💘မှတစ်ပါး.....အခြားမရှိ💘
အရောင်အသွေးစုံသည့် ဂန္ဓမာပန်းခင်းကြီးက ပန်းပင်လယ်ကြီးလို အရပ်မျက်နှာလေးဘက်စလုံးအပြည့်..။လိပ်ပြာလေးတွေ ပျံဝဲနေသလို ငှက်ကလေးတွေ ဝဲပျံနေသည့် မြင်ကွင်းသည် စိတ်ကူးယဥ်ပန်းချီကားတစ်ချပ်ထဲ ရောက်နေသလိုဖြစ်နေသည်။
သို့သော် သူမ လက်လေးတွေ၏အထိအတွေ့သည် နူးညံ့သည့် ပန်းပွင့်ချပ်လေးတွေ၊ ပန်းရွက်ကလေးတွေ ပြီးတော့ အဖူးအငုံလေးတွေ ဝေဝေဆာဆာနှင့် ရိုးတံလေးတွေပေါ် ပြေးလွှားနေခဲ့သည်။မိုးပြာရောင်ဖျော့ဖျော့ဂါဝန်အကားလေးက ခြေသလုံးတစ်ပတ်နှင့်၊ ဂါဝန်စလေးကို ဘယ်လက်က ကိုင်ရင်း ကျန်ညာလက်က ပန်းပွင့်လေးတွေကို ထိတွေ့ကာ တစ်မျှော်တစ်ခေါ်ပန်းခင်းကြီးနှင့် အပြာရောင်မိုးကုတ်စက်ဝိုင်းအောက်မှာ လိပ်ပြာမလေးတစ်ကောင်လို မြူးတူးပျော်ပါးလျက်...။
"အဟင်း...ဟင်း..."
အရွယ်ရိုင်းအပျိုမလေးတစ်ယောက်လို ခြိမ့် ရယ်သံလေးတွေကို တသွဲ့သွဲ့လေညင်းတို့က သယ်ဆောင်သွား၏။ပခုံးသာသာဆံပင်လေးတွေက လေတိုက်သည့်အတိုင်း နောက်မှာ လွတ်လပ်စွာ ဝဲဖြာနေခဲ့သည်။
"ခြိမ့်!..."
ဟင်!...၊ ရင်းနှီးနေသည့် အသံက ဟိုးအဝေးကြီးကနေ ပဲ့တင်ထပ်လာ၏။
"ခြိမ့်...ကျွန်တော် ဒီဘက်မှာ ခြိမ့်"
ခေါင်းလေးဘယ်ညာရမ်းခါသွားပေမယ့် ခြိမ့်ကို ခေါ်နေသည့် အသံရှင်၏အရိပ်အယောင်လေးတောင် မမြင်။အသံသည် အသံပဲ ဖြစ်ကာ သေချာနားထောင်ကြည့်လိုက်ပြန်တော့ လေတိုးသံတွေသာ တဝီဝီကြားနေရခြင်းဖြစ်သည်။ပန်းခင်းကြီးအလယ်မှာ ခြိမ့် တစ်ယောက်တည်းသာ...၊
"ခြိမ့်!.."
"ဟင်.."
ရင်းနှီးနွေးထွေးသော ရင်ခွင်တစ်ခုထဲ ရောက်သွားခဲ့ပြီး...၊
"ချစ်တယ်.."
"အို..."
နားသယ်စပ်လေးကို လေငွေ့သာသာလေး ထိတွေ့သွားသော ချစ်စကားသံချိုချို၏နောက်တွင် လည်ကုပ်လေးမှာ ပူနွေးသည့်နှုတ်ခမ်းတစ်စုံ နွေးခနဲ ထိတွေ့သွား၏။ရောင်စုံလိပ်ပြာလေးတွေ ပန်းဝတ်ရည်လေးတွေ စိတ်ကြိုက်စုပ်ယူသောက်သုံးနေကြ၏။
"အို...သိမ်းပိုက်.."
လေပြည်လေညင်းတွေ သုတ်ယူဆော့ကစားသဖြင့် ပန်းခင်းကြီး ယိမ်းနွဲ့လှုပ်ရှားသွားသလို ခြိမ့် ရင်ထဲ တလှပ်လှပ်ဖိုသွားသည်။နားသယ်စပ်လေးကနေ ပါးပြင်မွတ်မွတ်ဆီ သူ့အနမ်းတွေ ရွရွလေးရွေ့လျားသွားလျှင် ခြိမ့်နှလုံးသားလေး ယိမ်းနွဲ့၍လှုပ်ခါသွား၏။
"ခြိမ့်ရယ် ချစ်လိုက်ရတာ.."
ခြိမ့် နှလုံးသားလေး ဗရမ်းဗတာဖြစ်လျက် ရင်ထဲမှာ တလှပ်လှပ် တငြိမ့်ငြိမ့်ပျော်ဝင်စီးမျောသွားသည်။ခြိမ့်လည်း ချစ်တယ်လို့ တိုးတိုးလေးငြီးတွားလိုက်တာကို သူ ကြားသွားသည်ထင်ရဲ့ ခပ်လွင်လွင်ရယ်မောသံလေးထွက်လာပြီး သူမတစ်ကိုယ်လုံးကို တယုတယလေးသိမ်းပွေ့၏။ပြီးတော့ နှုတ်ခမ်းလေးကို နောက်ကနေ မထိတထိလေးငုံနမ်းလျှင် လေညင်းတို့ တသုန်သုန်မြူးသည့် ပန်းတောထဲ၌ အချစ်သံစဥ်တွေ အထပ်ထပ်ရင့်ကျူးသွားခဲ့သည်။
တိတ်တခိုးစွဲလမ်းတမ်းတခဲ့ရပါသော ဤရင်ခွင်၊ မွှေးပျံ့ချိုရှသော ကိုယ်သင်းနံ့၊ စီးကရက်နံ့လို ရနံ့တစ်မျိုးစွဲထင်နေပါသော နှုတ်ခမ်း၊ ကြည်လင်ပြတ်သားသော စကားသံ အို..အားလုံးဟာ ခြိမ့် စိတ်ထဲ၊နှလုံးသားထဲ စွဲထင်နေခဲ့သော သူရဲ့ပုံရိပ်တွေမဟုတ်လား။
လက်လေးတွေကို တယုတယဆုပ်ထွေးရင်း ခြိမ့်ရဲ့ဗိုက်လေးမှာ ညင်ညင်သာသာလေးပွေ့ဖက်လျှင်...၊
အို...၊ ရှက်ရိပ်ဝဲဝဲနှင့် ရင်ခုန်သံတွေ မြန်ဆန်ရပြန်၏။
"ချစ်စရာကောင်းတဲ့ ကလေးလေးနှစ်ယောက် တစ်ပြိုင်တည်းလိုချင်တယ်ကွာ"
"အဟင်း...သိမ်းပိုက် တကယ်လိုချင်တာလား"
"သားသားလေးတစ်ယောက်မီးမီးလေးတစ်ယောက်ရရင် ကျေနပ်ပြီ"
"တစ်ပြိုင်တည်းမွေးပေးရင် သူ ထိန်းနိုင်မှာမို့လို့လား"
"ဘာလို့မထိန်းနိုင်ရမှာလဲ ကိုယ့်သားသမီးပဲကွာ၊ ဘယ်နှယောက်လာလာ အသင့်ပဲ"
ရယ်ကျဲကျဲနှင့် မျက်နှာကြီး ငုံ့ကျလာလျှင်...၊
"သွား.."
ခြိမ့် မြူးမြူးလေးရယ်ရင်း ရင်ခွင်ထဲကနေ ရုန်းကာ ပြေးထွက်လာခဲ့၏။
"ခြိမ့်..."
လိပ်ပြာလေးတွေ မြူးတူးပျော်ပါးသလို သူမ ပန်းခင်းကြီးထဲမှာ ပြေးလွှားနေခဲ့သည်။ ခြိမ့်နောက်ကနေ ပြေးလိုက်လာသော သူ့ဆီက ရယ်သံတွေနှင့် သူမ ရယ်သံလေးတွေညံစီနေခဲ့၏။
"သိမ်းပိုက်...ခြိမ့်ကို မိအောင်ဖမ်းနိုင်ရင် လိုချင်တာပေးမယ်၊ အဟင်း..ဟင်း...မိအောင်ဖမ်းနော်"
"မပြေးနဲ့လေ ခြိမ့်..."
သူရဲ့တားဆီးသံကို ဂရုမစိုက်ဘဲ ဂါဝန်လေးလွင့်ခါနေအောင် ကြည်စယ်ပြေးလွှားနေလျှင်..၊
"မပြေးနဲ့လေ ခြိမ့်...ဟိတ်....အရမ်းမပြေးနဲ့ဆို.."
"အဟင်း...ဟင်း..."
"ခြိမ့်!..."
"ဒုန်း!...."
မိုးကြိုးသံအလား ပြင်းထန်သည့် အသံကြီးက ခြိမ့် နောက်ဘက်က ထွက်ပေါ်လာခြင်းဖြစ်၏။ပြေးနေသည့် ခြေလှမ်းတွေ နေရာမှာ ကျောက်ချရပ်တန့်လျက် လှည့်ကြည့်မိသည့်နောက် ပတ်ဝန်းကျင်သည် အရာရာပြောင်းပြန်ဖြစ်နေခဲ့သည်။
ခြိမ့် ရောက်နေတာက ပန်းခင်းကြီးအလယ် မဟုတ်တော့ဘဲ လမ်းမကြီးတစ်ခုပေါ်မှာ..။ရောင်စုံအသွေးစုံပန်းတွေအစား မည်းနက်ပြောင်လက်နေသည့် ကတ္တရာလမ်းမကြီးထက်မှာ သွေးသံတရဲရဲကြားလူးလွန့်နေသည့် လူတစ်ယောက်..။
အဖြူရောင်အကျီတစ်ခုလုံး သွေးတွေရဲနေအောင် စွန်းထင်းလျက် သွေးအလိမ့်လိမ့်နှင့် မျက်နှာကို မြင်လိုက်ရချိန် ခဏ...၊
"အား!...သိမ်းပိုက်"
"ခြိမ့်...ခြိမ့် ဘာဖြစ်တာလဲ"
စူးစူးရှရှအော်လိုက်သံကြောင့် ခွန်စေးသာ အခန်းထဲ ပြေးလွှားရောက်လာတော့ ခြိမ့်တစ်ယောက် ခေါင်းအုံးထက်မှာ ခေါင်းတစ်ခါခါနှင့် အော်ဟစ်ရုန်းကန်နေသည်ကို မြင်လိုက်ရ၏။
"သိမ်းပိုက်....သွေး သွေးတွေ...အား.."
ဇောချွေးတွေ တစ်ကိုယ်လုံးနင့်လျက် ရုန်းရင်းဆန်ခတ်ဖြစ်နေပုံက အိပ်မက်ဆိုးတစ်ခုခုမက်နေပုံမျိုး။
"ခြိမ့်...ညီမလေး သတိထားဦးလေ၊ ကိုယ်ရှိတယ်လေ ခြိမ့်...ဟိတ်"
"အား!..."
ခုတင်တစ်ဖက်စွန်းမှာထိုင်ပြီး လှုပ်နှိုးလိုက်မှ အသံနက်ကြီးနှင့်အော်၍ ငေါက်ခနဲ ထထိုင်လျက်...၊
"ကိုလေး..ကိုလေး.."
မျက်လုံးလေးတွေ ပြူးကျယ်ဝိုင်းစက်လျက် တတွတ်တွတ်ခေါ်ကာ ရင်ခွင်ထဲကို အတင်းတိုးဝင်၏။ခွန်စေးသာ ချွေးတွေစိုရွဲကာ တုန်ခါနေသည့် ကိုယ်လေးကို အသာပွေ့ဖက်ရင်း...၊
"ကိုလေးရှိတယ်၊ နေဦး ရေသောက်လိုက်.."
"ဟင်အင်း..."
စားပွဲပေါ်က ရေချိုင့်ကို ထယူမလို့ကို ခြိမ့်က အတင်းဆွဲဖက်ထားကာ...၊
"သူ...သူ သေပြီ၊ ကိုလေး သူသေပြီ ဟီး...ဟင့်...ဟင့်.."
"ဘယ်သူလဲ...ဟာ မငိုနဲ့လေ"
ကိုယ်လေးတသိမ့်သိမ့်တုန်ခါနေအောင် ငိုရှိုက်နေသည့် ခြိမ့်..။
"သူ့ကိုကားတိုက်သွားတာ၊ သွေးတွေ သွေးတွေ အများကြီးပဲ သူ သေသွားပြီ၊ဟင့်...ဟင့်.."
"အိပ်မက်ဆိုးတွေမက်နေတာပါ၊ ကိုယ်ရေခပ်ပေးမယ်...ရေသောက်လိုက်နော်"
သူ ထရပ်ပြီး ရေချိုင့်ထဲက ရေတစ်ခွက်ခပ်ပေးလိုက်သည်။ ခြိမ့်က ခုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်ပြီး အခန်းတွင်းကို ကြောင်စီစီလေးကြည့်၏။ ပြီးတော့ သူ ကမ်းပေးသည့် ရေတစ်ခွက်လုံးကို ယူသောက်ပစ်လိုက်ကာ...၊
"ခြိမ့် အိပ်မက်မက်နေတာလား"
"အင်း...စာကြည့်ခန်းထဲကနေ ခြိမ့်အသံကြားလို့ပြေးလာတာ၊ ချွေးတွေလည်း နင့်လို့ပါလား"
ချွေးသီးချွေးပေါက်တွေကျနေသည့် မျက်နှာနှင့်လည်ပင်းတစ်လျှောက်ကို သူကိုယ်တိုင် သဘတ်နှင့် တို့သုတ်ပေးလိုက်သည်။ခြိမ့်က ငြိမ်သက်လျက် တစ်နေရာတည်းကို စူးစူးစိုက်စိုက်လေးကြည့်နေကာ မျက်နှာလေးတစ်ခုလုံးသွေးစုပ်ဖြူရော်နေလျက်..။
"အိပ်မက်ဆိုတာ သွေးလေခြောက်ခြားရင် ဒီလိုပဲ မက်တတ်ပါတယ်၊ ကိုယ် စောင့်ပေးရမလား"
"ဟင်အင်း...ရတယ်ကိုလေး၊ ခြိမ့် အိပ်ရဲပါတယ်"
သူ့လက်ထဲက သဘတ်ကို ဆွဲယူပြီး ခြိမ့်က တိုးတိုးဖွဖွဆို၏။စောစောကလိုမဟုတ်တော့ပဲ တည်တည်ငြိမ်ငြိမ်လေးပြန်ဖြစ်သွားသည့် ခြိမ့်မျက်နှာကိုငေးကြည့်ရင်း သူ သက်ပြင်းခိုးရှိုက်မိသည်။
"ပြန်အိပ်တော့ ဟိုမှာ ဒေါ်ကြီးတောင် နိုးလာပြီ"
"ကလေး ဘာဖြစ်တာလဲ"
အိမ်တော်ထိန်းဒေါ်ကြီး တံခါးဝမှာ လာရပ်သဖြင့် ခွန်စေးသာကမြင်သွားပြီး ခြိမ့်ကို ခုတင်ပေါ် အသာပြန်လှဲစေလိုက်သည်။
"အိပ်မက်တွေ မက်ပြီးလန့်အော်တာပါ၊ ဒေါ်ကြီး သွားအိပ်တော့လေ"
"ကလေးကိုယ်မှာ ချွေးတွေနဲ့ အကျီလဲလိုက်ပါလားကွဲ့၊ ဒေါ်ကြီးလည်း အသံတွေကြားလို့ထလာတာ"
"နေပါစေ ဒေါ်ကြီး မလဲတော့ဘူး၊ ကိုလေးလည်း သွားအိပ်တော့လေ မနက်စောစောကုမ္ပဏီသွားရဦးမယ်မို့လား"
စောင်ကို ရင်ဘတ်ပေါ်အထိဆွဲခြုံပေးလိုက်တော့ ခြိမ့်က ခပ်တိုးတိုးနှင်၏။
"ဒါဆို ကိုယ်ဟိုဘက်ခန်းမှာ ရှိမယ်"
သူမက ခေါင်းလေးညိတ်ပြသည်။ဒေါ်ကြီးကတော့ သူတို့နှစ်ယောက်ကို ပြုံးကြည့်ပြီး ပြန်ထွက်သွားလေသည်။
"အိပ်တော့ မီးပိတ်ခဲ့ရမလား"
"ဟင်အင်း...ဒီအတိုင်းထားလိုက်ပါ၊ ကိုလေးလည်း သွားတော့လေ"
"အေးပါဟ...နောက်မှ အသံပြဲနဲ့မအော်နဲ့ ကြားလား...ခွေးမလေး"
နဖူးလေးကို သာသာလေးထုပြီး အခန်းထဲကနေ ပြန်ထွက်လာခဲ့သည်။ တံခါးကို ဆွဲပိတ်ရင်း ခုတင်ပေါ်ကို ချောင်းကြည့်လိုက်တော့ ကိုယ်လေးလှုပ်နေသည့် ခြိမ့်။တံခါးဝကနေ ချောင်းကြည့်ရင်း သူ ခေါင်းခါမိသည်။
အသံမထွက်အောင် ကျိတ်ငိုနေသော်လည်း ကျောပြင်လေးလှုပ်ကာ တစ်ချက်တစ်ချက် ရှိုက်သံလေးထွက်နေ၏။ခြိမ့်ရင်ထဲမှာ ငြိတွယ်နေသည့် ဝေဒနာအတိမ်အနက်ကို ရေရေရာရာမသိသော်လည်း ရိပ်မိတန်သလောက် ရိပ်မိနေခဲ့ပါရဲ့။
မမြင်နိုင်သော ဒဏ်ရာတွေ ငြိတွယ်မနေစေချင်ပါ။ခုချိန်မှာ ခြိမ့် စိတ်ချမ်းသာဖို့သာ အဓိကမဟုတ်လား။
ရှိုက်သံလေးတွေ တဖြည်းဖြည်းကျဲသွားလျက် နောက်ဆုံးလုံးဝ ငြိမ်သက်တိတ်ဆိတ်သွားမှ စိတ်အေးသွားရပြီး တံခါးကို အသာစေ့ပိတ်၍ အခန်းရှေ့ကနေ ထွက်ခွာခဲ့ရ၏။
...............................................................
မစို့မပို့လေးပူနေသည့် ဝမ်းဗိုက်လေးကို မှန်ထဲကနေ ကြည့်ရင်း သာသာလေးပွတ်သပ်နေမိသည်။ခြိမ့် ဝတ်ထားသည့် ဂါဝန်အသားရောင်လေးက ရင်ပြတ်ဂါဝန် အောက်ပိုင်းက အကားပုံလေးမို့ နေရတာ သက်သောင့်သက်သာရှိပါ၏။
ကံကြမ္မာသည် ခြိမ့်ကို လုံးဝ မျက်နှာသာမပေးတော့သလား မသိ။ခြိမ့် နာကျင်ရ၊ ကြေကွဲခံစားခဲ့ရသလောက် တန်ပြန်ခံစားမှုမျိုး မခံစားရသလား။ အဝေးဆုံးကို ပြေးထွက်သွားချင်ပါသော်လည်း သူ ချည်နှောင်ခဲ့ပါသော ကြိုးက အသင့်ရှိနေခဲ့လေပြီ။
ကိုလေး သိသွားရင် ဘာပြောမလဲ။ အပြစ်တင်ဆူမာန်လည်း ခံလိုက်ရုံအပြင်မရှိ။ဒက်ဒီဆီကိုတော့ တစ်သက်လုံးမပြန်ဘူးလို့ ဆုံးဖြတ်ထားသည်။ထွက်လာကတည်းက တတ်နိုင်သမျှ သူ့အကြောင်းတွေကို နာကြည်းစွာ မေ့ဖျောက်ထားခဲ့တာမို့ ဘာသတင်းမှ မကြားရ၊ မမြင်ရခြင်းဖြစ်၏။
ဒက်ဒီလည်း ကိုလေးဆီရောက်နေတာကို သိခဲ့ရင်တောင် လာခေါ်မှာ မဟုတ်။ ထို့ကြောင့် ဤအရပ်သည် အချိန်အတိုင်းအတာတစ်ခုအထိတော့ ခြိမ့်အတွက် အသင့်တော်ဆုံးနေရာတစ်ခုပင်။
ထမင်းစားခန်းထဲ ဝင်လာပြီးမှ ဒီနေ့ ကိုလေးအိမ်မှာ မရှိတာကို သွားသတိရမိသည်။ အရေးကြီးအစည်းအဝေးရှိလို့ ဒီနေ့နေ့လည်စာကို အိမ်မှာ ပြန်မစားဘူးလို့ မနက်ကတည်းက မှာသွားခဲ့သည်ဘဲ။
"မိန်းကလေး ထမင်းစားတော့မလား"
"ဟုတ်...ဒေါ်ကြီး"
"လူလေးတော့ ဒီနေ့ပြန်မလာဘူး"
"ခြိမ့်ကို မနက်က ပြောသွားပါတယ်"
စကားပြောရင်းဒေါ်ကြီးက ခြိမ့်အတွက် ထမင်းထည့်ပေး၏။
"ဒီမှာ ကလေးကြိုက်တဲ့ ပုစွန်ထုပ်"
"ဟင်..."
ပုစွန်ထုပ်ပန်းကန်ကို အနားရွှေ့အပေးမှာ ဟင်းနံ့က နှာခေါင်းထဲ စူးစူးရှရှတိုးဝင်လာလျှင်...၊
"ကလေး ဘာဖြစ်တာလဲ"
ဒေါ်ကြီးက ခြိမ့်ကို ကြည့်ပြီး အလန့်တကြားမေး၏။ သူမ ဘာမှ ပြန်မပြောနိုင်...၊ ပါးစပ်ကို လက်ဝါးနှင့်ပိတ်ပြီး ဘေစင်ဆီ ထပြေးလာပြီး...၊
"အေ့...ဝေါ့...ဝေါ့.."
ဘာမှ စားမထားဘဲ လေတွေချည်း တဝေါဝေါထိုးအန်နေသည်။ သို့သော် ခြိမ့် ရင်ထဲ ရှင်းပြီး သက်သာသွားတယ်လို့ မရှိ။အန်ပြီးရင်း အန်ချင်နေရာ...ဒေါ်ကြီးက နောက်ကနေ ကျောလေးကို လာဖိပေးရင်း...၊
"ကလေး ...ဒေါ်ကြီး လူလေးကို ဖုန်းဆက်လိုက်ရမလား"
ခြိမ့် လက်ကာပြရင်း ဘေစင်မှာ လက်ထောက်ကာ အားယူ၍ခါးပြန်မတ်လိုက်သည်။ ရင်ထဲမှာ မအီမသာနှင့် အသက်ကို မနည်းရှူနေရသည်။
"မျက်နှာလေးလည်းချောင်လို့..ကလေးကြည့်ရတာ ဟိုဥစ္စာများလား.."
ခြိမ့် ခေါင်းခါမိသည်။ရေခံပြီး ပလုတ်ကျင်းရင်း ရင်ထဲ တလှပ်လှပ်ခံစားချက်ကြီးက ဘယ်လိုမှ ပျောက်မသွားခဲ့ဘဲ..၊
"ကလေး.."
ကျောခိုင်းပြီး လှည့်အထွက် လူကမိုက်ခနဲဖြစ်သွားပြီး မျက်လုံးတွေ ပြာဝေကာ အသိတရားတွေ သူမခန္ဓာကိုယ်ထဲကနေ ပြေးထွက်သွားလေတော့သည်။
.................................................................
"ခု ဘယ်လိုလုပ်မယ် စိတ်ကူးထားသလဲ မိခြိမ့်"
ခြိမ့် ခုတင်ဘေးမှာ ခါးထောက်ရပ်ရင်း ခွန်စေးသာမျက်နှာက မှုန်အစ်အစ်။မျက်ခုံးထူထူကြီးတွေ တွန့်ချိုးလျက် တစ်စုံတစ်ခုကို အလေးအနက်တွေးတောနေဟန်နှင့် ရှေ့တိုးလာပြီး..၊
"ဒီပြဿနာက ပေါ့သေးသေးမဟုတ်ဘူးနော်၊ကလေးအဖေက ဘယ်သူလဲ၊ တည်ကြည်ခန့်ညားလို့တော့ မပြောနဲ့"
ခွန်စေးသာက ရိုက်ပစ်ချင်နေသော ရုပ်နှင့် ခြိမ့်ကို အားမလိုအားမရဖြစ်နေသည်။
"ဒီအချိန်မှာ ဒါတွေလာမေးတော့ရော ဘာထူးမှာလဲ၊ ကလေးအဖေဆိုတာ ခြိမ့်အတွက် အရေးမကြီးဘူး ကိုလေး၊ဒီကလေးကို ခြိမ့်တစ်ယောက်တည်း မွေးနိုင်တယ်"
"ဘာ!...ဘယ်လိုပြောလိုက်တာလဲ မိခြိမ့်"
ဒေါသနှင့်ပခုံးကို ဆွဲကိုင်ပြီးမှ သတိတရနှင့် ပြန်လွှတ်လိုက်ပေမယ့် သူ မျက်နှာကြီးနီရဲနေလေသည်။
"အဖေမရှိပဲ ကလေးမွေးမယ်ပေါ့ ဟုတ်လား၊ မိခြိမ့် ဒါဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ"
"ဘာရှက်စရာရှိသလဲ"
ခြိမ့်က လဲလျောင်းနေရာမှ အသာထထိုင်လိုက်ရင်း..၊
"ဘာမှ ရှက်နေစရာမရှိဘူး ကိုလေး၊ စာရိတ္တဖောက်ပြန်လို့ဖြစ်ပျက်ခဲ့တာလည်း မဟုတ်ဘူး၊ ကလေးအဖေဆိုတာကို ခြိမ့်ကြားလည်းမကြားချင်ဘူး၊ သူ့ကို ခြိမ့် မုန်းတယ်...အရမ်းမုန်းတယ်၊ ဒီကလေးက ခြိမ့်ကလေး ခြိမ်ရဲ့အသွေးအသား ဘယ်သူနဲ့မှ မဆိုင်ဘူး၊ ခြိမ့်တစ်ယောက်တည်းပဲ ပိုင်တယ်..ခြိမ့်ရင်သွေးကို ကိုယ့်ဘာသာမွေးမယ်၊ အဖေဆိုတာ ခြိမ့်ရင်သွေးအတွက် မလိုအပ်ဘူး ကိုလေး"
"ဟ...နင်ပတ်ဝန်းကျင်ကို ဂရုမစိုက်လို့ရမလား၊လူဆိုတာ လူ့ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းနဲ့နေတာမျိုး၊ အဖေမရှိဘဲ ကလေးမွေးရင် နင့်ကို ဘာပြောကြမလဲ"
ပြောဆိုမကောင်းသည့် ခြိမ့်ကိုပဲ မနာမကျင်ရိုက်ပစ်ချင်တော့၏။ ဒီအခြေအနေအထိဖြစ်လာတာကို သတ်ပစ်ချင်လောက်အောင်ဒေါသဖြစ်ပေမယ့် တစ်ဖက်ကလည်း အပြစ်မဲ့တဲ့ကလေးအတွက် စိတ်မကောင်းနိုင်ပါ။စိတ်ရှိတိုင်းထုတ်ဖော်ခွင့်မရဘဲ ထိန်းချုပ်ထားရသောအခါ လက်တွေက ခါးထောက်လိုက် ဆံပင်တွေထဲ ထိုးဖွမိလိုက်..၊
"အဲဒီကောင်ဘယ်သူလဲ ပြောစမ်း၊ဒီကလေးကို တာဝန်မယူနိုင်ဘူးတဲ့လား၊ဘယ်သူလဲ ဘယ်ကကောင်လဲဆိုတာသာ ပြော ငါကိုယ်တိုင်သွားတွေ့မယ်"
"မလိုဘူး ကိုလေး၊ခြိမ့်နှုတ်ဖျားကနေ သူ့နာမည်ကို ဘယ်တော့မှ ထုတ်ဖော်ပြောမှာ မဟုတ်ဘူး၊ခြိမ့် သူတို့တစ်မိသားစုလုံးကို အရမ်းမုန်းတယ်၊သူ့အသိုင်းအဝိုင်းမှာလည်း ဒီကလေးက သူ့ကလေးဆိုတာကို အလိုလိုသိလာကြလိမ့်မယ်၊ ကလေးအဖေဘယ်သူဆိုတာ ခြိမ့် လိုက်ကြော်ငြာနေစရာမလိုပါဘူး၊ အချိန်တန်ရင် အားလုံး သူ့အလိုလိုအဖြေပေါ်လာမှာပါ၊ ခုချိန်မှာ ခြိမ့်ကို ဘာမှ လာမမေးပါနဲ့တော့...ကိုလေး မကျေနပ်ရင် ခြိမ့် ဒီကနေ ထွက်သွားမယ်"
"တော်စမ်း ခြိမ့်၊ ညည်းထင်ရာတွေ စွတ်လုပ်မနေနဲ့၊ဗိုက်ထဲက ကလေးနဲ့ အပြင်မှာ ဘယ်လိုနေမလဲ ခြိမ့်၊ ခေါင်းမမာစမ်းပါနဲ့ နင် ငါ့အိမ်ကနေ ဘယ်မှ သွားစရာမလိုဘူး"
"ကိုလေး ဒီအကြောင်းတွေချည်းပဲ ဆက်ပြောနေမယ်ဆိုရင်တော့ ခြိမ့် ထွက်သွားရမှာဘဲ၊ခြိမ့်ကလေးကို ခြိမ့်ပဲအမိ ခြိမ့်ပဲအဖအနေနဲ့ စောင့်ရှောက်နိုင်တယ်၊ ဒီကမ္ဘာမှာ ခြိမ့်အမုန်းဆုံး၊အနာကြည်းဆုံးက ကလေးအဖေနဲ့သူ့မိသားစု တစ်ခုလုံးဆို မမှားဘူး ကိုလေး၊ ခြိမ့်ရင်သွေးကို မွေးဖွားပြီး သူတို့ကို ပြန်အနိုင်ယူရမယ်"
"နေစမ်းပါဦး...တည်ကြည်ခန့်ညားနဲ့မဟုတ်ရင် ဒီကိုယ်ဝန်က သိမ်းပိုက်ကမ္ဘာနဲ့ သက်ဆိုင်နေတယ်မို့လား"
မမေးပါနဲ့ဆိုမှ သိချင်စိတ်က ပိုများကာ လွှတ်ခနဲ မေးလိုက်တော့ ခြိမ့်က နာနာကျင်ကျင်မဲ့လိုက်ပြီး...၊
"အချိန်က စကားပြောလာပါလိမ့်မယ်၊ ဒီအတောအတွင်းမှာ ခြိမ့်ကို ဘာမှ ထပ်မမေးပါနဲ့တော့၊ ဖခင်ဆိုတာမျိုးက မကိုချစ်မှ ဥကိုခင်တဲ့ အမျိုး..ခြိမ့် ဒီတစ်ခါတော့ သူ့ကိုနိုင်ချင်တယ်၊ ဒီပွဲမှာ ခြိမ့် နိုင်ရမယ် ကိုလေး"
ဆုံးဖြတ်ချက်ခိုင်မာနေပုံမျိုးနှင့်မျက်လုံးတွေ စူးလဲ့နေသည့် ခြိမ့်ကို ငေးကြည့်ရင်း သက်ပြင်းငွေ့ငွေ့ချမိ၏။အရှက်သိက္ခာကို မာန်မာနတို့နှင့် ဖုံးလွှမ်းကာ ရင်သွေးလေးအတွက် မစဥ်းစားတော့ဘူးလား။
အိမ်ထောင်ရေးကို ကစားပွဲတစ်ခုလို သဘောထားလေသလား...၊
အပိုင်း(၂၂)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း