book

Index 22

အပိုင်း(၂၂)

💘မှတစ်ပါး.....အခြားမရှိ💘


ပျားပန်းခတ်နေသည့်ကားတွေကြားမှာ အနက်ရောင်ဖိတ်ဖိတ်တောက်နေသည့် ပြိုင်ကားလေးသည် မြှားတစ်စင်းလို ပြေးလွှားနေ၏။ကားထဲမှာ လူသားနှစ်ဦးရှိနေပေမယ့် စကားသံတွေတိတ်ဆိတ်လျက်...။ ကားမောင်းနေရင်း ရှိန်းတေဇက တစ်ချက်တစ်ချက် လှည့်ကြည့်သည်။ဘာမှတော့ မပြော...။


လေဆိပ်အဆောက်အအုံထဲကနေ ထွက်လာကတည်းက ကားမှန်ကို တစ်ဝက်ချကာ လမ်းတစ်တောက်လျှောက်လုံးကို ငေးလာခဲ့သည်။ ရန်ကုန်မြို့၏ ကားလမ်းတွေနှင့်ကားတွေက အရင်ကအတိုင်း ဘာမှ ထူးခြားသွားခြင်းမရှိပါဘဲ သူ့စိတ်ထဲမှာ ပြောင်းလဲနေတာ ဆန်းကြယ်၏။


ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ ပြန်ခဲ့သည့် ပြန်တော်ပြန်ခရီးတွင် ရှိန်းတစ်ယောက်သာ သူ ဖုန်းဆက်ခဲ့လို့ လာကြိုခြင်းဖြစ်သည်။သွားတုန်းကတော့ တစ်လလောက်ဆိုပြီး ဟိုမှာ ခုနစ်လကြာသွားခဲ့ရတာ ဟိုမှာကုမ္ပဏီရုံးခွဲကိစ္စတွေ မပြီးပြတ်ခဲ့လို့..။မအားလပ်နိုင်သည့် အလုပ်တွေကြားမှာ ဖျတ်ခနဲ ကွက်ခနဲ ထင်းလင်းစွာ ပေါ်လာတတ်ခဲ့တာ ထိုမိန်းမ၏ အပြုံးမျက်နှာ။ ဘဝတစ်ခုလုံးသေဆုံးခဲ့ရပါသော အတိတ်မှ အိပ်မက်ဆိုးတွေကို ယနေ့အထိ မေ့ပျောက်မရခဲ့သလို တစ်သက်လုံး ဖျောက်ဖျက်လို့ရတော့မည်မဟုတ်တာ သေချာသည်။


နာကျင်စွာဟစ်ကြွေးခဲ့ရသော နေ့ရက်တွေတိုင်းမှာ ကမ္ဘာလောကကြီးအပါအဝင် နှိုင်းခြိမ့်ခြိမ့်သာဆိုသော မိန်းမတစ်ယောက်သည် ဥပေက္ခာတရားကြီးကို လက်ကိုင်ထားလေသလား။ရက်စက်မှုနေ့စွဲတွေကို သူဘက်က စတင်ခဲ့တာ မှန်၏။ သို့သော် အဆုံးစွန်ဆုံးအထိ သူ မရက်စက်နိုင်ခဲ့ပါ။ 


ထိုမိန်းမရှေ့မှာ မဟာတံတိုင်းလို မားမားရပ်တည်မည်ဟု ဆုံးဖြတ်ပြီးကာမှ... ၊ ဘယ်သူဘယ်ဝါရယ်လို့ အပြစ်တင်မနေချင်တော့။ ကံကြမ္မာ၏စေစားရာအတိုင်း သူ ပြန်ပေးဆပ်လိုက်ရသည်က ဘဝတစ်ခုလုံး...။ထို့ပြင် သူမ၏မုန်းတီးခြင်းတွေကိုပါ ရရှိခဲ့သည်။ ပြီးတော့ ရက်စက်စိမ်းကားမှုတို့နှင့် ခြေရာဖျောက်သွားသည့် သူမကြောင့် ဆုံးရှုံးမှုတွေသာ အဖတ်တင်ခဲ့၏။


တရိပ်ရိပ်ပြေးနေသည့် ကားတန်းကြားမှာ မြင်မြင်သမျှကို ငေးကြည့်ရင်း မျက်ဝန်းထဲမှာ မမြင်သလိုဖြစ်နေခဲ့သည်။သူမနဲ့ပက်သက်ရင် အနည်မထိုင်သေးသော ရင်သည် သည်နေရာ၊သည်အရပ်ကို ခြေချမိပြီဆိုမှ အံကြိတ်မိလိုက်၊ မျက်မှောင်ကုတ်မိလိုက်နှင့်...၊


"သိမ်းပိုက် ငါဘယ်ကိုမောင်းရမလဲ"


ကားမောင်းနေသည့် ရှိန်းတေဇဆီက အသံထွက်လာ၏။


"တိုက်ခန်းကိုပဲ မောင်း၊ အဲဒီမှာ သိမ်းဆည်းထားတဲ့အရာတွေကို အရင်ကြည့်ချင်သေးလို့"


သူ ပြန်ဖြေရင်း လက်ပိုက်ကို ဖြေလိုက်သည်။အပြင်ရောက်နေသည့်မျက်လုံးတွေကို အရှေ့တည့်တည့်ကို ပြန်ပို့ပြီးမှ...၊


"ဒီကအလုပ်တွေ အခြေအနေရော.."


"လုံးဝအိုကေပါပဲ၊နောက်ထပ် ပရောဂျက်ကိုမင်းပြန်ရောက်မှ အကောင်အထည်ဖော်မယ်တဲ့၊ ဦးခွန်စေးသာကတော့ စျေးကွက်တွေချဲ့ထွင်နေတယ်ကွ၊ ဒီလူကြီးက မလွယ်ဘူး"


"အဟွန့်..."


သူ့နှုတ်ခမ်းမှာ မဲ့ပြုံးတစ်ချက်လက်၏။ဒီနာမည်ပါလာတိုင်း အချစ်တို့နှင့်ပြည့်သိပ်နေသော နှလုံးသားက ဖျစ်ဖျစ်မြည်အောင်နာလာသည်။


"သူ့လမ်းကြောင်းနဲ့သူဆို ကိစ္စမရှိပါဘူး၊ လမ်းချော်လာရင်တော့ ရှင်းထုတ်ပစ်ရမှာဘဲ"


"မင်း သမီးနဲ့စကားပြောဖြစ်သေးလား"


"အင်း...ငါပြန်လာတာ မသိသေးဘူး၊ဒါနဲ့သမီးရော နေထိုင်ကောင်းရဲ့လား ရှိန်း"


တစ်နေ့ကအထိ သမီးနဲ့ ဖုန်းအဆက်အသွယ်မပြတ်ပေမယ့် မနေ့ကတော့ ပြန်ဖို့ကိစ္စတွေရော အလုပ်ကိစ္စတွေရော များကာ ဖုန်းမဆက်ဖြစ်ခဲ့ပါ။


"ကောင်းပါတယ်၊ မင်း သမီးကိုတော့ အတော်ဂရုစိုက်ကြတယ်ကွ၊ ငါ ရောက်သွားတိုင်း မင်းအကြောင်းပဲ မေးနေတာ၊ မင်းတို့သားအဖက လိုက်လည်းလိုက်ပါ့ကွာ၊ မင်းကလည်း သမီးအကြောင်းမပါရင် စကားမပြောတတ်တာနဲ့"


သိမ်းပိုက်တို့သားအဖအကြောင်းကို ရှိန်းတေဇက အတွင်းသိအဆင်းသိ။ ဒီကောင် သူ့သမီးကို တုန်နေအောင်ချစ်ရှာသည်။


"ဒါကတော့ကွာ သမီးက ငါ့ဘဝ၊ငါ့ကမ္ဘာကိုးကွ၊ ပြီးတော့ ငါရဲ့တစ်ဦးတည်းသော မျိုးဆက်သွေးသားဆိုတာ မင်းလည်းသိသားပဲ ရှိန်း"


မျက်မှန်အနက်တပ်ထားသဖြင့် သိမ်းပိုက်မျက်လုံးတွေကို မမြင်ရတော့ မျက်လုံးထဲက အုံဖွဲ့ခြင်းတွေကို အကဲခတ်ရခက်နေသည်။ သို့သော် ဘေးတစ်စောင်းမြင်နေရသည့် မျက်နှာမှာ မေးကြောတွေ တင်းနေလိုက်၊ မျက်ခုံးတွေ တွန့်သွားလိုက်နှင့်မို့ သိမ်းပိုက် ရင်ထဲက ခံစားမှုထုထည်ကို မြင်ယောင်မိ၏။ ထိုအခါ သက်ပြင်းချခြင်းနှင့်သာ အဆုံးသတ်လျက်...၊


"ရောက်မစိုက်ပြောရဦးမယ်၊ မင်းမမ ဒီမှာပဲ ရှိတယ်ကွ၊ အထူးကုဆေးခန်းရှေ့မှာ တစ်ခါမြင်လိုက်ရတာ မပေါ့မပါးကြီးနဲ့"


အပြင်ရောက်နေသည့် မျက်လုံးတွေ စူးရဲကျဥ်းမြောင်းသွားပြီး မျက်မှန်ပါ ချွတ်ပစ်လိုက်ကာ ရှိန်းတေဇမျက်နှာကို စူးစိုက်ကြည့်လိုက်၏။မထူးခြားသည့်စကားကို သူ့နားထဲမှာ ဗုံးတစ်လုံးပေါက်ကွဲမတတ်ဆူညံသွားခဲ့ပြီး...၊


"သူ အိမ်ထောင်တွေဘာတွေများ..."


စကားတစ်ပိုင်းတစ်စနှင့်ရပ်၏။ရှိန်းတေဇက ယာဥ်ကြောရှုပ်နေသည့်ကြား သတိထားမောင်းရင်း ခဏ စကားပြတ်သွားတာကိုပဲ စိတ်မရှည်နိုင်ဖြစ်နေခဲ့သည်။


"ကျစ်!...ယာဥ်ကြောကလည်း ရိုးရာမပျက်ဘူး"


ရှေ့ကားကို ကျော်တက်ရင်း ကားနှစ်စီးကြားထဲ နေရာအတင်းဝင်ယူပြီးမှ ရှိန်းတေဇက စတီယာရင်ကို လက်တစ်ဖက်တည်းထိန်း၍   စိတ်မရှည်သံနှင့်ပြော၏။


"မင်း စောစောက ဘာမေးလိုက်တယ်.."


လှည့်မေးလိုက်သည့် ရှိန်းတေဇမျက်နှာကို စူးစိုက်ကြည့်နေရာမှ သူ အရှေ့စူးစူးဆီ မျက်နှာလွှဲလိုက်ရင်း မျက်ခုံးတွေ တွန့်ကုတ်သွားကာ..၊


"ဘယ်သူလဲ ကိုခွန်စေးသာနဲ့ပဲလား၊သူ လက်ထပ်လိုက်ပြီပေါ့"


 "မင်းမမလား...ဘယ်ကလက်ထပ်ရမှာလဲ.."


"ဘာ!...ခြိမ့် အိမ်ထောင်မပြုသေးဘူး ဟုတ်လား"


"ကျွီ!..."


"ကျွီ!...ဒုန်း.."


ကားတစ်စီးလုံး ရမ်းခါသွားပြီး ဘေးတစ်စောင်းမကျတကျအနေအထားကနေ ဖြတ်တိုက်ခံလိုက်ရခြင်းဖြစ်သည်။ရှိန်းတေဇကားကို အတင်းကွေ့ချပစ်လိုက်သဖြင့် ခါးကနေ အသားလွတ်ဖြတ်တိုက်ခံရမည့် ဘေးကနေ သိီသီလေးလွတ်သွားခဲ့ခြင်းဖြစ်၏။

 

ထောင့်မှန်ကျကျအနေအထားနှင့်ကားနှစ်စီးစလုံးရပ်သွားသည်။   နောက်ကကားတွေဆီကပါ ဖရိုဖရဲအသံတွေ ထွက်ကုန်၏။တစ်ဖက်ကားက လမ်းကြောပေါ် အတင်းဖြတ်ဝင်ရင်း တိုက်ချပစ်လိုက်တာမို့ ယိုင်ထိုးမူးနောက်သွားသည့်ကြားက လူငယ်ပီပီဒေါသက ရှူးခနဲဖြစ်ကာ  ရှိန်းတေဇ ကားတံခါးကို ဒေါသနှင့် ဖွင့်ထွက်သွားပြီး..၊


"တောက်!...ခွေးမသား ကားကို ဘယ်လိုမောင်းနေတာလဲ"


"ဂျိုင်း!.."


တံခါးဆောင့်ပိတ်သံက ပြင်းသလို ကားဘောဒီတစ်ခုလုံး တုန်ခါသွား၏။နောက်ကကားတွေဆီကလည်း ဆဲရေးသံတွေ၊ ဒေါသတကြီးပြောဆိုသံတွေ ထွက်လာသည်။


"ဟေ့ကောင်... မင်း ကားကို ဘယ်လိုမောင်းတာလဲ၊ ဆင်းခဲ့စမ်း.."


"ဗုန်း...ဗုန်း.."


နဖူးမှာ စပ်ဖျင်းဖျင်းဖြစ်နေသဖြင့် လက်နှင့်စမ်းကြည့်လိုက်တော့ စီးထိုင်းထိုင်းသွေးစတွေပါလာသည်။ကြည့်ရတာ စောစောက ဆောင့်မိပြီး နဖူးပေါက်သွားပုံရ၏။ ရှိန်းတေဇ တစ်ဘက်က ကားဘောဒီကို တစ်ဗုန်းဗုန်းထုတော့ အနက်ရောင်ကား၏မှန်ချပ် ရှပ်ခနဲ ကျလာပြီး ကားမောင်းသူနေရာကနေ ဆင်းလာသည့် လူရိပ်ဆီမျက်လုံးရောက်သွားလျှင်..၊


"ခွန်စေးသာ.."


ကားတံခါးဖွင့်ဆင်းရန်ပြင်ပြီးမှ လက်ပြန်ရုတ်ရင်း ကားထဲကနေ အခြေအနေကို ကြည့်နေလိုက်သည်။


"ဦးခွန်စေးသာ...ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ"


ရှိန်းတေဇ ကားထဲကနေဆင်းလာသည့် ခွန်စေးသာကို မြင်လိုက်ရတော့ ပထမအံ့သြသွား၏။အပြာရောင်ရှပ်ပေါ်ကနေ ခဲရောင်ကုတ်ကို သေသပ်စွာဝတ်ဆင်ထားပြီး နက်ပြာထဲမှာ အစင်းရိပ်လေးတွေပါသည့် နက်တိုင်နှင့် ခွန်စေးသာသည် ဘယ်အချိန်ချိန်ဖြစ်ဖြစ် ထည်ဝါခန့်ညားခြင်းများနှင့်..။


"အဲဒီကား အသားလွတ်ဝင်အောင်းတာ၊ မျက်နှာစုတ်ပြတ်သွားအောင် ထိုးပစ်ရမှာ"


အသံတွေ နားထဲဝင်လာတော့ ခွန်စေးသာက စိတ်ရှုပ်ပူပင်သလို မျက်မှောင်ကုတ်ကုတ်နှင့်..၊


"ဆောရီး ကိုရှိန်းတေဇ၊ ကျွန်တော် လောကြီးနေလို့ ဖြစ်သွားတာ ကျွန်တော့်အမှားပါ၊ ကိုရှိန်းတေဇဘာဖြစ်သွားသေးလဲ"


"လူကတော့ ဘာမှမဖြစ်ဘူး၊ ခင်ဗျားဖြစ်နေလို့ပေါ့..မဟုတ်ရင် ကျွန်တော်က အပြတ်ဆော်ပစ်ဖို့ဆင်းလာတာ"


"ကိုလေး...ဘာလုပ်နေတာလဲ"


ရိပ်ခနဲ ကျလာသည့် နောက်မှန်ကနေ ပေါ်လာသည့် မျက်နှာလေးကြောင့် သူ့ မျက်လုံးတွေ ထိုဆီရောက်သွားသည်။ခွန်းစေးသာရော ရှိန်းတေဇပါ သူမဆီ အာရုံရောက်သွားကာ ခွန်စေးသာမျက်နှာက သိသိသာသာပျက်သွား၏။


ခြိမ့်!..၊သူ လွှတ်ခနဲယောင်ခေါ်မိသလို ဖြစ်သွားသည်။ ရင်ထဲ တဒိန်းဒိန်းဆောင့်ခုန်လျက် အလှအပအခြယ်အသမပျက်သော မျက်နှာလေးကို အံ့သြတကြီးငေးကြည့်မိစဥ်..၊


"ကိုရှိန်းတေဇတို့ကျေနပ်တဲ့အထိ ကျွန်တော်ဆောင်ရွက်ပေးပါ့မယ်ဗျာ၊ ဒီကိစ္စမှာ ကျွန်တော်ဘက်က အလွန်ပါ၊ ခုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး၊ အရေးကြီးနေလို့.."


"ခင်ဗျား.."


ရှိန်းတေဇ တားဆီးချိန်မရလိုက်။ ခွန်စေးသာက ကားပေါ်တက်ကာ ကားကို နောက်ဆုတ်ပြီးမှ ကွေ့ဝိုက်လျက်ကျော်ဖြတ်တက်သွား၏။ 


"ဝူး...ကျွီ!.."


"ရှိန်း...မြန်မြန်တက်.."


အနားမှာ ကားရပ်သွားတော့ ရှိန်းတေဇက မျက်လုံးပြူးနှင့် အံ့သြသလိုကြောင်ကြည့်နေတာမို့ ဘေးတံခါးအသင့်ဖွင့်ပေးရင်း ခေါင်းထုတ်ကာ ခေါ်ရသည်။ 


"ဝူး...ထောက်..."


ရှိန်းတေဇ ကားပေါ်ရောက်သည်နှင့် ကားက လေးညှို့ကလွှတ်လိုက်သော မြှားတစ်စင်းလို ထွက်လာသည်။


"သိမ်းပိုက်...စောစောက ခြိမ့်ကွ"


ကားတွေကြားထဲ ကျော်ခွတက်ရင်း သိမ်းပိုက်က ရှေ့ကို လောကြီးနေဟန်နှင့်..၊


"တီ...တီ..တီ.."


စိတ်ရှိတိုင်းမောင်းခွင့်မရတော့ ဟွန်းတွေချည်းဖိတီး၍ စတီယာရင်ကို တဘုန်းဘုန်းထုကာ..၊


"တောက်!.."


တက်တွေခေါက်လိုက် ကားတွေကြားထဲ အတင်းကွေ့ဝိုက်တက်၊ ကျော်ခွတက်မရသည့်အခါ ဟွန်းတွေတီးလိုက်နှင့် သိမ်းပိုက်ကိုကြည့်ပြီး ဘေးမှာထိုင်လိုက်ရတာ ရှိန်းတေဇ မျက်လုံးပြူးလာ၏။


"သိမ်းပိုက်...ငါ ဂျက်လေယာဥ်နဲ့မှားစီးမိသလားကွာ၊တစ်မြို့တည်းနေကြတာ တစ်ချိန်မဟုတ် တစ်ချိန်ဆုံမှာပါ၊ တော်ကြာ ဟိုနေရာတန်းရောက်နေမှ မတွေ့မမြင်လိုက်ရပဲ နေမယ် ဟေ့ကောင်၊ ရှေ့မှာလည်း မျက်ခြေပြတ်နေမှ ကားကို အရှိန်နည်းနည်းလျှော့လိုက်ပါကွာ"


"တောက်!..သေချာတွေ့နေတာတောင် လွတ်သွားရတယ်လို့ကွာ"


ရှေ့က တမျှော်တစ်ခေါ်ကားတန်းကြီးကို ကြည့်ရင်း စတီယာရင်ကိုထုရိုက်နေသည့် သိမ်းပိုက်သည် သူ ပြောတာတွေကိုလည်း နားဝင်ပုံမရှိ..။


ခြိမ့် ပါသွားသည့်ကား မျက်စိရှေ့တွင်ပျောက်သွားသည့်အဖြစ်ကို စိတ်တိုကာ အားမလိုအားမရဟန်နှင့် အံကြိတ်လိုက်၊မျက်မှောင်ကုတ်လိုက်...၊


...................................................................


နာမည်ကြီးအထူးကုဆေးခန်းကြီး၏ အောက်ထပ်တွင်ဖြစ်သည်။ရက်ဆက်ရှင်ရှေ့ရှိ တန်းစီချထားသော ခုံမှာ ဆင်စွယ်ရောင်ဗိုက်ဖုံးအကျီလေးနှင့် ပုံ့ပုံ့လေးထိုင်နေသည့် ခြိမ့်။ရင်စည်းဂါဝန်အကားအောက်က မို့မောက်ဆူပူထွက်နေသည့် ဝမ်းဗိုက်ပူပူလေးကို ညာလက်လေးနှင့် ကိုင်ရင်း သူမနှုတ်ခမ်းမှာ လှပသည့်အပြုံးလေးတွေ တွဲခိုနေလေသည်။


ဒီနေ့ကာကွယ်ဆေးထိုးရက်မို့ ကိုယ်ဝန်လာပြရင်း ကာကွယ်ဆေးထိုးဖို့ စောင့်နေခြင်းဖြစ်၏။ခြိမ့်ကလေးလေးကျန်းမာဖို့အတွက် သတ်မှတ်ထားသည့်အတိုင်း ကာကွယ်ဆေးမှန်မှန်ထိုးနေခဲ့သလို ကိုယ်ဝန်နှင့်ပက်သက်ပြီး ကျန်းမာအောင်နေထိုင်စားသောက်ခဲ့ရတာ။


 ကျန်းမာသန်စွမ်းသည့် ရင်သွေးလေးသည် သူမဝမ်းကြာတိုက်မှာ ခိုဝင်ရင်း တစ်ချက်တစ်ချက် လှုပ်ရှား၏။ဒေါ်ကြီးကတော့"အဲဒါ မွေးခါနီးလို့ ကလေးတိုးတာ"တဲ့။ဟုတ်မှာပါ... ဂျူးဒိတ်က ဒီလထဲမှာ..။နေရထိုင်ရ လေးလာသလို ခြေတွေလက်တွေ မသယ်ချင်သည့် အခါတွေလည်းရှိ၏။


ကိုယ်လက်မအီမသာဖြစ်တိုင်း မျက်နှာတစ်ခုကို ဖျတ်ခနဲ မြင်ယောင်မိသည်။ ထိုအခါ ချစ်ခြင်း မုန်းခြင်း အချိုးညီသော နာကြည်းခြင်းတွေဟာ ရင်ထဲမှာ အနည်ကျကျောက်တွေလို...။ပြီးတော့ လက်ညှိုးထိုး၍ ပြောဆိုသွားခဲ့သော မျက်နှာတွေ..။သူမအတွက်တော့ ထိုယောကျ်ားနှင့်ပက်သက်သမျှအရာရာသည် ဝေဒနာထက်ပို၍ ကင်ဆာလို အမြစ်တွယ်ကြီးထွားလာခဲ့သည်။


 "ဖြည်းဖြည်း...ဒီမှာဖြည်းဖြည်းထိုင် မိန်းမ.."


"ကိုကို ဆေးထိုးရမှာ သက်ကြောက်တယ်၊ နာလည်းနာတယ်"


"မနာပါဘူး မိန်းမရဲ့ ပုရွက်ဆိတ်ကိုက်သလောက်ပါ၊ မထိုးလို့ဘယ်ရမလဲ၊ကာကွယ်ဆေးပုံမှန်ထိုးမှဟောဒီထဲက ကိုကိုတို့ကလေးလေး ကျန်းမာဖွံ့ဖြိုးမှာပေါ့ကွ"


အနားရောက်လာသည့် လူရိပ်တွေနှင့် အသံတွေကြောင့် အတွေးစတွေပြတ်ပြီး မျက်လုံးတွေက သူတို့ဆီ ရောက်သွားသည်။ မစို့မပို့လေးပူနေသော ဗိုက်နှင့် မိန်းကလေးက ရှိလှမှ နှစ်ဆယ်ဝန်းကျင်သာသာ...၊ ယောကျ်ားဖြစ်သူက သူမထက်အသက်ကြီးကာ မိန်းမလုပ်သူနားမှာကပ်ထိုင်ရင်း တယုတယနှင့် ဂရုစိုက်နေသည်။ကိုယ်ဝန်က လေးလလောက်လေးကို အကဲပါနေသည့်စုံတွဲကြောင့် ခြိမ့် မျက်နှာ တစ်ဖက်လွှဲပစ်လိုက်မိ၏။


"သားသားရေ ဒက်ဒီ့ကို လှုပ်ပြပါဦးကွာ၊ ဒက်ဒီနဲ့စကားပြောရအောင်လေ၊လုပ်ပါဦး ဒက်ဒီသားလေးရဲ့"


ခြိမ့်လိုပဲ မွေးဖွားခါနီး ကိုယ်ဝန်ကြီးကော့ပျံနေသည့် မိန်းမဗိုက်နားမှာ မရှက်မကြောက်ငုံ့လျက် ဗိုက်ကို လက်နှင့်ကိုင်၍ စကားတွေ တတွတ်တွတ်ပြောနေသည့် မြင်ကွင်းနှင့်တည့်တည့်တိုးလေသည်။အမျိုးသမီးက ပြုံးရွှင်နေကာ ယောကျ်ားဖြစ်သူနှင့် ကိုယ်ဝန်ကြီးကို ငုံ့မိုးကြည့်နေ၏။မီးယပ်နှင့်သားဖွားရက်ဆက်ရှင်ရှေ့တွင် တစ်ကိုယ်တည်းထိုင်နေသူဆိုလို့ သူမတစ်ယောက်တည်း..။


 ခင်ပွန်းသည်က ကိုယ်ဝန်နှင့်ဇနီးကို အနီးကပ်ဖေးမကာ အားပေးနေသည့် စုံတွဲတွေဆီကနေသူမ နာကြည်းစွာ မျက်နှာတစ်ဖက်လွှဲထားမိသည်။


တစ်လှိုက်လှိုက်တက်လာသည့် ခံစားမှုတို့က မျက်ဝန်းအိမ်မှာ ငွေ့ရည်ဖွဲ့ခြင်းနှင့် ပါးပြင်ပေါ် ကျူးကျော်နယ်ချဲ့လာသည်။ဝမ်းနည်းခြင်းနောက်တွင် ခံပြင်းနာကျင်မှုတို့ တွဲလျက်ဝင်လာပြီး မျက်ရည်စတွေကို လူမမြင်အောင် သုတ်ပစ်မိလျှင်...၊


🎼ကြင်နာသလို မကြင်နာသူ..

နေနိုင်ရက်တဲ့ချစ်သူလေး..

အနိုင်ယူတတ်တဲ့ သူ့စိတ်တွေကိုကွယ်

ကိုယ်မငြိုငြင်ခဲ့ဘူး တကယ်...


လက်ထဲက ကိုင်ထားသည့် ဖုန်းက ရုတ်တရက်ထမြည်လာ၏။ကြည့်လိုက်တော့ ကိုလေးဖုန်းဖြစ်နေသည်။


"ကိုလေး ပြော.."


ခြိမ့် ဖုန်းထူးလိုက်သည်နှင့်..၊


"ခြိမ့်...ဆေးခန်းကို တစ်ယောက်တည်းသွားတယ်ဆို၊ ဘာလို့ ကိုယ့်ကိုမစောင့်တာလဲ၊ ခု ဆေးခန်းမှာလား၊ ကိုယ်ဝန်ကြီးနဲ့ မွေးခါနီး အတင့်ရဲလှချည်လား မိခြိမ့်"


ကိုလေးက တစ်ဖက်ကနေ တောက်လျှောက်ပြောချသွား၏။မျက်ရည်မစင်သေးသည့်ကြားကနေ ခြိမ့်မျက်နှာလေး ပြုံးစိစိဖြစ်သွားကာ..၊


"ဦးလေးထွန်းပါပါတယ် ကိုလေး၊ ခြိမ့်အတွက် ဘာမှ မပူပါနဲ့၊ ဒီလိုပဲ သွားလာနေကြဥစ္စာ၊ ကိုလေး အလုပ်တစ်ဖက်နဲ့ မလာပါနဲ့ သက်သက်အလုပ်ရှုပ်အောင်၊ ခြိမ့် အဆင်ပြေတယ် ကိုလေးရဲ့"


"မွေးခါနီးဖွားခါနီး တစ်ယောက်တည်းသွားလာနေတာ ခက်တယ်မိခြိမ့်ရယ်၊ ညည်းလမ်းမှာ မွေးချင်ရင် ဘယ်လိုလုပ်မလဲ၊ မဖြစ်ပါဘူး...ကာကွယ်ဆေးရော ထိုးပြီးပြီလား"


"အဲတော့လည်း ဘာဖြစ်သေးလဲ၊ ခြိမ့်တို့နာမည်ကြီးသွားတာပေါ့၊ ကိုလေး စိတ်မပူပါနဲ့ ကိုယ့်အလုပ်ကိုယ် ဖြောင့်ဖြောင့်လုပ်ပါ"


"ဒီမှာ အစည်းအဝေးနဲ့ ခုထွက်လာလို့လည်း မရဘူး၊ မိခြိမ့်...အဲဒီမှာပဲနေနော်၊ ဒီက အစည်းအဝေးပြီးတာနဲ့ ကိုယ်လာခေါ်မယ်၊ ဦးလေးထွန်းက ကားထဲမှာ စောင့်နေတာ မို့လား"


"ဟုတ်တယ်...ခြိမ့်တစ်ယောက်တည်းလည်း ဘာအကြောင်းလဲ ကိုလေးရ၊ ကိုယ့်ဘာသာကိုယ်စောင့်ရှောက်နိုင်ပါတယ်၊ ကိုလေးအလုပ်ကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့လုပ်ပါ၊ ဟော...ဆရာမကြီးရောက်လာပြီ၊ ဒါပဲနော် ကိုလေး၊ ပြီးမှ ပြန်ဆက်လိုက်မယ်"


အိုဂျီဒေါ်သက်သက်မာ၏ကား ဆေးခန်းရှေ့မှာ ထိုးဆိုက်လာသဖြင့် ခြိမ့် အမြန်ဖုန်းချလိုက်သည်။ 


ရက်ဆက်ရှင်ရှေ့ကနေ ကိုယ့်အလှည့်ကျလာမည့်အချိန်ကို စောင့်ဆိုင်းရင်း အေးစက်နေသည့်လက်ဖျားလေးတွေကိုပြန်ထွေးဆုပ်ထားမိ၏။ဒီရင်သွေးလေးအတွက် ခြိမ့် သတ္တိရှိမှ ဖြစ်မည်။


ကိုယ့်အလှည့်ကျလာတော့ စမ်းသပ်ခုတင်ပေါ် တုံးလုံးလှဲချလိုက်ပြီး အိုဂျီဒေါ်သက်သက်မာ စမ်းသပ်နေတာကို ရင်တထိတ်ထိတ်နှင့် ငြိမ်သက်နေရသည်။


"ဂျူးဒိတ်က နှစ်ပတ်ပဲ လိုတော့တယ်နော်၊ ရိုးရိုးပဲ မွေးမယ်ပေါ့ ဟုတ်လား"


"ဟုတ်ကဲ့ ခြိမ့် ရိုးရိုးမွေးမှာပါ"


"အင်း ရိုးရိုးမွေးတာလည်း ကောင်းပါတယ်၊ကလေးလည်းကျန်းမာတယ်၊ မွေးခါနီးလာပြီဆိုတော့ ပိုဂရုစိုက်ပါ"


"ခြေတွေလက်တွေလည်း လေးလာတယ်၊ ခြေခုံတွေ နှစ်ရက်သုံးရက်ယောင်ပြီး ခုမှ အယောင်ပြန်ကျသွားတာ"


ခြိမ့် ဖြစ်ပျက်ပြောင်းလဲနေတာတွေ ဒေါက်တာနှင့်ဆွေးနွေးသည်။ ခါးမှာလက်ထောက်လျက် လက်မောင်းကို ဆေးထိုးခံရသည့်အခါ မျက်ရည်ဝဲလုမတတ်​ကြောက်လန့်သည့် ခံစားချက်ကြီးက ဘယ်နှကြိမ်ဖြစ်ဖြစ် ပျောက်ပျက်မသွားခဲ့ပါ။မျက်ရည်စတွေကို ကိုလေးသာ မြင်ရင် အရူးမလေးလို့ ပြောဦးမှာ သေချာသည်။


"ဘုတ်!..."


"အို!.."


မျက်နှာချင်းဆိုင်ကနေ ပြေးလာသည့် ကလေးလေး တိုက်ချသွားသဖြင့် ခြိမ့်လက်ထဲက ဆေးထုပ် အောက်ကို ပြုတ်ကျသွား၏။သုံးနှစ်အရွယ် ကလေးငယ်လေးက လှည့်မကြည့်ပဲ ပြေးထွက်သွားလေပြီ။


"ကျွတ်!..."


ပြုတ်ကျသွားသည့် ဆေးထုပ်ကို ကောက်ယူဖို့ ဒူးညွှတ်လိုက်ပြီးမှ ဗိုက်ကအလွယ်တကူကုန်းမရအောင် ထောက်နေ၏။ဗိုက်ကို လက်တစ်ဖက်နှင့် ထိန်းရင်း ထိုင်မလို့ပြင်လျှင်..၊


"ဟင်.."


မွှေးညှင်းတို့ဖုံးလွှမ်းနေသည့် ဖြူဝင်းသည့် ယောက်ျားလက်တစ်ဖက်သည် ဆေးထုပ်ကို ဖျတ်ခနဲကောက်ယူသွားခဲ့၏။သူမ ထိုင်ချမလို့ငုံ့လိုက်တာမို့ သူမမေးဖျားနှင့် သူ့ခေါင်း မိတ်ဆတ်သွားသည်။


"ခြိမ့်..."


မေးဖျားကို ပွတ်ရင်း ဒေါသတကြီး ရန်တွေ့ဖို့စုဆောင်းထားသည့် စကားလုံးတွေ ပျောက်ရှကုန်သည်။ဆေးထုပ်ကို ကောက်ပြီး ထရပ်လိုက်သည့် မျက်နှာကို နာကြည်းစွာ ကြည့်ရင်း ခြိမ့် လှည့်ထွက်လာခဲ့၏။


"ခြိမ့်..."


"တောက်!..."


မပြေးရုံတမယ် ခြေလှမ်းများနှင့် ဆေးခန်းထဲကနေ ထွက်လာသည့် ခြိမ့် မျက်တောင်ဖျားတို့မှာ မျက်ရည်တို့နှင့် ဝေ့သီစိုလဲ့လာသည်။ နှုတ်ခမ်းသားကို ပြတ်ထွက်လုမတတ်ကိုက်ရင်း ဘယ်သူတွေကြည့်နေတာကိုမှ ဂရုမစိုက်နိုင်ဘဲ မျက်ရည်စတွေက ပါးပြင်ပေါ် တလိမ့်ချင်းပြိုဆင်းလာတာကို လက်နှစ်ဖက်နှင့် သုတ်နေမိရင်း..၊


"မပြေးနဲ့လေ ခြိမ့်၊ လဲမယ်..."


ကိုယ်ဝန်ကြီးနှင့် လျှောက်ထွက်သွားသည့် ခြိမ့်ကို အသည်းတယားယားနှင့်လိုက်ကြည့်ရင်းသူ စိုးရိမ်တကြီး တားဆီးမိသည်။ ပြီးမှ ပတ်ဝန်းကျင်ကို သတိရကာ ပါးစပ်ပိတ်လျက် သူမနောက်ကနေ ထပ်ချပ်မခွာ ပြေးလိုက်ရသည်။ ခြိမ့်က နောက်ကို လှည့်မကြည့်တော့။


"လဲမယ် ခြိမ့်၊ သတိထား.."


သူ့အသံကိုလည်းကြားသည်၊ သူပြေးလိုက်လာတာကိုလည်း သိနေ၏။ သို့သော် ခြိမ့် ခြေလှမ်းတွေ မရပ်ခဲ့ပါ။ မျက်ရည်ကြောင့်လား၊ အကွာအဝေးကြောင့်လား မသဲကွဲသော်လည်း သူမရှေ့မှာ မြင်မြင်သမျှသည် ဝေဝါးနေလေသည်။ကားတွေတန်းစီရပ်ထားသည့်ဘက်ကို မဟုတ်ဘဲ လမ်းအတိုင်းလျှောက်လာသည့် သူမအဖြစ်ကိုလည်း သတိမထားမိ။


 မျက်ရည်စက်တို့သည် ပါးပြင်ပေါ် အတားအဆီးမဲ့ ခုန်ပေါက်စီးဆင်းနေသည်။ရင်ထဲမှာ စူးအောင့်နာကျင်နေခဲ့ပြီး ပလက်ဖောင်းအတိုင်းလျှောက်လာရင်း ခြေလှမ်းတွေ သိသိသာသာနှေးကျသွားလျက် မျက်လုံးတွေ ပြာဝေလာခဲ့ပြီး...၊


"ဟာ!...ခြိမ့်..."


စိုးရိမ်တကြီးအသံနှင့်အတူ နွေးထွေးရင်းနှီးနေသည့် ရင်ခွင်ထဲ ပြိုလဲကျသွားခဲ့ပြီး ခြိမ့်ကို သူ ပွေ့လိုက်တာ သိလိုက်၏။


အသိနှင့်သတိတရားတွေ ကိုယ်နှင့်ကင်းကွာသွားခဲ့ပြီး မသိစိတ်တွေက ငြင်းဆန်လျက် သူမ မုန်းပါသည်ဆိုသော ယောကျ်ား၏ရင်ခွင်ထဲတွင်...၊


အပိုင်း(၂၃)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: