💘မှတစ်ပါး.....အခြားမရှိ💘
"အစ်မ သတိရလာပြီ"
အနားမှာ ရပ်နေသည့် ဝန်ထမ်းမလေးအသံကြောင့် အခန်းတွင်းလှမ်းဝင်လာရင်း သူ ဝမ်းသာအားရနှင့် ခုတင်ဆီ အကြည့်ရောက်သွားသည်။ စင်းချထားသည့် မျက်တောင်ဖျားလေးတွေ လှုပ်ခတ်လာလျက် မျက်လုံးလေးတွေ ပွင့်လာသည့် သူမကိုသူ ရပ်ကြည့်နေလိုက်၏။
"မထလိုက်နဲ့အစ်မ၊ သွေးပေါင်ကျနေလို့ ဒရစ်ချိတ်ထားရတယ်"
ခြိမ့် သတိရလာသည်နှင့် နာ့စ်လေးက ပြုံးပြုံးလေးပြော၏။ထိုအခါမှ ဒရစ်သွင်းနေသည့် ပိုက်တန်းလန်းကို ကြည့်၍ သူမ မျက်နှာလေး အနည်းငယ်မဲ့ကျသွားသည်။ပြီးတော့ သူမသတိမလစ်ခင် သူ ပွေ့လိုက်တာကို သတိရလိုက်တော့ မျက်လုံးတွေက အခန်းတစ်ခုလုံး ဝေ့ဝဲရောက်သွားလျှင်..၊
"မင်း..."
ခြိမ့် ဆတ်ခနဲ တုန်ခါသွားစဥ် သိမ်းပိုက်က ခုတင်ကိုကန့်ထားသည့် ခန်းစီးစကို သိမ်းဖယ်၍ ဝင်လာသည်။
မျက်လုံးတွေ ချက်ချင်းစိမ်းတောက်သွားလျက် တစ်စုံတစ်ခုပြောမည်ပြင်ပြီးမှ နာ့စ်လေးကို မြင်တော့ ပါးစပ်ပြန်ပိတ်သွားသည့် သူမ။
"ဆရာမ ကျွန်တော်စကားပြောချင်လို့ ခဏအပြင်ထွက်ပေးလို့ရမလား"
သူ နာ့စ်လေးကို ယဥ်ယဥ်ကျေးကျေးခွင့်တောင်းလိုက်သည်။
"ရှင်!...သြော် ဟုတ်ကဲ့"
နာ့စ်လေး ပထမ ကြောင်သွား၏။ပြီးမှ တစ်ခုခုကို သဘောပေါက်သွားသလို ပြုံးစိစိနှင့် သူမနှင့်သူ့ကို တစ်လှည့်စီကြည့်ပြီး အသာရှောင်ထွက်သွားလေသည်။ထိုအခါမှ..၊
"ခြိမ့်.."
"မင်း ထွက်သွား..."
အသံနှစ်ခုက မရှေ့မနှောင်းထွက်လာ၏။သိမ်းပိုက် သူမခုတင်နားတိုးသွားပြီး..၊
"ခြိမ့် မပြောချင်လည်းရတယ်၊ ကျွန်တော်ပြောတာပဲ နားထောင်ပေးပြီး မေးတာလေးဖြေရင်ရပြီ"
" ဘာမှ ပြောစရာမလိုဘူး သိမ်းပိုက်ကမ္ဘာ၊ ဖြေစရာအကြောင်းလည်း မရှိဘူး"
"သေချာလို့လား.."
ခုတင်စွန်းမှာ လက်ထောက်ပြီး ငုံ့ချလိုက်တော့ သူ့မျက်နှာက ခြိမ့်ရင်ဘတ်ပေါ်မှာ မျက်နှာချင်းနီးနီးကပ်ကပ်ဖြစ်သွားပြီး..၊
"ကျွန်တော်ဆီကနေ ထွက်သွားပြီးနောက်ပိုင်း ခြိမ့် ဘယ်သူနဲ့မှ လက်မထပ်ခဲ့ဘူး ဒီကိုယ်ဝန်က..."
"တော်စမ်း၊ မင်းပါးစပ်ကို ပိတ်ပြီး ငါ့ရှေ့ကနေ ခု ထွက်သွား.."
"မသွားနိုင်ဘူး၊ ကျွန်တော် ဒီအကြောင်းတွေ သိရမှ ဖြစ်မယ်"
သိမ်းပိုက် မျက်နှာမှာ စိတ်လှုပ်ရှားခြင်းကြောင့် နီရဲနေသည်။ သူ ဒီအကြောင်းတွေသိရမှ ဖြစ်မည်။ မနေ့က တစ်နေကုန် လူက ဘာမှလုပ်လို့မရ၊ ညကလည်း ဖုန်းတစ်လုံးနှင့် လှည့်ဆက်နေလို့ ရှိန်းလည်း ဟိုစုံစမ်းဒီစုံစမ်းလုပ်ပေးခဲ့ရသည်။
"ငါတို့ထင်တာ လုံးဝအမှားကြီးကွ၊ ဦးခွန်စေးသာနဲ့မင်းမမက မောင်နှမဝမ်းကွဲတွေ၊ အမေဘက်က တူအရင်းကြီးတော်တာတဲ့ကွ ၊မင်းမမတို့မိသားစုအတွင်းရေးကြောင့် ဦးဉာဏ်သာနဲ့ ဦးခွန်စေးသာတို့တွေ မပြေလည်တော့ သူတို့အချင်းချင်းအခေါ်အပြော အဆက်အစပ်မရှိကြဘူး၊ အဲဒါကြောင့် သူတို့အမျိုးတွေဆိုတာကို သိတဲ့သူမရှိတာ၊ဦးခွန်စေးသာကလည်း ဒီမှာ တစ်ယောက်တည်း အခြေလာချတာနဲ့ မင်းမမကလည်း အိမ်နဲ့အဆင်မပြေတော့ သူတို့မောင်နှမ တစ်ယောက်တည်းချင်း ပိုသံယောဇဥ်ကြီးကြတာပေါ့၊ မင်းစဥ်းစားကြည့်.. အဖေက နောက်မိန်းမငယ်ငယ်လေးယူပြီး သမီးကို အိမ်ပေါ်က နှင်ချတော့ သူဘယ်လောက်နာကျင်ရမလဲ"တဲ့။
"ဦးခွန်စေးသာနဲ့က မောင်နှမတွေ မင်းမမက ကိုယ်ဝန်ကြီးနဲ့ မင်းတို့ချင်းဘယ်လိုဆက်ထုံးတွေရှိခဲ့သလဲ မင်းအသိဆုံးပဲ သိမ်းပိုက်"
ရှိန်းတေဇက ခြိမ့်လာပြနေကြဆေးခန်းလိပ်စာပေးရင်း ပြောသွားခဲ့သည်။သူ တစ်ညလုံးအိပ်လို့ မပျော်နိုင်ခဲ့..။မရမကမေးဖို့ ဆုံးဖြတ်လာခဲ့ပြီးမှ..၊
ခြိမ့်သတိလစ်သွားစဥ် ဆေးစာအုပ်ကိုမြင်တော့ သူ့ရင်ထဲ ဗြောင်းဆန်သွားခဲ့၏။
"ခြိမ့်.."
မျက်တောင်ဖျားတွေလှန်လျက် ခြိမ့်က စူးစူးရဲရဲကြည့်နေသည်။သူ ခါးကိုင်းလက်ထောက်ထားရာမှ ခုတင်ဘေးက ခုံမှာထိုင်ချလိုက်ပြီး သူမလက်ဖဝါးလေးတစ်ဖက်ကို ဆုပ်ကိုင်ကာ...၊
"ဒီကိုယ်ဝန်က ကျွန်တော်ကိုယ်ဝန်ဆိုတာ တကယ်လား"
"ဘာ!..."
ခြိမ့် လက်ကို ရုန်းပစ်လိုက်ကာ နှုတ်ခမ်းသားကို ဖိကိုက်မိ၏။
"လျှောက်ပြောမနေနဲ့၊ငါ့လွယ်ထားရတဲ့ ငါ့ရင်သွေးနဲ့ မင်း.. ဘာမှမဆိုင်ဘူး"
"ခြိမ့် ညာတာ.."
ဖိကိုက်ထားသည့်နှုတ်ခမ်းသားတွေ သွေးခြေဥကာ နီရဲတွတ်နေပြီ။ ခြိမ့်မျက်နှာ တင်းမာနေသော်လည်း သိမ်းပိုက်သည် မရမကမေးမည်ဟုဆုံးဖြတ်ထားသည့်အတိုင်း..၊
"ကိုယ်ဝန်အပ်ကတည်းက ကလေးအဖေနေရာမှာ ကျွန်တော်နာမည်ဖြည့်ခဲ့တာ ဘာလဲ၊ ခြိမ့် မာနတွေကို လျော့လိုက်ပါတော့ဗျာ၊ဖြစ်ပြီးသမျှကိစ္စတွေအတွက် ဘယ်သူမှားမှားမှန်မှန် ကျွန်တော်တောင်းပန်တယ်၊ ကျွန်တော်တို့မိသားစု ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရအောင်..နော်"
နဖူးကို ဖျတ်ခနဲငုံ့နမ်းပြီး သိမ်းပိုက်က လေအေးလေးနှင့်ချော့၏။မျက်တောင်ဖျားတွင်စိုစွတ်လျက် မျက်ရည်စတွေ လှုပ်လီလှုပ်လဲ့တွဲခိုလာပေမယ့် ခြိမ့် မျက်တောင်ခတ်လျက် သိမ်းဆည်းလိုက်သည်။သူရှေ့မှာ မျက်ရည်မကျချင်သော မာနတို့နှင့် နှုတ်ခမ်းသားတွေကိုသာ ဖိကိုက်ထားရင်း မျက်နှာလွှဲထားမိကာ..၊
"စိတ်ကူးယဥ်နေတာမဟုတ်ရင် မင်းရူးနေလို့ပဲ သိမ်းပိုက်ကမ္ဘာ၊ ဒါပေမယ့် သိက္ခာတော့မမဲ့သေးဘူးလို့ထင်တယ်၊ ငါ့ကလေးငါ့ရင်သွေးက ငါနဲ့ပဲသက်ဆိုင်လို့ မင်းအနေသာကြီးပါ၊ လမ်းမှာဆုံလို့ကြုံလို့ မျက်နှာလွှဲသွား..ငါစိတ်မဆိုးဘူး"
သိမ်းပိုက် ခေါင်းခါလိုက်ကာ...၊
"မျက်ကွယ်ပြုဖို့မဖြစ်နိုင်ဘူး ခြိမ့်၊ ကျွန်တော့်အနာဂတ်ဘဝတစ်ခုလုံး ခြိမ့်နဲ့လုံးဝသက်ဆိုင်နေတယ်၊ စာအုပ်ထဲက နေရာတစ်ခုကနေ ခြိမ့်ရဲ့ခင်ပွန်းအဖြစ် ဘဝတစ်လျှောက်လုံး ထာဝရလက်တွဲသွားခွင့်အထိ.."
"အဟွန့်.."
မျက်နှာ ဒီဘက်ကို ချက်ချင်းပြန်လှည့်လာပြီး ခြိမ့် မဲ့ပြုံးပြုံး၏။ပြီးတော့..၊
"မင်း ဘာကို မျှော်လင့်နေတာလဲ၊ ဒီမှာ သိမ်းပိုက်ကမ္ဘာ စာရွက်ပေါ်က မှင်ရာတစ်ခုကို အတည်ယူနေတာလား"
"ဘယ်လိုပြောလိုက်တာလဲ ခြိမ့်.."
"စာရွက်ပေါ်က ကလေးအဖေနေရာမှာ ဘယ်နာမည်မဆိုဖြည့်စွက်ခွင့်ရှိတာ မင်းမမေ့နဲ့၊ ငါဘယ်လိုမိန်းမဆိုတာ မင်းသိနေရက်နဲ့ မျက်စိစုံမှိတ်ယုံနေတာ ရူးမိုက်နေတယ်လို့ မထင်ဘူးလား"
သိမ်းပိုက် မျက်နှာ သိသိသာသာပျက်ကျသွားခဲ့ပြီး..၊
"တော်ပါတော့ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်မှားခဲ့တာတွေအတွက် အနူးအညွတ်ကို တောင်းပန်နေတာပါ၊ ဒီကလေးက ကျွန်တော့်ကလေး၊ကျွန်တော့်ရင်သွေးဆိုတာ ခြိမ့် ဝန်မခံလည်း ကျွန်တော်သိတယ်၊ ကျွန်တော် ခြိမ့်ကို အဆုံးရှုံးမခံနိုင်ဘူး၊ ခြိမ့်ကို ကျွန်တော် ပိုင်ဆိုင်ချင်တာ"
စိတ်ရှိတိုင်း သိမ်းဖက်မလို့ လက်တပြင်ပြင်နှင့်ရှိနေပြီးမှ ဆေးပိုက်တန်းလန်းနှင့်မို့ လက်က ရှေ့မရောက်ပဲ ပခုံးနှစ်ဖက်ကိုသာ ဖွဖွသိုင်းဖက်ခြင်းဖြစ်လျက်..၊
"ငါကတော့ မင်းကို မုန်းတယ်၊ တူးတူးခါးခါးကို မုန်းတာ"
"ကျွန်တော်ကတော့ ချစ်တယ်"
"တောက်!.."
"ဒေါသကိုလျော့ပါ ခြိမ့်ရယ်၊ ဗိုက်ထဲက ကျွန်တော်တို့ရဲ့ ရင်သွေးလေးအတွက် စဥ်းစားပါဦး"
ပွေ့ဖက်ထားသည့် ပခုံးပေါ်က လက်တွေကို ခြိမ့် ပုတ်ခါချရင်း..၊
"ဖယ်စမ်း...မင်း ငါ့အသားကို ထိစရာမလိုဘူး၊ သွား ခု ဒီထဲကနေ ထွက်သွား.."
"ခြိမ့်ကလည်းကွာ၊ဗိုက်ထဲမှာ ကျွန်တော်တို့ရဲ့ကလေးလေး.."
"မဟုတ်ဘူး.."
ခြိမ့် ဒီတစ်ခါတော့ အနိုင်ရချင်သည်။
"အဲဒါ မိန်းမတစ်ယောက်ကို အကြံကြီးကြီးနဲ့ယုတ်မာပက်စက်ခဲ့တဲ့ ကြာခိုခြင်းသက်သေ၊ ပါးစပ်ကနေ လျှာအရိုးမရှိတိုင်း ချစ်တာတွေမေတ္တာတွေရွတ်ပြနေရအောင် အဲဒီအချစ်တွေက မင်းနဲ့မထိုက်တန်သေးဘူး၊ ဒီရင်သွေးကို ငါ ရအောင်လွယ်တယ်ဆိုတာ မင်း ယုတ်မာထားသမျှကို ရှင်သန်အောင်ပျိုးထောင်နေတာ မဟုတ်ဘူး၊ သူ့အဖေက ဘယ်လိုလူစားမျိုးလည်းဆိုတာ ဒီကလေးအပါအဝင် လူတွေသိအောင်လို့ ငါ ဒီကလေးကို မွေးဖို့ကြိုးစားတာ၊ငါ့ဘဝတစ်ခုလုံးကို ဖျက်စီးခဲ့တဲ့ မင်း တန်ရာတန်ကြေးပြန်ပေးရမှာပေါ့"
"ခင်ဗျား..."
သူ့မျက်နှာမှာ ဖြစ်ပျက်ပြောင်းလဲခြင်းတွေကို ခြိမ့် အရသာခံကြည့်ရင်း...၊
"ပထမတစ်ခါ မာယာတွေနဲ့ လှီလှယ်ယူခဲ့တာမင်းအစ်ကို အတွက်၊ ခု မင်းအစ်ကိုလည်း လက်ထပ်ပြီးပြီပဲ၊ ဒီတစ်ခါ ငါ့ဆီက မင်းဘာကိုမျှော်လင့်နေတာလဲ၊ငါထင်တာမမှားဘူးဆိုရင်တော့ မင်းဟာ အလိုရမ္မက်ပြင်းထန်တဲ့ယောကျ်ားပဲ"
သိမ်းပိုက်ဆီက အံကြိတ်လိုက်သံ ကျိခနဲထွက်လာ၏။ ဂုဏ်သိက္ခာ၏စည်းတစ်ဖက်သို့ စကားတွေကျွံလာသည့်အခါ ခံနိုင်ရည်အတိုင်းအတာတစ်ခုအပြင်ကို ရောက်သွားသည်။ စကားလုံးတို့နှင့် ပစ်ပေါက်ခံရသော ရင်ဘတ်ထဲ၌ ဒဏ်ရာတွေ ဗရပွနှင့်..။
"တော်ပြီလား...၊အဲဒီထက်ပြင်းထန်တဲ့စကားလုံးတွေ ရှိသေးလား ခြိမ့်၊ အရင်က ကိုကို့ကြောင့်ပိုင်ဆိုင်ခွင့်ရအောင်လုပ်ခဲ့တယ် ခု ခြိမ့်ကို ကျွန်တော်ချစ်မိလို့ ပိုင်ဆိုင်ချင်တယ်၊ အရင်က အချစ်မပါပေမယ့် ခု ချစ်ခြင်းကြောင့် ပိုင်ဆိုင်ချင်တာ အပြစ်လား၊ ဟိုးတုန်းက မချစ်လို့ ခုလည်း မချစ်ရဘူးဆိုတဲ့ ဥပဒေမျိုးရှိလို့လား ခြိမ့်၊ ခြိမ့်လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကျွန်တော် မင်းတို့သားအမိအနားမှာ အမြဲရှိနေမယ်၊ ခြိမ့် အားကိုးရတဲ့ခင်ပွန်းအဖြစ် အုံးစက်ရာအတူနွှဲခွင့်ရတယ်အထိ ခြိမ့်မကြည်ဖြူလည်း ကျွန်တော် ကြိုးစားနေမှာဘဲ"
မဲမဲမြင်ရာ ရန်းတတ်သော ဒေါသတို့သည် ရင်သွေးနှင့်ဆိုသော အသိကြောင့် ဆင်ရိုင်းတစ်ကောင်ကို ထူးခတ်ထားသလို ချွန်းအုပ်ထားသလို ဖြစ်ခဲ့သည်။
ပါးပြင်လေးကို ငုံ့နမ်းမည်ပြင်ပြီးမှ မနမ်းဖြစ်တော့ပဲ လက်နှင့်အသာထိကိုင်ရင်း သူ ထရပ်လိုက်သည်။ထိုစဥ်...၊
"ခြိမ့်...ဘယ်လိုဖြစ်..ဟင်..."
ပြေးလွှားရောက်လာသည့်ခြေသံနှင့် စိုးရိမ်တကြီးခေါ်သံနောက်မှာ အပြာရောင်ခန်းသီးစလေးလွင့်သွား၏။ပြီးတော့ သုတ်သီးသုတ်ပြာနှင့် ခွန်စေးသာတစ်ယောက် အခန်းတွင်းရောက်လာပြီး သူ့ကို မြင်သွားတော့ မျက်မှောင်ကုတ်သွားကာ...၊
"ရောက်နေတာလား.."
တစ်ယောက်တည်းပြောသလို သူ့ကိုပြောသလိုလိုနှင့်တီးတိုးပြောရင်း ခြိမ့်ခုတင်ဆီလျှောက်လာ၏။
"ခြိမ့် စဥ်းစားထားပါ၊ ကျွန်တော် ခြိမ့်ဆီလာခဲ့မယ်"
နှုတ်ဆက်သလိုပြောပြီး သူမမျက်နှာလေးကို ငေးခနဲကြည့်ပြီးမှ ခွန်စေးသာကို တစ်ချက်ပြုံးပြ၍ အခန်းထဲကနေ ပြန်ထွက်လာခဲ့သည်။
မုန်းပြီးရင် ချစ်သွားတတ်သတဲ့၊ ဒါဟာ သူ လက်ခံသည်။
ချစ်ပြီးမှ သိပ်မုန်းသွားရင်ရော နောက်ထပ်ပြန်ချစ်ဖို့ လွယ်ကူပါ့တော့မလား...။
................................................................
ခုနစ်လလောက်ခြေမချဖြစ်ခဲ့သော အိမ်ကြီးက အရင်အတိုင်း တိတ်ဆိတ်စွာ ကြိုဆိုနေသည်။ လှေကားထစ်တွေကို နင်းဖြတ်ရင်း အတွင်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည်နှင့် ပထမဆုံးကြားလိုက်ရသည်က သမီး၏အသံစာစာလေးတွေ...၊
"ဟင်အင်း...မီးမီးမစားချင်ဘူး၊ ဖေကြီး...မီးမီးဆီလာမယ်တဲ့ ဖေကြီးနဲ့ကျမှ တူတူစားမှာ"
မနေ့က သမီးနဲ့ဖုန်းပြောထားသဖြင့် ဒီနေ့ သူရောက်လာမယ်မှန်းသိနေတာမို့ သမီး ဘွားအေဖြစ်သူကို ဂျီကျနေခြင်းဖြစ်သည်။စက်ာပူမှာရောက်နေသည့် ခုနစ်လလုံးလုံး သမီးနဲ့ ဖုန်းထဲကနေတစ်နေ့မှ စကားပြောဆိုမပျက်ခဲ့ပါ။
"မီးမီး ဖေကြီးကို အရမ်းလွမ်းနေတာ၊ ဖေကြီးလာမှ အာဘွားပေးပြီး တူတူစားမယ်နော် ဘွားဘွား"
သမီးရဲ့စကားသံလေးတွေကြောင့် စိတ်မကောင်းဖြစ်မိသည့်ကြားကနေ ကြည်နူးခြင်းတို့နှင့် သူ နွေးနွေးလေးပြုံးမိ၏။
"သမီးရေ...ဘယ်ရောက်နေလဲဟေ့၊ ဒီမှာ ဖေကြီး ရောက်ပြီ"
ထမင်းစားခန်းဘက်ကို လှမ်းသွားရင်း သူ ခပ်ကျယ်ကျယ်အော်လိုက်သည်။
"ဖေကြီး ပြန်လာပြီ ဘွားဘွား၊ ဖေကြီး..ပြန်လာပြီဟေ့"
ထမင်းစားခန်းထဲကနေ ပြေးထွက်လာသည့် သမီးနှင့် အခန်းဝမှာသွားဆုံသည်။ သူ သမီးကိုယ်လေးကို ဆွဲချီလိုက်ပြီး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို အားပါးတရမွှေးကြူလိုက်မိ၏။
"ဖေကြီးပြီးရင် မီးမီးအလှည့်"
အတတ်မလေးက ထုံစံအတိုင်း သူ့လည်ပင်းကို လက်လေးနှစ်ဖက်နှင့်သိုင်းဖက်၍ ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်နမ်း၏။ပြီးတော့ လက်သေးသေးလက်နှစ်ဖက်နှင့် သူ့ပါးနှစ်ဖက်ကို ညှပ်ကိုင်ကာ မျက်နှာကို သေချာစိုက်ကြည့်၍..၊
"ဖေကြီးကို မီးမီး သတိရနေတာ"
"အဟွန့်...ဟွန့်၊ မိချွဲလေး..သမီးအတွက် အကျီလှလှလေးတွေရော ဖိနပ်တွေရောကစားစရာတွေရော မုန့်တွေရော ပါလာတယ်၊ ဟိုအိတ်ထဲမှာ.."
"ဟေး..ဒါမှ ဖေကြီးကွ"
သူ သမီး ကိုယ်လေးကို အောက်ချပေးလိုက်သည်နှင့် ဧည့်ခန်းဝက အထုပ်တွေဆီ သမီးက ပြေးထွက်သွား၏။
"ဘွားဘွားရေ ဘွားဘွား ဒီမှာ လာကြည့်ပါဦး"
"သားငယ်ပြန်လာမယ်ကြားကတည်းက ချင်းချင်းတို့ ထိန်းမရတော့တာ၊မင်းမလဲ သားရယ် ပြန်လာမယ်ဆို အိမ်ကို အကြောင်းကြားပေါ့၊ ဒီမှာ လာကြိုကြမှာ...ခုတော့ ဘာမပြောညာမပြောနဲ့ကွယ်"
အပြစ်တင်သံတစ်ဝက် စိတ်မကောင်းသံတစ်ဝက်နှင့် ပြောရင်း မေမေ ထမင်းစားခန်းထဲကနေ ထွက်လာ၏။နောက်ကနေ ဖေဖေပါ လိုက်ထွက်လာပြီး..၊
"ဘယ်လိုလဲ သား မစ္စတာဂင်နဲ့ကိစ္စရော အဆင်ပြေခဲ့တယ်မို့လား"
"ပြေပါတယ် ဖေဖေ၊ သူ ထည့်သွင်းချင်တဲ့ ပမာဏက လေးဆယ်ရာခိုင်နှုန်းဆိုတော့ ကိုယ်လိုသူလိုလူတွေကြားမှာ ဒီလောက်ပေးလို့ဘယ်ရမလဲ၊ နှစ်ဆယ်ရာခိုင်နှုန်းနဲ့ ပြေလည်သွားတယ်၊ ဒါတောင် မနည်းညှိနှိုင်းရတာ၊ ဟိုကို မကြာမကြာတော့ သွားရမှာပေါ့"
"အေးပေါ့၊နောက်ဆို ကိုယ်စားလှယ်စီစဥ်ရမှာပေါ့"
ဖေဖေနှင့်သူ ဧည့်ခန်းဆိုဖာမှာ ထောင့်မှန်ကျကျ ထိုင်လိုက်ကြ၏။
"ဘိုးဘိုး...ဘွားဘွား၊ ဒီမှာ မီးမီးအတွက် ကစားစရာတွေရော အကျီလှလှတွေရော မုန့်တွေရော ဖေကြီးဝယ်လာတယ်၊ မီးမီးကို လာကူသယ်ပေးပါဦး ဘိုးဘိုး"
"ဟုတ်လား...ဘွားဘွားအတွက်ရော ဘာပါသေးလဲ သမီး"
သူတို့စကားဝိုင်းပျက်ကာ အထုပ်တွေဘေးမှာ ခုန်ဆွခုန်ဆွနှင့်မြူးနေသည့် ချင်းချင်းဘေးနားကို ဒေါ်မြင့်မိုရ်ခန့် ရောက်သွားကာ..၊
"အထုပ်တွေများလှချည်လား သားငယ်"
"မေမေတို့ဖို့ရော၊ ကိုကိုတို့အတွက်ရော ဝယ်လာတာ၊ဟိုအိတ်နက်ထဲက အိမ်က အလုပ်သမားတွေကို ဝေပေးလိုက်ပါ မေမေ၊တစ်လတည်းဆိုပြီး ဟိုမှာ ခုနစ်လကြာသွားတော့ နည်းနည်းချင်းဝယ်စုထားရင်းနဲ့ ခုလောက်များသွားတာ၊ မေမေ့မြေးကတော့ အများဆုံးပေါ့၊ ဟိုက မိတ်ဆွေတွေ လက်ဆောင်ပေးလိုက်တာတွေလည်း ပါတယ်"
"မိချင်းချင်းတို့အသံချည်းပဲ တစ်အိမ်လုံးကို စီနေတာ၊ဒါတောင် အဖေလုပ်သူက ဒီနေ့မှ ပြန်လာလို့.."
လူမမြင်ရသေးခင် အသံက ရှေ့တော်ပြေးထွက်လာ၏။သူ့မျက်နှာ တင်းသွားကာ လှည့်ကြည့်စရာမရှိဘဲ လှေကားအတိုင်း ဒေါက်ဖိနပ်သံကို စီးချက်ညီညီကြားနေရပြီး...၊
"ဘယ်လိုလဲ နိုင်ငံခြားပြန်လုပ်ငန်းရှင်ကြီး တို့အတွက်ရော ဘာလက်ဆောင်တွေပါလဲ"
သူ မုန်းသည့်ရေမွှေးနံ့ပြင်းပြင်းသည် နှာခေါင်းဝကနေ အောက်ဆီဂျင်နှင့်အတူ ရင်ဘတ်ထဲ တိုးဝင်သွားခဲ့ပြီး မျက်နှာချင်းဆိုင်မှာ သျှင်ယွန်းမြတ်လာထိုင်၏။သူ အတော်အံ့သြသွားရသည်။
တံတောက်ခွက်ကျော်သည့်ဆံပင်နက်နက်တွေနေရာမှာ ရွှေရောင်အခွေအလိပ်လေးတွေက ပခုံးကျော်ရုံနှင့်။ ပိုးအပြောင်သားချိတ်ထဘီတွေနှင့် အမြဲနေတတ်သည့် သျှင်ယွန်းသည် ထဘီစကဒ်အကျပ် ဆွဲသားအကျီအကျပ်လေးနှင့် အရင်ပုံစံနှင့် လုံးဝခြားနားသွားလေပြီ။
ပန်းရောင်ဖျော့ဖျော့ခြောက်ခြောက်လေးသာ ဆိုးနေကြ နှုတ်ခမ်းထက်မှာ ပန်းစီရောင်စိုလက်တောက်နေလေသည်။
"နင်နဲ့ ဒေါ်ကလျာထက်မြက်တို့ အတူတူပြန်လာကြတာဆို၊လုပ်ငန်းတူ ပါတနာတွေဆိုတော့ အိမ်လည်လေးဘာလေး ပါလာမယ်တောင် ထင်နေတာ"
ခနဲ့နေတာလား ရွဲ့နေသလား ရှည်ရှည်ဝေးဝေးစဥ်းစားနေဖို့မလိုတော့ပါ။ ဖေဖေက သတင်းစာကို ကောက်ကိုင်ရင်း သူတို့စကားဝိုင်းထဲ ဝင်မပါချင်သလို လုပ်နေ၏။
"အဟင်း...ဒေါ်ကလျာအကြောင်းတွေသိနေပါလား၊စိန်တိုက်လုပ်ငန်းကနေ ကုမ္ပဏီဘက်ကို ချဲ့ထွင်မလို့လား သျှင်ယွန်း၊ အဲဒါဆိုရင်တော့ အတော်ပဲ.."
သျှင်ယွန်းသည် ဆံပင်တွေကို ကိုင်တွယ်သပ်ချနေရင်း သူ့ကို မျက်လုံးလှန်ကြည့်လာသည်။
"ကိုကိုရော အိမ်မှာ ရှိတယ်မို့လား"
"ရှိတယ် ဒီနေ့ဂျူတီအော့ဖ်ဆိုတော့ အပေါ်မှာ နားနေတယ်၊ ဘာဖြစ်လို့လဲ"
"ဒါဆို ကိုကို့ကို သွားခေါ်လိုက်ပါ သျှင်ယွန်း ငါ စကားပြောစရာရှိလို့"
"ဘာလဲ သားငယ်၊ အရေးကြီးလို့လား"
ဒေါ်မြင့်မိုရ်ခန့် မြေးကို လက်ဆွဲပြီး အနားရောက်လာကာ မေး၏။
"ဟုတ်ကဲ့ ဘဝတစ်ခုလုံးနဲ့သက်ဆိုင်နေတယ် ဆိုပါတော့၊ မေမေလည်း ထိုင်ပါ၊ ကျွန်တော် မိသားစုမျက်နှာစုံညီနဲ့ ပြောချင်လို့"
ဦးပိုင်ဦး သတင်းစာကို စားပွဲပေါ်အသာပြန်ချရင်း သားဖြစ်သူကို အကဲခတ်လိုက်သည်။ ဒီကောင့်မျက်နှာမှာ လေးနက်တည်ကြည်ခြင်းတွေနဲ့။ သားငယ်ဖြစ်ပေမယ့် ကိုယ့်လုပ်ငန်းတွေမှာ မျက်နှာလွှဲရသည်။ လူငယ်ပီပီထက်ထက်မြက်မြက်ရှိသဖြင့် အချို့လုပ်ငန်းတွေဆို သူ့ထက်ပင် ကွက်ကျော်မြင်သေး၏။
ဒါပေမယ့် ခံမပြောနားမထောင်အကျင့်က ဟိုးငယ်ငယ်ကလေးကတည်းက အရိုးစွဲနေသည့် သားငယ်ရဲ့အကျင့်ပင်။ စက်ာပူက လုပ်ငန်းပိုင်းချဲ့ထွင်သည့်အထိ စိတ်ချလက်ချလွှဲအပ်ထားလို့ရနေပေမယ့် ဒီနေ့အထိ သူစိတ်မပါရင် ဘာမှ ခိုင်းလို့မရခဲ့ပါ။သူ စိတ်ပါတာဆို ရေကုန်ရေခန်း အောင်မြင်အောင် ဆောင်ရွက်တတ်ပြီး သူများခိုင်းစေတဲ့ သူစိတ်မပါတဲ့အလုပ်များဆို လှည့်တောင်မကြည့်တတ်သည့် သားငယ်။
စက်ာပူက ပြန်လာတာဘဲ ကြည့်...ဒီကသူတို့ကို ဘာအကြောင်းကြားခဲ့လို့လဲ၊ ညကမှ မြေးလေးကို ဖုန်းဆက်ပြောလို့ မြန်မာပြည်ပြန်ရောက်နေမှန်းသိရခြင်းဖြစ်သည်။
"မျိုးမျိုး...မျိုးမျိုးရေ ဒီမှာ ပစ္စည်းတွေလာသယ်စမ်းပါ"
သိမ်းပိုက်အသံကြောင့် ဦးပိုင်ဦး အတွေးစပြတ်သွားခဲ့သည်။
"သမီး...မမမျိုးနဲ့လိုက်သွား၊ ဖေကြီး မုန့်တွေဝယ်လာတယ်၊ အပေါ်တက်စားနော်၊ မျိုးမျိုး...အဲဒီအထုပ်ကို ယူသွား၊ အထဲက ပစ္စည်းတွေထုတ်ပြီး သမီးစားချင်တဲ့မုန့် ကျွေးလိုက်..အပေါ်ကို ခေါ်သွားတော့သွား"
"ဟုတ်ကဲ့ အစ်ကိုလေး"
"သွား သမီး..မမမျိုးနဲ့မုန့်သွားစား"
သူ့စကားကို နာခံတတ်သည့်သမီးသည် မျိုးမျိုးခေါ်သွားသည့်နောက် ခုန်ပေါက်ကစားရင်း ပါသွား၏။
"ဟော...သားကြီးတို့လာပြီ"
ဒေါ်မြင့်မိုရ်ခန့်က နှုတ်ဆက်သလိုလို၊ သိမ်းပိုက်ကို အသိပေးသလိုလိုနှင့် ပြောပြီး မကြာလိုက် သူရှေ့မှာ တည်ကြည်က မျက်နှာတည်တည်နှင့်ဝင်ထိုင်သည်။စိတ်ဆိုးလို့မဟုတ်ပေမယ့် သူတို့ညီအစ်ကို ခပ်တန်းတန်းဖြစ်သွားခဲ့တာ ကြာလေပြီ။
"အားလုံးစုံပြီဆိုတော့ ကျွန်တော်တောင်းဆိုစရာရှိတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊ ဖေဖေနဲ့မေမေ...ကမ္ဘာကွန်စရက်ရှင်လုပ်ငန်းက ရှယ်ယာတွေကို ကျွန်တော်ပြန်ထုတ်ချင်တယ်၊ နောက်ပြီးတော့ ဆောက်လုပ်ရေးဘက်မှာ ကိုကိုရှယ်ယာထည့်ဝင်ထားတဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုလည်း ကျွန်တော် ပြန်အမ်းချင်တယ်..."
"ဘာကွ..."
"သားငယ် ဘာတွေပြောနေတာလဲ၊ မင်း ဘာတွေလုပ်နေတာလဲ"
"ခဏလေး မေမေ ကျွန်တော်စကားဆုံးအောင်ပြောပါရစေ၊ ကျွန်တော့်ပိုင်ရှယ်ယာကို ပြန်ထုတ်ချင်တယ်ဆိုတာက ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ချင်လို့၊ ကျွန်တော့်နာမည်နဲ့ လုပ်ခဲ့တဲ့ ဆောက်လုပ်ရေးပိုင်းမှာလည်း ဒီအတိုင်းပဲ ကျွန်တော်တစ်ယောက်တည်း သီးသီးသန့်သန့်ဖြစ်ချင်လို့ ကိုကို့ရှယ်ယာကို ပြန်အမ်းချင်တာပါ"
"သြော်...ဟော မင်းက လုပ်ငန်းအားလုံးကိုလက်ဝါးကြီးအုပ်မလို့ပေါ့လေ"
"သားကြီး.."
ဒေါ်မြင့်မိုရ်ခန့် တည်ကြည့်ကို သတိပေးသလို ခေါ်လိုက်၏။
"လက်ဝါးကြီးအုပ်ချင်တယ်လို့ ကိုကိုထင်ရင် မှားနေပြီ၊ ကျွန်တော်က ကိုယ်ပိုင်အစွမ်းအစနဲ့ ကိုယ့်ဘာသာထူထောင်ချင်ရုံပါ၊ မိဘလက်အောက်ကနေ ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ့်အနာဂတ်ကို ကြိုးစားရပ်တည်ချင်တာပါ"
"နေစမ်းပါဦး သားငယ်၊ မင်း ဘာလို့ မေမေတို့လုပ်ငန်းတွေထဲကနေ ခွဲထွက်ချင်ရတာလဲ၊အားလုံး တစ်စုတစ်စည်းတည်းလုပ်နေတာ ဘာအခက်အခဲရှိနေလို့လဲ၊ မေမေ့ကို ပွင့်ပွင့်လင်းလင်းပြော"
သူ ခေါင်းခါလိုက်ရင်း...၊
"အဲဒီလို မဟုတ်ပါဘူး မေမေ"
"ဒါဆို သားငယ်က ဘာဖြစ်လို့ သီးသန့်တည်ထောင်ချင်ရတာလဲ၊ မေမေမွေးထားတာ သားနှစ်ယောက်တည်းရယ်၊ သားကြီးက သူ့လုပ်ငန်းနဲ့သူ မေမေတို့စီးပွားရေးကို စိတ်မဝင်စားဘူး၊ သားတို့ညီအစ်ကိုပဲ ဒီလုပ်ငန်းတွေကို မေမေတို့မရှိတော့တဲ့နောက် ဆက်ပြီးလုပ်ကိုင်သွားရမှာ"
"ဒါတော့ဒါပေါ့ ...ကျွန်တော့်မိသားစုကျွန်တော့်ကလေးတွေရဲ့အနာဂတ်အတွက် ကျွန်တော်ကိုယ့်အစွမ်းအစနဲ့ကိုယ်ကြိုးစားချင်တယ်၊ ကျွန်တော် အသိပေးတောင်းဆိုနေတာပါ၊ စက်ရုံကိစ္စတွေရော အခြားမေမေတို့နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေပါ ကျွန်တော် အားလုံးလွှဲပြောင်းထားခဲ့မှာပါ၊ ကျွန်တော့်မိသားစုအတွက် ကိုယ့်အစွမ်းအစနဲ့ဆက်လျှောက်ပါရစေ မေမေ"
"ချင်းချင်းအတွက် ဘာပူစရာရှိသလဲ၊ မေမေတို့မှာ ဒီမြေးတစ်ယောက်တည်းရှိတာ၊ မင်း အိမ်ထောင်ပြုမယ်ဆိုလည်း မေမေတို့ဆီကနေ ခွဲထွက်သွားစရာမလိုဘူး သားငယ်"
"ကျွန်တော့်ဇနီးကို မေမေတို့အသိအမှတ်မပြု လက်မခံနိုင်ဘဲနဲ့ ကျွန်တော် ဒီအရိပ်မိုးအောက်က ရုန်းထွက်ရမှာပဲ မေမေ၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ခု ခြိမ့်မှာ ကျွန်တော့်ရင်သွေးလေးလွယ်ထားရတယ်၊ ကျွန်တော် ခင်ပွန်းကောင်း ဖခင်ကောင်းပီသစွာနဲ့ သူရှေ့မှာ ရပ်တည်ဖို့ဆုံးဖြတ်ပြီးပြီ"
"ဘာ!..."
"ဘယ်လို...ကလေး ကလေးရှိနေပြီ ဟုတ်လား သိမ်းပိုက်"
ယောကျ်ားသားနှစ်ဦးသည် အံ့သြရုံအပြင်မပိုသော်လည်း ဒေါ်မြင့်မိုရ်ခန့်နှင့်သျှင်ယွန်းမြတ် မျက်စိမျက်နှာတွေ ချက်ချင်းပျက်ကုန်လျက်...၊
"မေမေ ဒီကိစ္စကို အသိအမှတ်မပြုနိုင်ဘူး"
"မြင့်မိုရ်..."
ဦးပိုင်ဦးက ဇနီးဖြစ်သူကို တားဆီး၏။
"ကျွန်တော် ခွင့်တောင်းနေတာ မဟုတ်ဘူးမေမေ၊ အသိပေးနေတာပါ၊ မေမေတို့ အသိအမှတ်မပြုပေမယ့် ခြိမ့်က ကျွန်တော့်ဇနီး ကျွန်တော်ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ရင်သွေးလေးရဲ့မိခင်၊ ကျွန်တော့်မိသားစုအနာဂတ်အတွက် ကိုယ့်ခြေတောက်ပေါ်ကိုယ်ရပ်တည်ပါရစေ၊ ခြိမ့်ကလည်း မွေးဖွားခါနီးနေ့စေ့လစေ့ကြီးနဲ့...ပြီးတော့ သူ ကျွန်တော့်ကို နာကြည်းနေတယ်၊ ခြိမ့်မွေးဖွားပြီးတာနဲ့ ဒီကကိစ္စတွေကို အပြီးသပ်ချင်တယ်"
"ရှယ်ယာလည်း ပြန်ထုတ်မပေးနိုင်ဘူး၊ အဲဒီမိန်းကလေးနဲ့ကလေးကို ငါတို့ အသိအမှတ်လည်း မပြုနိုင်ဘူးဟေ့"
"တော်စမ်း မြင့်မိုရ်၊ မင်း ပါးစပ်ပိတ်ထား...သားငယ်ပြောတာကို ဖေဖေသဘောတူတယ်"
"ရှင်!...ရှင်!..."
ဒေါ်မြင့်မိုရ်ခန့် ဒေါသတကြီးနှင့် ရုတ်တရက် ရန်မတွေ့နိုင်။ ဦးပိုင်ဦး ဒီတစ်ခါတော့ ဇနီးကို အလျော့မပေးနိုင်တော့ပါ။ သားငယ်အတွက် ဖြစ်သင့်ဖြစ်ထိုက်ကို လိုက်လျောလိုက်ခြင်းသာ...၊
နှိုင်းခြိမ့်ခြိမ့်သာဆိုသော မိန်းကလေး၏စရိုက်တွေကို မနှစ်သက်ခဲ့ပေမယ့် ခုချိန်မှာ သူမက ကိုယ့်သားငယ်၏ ဇနီး ကိုယ့်ချွေးမဖြစ်နေပြီ မဟုတ်လား။ပြီးတော့ သားငယ်အတွက် ရင်သွေးရတနာကို လွယ်ပိုးထားသူ။
"မင်းတို့ချင်းပြေလည်အောင် ကြိုးစားပါ၊ သားငယ်ဖြစ်စေချင်သလို ဖေဖေအားလုံးလုပ်ပေးမယ် ဟုတ်လား"
"ကျေးဇူးတင်ပါတယ် ဖေဖေ"
သူ ဖခင်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်သည်။သူ့ဆန္ဒကို ဖေဖေ သဘောတူလက်ခံပေးလို့ တော်သေးသည်။ဝမ်းသာလွန်းသဖြင့် သူ့မျက်နှာထက်က အပြုံးတွေက ဖုံးမရ..၊
"သြော်...သားငယ် မင်းနောက်ထပ် ဝမ်းသာစရာ သတင်းကောင်းရှိသေးတယ်၊ မနေ့ညက မင်းဘွားဘွားဖုန်းဆက်တယ်၊ ဒီနှစ် မင်းဘွားဘွားရဲ့ခုနစ်ဆယ့်ငါးနှစ်ပြည့်မွေးနေ့မှာ မြစ်ရတနာလေးလက်ဆောင်ပေးနိုင်တဲ့ မြေးကို အမွေတွေအားလုံးလွှဲပေးမယ်တဲ့"
"ရှင်!..."
သျှင်ယွန်းနားထဲ ပြင်းထန်စွာပေါက်ကွဲသွားခဲ့ပြီး မျက်စိမျက်နှာ ပျက်သွားသည်။အိမ်ထောင်ကျပြီးကတည်းက အလှအပပျက်မှာစိုးပြီး တမင်ကလေးမယူမိတာ နောင်တရမိ၏။ခုတော့.. ၊
မြစ်လေးမွေးပေးနိုင်တဲ့ မြေးကို အမွေတွေအားလုံးလွှဲပေးမည်တဲ့...။
အပိုင်း(၂၄)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
ဖက်ဖူးစိမ်း