book

Index 24

အပိုင်း(၂၄)

💘မှတစ်ပါး.....အခြားမရှိ💘

      

နှိုင်းခြိမ့်ခြိမ့်သာဆိုသော မိန်းမက ကံကောင်းပြီးရင်း ကံကောင်းနေပါလား။


သူမ မရခဲ့သော အရာတွေကို ပိုင်ဆိုင်ခဲ့သော...

အနီးစပ်ဆုံးနေရာမှာရှိနေသော သူမအရင်းနှီးဆုံးယောကျ်ားနှစ်ဦး၏အချစ်ခံရလျက်..


သျှင်ယွန်း နှိုင်းခြိမ့်ခြိမ့်သာကို မုန်းသည်။


ကိုကို့အချစ်တွေကို လိုချင်တပ်မက်ခဲ့လို့ ကိုကိုသဘောကျ ပြောင်းလဲခဲ့သော်လည်း သူမ ပိုင်ဆိုင်ခဲ့ရသည်က..ဇနီးတစ်ယောက်လို ဆက်ဆံရေးအပြင် အကြင်နာတွေမပါဝင်ခဲ့။


ထို့ကြောင့် သူ သျှင်ယွန်းကို ချစ်လာဖို့ နည်းမျိုးစုံနှင့်ကြိုးစားရင်း ကလေးယူဖို့က အလိုလိုနောက်ရောက်နေခဲ့ခြင်းဖြစ်၏။ခုတော့..၊


နှိုင်းခြိမ့်ခြိမ့်သာမှာ ကိုယ်ဝန်ရှိနေပြီတဲ့၊ကလေးလိုချင်နေသူတွေရှေ့မှာမှ  ရေကန်အသင့်ကြာအသင့်။


"အို..မေမေဘာပြောပြော ငါ သဘောမကျနိုင်ဘူး သိမ်းပိုက်ကမ္ဘာ၊ အဲဒီမိန်းကလေးရဲ့ကိုယ်ဝန်ကို အသိအမှတ်လည်း မပြုနိုင်ဘူး၊ ဘာအမွေမှလည်း မခွဲပေးနိုင်ဘူး၊ နိုင်ငံခြားကို ခုနစ်လသွားနေ နေတာ အဲဒီကိုယ်ဝန်က မင်းရဲ့ကိုယ်ဝန်ဖြစ်နိုင်ပါ့မလား"


"မင်း စကားကို အဲဒီလို လက်လွှတ်စပယ်မပြောနဲ့ မြင့်မိုရ်၊ သူ့ဇနီးသူ့ကလေးပါလို့ သားငယ်ပြောနေတာဘဲ၊ဖြစ်ပြီးမှတော့ ဘာမှမတတ်နိုင်တော့ဘူး၊ အကောင်းဆုံးစဥ်းစားပြီး လုပ်ဖို့ဘဲ ရှိတော့တယ်"


"ဘာမှလုပ်မပေးနိုင်ဘူး၊ အစကတည်းက အဲဒီမိန်းမနဲ့ လုံးဝသဘောမတူနိုင်တာ ခုလည်း ကျွန်မ သဘောထား အဲဒီအတိုင်းပဲ"


"မင်းသဘောမကျလည်း ဟိုက သူ့မိသားစုနဲ့သူဖြစ်နေပြီ၊ လက်မခံနိုင်ဘူးဆိုပြီး ထုတ်နှုတ်ပစ်လိုက်လို့ မရတော့ဘူး မြင့်မိုရ်"


"မရဘူးဆိုတာ မရှိပါဘူး၊ဒီလိုသာ အမှားကြီးကို လက်ခံရမယ်ဆို ကော်ရက်ရှင်တို့ ခဲဖျက်တို့ ပေါ်လာစရာအကြောင်းကို မရှိတာ၊မိဘဝတ္တရားကိုက လမ်းမှန်ကို ညွှန်ပြပေးဖို့ပဲ"


"ဟုတ်တယ် ဒါပေမယ့် ဖြစ်သင့်တာဆို ပံ့ပိုးပေးရမှာလဲ ဝတ္တရားတစ်ခုဆိုတာ မင်း မမေ့နဲ့ မြင့်မိုရ်"


"အိုး...ဘာဝတ္တရားလဲ၊ ဘာမှ ပံ့ပိုးစရာမလိုဘူး၊ သူကြောင့် ကျွန်မတို့မိသားစု ဘာဖြစ်ခဲ့သလဲ၊ ခုလည်း စိတ်ဝမ်းကွဲရပြန်ပြီ၊ အဲဒီမိန်းကလေးအသံကြားတိုင်း ကျွန်မတို့အတွက် မကောင်းတဲ့နိမိတ်၊ဂျိုဆိုးပဲ"


"တော်ပါတော့ဗျာ၊ မေမေမမြင်ချင်တဲ့ မျက်နှာကို မမြင်ရရင် ရပြီမို့လား၊ကျွန်တော်တို့ဘာသာ သပ်သပ်တစ်အိမ်နေမှာပါ၊ မေမေ သဘောမကျရင် ခေါ်မလာရုံပေါ့၊ ကံစီမံရာအတိုင်းဖြစ်လာကြတာ သူ့ကြောင့်ရယ်လို့တော့ အပြစ်ပုံမချစေချင်ဘူး"


"အေး....မဘက်လိုက်မှတော့ မိုက်ဘက်ပါပြီပေါ့၊ ငါပြောလည်း အလကားပဲ ဆိုတော့ မင်းစိတ်ကြိုက်လုပ်တော့၊ သားကြီးရော ရှယ်ယာကိစ္စဘယ်လိုလဲ"


"ကျွန်တော်ကတော့ ရှယ်ယာပြန်အမ်းတာကို သဘောတူတယ်၊ဟိုးတုန်းက ဖေဖေတို့ အတင်းထည့်ဝင်ခိုင်းလို့သာ အဲဒီလုပ်ငန်းထဲ ဝင်ပါရတာ ကျွန်တော်နားလည်တာ ဘာတစ်ခုမှ ရှိတာလည်း မဟုတ်ဘူး၊အဲဒီက အမြတ်အစွန်းများသလောက်ကို ကျွန်တော်ဝင်ငွေမမှီရင်တောင် မက်မောနေစရာတော့ အကြောင်းမရှိဘူး"


ဒေါ်မြင့်မိုရ်ခန့် ဒေါသဖြစ်နေသလောက် တည်ကြည်က တည်ငြိမ်နေသည်။


"သိမ်းပိုက်...မင်းပြောတာ ငါ လက်ခံတယ်၊အဲဒါပဲမို့လား... ကျွန်တော့်ကို ခွင့်ပြုပါဦး ဖေဖေနဲ့မေမေ၊ ကျွန်တော် သွားနားတော့မယ်"


"ကိုကို.."


သျှင်ယွန်း မျက်နှာပျက်ပျက်နှင့် ဒေါ်မြင့်မိုရ်ခန့်ကို စစ်ကူခေါ်သလို လှမ်းကြည့်၏။ဒေါ်မြင့်မိုရ်ခန့်ကပါ ထရပ်လိုက်ပြီး...၊


"ရှင်တို့ဘာသာ ကြိုက်သလိုလုပ်ကျတော့၊အဲဒီမိန်းကလေး ကျွန်မအိမ်ရိပ်ကျွန်မမျက်စိရှေ့ ရောက်မလာရင် ပြီးရော"


"စိတ်ချပါ မေမေ၊ သူကလည်း နားလည်ပါတယ်"


ပြောပုံကိုကြည့်ပါလား...အဲဒီမိန်းမက နားလည်ပါတယ်ဆိုတော့ ဒီအမေက မသိတတ်ဆိုးဝါးနေသလိုလို။


မေမေကပါ မွေးနေ့မှာ မြစ်မွေးပေးနိုင်ရင် အမွေတွေလွှဲပေးဦးမတဲ့။ ကောင်းကြပါ့...။


ဒေါ်မြင့်မိုရ်ခန့်နှင့် သျှင်ယွန်းမြတ်တို့ ဧည့်ခန်းထဲကနေ ရှေ့ဆင့်နောက်ဆင့်ထွက်သွားကြ၏။


" သားငယ်..."


"ပြောပါ ဖေဖေ.."


သူ ဖေဖေ့ကို လှမ်းကြည့်လိုက်လျှင်...၊


"သားငယ်တောင်းဆိုတာကို ဖေဖေ လက်ခံတယ်၊ဒါနဲ့ မင်းအစုကို ပြန်ထုတ်ပြီး ဘာလုပ်ငန်းလုပ်မယ်စိတ်ကူးသလဲ"


"ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုထောင်ဖို့တော့ စီစဥ်နေတာပဲ ဖေဖေ"


"မင်းမှာ အရင်းအနှီးအလုံအလောက်ရှိလို့လား၊ ပြန်ထုတ်မယ့်ရှယ်ယာနဲ့ မင်းအစ်ကိုကို ပြန်အမ်းရဦးမယ်၊ကုမ္ပဏီတစ်ခုထူထောင်ဖို့ လုံလောက်တဲ့ အရင်းအနှီးဘယ်မှာ ရှာမလဲ"


"ကျွန်တော့်လုပ်ငန်းကရတဲ့အမြတ်အစွန်းနဲ့ ကိုကို့ကို ပြန်အမ်းပြီးရင်လည်း ကျန်ဦးမယ်၊ပြီးတော့ တိုက်ခန်းတွေနဲ့ မြေကွက်တွေကို ခုပေါက်စျေးနဲ့ ပြန်ထုတ်လိုက်ရင်တော့ မပြည့်ရင်တောင် နည်းနည်းပါးပါးလောက်ပါဘဲ၊အဲဒါက ကိစ္စမဟုတ်ပါဘူး ဖေဖေ ကျွန်တော်ဖြေရှင်းလိုက်လို့ရပါတယ်"


"အေးလေ...လိုအပ်တာပြောပေါ့၊ ဖေဖေ ထုတ်ပေးမယ်"


"ကျေးဇူးတင်ပါတယ် ဖေဖေ၊ ကျွန်တော့်ဘာသာ ကြိုးစားထူထောင်ပါ့မယ်၊ ခြိမ့်ကလည်း မွေးခါဖွားခါးနီးဆိုတော့ ကျွန်တော် ဒီရက်ပိုင်း အိမ်ပြန်လာနိုင်မှာ မဟုတ်သေးဘူး၊သမီးကိုတော့ ဒီညနေပဲ ခေါ်သွားမယ် စိတ်ကူးတယ်"


"ဘယ်လို မြေးလေးကိုပါ ခေါ်သွားတော့မယ် ဟုတ်လား သားငယ်"


"ဟုတ်တယ် ဖေဖေ၊ ဟိုနိုင်ငံမှာ ခုနစ်လလောက်ကြာပြီးပြီ၊ ဖေဖေတို့လည်း အသက်ကြီးနေပြီဆိုတော့ ကျွန်တော့်ကလေးကို ကျွန်တော် ခေါ်သွားချင်တယ် ဖေဖေ"


"မြေးလေးကို မခေါ်ပါနဲ့လားကွာ၊ ဖေဖေတို့ပဲ ခေါ်ထားချင်တယ်၊ မင်းမိန်းမကလည်း မွေးခါနီးဆိုတော့ မြေးကို ဒီမှာပဲထားတာ အကောင်းဆုံးပဲ သားငယ်"


"သမီးနဲ့ပြဿနာမဟုတ်ပါဘူး၊ ဖေဖေ့မြေးကို ချစ်တာ ကျွန်တော်သိပါတယ်၊ဒီညတော့ ကျွန်တော် ခေါ်သွားချင်တယ်၊နောက်နေ့တွေကျရင်  ကျွန်တော်ပြန်ခေါ်ခဲ့ပါ့မယ် ဖေဖေ"


"အေးလေ...မင်းသဘောပါ၊ဖေဖေကတော့ မြေးကို ဒီမှာပဲ ထားစေချင်တယ်၊ ကဲ..ကဲ မြေးလေးဆီသွားလိုက်ပါဦး သူ့ခင်ဗျာ မင်းပြန်လာမယ်ဆိုကတည်းက ပျော်နေရှာတာ"


သူ ဖေဖေ့ကို နှုတ်ဆက်ပြီး အပေါ်တက်လာခဲ့သည်။


သမီးကို အဘိုးအဘွားတွေချစ်ကြတာ သူအသိဆုံးပါ။ သို့သော် သူ့ရင်ခွင်ရိပ်အောက်မှာပဲ သမီးကို မေတ္တာအပြည့်နှင့်ကြီးပြင်းစေချင်ပါ၏။


အိမ်ထောင်ပြုလိုက်လို့ သမီးကို အဘိုးအဘွားတွေဆီမှာ ထားခဲ့မှာ မဟုတ်သလို၊ သမီးလေး အားငယ်စေမဲ့အဖြစ်မျိုးလည်း သူ အဖြစ်မခံနိုင်ပါ။


သမီးသည် သူနှင့်ခြိမ့်၏ ပြုစုပျိုးထောင်မှုအောက်မှာ ယဥ်ကျေးလိမ္မာသောထက်မြက်သော ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေရမည်။


..................................................................


ခြိမ့် နိုးလာတော့ ညနေစောင်းလုပြီ။ ဒါတောင် ဒေါ်ကြီးလာနှိုးမှ နိုးခြင်းဖြစ်သည်။ညဆို အိပ်မက်ဆိုးတွေခြောက်လှန့်သဖြင့် အိပ်ပျက်ရ၊ မျက်စိကြောင်နှင့် နေ့လည်နေ့ခင်းထမင်းစားပြီးသွားမှ တရေးတမောအိပ်ဖြစ်၏။


"ကျွတ်!..ကျွတ်!..."


ကြာလာလေ အထိုင်အထခက်လေပင်။ မွေ့ရာပေါ်လက်တစ်ဖက်ထောက်ပြီး ကျန်လက်နှင့်ဗိုက်ကို ထိန်းလျက် ထထိုင်လိုက်၏။


"အ!.."


တစ်ချက်တစ်ချက် ခါးတွေကုန်းကွသွားသည့်အထိ အော်ရသည်။ ကျန်းမာသန်စွမ်းသည့် ကလေးလေးသည် သူမဝမ်းကြာတိုက်ထဲကနေ ကန်ကြောက်နေလျက်..၊


မွေ့ရာအစွန်းမှာ ခြေချထိုင်မိသည်နှင့် ခြိမ့် ဗိုက်ပူပူကို ပွတ်သပ်ကာ..၊


 "မကြာတော့ပါဘူး ဘေဘီရယ်၊ မေမေ့ကလေးလေးအပြင်လောကကြီးနဲ့ ထိတွေ့ခွင့်ရတော့မှာပါ"


မမြင်ရသေးသော ရင်သွေးလေးနှင့် ဤသို့စကားပြောဖြစ်သည်။


ကိုလေးရော ဟန်သာပါ အန်ထရာဆောင်းရိုက်ကြည့်ဖို့ တိုက်တွန်းကြပေမယ့် သူမ လက်မခံခဲ့ပါ။"ဘာလေးမွေးမွေး ကိုယ်ရင်သွေး၊ကိုယ်သွေးကိုယ့်သားပဲ ချစ်ရမှာပေါ့၊မွေးတော့မှ ဘာလေးမွေးတယ်ဆိုတဲ့ ပီတိကို ကြည်ကြည်နူးနူးလေးခံစားချင်တယ်၊အဲဒါကြောင့် အန်ထရာဆောင်းမရိုက်ဘူး၊ ပြီးတော့ ခြိမ့်ရိုးရိုးပဲ မွေးမယ်၊ ဒါမှ မိခင်တစ်ယောက် ကိုယ့်ရင်သွေးကို ဘယ်လိုမွေးဖွားပေးခဲ့ရသလဲဆိုတာ နောင်တစ်ချိန်မှာ ခြမ့်ကလေးကို ပြန်ပြောပြနိုင်မှာ"လို့ ခြိမ့် ကြွေးကြော်ခဲ့တာ။


တကယ်လည်း ခြိမ့် ဆုံးဖြတ်ထားခဲ့ခြင်းပင်။


အိပ်မက်ဆိုးတွေက လန့်နိုးတိုင်း ခြိမ့် တစ်ခါတွေးမိသည်က ရင်သွေးလေးအကြောင်း..၊


ဘယ်လောက်ကြံ့ခိုင်အောင်နေနေ စိုးရိမ်ပူပင်စိတ်က အမြဲနှိပ်စက်နေ၏။အကယ်၍များ သူမ ကလေးမွေးဖွားရင် ဆုံးပါးသွားခဲ့လျှင်...၊


အဲဒီအခါကျရင် ဘေဘီအားမငယ်ရဘူးနော်။ဘေဘီရဲ့သွေးသားရင်းချာ ဘေဘီအပေါ်မေတ္တာစေတနာအပြည့်ထားနိုင်တဲ့ အလုံခြုံဆုံးရင်ခွင်မှာ အပ်ခဲ့မှာပါကွယ်။မေမေ မရှိတော့ရင်တောင် အဲဒီရင်ခွင်က မေမေ့ကလေးလေးကို ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်နိုင်မယ်လို့ မေမေယုံကြည်တယ်။


စင်းချထားသည့် မျက်တောင်ဖျားတို့တွင် မျက်ရည်လေးတွေ လှုပ်လီလှုပ်လဲ့တွဲခိုလာသော်လည်း ပါးပြင်ပေါ် ကျူးကျော်ခွင့်ကို မပြုနိုင်သလို မျက်တောင်ခတ် မျက်နှာမော့လျက် သိမ်းဆည်းလိုက်မိ၏။


ရေချိုးအဝတ်စားလဲပြီးသွားတော့ ငါးနာရီထိုးနေပြီ။


ကိုလေးတစ်ယောက်တော့ ခုချိန်ထိ ပြန်ရောက်ပုံမရသေးပါ။ပြန်ရောက်တာနဲ့ ခြိမ့်ဆီကို တန်းရောက်လာပြီး ဒီနေ့ဆေးမှန်မှန်စားရဲ့လား၊ ကိုယ်ဝန်အတွက် အားဖြစ်မဲ့ အစားတွေရော ချေးထူသေးလားနဲ့ ပါးစပ်မစေ့အောင်ပြောတတ်သည်။


ကိုလေးအကြောင်းတွေးရင်း အခန်းထဲကနေ ထွက်လာခဲ့၏။


"ခြိမ့်လေး နိုးပြီလား၊ ထမင်းစားတော့မယ်ဆို ပြောနော်၊ ဒေါ်ကြီးပြင်ခိုင်းလိုက်မယ်"


ဧည့်ခန်းဝမှာ ဒေါ်ကြီးနှင့်ဆုံသည်။


"မဆာသေးပါဘူး ဒေါ်ကြီး၊ကားသံလည်း မကြားသေးဘူး ကိုလေးပြန်မရောက်သေးတာနဲ့တူတယ်"


"လူလေး ပြန်မရောက်သေးဘူးကွဲ့၊ ခြိမ့် ဘယ်သွားမလို့လဲ"


တံခါးမဘက်ကို ခြေလှမ်းပြင်နေသဖြင့် ဒေါ်ကြီးက မေးလိုက်ခြင်းဖြစ်သည်။


"ခြံထဲ လမ်းလျှောက်မလို့၊ ကိုလေးကိုလည်း စောင့်ရင်းနဲ့ အညောင်းအညာလည်းပြေအောင်လို့လေ"


"တော်ကြာမှ သွားပါလား ကလေးရယ်၊ ခု ဒေါ်ကြီး ဟင်းအိုးတည်လက်စကြီးနဲ့မို့"


"ဘာဖြစ်လို့လဲ ဒေါ်ကြီးရဲ့၊ လုပ်စရာရှိတာ လုပ်ပါ ခြိမ့်ဘာသာလျှောက်လည်းဖြစ်ပါတယ်"


"လူလေး သေချာမှာထားတာ ခြိမ့်တစ်ယောက်တည်း စိတ်ချလက်ချမထားနဲ့တဲ့လေ၊ မွေးခါဖွားခါနီးဆိုတော့ ပိုသတိထားရတယ်ကွဲ့၊ ဒေါ်ကြီးကို စောင့်ဦး ဒါမှမဟုတ်လည်း လူလေးပြန်လာမှ လျှောက်ပါလား၊မိအေးနဲ့ကျတော့လည်း ဒေါ်ကြီး စိတ်မချပါဘူး ဒီကောင်မလေးက ကလေးသာသာရယ်"


"ရပါတယ် ဒေါ်ကြီးရဲ့ အဲဒီလောက်လည်း မဟုတ်ပါဘူး၊ ခြိမ့် ဘာမှ မဖြစ်ပါဘူး...ကိုလေးက အဲဒီလိုပဲ သိပ်စိုးရိမ်ကြီးတာ၊ ကိုယ့်ခြံထဲကိုယ်လျှောက်တာပဲ ဘာမှ မဖြစ်ပါဘူး၊ စိတ်မချစရာ ဘာရှိသလဲ၊ ဒေါ်ကြီးလုပ်စရာရှိတာကို ဖြောင့်ဖြောင့်လုပ်ပါ၊ ခြိမ့် ဒီနားဟိုနားလေး လျှောက်မှာပါ"


"သစ်ခွတန်းဘက်မသွားနဲ့နော် ကလေး အဲဒီဘက်က ရေညှိတွေရှိတယ်"


"ခြိမ့် သိပါတယ် ဒေါ်ကြီး စိတ်ချ ဒီနားတင်လျှောက်မှာ"


"အေးပါကွယ်...ဟင်းအိုးတူးနံ့ထွက်လာပြီ ဒေါ်ကြီးသွားကြည့်လိုက်ဦးမယ်"


ခန္ဓာကိုယ်ကြီး အိပဲ့အိပဲ့နှင့် မီးဖိုခန်းဘက် ဝင်သွားသည့် ဒေါ်ကြီးကို မျက်စိတစ်ဆုံးလိုက်ကြည့်နေပြီးမှ သူမ ခြံထဲ ဆင်းခဲ့သည်။


ညနေခင်း၏ဆည်းဆာအောက်မှာ အေးချမ်းရိပ်မြုံခြံကြီးသည် မိန်းမပျိုတစ်ယောက်၏တည်ငြိမ်ခြင်းမျိုးနှင့်။ခေတ်မှီလှပသော ခေါင်းနှစ်လုံးတွဲပါသည့် နှစ်ထပ်တိုက်ကြီး၏ ဆင်ဝင်တိုင်လုံးကြီးတွေ ထည်ဝါမှုကပင် သည်အေးချမ်းငြိမ်မြုံခြံတံခါးကနေ စဝင်လာကတည်း အံ့သြတကြီး မြင်တွေ့ရပေသည်။


 အကွက်တွေပေါ်နေသည့် နှစ်ဆစ်ချိုးလမ်းတစ်လျှောက် စိုက်ပျိုးရေးခရေ၊ကံ့ကော်ပင်တွေ စီတန်းစိုက်ပျိုးထားသေးသည်။ ထိုအောက်တွင် ထိုင်စရာ ကျောက်စားပွဲဝိုင်းလေးတွေစနစ်တကျထားသေးသည့်အပြင် နှင်းဆီပန်းအိုး၊သစ်ခွပန်းအိုး၊စံပယ်ပန်းအိုးတို့နှင့် အလှဆင်ထားသဖြင့် ဥယျာဥ်တစ်ခုထဲ ရောက်နေသလို ခံစားမိခြင်းသည် သည်ခြံ၏အပြင်အဆင်ထူးခြားမှုပင်။


လမ်းတစ်ဖက်တွင် ရေကူးကန်နှင့်ရေပန်းနေရာကို အမိုးခုံးလေးလုပ်ထားသော တံတားလေးကနေ ဖြတ်သန်းသွားရ၏။


သည်နေရာလေးကိုရောက်ပြီဆို စိတ်ကူးယဥ်ဆန်သော လှပသော စိတ်ကူးရှိသည့်ကိုလေးကို မချီးကျူးပဲ မနေနိုင်။


ရေကူးကန်၏တစ်ဖက် နှင်းဆီခင်းဘေးရှိ အလှမွေးဂျပန်မြက်ခင်းတွင် ခြိမ့် အမြဲလမ်းလျှောက်တတ်သည်။ ရင်ထဲက ဝေဒနာတွေ အစိုင်အခဲတွေကို အရည်ပျော်အောင် စိတ်ကြည်နူးလန်းဆန်းအောင် ဆွဲဆောင်ပေးနိုင်သည့် နေရာလေးဆိုလည်း မမှား။


"လူလေးခြံကြီးနဲ့တိုက်ကြီးက အရမ်းလှတာ ကလေးရဲ့၊ ဒီကို ပြောင်းလာမယ်ဆိုကတည်းက လူလေးကိုယ်တိုင်စိတ်ကူးနဲ့ ပြင်ဆင်ခဲ့တာ ဒေါ်ကြီးဆို ရောက်ခါစတုန်းက တအံ့တသြနဲ့ ငေးလိုက်ရတာ လူလေးကိုလည်း ချီးကျူးတယ်၊ အိမ်ကို ရောက်ဖူးတဲ့သူတိုင်း ရင်သပ်ရှုမောဖြစ်ကြတာ"


ဒေါ်ကြီး ပြောဖူးတာကို ကြားယောင်မိတော့ ခြိမ့် လမ်းလျှောက်ရင်း ပြုံးမိသည်။အလှတရား၏ဆွဲဆောင်မှုသည် ခြံထဲမဆင်းဖြစ်ရင်တောင် ဝရန်တာကနေ ထွက်ပြီး တစ်ခြံလုံးကို ငေးရသည့် အရသာကို နှစ်သက်ခဲ့ရတာ မဟုတ်လား။


နှင်းဆီခင်းဘေးကွန်ကရစ်လမ်းလေးအတိုင်းလျှောက်နေရင်း စိမ်းစိုနေသည့် မြက်ခင်းလေးနှင့် ခုံတန်းဆီ ​ဖြည်းဖြည်းချင်းလျှောက်ခဲ့သည်။ခြေညှပ်ဖိနပ်အသားရောင်လေးနှင့် ချွန်မြနေသည့်ခြေသည်းလေးတွေမှာ အနီရဲရဲခြေသည်းနီလေးတွေ ညီညာလှပစွာဆိုးထား၏။မြက်ခင်းစိမ်းစိမ်းပေါ် ဖြတ်လျှောက်ရသည့် အထိအတွေ့ကို ခြိမ့် သဘောကျသည်။


နှင်းဆီခင်းကို ရေဖျန်းထားသဖြင့် မြက်ခင်းတစ်လျှောက် ရေတွေရွှဲစိုနေလေသည်။သို့သော် အရောင်အလိုက် အတန်းခွဲစိုက်ထားသည့် နှင်းဆီခင်း၏ ဆွဲဆောင်မှုတစ်ဖက်၌ ပိုနေသဖြင့် စိုစွတ်စွတ်မြက်ခင်းမှာပဲ နှင်းဆီစိုက်ခင်းဘက်တိုးကပ်သွားနေမိ၏။


ကြက်သွေးရောင်အပွင့်တွေ အဖူးတွေလှိုင်နေသည့် အခင်းဆီအာရုံရောက်နေမိစဥ် ရုတ်တရက် ခြိမ့် ရှေ့မှာ လူရိပ်တစ်ရိပ် ပိတ်ကာရပ်လာပြီး..၊


"ခြိမ့်..."


"ဟင်"


ကိုယ်က နှင်းဆီပန်းပွင့်ကို ခူးလိုဇောနှင့်မို့ ရင်ဘတ်ချင်းတိုက်မိတော့မလိုဖြစ်သွားသည့် အရှိန်ကို ပြန်ရုတ်၍ ခြိမ့် ထိုလူကို မော့ကြည့်လိုက်မိသည်။


သိမ်းပိုက်ကမ္ဘာ...သူ၏မျက်လုံးများက ဝင်းလက်ရွှန်းတောက်လျက် လှိုပ်လှဲသော အပြုံးကိုဆင်၍ ခြိမ့်ကို စူးစိုက်ကြည့်နေ၏။


အစိမ်းရောင်အခံထဲမှာ အဝါရောင်၊အနီရောင်အပွင့်လေးတွေပါသည့် ဂါဝန်က ရင်ဘတ်ဖြတ်ဆက်မို့ အောက်ဘက်က အကားနှင့်။ မီးပုံးပျံကြီးလို ပူဖောင်းစူထွက်နေသည့် ဗိုက်ကြီးတလွင့်လွင့်နှင့် သူမမျက်နှာသည် ဝင်းနှစ်နုဖတ်ကာ မိခင်လောင်း၏အလှပါ တိုးနေလေသည်။


ရိုးရိုးလက်ဖောင်းဝါဝန်လေးနှင့် ဖြူဝင်းသော မျက်နှာသွယ်သွယ်လေးထက်က ပန်းနုရောင်ပြေးနေသည့် ပါးမို့မို့လေးတွေ၊လုံးစင်းကော့ညွှတ်နေသည့် နှာတံ ၊နီရဲနေသည့် နှုတ်ခမ်းပါးလေးတွေ အထိ သိမ်းပိုက်က စေ့စေ့စပ်စပ်လိုက်ကြည့်၏။


"မင်း..."


ခြိမ့် မျက်နှာထက်က ဖြစ်ပျက်ပြောင်းလဲသွားသော အမုန်းတရားများကို လှန်လှော်ဖတ်ရှုနေပေမယ့် သူ့မျက်နှာက တုန်လှုပ်ခြင်းမရှိခဲ့ဘဲ...၊


"ခြိမ့် မကြိုဆိုမှန်း ကျွန်တော်သိပါတယ်၊ မတွေ့ချင်မမြင်ချင်တဲ့သူရှေ့ရောက်အောင် ဘယ်လောက်ကြိုးစားခဲ့ရသလဲ ခြိမ့် မသိပါဘူး၊ကျွန်တော်ပြောခဲ့သားပဲ ခြိမ့် ဘယ်နေရာမှာ ရှောင်ပုန်းနေနေ ကျွန်တော်တွေ့အောင်ရှာမှာပါလို့"


စူးရဲနေသည့် မျက်လုံးလေးတွေ ချက်ချင်းစိမ်းတောက်သွားလျက် ခြိမ့် ဖျတ်ခနဲ နောက်ပြန်လှည့်သည်။ 


သိမ်းပိုက်က ရှေ့ကနေ ချက်ချင်းပိတ်ရပ်လိုက်ကာ...၊


"ခုချိန်မှာ ခြိမ့်ထက်ဘယ်အရာမှ အရေးမကြီးဘူး၊ ဒီစကားတွေ ခုမှ လာပြောနေတယ်လို့ မထင်ပါနဲ့၊ ခြိမ့် ထွက်သွားတုန်းက ခံစားခဲ့ရတဲ့ ခံစားမှုမျိုးက ကျွန်တော့်ဘဝမှာ ပထမဆုံးပဲ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုဖြုတ်နှုတ်ခံလိုက်ရသလိုကြီး၊တကယ်လည်း အဲဒီညက ကျွန်တော့်ဘဝရှင်လျက် သေဆုံးခဲ့ရတယ်၊ ခြိမ့်ကို ပြန်တွေ့ရတာ ကျွန်တော်ရဲ့ နောက်ဆုံးမျှော်လင့်ချက်လေးအသက်ပြန်ရှင်ခဲ့တာပါ၊ ကျွန်တော့်ရင်သွေးလေးလွယ်ထားရတဲ့ ခြိမ့်ကို ကျွန်တော် အဆုံးရှုံးမခံနိုင်ဘူး"


ခြိမ့် နှုတ်ခမ်းလေး မဲ့ကာ မျက်နှာလွှဲပစ်သည်။ သူမ ဘယ်လိုရှောင်ထွက်ထွက် သိမ်းပိုက်က သူ၏မြင့်မားသော အရပ်ကြီးနှင့် လိုက်လံပိတ်ဆို့ကာဆီးပစ်ရင်း ငုံ့မိုးကြည့်နေ၏။


"မင်း ခု ငါ့ရှေ့က ထွက်သွား၊ခုပဲ ထင်သလိုပြော ခုပဲချက်ချင်း ပြန်လျော့နဲ့၊ကြားရတာ နားခါးတယ်၊  မင်း ကကြိုးတွေနဲ့ ထင်သလို ကပြနိုင်တယ်၊ဒါပေမယ့် နောက်တစ်ကြိမ် ပျော်ဝင်မဲ့ထဲ ငါ မပါဘူး၊ အဲဒါ မှတ်ထား"


"ကျွန်တော်ရဲ့ပြောင်းလဲခြင်းတွေကို ခြိမ့် ရုတ်တရက်လက်မခံနိုင်တာ ကျွန်တော်နားလည်ပါတယ်၊ယုံပါလို့ အတင်းမတောင်းဆိုပါဘူး ယုံကြည်လာအောင် အလုပ်နဲ့ သက်သေပြသွားမှာပါ၊ ကျွန်တော် ခြိမ့်ကို ချစ်တယ် အဲဒါ ဘာမာယာမှမပါတဲ့ ရင်ထဲကလာတဲ့စကား"


ခြိမ့် ဖျတ်ခနဲမော့ကြည့်ပြီးမှ ဘာမှဂရုမစိုက်သည့် လေသံနှင့် အေးဆေးဆေးပြောချလိုက်သော သိမ်းပိုက်ကို စေ့စေ့ကြည့်၍ အံကြိတ်မိ၏။


"ငါကတော့ မုန်းတယ်"


မုန်းမုန်းနှင့် နာနာကျင်ကျင်ပြောပစ်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။ ဒေါသထွက်နေသဖြင့် ရေတွေစိုရွှဲနေသည့် မြက်ခင်းစပ်ကို မေ့လျော့သွားမိစဥ် ရေစပ်စပ်ရှိနေသည့် မြေကွက်လပ်တွင် ခြေချော်ကာ ဟန်ချက်ပျက်သွား၏။


"အမေ့!..."


"ဟေ့!.....ခြိမ့်"


ညှပ်ဖိနပ်လေးနှင့် ချော်ခနဲ ဖြစ်သွားပြီး ရင်ထဲ အေးသွားကာ မျက်လုံးစုံမှိတ်လျက် ကြောက်လန့်တကြားအော်လိုက်မိသည်။


"အား!...."


"အင့်!.."


သွားပြီဆိုသော အသိနောက်မှာ ခြိမ့် ပစ်ကျသွားခဲ့သည်က နွေးထွေးသည့် ရင်ခွင်တစ်ခုထဲသို့...၊


"အရမ်းလန့်သွားလား"


"ဟင်..."


စကားသံနှင့်အတူ မျက်နှာမှာ လေငွေ့နွေးနွေးလာရိုက်ခတ်မှ မျက်လုံးတွေ အလန့်တကြားပွင့်လာခဲ့၏။


စိမ်းညိုသော မျက်ခုံးတန်းအောက်က အမြဲလိုလိုအေးစက်စူးရဲနေတတ်သော မျက်လုံးများသည် အရောင်တစ်မျိုးနှင့် ညှို့ရီနေလျက်...၊


လုံးစင်းနေသော နှာတံချွန်ချွန်သည် သူမ နဖူးစပ်ဆံစနှင့် မထိတထိဖြစ်နေခဲ့ပြီး  အဝတ်ထုပ်တစ်ခုလို ခြိမ့်တစ်ကိုယ်လုံး တင်းကျပ်စွာဖက်တွယ်ထားသည့် သူ့ရင်ခွင်ထဲမှာ..။


"ကျွန်တော်အနားမှာရှိနေသရွေ့ ခြိမ့်ကိုယ်မှာ ဆူးခြစ်ရာလေးတောင်မထင်စေရပါဘူး၊ကျွန်တော့်အချစ်ကို ယုံနော်"


ကြောက်စိတ်မပြေနိုင်သလို မျက်တောင်ဖျားလေးတွေ မျက်ခွံနှင့်ထိကပ်လျက် မျက်လုံးလေးတွေ ဝိုင်းဝိုင်းလည်နေသည့် သူမ မျက်နှာလေးကို သူ စူးစိုက်ကြည့်မိ၏။ကြည့်နေရင်း မြတ်နိုးစိတ်တွေ တစိမ့်စိမ့်ဖြစ်ထွန်းလာခဲ့ပြီး မျက်နှာနုနုလေးကို လေငွေ့သာသာလေးနှင့်မှုတ်ကာ ခြိမ့်မျက်နှာထက် မျက်နှာအငုံ့..၊


"တောက်!...ဖယ်စမ်း.."


"ဟာ!..."


သူမမျက်နှာထက် အုပ်မိုးလာသည့် သူ့ကို ဒေါသတကြီးနှင့်အားရှိပါးရှိ ဆောင့်အတွန်း..၊


"ဒုတ်!..."


"အ!.."


ထိခိုက်မိသံကြီးက ကျယ်လောင်၏။သိမ်းပိုက်သည် အုတ်ခဲကျိုးနှင့် ပစ်စလက်ခတ်ဆောင့်မိကာညည်းညူသံသဲ့သဲ့နှင့်အတူ  ခြေလွတ်လက်လွတ်လဲကျသွားသည်က မြေပြင်ထက်မှာ ပက်လက်လန်လျက်သား။


"သေပြီကွာ...ကျွတ်...ခြိမ့်တကယ်ရက်စက်တယ်"


ကျောပြင်တစ်ခုလုံးအောင့်မျက်သွားလျက် ဒုတ်ခနဲ အသံနှင်အတူ နောက်စေ့မှာ ပူခနဲ ဖြစ်သွားသည်။ သူ လက်နှင့်ပြန်စမ်းလိုက်တော့ စေးထိုင်းထိုင်းအထိအတွေ့ကို ခံစားလိုက်မိသဖြင့် ခေါင်းပေါက်သွားပြီဆိုတာ သိလိုက်၏။ကံဆိုးချင်တော့ နှင်းဆီခင်းအစပ်က အုတ်ခဲကျိုးပေါ် တည့်တည့်လဲကျသွားသည့် အဖြစ်။


"ခြိမ့် ဘယ်လိုနှင်နှင် ဘယ်လောက်မုန်းမုန်း ကျွန်တော်ကတော့ ချစ်နေမှာပဲ၊ ပြီးတော့ ခြိမ့်ကို ပိုင်ဆိုင်ခွင့်ရဖို့ကြိုးစားနေဦးမယ်၊ ဘယ်လောက်ကြီးခက်ခဲနေပါစေ ကျွန်တော်လက်မလျော့ဘူး ခြိမ့်"


မတ်တပ်ရပ်လိုက်ပြီး ရဲဝံ့စွာပြောနေသည့် သူ့နောက်စေ့မှာရေတွေသွန်ချလိုက်သလို သွေးတွေ စီးကျနေခဲ့သည်။ ခြိမ့် ဘာမှ ပြန်မပြောနိုင်။ မျက်လုံးအကြောင်သားနှင့် သွေးတွေတစက်စက်ကျနေသည့်ကြားက သူမရှေ့မှာ ရပ်နေသည့် သူ့ကို စူးစိုက်ကြည့်နေမိသည်။သူ့ဒဏ်ရာကို ခြိမ့်ကြည့်နေမှန်းသိလျှင်..၊


"ခြိမ့်နာကျင်ခံစားခဲ့ရတာနဲ့နှိုင်းယှဥ်ရင် အခုက မပြောပလောက်ပါဘူး၊ ဒီထက်နာကျင်အောင် လုပ်လည်း ကျွန်တော်ကျေနပ်တယ်၊ဒါပေမယ့်...ကျေးဇူးပြုပြီး ကျွန်တော့်ကို နှင်မထုတ်ပါနဲ့၊ မချစ်နိုင်ဘူးဆိုရင်တောင် ခြိမ့်အနားမှာ နေပါရစေ၊ ခြိမ့်တို့သားအမိ ကျွန်တော့်ရင်ခွင်ထဲမှာ ရှိနေရင်ပဲ ကျေနပ်ပါပြီ၊ ကျွန်တော့်ကို မနှင်ပါနဲ့ ခြိမ့်ရယ်၊ ခြိမ့်တို့သားအမိနားမှာ စောင့်ရှောက်ခွင့်ပြုပါ.. နော်"


အကျီပခုံးမှာ သွေးတွေစွန်းထင်းနေလျက် ဒဏ်ရာကို ဂရုမစိုက်ဘဲ သိမ်းပိုက်က ခခယယဆိုကာ ခြိမ့်လက်လေးတစ်ဖက်ကို ဆွဲယူဆုပ်ကိုင်လျှင်...၊


"ဟင်အင်း.."


လက်ကို ဆောင့်ရုန်းပစ်လိုက်ပြီး ခြိမ့် ချာခနဲ လှည့်ထွက်လာခဲ့သည်။


"ခြိမ့်!.."


သူ အော်နေသံကြားပေမယ့် ခြိမ့် လှည့်မကြည့်..။


မတည်မငြိမ်နှင့် ဆို့နစ်နာကျင်နေသော ရင်ဘတ်တစ်ခုလုံးက ချော်လဲမလိုဖြစ်ခဲ့တာကြောင့်လား၊ သွေးတွေမြင်လိုက်ရတာကြောင့်လား မသဲကွဲ။မျက်ရည်ဆို့မတတ်နာကျင်ခြင်းကို ဒေါသကြောင့်ဟု ခေါင်းစဥ်တပ်မိရင်း သူ့ကို မုန်းပြီးရင်းမုန်းမိ၏။


ဘဝတစ်ခုလုံးကြုံတွေ့ခံစားခဲ့ရပါသော အဆင်မပြေမှု၊ ခါးသီးနာကျင်ခြင်းအားလုံးဟာ..သူ့ကြောင့်...၊


အပိုင်း(၂၅)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: