်းတန်းလေးအောက်က မျက်လုံးလေးတွေကျတော့ မည်းနက်နေသည့် မျက်တောင် ရှည်ရှည်လေးတွေ ခြံရံလျက်။ ဒီမျက်လုံး၊ဒီနှာတံ..ဒီအကြည့်တွေ...တစ်စုံတစ်ယောက်နှင့် ချွတ်စွပ်ပါလား။


ကွေးညွှတ်နေသည့် နှုတ်ခမ်းလေးကျပြန်တော့လည်း အညိုရောင်နှင့် နီရဲရဲလေးသာ ကွာခြား၏။ဖြူဝင်းနှစ်နေသည့် အသားလေးနှင့် မျက်တောင်ရှည်လေးတွေ ပင့်မော့ကြည့်ပုံလေးကို မြင်လိုက်ရတော့ ခြိမ့် မျက်နှာ ချက်ချင်းတင်းသွားခဲ့ပြီး...၊


"မင်းဘယ်သူလဲ၊ဘာတွေ ပြောနေတာလဲ၊ ဖယ်စမ်းပါ...ဘာမေကြီးလဲ၊ ဒီမှာ မင်းအမေမရှိဘူး သွား"


"ဒီမှာလေ..မေကြီးက မီးရဲ့မေမေ"


"ဘာ!..."


သူမ ဘာမှ မမြင်တော့။ အတင်းဖက်တွယ်ထားသည့် ကလေးလက်တွေကို ဖယ်ရှားပစ်လျှင်..၊


"မီး မေကြီးနဲ့အတူတူနေချင်တယ်၊ မေကြီးရယ်..ဖေကြီးရယ် မီးမီးရယ် အတူတူနေကြရအောင်နော် မေကြီး နော်.."


ခြိမ့် မုန်းတီးသော မျက်ဝန်းလေးတွေထဲမှာ ကျောက်တွင်းလေးလို မျက်ရည်တို့ဖြင့် ပြိုးပျက်လက်လာသည်။ထိုမျက်ဝန်းတွေကို မြင်လိုက်ရသည့်ခဏ  ရင်ထဲမှာ နင့်ခနဲ ခံစားလိုက်ရ၏။


"မီးမီးကို မမုန်းပါနဲ့နော်၊ မီးမီး လိမ်လိမ်မာမာနေပါ့မယ်၊ မေကြီးစကားကိုလည်း နားထောင်းပါ့မယ်၊ မီး မေကြီးနဲ့ နေပါရစေ၊ မေကြီးကို မီးမီးချစ်တယ်..မီးကို မီးကို ချစ်ပါနော်"


ပြည့်သိပ်တက်လာသည့် မျက်ရည်တွေ ချောင်းရေလျှံသလို ပန်းနုရောင်ပြေးနေသည့် ပါးပြင်နုနုလေးထက် ပြိုဆင်းကျလာကြသည်။မျက်လုံးလေးတွေ ပါးပြင်လေးတွေ နီရဲလာသည့် မျက်နှာလေးမှာ မျက်ရည်တို့ဆဲမသွားခဲ့ဘဲ...၊


"မေကြီးရယ်...မီးမီးကို ချစ်ပါနော်၊ မီးကို မဆူပါနဲ့ မေကြီးရယ်၊ ဖေကြီးကိုလည်း မမုန်းပါနဲ့နော်၊ မီး မေကြီးကို ချစ်လို့ပါ၊ မေကြီးနဲ့ အတူတူနေပါရစေနော်"


အဆက်မပြတ်ငိုကျွေးနေသော ကလေးမလေး၏မျက်နှာလေးထက်မှာချွေးတွေမျက်ရည်တွေနှင့်။ခြိမ့် ရင်ထဲ အပ်နှင့်ထိုးဆွနေသလို တဆစ်ဆစ်နှင့် ဆို့နစ်ခြင်းပါ ရောထွေးခံစားလိုက်ရသည်။နုနယ်သော ကလေးတစ်ယောက်၏ ဝမ်းနည်းပက်လက်ငိုကျွေးခြင်းသည် သူမနှင့်သက်ဆိုင်နေသဖြင့် မာကျောနေသော နှလုံးသားကျောက်ဆောင်က ယိုင်နဲ့နဲ့ဖြစ်လာ၏။


မင်း ဒီလိုနည်းနဲ့ အနိုင်ပိုင်းလိုက်တာလား၊ မထင်မှတ်တဲ့ နေရာကနေ အလဲထိုးလိုက်တာလား။ 


သစ္စာမရှိစွာ ဝဲတက်လာသော မျက်ရည်တွေကို အံကြိတ်ကာ တားဆီးရင်း မျက်ရည်အပြည့်နှင့် မျက်နှာလေးဆီကနေ အကြည့်တွေ လွှဲပစ်လိုက်သည်။ရင်ထဲမှာ နှလုံးသားနုသော ကလေးငယ်တစ်ယောက်ဆိုသော အသိကို မုန်းတီးသော ယောကျ်ားတစ်ယောက်၏သွေးသားဆိုသည့် စိတ်က အနိုင်ယူနေ၏။


"မေကြီး...မီးကိုချစ်ပါ မေကြီးရယ်"


သိမ်းပိုက်ချစ်ခြင်းဆိုသော ကလေးငယ်လေး၏ မျက်ရည်တို့ကို မြင်လိုက်ရသော ခြိမ့် ဘာဖြစ်သွားခဲ့မှန်းမသိ။ထိလွယ်ရှလွယ်သော မိန်းမသားမို့လား..၊ ကိုယ်ရှေ့မှာ လူမမယ်ကလေးလေး ငိုကျွေးနေတာကို မမြင်ရက်သည့် မိခင်စိတ်ကြောင့်လား..၊


ဟင်အင်း...၊ မခံစားနဲ့ ရင်ဘတ်ထဲ မထည့်နဲ့ ခြိမ့်။ ဒီလောက်နဲ့ အရည်ပျော်မသွားနဲ့ဦး။ကိုယ်ခံစားခဲ့သမျှ သောကပရိဒေဝမီးတွေ သူ့ကိုလည်း ကူးစက်လောင်ကျွမ်းစေရမည်။သစ်ပင်တစ်ပင်ကို ခုတ်လှဲဖို့ အကိုင်းအခက်ကိုပဲ ခုတ်ရခုတ်ရ၊ အခြေကပဲ ဂန်းနဲ့ထိုးရထိုးရ၊ အမြစ်ကပဲ တူးသင့်တူးရမည်၊အဓိက က ဒီသစ်ပင်လဲသွားဖို့ပဲ မဟုတ်လား။


ကလေး၏မျက်ရည်တွေက ဆုံးဖြတ်ချက်တွေကို မှုန်ဝါးသွားစေသည်။ နင် စိတ်ပျော့လို့ မဖြစ်ဘူး ခြိမ့်...၊ ဒီကလေးကြောင့် နောက်ထပ်ထိခိုက်နာကျင်စရာတွေ ရှိသေးတယ်။ရက်ပေါင်းများစွာ၊လပေါင်းများစွာ မြိုသိပ်ကြိတ်မှိတ်ခဲ့ရသော ခံစားမှုတွေ ဒီကလေးကြောင့် ပွဲသိမ်းသွားနိုင်သည်။နင် ရှုံးလို့ မဖြစ်ဘူး မိခြိမ့်...ဒီပွဲမှာ နိုင်ကိုနိုင်ရမယ်။


"အို...ဖယ်စမ်းပါ"


ယိုင်နဲ့ချင်သောစိတ်တို့သည် တစ်စုံတစ်ယောက်အကြောင်းတွေးမိသောအခါ ဆင်ရိုင်းတစ်ကောင်လို ချက်ချင်းမှုန်ယိုလာရသည်။ထိုအခါ ကိုယ့်ကို ချုပ်ဖက်ထားသည့်လက်တွေကို ခြိမ့် အကြမ်းဗတမ်းဆွဲဖြုတ်ပစ်မိ၏။


"မေကြီး..."


ရှိုက်သံတို့နှင့်ဆို့နစ်ကြေကွဲစွာထွက်ပေါ်လာသော အသံကို ဥပေက္ခာပြု၍ ကျောခိုင်းလိုက်သည်။ပြီးတော့ ဒီနေရာကနေ ထွက်ခွာဖို့ ခြေလှမ်းပြင်လျှင် သူမခြေတောက်မှာ တင်းခနဲ ဖြစ်သွားပြီး လူက ဒယိမ်းဒယိုင်ဖြစ်သွားသဖြင့် မနည်းထိန်းမတ်လိုက်ရကာ..၊


"အို...ဘာလုပ်တာလဲ"


လက်သေးသေးလေးတွေက ခြေတောက်ကို အားရှိပါးရှိ ဖက်တွယ်လျက် သူမ ခြေတောက်နားမှာ ထိုင်လျက်သားလေးရှိနေသည့် ကလေးလေးကို ခြိမ့် အလန့်တကြားငုံ့ကြည့်မိသည်။


"မီးကို မထားခဲ့ပါနဲ့၊မီးကို မမုန်းပါနဲ့ မေကြီးရယ်၊ မီးမီး မေကြီးနားမှာ နေချင်လို့ပါ၊မေကြီး မဆူပါနဲ့၊ မေကြီးကို မီးမီးချစ်လို့ပါ၊ မေကြီးတော်ပါရစေ နော် မေကြီး"


မေကြီးချင်း ထပ်အောင် ငိုယိုပြောဆိုနေသည့် ကလေးငယ်လေးကို ကြည့်ရင်း သူမမျက်လုံးတွေ စိမ်းတောက်လာ၏။ပန်းရောင်ပြေပြေလေးဆိုးထားသော နှုတ်ခမ်းသားကို ပြတ်ထွက်လုမတတ်ဖိကိုက်ပစ်ရင်း..၊


"မချစ်နဲ့ ငါ့ဘယ်သူအချစ်မှ မခံချင်ဘူး၊ မုန်းတယ်...မင်းအဖေကိုလည်းမုန်းတယ်၊မင်းကိုလည်း မုန်းတယ်၊ဖယ်စမ်း.. သွား...ငါ့နားက ထွက်သွားကြ.."


"ခြိမ့်!...မလုပ်နဲ့"


သမီး ငိုသံကြားလို့ ပြေးလာတဲ့ သူ ခြိမ့် ဘာလုပ်တော့မယ်ဆိုတာ သိလိုက်သဖြင့် အလျင်အမြန်တားဆီးလိုက်သည်။သို့သော် သမီးရဲ့ လက်တွေကို ခြေတောက်တွေ လွှဲယမ်းလျက် မညှာမတာ ဖြုတ်ချပစ်လိုက်သဖြင့် သူမခြေတောက်ကြားမှာ သမီးလေး မှောက်လျက်သား လဲကျသွားသည့် မြင်ကွင်းကြောင့် မျက်လုံးတွေ ပြာသွားကာ လေတိုက်သလို ထိုနေရာကို ချက်ချင်းရောက်သွားလျက်...၊


"သမီး.."


"ဟီး...ဖေကြီး.."


သမီးကို ချက်ချင်းပွေ့ထူကာ စွေ့ခနဲပွေ့ချီ၍ မျက်နှာချင်းဆိုင်ရပ်လိုက်လျှင် မီးဝင်းဝင်းတောက်နေသော သူမ မျက်လုံးများနှင့် လမ်းခုလပ်တွင် သွားဆုံသည်။ ထိုအခါ..၊


"ကလေးမှာ ဘာအပြစ်မှ မရှိပါဘူး ခြိမ့်၊ ခြိမ့်အပြစ်တင်မယ် အငြိုးထားမယ်ဆို ကျွန်တော့်ကို ကြိုက်သလို စီရင်နိုင်ပါတယ်၊ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အပြစ်မဲ့တဲ့ကလေးတစ်ယောက်ကို ခြိမ့်ရဲ့အမုန်းတရားတွေကြား ဆွဲမသွင်းပါနဲ့လားဗျာ၊ ပြီးတော့ ဒီကလေးက ခြိမ့်ကို အရမ်းခင်တွယ်နေရှာတာ"


"ဆွဲသွင်းတော့ရော ဘာဖြစ်လဲ၊ အဲဒါ ငါ့ကိစ္စ၊ လောင်စာအဖြစ်အသုံးပြုသင့်ပြုရမှာပဲဲ၊ဒီမှာ.. သိမ်းပိုက်ကမ္ဘာ  ဒီနေရာမှာ ကလေးရော ဘာသော ငါ ညှာနေမှာ မဟုတ်ဘူး၊ဒိတ်အောက်နေတဲ့ မင်းရဲ့ ယုတ်ညံ့တဲ့အကြံအစည်တွေနဲ့ ငါလိုမိန်းမကို ထောင်ချောက်ဆင်လို့မရဘူး၊ နှိုင်းခြိမ့်ခြိမ့်သာဆိုတဲ့မိန်းမက အချစ်ကို ကိုးကွယ်ခဲ့မိလို့ စုံလုံးကန်းခဲ့တာ၊ ခုလို အမုန်းတရားတွေ ရင်ဘတ်ထဲ ပြည့်နေတဲ့ အချိန်မှာ ငါဆိုတဲ့ မိန်းမက ဂျင်ပေါ်က ထုံး"


အပိုင်း(၂၇)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: