💘မှတစ်ပါး.....အခြားမရှိ💘
ခြိမ့် ကော့လန်ကော့လန်နှင့် အိမ်ထဲ လှမ်းဝင်လာခဲ့သည်။ထိုစဥ် ခြံထဲကွေ့ဝင်လာသည့် ကားသံကြားလိုက်ရ၏။ခြိမ့် လှည့်ကြည့်နေစရာမလို...။ကိုလေး ပြန်လာပြီမို့ ထမင်းစားခန်းထဲ တန်းဝင်လာခဲ့ရင်း..၊
"ဒေါ်ကြီး ခြိမ့် ထမင်းစားတော့မယ်"
"ကားသံကြားတယ် လူလေးပြန်လာပြီနဲ့တူတယ်၊ မစောင့်တော့ဘူးလား"
တစ်ခါတစ်လေ ကိုလေး ပြန်ရောက်တာ စောရင် ခြိမ့်တို့ထမင်းအတူတူစားကြတာကို သိနေသဖြင့် ဒေါ်ကြီးမေးလိုက်တာကို သူမ ခေါင်းခါမိကာ..၊
"ခြိမ့် ဗိုက်ဆာနေလို့ မစောင့်တော့ဘူး၊ ဘာချက်လဲဟင် ဒေါ်ကြီး"
ခြံထဲမှာ ဟိုတစ်ယောက်ရှိနေသေးတာမို့ ကိုလေး အိမ်ထဲကို ချက်ချင်းရောက်မလာနိုင်။ခုချိန်မှာ တစ်ခုခုလုပ်နေမှ သူမစိတ်ကို ချုပ်တီးထားနိုင်မည်။
"ကလေးကြိုက်တဲ့ ဝက်သုံးထပ်သားလေးကို အချိုချက် ချက်ထားတယ်၊ တုံယမ်းဟင်းချိုနဲ့ သမ္ဘူလကြော်၊ ခရမ်းသီးနှပ်လေးနဲ့ မြင်းခွာရွက်သုပ်လေးလုပ်ထားသေးတယ်"
လူဆယ်ယောက်ဆယ့်ငါးယောက်လောက်အသာလေးစားနိုင်သော စားပွဲရှည်ကြီး၏ အလယ်မှာ ခုံဆွဲထိုင်ရင်း ဒေါ်ကြီးရွတ်ပြနေသည့် ဟင်းအမည်တွေကို လိုက်ငုံ့ကြည့်နေမိသည်။
"ဒါက ကြက်သားကို ငရုတ်သီးစိမ်းနည်းနည်း၊သံပရာရည်လေးညှစ်ပြီး သုပ်ထားတာ၊ငါးပြေမပေါင်းလေးလည်း ချက်ထားသေးတယ်၊ ကလေးခံတွင်းတွေ့အောင် စဥ်းစားချက်ထားတာကွဲ့၊ များများစား.."
ဇွန်းခရင်းကို မကိုင်ဖြစ်သေးဘဲ ခရမ်းသီးနှပ်နှင့်ဝက်သားပန်းကန်ကို အနားတိုးရွှေ့ယူလိုက်သည်။မြင်းခွာရွက်ပန်းကန်ပါ ထပ်ဆွဲယူပြီး ထမင်းပေါ်တစ်ဇွန်းခပ်ပုံလိုက်၏။ဒီဟင်းတွေက ခြိမ့်အကြိုက်ဆုံးဟင်းလျာတွေ..၊
ထမင်းနှင့်အသုပ်ကို ခပ်ယူစားလိုက်တာကို ဒေါ်ကြီးက အနားမှာထိုင်ရင်း ပြုံးပြုံးကြီးကြည့်နေတာမို့...၊
"ဒေါ်ကြီးပါ တစ်ခါတည်းဝင်စားလိုက်ပါလား"
"မဆာသေးပါဘူးကွယ်၊ ကလေးစားကောင်းတယ်မို့လား၊ ထည့်စား...ဒီကြက်သားသုပ်လေးလည်း စားဦး"
ဟင်းတစ်ဇွန်းခပ်ထည့်ပေးလိုက်ပြီး နောက်ထပ် သမ္ဘူလကြော်ပန်းကန်ဆီလက်လှမ်းလျှင်..၊
"တော်ပြီ တော်ပြီ ဒေါ်ကြီး ခြိမ့်အတွက် ဒါလေးရှိရင်ရပြီ"
ခြိမ့် လက်ကာ တားဆီးရင်း အနားယူထားသည့် ဟင်းခွက်တွေကို မေးထိုးပြမိ၏။
ခြိမ့် မြိန်ရေရှက်ရည်စားသောက်နေတာကို ထိုင်ကြည့်နေရင်း တစ်စုံတစ်ခုကို သတိရသွားဟန်နှင့်..၊
"သြော်.. ကလေးကို ပြောဖို့မေ့နေတာ"
"ဘာများလဲ ဒေါ်ကြီးရဲ့"
ထမင်းလုပ်ကို ပါးစပ်ထဲ သေသပ်စွာထည့်ပြီး နှုတ်ခမ်းလေးပိတ်လျက် ဝါးပြီးမှ ဒေါ်ကြီးကိုမော့ကြည့်ပြီး စကားထောက်ပေးလိုက်သည်။
"နေ့လည်တုန်းက ခြိမ့်အဖေ ဖုန်းဆက်တယ်"
ဒက်ဒီဆိုသော အသံကြားသည်နှင့် ပါးစပ်နားရောက်နေသည့် ထမင်းလုပ်က လေထဲတွင် ရပ်တန့်ကာ ခြိမ့် ဒေါ်ကြီးကို ဖျတ်ခနဲမော့ကြည့်လိုက်မိသည်။
ဒက်ဒီဖုန်းဆက်တိုင်း ခြိမ့် ဘယ်တုန်းကမှ မကိုင်ခဲ့ပါ။တမ်းတခဲ့ရသော ရင်ခွင်ဟာ ဒက်ဒီ့ရင်ခွင်ဖြစ်ခဲ့မယ်ဆိုရင်တောင် ခြိမ့် နာကျင်မှုကိုပဲ ဆက်ပြီးဆုပ်ကိုင်သွားမည်။ခြိမ့် ဒက်ဒီဆီ ပြန်ဖို့ဆိုတာ...၊
"ကလေးအကြောင်းတွေမေးလိုက်တာ စုံနေတာပါပဲ၊ဒီမှာ နေရေးထိုင်ရေးရော အစစအရာရာစိတ်ချပေမယ့် ကလေးကို ပြန်ခေါ်ချင်တယ်တဲ့လေ၊စကားပြောချင်တယ်ခေါ်ပါဆိုတော့ အိပ်နေတာနဲ့ပဲ ဒေါ်ကြီးလည်း မနှိုးတော့တာ၊မွေးခါနီးဖြစ်နေပြီဆိုတော့ ကလေးကိုအိမ်ပြန်ခေါ်ထားချင်တယ်လို့ ဒေါ်ကြီးကို ပြောတယ်၊ အေးလေ...မိဘဆိုတော့ ပူပင်ရှာမှာပေါ့"
ခြိမ့် ထမင်းကို ဇွန်းနှင့်ထိုးဖွနေရင်း..၊
"မိဘတိုင်းက သားသမီးတွေအပေါ် ပူပင်တတ်ကြသလား"
"ပူကြတာပေါ့ကလေးရယ်၊ မိဘမေတ္တာတုနှိုင်းစရာမရှိလို့ ဘုရားတောင် မိဘကျေးဇူးကို နို့တစ်လုံးဖိုးပဲကျေတယ်ပြောကြတာပေါ့၊ လောကမှာထုထည်အကြီးမားဆုံး အနက်ရှိုင်းဆုံးက မိဘမေတ္တာပဲကွဲ့၊ မိခင်တွေဆို ဒုက္ခမျိုးစုံကို ခံစားပြီး ကိုးလလွယ် ဆယ်လဖွားနဲ့ ကိုယ့်ရင်သွေးအတွက် အသက်ကိုတောင် ပေးဆပ်ရဲကြတာ၊ မိဘလောင်းတစ်ယောက်ဖြစ်နေတဲ့ ခြိမ့် ပိုခံစားနားလည်မှာပါကွယ်"
ခြိမ့် ကိုယ်တိုင်ရင်သွေးလေးကို လွယ်ထားရမှ မိခင်တစ်ယောက်၏မေတ္တာတွေကို ပိုပြီး နားလည်ခဲ့သည်။ထို့ကြောင့် မိခင်ကို နာကြည်းမိသည့်စိတ်တွေ တစ်နေ့တစ်ခြားလျော့ပါးလာခဲ့ပါပြီ။
မမြင်ရသေးသည့် ရင်သွေးလေးအတွက် ဒုက္ခဆင်းရဲကို ခံစားရင်း မထိခိုက်ရအောင် မေတ္တာအပြည့်နှင့်စောင့်ရှောက်ရသည့် ခံစားချက်ကို မိခင်လောင်းတစ်ယောက်ဖြစ်သည့် ခြိမ့်ကိုယ်တိုင် လက်တွေ့ပင်။ကိုယ့်ကိုယ်ထဲမှာ တစ်ခြားတစ်ပါးကလေးလေး၏အသက်လေး ငြိတွယ်နေပြီဆိုသည့် အသိ၊ ရင်သွေးဆိုသော မေတ္တာနှင့် အသွားအလာ၊အနေအထိုင်၊အစားအသောက်တွေ ဆင်းရဲနေပါစေ ဘယ်တုန်းက ငြိုငြင်ခဲ့လို့လဲ။
မိခင်တွေမေတ္တာတရားကြီးမားသလောက် ဖခင်တွေကရော သားသမီးများအပေါ် မိခင်တွေလောက် ချစ်နိုင်ခဲ့လို့လား..။ ဒက်ဒီသည် သားသမီးတစ်ယောက်ထက် သူ့ဘဝအတွက် သူ ရွေးရွယ်ခဲ့သူ..၊
တလှိုက်လှိုက်တက်လာသည့် ဆို့နစ်ခြင်းများကို ထမင်းလုပ်နှင့်အတူ ရောထွေးမြိုချမိသည်။သို့သော် တအိအိဝဲတက်လာသောမျက်ရည်တွေကို မျက်ဝန်းအိမ်တွင်း ပြည့်သိပ်ခြင်း မပြုနိုင်။
နှုတ်ခမ်းစေ့လျက်ခေါင်းမော့ပစ်လိုက်တော့ သူမ မျက်နှာ တည်တင်းတင်းလေးဖြစ်သွားခဲ့ပြီး..၊
"ကိုယ့်ရင်သွေးကိုယ့်သားသမီးကို အသက်ပေးပြီးချစ်ကြတာ မိခင်တွေပဲ ဖြစ်လိမ့်မယ် ဒေါ်ကြီး၊ဖခင်ဆို မခင်ကိုချစ်မှ ဥကိုခင်တဲ့အမျိုးတွေ..အဟွန့်...သားသမီးဆိုတာ သူတို့အတွက် ချောင်ထိုးခံပစ္စည်းတစ်ခုထက်မပိုပါဘူး"
ခြိမ့် နာနာကျင်ကျင်နှင့်ပြောလိုက်သည်။ ဒေါ်ကြီး မျက်စိမျက်နှာပျက်လျက်...၊
"အို...ဘယ်လိုပြောလိုက်တာလဲ ကလေးရယ်၊ဖခင်မေတ္တာကလည်း ကိုယ့်ရင်သွေး သန္ဓေတည်ကတည်းက မိခင်တွေလို ပူပင်ကြတာပါပဲကွယ်၊မမွေးခင် မိခင်ရဲ့ဗိုက်ထဲမှာနေကတည်းက အရိပ်တကြည့်ကြည့်နဲ့ မိခင်နဲ့အပြိုင် စိုးရိမ်တကြီး ပူပင်တွယ်တွယ်ကြတာ ဖခင်တွေပါပဲ၊ ကိုယ့်သွေးကိုယ့်သားနဲ့ တည်ဆောက်ထားတဲ့ ကိုယ့်သားသမီးကို မချစ်တဲ့မေတ္တာမရှိတဲ့ ဖခင်ရယ်လို့ မရှိပါဘူး ကလေးရယ်၊ ခြိမ့်ဒက်ဒီလည်း ဒီအတိုင်းပဲပေါ့၊ သူ့ခင်ဗျာ အဝေးကနေ သားသမီးအတွက် မမွေးသေးတဲ့မြေးအတွက် သောကဗျာပါဒများနေရရှာတာ"
ခြိမ့် ငိုင်သွားသည်။
ဒက်ဒီ သူမအတွက် သောကပွေနေသတဲ့။ စိုးရိမ်ပူပင်နေတယ်တဲ့လား။ အဲဒီလောက် ခြိမ့်ကို ချစ်ခဲ့ရင် ဒက်ဒီ ပစ်ပစ်ခါခါပြုခဲ့မှာ မဟုတ်..။
ဒက်ဒီသည် မာမီမဟုတ်သော မိန်းမတစ်ယောက်အတွက် ခြိမ့်ကို ရိုက်နှက်ရက်ခဲ့သလို ရင့်သီးစွာ နှင်လွှတ်ခဲ့သည်။ခုမှ ခြိမ့်ကို ပြန်ခေါ်ချင်တယ်တဲ့..၊
ရင်ထဲမှာ လစ်ဟာကာ ဟင်းလင်းပြင်ထဲရောက်နေသူလို တွယ်ရာမဲ့နေသကဲ့သို့ ခံစားလိုက်ရသည်။ကျလုဆဲဆဲမျက်ရည်ကို မျက်တောင်ခတ်ထုတ်ပစ်ရင်း ထမင်းစားပွဲကနေ ထထွက်ခဲ့မိ၏။
"ဘယ်လဲ ထမင်းစားဦးလေ"
ဒေါ်ကြီးက သူမကို မျက်လုံးအပြူးသားနှင့်လိုက်ကြည့်ကာ မေးတော့..၊
"တော်ပါပြီ၊ ခြိမ့် သွားနားတော့မယ် ဒေါ်ကြီး"
ဟုပြော၍ ထမင်းစားခန်းထဲကနေ ထွက်လာခဲ့သည်။
အမှိုက်တစ်စလို ပစ်လွှတ်ခဲ့ပြီးမှ ခုမှ ဘာဖြစ်လို့ ကောက်ယူဖို့ကြိုးစားနေကြတာလဲ..၊ စွန့်ပစ်ခံရတာ အမှိုက်မဟုတ်ခဲ့သလို သုံးပြီးသားတစ်သျှူးတစ်စလည်း မဟုတ်ခဲ့ပါ။
ခံစားတတ်သောနှလုံးသားနှင့် လူသားတစ်ယောက်မို့...၊
.................................................................
"သိမ်းပိုက်...ဘာဖြစ်ကြတာလဲ"
ခွန်စေးသာ ကားရပ်ပြီး ကပြာကယာပြေးဆင်းလာသည်။သိမ်းပိုက်က ဒဏ်ရာကို လက်နှင့်အုပ်လျက် အိမ်ကြီးဆီ စူးစိုက်ကြည့်နေရင်း..၊
"သူ ကျွန်တော် ခွင့်မလွှတ်တော့ဘူးထင်ပါတယ်ဗျာ"
ဆွေးမြေ့မြေ့ပြောသလို သူ ရှုံ့မဲ့နေသလို အုပ်ကိုင်ထားသည့် လက်ကြားကနေ သွေးတွေယိုစိမ့်ကျနေတာ အကျီနောက်ကျောမှာ မြင်မကောင်းတော့။ရှက်ရွံ့ခြင်း၊နာကျင်ခြင်းတို့ဖြင့် သိမ်းပိုက်က မျက်နှာခပ်လွှဲလွှဲလုပ်နေသည်။
"ဒီလောက်ဖြစ်လိမ့်မယ် မထင်လို့ မင်းကိုလွှတ်လိုက်မိတာ၊ မိခြိမ့်နဲ့တော့ ခက်တယ်၊ သွေးတွေ အရမ်းထွက်နေပြီ ကိုယ်တို့ဆေးခန်းသွားကြရအောင်"
"ခြိမ့်ကို အပြစ်မတင်ပါနဲ့ဗျာ၊ ကျွန်တော်ဘာသာ ခြေချိတ်လဲပြီး အုတ်ခဲနဲ့ ဆောင့်မိတာပါ၊ ခြိမ့်ကို မဆူပါနဲ့"
ယုတ္တိရှိတာမရှိတာ၊ယုံတာမယုံတာ အသာထားလို့ ခြိမ့်ဘက်က ကာကွယ် ပြောလိုက်ခြင်းပင်။ချစ်မိပြီဆိုမှ အရာရာကို ခွင့်လွှတ်နားလည်လာသည်။ပြီးတော့ သူမအတွက်ဆို အလိုလိုအသင့်ဖြစ်နေ၏။
အသားနာအောင် လုပ်သွားပေမယ့် သူစိတ်မဆိုးနိုင်..။ ချော်လဲမလိုဖြစ်သွားတာကိုပဲ သူ့မှာ အသည်းတယားယားနှင့် စိုးရိမ်စိတ်မပြေချင်။အချစ်က အချိန်တိုအတွင်းမှာ တမြေ့မြေ့လှိုက်စားအမြစ်တွယ်တတ်သော ကင်ဆာလို..။
သိမ်းပိုက်လက်ကို ဆွဲခေါ်ရင်း ခွန်စေးသာ စုပ်တသပ်သပ်နှင့်။ခြိမ့်ဘက်က ဘယ်လိုပဲ ကာကွယ်ပြောပြော ကိုယ့်ညီမအကြောင်း သိနေတာမို့ စိတ်မကောင်းနိုင်။
"မင်း သွေးတွေ တအားထွက်နေတယ်၊သိမ်းပိုက်..မင်း မူးတာတွေဘာတွေဖြစ်နေလား"
"ရတယ် ကိုသာ၊ ကျွန်တော် ဘာမှ မဖြစ်ဘူး"
သူ လက်တစ်ကာကာနှင့် ခွန်စေးသာ ကားပေါ် ပါလာခဲ့သည်။ခွန်စေးသာက အသိဆရာဝန်ဆေးခန်းကို မောင်းပို့ပေး၏။ဆေးခန်းထဲ ခြေချလိုက်မှ ခေါင်းထဲ မူးရိပ် မူးရိပ်နှင့်..။
"ချုပ်ရမယ်..အစိမ်းချုပ်လို့ ဖြစ်တယ်မို့လား"
"ရပါတယ်.."
နောက်စေ့က ဆံပင်တွေ ကွက်ရိတ်လိုက်ရ၏။
"သူများတွေက ထိပ်ပြောင်တယ် ကိုသာ မင်းညီကျတော့ နောက်ပြောင်ပေါ့.."
ဆရာဝန်က ခွန်စေးသာနှင့်ရင်းနှီးနေသဖြင့် ရယ်မောစနောက်နေသေးသည်။အပြန်လမ်းတွင် ခွန်စေးသာက ခေါင်းပတ်တီးကြီးနှင့် သူ့ကိုကြည့်ကာ...၊
"ကားကို နောက်မှ ပို့ခိုင်းလိုက်မယ်၊ မင်းလိပ်စာပြော ကိုယ်တစ်ခါတည်းပို့ပေးမယ်"
"ရတယ် ကိုသာ၊ ကျွန်တော် မောင်းနိုင်ပါသေးတယ်၊ ဒီလောက်နဲ့ ဘာမှမဖြစ်နိုင်ပါဘူး"
"ဟုတ်ပါ့မလားကွာ၊ မင်း သွေးထွက်တွေ တအားများထားတာ"
"ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ စိတ်ချလက်ချနဲ့ အိမ်ကိုသာ မောင်းပါဗျာ၊ ခြိမ့်တစ်ယောက်တည်းကျန်ခဲ့တာ မဟုတ်လား၊တော်ကြာ သွေးတွေမြင်ထားတော့ မူးမက်လဲနေမှဖြင့်.."
ကိုယ်က ပတ်တီးနှင့်ဖြစ်နေသည့်ကြားက ခြိမ့်အတွက် စိုးရိမ်နေသည့် သိမ်းပိုက်ကို ခွန်စေးသာ ကားမောင်းနေရင်း ငဲ့ကြည့်မိသည်။စိမ်းညိုသော မျက်ခုံးတန်းအောက်က မျက်လုံးများက သိမ်းငှက်တစ်ကောင်လို စူးရဲလျက် ထက်မြက်ဟန်အပြည့်။လုံးစင်းနေသည့် နှာတံအဖျားညာဘက်မှာ မှဲ့လေးထင်နေသလို အညိုဖက်လုသည့် နှုတ်ခမ်းတွေနှင့် မေးရိုးခိုင်ချည်နေပုံက ဆုံးဖြတ်ချက်ခိုင်မာသော တိကျပြတ်သားသော ယောကျ်ားတစ်ယောက်ဟု မှတ်ချက်ချမိ၏။
အစက်အပြောက်ကင်းသော ဖြူဝင်းသည့် အသားအရေပေါ်မှာ ပါးမြိုင်းမွှေး၊မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးတွေ စိမ်းညိုညိုအရိပ်ထင်နေသည်။ တကယ်တော့ သိမ်းပိုက်ကမ္ဘာသည် ယောကျ်ားပီသစွာချောမွေ့နေသည့် ရုပ်ရည်ကိုပိုင်ဆိုင်ထားသော လူငယ်တစ်ယောက်ပင်။
"ခြိမ့် ဘာမှ မဖြစ်နိုင်ပါဘူးကွာ၊ ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက် သိမ်းပိုက်၊ မူးတာတွေ အန်တာတွေ ဖြစ်ရင် ဒေါက်တာချက်ချင်းခေါ်၊ မပေါ့နဲ့"
သူ မချိပြုံး ပြုံးနေမိသည်။သူ တောင်းတမိတာ ခြိမ့်ဆီက အကြင်နာတွေ..၊ ခြိမ့်ဆီက မဟုတ်ရင် ဘယ်သူ့ဆီကမှ မလိုချင်ပါ။
"ငါ့ညီမနဲ့ မင်းကို သဘောတူပေးလိုက်တာ တကယ်တော့ အဖြစ်သင့်ဆုံးမို့လို့၊ အရင်က ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မှာ ခြိမ့်ကလေးအတွက်.. ခြိမ့်အတွက် အလိုအပ်ဆုံးက မင်းပဲ၊ ယောကျ်ားပီသတဲ့ မင်းရဲ့စိတ်ဓာတ်ကို အသိအမှတ်ပြုလို့ ခြိမ့်ကို မင်းလက်ထဲအပ်လိုက်တာ၊ ကိုယ် စိတ်မပျက်ချင်ဘူး သိမ်းပိုက်"
မီးပွိုင့်မှာ ကားရပ်သည်နှင့် ခွန်စေးသာက တည်ငြိမ်သောမျက်နှာနှင့် အလေးအနက်ပြောလာသည်။
"ကျွန်တော် ယောကျ်ားပါ၊ခြိမ့်နဲ့ကျွန်တော့်ကလေးကို ပိုင်ဆိုင်ခွင့်ရဖို့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ နောက်မဆုတ်ဘူး၊ခြိမ့်အပေါ်ထားတဲ့ ကျွန်တော့်မေတ္တာက ရေပွက်တစ်ခုမဟုတ်ပါဘူး၊ အမုန်းတွေပြေတဲ့တစ်နေ့အထိ ကြိုးစားနေမှာပါ၊ကျွန်တော် ခြိမ့်အားကိုးရတဲ့ တံတိုင်းတစ်ခုပဲ ဖြစ်စေရပါ့မယ်"
စကားပြောနေရင်း သိမ်းပိုက်က ပတ်တီးစကို လက်နှင့် ပြန်ပြန်စမ်းသည်။အရယ်အပြုံးကင်းမဲ့သော တည်ကြည်သည့် မျက်နှာမှာ လိမ်ညာနေသည့် မကောင်းသော အရိပ်အငွေ့လေးတောင် မတွေ့ရ။တစ်ချက်တစ်ချက် မေးရိုးတင်းသွားသဖြင့် အံကြိတ်လိုက်တာကို မြင်နေရသည်။
မိန်းကလေးတွေလို မငိုတတ်သော ယောကျ်ားတွေ ခံစားချက်ကို ကိုယ်လည်းယောကျ်ားတစ်ယောက်မို့ အံကြိတ်ခြင်း၏နောက်ကွယ်ကို ခွန်စေးသာ ခံစားမိသလိုလိုပါ။
"ရပြီ ကိုသာ၊ ကျေးဇူးတင်ပါတယ် အားလုံးအတွက်ပေါ့"
ခြံရှေ့ရောက်သည်နှင့် မလှမ်းမကမ်းမှာ ရပ်ထားသည့် အနက်ရောင်ပြိုင်ကားလေးက သိမ်းပိုက်ကားမှန်း တစ်ခါနှစ်ခါမြင်ဖူးရုံနှင့် မှတ်မိနေခဲ့ခြင်းဖြစ်သည်။
"ဖြစ်ရဲ့လား၊ ကိုယ် တစ်ယောက်ယောက်ကိုမောင်းပို့ခိုင်းရမလား"
သိမ်းပိုက် ကားတံခါးဖွင့်ဆင်းပြီးမှ တံခါးပေါ်လက်တင်ရင်း ပြုံးမိကာ..၊
"ဒီလောက်လေးနဲ့ ပျော့နေလို့ ဘယ်ဖြစ်မလဲ၊ မနက်ဖြန်တိုင်းအတွက် အင်အားတွေပြည့်နေဖို့ အရေးကြီးတယ်လေ၊ သွားပြီ.. ကိုသာ၊ခြိမ့်ကို ဘာမှ သွားမပြောပါနဲ့ဗျာ၊ မှားခဲ့တာက ကျွန်တော်...ခုချိန်မှာ သူ စိတ်ကျေနပ်ဖို့ ဘာမဆို ကျွန်တော်ဖြည့်ဆည်းပေးမှာပါ၊ သူ့နားက ထွက်ခွာခွင့်တစ်ခုက လွဲလို့ပေါ့၊ သွားမယ်..ကျွန်တော့်ကို နားလည်ပေးတဲ့အတွက် ထပ်ဆင့်ကျေးဇူးတင်ပါတယ်ခင်ဗျာ"
သူ ကားတံခါးကို ပြန်ပိတ်ပေးလိုက်ပြီး ရပ်ထားသည့် ကားဆီလျှောက်ခဲ့လိုက်သည်။ သနားသဖြင့် ကြည့်သော မျက်ဝန်းတွေကို နောက်ထပ်ရင်မဆိုင်ချင်တော့...။
ကျွန်တော်ဆိုတဲ့ကောင်က သူများသနားတာခံရတာကို မကြိုက်တဲ့သူ..၊ ဒါပေမယ့်..ခြိမ့်ဆီက တုံ့ပြန်လာမဲ့ တစ်စုံတစ်ခုကိုတော့ မျှော်လင့်မိတယ် ခြိမ့်ရယ်..။အမုန်းတစ်ခုက လွဲရင်ပေါ့..၊ သနားတာလေးပဲ ဖြစ်ဖြစ် တောင်းတမိတယ် ခြိမ့်။
လောကမှာ အင်အားအပြင်းဆုံးနဲ့ကြောက်စရာအကောင်းဆုံးက သနားချစ်တဲ့..၊
...............................................................
"စိတ်လိုက်မာန်ပါလုပ်လိုက်တာ ခြိမ့်မှားတယ်၊ သူမှားပါတယ်ဆိုပြီး အမှားကိုအမှားမှန်းသိလို့ ခခယယနဲ့အောက်ကျို့ပေးနေတာ ကိုယ်က အပေါ်စီးကနေ ထပ်ဖိတာ ကောင်းတဲ့အကျင့်မဟုတ်ဘူး၊ ဟိုမှာ နောက်စိက ဆံပင်တွေကွက်ရိတ်ပြီး လေးချက်ချုပ်လိုက်ရတယ်"
"အို.....အဲဒါ ခြိမ့် လုပ်တာမှ မဟုတ်တာ၊ အနေသာကြီး၊ သူ့ဘာသာ သေသေ ကိုလေးလည်း နေတတ်သလိုနေ"
"ဘာ!.."
ခုတင်ပေါ်မှာ ခေါင်းအုံးတွေဆင့်ခံမှီရင်း မိခင်လောင်းစာအုပ်ဖတ်နေသည့် ခြိမ့်က တစ်ခွန်းမခံပြန်ပြော၏။ ခုတင်နားမှာ မတ်တပ်ရပ်နေကာ စကားပြောနေသည့် ခွန်စေးသာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ခါးကြီးထောက်လျက်ကနေ သူမကို မျက်ထောက်နီကြီးနှင့် ကြည့်၍...၊
"ဟုတ်တယ်လေ..ခြိမ့်တောင် နေနိုင်သေးတာ ကိုလေးလည်း နေနိုင်အောင်နေ၊ ခြိမ့် သူနဲ့ပက်သက်ပြီး ဘာမှ မကြားချင်ဘူး၊ ကိုလေးလည်း ဘာမှ လာမပြောပါနဲ့"
"အောင်မာ...ကြည့်စမ်း.."
စာအုပ်ကို စားပွဲပေါ်လှမ်းတင်လိုက်ပြီး ခြိမ့် မွေ့ရာပေါ် လှဲချလိုက်ကာ စောင်ကို ရင်ဘတ်ပေါ်အထိ ဆွဲတင်လိုက်သည်။ ခွန်စေးသာ သူမလုပ်သမျှကို လိုက်ကြည့်နေပြီးမှ ငြိမ်ငြိမ်သက်သက်လေးလှဲအိပ်နေသည့် ခြိမ့် နားကို ချက်ချင်းရောက်သွားကာ..၊
"ညည်း ဘာတွေတွေးနေတာလဲ မိခြိမ့်၊ ဘာလဲ ဆင်ဂဲလ်မားသားအဖြစ်ရပ်တည်တာကို ကျေနပ်စရာဂုဏ်ယူစရာလို့သတ်မှတ်နေတာလား"
မွေ့ရာသိမ့်ခနဲ ဖြစ်သွားသဖြင့် မှိတ်ထားသည့် မျက်လုံးတွေ ပြန်ဖွင့်လိုက်တော့ မှုန်ယိုနေသော မျက်နှာနှင့် ကိုလေးက သူမကို ငုံ့ကြည့်နေလျက်..။
"ဟုတ်တယ်....အဲဒီလိုယောကျ်ားမျိုးနဲ့မပေါင်းနိုင်ဘူးကိုလေး၊ ဆင်ဂဲလ်မားသားအဖြစ်ရပ်တည်တော့ရော ဘာဖြစ်လဲ၊ ခြိမ့် ကလေးကို ခြိမ့်ဘာသာမွေးမယ်"
"ကိုယ့်ဘာသာမွေးတော့ရော သိမ်းပိုက်ကမ္ဘာက ကလေးရဲ့အဖေနေရာက ပျောက်ပျက်သွားမှာမို့လို့လား၊ အမှားကို အမှားမှန်းသိလို့ ဝန်ချနေမှ ညည်း လက်ခံသင့်တယ် မိခြိမ့်"
"လက်မခံနိုင်ဘူး၊ ခြိမ့် သူ့ကို မုန်းတယ် အရမ်းမုန်းတယ်၊ ဘာလဲ ကိုလေးက ခြိမ့်ကို ဒီမှာမထားချင်တော့ဘူးလား၊ရတယ်..မနေစေချင်လည်း မနေပါဘူး၊ ဒါပေမယ့် ဒင်းဆီ ဘယ်တော့မှ မသွားဘူး"
"ဟ!...ဘာလဲ၊နေစမ်းပါဦး ခြိမ့်၊ ညည်းကို ဘယ်သူက မနေနဲ့ပြောလို့လဲ၊ ခက်ပါလား ကျွတ်!.."
မွေ့ရာထက်က လူးလဲထကာ အတင်းဆင်းဖို့လုပ်တော့ ကိုလေးက လိုက်ဆွဲသည်။ခြိမ့် လက်တွေကို ပုတ်ထုတ်ဖယ်ရှားရင်း..၊
"ဖယ်စမ်းပါ...ကိုလေးလည်း အတူတူပဲ၊ အားလုံး ဒင်းဘက်က ခြိမ့်ဘက်မှကျတော့ ဘယ်သူ့မှမရှိကြဘူး၊ သူ့အကြောင်းတွေပြောနေရင် ခြိမ့် ဒီမှာ မနေတော့ဘူး"
"ကဲ...မပြောတော့ဘူး၊ ဘယ်မှလည်း ထွက်မသွားပါနဲ့နော်၊ကျွန်တော်မျိုးပဲ တောင်းပန်ပါတယ်ဗျာ၊ တကယ်ပဲ..မမဗိုက်တို့ သူ့စိတ်ချည်းပဲ"
နောက်ဆုံး သူပဲ အလျော့ပေးလိုက်ရကာ ချော့မော့၍ အိပ်ရာပေါ်အတင်းပြန်လှဲခိုင်းရ၏။
"ဒါပဲနော် ကိုလေး၊ သူ့အကြောင်းပြောတဲ့သူ သူ့နာမည်ခေါ်တဲ့သူ ခြိမ့်ရန်သူပဲ၊ ခြိမ့် သူ့မျက်နှာကို မြင်လည်းမမြင်ချင်ဘူး"
"အေးပါ..အိပ်တော့ ညည်းလုပ်တာနဲ့ ဗိုက်ထဲက ကလေးတောင်လန့်မယ်"
ရင်ဘတ်ပေါ်အထိ စောင်ခြုံပေးရင်း မျက်နှာကြောတင်းမာနေသည့် ခြိမ့်ကို မြင်တော့ မသိမသာ သက်ပြင်းချမိ၏။
ဒီပုံစံအတိုင်းဆို မလွယ်...၊
"အိပ်တော့..ဒါမှ ကလေးကျန်းမာမှာ"
"သိပါတယ်၊ ခြိမ့်ရင်သွေးကို အထိခိုက်မခံနိုင်ပါဘူး"
ဒီပွဲမှာ အနိုင်ရဖို့ တစ်ခုတည်းသော မျှော်လင့်ချက်..၊ ခြိမ့်ရင်မှဖြစ်သော သွေးသားကို ခြိမ့် အဆုံးရှုံးမခံနိုင်ပါ။
ခြိမ့် တစ်ဖက်ကိုစောင်းလှည့်လိုက်စဥ်.. ၊
"သြော်..ခြိမ့်ကို ပြောဖို့မေ့နေတာ၊ ကိုယ် မနက်ဖြန် ခရီးထွက်စရာရှိတယ်၊ နှစ်ညအိပ်လောက်တော့ ကြာလိမ့်မယ်"
ဟင်...၊ ခြိမ့် မျက်လုံးတွေ ကျယ်သွားပြီး ဒီဘက်ကို ပြန်စောင်းကာ အလန့်တကြားကြည့်မိ၏။ ကိုလေးနှင့်အကြည့်ချင်းဆုံတော့..၊
"မဖြစ်မနေသွားရမှာမို့ မသွားမဖြစ်သွားရမှာ၊ဒီမှာ ဒေါ်ကြီးတို့ မိအေးတို့လည်း ရှိပါတယ်၊ ကိုယ့်ကိုယ်ကို ဂရုစိုက် ခြိမ့်၊ မတည့်တာတွေ မစားနဲ့ဦး၊ ဒေါ်ကြီးတို့လည်း ဂရုစိုက်ကြတော့ စိတ်ချပါတယ်၊ ညဘက် ခြိမ့်အတွက် အိပ်ဖန်စောင့်လည်း ရှိမှာပါ.."
အပိုင်း(၂၆)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း